သင်ရောငါပါ မလွန်ဆန်နိုင်...

1

ညခင်း ကို နေ့စဉ်နှင့် အမျှ အဆုံးအမ ပေးတဲ့ ဆရာတော်အား မနက်ခင်းနှုတ်ဆက်စကားဖြင့် ရှိခိုးဦးချ ကန်တော့ တုန်း... ဆုံးမတဲ့ အဆုံးအလေးကို ပိုစ့်တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ်။ကလျာဏမိတ္တကို အကြောင်းပြုလို့ ဓမ္မသာဝန ကုသိုလ်တရား တိုးပွားရတဲ့အကြောင်းပါ။သူတော်ကောင်းတရား ကျင့်ကြံနေတဲ့ ဆရာတော်များကို မေးလျောက်ရင်းစကားပြောတဲ့အခါမှာ တရားနာယူတယ်လို့ နှလုံးသွင်း ဆင်ခြင်ရမှာဖြစ်ပါတယ်။တရားနာယူတဲ့အခါမှာ....ရည်ရွယ်ချက်မှန်ဖို့လိုတယ်။ ရည်ရွယ်ချက်မှန်မှလည်း
အလုပ်မှန်မယ်ဆိုတာကို ဂန္ဓာရုံဘုံကျော်ဆရာတော်ဘုရားက ဒီလို ရေးသားခဲ့တာကိုမှတ်သားခဲ့ဘူးပါတယ်။ တရားနာယူရာမှာ- (မြတ်စွာ ဘုရားရဲ့ ၀ိဇ္ဖာစရဏသမ္ပန္နဂုဏ်တော်ကို အာရုံပြုပြီး နာယူရမယ်။ ရှင်မြတ်ဘုရားဟာ သိစရာကိုသိတော်မူတယ်။ ကျင့်စရာကို ကျင့်တော်မူတယ်။ သိလို့ကျင့်တယ်။ကျင့်လို့သိတယ်။ ၀ိဇ္ဖာနဲ့ စရဏ၊ စရဏနဲ့ ၀ိဇ္ဖာဟာ အညမည သဘောတရားအရ
အချင်းချင်း  ကျေးဇူးပြုနေကြတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့ဝိဇ္ဖာစရဏသမ္ပန္နဂုဏ်တော်ကို အာရုံပြုပြီး သိဖို့ ကျင့်ဖို့ဆိုတဲ့ရည်ရွယ်ချက်ထားပြီး တရားနာကြရမယ်...)

ညခင်း:
ဘုန်းဘုန်း....ဘုရား
နေကောင်း...မျှတပါရဲ့လားဘုရား...ဦးချကန်တော့ပါတယ်.။

ဘုန်းဘုန်းဦးလောက:
ပြောပါဒကာမကြီး...
မျှတပါတယ်...

ညခင်း:
မှန်လှပါဘုရား...

ဘုန်းဘုန်းဦးလောက:
ဒကာမကြီးကော...
အဖွားကော...မျှတကြရဲ့လား။

ညခင်း:
တပည့်တော်ရော အဖွားရောမျှတပါတယ်ဘုရား
အဖွားက တရားနာရင်း အိမ်မှာကျန်ခဲ့ပါတယ်
တပည့်တော်လည်းသွားရင်းလာရင်း လျော်ရင်ဖွပ်ရင်း တရားနာ ခဲ့ပါတယ်

ဘုန်းဘုန်းဦးလောက:
သာဓု...
ပြောင်သွားပလား...(ကိုယ့်ကိုယ်ကိုပုဝါဖြုလားလက်ခုလား (လက်နှီးစုတ်လား)
လို့အမြဲစစ်။ပ၀ါဖြုဆိုရင်အညစ်အကြေးမပေစေနဲ့ထိန်းသိမ်း။လက်ခုဆိုရင်နာနာဖွတ်လျှော်နိုင်မှဖြူမယ်
လို့မှတ် ။ ။)(ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ဘုရားကြီး)
ညခင်း:
ခဏပြောင်သွားတယ်ဘုရား....
ပြန်ပြီး...အညှိတက်တာပဲဘုန်းဘုန်း

ဘုန်းဘုန်းဦးလောက:
ဒါဆို မဆိုးသေးပါလေ...
ပုထုစဉ်ကိုး...

ညခင်း:
တင်ပါ့ .....အသိလေးကပ်ထားပေမဲ့...လွတ်လွတ်သွားတာခက်တယ်ဘုရား
ဒါပေမဲ့အရင်ထက်...စာရင်နည်းနည်းလျော့သွားပါတယ်

ဘုန်းဘုန်းဦးလောက:
အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏...
သင်ရောငါပါ မလွန်ဆန်နိုင်...
မီးမဖုတ်ရသေး အစိမ်းသက်သက်လည်း ဖြစ်ကုန်သော
မီးဖုတ်ပြီး အကျက်လည်း ဖြစ်ကုန်သော
အိုးထိန်းသည်တို့၏ အိုးခွက်ဟူသမျှတို့သည်
ကွဲခြင်းသဘောရှိကုန်သကဲ့သို့
ကွဲခြင်းလျှင် အဆုံးရှိသကဲ့သို့
ကွဲခြင်းကို မလွန်နိုင်ကုန်သကဲ့သို့...
ဤဥပမာ အတူသာပင်
သင်ရောငါပါ သတ္တဝါအားလုံးတို့သည်
သေခြင်းသဘော ရှိကုန်၏
သေခြင်းလျှင် အဆုံးရှိကုန်၏
သေခြင်းကို မလွန်ဆန်နိုင်ကုန်...
အဲလိုနှလုံးသွင်းလိုက် ပိုလျော့သွားမယ်...
https://plus.google.com/100657591289794656102

ညခင်း:
မှန်လှပါ...နှလုံးသွင်းပါ့မယ်ဘုရား...

ဘုန်းဘုန်းဦးလောက:
ကောင်းပါပြီ...

ဘုန်းဘုန်းဦးလောက:
သာဓု...

Sent at 10:55 AM on Saturday
ဘုန်းဘုန်းဦးလောက ရဲ့ ခဏတာအဆုံးအမလေး ကြောင့် သတိလေးကပ်ရင်း
ဆင်ခြင်မိကြောင်းကို ရေးသားလိုက်ရပါတယ်။

ညခင်း
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။

လူမိုက်ရှစ်ဦး

0

လူမိုက်ရှစ်ဦး

သက္ကတဘာသာဖြင့် ရေးထားသောတန္ဒြသာရအမည်ရှိသည့် ကျမ်းတွင်လူမိုက်ကြီးရှစ်ဦး အကြောင်းကို ပြဆိုထားလေသည်။

လူမိုက်ကြီးရှစ်ဦးမှာ

(၁) သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သူ (၂) မြင်သမျှကို လိုချင်သူ (၃)စာသာတတ်၍ စာမရေးတတ်သူ (၄) မိမိရေးသောစာကို အမှားအမှန် မတည်းဖြတ်သူ (၅)ယောက္ခမကို ကပ်ရပ်စားသူ (၆) ဆွေမျိုးခြင်း မတည့်အောင် ကုန်းတိုက်သူ (၇)မိန်းမအနားမှ မခွာနိုင်သူ (၈) သူများပြောစကား လက်ခံသူတို့ ဖြစ်သည်။

ပထမလူမိုက်
ပထမလူမိုက်ကြီးမှာ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သော လူမိုက်ကြီးဖြစ်သည်။ သူတစ်ပါး ရန်ဖြစ်သည်ကို အဆောတလျင် မဆင်မခြင် ကြားမဝင်ပါနှင့်၊ကြားဝင်လျှင် ကိုယ်သာခံရတတ်သည်။ ရန်ဖြစ်သူ နှစ်ဦးမှာ ဒေါသအိုးပေါက်ကွဲနေချိန်ဖြစ်၍ ကြားဝင်ဖျန်ဖြေသူ၏စကားကို ရုတ်တရက်
သည်းခံနိုင်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် တုတ် – ဓားလက်နက်ကိုင်စွဲသောရန်ပွဲမျိုးဖြစ်ပါက ပို၍ အန္တရာယ်ကြီးမားသည်။ယင်းရန်ပွဲမျိုးကို မိမိက စေတနာထား၍ ဖျန်ဖြေသော်လည်း ရန်ဖြစ်သူနှစ်ဦး၏
ဒေါသအရှိန်ကြောင့် ကြားဝင်မိသူမှာ တုတ်ဖြင့် အနှက်ခံရခြင်း၊ ဓားဖြင့်အဆော်ခံရခြင်းစသော ဆိုးကျိုးများ ခံရတတ်သည်။ ထိပ်ပေါက်ခေါင်းကွဲဖြစ်ရုံမျှမက အချို့ဆိုလျှင် အသက်ဆုံးရှုံးရသည်အထိ ဘေးဒုက္ခတွေ့
ရတတ်သည်။ သို့ဖြစ်၍ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်မိသူအား လူမို ဆိုခြင်းဖြစ်လေသည်။ ကျွဲနှစ်ကောင်ခတ် သည့်အကြား မြေစာပင် မဖြစ်ပါစေနှင့်၊သူတစ်ပါးဓားခုတ်ရာ လက်ဝင်မလျှိုပါနှင့် စသော စကားပုံများမှာပထမလူမိုက်ကြီးကို ရည်ရွယ်ပြောဆိုသော စကားပုံများ ဖြစ်သည်။

ဒုတိယလူမိုက်
ဒုတိယလူမိုက်ကြီးမှာ မြင်မြင်သမျှကို လိုချင်စိတ်ရှိသူ လူမိုက်ကြီး=ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ လောဘဖိစီးခံရပြီး ဟိုဟာလိုချင်သည်ဟာလိုချင် ဣနြေ္ဒမရသောကြောင့် ဖြစ်သည်။ တွေ့သမျှ မြင်သမျှကို
လိုချင်စိတ်ဖြင့် တောင်းရမ်းသည့်အခါ တစ်ဖက်လူက အမြင်ကပ်ပြီးမုန်းတီးခြင်းကိုပင် ခံရတတ်သည်။ လောဘသည် မျောက်နှဲစေး နှင့်တူ၍လောဘဖိစီးခံရသူမှာ မျောက်နှဲစေး အငြိခံရသော မျောက်သတ္တဝါနှင့် တူနေသည်။သေဖို့ရာလမ်းဝသို့ရောက်သော မျောက်နှင့်တူသောကြောင့် မြင်သမျှလိုချင်တတ်သောသူကို လူမိုက်ဟုဆိုထားခြင်း ဖြစ်သည်။ အလိုလောဘကိုမီးပုံးကြီးနှင့်တူကြောင်း၊ သမုဒ္ဒရာနှင့်တူကြောင်း ကျမ်းဂန် များတွင်ဥပမာပြဆိုထားပေသည်။ အလိုလောဘနှိပ်စက်၍ တင်းမတိမ် အားမရနိုင်သောကြောင့်အကျိုး တရား ပျက်စီးရပုံအကြောင်းကို ဧကနိပါတ် သုဝဏ္ဏဟံသဇာတ်တော်ကိုသာဓကအဖြစ် ကြည့်သင့် သည်။ သမီး သုံးယောက်နှင့် ဇနီးဖြစ်သူတိုဆင်းရဲသည်ကို ချီးမြောက်လို၍ ဘဝဟောင်းမှ ဖခင်ဖြစ်ဖူးသော ရွှေဟင်္သာငှက်ကအိမ်သို့လာပြီး တစ်နေ့လျှင် ရွှေတောင် ရွှေခက် တစ်ရွက်စီ နေ့စဉ်မှန်မှန်ပေးနေပါလျက် တင်းမတိမ် အားမရနိုင်သော လောဘကြောင့် အမွေးအတောင် အားလုံးကိုနုတ်ယူ ပစ်သည့်အတွက် ရွှေရောင်ကွယ်ပြီး ဗျိုင်းတောင်သဖွယ် ဖြစ်ကုန်ရသည်။လောဘကြီးသော မိသားစုတို့လည်း ဆင်းရဲမြဲ ဆင်းရဲကုန်သည်။

ဤအကြောင်းကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ၌ အောက်ပါအတိုင်း ရေးဖွဲ့စပ်ဆိုထားလေသည်။

ရွှေဟင်္သာငှက်၊ တောင်တစ်ရွက်ဖြင့်
နှစ်သက်စိတ်က၊ ပေးသမျှကို
အားရမရှိ၊ ကဲလွန်ဘိလျက်
အတိ ဗလဝ၊ ကြီးလောဘနှင့်
အရသုတ်သုတ်၊ ဖြုတ်ဖြုတ်မကြွင်း
နင်း၍ကုန်အောင်၊ နတ်ယူဆောင်သော်
ရွှေရောင်ကွယ်လစ်၊ ဗျိုင်းတောင်ဖြစ်၏။

လောဘတရားဆိုး၏ အလိုပြည့်နိုင်ခဲပုံကို တိကနိပါတ်၊ မန္ဓာတုဇာတ်တော်ထဲမှစကြာမင်းကြီး၏ ဖြစ်ရပ်ကို လည်း သာဓကအဖြစ် ကြည့်ရှုသင့်အထက်ပါသာဓကတို့ကို ထောက်၍ မြင်သမျှ တွေ့သမျှ လိုချင်သော သူများကိုလူမိုက်ဟု ဆိုရခြင်းဖြစ် သည်။ ပုဂ္ဂလိကပိုင် ပစ္စည်း၊ အများပိုင်ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းများကို မတော်လောဘဖြင့် ရလိုသူများ၊ယူဆောင်သူများကိုလည်း လူမိုက်စာရင်းတွင် သွင်းရမည်ဖြစ်ကြောင်း သဘောပေါက်ကြရန် ဖြစ်ပေသည်။

တတိယလူမိုက်
တတိယလူမိုက်ကြီးမှာ စာသာတတ်ပြီး စာမရေးတတ်သော လူမိုက်ကြီး ဖြစ်သည်။သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ ရာဇဝတ်မှု ကျူးလွန်၍ ဆိုခြင်း မဟုတ်၊အကုသိုလ်အမှု ပြုလုပ်၍ ဆိုခြင်းမဟုတ်။ မိမိသိထား၊ တတ်ထား၊လေ့လာသင်ကြားထားသော အတတ်ပညာများ၊ ဗဟုသုတများ၊ အတွေ့ အကြုံများကို
သူတစ်ပါး နည်းယူနိုင်စေရန် ရေးသားမှု မပြုသောကြောင့် လူမိုက်ဟု တင်စားခေါ်ဆိုခြင်း ဖြစ်သည်။ စာတွေ ဘယ် လောက်တတ်တတ် စာတစ်စောင် ပေတစ်ဖွဲ့ကျမ်းစာတစ်အုပ်မျှ ရေးသားခြင်း မပြုခဲ့သော် ထိုသူ ကွယ်လွန် သည့်အခါမည်သည့်ပညာ အမွေအနှစ်မျှ ကျန်ရစ်မည် မဟုတ်ပေ။ ယင်းကို ရည်ရွယ်၍
လူမိုက်ဟုဆိုထား ခြင်း ဖြစ်သည်။

စတုတ္ထလူမိုက်
စတုတ္ထလူမိုက်ကြီးမှာ မိမိရေးပြီးစာများကို အမှားအမှန် ပြန်လည်မစစ်ဆေးဘဲပြီးစလွယ်လုပ်တတ်သူ လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာအလွန်သဘာဝကျလေသည်။ မိမိရေးသားသော ကဗျာ ကိုဖြစ်စေ၊ သီချင်းကို ဖြစ်စေ၊ဆောင်းပါးကို ဖြစ်စေ၊ ဝတ္ထုကို ဖြစ်စေ၊ မှတ်တမ်း ကို ဖြစ်စေ၊ ဝေဖန်ချက်
စသည်များကို ဖြစ်စေ စိစစ်ခြင်း၊ အမှားအမှန်ပြန်လည် သုံးသပ်ခြင်း၊နှီးနှော တိုက်ဆိုင်ခြင်း မပြုဘဲ ဖြစ်ကတတ်ဆန်း ပေးပို့ လျှင်၊ဖြန့်ဖြူးလျှင်၊ ထုတ်ဝေလျှင် နောင်တစ်ချိန် ပြဿနာ ထိပ်တိုက် တွေ့တတ်
ပါသည်။ မိမိရေးသားသောစာ၌ သူတစ်ပါးကို ထိခိုက်နစ်နာစေမည့်အကြောင်းများပါနေလျှင်၊ နိုင်ငံရေး အရှုပ် အထွေးစာမျိုး ဖြစ်နေလျှင်၊တိုင်းပြည်နှင့်လူမျိုး ဂုဏ်သရေ ညှိုးစေမည့်စာမျိုး ဖြစ်နေလျှင်၊ ဘာသာ –
သာသနာကို ထိခိုက်စေမည့် စာမျိုးဖြစ်နေလျှင် ရေးသူ၌တာဝန်မကင်းပါ။တာဝန်မကင်းရုံမျှမက လောက သံသရာ နှစ်ဖြာအကျိုး ထိခိုက်တတ် လေသည်။သို့ဖြစ်၍ မိမိရေးပြီးစာများကို အကြိမ်ကြိမ်အခါခါ သေသေချာချာ တည်းဖြတ်စိစစ် သင့်ပေသည်။ ရေးပြီးစာများ မတည်းဖြတ်သော စာရေးဆရာမျိုးကို လူမိုက်ဟဆိုရတော့သည်။ လူမိုက်အခေါ် မခံချင်ပါက ရေးပြီးစာကို ပြန်လည်စိစစ်မှားမှန်သုံးသပ်ပါ။

ပဉ္စမလူမိုက်
ပဉ္စမလူမိုက်ကြီးမှာ ယောက္ခမကို ကပ်ရပ်မှီခို အချောင်နေလိုသော လူမိုက်ကြီးဖြစ်သည်။ သူ့သမီးကို ယူထားပြီး ကိုယ်စွမ်းကိုယ်စ ဘာတစ်ခုမျှ အားမထုတ်ဘဲယောက္ခမအရိပ်ကို ခိုပြီး လက်ဝေခံ စားသောက် နေထိုင်သော သမက်မျိုးတွေဤလောက၌များစွာရှိတတ်သည်။ ယောက္ခ မျက်နှာ ကြည့်ရ၊ မိန်းမအငေါက်ခံရ၊သူတစ်ပါး အထင်သေးခံရသူများ ဖြစ်၍ သမက်ဈေးကျသူများ ဖြစ်သည်။ ယောက္ခမ
အိမ်မှာနေ၊ယောက္ခမ ကျွေးတာစား၊ ယောက္ခမ ပေးတာဝတ်၊ ယောက္ခမ ပြုသမျှနုရသောသမက်များအဖို့ ရွှေသမက် မဟုတ်၊ ရွှံ့သမက်များသာ ဖြစ်လေသည်။ အစွမ်းအကြံရည် ဉာဏ်ရည် သတ္တိ ဗျတ္တိ လူရေးလူရာ အညွန့်တုံးသူများ ဖြစ်၏။ဤသမက်မျိုးကို လူမိုက်စာရင်းသွင်းရခြင်း ဖြစ်သည်။ သင်လည်းလူမိုက်စာရင်းတွင် မပါပါစေလင့်။

ဆဋ္ဌမလူမိုက်
ဆဋ္ဌမလူမိုက်ကြီးမှာ ဆွေမျိုးချင်း မတည့်အောင် ကုန်းတိုက်သောလူမိုက်ကြီးဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး သင့်မျှသည်ကို မသင့်အောင် မတည့်အောင် ကုန်းတိုက်ခြင်းမှာ မလုပ်သင့် မလုပ်ထိုက်သောကိစ္စ ဖြစ်သည်။
လူမှန်လျှင် ဉာတကာနဉ္စသင်္ဂဟ မင်္ဂလာအရ ဆွေမျိုးသားချင်းတို့အားထောက်ပံ့ကူညီရမြဲ ဖြစ်သည်။ စီးပွားရေးကို အကြောင်းပြု၍ဖြစ်စေ၊အိမ်တွင်းရေးကို အကြောင်းပြု၍ဖြစ်စေ၊ သားရေး သမီးရေး ကို အကြောင်းပြု၍ဖြစ်စေ စိတ်ရိုင်း စိတ်မိုက်ဝင်ပြီး ဆွေမျိုးသားချင်းတို့အား အချင်းချင်းမသင့်မျှ အောင် သွေးခွဲလျှင်၊ ကုန်းတိုက်လျှင် အလွန်မိုက်ရိုင်းရာကျသည်။မင်္ဂလာတရားတော်ကို ပစ်ပယ်ရာရောက်သည်။ ထို့ကြောင့် ကုန်းတိုက်သူကိုလူမိုက်ဟု ဆိုရသည်။

ရှေးအခါက ရာဇဂြိုလ်မြို့သား တစ်ဦးသည် အရပ်သားအချင်းချင်း မတည့်အောင်၊မင်းမှုထမ်း အချင်းချင်း မတည့်အောင်၊ ပြည်သူနှင့်ရှင်ဘုရင် မတည့်အောင်ကုန်းတိုက်သောကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်း များစွာ ခံရပြီး ငရဲမှလွတ်သော် ဂိဇ္ဈကုဋ်တောင်၌ အပ်အမွေးပေါက် ပြိတ္တာကြီး ဖြစ်ရကြောင်းပါရာဇိကဏ် ကျမ်း၌ ဖတ်ရှုရသည်။

သတ္တမလူမိုက်
သတ္တမလူမိုက်ကြီးမှာ မိန်းမအနားမှ မခွာနိုင်သော လူမိုက်ကြီး ဖြစ်သည်။ယောက်ျားမှန်လျှင် ကြီးပွားတိုး တက်အောင် ဆောင်ရွက်လုပ်ကိုင် ကြရမြဲဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဇနီးမယားကို ခဏခေတ္တ ခွဲတန်ခွဲရမည်။မခွဲနိုင်လျှင် လူမိုက်စာရင်း အသွင်းခံရမည်။ သားမယားကို မခွဲနိုင်၍
စီးပွားရေး လမ်းကောင်း နှင့် လွဲရသူများ၊ ပညာရေးလမ်းခရီးပိတ်သွားကြသူများ၊ ရာထူးတိုးတက်မှုနှင့် ဝေးရသူများကို လူ့လောက၌ မကြာမကြာတွေ့ရတတ်သည်။ ယင်းသို့ ဇနီးမယားအပါးမှ မခွာနိုင်၍ တက်လမ်းပိတ်နေသူများကိုလူမိုက် ဟုဆိုရခြင်း ဖြစ်သည်။

အဋ္ဌမလူမိုက်
အဋ္ဌမမြောက်လူမိုက်မှာ သူများပြောသည်ကို အရမ်းလက်ခံ ယုံကြည်သောလူမိုက်မျိုး ဖြစ်သည်။ စဉ်းစား ဉာဏ်မရှိ၊ ဆင်ခြင်တွေးတောမှု မပြု၊သူတစ်ပါးပြောသမျှ အဟုတ်မှတ်၍ လက်ခံယုံကြည်ပါက လူနုံလူအ လူငတုံးဟုဆိုရပေလိမ့်မည်။ သူတစ်ပါးပြောသည်ကို ယုံကြည်မိ၍ ဒုက္ခတွေ့ရပုံ သာဓကကို
အောက်ပါ အဖြစ်အပျက်များကို ရှု၍ သိသင့်ပေသည်။ဧကနိပါတ် သိင်္ဂါလဇာတ်၌ ငွေ ၂၀၀ ပေးမည်၊ ငါ့ကို ကျောပိုး၍ ပို့ဆောင်ပါ ဟုမြေခွေး လှည့်ပတ်သော စကားကို ယုံမိ၍ ပုဏ္ဏားအို အရှက်ကွဲ ရဖူးသည်။
စတုတ္ထနိပါတ် ဒုဒ္ဒုဘဇာတ်၌ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပါပြီဟုဟစ်အော်ပြေးသွားသော ယုန်တစ် ကောင်၏ စကားကို ယုံမိ၍ တောတွင်း ရှိတိရစ္ဆာန်အများ ပြေးကြလွှားကြ ဒုက္ခရောက်ကြရဖူးသည်။
ဒီဃနိကာယ် သုတ်မဟာဝါ၌ ဝေဿကာရပုဏ္ဏား၏ ပြောဆိုသော စကားကို ယုံမိ၍ဝေသာလီပြည်ကြီး ပျက်စီးခဲ့ရဖူးသည်။ ဤဖြစ်ရပ်၊ ဤသာဓက များကို ရှု၍ သူတစ်ပါးပြောတိုင်း အရမ်းမယုံပါနှင့် ယုံလျှင် လူမိုက်ကြီး အခေါ်ခံရ ပေလိမ့်မည်။

ကင်းဝန်မင်းကြီး၏ကဗျာ
ဤဖော်ပြပါ လူမိုက်ကြီး ရှစ်ဦိးအကြောင်းကို ကင်းဝန်မင်းကြီးက
အောက်ပါအတိုင်း ကဗျာရေး၍ ထားခဲ့လေသည်။
သူခိုက်ပွား၊ ဝင်စားတတ်တဲ့လူ။
မြင်တိုင်းလိုချင်လို့၊ စာသာသင် စာမရေးနိုင်နှင့်၊
စာရေးလျှင် ဖြတ်မတည်းတဲ့ပြင်၊
ကပ်ဆည်းသသူရကို၊ ယမ်းခဘိမူ။
မျိုးဆွေကိုပေး သုညနှင့်၊
မိန်းမကိုမခွာအားလို့၊
အများလက်ခံသူ၊ မှတ်ယူပ ရှစ်ဦး။
မှန်ဘိချေ၊ ပဏ္ဍိမဟူစေနှင့်၊
ဇမ္ဗူမြေ မြလျှံပိုင်းဖြင့်၊ ရိုင်းခေါင်းထိမှူး။

စာရေးသူ------မာဂဓိ-သာစည်  ၁၉၉၀၊ နိုဝင်ဘာလ၊ အမှတ် ၁၁။ ဓမ္မရံသီ ပေါင်းချုပ် မှ ကူးယူ ဖော်ပြ ပါသည်။

ညခင်း

အချိန်ကိုအသုံးချတတ်ပါစေ။

0


ယနေ့ဖတ်ဖြစ်တဲ့ ဆောင်းပါးလေးကို ကူးယူဖော်ပြလိုက်ပါတယ်။ စာရေးသူကတော့ မင်းနန်(မော်ကျွန်း)ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ အချိန်လေးတွေ ရွေ့ဆိုင်း တုံဆိုင်းနေတဲ့ ညခင်းအတွက် ဒီ ဆောင်းပါးလေးက  အလင်းဖွင့်ပေးခဲ့ပါတယ်။

အချိန်ကိုအသုံးချတတ်ပါစေ။

လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဘ၀အဆင့်အတန်းချင်းမတူ။ ပညာအဆင့်အတန်းချင်းမတူ၊ အသိုင်းအ၀န်းချင်းမတူ။ သြဇာအာဏာချင်းမတူ။ သို့တစေ သဘာဝတရားက လူသားတိုင်းအား တူညီသော အခွင့်အရေးတစ်ခု ကိုမူပေးထားပါ၏။ ယင်းအခွင့်အရေးကား၊ လူသားတိုင်း တစ်နေ့လျှင် ၂၄နာရီဟူသော အချိန်ကို ညီတူညီမျှ ရရှိပိုင်ဆိုင်ထားခြင်းပင် ဖြစ်ပါသည်။ တစ်ရက်လျင် ၂၄နာရီထက်ပို၍ မည်သူမျှ မပိုင်ဆိုင်၊ လျော့၍လည်းမပိုင်ဆိုင်။

ဤသို့ တန်းတူညီမျှရရှိထားသော အချိန် အပေါ်တွင် လူတစ်ဦးနှင့် တစ်ဦး အသုံးပြုပုံပြုနည်းချင်းမတူညီကြပေ။ ယင်းသို မတူညီမှုအပေါ် မူတည်ပြီး လူတစ်ဦးနှင့် တစ်ဦး ပညာအဆင့်အတန်း ဓနအဆင့်အတန်း၊  ဂုဏ်ဒြပ်အဆင့်အတန်း ဆူကြုံနိမ့်မြင့် ကွဲပြားခြားနား သွားခြင်းဖြစ်ပါ၏။

အချိန်နှင့်ပျင်းရိခြင်းပေါင်းလျှင် ရလဒ်မှာ သုညဖြစ်ပါသည်။ အချိန်နှင့် လုံ့လ ဥဿဟပေါင်းစပ်လျှင် ရလဒ်မှာ ကိန်းဂဏန်းတွေဖြစ်လာပါသည်။ အချိန်ကို သုံးသလား၊ဖြုန်းသလားဟူသောအချက်က လူတစ်ယောက်၏ ဘ၀ အဆင့်အတန်းကို ပြဌာန်းပါ၏။ လူတစ်ယောက်၏ တန်ဖိုးကိုသတ်မှတ်ပါ၏။

အချိန်ဟူသည် သူ့ချည်းသက်သက်ဆိုလျင် အဖြူထည်မျှသာဖြစ်ပါ၏။ သူ့အပေါ် အသုံးချမှုအပေါ်တည်မှီပြီး တန်ဖိုးရှိလာခြင်းဖြစ်ပါသည်။ အချိန်သည် လူပျင်းတို့လက်ထဲတွင် မည်သည့်တန်ဖိုးမျှ မရှိ။ သို့သော် လုံ့လဖြင့် ပညာရှာသူတို့လက်ထဲတွင် အချိန်သည် ပညာကို ပေးနိုင်၏။ ဥစ္စာရှာသူတို့လက်ထဲတွင် ဥစ္စာကို ပေးနိုင်၏။ ကုသိုလ်ပြုသူတို့၏ လက်ထဲတွင် ကုသိုလ်ကို ပေးနိုင်၏။ အချိန်ကို စနစ်တကျ အသုံးချတတ်သူ၏ လက်ထဲတွင် အချိန်သည် ပညာလည်းမည်၏။ ဥစ္စာလည်းမည်၏။ ကျော်ကြားမှုလည်း မည်၏ ကုသိုလ်လည်း မည်၏။

 အချိန်ကိုဖြုန်းတီးနေသူသည် မိမိအကျိုးလည်း မဆောင်ရွက်နိုင်။ သူတစ်ပါးအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ယင်းသို့ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မဆောင်ရွက်နိုင်ရုံမျှသာမက သူတစ်ပါးအပေါ် အမှီပြု၍ ရပ်တည် ရှင်သန်နေရသောကြောင့် မိဘ ဆွေမျိုးများအတွက် ၀န်ထုတ်ဝန်ပိုး ပင်ဖြစ်စေ၏။ ဆိုရလျှင် ထိုသူတို့သည် လောကအတွက် လာခြင်းမကောင်းသော ဧည့်သည်များဖြစ်ပါ၏။ အချိန်ကို ဖြုန်းနေသူ၌ မည်သည့်ပညာမျှလည်းမရှိ။ မည်သည့်ဥစ္စာမျှလည်းမရှိ။ မည်သည့်အကျော်အစောမျှလည်းမရှိ။ ထိုသူမျိုးအတွက် လူအဖွဲ့အစည်းတွင် နေရာထိုင်ခင်းလည်း မရှိပေ။ အချိန်ဖြုန် သူ၏ ဘ၀နေ၀င်ချိန်သည် မလှပတတ်ပေ။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေကြောင်း ကျေးဇူး စမ်းအေးမြိုင် ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါ၏။-

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေပါတယ်။

၁။ စီးပွားဥစ္စာရှာနေသူအတွက် အချိန်သည် စီးပွားဥစ္စာဖြစ်ပါတယ်။
၂။ ပညာသင်ကြားလေ့လာနေသူအတွက် အချိန်သည် ပညာဖြစ်ပါတယ်။
၃။ တရားရှာမှီးအားထုတ်နေသူအတွက် အချိန်သည် တရားဖြစ်ပါတယ်။

အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်လျှင် သူ့အကျိုး၊ ကိုယ်အကျိုးနှစ်မျိုးလုံးကို ပြီးစေနိုင်ပါတယ်။


သြ၀ါဒ အလင်းပွင့် (၁၁) မင်းနန် (မော်ကျွှန်း)  အပ္ပမာဒ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။


ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။

ညခင်း

သစ်ကျုတ်ကလေး ဥပုသ်စောင့်သလို

1

ပိုစ့်အဟောင်းလေး ပြန်တင်လိုက်ပါတယ်။

တစ်နေ့သောအခါ သစ်ကျုတ်တစ်ကောင်ဟာ တောတောင်ထဲလှည့်လည်ပြီး အစာရှာထွက်သတဲ့။ အစာကလဲ ဘယ်လိုမှ ရှာမရဘူး။ အစာရှာလို့ မရတဲ့အဆုံးကျတော့မှ ငါဒီနေ့ ဥပုသ်စောင့်မှပဲ လို့ အဓိဋ္ဌာန်လိုက်သတဲ့။ အဓိဋ္ဌာန်ပြီး ချုံပုတ်ကောင်းကောင်း တစ်ခုအောက်သွားပြီး အိပ်လိုက်တယ်။ ဒီအခါ သိကြားမင်းကလဲ သစ်ကျုတ်ရဲ့ အကြံကို စမ်းချင်တဲ့ အကြံဖြစ်လာတယ်။ ဒါနဲ့ သမင် ယောင်ဆောင်ပြီး သစ်ကျုတ်ကလေး မြင်လောက်ရာ မလှမ်းမကမ်းက နေပြီး ပြေးလွှားနေတာပေါ့လေ။

ဒီအချိန်မှာ သစ်ကျုတ်ကလေးကလဲ ဆာလွန်းလို့ ၀မ်းကပူနေပြီ။ ၀မ်းပူနေတဲ့ အချိန်နဲ့သမင် ပြေးလွှားနေတဲ့ အချိန်တိုးလာတော့ သစ်ကျုတ်ကလေးဟာ ဟယ်...စောင့်ပြီး ထားတဲ့ အဓိဋ္ဌာန်ဥပုသ်က စောင့်ချင်လို့ စောင့်တဲ့ ဥပုသ်မှ မဟုတ်ဘဲ။ အစာဆာလို့ စောင့်ရတဲ့ ဥပုသ်ပဲ။ ယခုငါမျက်မှောက် အစာတွေ့နေမှတော့ ထလိုက်မှပဲလို့စိတ်ထဲက ကြံစည်ပြီး ...ထလိုက်ပလေရော။ သမင်လေးလဲ ပြေးတာပေါ့။ သမင်ကပြေး သစ်ကျုတ်ကလိုက်နဲ့ ပြေးတန်းလိုက်တန်းကစားသလို ဖြစ်နေတာပေါ့။ မီလုမီခင်ဖြစ်ကာမှ သမင်ကလေးက ဝေးသွားလိုက်၊ ဒီလိုချည်းဖြစ်နေတယ်။ ဖြစ်မှာပေါ့။ သမင်က သမင်တုကိုး။ ဘယ်သစ်ကျုတ်လိုက်လို့မီပါ့မလဲ။ ဒါနဲ့ မမီတဲ့ အဆုံးကျတော့ လက်မှိုင်ချသွားပါတယ်။ နေရင်းနေရာဖြစ်တဲ့ ချုံပုတ်အောက် အသာပြန်ဝင်ပြီး ဟောဟဲ...ဟောဟဲနဲ့ ပါးစပ်က ညည်းညူလိုက်သတဲ့။ ''အောင်မယ်လေး ကံကောင်းလို့ ဥပုသ်မကျိုးတယ်" လို့ ဆိုသတဲ့။

ဗုဒ္ဓမြတ်စွာဟာ တေမိယဇာတ်တော်မှာ တေမိယ မင်းသားဖြစ်စဉ်အခါတုန်းက စကားမပြောဘူးဆိုပြီး စိတ်ကို အဓိဋ္ဌာန်ခဲ့တယ်။ အဓိဋ္ဌာန်ခဲ့တဲ့အတိုင်းလဲ မပျက်မကွက်ကျင့်တော်မူခဲ့တယ်။ကျင့်တော်မူခဲ့တဲ့အတိုင်းလဲ ပါရမီတော်တွေကပြည့်ခဲ့တယ်။ စိတ်ကို အဓိဋ္ဌာန်နဲ့လုပ်တဲ့အလုပ်ဟာ အောင်မြင်မှုပိုရှိတယ်။ အဓိဋ္ဌာန်တဲ့ နေရာမှာလဲ ခိုင်ခိုင်မြဲမြဲ စိတ်ကို ဆောက်တည် ထားရမှာဖြစ်ပါတယ်။သစ်ကျုတ်လေး ဥပုသ်စောင့်သလိုတော့.........

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers