ကံ ကိုပြင်ကြမယ်...

4

သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာရှိခဲ့ဖူးပါတယ်။ မင်းမဖြစ်ခင် သာမာန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာကြပါတယ်။ ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ ၀သဘအမည်ရှိသူအားလုံးကိုသတ်စေလို့ မိန့်ပါတယ်။ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲံ ၀သဘကို မင်းဆီးအပ်ဖို့ မယားလုပ်သူကိုပြောပြပါတယ်။ နံနက်စောစောရောက်တော့ စစ်သူကြီးက ၀သဘကို ခေါ်ပြီးနန်တော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ ခေါ်သွားတယ်ဆိုတာသိတာနဲ့ စစ်သူကြီး မိန်းမက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်တော်တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာ တွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်။ အိမ်ရောက်တော့ စစ်သူကြီး မိန်းမက သူကြံစည်တဲ့အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ပဲ ၀သဘ သင့်ဦးကြီးက သင့်ကိုမင်းကြီး ထံ အပ်ပြီး သတ်မှာ…ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။ ၀သဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှုထားကြပါတယ်။

ဒီလိုနဲ့ နေရင်း တစ်နေ့မှာ ပညာရှိလူနှုတစ်ယောက်က ၀သဘရဲ့ ဇာတာကိုကြည့်ပြီး သင်မင်းဖြစ်လိမ့်မယ် လို့ဟောလိုက်ပါတယ်။ ဒီစကားကြားရတော့ ၀မ်းမြောက်ဝမ်းသာနဲ့ ပဲ သတ္တိရှိတဲ့ ယောက်ျားတွေစုရုံးပါတယ်။ အတော်အတန်စုမိတော့ မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည် ဆိုတဲ့ရှေးထုံးကို နှလုံးမှုပြီး၊ မြို့စွန်ရွာစွန်ကနေစပြီး သိမ်းပါတယ်။ အကျဉ်းချုပ်တော့…နောက်ဆုံးတော့ ၀သဘ မင်းဖြစ်သွားပါတယ်။

ဝသဘ မင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှစ်နှစ်လောက်မင်းပြုရမလဲ တွက်ခိုင်းပါတယ်။ ဟူးရားပညာရှိ တွေက ၁၂နှစ် မင်းပြုရမယ်လို့ ဟောပါတယ်။ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွတ်လိုက်ပါတယ်။ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီကပ်ပြိး အရှင်ဘုရားတို့ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်မှု မရှိဘူးလားဘုရားလို့ လျှောက်ပါတယ်။

ဒီတော့ သံဃာတွေက.. ၀သဘမင်းမြတ်…ရေစစ်လှူပါ။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ၊ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ကျောင်းဟောင်း စေတီဟောင်းတွေကို ပြုပြင်ပါ၊ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းပါ၊ ရှစ်ရက်ဥပုသ်၊ ဆယ်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ၊ ဒါဆို မင်းသက်ရှည်လိမ့်မယ်လို့ မိန့်လိုက်ပါတယ်။
ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ စာထဲမှာတော့ ကောင်းမှုတွေ အများကြီးပြထားပါတယ်။ နောက်ဆုံး ၀သဘမင်းဟာ ၄၄နှစ် နန်းစံခဲ့ရပါတယ်။

ဒီဝတ္တုမှာ ၀သဘမင်း ဟာ အတိတ်ကံ အကျိုးပေးအရ ၁၂နှစ်ပဲ နန်းစံရမှာပါ၊ ဒါပေမဲ့ အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ ၄၄နှစ်တောင် နန်းစံခဲ့ရပါတယ်။ ၀သဘမင်း ပြုခဲ့တဲ့ ကုသိုလ် ၆မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့ တော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။

ရေစစ်..ဆေး ကျောင်း အဟောင်းပြုပြင်…ပဉ္စင် အဋ္ဌ သီလဖြူစင်၊….သက်ရှည်ကြောင်းစု ကောင်းမှုခြောက်အင်၊…အခွင့်စိုက် ပြုလိုက်ထာဝစဉ်။

ဗုဒ္ဓဘာသာ ယုံကြည်မှုဆိုတာ ရတနာမြတ်သုံးပါးနဲ့ ကံ. ကံရဲ့ အကျိုးကို ယုံကြည့်ခြင်းဖြစ်ပါတယ်။
ဘ၀ကောင်း ဆိုတာကံအကျိုးပေးပဲဖြစ်တယ်။ သံသရာဘ၀ ဘ၀တွေက စေတနာဆိုး အကျိုးပေးလို့ ဘ၀ဆိုးနဲ့ ကြုံနေချိန်မှာလည်း ဘယ်သူမှ မကယ်နိုင်ဘူး။ ကိုယ့်အပြစ်ကိုယ် ပြန်ခံရစမြဲ ပဲ။ ဒါကြောင့် ကာယကံ၊ ၀စီကံ၊ မနောကံတွေ အမြဲဖြူစင် ကောင်းမွန်နေအောင် အကုသိုလ်မ၀င်သာအောင် အာရုံငါးပါး တံခါးပေါက်မှာ သတိကလေး အစောင့်ချ ထားရပါ့မယ်။ဒါအပြင် ၀သဘမင်းဝတ္တုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ်ဆိုတဲ့ အသိလေး ကို အာရုံပြုပြီး ပြုပြင်ယူကြပါစို့…။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဘာအရေးကြီးဆုံးလဲ

2


၁။ သူများအရေး ကိုယ့်အရေး
အရေး နှစ်ပါး ရှိလေသည်။

၂။ ကိုယ့်အရေးဟာ အကြီးဆုံးပါ
ဦးစွာ ကိုယ့်ကို ကယ်ရမည်။

၃။ အပါယ်လေးရွာ မရောက်ငှာ
ဦးစွာ ကိုယ့်ကို ကယ်ရမည်။

၎။ လောဘနှင့်သာ ခင်သေရှာ
သေခါ ပြိတ္တာဖြစ်မည်သာ။

၅။ ဒေါသနှင့်သာ စိုးရိမ်ကာ
သေရှာ ငရဲရောက်မည်သာ။

၆။ မောဟနှင့်သာ တွေဝေကာ
သေရှာ တိရစ္ဆာန်ဖြစ်မည်သာ။

၇။ သုဂတိမှ သုဂတိရ
ကယ်မ မတော်သေးလေပြီ။

၈။ သူ့ဂတိဟာ လူနတ်ရွာ
ဗြဟ္မာရွာတို့ ဖြစ်လေသည်။

၉။ သုဂတိဟာ အိုနှင့်နာ
သေတာမျှသာ ရှိလေသည်။

၁၀။ မင်း ခိုးသူဘေး ရေ မီးဘေး
ဘေးပေါင်းများစွား ရှိလေသည်။

၁၁။ သုဂတိမှ သုဂတိရ
ကယ်မှ သင့်တော်ပေလိမ့်မည်။

၁၂။ နိဗ္ဗာန်ရောက်ရှာ ဘေးများစွာ
အို နာသေ လွတ် အေးလိမ့်မည်။

၁၃။ နိဗ္ဗာန်ရောက်ငှာ ၀ိပဿနာ
မှန်စွာ ရှုပွားရပေမည်။

၁၄။ဝိပဿနာဆိုတာ ထင်ရှားရာ
ပေါ်ရာ ခန္ဓာ ရှုရမည်။

၁၅။ ကြိုးစား၍သာ ရှုပွားပါ
ဘယ်ခါ မမေ့သင့်လေပြီ။

၁၆။ သေခါနီးလှ ချိန်ရောက်မှ
နောင်တ မပူသင့်လေပြီ။ ။ ( ဓမ္မဒူတဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ)

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

စိတ်ဓာတ်

3

ဒီပိုစ့်လေးကို အရှင်ပညာနန္ဒ ဘလော့မှ ကူးယူဖော်ပြပါသည်။

ညီ ညီမလေးတို့ရေ.. ဒီတခါပြောပြမှာလေးက " စိတ်ဓါတ်" ဆိုတဲ့ အကြောင်းလေးပေါ့ကွယ်.. တကယ်တော့ စိတ်ဆို တာ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့ စိတ်ဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်၊ မိမိ မြင်လိုက် သိလိုက်တဲ့ အပေါ်မှာ မူတည်ပြီး တော့ ပြောင်းလဲသွားတာပေါ့၊ အများအားဖြင့် လူတစ်ယောက်မှာ ဖြစ်ဖို့အလွယ်ကူဆုံးက မကောင်းတဲ့ စိတ်ပဲ။ မကောင်းတဲ့စိတ် ရှိနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ သူထံမှာ ကောင်းတာတွေ ရှိမနေတက်ဘူး။

ဥပမာ မာရ်နတ်.. သူက မြတ်စွာဘုရားအပေါ်မှာ ဘယ်တုန်းက ကောင်းခဲ့ဘူးသလဲ ဟိုတုန်းကလည်း မကောင်းခဲ့ဘူး ဘယ်ထိတောင်မကောင်းခဲ့သလဲဆိုရင် မြတ်စွာဘုရား ဘုရားဖြစ်တော့မယ်အချိန်အထိ လိုက်ပြီး မကောင်းစိတ်နဲ့ နှောက်ယှက်နေခဲ့တာ။ နောက်တစ်ယောက်က မြတ်စွာဘုရားရဲ့ ယောက်ဖတော် ရှင်ဒေ၀ဒတ်ပါ ပဲ. မကောင်းတဲ့စိတ်ကြောင့်ပဲ အမျိုးမျိုး ဘုရားကို တိုက်ခိုက်ခဲ့တယ် နောက်ဆုံး သတ်တဲ့အထိ သူကာယကံ မြောက် လွန်ကျူးခဲ့တယ်။ တော်တော်လေးကြောက်ဖို့ကောင်းပါတယ်။ သူတို့တွေသေတော့ ဘယ်ရောက်ကြလည်း ငရဲ ကိုရောက်သွားတာ ပေါ့။

အဲဒီစိတ်က ခုလက်ရှိအချိန်လည်း ကောင်းကျိုးကိုမပေးသလို နောက်ဘ၀အတွက်လည်း ကောင်းကျိုးကိုမ ဖြစ်စေဘူးကွဲ့။ ဒါကြောင့် လက်ရှိအချိန်မှာလည်း ကောင်းကျိုးကိုမပေး နောက်ဘ၀အတွက်လည်း ကောင်းကျိုးကို မဖြစ်စေတဲ့ စိတ်မျိုးကို မမွေးစေချင်ဘူးကွယ်. ပြီးတော့ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့ စိတ်နဲ့ တိုက်ရိုက်တွေ့ပြီ ဆိုရင် မကောင်းတဲ့စိတ်က အမြဲရှုံးတတ်ပါတယ်။ လက်တလော နိုင်တယ်ထင်နေပေမယ့် သေချာပြန်စဉ်းစားလို့ ရှိရင် တကယ်နိုင်တာက ကောင်းစိတ်ကလေးပါ။ ညီ ညီမလေးတို့ကလည်း မကောင်းတဲ့စိတ်ကို လက်မခံပါနဲ့ မောင်းထုတ်လိုက်ပါ ရစ်သီရစ်သီတောင် အကပ်မခံပါနဲ့။

ကောင်းတဲ့စိတ်ကလေး ကိုတော့နိုင်သလောက်က လေး ထိမ်းထားကြပါ။ ကောင်းတဲ့စိတ် ကိန်းနေတည်နေတဲ့ အချိန်လေးမှာ အကုသိုလ်ဟူသမျှ ကင်းနေတယ်၊ စိတ်ကလေးကိုက ဖြူစင်နေတာ အဲဒီစိတ်ကလေး ကပဲ ခုလောလောဆယ် ဘ၀မှာရော နောင်ဘ၀မှာပါ ကောင်းတဲ့အကျိုးကိုပေးစေပါတယ်။ ဒီတော့ ဘယ်အချိန်မှာမှ ကိုယ့်အတွက် ကောင်းကျိုးမပေးတဲ့ စိတ်ကို မွေးထားဖို့မသင့်ပါဘူး တကယ်လို့ ရှိနေရင်လည်း ဖျောက်နိုင်အောင်ကြိုးစားပေးပါ။

ဒါမှ ညီ ညီမလေးတို့ ဘ၀ဟာ လောကအလယ်မှာ ဖြူစင်စွာနဲ့ ၀င့်ဝင့်ကြွားကြွား တင့်တင့်တယ်တယ် ရှိနေပြီး လူတကာတွေ၇ဲ့ ကြည်ညိုလေးစားခြင်းကို ခံစားရမှာပါ။ မကောင်းတဲ့စိတ် နဲ့သေရင် သူက ညီ ညီမလေးတို့ကို ငရဲကို ဆွဲခေါ်သွား မှာ အေးကောင်းတဲ့စိတ်နဲ့ သေမယ်ဆိုရင်တော့ သူက နတ်ပြည်တင် မကဘူး ကိုယ်ကျင့်ခဲ့တဲ့ ကောင်းမှုပေါ်မူတည် ပြီး နောက်ဆုံး ညီ ညီမလေးတို့ သွားချင်တဲ့ ရွေပြည်မြတ်ထံကို ရောက်သွားမှာကွဲ့။

သူတပါးကို လည်း ကောင်းမွန်တဲ့ စကား၊ ကောင်းမွန်တဲ့ အပြုအမူနဲ့ ဆက်ဆံပေးပါ။ သူများတွေရဲ့မကောင်းတာကို ကြည့်နေမယ့် အစားကိုယ်ကိုကိုယ် မြင်အောင်ကြည့်ပါ။ ငါကော အကုန်လုံးဖြူစင်နေပါသလား။ သူများအပြစ်ကို ကြည့်ပြီး အမြဲတန်း အပြစ်ပြောနေလို့ ငရဲကိုကျသွားရှာတဲ့ အဖြစ်အပျက်အကြောင်းအရာလေးရှိတယ်. ဘုရားရှင် လက်ထက်တုန်းက ရွာကလေးတရွာမှာ အမျိုးသမီးတစ်ယောက် သူ့ရဲ့အတိတ်ကမကောင်းမှုကံကြောင့် ဒီရွာ ကလေးမှာ ပြည့်တန်ဆာမလေး လာဖြစ်နေတယ်။

တနေ့တော့ သူ့မှာ ကုမရတဲ့ ရောဂါက ကပ်မိသွားတော့ ရှက်လည်းရှက် ကြောက်လည်းကြောက်ပြီး ရွာနဲ့ ဝေးတဲ့ နေရာကလေးတစ်ခုမှာ တဦးတည်း သွားရောက်နေ ထိုင်ခဲ့ရရှာတယ်။ အဲဒီနေရာကလေးနဲ့ မနီးမဝေးမှာလည်း ဖိုးသူတော်တစ်ပါး ရှိနေတယ်။ ဖိုးသူတော်ဟာ နေ့ရှိသ၍ ပြည့်တန်ဆာမလေးရဲ့ အကြောင်းပဲ တွေးတယ် ပြီးတော့ အပြစ်ကိုလည်း အမြဲရှာပြီး ကြားအောင်တမျိုး မကြားအောင်တစ်မျိုး ပြောပြောနေခဲ့တယ်။ မကြာပါဘူး ဖိုးသူတော်ဟာ ရုတ်တရက် သေဆုံးသွားပါလေရော သေတော့ဘယ်ရောက်သွားသလဲဆိုတော့ ငရဲကိုရောက်သွားရှာတယ်လေ ဘာကြောင့်လည်း ကိုယ်အပြစ်ကို ကိုယ် မြင်အောင်မကြည့်ခဲ့ဘဲ သူများအပြစ်တွေကိုပဲ ကြည့်နေခဲ့မိလို့.. ခုလို့ဖြစ်ရတာလေ။ ဒီတော့ပြောချင်တာ လေးက သူတပါး၏ အပြစ်ကိုမကြည့်မိအောင်နေပြီး ကိုယ်ကိုကိုယ်ပဲ အပြစ်ကိုမြင်အောင်ကြည့်စေချင်တယ်။ ပြီးတော့ စိတ်ကောင်းကလေးကိုလည်း ကိုယ်နဲ့မကွာ တစ်သက်လုံးရှိနေစေချင်တယ်။ သူများကောင်းတာမကောင်းတာကို မကြည့်ပါနဲ့ ကိုယ်ကောင်းဘို့က အရေးကြီးပါတယ်။ ကိုယ်က သူများတွေ ရဲ့အပေါ်မှာ အတိုင်းထက်လွန် ပြီး ကောင်းပြလိုက်ပါ သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုတဲ့ စိတ်ကိုမမွေးပါနဲ့။

တကယ်လို သူက ကိုယ်ပြုံးပြလိုက်သားနဲ့တောင် ကိုယ့်ကိုပြန်ပြီး ပြုံးမပြဘူး ဆဲသွားတယ်ဆိုရင်တောင် သူ၏နောက်ကျော ကိုကြည့်ပြီး သူ့ကိုအပြစ်မမြင်ပဲ ငါ့မှာသာအပြစ်တွေရှိနေလို့ သူဒီလို လုပ်သွားတာပဲလေ ဆိုပြီး ကိုယ့်အပြစ်ကိုယ် တွေ့အောင်ရှာပေးပါ. ..ကဲ ဒါလေးပါပဲ အားလုံးသော စာဖတ်သူတွေ စိတ်ကောင်းကလေးနဲ့ပဲ ထာဝရ တည်ရှိနေနှိင်ကြပါစေ..........

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ထင်းခွေမကြုံရေခပ်ကြုံ

6

တစ်ခါတုန်းက ဥတ္တရာပထတိုင်းသား တစ်ယောက်ဟာ ခရီးတစ်ခုထွက်ခဲ့ပါတယ်။ ခရီးသွားနေတုန်းမှာ နေကသိပ်ပူတော့ ရေကလည်း ဆာလာပါတယ်။ ဒါကြောင့် နီးရာသစ်ပင်ရိပ်အောက်ကို ၀င်နားလိုက်ပါတယ်။ သစ်ပင်အောက်မှာ သူ့လိုပဲ သာဝတ္တိပြည်သား လူစိမ်းတစ်ယောက်ကလည်း ကွမ်းဝါးရင်း နေပူခိုပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ကြိုရောက်နေတဲ့ လူစိမ်းကို ရေတောင်းလိုက်ပါတယ်။

မိတ်ဆွေရယ် ရေလေးဘာလေးမပါဘူးလား၊ ပါရင် နည်းနည်း လောက်ပေးစမ်းပါ၊ ရေသိပ်ဆာနေလို့ပါ… မပါဘူး......ဒါဖြစ်ရင်လည်း မိတ်ဆွေရယ် ၊ ရေဆာလွန်းလို့ ကွမ်းလေးတစ်ယာ လောက်ပေးပါ......... အိုး…ဒီအတိုင်းတော့ ဘယ်ရမလဲ၊ လေးအသပြာပေးရမယ်....ရပါတယ် လေးအသပြာပေးပါ့မယ်

ပြောပြီး လေးအသပြာကို ထုတ်ပေးလိုက်ပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ရေဆာပြေအဖြစ် ကွမ်းကို ၀ါးပါတော့တယ်။တကယ်တော့ ကွမ်းတစ်ယာဟာ လေးအသပြာ မတန်ပါဘူး၊ လိုနေမှန်းသိလို့ ပုံမှန်ဈေးထက်အဆများစွာ တင်ရောင်းလိုက်တာ ပါ။

အမောပြေတော့ ကိုယ့်ခရီးကိုယ် ဆက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလတွေကြာသွားရောပဲ ဆိုပါတော့။တစ်နေ့သောအခါမှာတော့ ပင်လယ်ပြင်မှာ ခရီးထွက်ရင်း သူတို့နှစ်ဦးဟာ သင်္ဘောတစ်စီးမှာ ပြန်ဆုံကြပြန်ပါတယ်။

တစ်နေရာအရောက်မှာတော့ စီးလာတဲ့သင်္ဘောက မှောက်သွားပါလေရော၊ ခရီးသည်တွေဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ကူးနေကြပါတယ်။ ဥတ္တရာပထတိုင်းသားကတော့ ကံကောင်းစွာ ပျဉ်ချပ် တစ်ခုကိုရလိုက်ပါတယ်။

ရလာတဲ့ ပျဉ်ချပ်နဲ့ ကူးရင်း သူနဲ့ခပ်လှမ်းလှမ်းမှာ ယက်ကန်ယက်ကန်နဲ့ ရေထဲနစ်လုနစ်ခင် ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့ တစ်ချိန်က သူ့ကို ကွမ်းတစ်ယာကို လေးအသပြာနဲ့ရောင်းခဲ့တဲ့သူပါ။

ဒီတော့ ဥတ္တရာပထ တိုင်းသားက…

ဒီမိတ်ဆွေဟာ ငါ ရေငတ်နေတုန်းက ကွမ်းတစ်ယာရောင်းဖူးတယ် ။ ကျေးဇူးရှိခဲ့ဖူးတဲ့ မိတ်ဆွေပဲ ဆိုပြီး သူ့ရဲ့ပျဉ်ချပ်ကို ထိုးပေးလိုက်ပါတော့တယ်။

ဒီသီဟိုဋ္ဌ် ၀တ္တုလေးကို ဖတ်ရင်း ရင်ထဲမှာ ထင်းခွေမကြုံရေခပ်ကြုံ ဆိုတာလေး သတိရမိပါတယ်။ ဒါအပြင် သူတစ်ထူးရဲ့ အပြစ်ကို မမြင်ပဲ ကျေးဇူး ကိုသာ ထင်ရှားစွာမှတ်သားထားသူရဲ့ သူတော်ကောင်းစိတ်ဓာတ်ကို လေးစားမိသွားပါတယ်။ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီ ပတ်လည် နေခဲ့ရိုးမှန်ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြန်တွေ့ကြလိမ့်မယ်တဲ့။ အချစ်ဝတ္တုဆရာရေးဆရာတွေက သိပ္ပံသဘာဝ နဲ့ ယှဉ်ရေးကြတာ ကိုဖတ်ဖူးပါတယ်။

ကံကြမ္မာသဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန်မှာ တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ။ အဲဒီလို မျက်နှာချင်းဆိုင် ပြန်လည် ဆုံကြရတဲ့အခါ ဘယ်လိုမျက်နှာတွေ နဲ့ ဆုံကြမလဲ…ခွဲခွာခြင်း ဝေးကွာခြင်းတွေနဲ့ တစ်နေ့တစ်ချိန် ကံအားလျော်စွာ ပြန်ဆုံကြရင်ဖြင့်…အပြုံးတွေနဲ့ နှုတ်ဆက်နိုင်ဖို့ လိုပါတယ်။
သူတော်ကောင်း
စိတ်ထားရှည်ကာ မကြွားဝါ
ထိုဟာ သူတော်ကောင်း
မပြင်း ဒေါသ မာန်မာန
ကင်းက သူတော်ကောင်း
ကျေးဇူးသိမြင် ပြန်ဆပ်လျှင်
ခေါ်တွင် သူတော်ကောင်း
ဂုဏ်ပြိုင် တုပ မပြုက
ခေါ်ရ သူတော်ကောင်း
ကိုယ်ကျိုးကိုသာ မရှာတာ
ထိုဟာ သူတော်ကောင်း
သူ့အပြစ်များ မပြောငြား
ခေါ်ငြား သူတော်ကောင်း
သူ့အပြစ်များ မှတ်မထား
ခေါ်ငြား သူတော်ကောင်း
မကောင်းမှု၌ မနှစ်ခြိုက်
ခေါ်ထိုက် သူတော်ကောင်း
ကောင်းမှုမြင်ဟာ ကြည်ဝမ်းသာ
ထိုဟာ သူတော်ကောင်း
သည်းခံများစွာ အရာရာ
ထိုဟာ သူတော်ကောင်း
ဂုဏ်နှစ်များစွာ ရှိလေတာ
ပြောငှာ မကုန်တောင်း။ ။
(ဓမ္မဒူတ ဆရာတော်ကြီး ဟောကြားသောတရားဆောင်ပုဒ်များ)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သွေးရောင်လွှမ်းတဲ့ရေ

8


ကောလိယမြို့တွင် ဖွားမြင်တော်မူသော အရှင်ရေ၀တ သည် သကျမင်းသားတစ်ပါးဖြစ်၏။ သာသနာတွင်းသို့ရောက်ရှိပြီး သောအခါ ၀ိနည်းကျင့်ဝတ်ကို အင်မတန်လေးစား၏။ တစ်ခါသော် အရှင်ရေ၀တသည် ဆွမ်းကိစ္စ ပြီးပြည့်စုံ၍ ဂင်္ဂါမြစ်ကမ်းသို့ ပြန်ကြွလာစဉ် ထူးထွေ ဆန်းပြားသော အသွင်သဏ္ဍာန်တစ်ခု ရွေ့လျားမှုကိုတွေ့မြင်ရတော့၏။

ထိုသဏ္ဍာန်သည် ဂင်္ဂါမြစ်ကမ်းတစ်လျှောက် အခေါက်ခေါက် အခါခါ ပြေးလွှားနေ၏။ ထိုသူသည် ဂင်္ဂါမြစ်ထဲမှ ရေကြည်ရေအေးကို တစ်ဝကြီးသောက်ရန် အားခဲရင်း ပြေးလွှားပြီး အခေါက်ခေါက်အခါခါကြိုးစားသော်လည်း သူရဲ့ ၀ဋ်ကြွေးကြောင့် ချီတုံချတုံ အစုန်အဆန် ရွေ့လျားနေရသူဖြစ်၏။

အရှင်ရေ၀တ သည် ရုပ်နာမ်နှစ်ဖြာ သူ့ ခန္ဓာနှင့် ဆောက်တည်ရာမရ ရွေ့လျားနေသော အသွင်ကို အနီးကပ်ဆုံးတွေ့ရသောအခါ ရုပ်ရည် ဆိုးရွားရုံမက ကိုယ်မှ ထွက်ပေါ်လာသော အနံ့ကြီးကလည်း ပုပ်ဟောင်ဟောင်နေသည်ကို သတိပြုမိရတော့သည်။

ပြိတ္တာမတစ်ယောက်ပေပဲ

တပည့်တော်မ ရေဆာလွန်းလှပါပြီ၊ ရေပေးပါ၊ အမြန်ရေပေးပါဘုရား....အငမ်းမရ ဆင်းရဲစွာ ပူဆာသည်ကိုတွေ့ရသဖြင့်....

ဟဲ့..ဟဲ့ ဒကာမ ဟိမ၀န္တာတောင်ကြီးကို အခြေပြုပြီး စီးဆင်းလာတဲ့ အေးလည်းအေးတဲ့၊ ကြည်လည်းကြည်လင်တဲ့ ဂင်္ဂါမြစ်ကြီးအန်ီးရှိနေပါလျက်နဲ့ ရေဆာတယ်လို့ ပူဆွေးနေရသလား။

မှန်လှပါ ဘုရား၊ တပည့်တော် ကိုယ်တိုင် ကိုယ်ကျ သောက်လို့မရပါဘုရား၊ တပည့်တော်မ ရေသောက်ဖို့ပြင်ဆင်လိုက်တာနဲ့ သွေးရောင်လွှမ်းပြီး အညှီနံ့များ နံလာပါတယ်ဘုရား..

အို...အကုသိုလ်တယ်ကြီးပါလား ဒကာမ၊ ဒီဘ၀ကို မရောက်ခင်က ဘာတွေများပြုလုပ်ခဲ့လို့ပါလိမ့်။

မှန်လှပါ ဘုရား၊ ဟိုဘ၀က တပည့်တော်မရဲ့ ခင်ပွန်းဟာ ဥဇ္ဖေနီပြည်ကို အစိုးရတဲ့ ဥတေနမင်းကြီး အားကိုးယုံကြည်ရတဲ့ အမတ်ကြီးတစ်ဦးဖြစ်ပါတယ်။ အမတ်ကြီးကွယ်လွန်တဲ့အခါ အမတ်ကြီးရဲ့ ရာထူးကို သားတော် ဥတ္တရလုလင်ကို ပေးအပ်ပါတယ်။ တိုတိုပြောရရင်...ဥတ္တရလုလင်ဟာ နန်းအသစ်တည်ဆောက်ဖို့ တောထဲမှာ သစ်ဝါးရှာဖွေ ဖို့ အမိန့်အရသွားရင်း ၊ ရဟန္တာ အရှင်မဟာကစ္စည်းအရှင်မြတ်ကြီးနဲ့တွေ့ပြီး တရားတော်နာယူပြီး သရဏဂုံဆောက်တည်ကာ ဥပဿကာအဖြစ်ခံယူခဲ့တယ်။ မကြာခင်မှာပဲ သားရဲ့ ပင့်ဖိတ်မှုကြောင့် ရဟန္တာမထေရ်ကြီးနဲ့ နောက်ပါ သံဃာတွေ ဆွမ်းခံကြွရောက်လာပါတယ်။ ဆွမ်းလောင်းပွဲဟာ တစ်ရက်နဲ့ မပြီးဘဲ နောက်နေ့တွေမှာလည်း ဆွမ်းပန်းကိစ္စတွေ ပါဝင်လာပြန်ပါတယ်။ ရဟန္တာမထေရ်မြတ်ကိုခဏခဏဖူးတွေ့ရတဲ့ သားဥတ္တရလုလင်ကတော့ သောတာပန်ဖြစ်သွားပါတယ်။ တပည့်တော်ကတော့ အလုပ်တွေ၊ တရားနာမှု၊ ကြည်ညိုမှု၊ လှူမှုတန်းမှု၊ စေတနာတွေကို နားမလည်ပါဘူး ကျီထဲက ဆန်တွေလျော့သွားတာ ၊ စပါးတွေ ကုန်သွားတာ၊ ဘဏ္ဍာတိုက်ထဲက ရတနာတွေ လျော့သွားတာကို ပဲသိပါတယ်...မကျေနပ်ပါဘူး...အဲဒီတော့...

တပည့်တော်မဟာ သားလေး ဥတ္တရလုလင်ရဲ့သဒ္ဓါတရားကို ခုတုံးလုပ်နေကြတာ (အမေ့သား ဆွမ်းလောင်းတာ အလှူအတန်းလုပ်တာ ၊ ၀ါဝါ၀တ်တွေ ဖန်ကတုံးတွေ အတွက် စုဝေးနေကြတာ အမေ မကြည့်ချင်ဘူး တော်တော့လို့) စိတ်လိုက်မာန်ပါ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သားတော်က ဆက်လက်ပြီး ဆွေမျိုးတွေ အိမ်မှာ ကုသိုလ်လုပ်ပြန်ရော..၊ ကုန်ကျငွေကို တော့ သူက ပဲစိုက်ထုတ်နေပြန်ပါတယ်။

သည်ကာလတိုင်အောင် ဒကာမကြီးက ကောင်းမှုအ၀၀ကို မကြည့်မဖြူရှိနေတုန်းပဲလား... သည်မျှမကပါဘုရား၊ ဘုရားတပည့်တော်က သားကလေးကို (ငါ..အမတ်ပဲ လုပ်ချင်ရာလုပ်မယ်၊ အမေ့စကားကို ပယ်ရှားဝံ့တယ်ဆိုရင် မင်းကြိုက်သလို လှူပေတော့၊ မင်းပြုသမျှ လှူဖွယ်ဝတ္တု အဖျော်ယမကာတွေဟာ သွေးတွေဖြစ်ပါစေ၊ ရေဆာလို့ သောက်သမျှ သွေးတွေဖြစ်ပါစေသော်)လို့ မိုက်မိုက်မဲမဲ ကျိန်ဆိုခဲ့ပါတယ်။

မိခင်စကား မလိုက်နာတဲ့သားကို ပစ်လွတ်လိုက်တဲ့ ကျိန်စာ လေးမြှားအမျိုးမျိုးတွေဟာ တပည့်တော်မကို အမှန်ပဲ ထိမှန်သွားပါပြီ ဘုရား ကယ်တင်တော်မူပါဘုရား

အရှင်ရေ၀တ သည် ပြိတ္တာမကြီး၏ခြင်းရာ အကုသိုလ်ဇာတ်လမ်းကို ကရုဏာဖြင့် နာကြားခဲ့ပြီး....နောက် သီတင်းသုံးဖော် ရဟန်းတစ်ပါးအား သောက်ရေ ကြည်ကြည်အေးအေး ဆက်ကပ်၏။ အမှိုက်ပုံ တစ်ခုမှ ပံ့သကူ ကောက်ယူခဲ့သော အ၀တ်စတစ်ခုကို သင်္ကန်းပြုလုပ်က လှူဒါန်းပြန်၏ နောက်တစ်နေ့ နံနက်တွင် ဆွမ်းခံရလာသည့် ဆွမ်းအချို့ကို သီတင်းသုံးဖော် တို့ အားလှူဒါန်း၏ ထို့နောက် ပြုပြုသမျှသော ကုသိုလ် ကောင်းမှု အစုစုကို ဂင်္ဂါမြစ်ကမ်းက ပြိတ္တာမကြီးအား အမျှပေး ဝေ လေသည်။

ဒီဇာတ်လမ်းလေးကိုဖတ်ရခြင်းဖြင့် ရေဗူးနဲ့ ဖိနပ်မပါ နွေခါမှ သိ ဒါနနဲ့သီလမပါ၊ သေခါမှ သိ၊ ၀စီဗေဒ ထိတိုင်းရှ ဆိုတဲ့ စကားလေးများ ကို သွားသတိရမိပါတယ်။ အမှတ်တမဲ့ ဖြစ်ဖြစ်၊ လက်လွတ်စပယ် လွယ်လွယ်ပြောတာပဲ ဖြစ်ဖြစ် အမတန်ကြောက်စရာကောင်းပါတယ်။ ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်) စာအုပ်မှာ ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာ ခံခြင်းဖြစ်၏ လိုဆိုထားပါတယ်။ ဒါနအမှုဖြစ်တဲ့ စွတ်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြတ်နိဗ္ဗာန်ကို တက်လှမ်းဖို့ရာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့လှေကားထစ် သုံးခုအနက် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင် ပေးနိုင်တဲ့ နည်းလမ်းမဟုတ်ပေမဲ့လည်း နိဗ္ဗာန်ရောက် ကြောင်းအထောက်အပံ့ တော့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဒါနကို မွေးစကလေးနာမည်ပေး ကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ ဘ၀တစ်လျှောက်လုံး လှူတန်းနေခဲ့ကြသူတွေပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဖြစ်အောင် ပညာသတိ မပြတ်ရှိကြရမှာဖြစ်ပါတယ်။ နိဗ္ဗာန်မရမီ စပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးကောင်းတဲ့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဒီဇာတ်လမ်းလေးဖြင့် ကုသိုလ်ယူပါတယ်။

ကုသိုလ်ဆယ်တန်

လှူဒါန်းဒါန စောင့်သီလ ပွားထ ဘာဝနာ
ကြီးသူရိုညွှတ် ဝေယျာဝတ်
ပြုတတ်သင့်ရာရာ
ကုသိုလ်အစု မျှဝေပြု သာဓုခေါ်ဝမ်းသာ
တရားတော်နာ ဟောပြောကာ
ယူမှာ ဖြောင့်အပ်စွာ။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သပွတ်ခါးသီး ၀ိဇ္ဖာ

8

သင်္ဂဇာဆရာတော်ဘုရားကြီး ၏ တရားဓမ္မဟောပြလေတိုင်း ပုံဆောင်ခဲ့တဲ့ ဥပမာ၊ စကားပုံ၊ ပုံပြင်၊အတုယူမှတ်သားဖွယ်ရာများ.....

ဆရာတော်ဘုရား မြင်းခြံမြို့သို့ရောက်ရှိပြီး တရားရေအေးတိုက်ကျွေးနေစဉ်ခိုက်ဖြစ်ပါသည်။

အဂ္ဂိရတ်လင်မယားနှစ်ယောက်တို့ ရန်ဖြစ်စကားများကြသည်။ သတ်ပုတ်ကြသည်။ သွေးထွက် သံယိုဖြစ်ကြ တယ်။ ရပ်ရွာလူကြီးတွေ ဆုံးမ၍မရတော့လို့၊ နောက်ဆုံးတွင် ဆရာတော်ထံမှောက်သို့ ခေါ်ယူ ရောက်ရှိလာ ကြလေသည်။

အရှင်ဘုရာှး...၊ဤမိန်းမနှင့် ယောက်ျားသည် အလွန်နားပူပါသည်ဘုရား၊ မိန်းမဈေးရောင်း၍ ရသမျှကိ ယောက်ျားဖြစ်သူက အဂ္ဂိရတ်ထိုးသဖြင့် ကုန်ပါသည်။ ထို့ကြောင့် မိန်းမက ဖျက်သည်တွင် ရွှေဖြစ်အောင်လုပ်သည်ကို ဖျက်ရကောင်းလား ဟုစကားများ ရန်ဖြစ်ပါသည် ဘုရား။ တစ်ရပ်ကွက်လုံး နားပူပါသဖြင့် နားအေးအောင်တရားရေအေး တိုက်ကျွေးတော်မူပါဦးဘုရား လိုလျောက်ထားပါတယ်။

ထိုအခါ ဆရာတော်က....ဒကာတို့ အဖြစ်က မုံရွေးအရပ်က ဆရာတစ်ဦးသည် စိတ်ရှုးပေါက်တိုင်း အလွတ်ကြွားပြီး သပွတ်ခါးဝိဇ္ဖာဖြစ်သလို နေပေါ့ကိုး...ဟု ဆရာတော်သည် ထုံးစံအတိုင်း ဥပမာခိုင်း၍ စကားစလေသည်။

ဟိုးရှေးတုန်းက...ရွာကြီးတစ်ရွာမှာ ပန်းတဉ်းဆရာတစ်ဦးရှိတယ်။ သူ့သမက်က အဂ္ဂိရတ်ဝါသနာပါလွန်းတယ်။ မယားရှာသမျှငွေကို အဂ္ဂိရတ်ထိုးပစ်တယ်။ လင်မယားစကားများပြီး မိန်းမက ယောက်ျားကို အိမ်က နှင်ချတယ်...။ဒီတော့ ရွာပြင်က ညောင်ပင်ကြီးအောက်မှာသွားပြီး အိပ်နေတယ်။ အဲသလို အိပ်နေတုန်း ခပ်နောက်နောက် နွားကျောင်းသမားက ခေါင်းရင်း ကနေ အိမ်မက်ပေးသတဲ့...

သပွတ်ခါးသီးကို တစ်ကျပ်၊ ထန်းဖို ထန်းလျက်ကို တစ်ကျပ်၊ ဆား တစ်မတ်... ဤသုံးရပ်ကို စရနယ်ပြီးလျှင် နေ၀င်မှာ တစ်လုံးမျို ၊ သန်းခေါင်မှာ တစ်လုံးစား၊ လင်းအားကြီး တစ်လုံးခွံ့...မကြောက်မရွံ့ နှင့်၊ ၀ိဇ္ဖာဖြစ်လတ္တံ။

နွားကျောင်းသားက အိမ်မက်ပေးပြီးထွက်ပြေးတယ်။ အဂ္ဂိရတ်သမားက အိပ်ရာကနိုးတော့..ငါ့ကို ရုက္ခစိုးမင်းသနားလို့ ပေးတဲ့ ၀ိဇ္ဖာဖြစ်နည်းဆေးပဲလို့ တွေးပြီး အိမ်ပြန်သွားတယ်။ အိမ်ရောက်တော့..အိမ်မက်ပေးတဲ့အတိုင်း ဆေးဖော်ပြီး စားတယ်။ ပြီးတော့..ငါတော့ ၀ိဇ္ဖာဖြစ်ပြီဆိုပြီး တောနက်ထဲဝင်သွားတယ်..။

အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ...မိန်းမပျိုတစ်ဦးဟာ မိဘတွေက သူ့ချစ်သူနဲ့ သဘောမတူ မပေးစားတဲ့အတွက် မိဘကို စိတ်နာပြီး တောထဲထွက်ပြေးလာတယ်။ ပြီးတော့...သပွတ်ခါးသီးဝိဇ္ဖာ အနီး ဗန့်ဗွေးပင်မှာ ကြိုးဆွဲချသေပါလေရော။ မနက်လင်းတော့ သပွတ်ခါးသီး ၀ိဇ္ဖာက သစ်ပင်မှာ တွဲလျားကျနေတဲ့ မိန်းမပျိုကိုမြင်တယ်....ဟာ...ငါဟာ ရုက္ခစိုးပေးတဲ့ ဆေးနဲ့ တကယ်ပဲ...၀ိဇ္ဖာဖြစ်နေပါပေါ့လား၊ ကြည့်စမ်း၊ ငါဟာ သူယောင်တောကို ရောက်နေပေါ့ကိုး...လို့တွေးပြီး မိန်းမပျိုအနားကို တိုးသွားကြည့်တယ်။

အဲဒီအချိန်မှာ ပဲ မိန်းမပျိုလေးကိုရှာနေတဲ့ ဆွေမျိုးသားချင်းတွေရောက်လာရော...မိန်းမပျိုနဲ့ သပွတ်ခါးသီးဝိဇ္ဖာနဲ့ အတူတွေ့တော့ နင့်ကြောင့် ငါ့တို့သမီးပျိုသေရတာ ဆိုပြီး ၀ိုင်းရိုက်ကြသတဲ့။

အဲဒီတော့ ..သပွတ်ခါးသီး ၀ိဇ္ဖာကမောင်ရင် တို့က ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဖာ၊ အင်းဝိဇ္ဖာတွေ ဖြစ်ကြပါတယ်။ ကျွန်ုပ်ထက်တန်ခိုးကြီးကြပါတယ်။ ကျွန်ုပ်က သပွတ်ခါးသီးတစ်လုံးနဲ့ ဖြစ်လာတဲ့ ၀ိဇ္ဖာဖြစ်လို့ သင်တို့လောက်အစွမ်းမထက်ပါဘူး။ မနှိပ်စက်ကြပါနဲ့ လို့တောင်းပန်တယ်။ ပြီးတော့ သူယောင်ကို ဂူချောင်သို့ သယ်ဆောင်သွားကြပါတော့ လို့မြည်တမ်းပါတယ်။

အဂ္ဂိရတ်...လုပ်ရပ်ဝါသနာ စွဲကပ်ရင် မွဲတတ်တယ် ဒကာတို့ လောက၌နေကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကုသိုလ် ဒါန သီလဘာဝနာ ဖြစ်ရာဖြစ်ကြောင်း ကောင်းတဲ့အကြံအစည်နဲ့နေရင် ဥစ္စာပင်မရသော်လည်းချီးမွမ်းထိုက်တယ်။ စည်းစိမ်ဥစ္စာ ရတနာ ရအောင် ရှာသူကို လည်းအပြစ်မတင်သာပေဘူး။ လောကီ၊ လောကုတ္တရာ ပညာရကြောင်း ကျိုးစားနေသူကို ဆိုရင်လည်း...ကောင်းပေတယ်လို့ ဆိုရမှာပဲ...။

အင်း ကုသိုလ် ၊ပညာ၊ ဥစ္စာ ရရာရကြောင်း သုံးခုအနက်တစ်ခုမှ မဟုတ်ဘူး ဆိုရင်တော့ ကဲ့ရဲ့ပြစ်တင်ခြင်းခံရပေမှာပဲ။ ဒါကြောင့် အကျိုးမယုတ် တိုးပွားအောင်သာ လုပ်ဆောင်သင့်ကြပေတယ်လို့ နောက်နောင် ရန်မဖြစ်အောင် ကျိုးကြောင်းပြကာ ဆုံးမတော်မူခဲ့ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကျမနှင့် ဆုံနိုင်ခွင့်

5


ဒီပိုစ့်လေးကို ဆရာလေး မသိက္ခ၀တီ၊ မတိက္ခဥာဏီ ညီအစ်မနှစ်ပါးရဲ့ ဓမ္မရနံ ဘလော့လေးမှ ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။ ကူးယူထားတာကြာပါပြီ...မတင်ဖြစ်သေးခြင်းပါ...အခု ကျမနဲ့ အိမ်ထောင်ရေး တက်ဂ်ပိုစ့်လေး ကို မပန်းကဗျာ က ရေးခိုင်းတာနဲ့...အကြောင်းအကျိုး ဆက်စပ်မယ်ထင်လို့ တင်ပြပေးလိုက်ပါတယ်။ ကူးယူခွင့်ပေးတဲ့ ဆရာလေး နှစ်ပါးအားလည်း ကျေးဇူးတင်ပါတယ်။ ဦးချကန်တော့ပါတယ်။
ဆုံနိုင်ခွင့်

ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။

ဒီဘ၀တစ်ခုတည်းကိုပဲ ဘ၀ထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘ၀တွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြုံးရုံပဲ ပြုံးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။

သတ္တဝါတွေရဲ့ စေတနာကံဆိုတာ တစ်ဦးနဲ့တစ်ဦး ထပ်တူဖြစ်ဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။ ဒါ့ကြောင့် သတ္တဝါအနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း သေသူရှားသလို နောက်ဘဝမှာလည်း လူ စသည် အတူတူပြန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ''ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား'' ချင်သူများအတွက် ရိုးရိုးငှက်နဲ့ ဇောက်ထိုးနေတဲ့ လင်းဆွဲငှက်ဖြစ်နေရင် အဆင်ပြေနိုင်ပါ့မလား။ ငှက်တော့ ဖြစ်ပါရဲ့။ ဒါပေမယ့် ငှက်ကြီးဝန်ပိုနဲ့ နှံပြည်စုတ်ငှက် ဖြစ်နေကြရရင်ရော…?။ သတ္တ၀ါတွေ ဘဝရချိန် ကွာခြားသလောက် အသက်အရွယ်စတာတွေလည်း ကွာခြားနိုင်ပါတယ်။ ဇနီးမောင်နှံ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကညာပျိုနဲ့ ဇရာအို ဖြစ်နေတာတို့၊ တစ်မိသားစုတည်း ဖြစ်နေတာတို့၊ ယောက်ျားအတူတူ ဖြစ်နေတာတို့၊ မိန်းမအတူတူ ဖြစ်နေတာတို့ စတာတွေပါ။

တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘ၀ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။ နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။ တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်း ဒဏ်ရာမရှိမှသာ စိတ်စွမ်းအားပြည့်ပြီး ကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။ တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။

ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။ ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။

(၁) တူညီတဲ့ သဒ္ဓါတရားရှိခြင်း၊
(၂) တူညီတဲ့ သီလရှိခြင်း၊
(၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုရှိခြင်း၊
(၄) တူညီတဲ့ ဥာဏ်ပညာရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ပြောင်းပြန်ကြည့်ရင် ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာပန္နက်ရိုက်ရိုက်၊ ဆုတွေတောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။ ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။ ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။

ဗျာဒိတ်ခံပြီးချိန်ကစပြီး နိဗ္ဗာန်ရမယ့် နောက်ဆုံးဘဝအထိ လက်တွဲခဲ့ကြတဲ့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ယသောဓရာအရှင်မဟာကဿပလောင်း ပိပ္ပလိလုလင်နဲ့ ဘဒ္ဒကာပိလာနီ (သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ ကမ္ဘာမြေကြီးကတောင် ဝမ်းနည်းလွန်းလို့ တုန်လှုပ်သွားခဲ့ပါသေးတယ်) တို့တောင်မှ အသင်္ချေ ကမ္ဘာချီတဲ့ ဘဝတွေမှာ သူတို့တွေ တွေ့ဆုံ ပေါင်းသင်းကြရတဲ့ ဘဝတွေက အလွန်ဆုံး ရာ၊ထောင်ခန့်ပဲ ရှိပါတယ်။ မတွေ့မဆုံ၊ မပေါင်းသင်းခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင် များစွာပါ။

ဒီတော့… ဗုဒ္ဓရဲ့ စကားတော်ဆိုတာ မှားရိုးထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။ နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။ အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။

ညခင်း ရဲ့လမင်း ဘလော့ကိုလာလည်ကြတဲ့ သူငယ်ချင်းများကို ပြန်လည်မျှဝေခြင်းပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ မလုပ်နဲ့

8


ယောင်္ကျားဖြစ်သူက မုဆိုး၊ မိန်းမဖြစ်သူက သောတပန် တရားဇာတ်ကြောင်းလေးက ဗုဒ္ဓသာသာရဲ့ အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားကို ပိုင်ပိုင်နိုင်နိုင် ရစေချင်တဲ့ ရည်ရွယ်ချက်လေးဖြစ်ပါတယ်။

တရားဇာတ်ကြောင်းပါ ဇာတ်ဆောင်များကတော့..လင်မုဆိုး၊ မယားသောတပန်ပါ။ လင်မယားတို့ရဲ့ ဂုဏ်ရည်က အဲဒီလောက်ကွာဝေးပါတယ်။မုဆိုးဆိုတာက သားကောင်တွေကို သတ်ဖြတ်ရောင်းစားလို့ အပါယ်လေးဘုံ ကိုသွားဖို့ သေချာသလောက်ရှိနေသူ၊ သောတပန်ဆိုတာကတော့ အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိမရှိတော့ဘဲ ရတနာသုံးပါး၌ ယုံမှားသံသယ လုံးဝမရှိတော့တဲ့သူ။ သို့သော် ကိလေသာ မကုန်သေးတဲ့အတွက် လင်ယူသားမွေး ပြုကြသေးတယ်။ အဲဒီတော့ မယားသောတပန် ခမျာ လင်မုဆိုးကြီးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက်တွေ့ရတဲ့ အကြောင်းကတော့ ရှေးရေးစက်လို့ ပဲ ဆိုရမယ်။တစ်နည်းအားဖြင့် သံသရာကပါလာတဲ့ အစွဲတဏှာကြောင့်ပေါ့။ ဟို ရှေး...ကဿပ ဘုရှားရှင်လက်ထက်တော်က လင်မယား တစ်ဘ၀တော် ဘူးရုံမျှဖြင့် ဒီဘ၀မှာ မုဆိုးကြီးကို မှချစ်မိလေတယ်။

သောတပန်မယား အလိမ္မာခမျာ တစ်နေ့တစ်နေ့ ဒီမုဆိုးကြီးသူတော်ကောင်းဖြစ်လာအောင် ပြုပြင်ပေးဖို့သာ ကြံစည်နေတာပေါ့။ မုဆိုးကြီးမှာတော့ ဘုရားပွင့်နေတယ်ဆိုတာတောင် မသိပါဘူး။ သတ်ရဖြတ်ရ၊ ရောင်းရ၀ယ်ရရင်ပျော်နေတာပါပဲ။ မုဆိုးကြီးက အပြစ်ရှိ အပြစ်မဲ့၊ အကျိုးရှိ အကျိုးမဲ့ ဘာမှ ခွဲခြားမသိ၊ သောတပန်ကတော့ နိဗ္ဗာန်ရောက်ကြောင်းအထိ သိနေပြီ။ လင်းမယားချင်း အဲဒီလောက်တောင် ခြားနားဝေးကွာနေလေရဲ့။ဒါပေမဲ့ စိတ်မပျက်ဘူး၊ မုဆိုးကြီး စိတ်အေးကြည်သာတဲ့ အချိန်ကောင်းစောင့်ပြီး ဒီလိုတောင်းပန်ရှာသတဲ့။

ဘုရားထံတော်သွားလို့ ကျွန်မအတွက် တရားတစ်ပုဒ်လောက်နာပေးပါနော်....

ဟာ ...ငါနဲ့ မဖြစ်ဘူး ထင်ပါရဲ့ကွာ...အဲဒီလောက်တော့ မုဆိုးကြီးသိသေးတယ်။ ဒါကြောင့်ငြင်းတယ်။ ဒါပေမဲ့ တစ်ခါကနှစ်ခါ မငြင်းသာတော့ဘဲ မယားအလိုကျ ဘုရားထံသွားပါတယ်။ မုဆိုးကြီးကျွတ်မှာကို မြင်တော်မူတဲ့ ဘုရားရှင်က စင်္ကြံလျှောက်ရင်း အသင့်စောင့်လင့်တော်မူတယ်။

ဘုရားရှင်ထံရောက်တော့ တပည့်တော်မအားဘူး၊ အလုပ်တစ်ဖက်ကြားက အရှင်ဘုရားဆီ လာရတာ... တရားတိုတိုပဲ ဟောပါဘုရား လို့ လျှောက်ထားပါတယ်။

ဒါယကာ...သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင်မလုပ်နဲ့ ဘုရားက အဲဒီလိုမိန့်ကြားလိုက်တယ်။

တပည့်တော် တရားနာချင်ပါတယ်ဘုရား

ငါ ဟောပြီးပြီ

ဟယ်...မုဆိုးကြီး အလွန်ဝမ်းသာသွား တာပေါ့။ သူထင်တာက သူ့ကို ကြိမ်းမောင်းအပြစ်တင်မယ် ထင်နေတာ၊ အခုတော့ အပြစ်မတင် မကြိမ်းမောင်းတဲ့အပြင် ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတော့ ၀မ်းမသာဘဲ ရှိပါ့မလား၊ ငါ ဦးကုန်းချသလောက်မှ မကြာပါလားပေါ့။ မယားဆီ အားရ၀မ်းသာပြေးလွှားရင်း-နင်တို့ဘုရားက သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာသင်မလုပ်နဲ့လို့ပဲ ပြောလိုက်တယ်။ ငါ့ကိုမဆူဘူး မကြိမ်းဘူး လို့ ခြံဝက အော်ဟစ်ပြောဆိုတယ်။

မိန်းမဖြစ်သူက သောတပန်ပီပီ သိလိုက်ရပြီ။ သူသိလိုက်တဲ့တရား အဓိပ္ပာယ်ကို အကောင်အထည်ဖော်ဖို့ မုဆိုးကြီးရဲ့ လေးနဲ့မြားကို အသင့်ကောက်တင်ပြီး သူ့ကိုပစ်ခတ်မယ်လို့ ရင်ဝဆီ ချိန်ရွယ်ထားပါလေရော။
ဒီအခါ မုဆိုးကြီးက...ဧကန္တ နောက်တစ်ယောက်နဲ့များ...တွေ့လေသလား ထင်မှားပြီး...ဇဝေဇ၀ါနဲ့ ရှေ့တိုး အလာ- ရှေ့မတိုးနဲ့ အရှင့်ကို သတ်ရလိမ့်မယ် လို့ မောကြောလှတဲ့အသံနဲ့ပြောပါတယ်။

ရှင်မပဲ ဘုရားဆီသွားတရားနာဆို...

ဟုတ်ပြီ၊ ဒီလေးနဲ့မြား အကြောင်း ရှင်ဘယ်လောက်ထိသိသလဲ..

ငါ့လက်နက်အကြောင်း၊ ငါကောင်းကောင်းသိတာပေါ့၊ ဒီအဆိပ်လူးမြားက သားကောင်တောင် ထွင်းဖောက်သွားစရာ မလိုဘဲ ထိရုံနဲ့ အဆိပ်သင့်သေစေနိုင်တယ်။

ဒါဖြင့် အဆိပ်လူးမြားနဲ့ အရှင့်ကို ပစ်ခတ်သတ်ဖြတ်မယ်ဆို အရှင်ကြိုက်သလား၊ မကြိုက်ဘူးလား..

ကိုယ်ချင်းမစာ ပြောရက်လေခြင်းကွာ၊ ငါသေရမှာ ငါဘယ်ကြိုက်ပါ့မလဲ

အဲဒါ ဘုရားပြောတဲ့ သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ မလုပ်နဲ့ဆိုတဲ့စကားပဲ...

ဟင်....ဟုတ်ပေသားပဲ

မယားစကား အဆုံးမှာပဲ မုဆိုးကြီး သောတာပန်တည်သွားလေတယ်။ စကားနောက်တရားပါတယ်ဆိုတာ အဲဒါပါပဲ။ အနာထပိဏ်စတဲ့ ဗုဒ္ဓ၀င်မှာ အထင်ကရ ပုဂ္ဂိုလ်များဟာ ဘုရား နဲ့တွေ့ပြီး ဘုရားရှင်ရဲ့တရားတော်ကို နားကြားပြီးခါမှ သောတာပန်တည်ကြပါတယ်။ ဒီ မုဆိုးကြီးကတော့ မိန်းမစကားနာကြားပြီး သောတာပန် တည်သွားတဲ့ ထူးခြားတဲ့ ဇာတ်ဆောင်ကြီးပေါ့။ မိန်းမတို့ရဲ့ ပြုပြင်နိုင် စွမ်းရည် ကလည်း အံ့ဖွယ်ပါပဲ။ ဗုဒ္ဓသာသာရဲ့ အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားကို ပိုင်ပိုင်နိုင်နိုင် ရစေချင်ခြင်းက ဒီဇာတ်ကြောင်း လေး ရဲ့ အဓိက ရည်ရွယ်ချက်ပါ။

ကိုယ်မကြိုက်တာ...
သူ့အသက်သတ်ခြင်း၊ ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ မပေးဘဲယူခြင်း၊ သူ့လင် သူ့မယား ကျူးလွန်စော်ကားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်သေရက် မူးယစ်ပစ္စည်းသုံးစွဲခြင်း။

ကိုယ်ကြိုက်တာ
သူ့အသက်မသတ်ခြင်း၊အသက်ကယ်ခြင်း၊ သူ့ဥစ္စာမခိုးဝှက်ခြင်း၊ ပေးကမ်းကူညီခြင်း၊ မလိမ်မညာအမှန်ကိုသာ ပြောဆိုခြင်း၊ သေရည်သေရက် မူးယစ်ဆေးရှောင်ကြဉ်ခြင်း။

ဒါကြောင့် ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတာ ငါးပါးသီလစောင့်ထိန်းပါလို့ ဆိုလိုရင်းဖြစ်ပါတယ်။ ငါးပါးသီလဆိုတာ ကမ္ဘာလောက သာယာငြိမ်းချမ်းဖို့ အခြေခံ စည်းမျဉ်း ဥပဒေလည်းဖြစ်ပါတယ်။ သို့အပြင် အပါယ်ဆင်းရဲက လွတ်မြောက်အောင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ဖြင့် ကျင့်ကြံပွားများ အားထုတ်ကြမှာဖြစ်ပါတယ်...

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers