ချဉ်ပေါင်ကို ကာပြန်

0

မင်းတုန်းမင်းလက်ထက် ….သင်္ဂဇာဆရာတော်ဘုရားကြီး သည် တရာဓမ္မ ဟောပြလေတိုင်း ဥပမာ၊စကားပုံပြင် အတုယူမှတ်သားဖွယ်ရာများ ပါလေ့ရှိသည်။ဖတ်မိသမျှလေးကို မျှဝေ ပါရစေ။
ဆရာတော် မော်လမြိုင်မြို့၊ မန်ကျည်းတောကျောင်းတွင် သီးတင်းသုံးနေခိုက် ဖြစ်ပါသည်။
***အရှင်ဘုရား…၊ တပည့်တော်နေအိမ် သို့ မနက်ဖြန် အရုဏ်ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါ ဘုရား….***
၎င်းမြို့နေ သူဆင်းရဲ တစ်ဦးက ဆွမ်းစားပင့်သည်။ ထို့နောက် ဆရာတော်နှင့် စကားလက်ဆုံ ကျနေသည်။
ထိုစဉ် မြို့တွင်းမှ ချမ်းသာ ကြွယ်ဝသော ပွဲစားကြီးတစ်ဦးရောက်လာသည်။
***အရှင်ဘုရား….။နက်ဖြန်နံနက် အရုဏ်တတ်အချိန်တွင် တပည့်တော် ၏ နေအိမ်သို့ ဆွမ်းစား ကြွတော်မူပါဘုရား….***
ဆွမ်းပင့်ချင်း ဆိုင်နေသည်။
ထိုအခါ သင်္ဂဇာ ဆရာတော်ဘုရားက….
***ဆွမ်းပင့်တာချင်းဖြင့် တူနေပြီ…၊ အင်း…ချဉ်ပေါင်ကို ကာပြန်လို့ ၀က်သားထံ ခြေကန်ရုန်း သွားရော့ ကတုံး…. ဆိုတဲ့ ဥပမာလို ဖြစ်နေရော့မလားပဲ….***
ဥပမာလေး အားရှင်းလင်း ဟောကြားပေပါရန် လျှောက်ထားတော့…။
***ဟို……ရှေးက ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ရှိတယ်။ ဘုန်တော်ကြီးကို ကြည်ညိုတဲ့ ဒကာသူ
ဆင်းရဲတစ်ဦးက နက်ဖြန်နံနက် အရုဏ်ဆွမ်းစား ကြွပါလို့ စာလွှာနဲ့ ပင့်တယ်***
ဒီလိုနဲ့ …ဥစ္စာဓန ပြည့်စုံတဲ့ ဒကာ တစ်ဦးက တစ်ဖန် အရုဏ် ဆွမ်းစားကြွပါရန်… စာလွှာနဲ့ ပင့်ပြန်တယ်။
ကျောင်းထိုင်ဘုန်းကြီးက နှစ်ခုစလုံး လက်ခံလိုက်တယ်။ ညဘက်ကျတော့ စဉ်းစား တယ်။ ပထမ ပင့်တဲ့
ဒကာက ဆင်းရဲတယ်။ ချဉ်ပေါင်ကလွဲ လို့ ၀က်၊အမဲ၊ သားငါးချက် နိုင်မှာ မဟုတ်ဘူး။ ဒုတိယ ပင့်တဲ့
ဒကာကတော့ ချမ်းသာတယ်။ ဒီတော့ ဟင်းမျိုးစုံ လိမ့်မယ်။ ငါ….ဘယ်လိုကြံရမလဲ လို့ စဉ်းစားသတဲ့….။
စားချင်ဇော လောဘကြောင့် နောက်ပင့်သူနောက် လိုက်ပြန်လည်း မသင့်လျှော်။ ပထမ ပင့်သူနောက်
လိုက်ကြွပြန်ရင်လည်း ချဉ်ပေါင်နဲ့ ကြုံရတော့မှာ ပဲလို့ စဉ်းစားရင်း ကျိန်းစက်တော်မူတယ်…။
နံနက်အရုဏ်တတ်ချိန်ကျတော့ ဒကာနှစ်ဦးဟာ…တစ်ပြိုင်နက်တည်း ရောက်လာတယ်။ ဆွမ်းစားကြွဖို့
အချိန်တန်ကြောင်း ပင့်လျှောက်တယ်…။
ဒကာတို့ နှစ်ဦးစလုံးဟာ သဒ္ဒါကြည်ညိုစိတ်နဲ့ဖိတ်ကြတယ်။ပထမ ဒကာထံလိုက်ရင် ဒုတိယဒကာ
စိတ်မကောင်းဖြစ်မယ်။ဒီတော့…ဒီလိုလုပ်….
***ငါ့ ဘယ်ညာနှစ်ဖက်ကို တစ်ဖက်စီဆွဲကြ၊ ပါတဲ့သူနောက် ငါလိုက်မယ်လို့ ပြောတော့ ဒကာ နှစ်ဦးလည်း
လက်တစ်ဖက်စီထ ဆွဲကြတယ်..။***
အဲဒီအခါမှာ ဘုန်းကြီးကိုယ်တိုင်က ဒုတိယလူနောက်လိုက်ချင်တော့ ပထမလူဘက် မပါအောင် ခြေကန်ပြီး
ရုန်းသတဲ့…။
ပထမလူ လဲ ဘုန်းကြီးမနောကို သဘောပေါက်ပြီး ကဲ….ဒီလောက်တောင်ဖြစ်လှတာ ဆိုပြီး အားတင်းဆွဲရာ
က ရုတ်တရက် လွှတ်ချလိုက်တယ်။ အရှိန်နဲ့ဆိုတော့ ဘုန်းကြီးကော၊ ဒုတိယ ပင့်တဲ့ ဒကာရော အားလွန်ပြီး
လဲ ပြိုကုန်ရော….
***အဲဒီအခါမှာ ဆင်းရဲတဲ့ ပထမပင့်သူ ဒကာက အားရ၀မ်းသာနဲ့ သီချင်းလေးဆိုပြီး က ရောတဲ့…။***
***ချဉ်ပေါင်ကို ကာပြန်၊ ၀က်သားထံ ခြေကန်ရုန်း၊ သွားရော့ ကတုံး…***
အဲသလို….အားရပါးရ ဆို သတဲ့။
အခုလဲ ဒီလိုဘဲ ဒကာနှစ်ဦးဆုံပြန်ပြီ။ နောက်လူထံ လိုက်ရင် ဖြင့် ၀က်သားဘက် ပါရာကျတော့မယ်။
သည်းခံပေတော့ ဒကာ…။
ဆင်းဆင်းရဲရဲ နဲ့ လှူရတဲ့အထဲ ဆရာတော်နဲ့ လွဲရလေခြင်းလို့ ၀မ်းနည်းစရာ ဖြစ်ပေတော့မယ်။
ဝိနည်းတော်အရ လဲ ပင့်ပြီးတဲ့ ဒကာထံ လိုက်ရပေမယ်…ဒကာတို့…။လို့ ဆို သတဲ့။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers