သရဏဂုံ စွမ်းအားထုံ

0

 သရဏဂုံ စွမ်းအားထုံ

*တရားလုံးစုံ၊ အကုန်သိမြင်၊ ဘုရားရှင်ကို၊ ကြည်လင်လေးမြတ်၊ ရိုသေညွတ်၊ ဆည်းကပ်ပါ၏ ဘုရား။

*ဆင်းရဲကင်းပျောက်၊ ချမ်းသာရောက်အောင်၊ စွမ်းဆောင်တတ်ငြား၊ မြတ်တရားကို၊ လေးစားချစ်ခင်၊ ကြည်လင် လေးမြတ် ရိုသေညွတ်၊ ဆည်းကပ်ပါ၏ ဘုရား။

*ကောင်းစွာကျင့်ငြား၊ ရှစ်ပါးသံဃာ၊ အရိယာကို၊ကောင်းစွာလေးမြတ်၊ ရိုသေညွတ် ၊ဆည်းကပ်ပါ၏ ဘုရား။

သရဏဂုံ သုံးပါးဆိုတာ သာသနာနဲ့ တွေ့ကြုံတုန်းသာ သုံးခွင့်ရတဲ့ အထက်တန်းစား ပုဂ္ဂိုလ်များရဲ့ သီးခြားစွမ်းအင် ရတနာကောင်းဖြစ်ပါတယ်။သရဏဂုံဟာ မအားပေမယ့် ပစ္စည်းဥစ္စာ မရှိပေမယ့် သဒ္ဓါပညာရှိသူတိုင်း နေ့စဉ်ရယူနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။

ဘုရားလက်ထက်တော်က တိသရဏဂမနိယ ဆိုတဲ့အရှင်မြတ်တစ်ပါး ရှိတယ်။ သူဟာလွန်ခဲ့တဲ့ ၉၁ ကမ္ဘာအထက် အမျိုးသားတစ်ဦးဖြစ်စဉ် အရှင်နိသဘ အမည်ရှိတဲ့ အဂ္ဂသာဝကကြီးထံ သရဏဂုံ ဆောက်တည်ခဲ့တယ်။ အပါယ် ဒုဂ္ဂတိ ကြောက်လွန်းလို့ သဒ္ဓါပညာလဲ ထက်သန်တာမို့ သရဏဂုံ ရာသက်ပန်မြဲခဲ့တယ်။ အပါယ်ကို လုံးဝမရောက်ခဲ့တော့ဘူး။ သရဏဂုံစွမ်းအားကြောင့်ပေါ့။ သမာဓိအား ကောင်းကောင်း ဥာဏ်ထက်ထက် နဲ့အများလေးစားသူ တင့်တယ်လှပသူဖြစ်ခဲ့ ပြီး သုဂတိဘ၀ကောင်းမှာ အထက်တန်းက ချည်းပဲ ကျင်လည်ခဲ့ရတယ်တဲ့။ ယခု ဂေါတမမြတ်စွာဘုရား သာသနာမှာ ၇နှစ်သားအရွယ်ကလေးနဲ့ ရဟန္တာဖြစ်ခဲ့ရတယ်။

မြတ်စွာဘုရား သာသနာ့လမ်းစဉ်ဆိုတာ ကိုးကွယ်ရုံသက်သက်မဟုတ်ဘူး။ လက်တွေ့ကျင့်သုံးရတဲ့ လက်တွေ့လမ်းစဉ်ပါ။ ဇွတ်မှိတ်ပြီးတော့လဲ အယုံမခိုင်းပါဘူး၊ ပညာနဲ့လဲ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ် စီစစ်နိုင်ခွင့်ရှိပါတယ်။ သရဏဂုံဟာ သဒ္ဓါပညာရှိသူတိုင်း နေ့စဉ်ရယူနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။အဲလို ရတနာသုံးပါးရဲ့ အားကိုးလောက်တဲ့ ဂုဏ်စွမ်းရည်တွေကို အာရုံယူပြီး ကိုးကွယ်ဆည်းကပ်ကြမှာဖြစ်ပါတယ်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အခက်ကြုံနေတဲ့ ကြံတောနတ်

0

ရှေးအခါတုန်းက ရှင်သာရိပုတ္တရာ အရှင်မြတ် ခရီးစဉ် ကြွတဲ့အခါက ကြံတောကြီးကို အစိုးရတဲ့ နတ်က ဒီလိုလျောက်သတဲ့။ သူဟာသည်ကြံတောကြီးကို အစိုးရတဲ့ နတ်ဖြစ်ပါတယ်။  သည်ကြံတောကြီး အစိုရပေမဲ့ ငါ့ကြံတော ငါပိုင်တာပဲ ဆိုပြီး သုံးဖို့ စွဲဖို့ ယူဖို့ ၀င်လာတဲ့အခါမှာ မ၀င်နိုင်ဘူးတဲ့။ သူဝင်လာတယ်ဆိုရင် ပဲ ကြံရွက်၊ ကြံလက်တွေ ဆီးပြီး အတင်း ထိုးခုတ်ကြသတဲ့။ အဲသည်တော့ သည်နတ်ဟာ အထဲကို မ၀င်နိုင်ဘူး ပေါ့။ သူ့ကြံတော တော့ကြံတောပဲ ဒါပေမဲ့ ရှေးက ကုသိုလ်ကြောင့် ယူလို့တော့မရဘူးတဲ့။

အရှင်မြတ်ကြွလာတော့မှ  ဘုရားတပည့်တော် သည်ကြံတောမှ ကြံများယူမရတဲ့အကြောင်း အသုံးပြုမရနိုင်တဲ့ အကြောင်း အတင်းထိုးခုတ်ကြတဲ့ အကြောင်း လျောက်တဲ့အခါ အရှင်မြတ်က အခုလိုဖြစ်ရတာဟာ ရှေးဘ၀က  သေသေချာချာ သဒ္ဓါတရားနဲ့ကုသိုလ်ကို မပြုခဲ့လို့ဖြစ်တာလို့ မိန့်တော်မူပါတယ်။

ဘယ်လိုလဲ ဆိုရင် သူကကြံစည်းကြီးကို ထမ်းလာတဲ့အခါမှာ သူငယ်တွေက မြင်တော့ ၀ိုင်းပြီး တောင်းကြတာ ။ သူက မပေးချင်ဘူးတဲ့ မပေးချင်တော့ ဘယ်နှယ့်လုပ်သလဲဆိုရင်  ကြံစည်းကြီးကို မပေးရအောင် အတင်းပြေးတာပေါ့။ အဲဒီလို နဲ့ ကလေးတွေက နောက်က လိုက်တယ် ကြံတပိုင်းပေးပါ ခင်ဗျာ၊ ကြံတပိုင်းပေးပါခင်ဗျာနဲ့ ကလေးတွေက နောက်က လိုက် သူက ရှေ့က ထမ်းပြေးနဲ့ ပေါ။ ကလေးတွေက တောင်းလေ သူက ပြေးလေပဲတဲ့။ နောက်ကျတော့ ပြေးရင်းပြေးရင်းနဲ့ လွတ်အောင်လည်း မပြေးနိုင်းဘူးတဲ့။ အဲတော့ မှ နောက်ပြန်ထိုးပစ်ပြီး ပေးခဲ့တာတဲ့။ တသက်လုံး ဒီကုသိုလ်အပြင် ဘာကုသိုလ်မှလည်း မလုပ်ခဲ့ဘူး တဲ့။ ကလေးတွေ တောင်းတော့မှ မတတ်သာတော့မှ မပေးချင်ပဲ ပေးခဲ့တာ ၊ နောက်ဆုံး ရှောင်မရလို့ ပေးတော့လည်း ကြံစည်းကြီးကို စိတ်တိုတိုနဲ့ နောက်ပြန် ပစ်ပေးခဲ့တာပါ။

ဒါကြောင့် အခုလို လာဖြစ်တာပါတဲ့။  သူက အဲဒီလို အရှင်မြတ်ကို မေးလျောက်တော့မှ အရှင်မြတ်က ဒီလို ထပ်မံမိန့်တော်မူပါတယ်။  အသင့်အား ကြံရွက်တွေက မထိုးခုတ်စေချင်ရင် နောက်ပြန်ဝင်လို့ မိန့်တော်မူသတဲ့။ အဲသည်လို ၀င်တော့မှ ကြံရွက်တွေက ဘာမှ မလုပ်တော့ဘူးတဲ့။ သည်တော့မှ သူလိုချင်တာ ယူလိုရသတဲ့။ အဲသည်လို ယူလို့ရတဲ့ ကြံတွေကို အရှင်မြတ်အား  သေသေချာချာ ဆက်ကပ်လှူဒါန်း လိုက်တော့မှ အခုနလို နောက်ပြန်မဟုတ်တော့ဘဲ ရှေ့တည်တည့်က ၀င်လို့ ရသွားသတဲ့။

ဒီ ဇာတ်လမ်းလေး ဖတ်ပြီး ဟာသရသ က မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာတာပဲနော်။ ကုသိုလ်…စေတနာကံလေးက မပေးချင်ပဲ ပေးခဲ့တာတောင် အကျိုးပေးတယ်နော်။  လိုလိုချင်ချင် ရက်ရက်ရောရော ပေးကမ်းလှူဒါန်း ခဲ့ရင်တော့ ဘယ်လောက်အကျိုးပေးမလဲ မသိဘူ်း။ နေ့စဉ်ပြုသမျှ တွေထဲမှာ စေတနာဖြင့် ပြုသောအလုပ်၊ စေတနာဖြင့် ပေးသောအလုပ် အားလုံးကို သတိလေးနဲ့ ပြုကြရမှာ ဖြစ်ပါတယ်။ တချက်လေးတိမ်းစောင်းသွား ရင်တော့ ဖြင့်…..

ညခင်း
ညခင်း တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ပေါ့ပေါ့တန်တန်..လုပ်မိသောအခါ...

0

ဘုရားလက်ထက်တော်တုန်းက ရဟန်းတစ်ပါးက ဒီကနေ့ တပည့်တော်ရဲ့ နောက်ကြောင်းပြန်တရား ဟောမယ် ဘုရား…ကြွတော်မူကြပါ။ ဒီလိုဖိတ်တယ်…ဘုရှားရှင်ကိုယ်တော်မြတ်ကြီး သတင်းသုံးတော်မူတဲ့ ကျောင်းတိုက်ကြီးတွေမှာ တရားဓမ္မာရုံးကြီးတွေဆိုတာရှိတယ်… တခါတခါမှာ အဲဒီလိုပဲ ကိုယ်နောက်ကြောင်းလေးတွေပြန်ပြန်ဟောမယ်ဘုရား ဆိုတဲ့အခါမှာ ဘေးက ကိုယ်တော်တွေက ၀ိုင်းအုံးလိုလာကြတယ်…နာကြတယ်…သူတို့တွေက တရားအားထုတ်လို့ လေးမဂ်လေးဖိုလ်ရ အဘိဥာဉ်တန်းခိုးတွေပါရတော့ ကိုယ်နောက်ကြောင်းတွေ ပြန်မြင်ကြသတဲ့ ….

ဒီကနေ့ပဲလည်း ဒီကိုယ်တော်က ကြေညာနေပြီး…တပည့်တော်ရဲ့ နောက်ကြောင်းကိုပြန်ပြောင်း ဟောမယ်…ကြွတော်မူကြပါ ဆိုတော့ အသီးသီး ဓမ္မာရုံထဲ ၀င်လာကြတာ ကိုယ်တော်တွေ မနည်းဘူးတဲ့…တရားဟော့မဲ့ကိုယ်တော်က မခေပါဘူးတဲ့ အသိတိ သာဝက၀င်ပဲ အသိတိဆိုတာ ၈၀ လို့ အဓိပ္ပါယ်ရတယ်…ဘုရားကိုယ်တော်မြတ်ကြီးရဲ့ လက်ဝဲတော်က ၄၀ လက်ရာတော်က ၄၀ တစ်ခါတလေ အပြည့်အစုံ သတင်းစုံပြီဆိုရင်…အဲသလိုပဲ…မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး လက်ယာတော်ဲဘက်က ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးအမှုပြုပြီး တန်းလိုက်တာအပါး၄၀ လက်ဝဲဘက်က ရှင်မောဂလာန် ကိုယ်တော်မြတ်ကြီး အမှုးပြုပြီး စဉ်တန်းလိုက်တာ အပါး ၄၀ ဟိုဘက်၄၀ ဒီဘက် ၄၀ တန်းလိုက်တာ အသီတိ ၈၀ ရှိတဲ့သတဲ့။

အခုဒီကိုယ်တော်က အသိတိ အပါး၈၀ ထဲပါဝင်တဲ့ ကိုယ်တော်ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရဲ့ အပါး ၈၀ရှိတဲ့အနက် ၃၉ ပါးမြောက်ပေါ့။ မောဂါရာဇ ရဟန်း လိုအမည်တွင်ပါတယ်။ သူဘာလုပ်တတ်လည်းဆိုရင် သင်္ကန်းကို ဟောင်းဟောင်းနွမ်းနွမ်းဝတ်တတ်တာတဲ့။ သင်္ကန်းတို့ဘာတို့ အသစ်ရရင် သူမ၀တ်ဘူး သူက အဟောင်းပဲ ၀တ်သတဲ့ အသစ်ဆိုရင် သူရတဲ့ ဥစ္စာ သူများကို ပေးသတဲ့။ အရှင်ဘုရား အဟောင်းအနွမ်းလေးများရှိရင် ပေးပါ။ စွန့်ပါ လို့ ပြောသတဲ့။ ဒီကိုယ်တော်က အကုန်လုံး ဟောင်းဟောင်းနွမ်းနွမ်းစုတ်စုတ်ပြတ်ပြတ်တွေကြီး ၀တ်တတ်တယ်၊ နေတတ်တယ်၊ ထိုင်တတ်တယ်တဲ့။ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူ့ကို ဧတဒ် ဘွဲ့ထူးတောင်ပေးသတဲ့ ငါဘုရား သာသနာတွင်းမှာ သင်္ကန်းကို စုတ်စုတ်ပြတ်ပြတ်ဝတ်တတ်တဲ့နေရာမှာ သူကအသာဆုံးတဲ့။ အဲဒီလိုဘွဲ့ပေးသတဲ့။ သူ့မှာ အသစ်တွေရှိရင် မ၀တ်တတ်ဘူး၊ သူများပေးအသစ်တွေပေးပြီး သူများ အဟောင်းတွေတောင်းတာတဲ့နော်။

တရားဟောမယ် ဆိုပြီး ကိုယ်တော်တွေစုံတာနဲ့ တရားပွဲစပါတယ်။တပည့်တော်က ဟိုးလွန်လေပြီးသော အတိတ်ကာလတုန်းက တပည့်တော် သူဆင်းရဲကလေးပါဘုရား ဟို အတိတ်ကာလ ကဿပဘုရားရှင်လက်ထက်က သူဆင်းရဲလေးပါဘုရား။ ဆင်းရဲတဲ့သူတစ်ယောက်ပါ ဆင်းရဲတော့ ဇရပ်မှာ နေရတယ်ဘုရား။ အဲဒီဇရပ်မှာပဲ နေထိုင်ပြီး ချက်ပြုတ် စားသောက် ဒီလိုနေလာခဲ့တာတဲ့။ အဲဒီလိုနဲ့ စားသောက်နေလာခဲ့တာကြာတော့ ဇရပ်ဟာ ညစ်နွမ်းသွားတာပေါ့။ ချက်ပြုတ်စားတဲ့ ဆီအိုးတွေဘာတွေနဲ့ ဆိုတော့ မှိုင်းတွေတက်ပြီး ဇရပ်ကြီးတစ်ခုလုံး ညစ်ထေးထေးကြီးဖြစ်နေတယ်တဲ့။ အဲဒါနဲ့ ဒါကြီးလည်း မကောင်းတော့ပါဘူး ဒီဥစ္စာကြီး မီးရှို့ပစ်လိုက်မယ် တတ်နိုင်တဲ့သူက အသစ်ဆောက်လိမ့်မယ်ပေါ့။ သူ့စိတ်ကူးနဲ့ အဲဒီ ဇရပ်ကိုမီးရှို့ ပစ်လိုက်တယ်တဲ့။

 သူ့ပါသူနေ အကောင်းသားနဲ့နော်။ အဲဒီ ဟာက ဒုက္ခများသွားတာ သံဃိက ဇရပ်လည်းဆိုတော့ အပြစ်ကြီးတာကိုး။ အဲဒီ အပြစ်ကြောင့်တဲ့ အဲဒီဘ၀က သေတော့ ဒီပုဂ္ဂိုလ် အ၀ီစိကျရတယ်…နစ်နာလိုက်တာနော်။ ဆင်းရဲတဲ့ အထဲ အသိဥာဏ်က မွဲ အသိဥာဏ်က မွဲတော့ ထင်ရာလျောက်လုပ်မိတာ.။အခု ဒုက္ခတွေများကုန်ပြီ အ၀ီစိကျသတဲ့။အ၀ီစိမှာ ဒုက္ခတွေခံရပြီး အဲဒီကလွတ်တော့ အပါယ်လေးဘုံရောက်ပါတယ်။ ပြိတ္တာဘ၀ရောက်ပြီး အငတ်ငတ်အပြတ်ပြတ်တွေနဲ့ ပြိတ္တာဘ၀မှာလည်း ဘ၀ပေါင်း ၅၀၀။ အဲဒီဘ၀က လွတ်ပြန်တော့ လူ့ဘ၀တော့ ရောက်ပါရဲ့။ ခြေလက်အင်္ဂါ မစုံတဲ့ ဘ၀တွင် ဖြစ်ရပြန်သတဲ့။ လူဘ၀တွင်လည်း ကိုယ်လက်အင်္ဂါမစုံတဲ့ ဘ၀ ၅၀၀တဲ့။ နစ်နာလိုက်တာနော်။ လုပ်တုန်းကတော့ တစ်ကြိမ်တစ်ခါ ခံရတော့ အကြိမ် ၁၀၀ မကဘူးနော်။


မိမိတို့ကျူးလွန်ထားသော မကောင်းမှုအကုသိုလ် အညစ်အကျေးများသည် တစ်နေ့တွင် ဧကန်မုချဆိုက်ရောက်လာမည်။ကောင်းကင်မှာပြေးပုန်းသော်လည်းမလွတ်၊ မြေအောက်လှိုဏ်ခေါင်း တွင်ဝင်ပုန်းလည်းလွတ်လမ်းမရှိ၊ ရေထဲသို့ပြေးဝင်လဲ လွတ်စရာအကြောင်းမရှိ၊ တောင်ကုန်းပေါ်ပြေးတက်လည်း လွတ်ရိုးထုံးစံမရှိပေ။ ကိုယ်ပြုတဲ့ ကံ ကိုယ်ထံပြန် ခံစံကြရမည် လို့ ဒါကြောင့်လည်း ဆိုခဲ့ကြတာနော်။ ဘ၀ဘ၀ပေါင်းများစွာက ပီးခဲ့တာတွေတော့ မသိနိုင်တော့ဘူးပေါ့ ရှေ့ဆက်ရမဲ့ ခရီးလမ်းတွေမှာတော့  မသိလို့မှားတာတွေ သိသိချည်းနဲ့ မှားတာတွေ မရှိအောင် အသိဥာဏ်ဦးစီးပြီး နေထိုင်ကြရမှာ ဖြစ်ကြောင်း ဒီဇာတ်လမ်းလေးက သက်သေပြုနေပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အကောင်းတွေ့လျှင် သတိရသော မိတ်ဆွေ

0

 စားကောင်းသောက်ဖွယ်များကို စားရသောအခါ မိမိချစ်ခင်နှစ်သက် သောသူကို သတိရကြသည်ဟု လောကနီတိကျမ်းတွင် ဆိုထားသည်။ ထို့အတူ မိမိ ၀တ်ကောင်းအစားကောင်း၊ အသုံးအဆောင်ကောင်းများကို ရရှိ သုံးစွဲရသောအခါ မိမိဘဘောကျ နှစ်သက်သူများကို သတိရပြီး ပေးချင်ကမ်းချင်ကြလေသည်။ ထိုသို့ သတိရပြီး ပေးချင် ကမ်းချင် စားစေချင် ၀တ်ဝေချင်သော စိတ်စေတနာမျိုးသည် မိဘနှင့်သားသမီး မောင်နှင့်နှမ ဆရာနှင့်တပည့် များတွင် ဖြစ်ပေါ် လေ့ရှိတတ်ကြပါတယ်။

သွေးမတော် သားမစပ် သူစိမ်းတစ်ရံများဖြစ်ကြသော မိတ်ဆွေသူငယ်ချင်းနှစ်ဦး ကြားတွင် ပေးချင်ကမ်းချင် အကျိုးဆောင်ချင်သော စေတနာမျိုးပေါ်ထွန်း တတ်ကြပေမဲ့  ဖြစ်ပေါ်ရန်ခဲယဉ်း လှသည်။ သို့သော်လောကတွင် တွေ့နိုင်ခဲလှသော မိတ်ဆွေစစ်များလည်း ကံကောင်းထောက်မစွာ တွေ့ဆုံနိုင် ကြပါသည်။ 

တစ်ခါသော် နောင်တွင် တရားစစ်သူကြီး လက်ျာရံ အဂ္ဂသာဝက ဖြစ်လာမည့် ဥပတိဿသတို့သား သည် တရားရှာရင်း ရှင်အဿဇိမထရ်မြတ်နှင့် တွေ့၍ ယေဓမ္မာ အစချီဂါထာတစ်ပုဒ်ကို နာကြားရသည်။ ထိုဂါထာတွင် အပိုဒ် ၄ပိုဒ်ရှိရာ အစနှစ်ပိုဒ် နာကြားရရုံမျှ နှင့် သောတာပတ္တိမဂ်ကိုရလေသည်။ နောက်နှစ်ပိုဒ် ကို ဆက်နာရသော် သကဒါဂါမ်ဘ၀သို့ ရောက်ရန် အကြောင်းရှိနေသော်လည်း အစနှစ်ပိုဒ်ကို နာပြီးနောက် အရှင် အဿဇိမထေရ်အား နောက်နှစ်ပိုဒ်ကို မဟောပါနှင့်ဦး၊ နောက်မှ ဆက်၍နာပါအံ့ဟု လျောက်ထားကာ ထွက်ခွာသွားလေသည်။

ဤသို့ ဂါထာတစ်ဝက်ကို နာယူပြီး ထွက်သွားသည်မှာ အခြားကြောင့် မဟုတ် သူနာရသော တရားနှစ်ပိုဒ်သည် အလွန်တရာ လေးနက်ကောင်း မွန်ပြီး အနှစ်သာရနှင့် ပြည့်စုံရကာ ထိုတရားကို သူချည်းသာမက သူငယ်ချင်းဖြစ်သူ ကောလိတကို နာစေချင်သော စေတနာသည် ပြင်းပြလွန်ကဲစွာ ဖြစ်ပေါ်လာသောကြောင့်ဖြစ်ပေသည်။

ဥပတိဿသည် သူနာကြားရသော တရားကို သူငယ်ချင်း ကောလိတအား တစ်ဆင့်ပြောဟောလိုသည်ဖြစ်၍ ကောလိတအား မတွေ့တွေ့အောင် အပင်ပန်းခံကာ လှည့်လည် ရှာဖွေလေသည်။ မကြာမီပင် ကောလိတကိုတွေ့၍ သူနာခဲ့ရသော တ၇ားကို တစ်ဆင့် ပြန်လည်ဟောပြရာ ကောလိတလည်း ထိုနေရာ၌ပင် သောတပန် ဖြစ်သွားလေတော့သည်။

ဥပတိဿသည် အကောင်းကို တွေ့ရှိခံစားရလျှင် သူငယ်ချင်းထံ ပေးကမ်းချီးမြှင့်တတ်သူ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ရှင်အဿဇိထံ မှ ကြားနာရသော တရားကောင်းတစ်ပုဒ်ကို သူ့မိတ်ဆွေ ကောလိတထံ ကြားကြားချင်း မဆိုင်းမတွ သွားရောက်ကာ အကြောင်းကြားပြောပြခဲ့လေသည်။ သူ့ကို မှီ၍ ကောလိတသည် မြင့်မြတ်သော သောတပန်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။ 

မိတ်ဆွေအပေါင်းအသင်း အဖြစ် မူလက ပေါင်းသင်းဆက်ဆံစဉ်က ငါ့အကျိုးပြုနိုင်ပါစေဟု ရည်ရွယ် မထားသော်လည်း အရေးတစ်စုံတရာ ရှိလာသောအခါ မိတ်ရင်းဆွေရင်း တို့၏ အကူအညီ ပံ့ပိုးမှုသည် လွန်စွာ တန်ဖိုးရှိလှသည်။ ထို့ကြောင့် အရေးတစ်စုံတစ်ရာ ရှိသောအခါ ကူဖော်လောင်ဖက် ရသော မိတ်ဆွေမှသာ လျှင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် ဖြစ်သည်ဟု ပညာ၇ှိအဆက်ဆက်က အဆိုပြုခဲ့ခြင်း ပင်ဖြစ်ပေတော့သည်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဝေဠုဒွါရေယျသုတ်

0

ဝေဠုဒွါရေယျသုတ်
အခါတစ်ပါး ၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ ဝေဠုဒွါရ ပုဏ္ဍားတို့ရွာသို့ ရောက်တော်မူပါတယ်။ ထိုအခါ ရွာသူရွာသားတွေက မြတ်စွာဘုရားရှိရာသို့ လှူဖွယ် ပစ္စည်းများ ဖြင့် လာရောက်ဖူးမျှော် ကြပါတယ်။ ထိုသို့ လူအများ လာရောက်ကြသော ပရိသတ်ထဲမှာ ထိုရွာ၏ အကြီးအကဲ ပုဏ္ဍားကြီးလည်း ပါဝင်ပြီး မြတ်စွာဘုရားအား မေးလျှောက်ပါတယ်။

မြတ်စွာဘုရား တပည့်တော်တို့ အိမ်ရာတည်ထောင် နေကြသူများသည် အရှင်ဘုရားတို့လို  ဆွမ်းခံစားတာမဟုတ်တော့ ရွှေငွေလည်းမစွန့်နိုင်၊ သားမယားလည်း မစွန့်နိုင်၊ အ၀တ်ကောင်း အစားကောင်းလည်း ၀တ်ချင်စားချင် မစွန့်နိုင်၊ ပန်းလည်းပန်လိုပါသည် သနပ်ခါးလည်းလိမ်းလိုပါသည်။ ပွဲလည်းကြည့်လိုပါသည်။ တောတောင်လည်း မထွက်နိုင်၊ သေတဲ့အခါ အပယ်လေးပါးသို့လည်း မကျလိုပါ၊ နတ်ပြည်သို့ေ၇ာက်လိုပါသည်။  သို့အတွက် မြတ်စွာဘုရားက တပည့်တော်တို့အား တောလည်းမထွက်ရ၊ သားမယား ကိုလည်းမစွန့် အ၀တ်အကောင်းအစားကောင်းစားကာ ပန်းကိုပန်ကာ သနပ်ခါးလိမ်းလျက် ပွဲကြည့်မပျက် အပါယ်လေးပါးသို့ မကျစေဘဲ နတ်ပြည်သို့ ရောက်တဲ့တရားကို ဟောတော်မူပါဘုရားလို့ လျောက်ထားပါတယ်..။ပုဏ္ဍားကြီး မေးလျောက်ချက်က အိမ်ရာတည်ထောင်နေသူတွေနဲ့ အင်မတန် သင့်တော်တဲ့ တရားတောင်းပဲနော်။

ဒီတရားကို တောင်းလေတော့ မြတ်စွာဘုရားက ဘယ်လိုမိန့်တော်မူသလဲဆိုတော့...ပုဏ္ဍားကြီးတောင်းတဲ့ အတိုင်းဖြစ်ပါစေမယ်။ ရွှေငွေလည်းမစွန့်ရပါဘူး၊ တောလည်းမထွက်ရ၊ အ၀တ်ကောင်းစားလှလည်းမစွန့်သနပ်ခါးလည်း လိမ်းကာ ပွဲလည်းအကြည့်မပျက်စေပဲ သေတဲ့အခါ အပါယ်လေးပါး ကို မရောက်စေရပါဘူး၊ နတ်ပြည်ကိုေ၇ာက်ရပါစေမယ်။ သို့သော် ငါဘုရားပြောတဲ့ အတိုင်း လိုက်နာကျင့်ကြံရပါ့မယ် လို့ မိန့်တော်မူပါတယ်။

ဒီတော့ မြတ်စွာဘုရားရဲ့ အကျင့်လမ်းစဉ်က...
(၁) ငါ့ကိုသတ်လျှင် ငါမခံချင်သလို သူများကို ငါက သတ်လျှင်လည်း သူများက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးအား သတ်ဖြတ်ခြင်းမှ ရှောင်ကြည့်ပါ အံ့ဟု ကျင့်ရမယ်။

(၂) ငါ့ဥစ္စာကိုခိုးလျှင် ငါမခံချင်သလို၊ သူတစ်ပါးဥစ္စာကို ငါကခိုးလျှင်လည်း သူတစ်ပါးက ဘယ်ခံချင်ပါမလဲ။ သို့အတွက် ငါသည် သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်။

(၃) ငါ့သားမယားကို သူတစ်ပါးက မှားယွင်းလျှင် ငါမခံချင်သလို သူတစ်ပါးသားမယားကို ငါမှားယွင်းလျှင် သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးသားမယားကို မှားယွင်းခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်။

(၄) ငါကို သူတစ်ပါးက လိမ်ပြောလျှင် မကြိုက်သလို သူတစ်ပါးကို လိမ်လျှင်လည်း သူတစ်ပါးက ဘယ်ကြိုက်ပါ့မလဲ၊ သို့အတွက် ငါသည် မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်ပါတော့အဲ့ ဟု ကျင့်ရမယ်။

(၅) ငါသည် သူတစ်ပါးသောက်စားမူးယစ်တာကို မြင်လျှင် မကြည်ညိုသလို၊ ငါသောက်စားမူးယစ်လျှင်လည်း သူတစ်ပါးက ဘယ်ကြည်ညိုပါ့မလဲ။ သို့အတွက် ငါသည် သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ပါတော့ အံ့ဟု ကျင့်ရမယ်။ဟု ဟောကြားတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားဟောကြားခဲ့တရားကတော့ ငါးပါးသီလ ကို မြဲမြံအောင် စောင့်ထိန်း ကျင့်ကြံမှု ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။

ညခင်း
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဒီလိုလေးလည်းရှိတယ်နော်....

0


ဂေါတမမြတ်စွာဘုရား မပွင့်မီ ပဏ္ဌတိုင်း၊ ဧရကစ္ဆမြို့ ၌ ဓနပါလမည်သော သူဌေးတစ်ဦးရှိခဲ့ပါတယ်။ ငွေအသပြာ လှည်းအစီး ၈၀ တိုက်မျှရှိ၍ ရွှေစင်ပုလဲကျောက်မျက်ရတနာများ မရေမတွက်နိုင်အောင် များပြားချမ်းသာပါတယ်။ သို့ရာတွင် သူဌေးကြီးသည် လွန်စွာမှ ကပ်စေးနဲတွန့်တိုတတ်ပါတယ်။  ဣဿာမစ္ဆရိယတရားကြောင့် ကိုယ်တိုင် မလှူဒါန်းသည့်အပြင် သူတစ်ပါး လှူဒါန်းထားသော ရေတွင်း၊ ရေကန်၊ ရေအိုးစင်နှင့် ခင်းထားသော လမ်းတံတားတို့ကိုပင် ကိုယ်တိုင်လည်းဖျက်ဆီး သူတစ်ပါးကိုလည်း ဖျက်ဆီးခိုင်းခဲ့ပါတယ်။

ထိုသူဌေးကြီး သေလွန်ပြီးတဲ့နောက် ပြိတ္တာဘ၀ ရောက်ရှိသွားရာ ၅၅နှစ်တာကြာသည်အထိ လုံးဝရေမသောက်ရ၊ အစာမစားခဲ့ရပါ။

သာဝတ္ထိပြည်သား ကုန်သည် ၅၀၀ တို့သည် ခရီးသွားရင်း မြစ်ချောင်း တစ်ခုဘေး၌ စခန်းချနေစဉ် ဓနပါလသူဌေးတစ်ဖြစ်လဲ ပြိတ္တာကြီး၏ ရေငတ်၊ အစာငတ်သဖြင့် ညည်းညူသံကို ကြားကြရသည်။ ကုန်သည်များမှ ပြိတ္တာကြီးကို သွားရောက်မေးမြန်းသည့်အခါ အစာမစား၊ ရေမသောက်ရပါသဖြင့် ဒုက္ခခံစားနေရကြောင်းနှင့် သူဌေးဘ၀က ပိတ်ပင်တားဆီးခဲ့သည်များကို ပြောပြပြီး သူကဲ့သို့မဖြစ်စေရန် တရားချခဲ့ပါတယ်။

လှည်းသား၅၀၀ တို့လည်း တစ်နေကုန်ရေခပ်၍ ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ ရေများလောင်းထည့်ကြပါတယ်။ သို့သော် ပြိတ္တာကြီး၏ ပါးစပ်မှာ အပ်နဖားပေါက်မျှသာရှိသဖြင့် ပါးစပ်အတွင်းသို့ ရေလောင်း ထည့်သော်လည်း ရေမရောက်ဘဲ အာခေါင်စွတ်ရုံသာရှိသည်ဟု ဆိုပါတယ်။ ပြိတ္တာကြီးက အသနားခံသည်မှာ သူကိုယ်တိုင်ပြိတ္တာဖြစ်နေ၍ မလှူဒါန်းနိုင်သောကြောင့် သူ့ကိုယ်စား ဘုရား၊ ရဟန္တာ ၊ လူပုဂ္ဂိုလ်တို့အား လှူဒါန်းပေးကမ်ဲးပီး အမျှအတန်းပေးဝေပေးပါရန် မေတ္တာရပ်ခံခဲ့သဖြင့် လှည်းသားတို့က ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေသော မြတ်စွာဘုရားအား လှူဖွယ် ၀တ္တုများလှူဒါန်းပြီး ကောင်းမှုအတွက် အမျှအတန်းပေးဝေစေသည့်အခါမှ ပြိတ္တာကြီးမှာ အစားရေစာများ ပြန်လည် မှီဝဲသုံးစွဲရကြောင်း သိရှိရပါတယ်။ ထိုအချိန်အခါမှစ၍ အလှူအတန်းပြုလုပ်သည့်အခါတွင် အမျှအတန်းပေးဝေသည့် အလေ့အထလည်းဖြစ်ပေါ်လာကြောင်းမှတ်သား သိရှိရပါသည်။

ဒီသာဓကလေးကိုကြည့်မည်ဆိုပါက ဣဿာမစ္ဆရိယ မနာလိုဝန်တိုမှု အကုသိုလ်အကြောင်းတရားများကြောင့် ဒုက္ခအဖုံဖုံတွေ့ကြုံခံစားရပုံကို လည်းကောင်း ပိတ်ဆို့တာများလာပ့ါက နောင်သံသရာတွင် ကိုယ်တိုင် ပြိတ္တာဖြစ်တတ်သည်ကိုလည်းကောင်း ထင်းရှားစွာတွေ့ရပါတယ်။ထို့ကြောင့် ဣဿာမစ္ဆရိယတရားများကို မိမိတို့စိတ်ဝယ် နည်းပါးပျောက်ကွယ်အောင် ကြိုးစားရပါမည်။ ဒီတရားကြောင့်ပိတ်ပင်တားဆီးသည့် မကောင်းမှုများ ပြုလုပ်ခဲ့မိလျှင် သံသရာ၏ တစ်ကွေ့ကွေ့၊ တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် ဤမကောင်းမှုအတွက် တန်ရာတန်ကြေးပြန်လည် ပေးဆပ်ကြရမည် မှာ မုချမသွေပဲဖြစ်ပါတယ်။ သံသရာအတွင်းလည်ပတ်နေကြရသည့် ပုထုဇဉ်လူသားများသည် မကောင်းမှုကိလေသာ များဖြင့် ကင်းကွာ၍မရနိုင်သောကြောင့် မကောင်းမှုရော ကောင်းမှုရော ပြုလုပ်နေမိကြမည်ဖြစ်ပါတယ်။ သို့သော်အချိန်မနှောင်းသေးပါ။ အသိတရား၊ သတိတရား၊ သဒ္ဓါတရား များလက်ကိုင်ထားပြီး ဒါန၊ သီလ၊ သမထ၊ ဘာဝနာတရားများကို အားထုတ်ကျင့်ကြံ ပြီး တစ်ဘ၀ထက် တစ်ဘ၀ ပါရမီရင့်သန်လာအောင် ကြိုးစားအားထုတ်ကြဖို့ရန်သာလိုပါသည်။ ကြိုးစားအားထုတ်ကြပါစို့ဟုလည်း ရေးသား တိုက်တွန်း လိုက်ရပါတယ်....

ညခင်း 
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ရတနာ့ ကျေးဇူးအထူးသိတတ်စေ။

0


မြတ်စွာဘုရားလက်ထက်တွင်-
တိတ္ထိတို့မှ ဗုဒ္ဓအရှင်ဟာ သတ္တ၀ါတွေအားလုံးပေါ်မှာ မေတ္တာတားတယ်သာ ပြောတာပါ။ တကယ်တမ်း ဦးစားပေးတရားဟောကြား ပြသတာကျတော့ တပည့်သာဝက တွေနဲ့ ဥပါသကာ၊ ဥပါသိကာမတို့ ကိုပဲ ဦးစားပေးဟောတာပဲ။ ဟု စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်....ဒီလိုစွပ်စွဲချက်ကို ဘုရားရှင်က အားလုံး သဘောပေါက် နားလည်ကြစေရန် ဒီလို ဥပမာပေးဟောကြားခဲ့ပါတယ်...

မိုးရွာတဲ့အခါမှာ စဥ့်အိုးအကွဲ အပဲ့တွေ နဲ့ ခံနေလျှင် ရေများများရနိုင်မည်မဟုတ်၊ စဥ့်အိုးအကောင်းနဲ့ ခံမှသာလျှင် ရေကိုလုံလောက်အောင် များများရနိုင်မည်ဖြစ်ကြောင်း နှင့် ....ငါဘုရား၏ တပည့်သာဝက များသည် စဥ့်အိုးအကောင်းနှင့်တူကြောင်း၊ ငါ့ဘုရား၏ တရားတော်များ အပေါ် သက်ဝင်ယုံကြည် ကိုးကွယ် ဆည်းကပ်သူ ဥပါသကာ၊ ဥပါသိကာမတို့သည် စဥ့်အိုးအပဲ့ နှင့်တူ သဖြင့် အပြည့်အ၀ မရနိုင်တောင်မှ ရသင့် ရထိုက်သလောက် ရမှာဖြစ်ကြောင်း...

တိတ္ထိတို့အနေနှင့် မည်မျှပင် ဟောကြားပြသနေသော်လည်း စဥ့်အိုးအကွဲ နှင့် ရေခံရသလို တစ်စက်မျှရမှာမဟုတ်ကြောင်း၊ ထို့ကြောင့် ငါဘုရား၏ သာသနာတော်ကိုး ဆက်လက်ထိန်းသိမ်း စောင့်ရှောက် သွားနိုင်ကြမည့်သူများကိုသာ ဦးစားပေး ဟောကြောင်း၊ ဥပမာပြ ဟောကြားခဲ့ပေသည်။

မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး ညိုးမှိန်ပျောက်ကွယ်မသွားစေရန် နှင့် အမြဲ ရှင်သန်နေစေရန်အတွက် သာသနာ့ဝန်ဆောင် ဆရာတော် သံဃာတော်များ ထိန်းသိမ်းစောင့်ရှောက်နေကြသည်မှာ လွန်စွာ ကျေးဇူးတင်စရာကောင်းလှပါတယ်။

အကယ်၍သာ မြတ်ဗုဒ္ဓါ သည် လူ့ရွာထင်ရှား ၊ မပွင့်ငြားက၊ ဤကား ကုသိုလ်၊ အကုသိုလ်နှင့် ထို ထို ဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ။
ယခုခါသော်၊ မြတ်ဇိနော်သည်၊ ပွင့်ပေါ်ထင်ရှား၊ ဟောညွန်ကြား၍၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။
ကျေးဇူးတော်ရင်၊ ဘုရားရှင်၏ များဖြင့် ဒေသနာ၊ အဖြာဖြာကို များစွာ ဗိုလ်လူ၊ သိစိမ့်ဟူ၍ ဆူဆူ ကျမ်းစာ ၊ ဘာသာဋီကာနှင့် စာဝါ အမျိုးမျိုး ကမ္မည်းထိုးခဲ့၊ နောင်အကျိုးကိုမျှော်၊ တို့ဆရာတော်၏ ဂုဏ်တော်ကျေးဇူး၊ အထူးထူးကို ညွတ်နှုးရည်လျက်၊ တို့ဆောင်ရွက်သည် စဉ်ဆက် သာသနာတည်စေသော်- 

ဟူ ၍ မဟာဂန္ဓာရုံကျမ်းပြုဆရာတော်ကြီးအရှင်ဇနကာဘိဝံသမှ ဘုရားရှင်၏ ကျေးဇူးတော်ကို ဖော်ညွန်းရေးသားခဲ့ခြင်းဖြစ်ပေသည်။

 ဘုရားရှင် မရှိတော့သည့်နောက် ဘုရားသာသနာတော်ကြီး ကွယ်ပျောက်မသွားရခြင်းသည်ကပင်လျှင် စဥ့်အိုးကောင်းနှင့်တူသော တပည့်သာဝကများမှ ဒုက္ခအမျိုးမျိုးခံကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ ခြင်းကြောင့် ဖြစ်ကြောင်းနားလည်သဘောပေါက်ခဲ့ရပါတယ်။

တရားတော်များအပေါ် သက်ဝင်ယုံကြည်ကြသော ဥပါသိကာ ဥပါသိကာမတွေ အနေဖြင့်လည်း ဘုရားရှင်၏ သာသာနာတော်ကြီး အရှည်တည်တံ့စေနိုင်ရန်အတွက် ကြိုးပမ်းနေကြသည်ဖြစ်သလို ဤလောကကြီးတွင် တိုတောင်းလှသော လူ့သက်တမ်းနှင့် မြန်ဆန်လှသော နေ့ည ဖြစ်ပေါ်မှုအပေါ် သတိသံဝေဂ ယူကာ သံသရာခရီးအတွက် ရိက္ခာကောင်းများ ထုပ်ပိုးသယ်ဆောင်နိုင်ကြပါစေဟု...ဆန္ဒပြုရင်း......


ညခင်း
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ၄၃နှစ်မြောက် မွေးနေ့

3

ဆရာတော်အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ၄၃နှစ်မြောက် မွေးနေ့မင်္ဂလာ ချီးကျူး 

ဂုဏ်ပြု ပူဇော်လွှာ။


ဆရာတော် အရှင် ရာဇိန္ဒ ရဝေနွယ်(အင်းမ) ၏ ၁၈.၆.၂၀၁၂ ရက်နေ့ တွင် ကျရောက်သော (၄၃)နှစ်မြောက် မွေးနေ့ မင်္ဂလာ ချီးကျူး ဂုဏ်ပြု ပူဇော်ပါသည်။

 မြတ်ဗုဒ္ဓ ဘုရားရှင်၏ ကိုယ်စား တရား ဓမ္မများကို အမျိုးမျိုးသော သာဓကတွေ နဲ့သင်ကြားပြဆို ဆုံးမ နေသော ဆရာတော် အရှင်ရာဇိန္ဒ သည်.... ရှေ့ရှု မေတ္တာ၊ ဂရုဏာနှင့် နာနာ၊ အပြစ်မြင်တိုင်း၊ ၀မ်းတွင်မသို၊ ဟုတ်တိုင်းဆို ကာ ကျိုးလိုစိတ်ထား၊ ဆုံးမတတ်သူ၊ ဆရာယူလော့ ဆိုတဲ့ မန်လည်ဆရာတော်ဘုရား ရဲ့ လင်္ဏာလေးထဲက ဆရာဆိုတဲ့ ဂုဏ်အင် နှင့် ပြည့်စုံသော သာသနာအာဇာနည် ဆရာကောင်းဆရာမြတ်တစ်ဦး ဆိုတာ ချီးကျူး အံ့မခန်း ပါပဲ။

လောကတွင် သူတစ်ပါးထံမှ တရားမနာပဲ၊ မသင်ယူပဲ မိမိဘာသာ တရားမဂ်ဖိုလ်ရသူ (၂)မျိုးသာရှိပါတယ်။ ယင်းတို့ကား သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် နှင့် ပစ္စေကဗုဒ္ဓါခေါ်ဘုရားငယ် တို့ပင်ဖြစ်ပါတယ်။ ကျန် အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက အားလုံးတို့သည် သောတပတ္တိ မဂ္ဂကိုရရန် သူတစ်ပါးထံမှ တရားနာခဲ့ကြသူများ ဖြစ်ပါတယ်။

စာပေလေ့လာရင်း ဆရာတော်အား ရင်းနှီးခဲ့ပုံ

လူအမျိုးမျိုးနဲ့ တွေ့ ကြုံလာတဲ့အခါ ကျမတို့အနေနဲ့ ဆင်ခြင်နိုင်တဲ့ပညာတွေကို တွေ့တတ်ပါတယ်. ဗဟုသုတများလည်း တိုးပွားရပါတယ် သူတစ်ပါးအကြောင်းထဲမှာ အတုယူစရာ ၊ ရှောင်ကျဉ်စရာ အသိတရားများကို ရတတ်လို့ အတ္တုပတ္တိစာပေတွေ၊ ဇာတ်နိပါတ်တော်တွေကို ဖတ်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

အဲသည့် ဇာတ်တော်များကို ရှာဖွေဖတ်ရင်းမှ ဆရာတော် ရဝေနွယ် (အင်းမ)၏ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာအား ဆရာတော်ကြီးများ၏ အလင်္ကာ ကဗျာများဖြင့် ဝေေ၀ဆာဆာ ရေးသားထားသော မင်္ဂလာ အတွေးများ စာအုပ်ကို ဖတ်ဖြစ်ခဲ့ရင်း ဆရာတော်ကို ရင်းနှီးခဲ့ပါသည်။ ဆရာတော်သည် လူငယ်တွေအတွက် စိတ်ကောင်းနှလုံးကောင်း မွေးမြူဖို့ ၊ ပညာတတ်ဖို့ ၊ ၀ိပသာနာ တရားများ အားထုတ်ဖို့ ဆိုတဲ့ အချက်လေး ချက်ကို အခြေခံကာ ရေးသားထားသည့်အတွက်  ဘာသာရေး ကို ဆထက်တစ်ပိုး ယုံကြည်သက်ဝင် အားထုတ် ဖြစ်လာစေဖို့ တွန်းအားပေးခဲ့ပါတယ်။  ဒီစာအုပ်လေးက ဆရာတော်အား ကျွန်မအနေဖြင့် ပထမဦးဆုံးအကြိမ် စိတ်ထဲမှ ရည်မှန်းဦးချ ကန်တော့မိစေသော စာအုပ်ပဲ ဖြစ်ပါတယ်။  ကံသုံးပါး အမူအရာတွေ အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးခဲ့လို့ပါပဲ။

ဒုတိယအကြိမ် ဆရာတော်အား ကံသုံးပါးစလုံးဖြင့် ဦးညွတ် ကန်တော့ဖြစ်တဲ့ အချိန်ကတော့ ကျွန်မတို့ မြို့ကလေး၏ မြို့နယ်လုံးဆိုင်ရာ ရွေကျင်နိကာယ စာပြန်ပွဲ အကြို တရားပွဲတွင် ဆရာတော်အား ဖူးမြှော်ရသော နေ့ဖြစ်ပါတယ်။

တတိယအကြိမ်မှာတော့ ဆရာတော်မွေးနေ့ ၀ိဇာတ ပူဇော်လွှာအား ရေးသားဖို့ အကြောင်းဖန်လာခဲ့ပါတယ်.  ပူဇော်လွှာအား ရေးသားဖို့ရန် တိုက်တွန်းပေးခဲ့သော ဘုန်းဘုန်း  အရှင် ကုမာရ (ဘုံဘေ) အား ကျေးဇူး တင် ဦးချကန်တော့ပါတယ် ။ ကြည်ညိုပူဇော်ခွင့်ရခဲ့သည့်အတွက်လည်း အတိုင်းမသိ ၀မ်းသာ ကြည်နူးခဲ့ရပါတယ်။ ကြားဆရာ အဖြစ် အနေနဲ့လည်း ကျေးဇူးဆပ်ခွင့်ရတယ် လို့ သဘောပိုက်မိခဲ့သည်။

ဆရာတော့် ဂုဏ်သတင်း

ဆရာတော်မှာ အလွန်ပင် စာပေ၀ါသနာကြီးသူ ၊သာသနာ့ စိတ်ဓာတ်မြင့်မားသူဖြစ်ကြောင်း.... ရဟန်းကိစ္စ နှစ်ဓူရ၌  လုံ့လအားသည်း ဟိတ်ဟန်နည်း ၍ ပစ္စည်းမသို၊ စိတ်မတို ၊ခင် ပျို ကြီးပွားမည်... ဟူသည့် ဆောင်ပုဒ် ကဗျာနှင့် အညီ စာပေရေးသား ပြုစုမှု၊ ပဋိပတ် တရားများ ပွားများ အားထုတ်မှု သာ အချိန်ကို ကုန်လွန်စေခဲ့သူ ၊ အသက်နှင့် ခန္ဓာကို သာသနာတော် အရေးကိစ္စ၌သာ အသက်ပေးအပ်နှံထားသူ ဖြစ်ကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားသိခဲ့ရသည့်အတွက် အာဂယောကျာ်း မတစ်ထောင် တစ်ကောင်ဖွား ပါလားဟုအံ့သြမိခဲ့ရပါသည်။

ဆရာတော်ဟာ ဆိုလျှင် မိမိဘ၀လှပရေး ၊ ပတ်ဝန်းကျင် လောက လှပရေးစသည့် ကောင်းမြတ်သော အရေးကို အလေးပေးကာ အတု မြင် အတတ်သင် ဖြစ်ကြစေရန် မှန်ကန်သော ရည်ရွယ်ချက် ခိုင်မာသော ယုံကြည်ချက်တို့ဖြင့် ကာယကံမေတ္တာ ၊ ၀စီကံမေတ္တာ၊ မနောကံမေတ္တာ ဟူသော မေတ္တာဓာတ်များ ထုံမွှမ်းကာ မှန်ကန်သော လမ်းစဉ်ဖြင့် ကျင့်ကြံကျိုးကုတ် စွမ်းအားထုတ် လျှက် လောက ကြီးကို အလှဆင်ပေးနေသည်မှာ စာရေးသူ၏ နှလုံးသားဝယ် ဖရဏ ပီတိ ဂွမ်းဆီထိသကဲ့သို့ ၀မ်းမြောက်မှု ပီတိစိတ်များ  ယုံကြည်မှု သဒ္ဒါတရားများ တိုးပွားခဲ့ရပါသည်။

ဆုတောင်းပတ္တနာ နိဂုံးလွှာ

ဆရာတော်ဘုရား ကျန်းမာ ချမ်းသာ စွာနှင့် (၄၃) နှစ်မြောက် မွေးနေ့မှသည် သက်တော် ရာကျော် ရှည်ပြီး သာသာနာ့အကျိုးကို ဆထက်တစ်ပိုး ထမ်းရွက်ပြီး ပရိယတ္တိ၊ ပဋိပတ္တိ နှစ်ဖြာကို ကျင့်ကြံ ကျိုးကုတ် ပွားများအားထုတ်နိုင် ပါစေကြောင့်း ဆုမွန် ပတ္တနာ တောင်းလျှက် ရိုသေဂါရ၀ါ ပြု ပူဇော်လိုက်ပါတယ် အရှင်ဘုရား။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မွေးနေ့ အဆုံးအမ ဓမ္မဒေသနာအမြတ်ရတနာ။

26

မွေးနေ့ အတွက် ချီးမြှင့်သော ဓမ္မဒေသနာအမြတ်ရတနာ။ 
အဆုံးအမပေးသော ဆရာတော်အားကျေးဇူးတင် ဦးချကန်တော့ရင်း အဆုံးအမများကိုပြန်လည်း မျှဝေပါတယ်။

မွေးနေ့မှာ ပျော်ရွှင်မူပေါင်းများစွာကို ရပါစေ၊ နောက်နောင်မှာလဲ မိတ်ဆွေသူငယ်ချင်းတွေနှင့် အတူ ပျော်ရွှင်နိုင်ပါစေလို့ ဦးစွာပထမဆုတောင်းပေးလိုက်ပါတယ်

ဒီနေ့(၁၆.၅.၂၀၁၂)ကျရောက်လာတဲ့ညခင်းရဲ့လမင်းမွေးနေ့မှာ ဦးဇင်း(လပြည့်ဝန်း) က ဓမ္မဒါနအမြတ် ရတနာလည်းယူရာရောက်အောင် ဓမ္မဒေသနာအမြတ်ရတနာလက်ဆောင်ပေးလိုက်ရပါတယ်။ ညခင်းလည်း စာရေးသူတစ်ယောက်ဖြစ်လေတော့ ဘာသာရေးဆိုင်ရာဗဟုသုတတွေတော်တော်  များများသိပါလိမ့်မယ်၊ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အခုဦးဇင်းပြောမှာကတော့ ပိယင်ဇဟ မထေရ်ပြောခဲ့သော စကားလေးခွန်းပဲဖြစ်ပါတယ်။ 
 
(၁)မြင့်သူတွေရဲ့ကြားထဲမှာ နိမ့်သူအဖြစ်နေပါ။
မြင့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ သေယျမာန်၊သဒိသမာန်၊ဟီနမာန်တည်းသော မာန်မာနတွေဖြင့် ထောင်လွှာပြီးတော့နေနေတဲ့သူတွေရဲ့ကြားထဲမှာ မာန်မာနမရှိဘဲနိမ့်သူအဖြစ် နေပါလို့ပြောချင်တာပါ။ အဲဒီတော့ သာမန်ပုထုဇဉ်အနေဖြင့် မာန်မာနတွေကတော့ ရှိနေဦးမှာပါပဲ၊ မိမိက အဲဒီလူတွေကြားထဲမှာ သတိသမ္ပဇဉ်စိတ်ဝယ်ဆင်ပြီးနေတတ်ဖို့ပါပဲ။ ဒါဆိုရင် မာန်မာနတွေထူပြောနေတဲ့သူတွေကြားထဲမှာ မာန်မာနမရှိဘဲနေတတ်အောင်နေပါလို့ ရတနာထိုက်သောပထမစကားတစ်ခွန်းဖြင့်တိုက်တွန်းလိုက်ရပါတယ်..။
 
(၂)နိမ့်သူတွေရဲ့ကြားထဲမှာ မြင့်သူအဖြစ်နေပါ။
နိမ့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ ကိုယ်ကျင့်သီလပျက်ပြားနေတဲ့သူတွေအများကြီးရှိပါတယ်၊ အဲဒီလိုကိုယ်ကျင့်တရားပျက်ပြားသူတွေကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ပြောချင်တာပါ။ မိမိဘ၀မှာ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် တွေ့ကောင်းတွေ့ပါလိမ့်မယ်၊ အကျင့်သီလပျက်ပြားနေတဲ့သူတွေကိုပေါ့၊ ဘယ်သူတွေ ဘယ်လိုပျက်ပျက် အဲဒီအထဲမှာ မိမိက မပါသွားဖို့ပဲလိုတယ်။ ဒါဆိုရင် ကိုယ့်ကျင့်တရားပျက်ပြားနေသူတွေကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်အောင်နေပါလို့ ရတနာထိုက်သော ဒုတိယစကားတစ်ခွန်း ဖြင့်တိုက်တွန်းလိုက်ရပါတယ်..။
 
(၃)မနေသူတွေကြားထဲမှာ နေသူအဖြစ်နေပါ။
ဒေါသဖြင့်နေသူတွေကြားထဲမှာ မေတ္တာတရားဖြင့်နေပါ။ လူများအစုက ဒေါသဖြင့်နေကြတာဆိုတော့ မေတ္တာတရားဖြင့်နေတဲ့သူကခြားပါတယ်၊ အဲဒီတော့ မေတ္တာတရားဖြင့်မနေနိုင်သူတွေကြားထဲမှာ မေတ္တာတရားဖြင့်နေတတ်အောင်နေဖို့ရယ်၊ ကိလေသာထူပြောနေသူကြားထဲမှာ ကိလေသာ မရှိဘဲနေတတ်ရမယ်။ လူအများစုက ကာမဂုဏ်ချမ်းသာတွေဖြင့်နေတာများပါတယ်၊ အဲဒီလို ကိလေသာကိုမထိန်းနိုင်သူတွေကြားထဲမှာ ကိလေသားကိုပါးအောင်ကျင့်ကြံဖြင့်နေပါလို့ပြောချင်တာပါ။ မလိုတာတွေနဲ့အလုပ်ရူပ်နေတဲ့သူတွေကြားထဲမှာ လိုတာလောက်သာရှားပြီးနေပါ။ အဓိကကတော့ မိမိရရှိထားတဲ့ဘ၀မှာ ရရှိသလောက်လေးဖြင့်တင်တိမ်ရောင်ရဲတတ်အောင်နေပါလို့ပြောချင်တာပါ။ ဒါဆိုရင် ရတနာထိုက်သော တတိယစကားတစ်ခွန်းဖြင့် မနေသူတွေကြားထဲမှာနေသူအဖြစ်နေတတ်အောင်နေပါလို့ တိုက်တွန်းလိုက်ရပါတယ်..။
 
(၄)ပျော်သူတွေရဲ့ကြားထဲမှာ မပျော်သူအဖြစ်နေပါ။
ပျော်သူတွေကြားထဲမှာဆိုတာက ကာမဂုဏ်တွေဖြင့် မူးယစ်ပြီး ဇိမ်ခံစားနေသူတွေရဲ့ကြားထဲမှာ ကာမဂုဏ်အရသာတွေကို တန်းဖိုးရှိရှိအသုံးချပြီး မပျော်သူအဖြစ်နေပါလို့ပြောချင်တာပါ။ ရှေးဆရာတော်ဘုရားကြီးတွေက-“တစ်စ တစ်စ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နောင်ဆက်တိုင်းကောင်းမည်”တဲ့။ အဲဒီတော့ ရရှိထားတဲ့စည်းစိမ်းတွေကို မစွန့်ဝံ့ပဲပျော်ရွှင်စွာခံစား၊ စံစားနေသူတွေကြားထဲမှာ မိမိက လောကအတွက်၊သာသနာအတွက်၊အများအကျိုးအတွက်လှူဒါန်ပြီးတော့နေတာကိုပဲ ပျော်သူတွေကြားထဲမှာ မပျော်သူအဖြစ်နေပါလို့ စတုတ္ထရတနာထိုက်သောစကားလေးတစ်ခွန်းဖြင့်တိုက်တွန်းလိုက်ရပါတယ်..။
 
ညခင်းရေ..မိမိရဲ့ဘ၀မှာ ဒီရတနာထိုက်သောစကားလေးခွန်းကို ရင်ထဲကိုထည့်ထားစေချင်တယ်။ ဒါမှမိမိဘ၀ကို တန်းဖိုးရှိရှိပိုပြီးတော့ နေတတ်သွားအောင်ပါ။ ဒီစကားလေးခွန်းကတော့ ဦးဇင်းစကားတော့မဟုတ်ဘူး၊ ဒါပေမယ့် ဒီစကားလေးခွန်းဖြင့် ညခင်းရဲ့မွေးနေ့မှာ ဓမ္မဒေသနာမြတ်ရတနာအထူးကုသိုလ်ဖြင့်ဓမ္မဒါနမွေးနေ့လက်ဆောင်အဖြင့် ပေးလိုက်ရပါတော့တယ်။ ယခုမွေးနေ့မှစ၍ နှစ်စဉ်နှစ်တိုင်းပျော်ရွှင်ပါစေလို့ထပ်မံဆုတောင်းလိုက်ရပါတယ်။

လပြည့်ဝန်း(သာစည်)
(16.05.2012)

ဦးကပ်စေးနဲ့ တန်ခိုးရှင်

0



ဘာနံ့ပါလိမ့်........သြော်လက်စသတ်တော့ လူတစ်ယောက် အိုးကင်းနဲ့ကြော်တဲ့မုန့်ကို ကြော်စားနေတာကိုး။ အင်းးးးဒီအနံလေးရတော့ ငါငယ်ငယ်က မယ်မယ်ကြော်ကျွေးတဲ့ အိုးကင်းကြော်မုန့်လေးစားချင်စိတ်တောင်ပေါက်လာတယ်။ သူဌေးကြီး မစ္ဆရိယ ဆက်လျောက် လာသော်လည်း သူအတွေးတွေက ဆက်လက်ပါလာမြဲပဲ။ အိမ်ရောက်ရင် မိန်းမပြောပြီး လုပ်စားရင်ကောင်းမလား။ ဟင်....ဒါလည်း မဖြစ်သေးပါဘူး ငါအိမ်ကလူတွေက စားချင်နေအုန်းမှာ မုန့်တွေအများကြီးလုပ်ရင် ဆန်၊ ထောပတ်၊ တင်လဲတွေလည်း အများကြီးကုန်မှာ ငါ့အသပြာတွေ ထိခိုက်လိမ့်မယ်။ ပါးစပ်ပိတ်နေလိုက်တာပဲကောင်းမယ်။

ဒီလိုနဲ့အိမ်ရောက်တော့ စားချင်စိတ်က ဖျောက်မရ။ သလွန်ပေါ်မှာ အလူးလူးအလိမ့်လိမ့်နဲ့ သက်ပြင်းတွေချ နေလေရဲ့။ ဒါကို သူ့မိန်းမက မြင်တော့ ရှင်ဘာတွေဖြစ်နေလဲ ကျမကို စိတ်ဆိုးလို့လား၊ အိမ်က အစေအခိုင်းတွေကြောင့်လားမေးပေမဲ့ အဖြေက ထွက်မလာဘူး ပြောလိုက်လို့ ချက်ချင်းထကြော်ပေးရင်လည်း ကုန်ကျစရိတ်ကများမည်ပေါ့။ ဒါကို မိန်းမဖြစ်သူကလည်း လက်မလျော့ပဲဆက်မေးပြန်ပါတယ်။ အဲတော့မှ ငါမှာ ပြင်းပြင်းပြပြ ဆန္ဒတစ်ခုရှိနေတာ ....အကြောင်းစုံကိုပြောပြ လေတော့တယ်။ သူဌေးကြီးစကားအဆုံးကြတော့  မိန်းမဖြစ်သူက ရယ်ပါတယ်။ ရှင်လို ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်က အိုးကင်းကြော်မုန့်စားချင်တာ ဒီလောက်ထိခက်ခဲနေတာ ရယ်စရာပေါ့။ 

ဒီလောက်ခက်ခဲစရာမလိုပါဘူး ကြော်ကျွေးမယ်။ ဟောဒီ သက္ကာရရွာတစ်ရွာလုံးစားရအောင်ကို ကြော်မယ်။ မလုပ်နဲ့......ဒါဆို လမ်းတစ်လမ်းစာကြော်လိုက်မယ်ရှင်... လက်ကာပီး တားပြန်တယ်။ဒါဆိုလည်း တစ်အိမ်လုံးစာလောက်တော့ ကြော်မယ်နော်....ဒါလည်းနည်းတာမဟုတ်ဘူးတဲ့။ ဒါဆို ရှင်ဘယ်လောက်ကြော်စေချင်တာလည်း သားအမိသားအဖ စားရုံပဲလားဆိုတော့ သားသမီးတွေကို ဘာလို့ ထည့်ကြော်နေမလဲ ...ဒါဆို ၂ယောက်စာ ...၂ယောက်စာရောဘာလုပ်မှာလည်း ရှင်မက ငါလို စားချင်စိတ်ရှိတာမဟုတ်ဘူး ငါတစ်ယောက်တည်းစားဖို့ နည်းနည်းပဲကြော်တဲ့ ဆန်နည်းနည်း ထောပတ်နည်းနည်း၊ တင်လဲ နည်းနည်း ယူပြီး ဘုံ၇ဆင့်ပြဿာဒ်ပေါ်မှာ တက်ကြော်၊ အဲဒီပေါ်မှာပဲ အရသာခံစားတော့မယ် လို့ ပြောပါတယ်။

အိုးကင်းမုန့်ကြော်လေးစားဖို့  ဘုံ၇ဆင့်တက်ပြီး  ပြဿာဒ်တစ်ခါးတွေ အကုန်ပိတ်ပြီး အပေါ်ဆုံးထပ် ပြတင်းပေါက်တစ်ပေါက်သာဖွင့်ပြီး အရသာခံစားဖို့ စောင့်ဆိုင်း နေပါတယ်။  အဲဒီလို စိုင်းပြင်းနေစဉ် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူတယ်။ တန်းခိုးတော် အနန္တ ရှိသည်နှင့်အညီ အဘိညာဉ်တန်ခိုးဖြင့် သူဌေးကြီး၏ အခြင်းအရာကို အဖြစ်အပျက်ကို ဆင်ခြင်သိရှိနေခဲ့လေတယ်။  သို့ဖြစ်၍ တန်ခိုးအရာမှာ ဧတဒဂ်ရသော ရှင်မဟာမော၈္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကို ခေါ်ယူလျက်.... အဲဒီ အလွန်ကပ်စေးနဲတဲ့ သူဌေးမစ္ဆရိယ သူတစ်ပါးကို ကျွေးရမှာ စိုးလို့ ဘုံခုနှစ်ဆင့်ပေါ်တက်ကြော်ခိုင်းနေတယ်။ အဲဒီသူဌေးထံအရောက်သွားပြီး သင့်ရဲ့ တန်ခိုးနဲ့ ဆုံးမခဲ့ပါ။ ပြီးတော့ ဇေတ၀န်ကျောင်းတော်ရောက်အောင် သူဌေးလင်မယားနဲ့အတူ ယူဆောင်ခဲ့ပေတော့၊ ငါဘုရားနဲ့ တကွ ရဟန်းငါးရာ အဲဒီ သူဌေးမုန့်နဲ့ပဲ ဆွမ်းစားကြမယ် လို့မိန့်တော်မူလေတယ်။

ရှင်မဟာမော၈္ဂလ္လာန်ကိုယ်တော်မြတ်ကြီးလည်း တန်းခိုးအစွမ်းဖြင့် ပြဿာဒ်သို့ရောက်သွားပြီး လေသာပြတင်းနားမှာ ဈာန်ဖြင့်ရပ်တော်မူနေတယ်။ သူဌေးရင်ထဲထိတ်ခနဲဖြစ်သွားတယ်။ ငါ့ရဲ့မုန့်ကို တောင်းစားမှာစိုးလို့ အလှူခံမှာ စိုးလို့ ဒီပေါ်မှာ လာပြီးကြော်စားတာတောင် အလွတ်မပေးပါလား ဆိုပြီး ဖျစ်တောက်ဖျစ်တောက်ပြောရင်း သောကတွေပွားနေတာပေါ့။

ကိစ္စမရှိဘူး ရှင်ရဟန်း ကောင်းကင်လေထဲ ရပ်ပြရုံမကလို့ လေထဲမှာ စင်္ကြံလျောက်ပြနေတောင် ကျုပ်ကလှူဖို့ ဝေးသေးတယ်။ ရှင်မဟာမော၈္ဂလ္လာန်ကိုယ်တော်မြတ်ကြီးလဲ လေသာပြတင်းဝ နားလေထဲမှာပင် လူးလာခေါက်ပြန်လျောက်ပြလေတယ်။သင်ခုလို စင်္ကြလျောက်ပြရုံမက လေထဲ တင်ပျဉ်ခွေထိုင်ပြနေလည်း ကျုပ်ကမလှူနိုင်ဘူး ရှင်မဟာမော၈္ဂလ္လာန်ကိုယ်တော်မြတ်သည် သူဌေး ဆိုသည့်အတိုင်း ထိုင်တော်မူနေလိုက်ပြန်တယ်။ ထပ်ပြောပြန်၍ လေသာပြတင်းပေါက်ဘောင်၌ ရပ်လေတယ်။ 

ဒါတင်မကပဲ  မီးခိုးတွေ လွတ်ပြရင်တောင် မလှူရေးချမလှူပါတဲ့။ ရှင်မဟာမော၈္ဂလ္လာန်ကိုယ်တော်မြတ်ကြီး မီးခိုးလုံးတွေ ထုတ်လွတ်လေတော့ မျက်လုံးများ အပ်များဖြင့် ဆွသကဲ့သို့ ခံစား မျက်ရည်တွေကျပြီး မီးခိုးတွေထုတ်လွတ်ပြီး မီးပါ ထတောက်နေရင် ငါအိမ်တစ်အိမ်လုံး ပြာကျကုန်တော့မှာပဲ ဆိုပြီး တစ်ချပ်လောက်တော့လှူမယ် ဒါမှ ဒီကပြန်ကြွမှာ ကဲကဲရှင်မ တစ်ချပ်ကြော်ကွာ မကြီးစေနဲ့။ မုန့်တွေလျော့၊ သေးသေးပဲကြော်။

မုန့်နှစ်အနည်းငယ်ကို ဒယ်အိုးထဲ ထည့်လိုက်သောလည်း မုန့်သည် ရှဲခနဲမြည်ကာ အကြီးကြီးဖြစ်ပြီး ဒယ်အိုးပင်ကျော်လွန်သွားတယ်။ ဟာ...ဒီမိန်းမတော့ ပေး ငါကိုယ်တိုင်မုန့်နှစ်ထည့်မယ် ယောက်မပေး ဆိုပြီးဝင်ကြော်လိုက်တာ စောစောက မုန့်ထက်တောင် ပိုကြီးသွားတယ်။ ဒီလိုနဲ့ မုန့်နှစ်နည်းနည်းထည့်လဲ မုန့်ကပိုပိုကြီးလာကာ သူဌေးကြီး လက်မြှောက်လိုက်ရလေရော။

ကဲ ရှင်မရေ ဘာမှ မလုပ်နဲ့တော့ အဲဒီအကြိးထဲက တစ်ချပ်ကိုသာ လှူလိုက်ပေတော့ဆိုတော့ သူ့ဇနီးက မုန့်တစ်ချပ်ကို တောင်းထဲမှ ယူလေတဲ့အခါ တစ်ခုနှင့်တစ်ခု ခွာမရပဲ ကပ်နေလေတယ်။ သူဌေးကြီးကိုယ်တိုင်ခွာတော့လည်း မုန့် တစ်ချပ်ဘယ်လိုမှ ခွာမရဘူး ၂ယောက်တစ်ယောက်တစ်ဖက် ကိုင်ပြီးခွာသောလည်း မည်သို့မျှခွာမရဘူး။ သူဌေးလည်းတော်တော်လေးစိတ်ပျက်သွားတယ် မုန့်စားချင်စိတ်တောင်ပျောက်သွားတယ်။ တော်ပြီး သင်ကြော်တဲ့မုန့်လည်း မစားချင်တော့ဘူး မုန့်တစ်တောင်းလုံး အဲဒီ ရဟန်းသာ လှူလိုက်တော့။ လို့ ဆိုပါတယ်။

သူဌေးစကားကြောင့် သူ့ဇနီးလည်းအလွန်တရာဝမ်းသာပြီး မုန့်တောင်းကို ယူ၍ အရှင်မောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးကို လှူဒါန်းလေတော့တယ်။ အရှင်မြတ်ကြီးလည်း သာဓုခေါ်တော်မူပြီး အလှူဒါနအကျိုးကို ဟောတော်မူတဲ့အခါ မစ္ဆရိယ သူဌေးလည်း ကြည်ညိုသောစိတ်များဖြစ်ပေါ်လာကာ ၀မ်းမြောက်လေတယ်။ အရှင်ဘုရား ဟောဒီ ပြဿဒ်က ပလ္လင်ပေါ်မှာပဲ မုန့်တွေကို ဘုဉ်းပေးတော်မူပါဘုရားလို့လျောက်ထားတော့ ငါတစ်ပါးတည်း ဘုဉ်းမပေဖိုး မသင့်လျော်ဘူး ဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ ရဟန်းငါးရာဟာ သင် မစ္ဆရိယ သူဌေးနဲ့သူဌေးကတော်လှူဒါန်းမဲ့ မုန့်ကို ဘုဉ်းပေးသုံးဆောင်ကြဖို့ ဇေတ၀န်ကျောင်းတော်မှာစောင့်နေတယ်။ သင်တို့ ဆန္ဒရှိတယ်ဆိုရင် အဲဒီမုန့်တွေ နို့တွေ ထောပတ်တွေ နဲ့အတူ ဇေတ၀န်ကျောင်းတော်ကို လိုက်ခဲ့ကြပါ။ မုန့်ဆွမ်းကပ်လှူကြပါလို့ မိန့်ပါတယ်။

သူဌေးလည်း များစွာအံ့သြသွားလေတယ်။အဲဒီနောက်  ဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိရာ ဇေတ၀န်ကျောင်းသို့  သွားရောက်လှူဒါန်းကြတယ်။ ဘုရားရှင်ကိုယ်တော် မြတ်ကြီးလည်း သိသင့်သော တရားများကို ဟောကြားလေတယ်။ တရားတော်အဆုံးမှာ သူဌေးလင်မယားနှစ်ယောက်စလုံး ပင် သောတပန်များဖြစ်သွားကြတော့သည်။ ထိုအခါမှ စ၍ မစ္ဆရိယ သူဌေးကြီးလည်း နှမြောတွန့်တိုသော အကျင့်ကို စွန့်၍ ချမ်းသာသော ကုဋေရှစ်ဆယ်တို့ကို ဘုရားရှင်သာသနာအတွက် လှူဒါန်းလေတောသည်။


 ညခင်း
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မွေးနေ့အတွက် အဆုံးအမတရား (၁)

1

                        (မေ-၁၆ရက်နေ့မွေးဖွားသူများအတွက် အမှတ်ရ မွေးနေ့လက်ဆောင်)
အသက်ထက်ဆုံး မမေ့ကောင်းရာ
စာမိတ်ဆက်
ဧရာဝတီစာကြည့်တိုက်၏ ဘလော့ဂါ စာရေးဆရာ (May16) တစ်ယောက်က မေလ ၁၆ ရက်နေ့ဟာ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်၊ မွေးနေ့အတွက် ဆုံးမစာလေးတစ်ပုဒ်လောက် ရေးပေးပါဟု လျှောက်ထားလာသည်၊ စာရေးသူလဲ ဘာရေးရမှန်းမသိ၊ ဒီလိုနဲ့ ညနေပိုင်း အလုပ်အားချိန်လေး စာလေးတွေ လျှောက်ဖတ်ရင်းက သူ့အတွက် မွေးနေ့ပို့စ်လေးတစ်ပုဒ် အစောတလျင် ဖန်တီးလိုက်ရသည်၊ မနက်ဖန်ဆို မေ ၁၆ ရက် ဖြစ်နေတာကိုးး။ လောကမှာ လူတွေ အများစုက ကိုယ့်ရဲ့ မွေးနေ့ကို အမှတ်ရစမြဲ ဖြစ်ကြပါတယ်။ ဘယ်ပုံ ဘယ်လိုနည်းတွေနဲ့ အမှတ်ရနေသင့်သနည်း?????? လောကမှာ အမြဲတမ်း အမှတ်ရထိုက်တဲ့ နေရာ သုံးနေရာရှိတယ်ဆိုတာလေးနဲ့ပဲ May16အတွက် မွေးနေ့ပိုစ်လေးကို အစပြုလိုက်ပါသည်။

တိုင်းပြည်ဘုရင်၏ တစ်သက်တာမှတ်တမ်း
(၁) တိုင်းပြည်မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်သည်သူ၏ မွေးဖွားရာ အချိန်ကို ဘယ်တော့မှ မမေ့သင့်ပါဘူး ဘယ်နေ့ ဘယ်အချိန် ဘယ်နက္ခတ်နဲ့ ယှဉ်ပြီးမွေးခဲ့တယ်ဆိုတာ မမေ့သင့် မမေ့အပ်၊ အမြဲတမ်း အမှတ်ရနေရမည်။ မွေးနေ့ မွေးရက်သည် ပထမ အချက်အနေနဲ့ တစ်သက်တာမှတ်တမ်း ဖြစ်နေရမည်။ (၂) ဒုတိယအချက်အနေနဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တိုင်းပြည်ရဲ့ အာဏာကို လက်ခံပြီး ဘုရင်အဖြစ် ခံယူသလဲဆိုတာကိုလဲ တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။ (၃) တတိယ အချက်ကတော့ ဘုရင့်ရဲ့ အောင်ပွဲခံတဲ့နေ့ဖြစ်ပါတယ်၊ ရန်သူကို တွန်းလှန်နိုင်တဲ့ နေ့ကို တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။

ရဟန်းတော်၏ တစ်သက်တာမှတ်တမ်း
ထိုနည်းတူစွာ ရဟန်းတော်တွေမှာလဲ တစ်သက်တာမှတ်တမ်းအဖြစ် ရှိနေရမည်မှာ--(၁) ရဟန်းတော်များသည် ဘယ်နေ့ ဘယ်အချိန် ဘယ်မှာ ရဟန်းဖြစ်တယ်ဆိုတာကို တစ်သက်တာမှတ်တမ်း (ရဟန်း ရက်ချုပ်) ရှိနေရမည်၊ ဘယ်တော့မှ ရဟန်းဖြစ်သည့် နေ့ ရက်တို့ကို မမေ့အပ်။ (၂) အသိဥာဏ် အထူး ရသည့်အချိန်သည် ရဟန်းတော်များအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ငါ သစ္စာ (အမှန်) တရားကို သိပြီဆိုတာကို မမေ့အပ်။ (၃) အလားတူပဲ ဘယ်အချိန် ဘယ်နေရာမှာ စိတ်ညစ် စိတ်ရိုင်း (ကိလေသာ) တွေ အားလုံး ရှင်းသွားပြီဆိုတာသည် တတိယအနေနဲ့ ရဟန်းတော်တွေအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။

သာမန်လူသားများ တစ်သက်တာ မှတ်တမ်း
(၁) ထိုနည်းတူစွာ စာရေးသူတို့လို သာမန် လူသားတွေလဲ တစ်သက်တာ မှတ်မိနေရမည့် အချက်များ ရှိပါသည်။ နံပတ် (၁)က ကိုယ့်ရဲ့ မွေးနေ့ပါပဲ၊ လူတိုင်းက ကိုယ့်ရဲ့ မွေးနေ့ မွေးရက် မွေးလကို တသက်တာမှတ်တမ်းအဖြစ် မှတ်ထားကြစမြဲဖြစ်ပါသည်။ ကိုယ့်ရဲ့မွေးနေ့ကို ပုံစံအမျိုးမျိုး ပုံဖော် မှတ်မိစေခဲ့ကြသည်။ တချို့ကတော့ မွေးနေ့အတွက် ပါတီပွဲတွေ ပြုလုပ်ပြီး ပုံဖော် အမှတ်ရစေကြပါတယ်၊ တချို့ကတော့ မွေးနေ့ပွဲကို သူငယ်ချင်းတွေ စုစည်းပြီး ပါတီပွဲလေးလုပ်ပြီး အမှတ်ရစေကြပါတယ်။ တချို့ကြတော့ ရိုးရာဓလေ့လေးတွေနဲ့ မွေးပွဲကို ဆင်နွဲ အမှတ်ရစေကြပါတယ်။ တချို့ကြပြန်တော့ ပေးကမ်းခြင်း စွန့်လွတ်ခြင်းတွေနဲ့ မွေးနေ့ပွဲကို အမှတ်ရစေကြပါတယ်၊ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ်မယ်၊ မနက်စောစော သံဃာတွေ ဆွမ်းလောင်းမယ်၊ ဘိုးဘွားရိပ်သာ သွားပြီး အဘိုးအဘွားတွေကို ပြုစုမယ် လှူမယ်၊ ခိုကိုးရာမဲ့ မိဘမဲ့ဂေဟာတွေမှာ သွားပြီး အလှူပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေကို ပေးကမ်းမယ်။ တချို့ကြတော့ ဘုရားသွားပြီး အဓိဌာန်ပုတီးစိပ်တာတို့ ပရိတ်ရွတ်တာတို့ ပဋ္ဌာန်းရွတ်တာတို့ ဘုရားသန့်ရှင်းရေးလုပ်တာတို့ ဘုရားရှင်အား ပန်း ရေ မီး လှူတာတို့ ပြုလုပ်လေ့ရှိကြတယ်၊ တချို့ကြတော့ ငှက်ကလေးတွေကို အသက်စေ့ဝယ်ပြီး လွတ်ကြတယ်၊ တချို့ကတော့ ငါးကန်သွားပြီး ငါးလွတ်ကြတယ်၊ ဤနည်းအားဖြင့် ပုံစံအမျိုးမျိုးနဲ့ မိမိရဲ့ မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေကြသည်။ တချို့ကတော့ ကြာကြာစံရအောင် ကြာဇံတောင် တိုက်ကြသေးတယ်။ ဘလော့ဂါ စာရေးဆရာကိုယ်တိုင်က May16 ဆိုတဲ့ ကလောင်ကို အသုံးပြုပြီး သူ၏ မေ ၁၆ရက် မွေးနေ့ကို ပုံဖော် အမှတ်တရဖြစ်စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မွေးနေ့လေးကို အရက်ဝိုင်း၊ ကေတီဗီ (KTV) တွေ ညကလပ် (Night-club) တွေမှာ သွားပြီး အပျော်အပါးတွေနဲ့ မွေးနေ့ပွဲကို ဆင်နွဲမဲ့အစား မိမိရဲ့စိတ်ကလေးတွေ အေးချမ်းပြီး ကိလေသာကင်းတဲ့ စိတ်နဲ့ ကောင်းမှု ကုသိုလ်များဖြင့် မွေးနေ့ပွဲကို အမှတ်တရ ဖြစ်စေတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) နောက် ဒုတိယတစ်ခုက သာရဏီဓမ္မလို့ ခေါ်တဲ့ တစ်သက်တာ အမှတ်ရစေရမည့် အလုပ်တွေကို အမှတ်ရဖို့လိုသည်။ ထိုအလုပ်တွေဆိုတာ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပြုလုပ်အပ်သော ကောင်းမှုများပင်ဖြစ်သည်။ စာပေက သာရဏီယ-တစ်သက်တာအမှတ်ရစေရမည့် အရာများကို ဤသို့ဆိုတယ်။ (က) မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ကာယကံမေတ္တာ ထားခြင်း၊ ကိုယ့်အိမ်ရောက်လာတဲ့ ရဟန်းသဃာပဲ ဖြစ်ဖြစ်၊ ခရီးသွားဧည့်သည်ပဲ ဖြစ်ဖြစ် မေတ္တာရှေ့ရှုပြီး နွေးထွေးစွာ ကြိုဆို၊ နေရာထိုင်ခင်းပေး၊ ရေပူ ရေအေးပေး စသည်ဖြင့် ကိုယ်နဲ့ပြုလုပ်ရမည့် အလုပ်မှန်သမျှကို မေတ္တာဖြင့် ၀န်ဆောင်မှုပေးခြင်းသည် တစ်သက်တာ အမှတ်ရစေရမည့် (သာရဏီယဓမ္မ) အလုပ်ဖြစ်သည်၊ (ခ) မေတ္တာဖြင့် သူတော်ကောင်းစကား ပြောဆိုခြင်း၊ ဘုရားသွားမယ် ကျောင်းသွားမယ်၊ ကောင်းမှုပြုမယ် သီလဆောက်တည်မယ် စသည်ဖြင့် နှုတ်ဝစီဖြင့် ပြောဆိုခြင်းမျိုးကို တစ်သက်တာ အမှတ်ရစေမည့် တရားဖြစ်သည်။ အရက်ဆိုင်သွားမယ် ကေတီဗီသွားမယ် နှိုက်ကလပ်သွားမယ် ဆိုတဲ့ စကားမျိုးကား ထိုသာရဏီယ၏ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ (ခ) မေတ္တာစိတ် နှလုံးသွင်းခြင်းသည်လည်း ဘ၀မှာ တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ကင်းဝေကြပါစေဆိုတဲ့ စိတ်ဖြင့်ပွားများသည့် အလုပ်သည် တစ်သက်စာ အမှတ်ရစေမည့် သာရဏီယဓမ္မဖြစ်သည်။ (ဂ) ရလာတဲ့ စည်းစိမ်ဥစ္စာများကိုလဲ ကိုယ်တစ်ယောက်တည်း မသုံးဘဲ သူတပါးထံမှ ဘာမှ မျှော်လင့်ချက်မထားဘဲ မျှဝေသုံးစွဲသည့် စာဂ-စွန့်ကြဲဝေငှခြင်းသည်လည်း တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ (ဃ) ကိုယ့်ရဲ့ မကျိုး မပေါက်သည့် သီလသည်လည်း ဘ၀အတွက် အမှတ်တရ ဖြစ်စေမည့် တရားဖြစ်သည်။ (စ) ဂုဏ်ပကာသနတွေကြောင့် တစ်ယောက်နှင့် တစ်ယောက် အထင်သေး အမြင်သေးခြင်းမရှိဘဲ တန်းတူညီမျှ ပေါင်းသင်း ဆက်ဆံခြင်းသည်လည်း တစ်သက် အမှတ်ရစေမည့် အမှတ်တရ ဖြစ်သည်။

(၃) သတ္တ၀ါ အားလုံး မွေးပြီးရင် သေကြရမည်ဆိုတာကို သိပြီး လူအချင်းချင်း မာန်မာနကင်း ဣဿာရှင်းပြီး မေတ္တာ မုဒိတာ ကရုဏာစိတ်များ သွင်းကြရမည် ဖြစ်သည်။ ထို့ကြောင့် တတိယအနေနဲ့ တစ်သက်တာ အမှတ်ရစေရမည် အရာသည် သေခြင်းတရားပဲ ဖြစ်သည်။ သတ္တ၀ါတွေဟာ မွေးပြီး မုချသေရမည်၊ သူတို့ရဲ့ အသက်ရှင်တည်နေမှုဆိုတာ မမြဲ (မရဏံ မေ ဘ၀ိဿတိ၊ ဇီဝိတံ မေ အဒ္ဓုဝံ) ဟုသော မရဏဿတိ ဘာဝနာသည်လည်း ဘ၀မှာ တတိယ အနေနဲ့ အမှတ်ရစေရမှာ ဖြစ်သည်။ ထိုသို့ အမှတ်ရနေမှသာလျှင် လူလူချင်း စာနာ စိတ်ရှိပြီး မေတ္တာစိတ်ဖြင့် အချင်းချင်း ကူညီရိုင်းပင်ကြမည် ဖြစ်သည်။ သတ္တ၀ါတွေသည် သေရမည်ဆိုတာကို မေ့နေကြပြီး ဂုဏ်တူဂုဏ်ပြိုင် မာနတွေ၊ တစ်ယောက်၏ ကြီးပွားမှု အောင်မြင်မှု ပြည့်စုံမှုတွေကို မလိုလား မနှစ်သက် ဖျက်ဆီးသည့် ဣဿာတွေ ဖြစ်နေကြသည်။

နိဂုံး
ထို့ကြောင့် အားလုံးသော မွေးနေ့ရှင်တို့သည် မိမိတို့၏ မွေးနေ့ကို အမှတ်တရဖြစ်စေပြီး ကောင်းမှုကုသိုလ်များဖြင့် မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေနိုင်ကြပါစေ။ သာရဏီယတရားဟု ခေါ်ဆိုသည့် ကာယကံ မေတ္တာ ၀စီကံမေတ္တာ မနောကံ မေတ္တာ သီလစတဲ့ ကောင်းမှုများကိုလည်း အမှတ်တရဖြစ်စေဖို့လိုပါသည်။ နောက်ဆုံး ငါသည် နှစ်တစ်ရာအတွင်း သေရမှာပါလားဆိုတဲ့ အသိစိတ်ဖြင့် တိုတောင်းလှတဲ့ အသက်ရှင်နေသမျှကာလလေးမှာ ကောင်းမှုပါရမီများ ပြုလုပ်ပြီး ဘ၀ရဲ့ အစ အဆုံးကို အမှတ်တရ ဖြစ်နိုင်ကြပါစေကုန်သတည်းးးးးးးးးးးးးးးးး

မွေးနေ့ရှင် May16 သည် “မေလ ၁၆ ရက်နေ့” ရာပေါင်းများစွာ ပိုင်ဆိုင်ပါစေ။
ယနေ့မှ သည် နှစ်များစွာ ပျော်ရွှင် ချမ်းမြေ့ပါစေ၊
“ဟတ်ပီး ဘာ့သဒေး တူ ယူ” ဟူ၍ မြန်မာအသံနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၅-၂၀၁၂

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ခေတ်မှာ အသာစီးရအောင်

0

 လောက၌ အချို့သော လူတို့သည် ကုသိုလ်ကံကောင်း ၍ မိဘကောင်း၊ ဆရာကောင်း၊ ရဟန်းကောင်းများနှင့် တွေ့ရ၏။ ထို မိဘကောင်း၊ ဆရာသမားကောင်း၊ ရဟန်းကောင်းများထံမှ ရရှိသော အဆုံးအမ သြ၀ါဒဖြင့် မိမိကိုယ်ကို ယဉ်ကျေးအောင် ပြုပြင် ထိန်းသိမ်းခြင်းကြောင့် စိတ်ဓာတ်ယဉ်ကြေးလာကြသည်။ စိတ်ဓာတ်ယဉ်ကျေးလာတဲ့အခါ ပြောဆိုမှု နှုတ်လည်းယဉ်ကျေးလာသည်။ အသွားအလာ အလုပ်အကိုင် ကိုယ်အမူအရာလည်း ယဉ်ကျေးလာ၏။ မိဘကောင်း ဆရာသမားကောင်းများ သွန်သင်ဆုံးမမှုကြောင့် စဉ်းစားတွေးခေါ်တတ်သော အသိဥာဏ်လည်း ရှိလာသဖြင့် အသက်ရှင်နေစဉ် ကျန်းမာရေးကောင်းစဉ် တိုတောင်းလှသော အချိန်ကာလအတွက်သာ မကြည့်ဘဲ မိမိဘ၀အတွက် ရှည်ရှည်ဝေးဝေး ကြည့်ရှုလာတတ် မြင်တတ်လာ၏။

တမလွန်ဘ၀များ ကောင်းစားရေးအတွက်ပါ ထည့်သွင်းစဉ်းစားလာတတ်၏။ ထို့ကြောင့်ခေတ်မှာ အသာစီးရအောင် မမှန်သည်ကို အမှန်လုပ်ပြီး မပြောမိ အောင် ရှာင်ကြဉ်၏။ မိမိကိုယ်ကျိုးကိုသာ ဦးစားပေးလျက် အသက်ရှင်နေစဉ် ချမ်းသာရေးအတွက် မလုပ်သင် သောအလုပ်များကို မလုပ်မိအောင် အထူးသတိထားရှောင်ကြဉ်၏။ အရာရာမှာ အပြစ်ကင်းအောင်နေ၏။ သည်းခံ၏ ခွင့်လွတ်၏ ရန်သူများအပေါ် မေတ္တာပွား၏။

လူ့ဘ၀သည် မသိမှုအ၀ိဇ္ဖာ၊ လိုချင်မှု တဏှာစသော ကိလေသာတရားများဖြင့် ဖွဲ့စည်းဖြစ်ပေါ်နေ၏။ ထို့ကြောင့် အချို့လူသားသည် မိဘကောင်း၊ ဆရာကောင်း ၊ရဟန်းကောင်းမှား နှင့် မတွေ့ရသဖြင့် အဆုံးအမသြ၀ါဒများကို မရရှိနိုင်ကြပေ။ အချို့ အဆုံးအမသြ၀ါဒများကို ရရှိသော်လည်း တန်ဖိုးမထားခြင်းကြောင့် မိမိစိတ်ကို ယဉ်ကျေးအောင် မဆုံးမနိုင် မထိန်းသိမ်းနိုင်ကြပေ၊ စိတ်ဓာတ်မယဉ်ကေးခြင်းကြောင့် မူလ စိတ်မိုက်စိတ်ရိုင်းအတိုင်း ဘ၀ကို ကာမဂုဏ်ခံစားနိုင်ရေးအတွက်သာ အသုံးချနေကြ၏။ သွားလာလှုပ်ရားနေ နေကြ၏။

ပြည့်ပြည့်စုံစုံချမ်းချမ်းသာသာဖြင့် ကာမဂုဏ်ခံစားနိုင်ရေးအတွက် မိမိက အသာစီးရလိုသဖြင့်
 သတ်ခွင့်ကြုံလာလျှင် မိမိက လက်ဦးမှုရအောင်သတ်၏။ ခိုးခွင့်ကြုံလာလျှင်လည်း ခိုး၏။ လု၏။ အခွင့်သာလျှင် ကာမဂုဏ်လည်း ဖောက်ပြန်၏။ မိမိအမှား မိမိအပြစ်ကို ဖုံးကွယ်လျက် အပြစ်မရှိပါဘဲ သူတစ်ပါးသိက္ခာကျအောင် မမှန်မကန်လုပ်ကြံ ပြောဆို၏ ၀ါဒဖြန့်၏။ သူအသာစီးရအောင် ပတ်ဝန်းကျင်ကို စည်းရုံး၏။

သံကြိုးဖြင့် ငုတ်တိုင်မှာ ချည်နှောင်ထားသော ခွေး၏ လှုပ်ရှား မှုမျိုးဖြင့် သူ၏ လှုပ်ရှားမှုကို ဗုဒ္ဓက ချိန်ထိုးပြတော်မူခဲ့၏။ ငုတ်တိုင်မှာ သံကြိုးဖြင့် ချည်နှောင်ခံရသော ခွေးသည် သံကြိုး၏ နယ်နိမိတ် အတွင်း၌သာ ဣရိယာပုတ်လေးမျိုးလုံး မှာ သွားလာလှုပ်ရှားနိုင်သကဲ့သို့ မိဘ ကောင်း၊ ဆရာကောင်း၊ ရဟန်းကောင်းများထံမှ နာယူမှတ်သားအပ်သော အကြားအမြင် သုတမရှိသူမှာ အာရုံငါးပါး ၌ငြိတွယ်နေသော တဏှာ နယ်နိမိတ်အတွင်း ၌သာ သွားလာလှုပ်ရှားနိုင်၏။ ပြောဆိုလုပ်ကိုင်နိုင်၏ ဟုမိန့်တော်မူခဲ့၏။


ဗုဒ္ဓ၏ အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
အရှင်ခေမိန္ဒ ပုသိမ်မြို့၊ ပစ္ဆိမာရုံကောင်းတိုက်

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ညောင်ရေသွန်းပွဲ

0


ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြသည်။ ထိုသို့ကျင်းပပူဇော်ရခြင်းမှာ-

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်၊ သောကြာနေ့၌ ဖွားမြင်တော်မူ၍ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်ကိုရောက်တော်မူပြီး ကဆုန်လပြည့်၊ အင်္ဂါနေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေမြတ်ဖြစ်ခဲ့သည်။

ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမ၀င်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။ ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာ ဌာနတစ်ခုဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း  မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ သစ္စာ၎ပါး ကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။

အဓိက ရည်၇ွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင်ဖြစ်သည်။

ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်းဖျန်းပူဇော်ခြင်းကို ညောင်ရေသွန်းပွဲတော်ဟု ခေါ်တွင်ကာ မြန်မာတို့ ၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏ အခြေခံအကြောင်းပင်ဖြစ်သည်။

ညောင်ရေသွန်းပူဇော်ရကျိုး

ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိကတ်သုံးပုံတို့တွင် ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်၌  ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများကိုယ်တိုင် မိမိတို့၏ ဘ၀ဖြစ်စဉ်များကို ပြန်လည်ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။

ဂန္ဓောဒကိယ ရဟန္တာမထရ်

ပဒုမုတ္တရာ မြတ်စွာဘုရားလက်ထက်တော်၍ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ထင်းရှုး ဗောဓိပင် ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူကာ သွန်းလောင်းပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။

ထိုဘ၀မှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ရောက်ကာ ဘုံအဆင့်တစ်ရာရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိ ဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။

နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော သံဝသိတ မည်သော စကြ၀တေးမင်း ဖြစ်ခဲ့ရလေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ ဂန္ဓောဒကိယမထေရ် အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။

ဗောဓိသိဉ္စက ရဟန္တာမထေရ်

ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ညောင်ပင်ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့သွားရောက်ပြီး-

ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။

ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက် ကိုးဆယ်တစ်ကမ္ဘာကာလပတ်လုံး အပါယ်ငရဲသို့ မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။

ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ရောက်သောအခါ လူ့ပြည်၌ ဥဒကသေစနမည်သော စကြ၀တေးမင်းစည်းစိမ်ကို ရှစ်ကြိမ်တိုင်တိုင်ခံစားစံစားရခဲ့လေသည်။

ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ ဗောဓိသိဉ္ဓက မထေရ်အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘ၀ဖြစ်စဉ်ဖြစ်ပေသည်။ 

တိုက်တွန်းလွှာ

 အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော အသနဗောဓိယ ရဟန္တာမထေရ်၊ ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော ဗောဓိဝန္ဒက ရဟန္တာ မထေရ်မြတ်ကြီး တို့သည် လည်း ထိုကဲ့သို့သော အကျိုးထူးအကျိုးမြတ်များကို ရရှိခဲ့ဘူးကြပေသည်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောါအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံသက်သက်သာ မသွန်းလောင်ဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို လေးလေးနက်နက် အာရုံယူကာ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန် ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းရင်း ဤညောင်ရေသွန်းပွဲ စာစုလေးကို နိဂုံးသတ်လိုက်ပါသည်။

အရှင်နာဂ၀ံသ
မောင်ကံကော်(ကျုံပျော်)
သဒ္ဓမ္မသီတဂူသာသနာရိပ်သာ
တောရကျောင်းတိုက်

ထံမှ တဆင့်ကူးယူ ဓမ္မဒါနပြုပါသည်။

ညခင်း 
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဝိပဿနာအားထုတ်ပါ။

0


သူငယ်ချင်း-
 မင်းဒီစာကို ဖတ်နေရချိန်မှာ ၀ိပဿနာကမ္မဌာန်း အလုပ်ကို အားထုတ်ဖို့ စဉ်းစားနေချိန် ဖြစ်ချင်ဖြစ် နေမှာပါ။ ဒါမှ မဟုတ် အားထုတ်ခဲ့ပြီးဖြစ်ချင်ဖြစ်နေမှာပါ။

အခုအချိန်ဆိုတာက နေရာအနှံမှာ ၀ိပဿနာ တရားရိပ်သာတွေ၊ ဆရာတော်တွေ အသီးသီးက တရားထိုင်သင့်ကြောင်း ဟောကြားနေကြသလိုပဲ၊ ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် လူတိုင်းလိုလို တရားထိုင်ဖို့ကို စဉ်းစားနေကြပါပြီ။ အဲဒီအထဲမှာ မင်းလည်းတစ်ယောက်အပါအ၀င်ဖြစ်မယ်လို့ ကိုယ်ယုံကြည်တယ်။

မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အကာလိကော အချိန်အခါ မရွေး၊ လက်ငင်း အကျိုးပေးတတ်ပါတယ်။ ကိုယ်တိုင် ခံစား အားထုတ်သိမြင် ဆိုက်ရောက်နိုင်တဲ့ ဧဟိပဿိကော ဆိုတဲ့ ဂုဏ်တော်နဲ့လည်း ပြည့်စုံပါတယ်။ လူမျိုးမရွေး ဘာသာမရွေး ကိုယ်တိုင် လက်တွေ့တရားထိုင်ပြီးတော့မှ မိမိရဲ့ စိတ်သန္တာန်မှာ ရုပ်ခန္ဓာမှာ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း သိခွင့်ရတာ၊ ရနိုင်တာ ဗုဒ္ဓရဲ့ ဓမ္မပါ။ မြတ်စွာဘုရားဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်ကတည်း က ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တဲ့ လူသာမာန်ကနေ သဗ္ဗညုတ အသိဥာဏ်ထူးကို ထိုးထွင်းသိမြင်တော်မူခဲ့တဲ့ တရားရှင်လူစစ်စစ်ပါ။ ဘယ်တန်ခိုးရှင်ရဲ့ တမန်တော်၊ လူဝင်စားမှ မဟုတ်ပါဘူး။ သူဟောကြားခဲ့တဲ့တရားတွေ ကလည်း ရုပ်ခန္ဓာ စိတ်အစဉ်မှာ ဖြစ်ပျက်နေတာ၊ ခံစားနေရတာတွေမှ လွတ်ငြိမ်းကြောင်းအမှန် သစ္စာတရားတွေပါပဲ။ နာမည်ကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက နောင်အနာဂတ်မှာ လက်တွေ့သိပ္ပံနည်းကျ အစမ်းသပ်ခံနိုင်မှာ ဗုဒ္ဓ၀ါဒသာပဲရှိပါတယ်လို့ ပြောခဲ့ပါတယ်။

တို့တစ်တွေရဲ့ ဘိုးဘွားတွေ လက်ထက်မှာ တုန်းကဆိုရင် တရားထိုင်တာ လူသာမာန်တွေရဲ့ အလုပ်မဟုတ်ဘူး။  ဘုန်းတော်ကြီးတွေ အဘိုးအဘွားတွေ လုပ်တဲ့အလုပ်လို့ ယူဆထားခဲ့ကြတာ မဟုတ်လား။ တရားထိုင်တယ်ဆိုရင်ပဲ အထူးအဆန်းအလုပ်ကြီးတစ်ခုကို လုပ်နေတယ်လို့ တအံ့တသြဖြစ်နေကြတဲ့ခေတ်လေ။ ဒါပေမဲ့ အခု အချိန်မှာတော့ အားလုံးပြောင်းပြန်ဖြစ်သွားပါပြီ။ အသက်အရွယ်ငယ်ရွယ်စဉ်အခါ ကျန်းမာစဉ်အခါ၊ ဥာဏ်ထက်စဉ်အခါမှာ ခန္ဓာဥာဏ်ရောက်တရားတွေကို  ကျိုးစားအားထုတ်သင့်တယ်ဆိုတယ်အကြောင်း အားလုံးသဘောပေါက်ကုန်ကြပြီ။ တရားရိပ်သာ သွားတယ်ဆိုတာ လူတန်းစားမရွေး ၊ အသက်အရွယ်မေ၇ွး လုပ်တဲ့ အလုပ်တစ်ခုဖြစ်လာပြီလေ။ ဆရာတော်တွေရဲ့ အဆုံးအမနဲ့ သတိပဌာန်တရားတော်ဆိုတာ အချိန် နေရာမရွေး သတိနဲ့ ကျင့်ကြံနေထိုင်ရတဲ့ တရားဆိုတာ ကိုလည်း လက်ခံလာကြပီလေ။ ဒါကြောင့် သင်္ကြန်လို အချိန်မျိုးတွေဆိုရင် တရားစခန်းတွေမှာ လူအပြည့်ဖြစ်နေတာပေါ့။

ကိုယ်မှတ်မိဖတ်မိတာလေး ပြောပြအုန်းမယ် လယ်တီဆရာတော်ဘုရားကြီးသက်ရှိထင်ရှားရှိစဉ်က ကင်းဝန်မင်းကြီး ဦးကောင်းက ပင့်ဖိတ်ပြီး တရားနာ၊ ဆွမ်းကပ်တယ်တဲ့၊ တရားဟောအပြီးမှာ ကင်းဝန်မင်းကြီး က ငိုသတဲ့ ဘာဖြစ်လို့လည်းဆိုတော့ ဒီလို ၀ိပဿနာတရားတွေကို ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းကြီး နာကြားမသွားရတာကို စိတ်မကောင်းဖြစ်လို့တဲ့။ ဒါလောက်ဆိုရင် မင်းစဉ်းစားကြည့်လို့ရပြီးပေါ့နော်။ ကိုယ်တို့ အခုရောက်ရှိနေတဲ့ အချိန်ဟာ ဘယ်လောက်တောင် ကံကောင်းတဲ့ အချိန်လဲဆိုတာ။

မြတ်စွာဘုရားသာသနာတော် ထွန်းလင်းခိုက်၊ ကလျာဏမိတ္တကောင်းနဲ့ကြုံကြိုက်ခိုက် အခွင့်သာဆဲမှာ မဂ်ဖိုလ်တရားထူးများ ရအောင် အားထုတ်ခြင်းဖြင့် မတုန်မလှုပ်သက်ဝင်ယုံကြည်သူများအဖြစ် ရှိနေသင့်တယ်။ 

သူငယ်ချင်းရေ....ဆရာတော်တစ်ပါးအဆုံးအမလေးကိုလည်း ပြောပြအုန်းမယ်နော်။

သင်ကိုယ်သင် မေးကြည့်ပါတဲ့။
ဗုဒ္ဓမြတ်စွာဘုရားအပေါ် ဘယ်လောက်ယုံကြည်နေပါသလဲ၊ ယုံကြည်ပြီး ဘယ်လောက်လေးစားပြီးကာ ဗုဒ္ဓဝေယျာဝစ္စကို ဘယ်လိုနေ့စဉ်ကုသိုလ်ယူခဲ့ပါသလဲ။ ရိုသေလေးစားမှုက ဘယ်လောက်ထိ ရှိပါသလဲ။တရားတော်အပေါ်ကျတော့ရော ဘယ်လောက်ယုံကြည်သလဲ။

သူများပြောလို့စမ်းတ၀ါးဝါးလျောက်လုပ်နေတာလား။ဟိုလုပ်ရင်ကောင်းမယ်၊ သည်ဟာလုပ်ရင်ကောင်းမယ် ။ ဘယ်အသားတော့မစားဘူး။ မီးလွတ်စားရမယ်။ အဓိဋ္ဌာန်ဝင်ကြည့် စသည်ဖြင့်ပြောတာတွေ ယုံကြည် နေပြီလား။တကယ်ယုံကြည်လို့လုပ်ခဲ့တာ အောင်မြင်နေပြီလား။

ဝိပဿနာတရားက အားလုံးအဆင်ပြေတယ်။ ကျန်းမာရေးကောင်းတယ်၊ စိတ်သောကတွေ ကင်းဝေးပြီး ငြိမ်းချမ်းအေးမြမှုတွေပေးတယ်လို့ ပြောကြလျှင် အဲဒီဝိပဿနာ ကိုရော တစ်နေ့မှာ အချိန်ဘယ်လောက် ယုံကြည်စွာ လုပ်ဖူးသလဲ။

သံဃာတော်တွေကိုရော ဘယ်လောက် ယုံကြည်စွာ ကြည်ညိုတတ်ပြီလဲ။

သဒ္ဓါတရားအပြည့်နဲ့ ဘယ်လိုအလှူတွေ ပေးခဲ့သလဲ။ လှူပြီးတဲ့နောက်ရော စေတနာတွေပျက်လို့ ယုံကြည်မှုတွေ လွဲခဲ့ပြီလား စသဖြင့် မိမိတို့က ပုထုဇဉ်များပီပီ ယုံကြည်မှုသဒ္ဓါတရားကို နေ့စဉ် ဆန်းစစ်နိုင်ပါစေ လို့ တိုက်တွန်းထားတယ်။

ကိုယ်ကတော့ ကိုယ်မှတ်ဥာဏ်ထဲမှာရှိတာတွေကို မင်းကို ရင်းရင်းနှီးနှီးပြောပြရင်းနဲ့ တရားထိုင်ဖို့ တိုက်တွန်းတာပါကွာ။ ကိုယ်ချစ်တဲ့သူငယ်ချင်း ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ ၀ိပဿနာဘာဝနာအလုပ်ကို ငယ်ရွယ်စဉ်မှာ စတင်လုပ်ပြီး တစ်ဘ၀လုံးသယ်သွားနိုင်ပါစေ မေတ္တာပို့ဆုတောင်းလိုက်ပါတယ်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ီDid You Know

0


တရားထိုင်ခြင်းကြောင့် ဦးနှောက်အပြောင်းအလဲဖြစ်နိုင်

တရားထိုင်တာကြောင့် စိတ်အေးချမ်းမှု ရရှိစေတာနဲ့ စိတ်ပြေလျော့မှုတွေရရှိစေတယ်ဆိုတာ သိရှိကြပီးပြီလို့ထင်ပါတယ်။
တရားထိုင်တာကြောင့် ဦးနှောက်တွင်းမှ Grey Matter တွေပါပြောင်းလဲ မှုရှိတယ်ဆိုတာ  သင်သိပါရဲ့လား။ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ရှစ်ပတ်ကြာတရားထိုင်သူတွေဟာ မှတ်ဥာဏ်၊ စိတ်ဖိစီးမှု၊ သင်ကြားမှု စာနာမှုတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းနေရာမှာ သိသိသာသာပြောင်းလဲမှု ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် သင်ယူမှုနဲ့ မှတ်ဥာဏ်တိုးတက်လာအောင် စိုးရိမ်မှုနဲ့ ဖိစီးမှုတွေ လျော့ကျသွားအောင် နေ့စဉ် မိနစ် ၃၀ခန့်တရားသင့်ပါတယ်။

(ဒေါက်တာခင်မိုးမိုး ၂၀၁၁ခုနှစ် အာရောဂျံမဂ္ဂဇင်း)

Cell ပျက်စီးမှုနည်းအောင် တရားထိုင်ပါ။

သုံးနှစ် အသက်ပိုရှည်နိုင်ပါတယ်။

ပုံမှန်တရားထိုင် (ခါးမတ်မတ်ထားပြီး ထိုင်ကာ ၀င်လေထွက်လေအပေါ် အာရုံထားတာ)ကို နေ့စဉ် ၁၀မိနစ်ခန့် ပြုလုပ်သူတွေဟာ သုံးလအကြာမှာ ခန္ဓာကိုယ် Cellတွေ ပျက်စီးမှုမရှိ အောင် ကာကွယ်ပေးတဲ့ တယ်အိုမီးယားတွေ မြင့်တက်လာပြီး အသက်ပိုရှည်ရှည် နေနိုင်တယ်လို့ သိရပါတယ်။

အသက်ရှည်ခြင်းလှျှိုဝှက်ချက်။

တရားထိုင်ဖို့ ငြိမ်သက်နေစဉ်မှာ အကောင်းမြင်တဲ့ အတွေး ပြောင်းလဲသွားပြီး စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်စွမ်းမြင့်တက်လာပါတယ်။ စိတ်ဖိစီးမှုကို တာရှည်ခံရတာကြောင့် ခန္ဓာကိုယ်မှ တယ်အိုမီးယား ထွက်ရှိမှု နှောင်းနှေးသွားပြီး  Cell ကျန်းမာရေး ထိခိုက်တတ်လို့ပါ။

(ဒေါက်တာခင်မိုးမိုး ၂၀၁၁ခုနှစ် အာရောဂျံမဂ္ဂဇင်း)

ကျန်းမာရေး ရှုထောင့်မှ တရားထိုင်ခြင်းနှင့် ကျန်းမာရေး အကြောင်းကို တိုတိုနဲ့လိုရင်းလေး ဖတ်မိရတဲ့ အခါ မှာ ဒီပိုစ့်လေးရေးဖို့ဖြစ်လာပါတယ်။ ဆက်လက်ပီး ဘာသာရေး ရှုထောင့်မှ ကြည့်ရအောင်နော်။

မြတ်စွာ ဘုရားရှင်က ......

သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂ သံယုတ်၊ အပ္ပမာဒသုတ်တွင် ကောသလဘုရင်က မြတ်စွာဘုရားရှင်ကို-  အရှင်ဘုရား ပစ္စုပ္ပန်သံသရာ အကျိုးစီးပွား နှစ်မျိုးးကို ပြီးစီး ပြည့်စုံစေနိုင်သော တရာ (၁)မျိုး ရှိပါသလား ဘုရားဟု မေးလျောက်ပါတယ်။ ဗုဒ္ဓဘုရားရှင်က ဤပစ္စုပ္ပန် ဘ၀၌ အကျိုးစီးပွား နှင့် နောက်သံသရာ ဘ၀များ၌ အကျိုးစီးပွား နှစ်မျိုးလုံး ကို ရရှိနိုင် ပြီးစီး ပြည့်စုံနိုင်သည့် တစ်မျိုးတည်းသော အကြောင်းတရားသည် အပ္ပမာဒ သတိတရားပင်ဖြစ်သည်။ ခြေဖြင့်သွားကြသော သတ္တ၀ါအားလုံးတို့၏ ခြေရာတွင့် ဆင်၏ ခြေရာသည် အကြီးဆုံးဖြစ်သည်။ အခြားသတ္တ၀ါများ၏ ခြေရာများသည် ဆင်၏ ခြေရာကိုကျော်လွန်ပြီး မနိုင်နိုင်သဖြင့် ဆင်ခြေရာကို အကြီးဆုံးအမြတ်ဆုံး ဖြစ်သည် ဟု ပြောဆိုနိုင်သလို အပ္ပမာဒ သတိတရားသည်လည်း ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးစီးပွား ကို ရရှိခံစား ရနိုင်သော တရားဖြစ်သည်။ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ အဆင်းလှခြင်း၊ နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ မြင့်မြတ်သောအမျိုး၌ ဖြစ်ရခြင်းဟူသော နှစ်သက် ပျော်ရွှင် ဘွယ်ရာများကို အလိုရှိသူသည် အပ္ပမာဒ သတိတရားကို ပွားများ အားထုတ်သင့်၏။ စသည်ဖြင့် ပသေနဒီ ကောသလဘုရင်အား ဟောကြားတော်မူခဲ့ပါသည်။

လူ့ဘ၀ရခိုက် ဗုဒ္ဓသာသနာတော်နှင့် လည်းကြုံတွေ့ခိုက်မှာ ဗုဒ္ဓဘုရားရှင်၏ အပ္ပမာဒ သတိပဌာန်တရား မိမိတို့ သန္တာန်၌တည်ရှိနေစေရန် ကြိုးစားအားထုတ်လျှင်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန် လောကီ လောကုတ္တရာ အကျိုးစီးပွားကို အမှန်တကယ် ရရှိခံစား နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေး ရှုထောင့်ကရော ၊ ဘာသာရေး ရှုထောင့်ကပါ ရေးသားတင်ပြလိုက်ရပါတယ်။

ညခင်း 
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

တရားအသိ လူမျက်စိ

3

တရားအသိ လူမျက်စိ

ဘုရားလက်ထက်က ဝေသာလီမြို့မှာ ထေရိကာဆိုတဲ့ အိမ်ရှင်မကလေးတစ်ယောက်ရှိတယ်။ ရုပ်အဆင်းလဲလှတယ် ပစ္စည်းဥစ္စာလဲရှိတယ်။ အမျိုးလည်းမြတ်တယ်။ အထူးအားဖြင့်တော့ ရတနာ သုံးပါ ကျေးဇူးကြောင့် ထည်ဝါခံ့ညား လေးနက်မှုနဲ့ ပြည်စုံတယ်။ သမာဓိစွမ်းအားနဲ့ စိတ်ဓာတ်စွမ်းအားကြံ့ခိုင်အောင် ငြိမ်းအေးအောင် နေတတ်တယ်။ ရှုပ်ထွေးလေးလံလှတဲ့ အိမ်ထောင်ရေး ၀န်ထုပ်ကို သမာဓိစွမ်းအားနဲ့ ရှင်းလင်း ပေါ့ပါးစွာ ထမ်းဆောင်တတ်တယ်။ တရား ကျေးဇူးတွေ နဲ့ တပန်းသာနေတာပေါ့။ သူ့ရဲ့ အိမ်ထောင်ရေး လမ်းစဉ်ဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းပေါ်ကို ရောက်နေတယ်။ ပူလောင်ရှုပ်ထွေး လေးလံလှတဲ့ အိမ်မှုကိစ္စ တာဝန်ဆိုတာ ငါ့ဦးနောက် အသိဥာဏ် တစ်ခုတည်းနဲ့ ထမ်းလို့မနိုင်ဘူး။ အင်အားအလွန်ကောင်းတဲ့ ရတနာသုံးပါး စွမ်းအားနဲ့ ထမ်းမှ နိုင်မှာလို့ ပြတ်သားတဲ့ ခံယူချက်ထားတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရတနာသုံးပါး ဦးထိပ်ထားပြီး သမာဓိ ထူထောင်တယ်။ တရားနာကြား လေ့လာဖူးတော့ ၀ိပဿနာလဲနှလုံးသွင်း ဆင်ခြင်ပွားများတတ်တယ်။

(၁)ဒါန
(၂) သရဏဂုံ
(၃) ငါးပါးသီလ
(၄) မေတ္တာ
(၅) အနိစ္စာနုပဿနာ

အဲဒီငါးမျိုးကို နေ့စဉ်အိမ်ထဲမှာ နေရင်း ရအောင်စုတယ်။ မနက်အိပ်ရာထတာနဲ့ သရဏဂုံ သီလကယူထားပြီးသား၊  ဘုရား၊ ရေ၊ ပန်း၊ ဆီမီးကပ်လှူတာ အစ မိသားစုအချင်းချင်း ကျွေးတာအဆုံး အလှူကိုလဲ လေးလေးနက်နက် လုပ်တယ်။ မေတ္တာကို သတိရတိုင်းပို့တယ်။ ထမင်းဟင်းချက်တော့မယ်ဆိုရင်လဲ ဤစားဖွယ်အမယ်မယ်ကို စားသုံးကြတဲ့ မိသားစုတွေ ချမ်းသာကြပါစေလို့ မေတ္တာပွားလေ့ရှိတယ်။ ထမင်းဟင်းချက်ရင်းတောင်မှ သိတတ်တဲ့ စိတ်နဲ့ သိစရာ ထမင်းဟင်းအာရုံကို ပိုင်းခြားပြီး သမာဓိရအောင် စူးစိုက်ချက်တယ်။ အိမ်အလုပ်တွေကို စိတ်ကူးပေါက်သလို ရှုပ်ယှက်ခတ် မလုပ်ဘဲ သတိနဲ့ အကွက်ချ စဉ်တန်းပြီး ဒါပြီးရင် ဒါလုပ်မယ်။ ဒီအလုပ်လုပ်နေချိန်မှာ ဒါနရနိုင်ရင် ဒါနယူထားလိုက်တယ်။ သီလရနိုင်တဲ့နေရာမှာ သီလယူထားလိုက်မယ်။ သမာဓိရနိုင်တဲ့ နေရာမှာ သမာဓိယူထားလိုက်မယ်။ မေတ္တာရနိုင်တဲ့ နေရာဆိုရင် မေတ္တာပွားပေးမယ်။ ၀ိပဿနာရနိုင်တဲ့ နေရာကျတော့လဲ ၀ိပဿနာ ယူလိုက်မယ်လို့ မှန်ကန်တဲ့ စိတ်ထားလေးနဲ့ ကျိုးစားဆောင်ရွက်တယ်။

တနေ့တော့ ဟင်းချက်ရင်း ရေပူမီးပူ ကြောင့် လန်းဆန်းလတ်ဆတ်နေတဲ့ ဟင်းရွက်တွေ ကျက်သွားကြပုံ ပြောင်းလဲသွားကြပုံကို ဥာဏ်နဲ့ ကြည့်ရင်း ခန္ဓာဘက်ဥာဏ်လှည့်ပြီး စူးစိုက်ကြည့်လိုက်တယ်။ မိမိခန္ဓာမှာ သင်္ခါရ အပူဒဏ်ကြောင့် ရုပ်နာမ်တွေ ရင့်ကျက်ပြောင်းလဲနေပုံကို သမာဓိဥာဏ်နဲ့ စူးစိုက်ပွားများလိုက်တာ ၀ိပဿနာဥာဏ်ရင့်ပြီး အနာဂါမ်ဖြစ်သွားတယ်။ ထမင်းဟင်းချက်ရင်း စိတ်ဓာတ်ကိုပါ ရင့်ကျက်သွားအောင် ချက်တတ်တယ်ပေါ့။ အမှိုက်ထဲက ရွှေထုပ်ကောက်တယ်လို့လည်း ဆိုနိုင်တာပဲ။ မကြာမီ သူ့ခင်ပွန်းထံ ခွင့်တောင်းပြီး သာသနာဝင် ဘိက္ခုနီ ပြုလိုက်တယ်။ တရားဆက်အားထုတ်လိုက်တော့ ရဟန္တာဖြစ်သွားပါတယ်။

အာရုံနဲ့ စိတ်စွမ်းအားများ သဘာဝအရှိအတိုင်း သိမြင်နိုင်အောင် ပညာက အလင်းရောင်ပေးရပါတယ်။ အရှိကို အရှိအတိုင်း သိနိုင်တာကို ပညာလို့လည်းခေါ်ပါတယ်။ နေ့စဉ်လုပ်နေကျဖြစ်တဲ့ စားဝတ်နေရေး။ စီးပွားရေး၊ လူမှုရေး၊ အလုပ်တွေကို သတိနဲ့ အကွက်ချ တန်းစီပြီး ၀ီရိယနဲ့ စနစ်တကျ ဆောင်ရွက်သွားရင် သမာဓိကလေးတွေ အဆင့်ဆင့် ပေါ်လာကြမယ်ဆိုတာ ဒီ ဇာတ်ေ တ်ာလေးက သက်သေပြနေပြီးနော်။ သတိနဲ့ ၀ီရိယတွဲပေးကာ စိတ်ကြည်လင် သန့်စင်စွာနဲ့ နေ့စဉ်အိမ်ထဲမှာ နေရင်း ၊ အလုပ်လုပ်ရင်း ကုသိုလ် အစုနဲ့ တကွ သံသရာမှလွတ်ရာ အေးငြိမ်းတဲ့ နိဗ္ဗာန်ရအောင် အထောက်အပံ့ကောင်းတွေ ရအောင်စုကြပါစို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

သနားစရာ အကောင်းဆုံးလူ

2


သနားစရာ အကောင်းဆုံးလူ
လူအများစုသည် ဒေ၀ဒတ်ကို အဆိုးဆုံး လူတစ်ယောက်၊ မုန်းစရာ အကောင်းဆုံး လူတစ်ယောက် ဟု ဧကန်သတ်မှတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် မေတ္တာ၊ ကရုဏာရှင် မြတ်စွာဘုရားနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည့် အရှင် သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ဆန့်ကျင်သူတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားရှင်ကမူ ဒေ၀ဒတ်ကို အလွန်သနားပေလိမ့်မည်။ သနားစရာ အကောင်းဆုံး လူတစ်ယောက်ဟု ရှုမြင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူ၊နတ်၊ ဗြဟ္မာ ၊သတ္တ၀ါတို့ မြတ်စွာဘုရားကို ကိုးကွယ်ရာ၊ အားကိုးရာ အဖြစ်ကြည်ညိုလေးစားချင်ကြရန်အတွက် လူမိုက် အလုပ်တွေကို လွန်ကျူးလုပ်ပြကာ အ၀ီစိသို့သွားရောက် ဒုက္ခခံ နေရသော ကြောင့် ဖြစ်သည်။

 လူ၏ မူလ သဘာဝစိတ်ဓာတ်ဟာ အမှောင်ထုကိုလွှမ်းမိုးနေပြီး ငါးပါးအာရုံ ကာမဂုဏ်တရားတို့နှင့် မွေ့ရော်ပျော်ပါး နေသောစိတ်ဓာတ်ဖြစ်သည်။  ထို့ကြောင့် အမှောင်ထုကို ဖယ်ရှားပြီး မိမိစိတ်ကို အမှောင်ထုမှ ဖယ်ရှားနိုင်ရန် အောက်ပါ အသိဥာဏ်သုံးမျိုး ရှိရမည်ဖြစ်ပါသည်။

၁။ လောကထဲ၌ နေထိုင်စဉ် လူမှာ အမှားအမှန်၊ အဆိုအကောင်း၊ ဆင်းရဲချမ်းသာကို ခွဲခြားသိမြင်တတ်သော အသိဥာဏ်ရှိဖို့လို၏။
၂။ အဆိုးအကောင်း  လောကဓံတရားများနှင့် တွေ့ကြုံရသောအခါ စိတ်သောကမဖြစ်ရအောင် ဆင်ခြင်ပွားများ တတ်သော အသိဥာဏ်ရှိဖို့လို၏
၃။ ကာမဂုဏ်ကိုစက်ဆုပ်၍ လောကမှ လွတ်မြောက်လိုသောအခါ မှန်ကန်သော ကျင့်စဉ်တရားကို စိစစ်ရှာဖွေ တတ်သော အသိဥာဏ်ရှိဖို့လို၏။

ထိုအသိဥာဏ်သုံးမျိုးကို လောကသားထဲ မှ ဘယ်ပုဂ္ဂိုလ်က ပေးစွမ်းနိုင်မည်ထင်ပါသနည်း။  မသိမှု အ၀ိဇ္ဖာ၊ သဘာဝ ရုပ်နာမ်တရားတို့အပေါ် အမြင်မှားအသိမှားမှု ဒိဌိ၊ အာရုံငါးပါး ကာမဂုဏ်တရားကို လိုလားမှု ကာမတဏှာ၊  ဒီ တရားသုံးမျိုးသာ လူသားတွေ စိတ်ထဲမှာ အမြဲလွမ်းမိုးနေခြင်းကြောင့် ယင်းတရားသုံးမျိုးကိုဖယ်ရှားနိုင်ဖို့ရာ အထက်ပါ အသိဥာဏ်သုံးမျိုးကို ဗုဒ္ဒမြတ်စွာမှ တစ်ပါး အခြားမည်သူမှ မပေးစွမ်းနိုင်ပေ။ ဗုဒ္ဓတရားတော်များကသာ လျှင် ယင်းအသိဥာဏ်များကို ရနိုင်မည်ဖြစ်ပါတယ်။ ထို့ ကြောင့် အဆိုပါ အသိဥာဏ် သုံးမျိုးရနိုင်ရေးအတွက် လူသားတိုင်း ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာသင့်ပေသည်။

တောတောင်ကိုဖြတ်လျက် ကားလမ်းဖောက်သောအခါ မူလရှိနေတဲ့ ကျောက်တုံးကျောက်ဆောင်များ တောချုံသစ်ပင်များကို ရှေးဦးစွာ သုတ်သင်ရှင်းလင်းရ၏။ ထို့သို့သုတ်သင်ရှင်းလင်းပြီးမှ လမ်းချောဖြစ်အောင် မြေချောမြေဖို့ စသည်တို့ကိုပြုလုပ်ရ၏။ ထိုသို့လမ်းချောဖြစ်မှသာ ယင်းလမ်းပေါ်၌ကားများပြေးဆွဲကြရသည်။ ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာပြိးနောက် ယင်းတရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းသည် ကားလမ်းချော၌ ကားများပြေးဆွဲကြသည်နှင့်တူ၏။

ဒီပိုစ့်လေးဖြစ်ပေါ်လာပုံကတော့ 
 
စာရေးသူ ရဲ့ စာမရိုက်ခြင်ခြင်း၊ အာရုံစိုက်ရ့ခြင်း၊တွေးတောရခြင်းတို့ကို ပြုလုပ်ရမှာ အတော်လေးကို စိတ်ပျက်မိနေချိန်မှာ ကလျာဏမိတ္တမိတ်ဆွေကောင်း  တို့၏ တရားဓမ္မများကို တတ်နိုင်သလောက် တတ်သိသလောက်လေး ဖြန့်ဝေပေးစေချင်သော  စေတနာ  တိုက်တွန်း နှိုးဆော်ချက် တို့ကြောင့်ဖြစ်ပေါ်လာရခြင်းပါ။ လောကသားများသည် ကာမဂုဏ်ကို ချမ်းသာထင်လျက် အာရုံထဲမှာ နစ်မြုပ်ကာ တစ်ဘ၀ပြိး တစ်ဘ၀ သံသရာရေစီးကြောင်းမှာ မျောပါစီးနေကြသည်။ဒီအထဲမှာလည်း စာရေးသူလည်း သံသရာခရီးသွားဖြစ်တဲ့အတွက်ကြောင့် ငါးပါးအာရုံ တွေနဲ့ မျောနေခြင်းဖြစ်သည်။  

လူ့ဘ၀သည်ကောင်းမှုများကုသိုလ်ပြုလုပ်၍ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သလို မကောင်းမှုအကုသိုလ်လုပ်၍အောက်ဆုံးအထိရောက်အောင် ပြုလုပ်နိုင်သော ဘုံဘ၀ဖြစ်ပေသည်။သို့ဖြစ်၍ ရခဲလှစွာသော လူ့ဘ၀လေးမှာ သာသနာနဲ့တွေ့ကြုံနေခိုက် ပြုလုပ်သင့်သည်ကောင်းမှုများကို နေ့စဉ်ပြုလုပ်ကာ တန်ဖိုးရှိသောလူ့တစ်ယောက်အဖြစ်တန်ဖိုးရှိသောလူ့ဘ၀ကို အသုံးချနိုင်အောင် ကြိုးစားကြပါစို့လို့တိုက်တွန်းရေးသားလိုက်ရပါသည်။

ညခင်း
တရားအစစ်အမှန်ချစ် နှစ်ခြိုက် ကျင့်သုံးနိုင်ကြပါစေ။ (၂၄.၂.၂၀၁၂)

ကောင်းဆိုးနှစ်မျိုးခွဲခြားပါ။

1

ကောင်းဆိုးနှစ်မျိုး ခွဲခြားပါ.....

ဗုဒ္ဓကသည် သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါအားလုံး ဆေးကြောသုတ်သင်ပေးမယ်။ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနသို့ ပို့ဆောင်ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးခဲ့ပါဘူး။ 

တစ်စုံတစ်ယောက်ရဲ့ အပြစ်တွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိ ဗုဒ္ဓမှာမရှိပါဘူး၊ တကယ်စင်စစ်တော့ တစ်စုံတစ်ယောက်သည် အခြား တစုံတစ်ယောက် သန့်ရှင်း အောင်လဲ လုပ်မပေးနိုင်ပါဘူး ညစ်နွမ်းအောင်လဲ လုပ်နိုင်ပါဘူး။မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တစ်ယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဆန်းစစ်မှု ၀ိဘဇ္ဇအခွင့်အလမ်းနှင့်ပတ်သက်၍ကေသမုတ္တိသုတ် တော်လာ ကာလာမအမျိုးသားတို့အား မြတ်ဗုဒ္ဓသည့် အမှန်တရားစိစစ်လက်ခံနိုင်ရေး စဉ်းစား တွေးတောကြံဆနိုင်ရန်  အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။

ဗုဒ္ဓရဲ့ စကားကြီး(၁၀)ခွန်း

ကာလာမတို့-
၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကားကြားရုံမျှနဲ့လဲ ၀ါဒတစ်ခု လက်မခံလိုက်နဲ့ဦး။


၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံ အားလုံးလဲ မှန်တယ်လို့ သိမ်းကျုံးလက်မခံလိုက်နဲ့ဦ်း။

၃။ သူတစ်ပါးပြောတိုင်းလဲ မစုံစမ်းမဆင်ခြင်ပဲ လက်မခံလိုက်နဲ့ဦး။

၎။ စာနဲ့ရေးထားတိုင်းလည်း အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။ 

၅။ မိမိတွေးတောကြံဆ လို့ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေ အားလုံးမှန်ပြီ လို့ လက်မခံလိုက်နဲ့ဦး။

၆။ မှီရာ နည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။

၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတစ်ယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။

၉။ ထင်ရှား ကျော်ကြား လူအများ လေးစားတဲ့ ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။

၁၀။ ငါတို့လေးစားတဲ့ ငါတို့ ဆရာစကား ဆိုပြီး တော့လဲ အပြီးသတ် လက်မခံလိုက်နဲ့အုန်း။ 
 
*ကာလာမတို့ … ဤတရားတို့ကား စက်ဆုပ်ဖွယ်တရားတို့ပါတကား၊ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား၊ ဤအကျင့်တို့ကား သူတော်ကောင်းများကဲ့ရဲသော အကျင့်ပါတကားလို့ သင်တို့ကိုယ်တိုင် ဥာဏ်နဲ့ သိနိုင်ကြသားပဲ။

အဲဒီလို သိတဲ့အခါ အဲဒီ မကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ၊ ပယ်လိုက်ကြပေါ့။

ကာလာမတို့ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့်သာ ဤအကျင့်တရားတို့ကား အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိသူတော်ကောင်းများ ချီးမွမ်းအပ်သော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့သိနိုင်ကြသားပဲ၊ကိုယ်ပိုင် ထားသော စိတ်၊ စေတသိတ်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည် သတ္တိတွေကို အသုံးချလိုက်ကြပါ။

ထိုသို့ဟောကြားခဲ့ပါတယ်။ သုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းဟောကြားချက်များသည် ဘာသာရေးမှာ မျက်စိမှိတ်လမ်းလွဲ နေတဲ့ ပုဂ္ဂိုလ်တွေ မျက်စိပွင့်စေတဲ့ စွမ်းအားတစ်မျိုးဖြစ်ပါတယ်။ ကိုးကွယ် ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွ လာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

                                                                                      ကေသမုတ္တိသုတ်၊ မဟာဝဂ်၊
                                                                        အဂုင်္တ္တရနိကာယ၊ တိကနိပါတ်ပါဠိတော်
ညခင်း
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ

2


 လူသုံးမျိုး

လူဆိုတာ အသိဥာဏ်ကို အကြောင်းပြုပြီး သုံးမျိုးရှိပါတယ်။
(၁) ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံး မရှိတဲ့အတွက် ကုသိုလ်မရ ၀မ်းမ၀တဲ့ လူ
(၂) ပစ္စည်းရှာနိုင်တဲ့ ပညာသာရှိပြီး တရားရှာတတ်တဲ့ ပညာမရှိတဲ့အတွက်ကြောင့် ကုသို်လ်မရ ၀မ်းသာဝတဲ့ လူ။
(၃) ပညာနှစ်မျိုးလုံးရှိတဲ့အတွက်ကြောင့် နှစ်မျိုးလုံးရအောင် ရှာနိုင်တဲ့အတွက် ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ

ဘုရားလက်ထက်က ဗာရာဏသီမြို့မှာ မဟာဓန သူဌေးဇနီးမောင်နှံ နှစ်ယောက်ရှိပါတယ်။ နှစ်ဖက်သော မိဘထံက ကုဋေ (၁၆၀)တောင် အမွေရထားတယ်။ ပစ္စည်းကြွယ်ဝလွန်းတော့ မြန်မာလို ကိုကြွယ်ပေါနဲ့ မကြွယ်ဌေးလို့ ခေါ်ရမှာပေါ့။ အတိတ်ကံက ပေးလိုက်တဲ့ အမွေကလဲ အံ့သြစရာပဲ။ လူ့ဘောင်မှာ ဥာဏ်ဝီရိယမှန်မှန် ထိန်းသိမ်းကြိုးစားနိုင်ရင် မြို့ရဲ့ မျက်နှာဖုံး ပထမတန်းစား သူဌေးဖြစ်နိုင်လောက်ပါသတဲ့။ တကယ်လို့ အချိန်မီ ဥာဏ်ဝီရိယစိုက်ပြီး တရားအလုပ် အားထုတ်နိုင်ရင် ကိုကြွယ်ပေါက ရဟန္တာဖြစ်နိုင်သတဲ့။ မကြွယ်ဋ္ဌေးက အနာဂါမ်ဖြစ်နိုင်သတဲ့။ တောက်မယ့်မီးခဲ ရဲရဲတွေလို့ ဆိုရမှာပေါ့။

ဒါပေမယ့် အထင်မကြီးလိုက်ပါနဲ့။ ရှိတိုင်းချမ်းသာတာ မဟုတ်ဘူး။ တောက်မဲ့မီးခဲဟာ အချိန်မီ မှုတ်မပေးရင် မီးငြိမ်းသွားတတ်သလို ပြာကျသွားတတ် သလိုပဲ လူဟာလဲ ကံအမွေ ပစ္စည်းအမွေတွေ ရထားပေမယ့် ဥာဏ်ဝီရိယနဲ့ အချိန်မီ မှုတ်မပေးနိုင်ရင် မီးငြိမ်းပြာကျပြီး အလကားလူ ဖြစ်သွားတတ်ပါတယ်။ သူတို့ မိဘတွေက ကိုယ့်သားသမီးကို အချစ်လွဲပြီး မခွဲနိုင်လို့ ပညာအမွေမပေးခဲ့ကြဘူး။ သူတို့နှစ်ယောက် ငယ်ငယ်က ပညာ မသင်ခဲ့ကြရဘူး။ ပစ္စည်းကို ထိန်းနိုင်တဲ့ ပညာလဲမရှိ ဘ၀ကိုထိန်းနိုင်တဲ့ အသိလဲ ကင်းနေကြတော့ အကန်းဇနီးမောင်နှံလို့ ဆိုစရာ ဖြစ်တာပေါ့။

သူတို့မိဘတွေ မရှိကြတဲ့အခါ သူတို့ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က အားလုံးသိကြတော့ အရက်သမားတွေ လူလိမ် လူညာတွေရဲ့ လှည့်ဖြားလိမ်ညာမှုကြောင့် ပစ္စည်း ကုဋေ(၁၆၀)ရော အိမ်ကြီး နှစ်လုံးရော အားလုံးကုန်ဆုံးသွားပါတယ်။ နောက်ဆုံးတော့ တစ်ယောက်လျှင်ခွက်တစ်လုံးစီ ကိုင်ပီး တောင်းစားရတဲ့ သူတောင်းစား ဇနီးမောင်နှံ ဖြစ်သွားပါတယ်။ ကုသိုလ်မရ ၀မ်းမ၀တဲ့ ဗလာ သုညဘ၀နဲ့ ပူလောင်စွာ နိဂုံးချုပ်ကြရရှာတယ်။ ပထမတန်းစား သူဋ္ဌေးဖြစ်ဖို့ အနာဂါမ် ရဟန္တာဖြစ်ဖို့ မပြောနဲ့ လူနဲ့တူအောင် တောင် နေမသွားရဘူး။ အမွေတွေ နှမြောစရာ ကောင်းလိုက်တာ၊ ပညာမရှိ တရားမသိရင် ဘ၀ဟာ သိပ်နစ်နာလွန်းပါတယ်။

ဒါကြောင့် မိဘများဟာ ကိုယ့်သားသမီး တကယ်ချစ်တဲ့ တယ်ဆိုရင်၊ ပစ္စည်းအမွေပေးရုံနဲ့ မပြီးသေးဘူး ပစ္စည်းနဲ့ ဘ၀ ကို ထိန်သိမ်း အသုံးချနိုင်မယ့် အတတ်ပညာနဲ့ တရားအသိအမွေပါ ပေးနိုင်မှ မိဘ ၀တ္တရားကျေမှာဖြစ်ပါတယ်။

ပညာဆိုတာ ကောင်းမှုစွမ်းအား ထုတ်လုပ်တဲ့ အခါ လိုအပ်တဲ့ အဆင့်ရောက်အောင် လမ်းညွန်ပေးတယ်။ မလိုအပ်ပဲ အပိုဖြုန်းတီးမှုမျိုးကိုလည်း တားဆီးပေးတယ်။ ပညာအလင်းရောင် ရှိသူဟာ ဘ၀အမြင်ကို ရှင်းနေအောင် ရှုမြင်သုံးသတ်တတ်ပါတယ်။့ ဒါကြောင့် ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံးရှိပြီး  ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ အဖြစ် နေထိုင်ကြပါစို့လို့ တိုက်တွန်းရင်းး ညခင်း မှတ်သားထားရသမျှ မျှဝေလိုက်ပါတယ်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အဆုံးအမသြ၀ါဒ

2


ယနေ့ ဖတ်မိ သော ဆရာတော်ကြီးများ၏ အဆုံးအမ သြ၀ါဒများကို ပိုစ့်တစ်ခု အနေဖြင့် ပြန်လည် မျှဝေလိုက်ရပါတယ်။


''နေ့စဉ် ကုသိုလ်တရားများ ၌ မမေ့ကြပါနှင့် လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိနားလည်ပါ။ ဘယ်သူတရားပျက်ပျက် သင်မပျက်စေနှင့်။ သင့်ကို အကြောင်းပြုပြီး တစ်ပါးသူစိတ်မဆင်းရဲပါစေနှင့်။မိဘများစားနိုင်တဲ့အခါ ကျွေးကြပါ။သေမှ မငိုကြပါနှင့် သူတစ်ပါးအပြစ်ကို မပြောနှင့်။ ကိုယ့်အပြစ်ကိုသာ ရှုကြပါ။ ဗြဟ္မစိုရ်တရား အမြဲပွားများ၍ ငါးပါးသီလမြဲကြပါ။ အလိုက်သိပါ အားနာပါ၊ အရှက်အကြောက်ရှိပါစေ။ ကြီးသူကို ရိုသေပါ။ ရွယ်တူကိုလေးစားပါ။ ငယ်သူကိုသနားပါ။ မစူးစမ်း မဆင်ခြင်ပဲ မပြောပါနှင့် မလုပ်ပါနှင့် ၊ နေရာတိုင်းမှာ စိတ်သဘောထား ကြီးကြီးထားပါ။ စကားပြောသောအခါ မျှမျှတတရှိပါစေ။ မိမိကိုယ်ကိုယ်နေ့စဉ်စစ်ဆေးမှ ကြီးပွားနိုင်မည်။ အကုသိုလ်တရားများကို လက်တွေ့ရှောင်ပါ။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရားထားပါ။ မာနကို နှိမ့်ချလို့ တန်ဖိုးကိုမြှင့်တင်ပါ။ မွန်မြတ်သာ ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားကြပါ။''
စစ်ကိုင်းဆရာတော် ဘဒ္ဒန္တ ဓမ္မာနန္ဒာ


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မုသားမပါ......

0



 ချစ်သားရာဟုလာ...မုသားဆိုလျှင် ရယ်ရွှင်ဖွယ်အဖြစ်ပင်လျှင် မပြောလေနှင့်။ လိမ်လည် လှည့်စား ဥာဏ်များ တတ်သူတို့၌ မလုပ်အပ်၊မလုပ်ရဲသော အကုသိုလ်ဟူ၍ မရှိနိုင်၊ မှောက်ထားသော ရေခွက်၌ ရေတစ်စက်မျှ မကျန်သကဲ့သို့ ထိုလိမ်လည်လှည့်စား ဥာဏ်များတတ်သူတို့၏ သန္တာန်၌လည်း အရည်အချင်းကောင်း မှန်သမျှ (လူရည်လူသွေးမှန်သမျှ) ဘာမျှမကျန်နိုင်တော့ချေ။ (ရာဟုလောဝါဒသုတ်)

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မုသာဝါဒနှင့် ပတ်သက်၍ အထက်ပါအတိုင်း မိန့်မြွက်တော်မူခဲ့ပါသော်လည်း ယနေ့ ခေတ် လူသား တစ်ချို့သည် မုသာဝါဒကို ရေလိုသုံးနေကြတာကို တွေ့ရပါတယ်။ ကျင့်သားရနေပြီဖြစ်လို့ အပြစ်မရှိဟု ပင်ထင်မှတ်နေကြ လားမသိပေ။ မုသားမပါ လင်္ကာမချော လို့တောင် လက်သုံးစကားလေးနဲ့ ပေါ့ပေါ့ပါးပါးဆိုနေကြပါပြီ။

ဗုဒ္ဓဘာသာဟု အမည်ခံလျက် ရှိကြသည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သဗ္ဗညုတ ဥာဏ်တော်ကြီး ဖြင့် အမှန်အတိုင်းသိမြင်၍ တားမြစ်ဟောပြတော်မူခဲ့ပါသော်လည်း လိုက်နာကျင့်သုံးမှု နည်းလာပါးလာ သောကြောင့် မုသား ၏ တရားစီရင်မှုကို ခံနေကြရသည်ကို မသိကြလို့လား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

လူတစ်ယောက်သည် နေထွက်မှ နေ၀င်သည် အထိမိမိပြုခဲ့သည့် ကံသုံးပါးကို ဆင်ခြင်ကြည့်လျှင် မုသာဝါဒပါသော ၀စီကံက ချိန်ခွင်လျှာ ဇောက်ထိုးပြလျက်.... လောဘ-ဒေါသတို့နှင့် ရောပြွမ်းနေသော ထိုမုသားသည် အိစ်ဇော မှ ထွက်နေသည့် အပူမီးခိုးတန်းများကဲ့သို့ဖြစ်နေချေပြီ။ ထိုလူပေါင်းများစွာတို့က တစ်နေ့တာ ထုတ်လွတ်လိုက်ကြသော မုသားအပူငွေ့တို့သည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ဆွေ့ဆွေ့ခုန်အောင် မပူလောင်စေလျက်ရှိပါသည်။

စိတ်၏ ဆင်းရဲ၊ ကိုယ်၏ ဆင်းရဲ ၊ အနေဆင်းရဲနှင့် အမိတော်လည်း သားတော်ခဲ လျက် ကိုယ်က သူကိုမယုံကြည်၊ သူကလည်း မိမိကို အထင်သေး၊ သည်လိုနှင့် အေးချမ်းမှုတွေ တဖြည်းဖြည်း ဝေး၍ဝေး၍သွားခဲ့ပါပီ။ သို့သော် သတ္တ၀ါတို့သည်ကား မုသားအပြော မရပ်ကြသေးပါ။

မိမိတို့ ဗုဒ္ဓဘာသာ တွင် မြတ်စွာဘုရား၏ တရားတော်များ လမ်းညွန်ကောင်းများရှိကြလျက် ကံသုံးပါးကို စိတ်လွတ်ကိုယ်လွတ် လွတ်ထားလို့ မသင့်တော်ကြပေးကြောင်းသတိထားမိရပါတယ်။ဒါကြောင့် နေ့စဉ် သူတော်ကောင်းတရားများ ကြားနာကြလျက် နေထွက်သည်မှ နေ၀င်သည်ထိ မိမိပြုခဲ့သည့် ကံသုံးပါးကို ဆင်ခြင်ကြည့်ကာ စိတ်အလှကိုပါ ပြင်ဆင်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ပြောတဲ့စကား၊ ကြားတဲ့အသံ ကုသိုလ်လား၊ အကုသိုလ်လားး ခွဲခြားသိပြီး အကုသိုလ်ဆို ပျောက်သွားအောင် ရှုမှတ်ရမှာ၊ ကုသိုလ်က ပင်လယ်ကြီးကို ဖြတ်နိုင်တဲ့ သင်္ဘောကြီးနဲ့တူတယ်။ အကုသိုလ်က ရေထဲမြုပ်နိုင်တဲ့ ကျောက်ခဲနဲ့တူတယ်။ အကုသိုလ် ကျောက်ခဲတွေနဲ့ နေသေးရင်တော့ အကျိုးမပေးသေးဘူးနော်။ အကုသိုလ်ကျောက်ခဲတွေများ လာရင်တော့ သင်္ဘောကြီးမြုပ်မှာပဲ။ (ပိုင်လော့ဆရာတော်ကြီး အဆုံးအမသြ၀ါဒများ)

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

သိက္ခာထပ် အလှူတော် မင်္ဂလာ

1

 ''သိက္ခာထပ် ပုနောပသမ္ပဒ ကံဆောင် မင်္ဂလာ''

ဘုရားတပည့်တော် တပည့်တော်မ တို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လျှက်, မအိုမသေ အမြဲနေရာ ဖြစ်သော မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းတလျှက်, ကုသိုလ်ပါရမီ အထောက်အပံ့ဖြစ်ပါစေရန် လည်းကောင်း၊ သာသနာတော်အကျိုးဆထက်တပိုး သယ်ပိုးနိုင်ရန်လည်းကောင်း ရည်သန်လျှက် သာသနာတော် စည်ပင် ပြန့်ပွားရေးအတွက်တက်ကြွစွာသာသနာပြုလျှက်ရှိသော.......
အရှင်ပညာနန္ဒ(ကြံခင်း) အား
B.A-Dip(Buddhism),M.A-( Buddhism/Social Dimension)
(International University of Kelaniya, Sri lanka)

သိက္ခာထပ် ပုနောပသမ္ပဒ ကံဆောင် မင်္ဂလာအခမ်းအနားကို ဆင်ယင်ကျင်းပကာ သံဃာတော်အရှင်သူမြတ်(၁ဝ)ပါးတို့အား လှူဒါန်းဖွယ်ရာအဖြာဖြာတို့ဖြင့် မိဘများအားအမှုးထား၍ ဒေါ်နှောင်းဝင့်လွင် နှင့် ဒေါ်သီတာလှိုင်ဝင်း မိသားစုတို့မှ ၂ဝ၁၂၊ဇန်နဝါရီလ (၁၅)ရက်၊ တနင်္ဂနွေနေ့တွင် ရေကြည်မင်္ဂလာကျောင်းတိုက် ၊ဘူတာရုံလမ်း၊ပုသိမ်မြို့၌ လှူဒါန်းပူဇော်ခဲ့ပါတယ်...ဗုဒ္ဓဘာသာဆွေတော်မျိုးတော် အပေါင်းတို့အား ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ပါရန် .....


ရဟန်းတော်တစ်ပါးအားသိက္ခာထပ် ခြင်းအကြောင်း

ရဟန်းတော်တစ်ပါးအား သိက္ခာထပ် အလှူ ပြုလုပ်မှာဖြစ်တဲ့အတွက် သိက္ခာထပ်ခြင်းဆိုသည်မှာ၊ ဘာတွေလည်း ရဟန်းအတွက်ရော၊ လှူဒါန်းသူ ဒကာဒကာမများ အတွက်ပါ၊ ဘာတွေလိုအပ်ပြီး၊ ဘာတွေ လိုက်နာကျင့်သုံးရမည်များကို  ဘုန်းဘုန်း သီတဂူစတား အားမေးလျောက်ဖြစ်ခဲ့ပါတယ်။

ညခင်း အတွက် သာသနာရေးရာ ကိစ္စအ၀၀ကို မေးလျောက်သည့်အခါတိုင်း မဆိုင်းမတွ ဖြေကြားပေးလျက် ဆုံးမသွန်သင် ပေးလျက်ရှိသည့်  အရှင်ကောဝိဒသီရိ (သီတဂူစတား) အား ကျေးဇူးတင်ကြောင်းလည်းလျောက်ထားပါတယ်။ဦးဇင်းမှ....

သိမ်ထပ်ခြင်းမင်္ဂလာ
သိမ်ထပ်တယ်ဆိုတာ ပုနောပသမ္ပဒလို့ ခေါ်တယ်၊ နောက်တစ်ကြိမ် တဖန်ရဟန်းပြုပေးခြင်းဟု ဆိုသည်။ ဘာ့ကြောင့် ပုနောပသမ္ပဒ သိမ်ထပ် (ကံထပ်) မင်္ဂလာပြုကြသနည်း?

၁။ အကယ်၍ ပထမရဟန်းခံစဉ်က အကြောင်းအမျိုးမျိုးကြောင့် ရဟန်းခံ ကံ မမြောက်ခဲ့သော် သို့မဟုတ် မပြည့်စုံခဲ့သည်ရှိသော် ကံမြောက်သွားစေသည်၊ ပြည့်စုံသွားစေသည်။
၂။ အကယ်၍ ကံမြောက်ပြီးဖြစ်သော်လည်း ခိုင်ရာသံပတ် မြတ်ရာထွဋ်တင် ဆိုတာလို ပိုပြီး ဖြူစင်သွားအောင် ခိုင်မြဲအောင် ပြုလုပ်ပေးရာရောက်သည်။
၃။ ရဟန်းအတွက် ပစ္စည်းလေးပါး ပြည့်စုံ လုံလောက်စေသည်။
၎။ အလှူရှင် ရဟန်းဒကာ ဒကာမများအတွက် ကုသိုလ်ပွားစေသည်။

ရဟန်းအတွက်တော့ ရဟန်းသိက္ခာဟာရှိနေပြီးဖြစ်တဲ့အတွက်  ဒကာ၊ ဒကာမတိုးခြင်းပဲ ရပါတယ်။ ကုသိုလ်အနေနဲ့ ကိုယ့်ဒကာ၊ဒကာမတွေကို မေတ္တာပို့ပေးတာ၊ ဒကာ ဒကာမများ အကျိုးများမဲ့ တရားတွေ ဟောပေးတာ၊ ကိုယ့်ဒကာ၊ ဒကာမတွေ စိတ်ကျေနပ်အောင် သာသနာပြုပေးတာတွေ လုပ်ပေးမယ် ဆိုရင်တော့ သိက္ခာထပ်ခံရတဲ့ရဟန်းမှာ အကျိုးဖြစ်ပါတယ်။ လှူဒါန်းပေးတဲ့ ဒကာ၊ဒကာမတွေမှာလည်း မိမိရဟန်းရဲ့ သာသနာပြုလုပ်ငန်း တွေကိုကြည့်ပြီး  ၀မ်းသာပီတိဖြစ်မှု ကုသိုလ်၊ ရဟန်းရဲ့လိုအပ်တဲ့အရာကို ထောက်ပံ့ပေး တဲ့ကုသိုလ်၊မိမိအရင်က သံယောဇဉ်ထား စရာမရှိလို့ မလှူဖြစ်ခဲ့ပေမဲ့ မိမိရဟန်းရှိတဲ့အခါ သင့်တော်တဲ့ အလှူလေးတွေ လုပ်ဖြစ်တဲ့အကျိုးတွေ ရရှိကြောင်း...
တချို့သောသူများဟာ မိမိနဲ့ရင်းနှီးတဲ့လူမရှိရင် ဘုန်းကြီးကျောင်းရောက်ဖို့ ခဲယဉ်းပါတယ်။မိမိနဲ့ရင်းနှီးတဲ့ ရဟန်းသံဃာများရှိရင် ကျောင်းကိုရောက်ဖြစ်ပြီးဒါနကုသိုလ်၊ သီလကုသိုလ်၊ ကျောင်းဝေယျာဝစ္စ တံမြတ်လှည်းခြင်းစတဲ့ ကုသိုလ်များတိုးပွားစေကြောင်း.. မိမိနဲ့ရင်းနှီးမှုရအောင် မိမိဆွေမျိုးမတော်တဲ့ သံဃာကို သိက္ခာထပ် အကျိုးရလဒ်တွေဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဒါကတော့ အလှူမစတင်မီ သိထားသင့်သည်များကို မေးလျောက်ခဲ့ခြင်းဖြစ်ပါတယ်။
လှူဒါန်းဖွယ်ရာ ပစ္စည်းများကိုတော့ အလှူကျင်းပ မည့် ရေကြည်မင်္ဂလာ ဆရာတော်မှ လမ်းညွန် မိန့်ကြားပေးခဲ့ပါတယ်။ 
ဒီလိုနဲ့ အလှူလေး ကို တနေ့တာစီစဉ် မှုများဖြင့် စတင်ကျင်းပ ဖြစ်ခဲ့ပါတယ်။ 
အလှူဒါနအတွက် ရေစက်သွန်းချ တရားတော်ကိုတော့ ပုသိမ်မြို့ မဟာမြိုင်တောရ ကျောင်းဆ၇ာတော် ဘဒ္ဒန္တ ဣန္ဒောဘာသမှ ချီးမြှင့်ခဲ့ပါတယ်။
 ဤသို့သော တရားတော်ကို နာယူ ဖတ်ကြားရပြီး သူတော်စင်အပေါင်းတို့သည် ယခုလို ကံထပ်မင်္ဂလာ ကုသိုလ်ထူးကို ရယူနိုင်ကြပါစေ....
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers