ဖြူစင်သော စိတ်ထားဖြင့်သာ

1

ဖြူစင်သော  စိတ်ထားဖြင့်သာ

စိတ်ကောင်းသည် မြင့်မြတ်သည်ထက် မြင့်မြတ်အောင် ပြုလုပ်တတ်၏။ မိဘဆွေမျိုးများကသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။

စိတ်ယုတ်မာသည် ယုတ်ညံ့သည်ထက်  ယုတ်ညံအောင် ပြုလုပ်တတ်သည်။ ခိုးသူ၊ ရန်သူအချင်းချင်းသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။  (ဓမ္မပဒ)

 လူတို့သည် စည်းစိမ်ဥစ္စာတို့ကို လိုလားတောင့်တတတ်ကြ၏။ ရာထူးအရှိန်အ၀ါ သြဇာအာဏာကိုလည်း လိုလားတောင့်တတတ်ကြ၏။ မြတ်နိုးတန်ဖိုးထားတတ်ကြပါ၏။ သို့တစေ ဓနဥစ္စာ၊ ရာထူးအရှိန်အ၀ါ၊ ဂုဏ်အကျော်အစောတို့ထက် ပိုမို့၍ လိုလားတောင်တအပ်၊ မြတ်နိုးတန်ဖိုးထားအပ် သောအရာ တစ်ခုကိုမူ အများအားဖြင့် မေ့လျော့နေတတ်ကြပါ၏။ ယင်းအရာကား ဖြူစင်မွန်မြတ်သော စိတ်ထားပင်ဖြစ်ပါသည်။

ပစ္စည်းဥစ္စာ၊ ဂုဏ်ရှိန်အ၀ါတို့သည် ဘ၀၌ လိုအပ်ပါ၏။ ပြည့်စုံနိင်သမျှ ပြည့်စုံနိုင် လျှင် ကောင်းပါ၏။ သို့သော် ယင်းအရာတို့ ပြည့်စုံပါလျက်၊ ကောင်းမွန်ဖြူစင်သော စိတ်နှလုံး မရှိသော် ပစ္စုပ္ပန် သံသရာ နှစ်ဖြာတွင် စိတ်အေးဖွယ် မရှိချေ။ အေးချမ်းဖြူစင်သော စိတ်ထားကို မမွေးမြူနိုင်လျင် အတက်လောကဓံ၏ ဒဏ်ကို ရေရှည်တွင် ကျော်လွှားနိုင်ဖို့ မလွယ်ပေ။

သို့ဖြစ်သောကြောင့် မိမိခုံမင်လိုချင်သော ဥစ္စာ၊ အကျော်အစော ဂုဏ်ဒြပ်တို့ကို ရှာဖွေရာ၌ စိတ်နှလုံးကို အထိအခိုက် မခံစေသင့်။ အပွန်းအပဲ မခံစေသင့်၊ ဖြူစင်ဖြောင့်မတ်သော စိတ်နှလုံးဖြင့်သာ မိမိလိုချင်သော အရာကို ရအောင်ယူပါ။ မိမိလိုချင်သော ဘ၀ပုံသဏ္ဍာန်ကို ပုံဖော်ဖန်တီးပါ။ ဖြူစင်ရိုးသားသော စိတ်ထားရင်းခံဖြင့် ရှာဖွေရရှိသော စည်းစိမ်ချမ်းသာ၊ ကျော်ကြားမှုနှင့် ဂုဏ်အရှိန်အ၀ါတို့၌ အကုသိုလ်ဓာတ် စွန်းထင်း ပေကျံခြင်းမရှိ။ ပကတိ သန့်ရှင်းစင်ကြယ်၏။

ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိရာတွင် မနောကံက ဦးဆောင်သူဖြစ်၏။ စိတ်ထားဖြူလျင် ၀စီကံဖြူသည် ၊ ကာယကံဖြူသည။၊ စိတ်ထားအေးချမ်း လျှင် ၀စီကံအေးချမ်းသည်၊ ကာယကံအေးချမ်းသည်။ ဖြူစင်ကောင်းမွန်သော စိတ်ထားရင်းခံလျှင် ၀စီကံမှု၊ ကာယကံမှုများ ဖြူစင်ကောင်းမွန်လျက်၊ ဖြူစင်ကောင်းမွန်သော ဘ၀ကောင်း၊ ဘ၀မွန်တစ်ခုကို ပုံဖော်တည်ဆောက်သွားပေလိမ့်မည်။ သို့ဖြစ်၍ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ၊ အရာရာမှာ ဖြူစင်သော စိတ်ထားဖြင့်သာ ဆောင်ရွက်သင့်ကြောင်း တိပိဋကဓရ အရှင် သူမင်္ဂလာလင်္ကာရ ဆရာတော်ကြီးက ဤသို့ သြ၀ါဒချီးမြှင့် တော်မူခဲ့ပါသည်။

ဖြူစင်သော စိတ်ထားဖြင့် ဆောင်ရွက်သမျှ အေးမြသောအကျိုးကို ရရှိမည်။ မဖြူစင်သော စိတ်ထားဖြင့် ဆောင်ရွက်လျှင် နောင်အချိန်တွင် အပူအပင်များ ၀င်လာမည်မှာ သေချာပါသည်။ သို့အတွက် အရာရာမှာ ဖြူစင်သော စိတ်ထားဖြင့် ဆောင်ရွက်ကြစေချင်ပါသည်။


အပ္ပမာဒ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။ စာရေးသူ-မင်းနန် (မော်ကျွှန်း)

တရားအစစ် အမှန်ချစ် နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မိုးနှင့်တူသောလူသားများ

0


မော်ကွန်းသစ် ဘလော့မှ ကူးယူဖေါ်ပြပါသည်။အဆုံးအမပေးတဲ့ အရှင်ဘုရားလည်း ကိုယ်စိတ်နှစ်ဖြာအေးချမ်းပါစေ။

မိုးနှင့်တူသော လူသားများ


လူဆိုတာဘာလဲ?
အကောင်းနဲ့အဆိုး၊ အကြောင်းနဲ့အကျိုးကို ခွဲခြားသိရမယ်၊ သိတဲ့အတိုင်း လိုက်လုပ်တတ်ရမယ်။ ဒါမှသာ လူမည်ပါသတဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ချင်ရင်၊ လူဖြစ်ရကျိုးနပ်ချင်ရင်၊ လူမည်တဲ့ လူတစ်ယောက်ဖြစ် ချင်တယ်ဆိုရင် အကြောင်းအရာတစ်ခု မိမိနဲ့ ကြုံတွေ့လာတိုင်း ကောင်းတာလား၊ ဆိုးတာလားဆိုတာ အရင်ဆုံးသိအောင် သရုပ်ခွဲပေးပါ။ ပြီးတော့ ကောင်းတာဆိုရင် ကံ၊ကံရဲ့ အကျိုး ယုံကြည့်တဲ့ စိတ်ထားနဲ့ ဆက်လုပ်ဖို့ ကိုယ့်မှာတာဝန်ရှိသလို၊ မကောင်းတာဆိုရင်လည်း "ဒီမကောင်းတာကိုလုပ်မိရင် အဲဒီ မကောင်းတာကြီးက တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ငါ့ကို ဆင်းရဲခြင်းတွေ မေးလိမ့်မယ်"ဆိုတဲ့ အတွေးနဲ့ မလုပ်ဖြစ်အောင် မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ်သုံးပါးကို နိုင်အောင်ထိန်းပါ။

အဘိဓမ္မာခုနှစ်ကျမ်းထဲမှာ ပုဂ္ဂလပညတ်ကျမ်းဆိုတာရှိပါတယ်။ အဲဒီကျမ်းက ပုဂ္ဂိုလ်အမျိုးအမျိုးကို ကွဲကွဲပြားပြား၊ ခြားခြားနားနားသိစေရန်အတွက် သူအကန့်နဲ့သူ တကန့်စီ ဒီလို မိုးနဲ့ဥပမာပေပြီးတော့ ခွဲခြားပြသပေးထားပါသေးတယ်။

မိုးလေးမျိုး
(၁) ခြိမ်းလျှက် မရွာသော မိုး၊
(၂) ရွာလျှက် မခြိမ်းသော မိုး၊
(၃) ခြိမ်းလည်းခြိမ်း၊ ရွာလည်းရွာသော မိုး၊
(၄) ခြိမ်းလည်းမခြိမ်း၊ ရွာလည်းမရွာသော မိုး၊

(၁) လောကမှာ လူတချို့ဟာ ပါးစပ်ကသာပြောတယ်၊ ပြောတဲ့အတိုင်း လက်က လက်တွေ့မလုပ်ကြဘူး။ ဒီလိုပြောရုံသာပြောပြီး၊ ပြောတိုင်းလိုက်မလုပ်တတ်တဲ့ သူဟာ ခြိမ်းလျှက် မရွာသောမိုးနဲ့တူကြတယ်။

(၂) လောကမှာ လူတချို့ဟာ အလုပ်ကိုတော့ လုပ်ကြတယ်၊ ပြောတော့ မပြောကြဘူး၊ ဒီလို လုပ်ရုံသာ လုပ်ပြီး၊ မပြောတဲ့သူဟာ ရွာပေမယ့် မခြိမ်းတဲ့ မိုးနဲ့တူကြတယ်။

(၃) လောကမှာ လူတချို့ဟာ အလုပ်လည်းလုပ်ကြတယ်။ ပြောလည်းပြောကြတယ်။ ဒီလို ပြောလည်းပြော၊ လုပ်လည်းလုပ်တဲ့သူတွေဟာ ခြိမ်းလည်းခြိမ်း၊ ရွာလည်းရွာတဲ့မိုးနဲ့တူကြတယ်။

(၄) လောကမှာ လူတချို့ဟာ အလုပ်လည်း မလုပ်ကြဘူး၊ ပြောလည်း မပြောကြဘူး၊ ဒီလူတွေဟာ ခြိမ်းလည်း မခြိမ်း၊ ရွာလည်း၊ မရွာတဲ့မိုးနဲ့တူကြတယ်။

သင်ရော ဘယ်လိုလူစားမျိုးလဲ?

မော်ကွန်းသစ်
7း58am 20.6.2011

အနှောင်ထူလေ လောင်ဆူလေ

1

အနှောင်ထူလေ  လောင်ဆူလေ

အသင်သဏ္ဌာန် အရ
လူဝတ်ကြောင်ဘ၀ကို
ကိုင်းတောမှာ ဆောက်တဲ့အိမ်၊
ရဟန်းဘ၀၊ သီလရှင်ဘ၀ကို
သောင်ပြင်မှာ ဆောက်တဲ့အိမ်
လို့ဆိုရပေမယ့်
အနှစ်သာရအရကတော့
လူပဲဖြစ်ဖြစ်
ရှင်ပဲဖြစ်ဖြစ်
သံယောဇဉ်အနှောင်အဖွဲ့
များတဲ့စိတ်ဟာ
ကိုင်းတောအိမ်စ်ြပြီး
သံယောဇဉ်အနှောင်အဖွဲ့
ကင်းတဲ့စိတ်ဟာ
သောင်ပြင်အိမ်ဖြစ်ပါတယ်။
လူဖြစ်ပေမယ့်
သောင်ပြင်မှာ ရောက်နေနိုင်သလို
ရှင်ဖြစ်ပေမယ့်လည်း
ကိုင်းတောမှာ ရောက်နေနိုင်ပါတယ်။
ကိုင်းတော အိမ်သမားက
အပူဓာတ် ကူးလွယ်ပါတယ်။
သောင်ပြင်အိမ်သမားက
အပူဓာတ်ကင်းဝေးပါတယ်။ အရှင်ဆန္ဓာဓိက (စိတ်အားဖြည့်ဓမ္မပန်းပွင့်)

စေတနာ ၃မျိုး

1

စေတနာ ၃မျိုး

ဗုဒ္ဓဘာသာဝင်တွေဟာ လှူတဲ့အခါ စေတနာ ၃မျိုး ထားပြီး လှူတတ်ကြတယ်။ အဲဒါက မလှူခင်ထားတဲ ပုဗ္ဗစေတနာ၊ လှူနေစဉ်ထား တဲ့ မုဉ္စစေတနာ၊ လှူပြီးထားတဲ့ အပရ စေတနာ။ အဲဒီ စေတနာ သုံးတန် ပြဌာန်းမှုအရ အရ လှူဒါန်းတဲ့ အလှူဒါနဟာ အကျိုးဖြစ်ထွန်းတယ်လို့ ဗုဒ္ဒဘာသာဝင်တွေ နားလည်ထားကြပါတယ်။

နောက်ပြီး ဗုဒ္ဒဘာသာအယူမှာ စေတနာဟာ ကံဖြစ်တယ်။ ကျေးဇူးရှင် တောင်မြို့ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်းမျိုးပြုတ်အောင် ချုပ်ပျောက်ကြသည်မဟုတ်၊ နောင်အခါ အကျိုးပေးရန် မိမိတို့ သတ္တိကို မြုပ်နှံ၍ ချုပ်သွားကြသည်လို့ ရေးတော်မူခဲ့တယ်။ ဆိုလိုတာက တော့ စေတနာမှာ ဒါနမှာ ကံသတ္တိတွေ ရှိတယ်။ အဲဒီ ကံသတ္တိတွေက နောင်အခါမှာ အကျိုးပေးတယ်။ ဒါကြောင့် ဒါန ပြုတဲ့အခါ ပုဗ္ဗ၊ မုဉ္စ၊ ပရ စေတနာ သုံးတန် ပဋာန်းပုံကို လိုက်ပြီး အကျိုးပေး မတူကြဘူး။

ဘယ်လိုအကျိုးပေးမတူလည်းဆိုရင် ဒါနပြုရာမှာ စေတနာဟာ အဓိက ကျတယ်။ ဒါန စွန့်ကြဲမှုတစ်ခု ပြုတိုင်းမှာ စေတနာသုံးမျိုး ပါတယ်။ အလှူတစ်ခုပြုလုပ်တော့မယ်ဆိုရင် ကြံစည်တာကအစ  ထင်ရှားကျော်စောလိုစိတ် ၊ မိမိလှူနိုင်ကြောင်းကြွားလိုစိတ်၊ တချို့က အာဏာရှိသူတွေနှင့် ရင်းနှီး ကျွှမ်းဝင်လိုစိတ်များနဲ့ လှူတယ်။ အဲဒီ  ပုဗ္ဗစေတနာ သန့်မသန့်ပေါ်မှာ မူတည်ပြီး ဒါန အကျိုးပေးချင်းကွာတယ်။ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်တဲ့ စိတ် မလှူလိုတဲ့ စိတ်တွေလည်း ဖြစ်တတ်ကြတယ်။ ဒီလိုမဖြစ်စကောင်းပါဘူး၊ ဒါနပြုမယ် ကြံစည်ကတည်းက ၀မ်းမြောက်ရွှင်လန်းတဲ့စိတ် နဲ့ အရာရာကို ကျေကျေနပ်နပ် စီမံနိုင်ရပါမယ်။

နောက်စေတနာက မုဉ္စ စေတနာတဲ့။စွန့်လွတ်ခြင်း အနက်ဖြစ်ပါတယ်။ ဒီစေတနာက စွန့်လွတ် လှူဒါန်းနေတုန်းမှာဖြစ်တဲ့ စေတနာပါ။ ဒီလို လှူနေတုန်းမှာလည်း အကုသိုလ်စိတ်တွေ မဖြစ်ရဘူး၊ အလှူခံပုဂ္ဂိုလ်ကို ကပ်ငြိတဲ့ တဏှာလောဘစိတ် မဖြစ်ရဘူး၊ ဒီလို လှူဒါန်းတဲ့ အတွက် ငါ့ကိစ္စကို ကူညီဆောင်ရွက် မှာပဲဆိုတဲ့ လောဘအကျိုးကိုလည်း မမျှော်ဘဲ ရက်ရက်ရောရော စွန့်လွတ်တာကို မုဉ္စစေတနာလို့ခေါ်ပါတယ်။

နောက်တစ်ခုက အလှူ အထမြောက်သွားလို့ အဲဒီ ကုသိုလ်နှင့် ပတ်သက်ပြီး ဖြစ်တဲ့စေတနာ၊ အပရစေတနာလို့ ခေါ်ပါတယ်။ လှူလိုက်ရ လို့ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေတာ၊ နောက်ထပ်လှူချင်စိတ် စေတနာတွေ ဖြစ်နေတာ၊ အဲဒါကို အပရစေတနာလို့ခေါ်တယ်။

အဲဒီ စေတနာ သုံးတန်မှာ တွန့်တိုတဲ့ စိတ်၊ စေတနာ ပါသွားရင် လှူရင် လှူတဲ့အတွက် စည်းစိမ်ကိုတော့ရပါတယ်။ ဒါပေမဲ့ သူဌေးဖြစ်ပြီး မစားရက်၊ မ၀တ်ရက်၊ တင့်တောင်တင့်တယ် မနေရက်ဘူး။ အဲဒီလို သူဌေးကပ်စီးနှဲတွေကိုတွေ့ဖူးမှာပါ။  အဲဒီလို သဌေးမျိုးတွေ ဘုရားရင် လက်ထက်တော်အခါကတည်းက ပေါ်ခဲ့ဖူးတယ်။ အာဂန္ဆု သူဌေးဆိုတာ ကုဋေရှစ်ဆယ်မက ကြွယ်ဝတယ်။ ဒါပေမဲ့ ၀တ်တော့ လျှော်နဲ့ ရက်တဲ့ အ၀တ် ပုဆိုးကိုဝတ်တယ်။ သူတစ်ပါးစွန့်ပစ်တဲ့ ရထားကျိုးကို ကောက်ယူပြီးစီးတယ်။ ထန်းလက်ကို ထီးလုပ်ပြီး ဆောင်းတယ်။ ဆန်ကွဲ ဟင်းနုနွယ် ကန်စွန်းရွက်တွေကို ရောကျိုတဲ့ ယာဂုကိုသောက်တယ်၊ သေတော့ သူ့ ဥစ္စာ ပစ္စည်းတွေကို မင်း ဘဏ္ဌာအဖြစ် သိမ်းယူတာခံရတယ်။ သူက တော့ အပါယ်ကို ရောက်သွားတယ်။ အဲဒါ ဘာဖြစ်လို့လည်း ဆိုရင် ရှေးဘ၀က အရှင်ပစ္စေက ဗုဒ္ဓါ ဆွမ်းကပ်လှူတဲ့အခါ၊ ပရစေတနာ တွန့်တိုခဲ့လို့ ဖြစ်ရတာ လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။

ပုဗ္ဗစေတနာ တွန့်တို တဲ့သူတွေလည်းရှိတယ်နော်....တချို့ ခြံတံခါးတွေမှာ အလှူခံမ၀င်ရလို့ ရေးထားတာတွေ့ရတတ်တယ်။

ရှေးတုန်းက သာဝတ္ဆပြည်က နန္ဒသူဌေးမျိုးပေါ့။ သူကလည်း ပုဗ္ဗစေတနာ တွန့်တိုလို့ သူ့ခြံထဲကို အလှူခံ ပုဂ္ဂိုလ် မ၀င်နိုင်အောင် အစောင့်အရှောက်နဲ့ ထားတယ်။ သူသေတော့ မြို့ပြင် ဒွန်းစဏ္ဌားအမျိုးမှာ ဖြစ်တယ်။ အိမ်ခြေငါးရာလုံးပင် ဆန်ကွဲ ဆန်ညာတောင်ရှာလို့မရဘူးတဲ့။ ဒီတော့ ရွာသားတွေက ငါတို့ရွာမှာ သူယုတ်မာ ပဋိသန္ဓေနေတယ်နဲ့တူတယ် ဆိုပြီး ရွာသားတွေကို တစ်ဝက်စီ ခွဲပြီး ရှာလိုက်တာ လူယုတ်မာ သန္ဓေနေတဲ့အိမ်ကို နောက်ဆုံးရောက်တယ်။ ရွာက အဲဒီ ကိုယ်ဝန်ဆောင် လင်မယားကို နှင်ထုတ်ကြတယ်။ ရွာတံခါးဝ ဇရပ်မှာ ဒီကလေးကို မွေးရတယ်။ ဒီကလေး သွားလာဆော့ကစားတဲ့ အရွယ်တိုင်အောင် ထမင်းတစ်လုပ်မစားရဘူး၊ သစ်ရွက်သစ်သီး သစ်ဥတွေ ရှာစားရတယ်။ နောက်ဆုံးတော့ မိဘတွေလည်း မခံနိုင်တာနှင့် သူ့လက်ထဲ အိုးခြမ်းပဲ့ကိ ထည့်ပြီး ထမင်းတောင်စားချေဆိုပြီး လွတ်လိုက်ရတယ်။ အဲဒီ ၀တ္တုဟာ ပုဗ္ဗစေတနာ တွန့်တိုတဲ့လူရဲ့ အကျိုးပေးပါပဲ။

အကျိုးရှိတဲ့ အလှူကိုလှူနိုင်ပြီး ကောင်းမွန်တဲ့စိတ်ထားတွေ ထားနိုင်စေရန် ရည်ရွယ်ပါတယ်။ ဗုဒ္ဓဘာသာ အယူအဆမှာ အလှူဒါန ပြုတာဟာ မျိုးစေ့စိုက်တာနှင့် တူတယ်လို့ လက်ခံယုံကြည်ကြတယ်။ ဒါကြောင့် ကျေးဇူးရှင် တောင်မြို့ ဆရာတော်ကြီး ရှင်ဇနကာဘိဝံသက အလှူခံ မှာ လယ်ပမာ၊ လှူရှာသူများ လယ်သမား၊ အများလှူဖွယ် မျိုးစေ့နှယ်၊ နောင်ဝယ် အသီးစား လို့ လင်္ကာသံပိုင်း လေးစပ်ဆိုပြီး ဆုံးမတော်မူခဲ့တာပါ။


တရားအစစ်အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
ညခင်း

ကိုယ်ကိုကိုသာ စိစစ်ပါ။

0

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် ရာဇဂြိုလ်ပြည် ဝေဋုဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူခိုက်ဖြစ်ပါတယ်။ အဲဒီ သုပ္ပဗုဒ္ဓ လို့ခေါ်တဲ့ နူနာရောဂါစွဲကပ်နေပြီး လူတော်ထဲမ၀င်ဆံ့နိုင်အောင် ရောဂါစွဲကပ်နေသူဖြစ်ပါတယ်။ ဘာလို့ ဒီလိုဖြစ်သလည်း ဆိုရင် တစ်ခုသောဘ၀မှာ ရသိခိလို့ခေါ် ပစ္စေက ဗုဒ္ဓါအရှင်သူမြတ်ကို တံတွေးနဲ့ထွေးပြီး ရိုင်းပြစွာ ပြုမူခြင်း အကုသိုလ်အလုပ်ကို ပြုလုပ်ခဲ့မိပါတယ်း သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည်စုံတဲ့ မပြစ်မှားသင့်တဲ့ ပစ္စေက ဗုဒ္ဓါ အရှင်သူမြတ်အပေါ်မှာ ရိုင်းပျစွာ ပြစ်မှားစော်ကားတဲ့ သူ့ရဲ့ လုပ်ရပ် အကုသိုလ်က သူ့ကို ငရဲမှာ နေရာချပေးခဲ့ပြီး ဆင်းရဲ ဒုက္ခတွေ ခံစားစေခဲ့ပါတယ်။ သူဟာငရဲမှာ ဆင်းရဲဒုက္ခတွေ အချိန်ကာလကြာမြင့်စွာ ခံစားခဲ့ရပြီး  လူပြန်ဖြစ်လာရပြန်တော့ အဲဒီ အကုသိုလ်ကံရဲ့ အကျိုးဆက် အနေနဲ့ နှုနာရောဂါကို ခံစားရတာဖြစ်ပါတယ်။ အဲဒီ လို ရောဂါကြီးနဲ့ နေခြင်းဆိုးတွေနဲ့နေခဲ့ရပြီး ဘ၀နိဂုံးချုပ် သေရတော့လည်း သူဟာ ဘုရားကျောင်းတော်ကအပြန် လမ်းခုလတ်မှာ နွားမတစ်ကောင်ရဲ့ အသေ ဝှေ့သတ်တာကို ခံရပြီး သေခဲ့ရပါတယ်။

ဒီလို သုပ္ပဗုဒ္ဓနှုနာရောဂါသည်ကြီး နွားမဝှေ့သတ်ခံရခြင်း ဆိုတဲ့သေခြင်းဆိုးနဲ့သေရခြင်းကလည်း အတိတ်ဘ၀က သူဌေးသားလေးယောက်ရှိခဲ့ကြတယ်။ အဲဒီ သူဌေးသားလေးယောက်ဟာ ပြည်တန်ဆာမ တစ်ယောက်ကို မြို့အပြင် ဥယျာဉ်ကို ခေါ်ပြီး တစ်နေကုန်ပျော်ပါးခဲ့ကြတယ်။ ညနေပြန်ဖို့ အချိန်ရောက်လာတော့ သူဌေးသားလေးယောက်က ဥယျာဉ်ထဲမှာ သူတို့မှ တစ်ပါးအခြားဘယ်သူမှ မရှိတာကို အခွင့်ကောင်းယူပြီး ပြည်တန်ဆာမကို သတ်၊ အခပေးထားငွေ တစ်ထောင်နဲ့ လက်ဝတ်လက်စားတွေကို လုယူခဲ့ကြပါတယ်။ ပြည်တန်ဆာမက အသတ်ခံရနေတုန်းမှာ နောင်ဘ၀တွေ မှာ ငါဟာ ဘီလူးမ ဖြစ်ပြီး ငါကိုသတ်တဲ့ ဟောဒီလေးယောက်လုံးကို လက်စားချေသတ်ဖြတ်နိုင်ရပါလို၏လို့ ဆုတောင်းလိုက်တယ်။ သုပ္ပဗုဒ္ဓဟာ အဲဒီတုန်းက သူဌေးသားလေးယောက်ထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ခဲ့တာပါ။

သုပ္ပဗုဒ္ဓ ဟာ သူဘ၀ဖြစ်စဉ်ထဲကနေပြီး သူကိုသူ အကောင်းဆုံး ဖြစ်အောင် အမြတ်ထုတ်နိုင်ခဲ့တာ တစ်ခုတော့ရှိပါတယ်။ ဒီလိုပါ...တစ်နေ့ လှည့်လည်သွားလာ တောင်းရမ်းစားသောက်ရင်း ဘုရားရှင်ရဲ့ တရားပွဲနဲ့ ကြုံခဲ့ပါတယ်။ တရားနာ ပရိသတ်တွေလည်းအများအပြားပါ။ သူဟာ တရားကလည်းနာချင်၊ ပရိသတ်ထဲလည်း မ၀င်ရဲတာနဲ့ ပရိသတ် ခပ်လှမ်းလှမ်းအစွန်တစ်နေရာရာကပဲ တရားတော်ကို အာရုံစိုက်နာကြားနေခဲ့ပါတယ်။ တရားပွဲပြီးဆုံးသွားချိန်မှာတော့ သုပ္ပဗုဒ္ဓဟာ သောတာပန်အရိယာပုဂ္ဂိုလ်ဖြစ်သွားပါတော့တယ်။ သောတာပန်ဆိုတော့ အပယ်တံခါးပိတ်သွားပြီပေါ့။ အဲဒီ သူရထားပြီးတဲ့ အပယ်ပိတ်တရားကို ဘုရားရှင်ထံလျောက်ထားချင်ပေမဲ့  ပရိသတ်မရှင်းသေးလို့  မလျောက်ထားနိုင်သေးပဲ မြတ်စွာဘုရားရှင် ကျောင်းတော်ပြန်ကြွတော်မူမှ ကျောင်းမှာ လိုက်လျောက်မယ်လို ကြံစည်ပြီး လိုက်ပါလာခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြားမင်းက သုပ္ပဗုဒ္ဒရဲ့တရားကို စမ်းသပ်လိုတာနဲ့ သုပ္ပဗုဒ္ဓအနားဆင်းလာပြီး သုပ္ပဗုဒ္ဓ သင်ဟာ ဆင်းရဲ မွဲတေ အထီးကျန်သူနေသူတစ်ယောက်ပဲ သင်ဘုရားရှင်ကို ဘုရားအစစ်မဟုတ်ဘူး၊ ဘုရားတရားတော်ကို တရား အစစ်မဟုတ်ဘူး၊ သံဃာတော် အရှင်မြတ်တွေကိုလည်း သံဃာအစစ်မဟုတ်ဘူးလို့ ပြောစမ်းပါ၊ အဲဒီလိုပြောမယ်ဆိုရင် သင့်ကို ဒီဘ၀ စားမကုန်နိုင်လောက်အောင် စည်းစိမ်ချမ်းသာတွေ ငါ့ပေးမယ် လို့ ခိုင်းပါတယ်။

ဒီအခါ သုပ္ပဗုဒ္ဓက ဟယ်...သိကြားယုတ်၊ ငါ့မှာ သဒ္ဓါတရား၊ သီလတရား၊ သုတတရား၊ စာဂတရား၊ ပညာတရား၊ ဟိရီတရားနဲ့ သြတ္တပ္ပတရားဆိုတဲ့ သူတော်ကောင်းတရားတွေရှိတယ်။ ငါဟာအဲဒီ သူတော်ကောင်းတရားတွေနဲ့ အချမ်းသာကြီး ချမ်းသာနေတယ်။ သင်ထင်သလို ငါဟာ ဆင်းရမဲတေ အထီးကျန်နေသူ တစ်ယောက်မဟုတ်ဘူး လို့ ပြောဆိုကာ သိကြားမင်းကို ငေါက်ငမ်းထုတ်လိုက်တယ်။

သိကြားမင်းလည်း သုပ္ပဗုဒ္ဓအနားကနေ ပျောက်သွားပြီး၊ ကျောင်းတော်ကို ပြန်ရောက်တော်မူပြီးဖြစ်တဲ့ ဘုရားရှင်ထံမှာ အကျိုးအကြောင်းသွားရောက် လျောက်ထားတဲ့အခါ ဘုရားရှင်က သိကြားမင်း၊ သင်တစ်ဦးတည်းမျှကိုမဆိုထားနဲ့ သင့်လို့ သိကြားမင်းမျုးတစ်ရာမက တစ်ထောင်လောက် ဆင်းလာပြီး အဲဒီလို ပြောဆိုခိုင်းမယ်ဆိုရင်တောင် သုပ္ပဗုဒ္ဓဟာ သင်တို့ပြောခိုင်းတဲ့ စကားမျိုးကို ပြောမှာ မဟုတ်ဘူးလို့ မိန့်တော်မူလိုက်ပါတယ်။

အဲဒီ ဘ၀က သေတော့ နွားမဝှေ့လို့ သေရတယ်ဆိုတော ရှေ့မှာပြောခဲ့ပြီးပါပြီ။ သေပြီးတဲ့နောက် တာဝတိံသာနတ်ပြည်မှာ နတ်သားဖြစ်သွားပါတယ်။

မြတ်စွာဘုရားရှင်က ဥာဏ်ပညာမရှိကြတဲ့ လူမိုက်တွေဟာ ဆိုးဝါးလှတဲ့၊ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ်အလုပ်တွေကို လုပ်ကြပြီး ကိုယ်ကိုယ်ကို ရန်သူအဖြစ်နဲ့ သွားလာလှည့်လည်နေကြတယ်လို့  ဟောကြားခဲ့ပါတယ်။ လူအများစုက ရန်သူဆိုရင် ကိုယ်ကိုယ်ကို ချန်ထားပြီး အပြင်က တခြားသူတွေကသာ ဘယ်သူငါ့ရန်သူလည်းရှာဖွေတတ်ကြပါတယ်။မိတ်ဆွေဆိုရင်လည်း ဒီလိုပါပဲ ကိုယ်ကိုယ်ကိုချန်ထားပြီးရှာဖွေကြတယ်။ တကယ်တော့ မိမိကိုယ်တိုင်သာ သည်ပင် မိမိအတွက် ကြောက်စရာအကောင်းဆုံးရန်သူကြီးဖြစ်နိုင်သလို၊ ချစ်စရာအကောင်းဆု့း မိတ်ဆွေလည်းဖြစ်နိုင်တယ်ဆိုတာ သတိထားမိသူနည်းပါလှပါတယ်။

တခြားရန်သူတစ်ယောက်ဟာကိုယ်ကို အပါယ်လေးပါးကျတဲ့အထိ ဒုက္ခမပေးနိုင်ပါဘူး။ သူက ကိုယ်ကို အပ္မါယ်လေးပါးကျတဲ့အထိ ဒုက္ခပေးချင်တယ။် ပေးနေတယ်ဆိုအုန်းတော့ ကိုယ်က ကောင်းရင်၊ သူပေးသမျှ ဒုက္ခ ကိုယ်က မယူရင် သူကျစေချင်တာ မကျပါဘူး။ တခြားရန်သူက ကိုယ့်ကို ဒုက္ခပေးရင် အပေါ်ရံ သာမည လေးလောက်သာ ပေးနိုင်ပါတယ်။မိမိကိုယ်တိုင်သာ ရန်သူမဖြစ်အောင် နေတတ်ဖို့ လိုပါတယ်။သံသရာမှာ မိမိကောင်းကျိုးချမ်းသာတွေဖြစ်စေနိုင်တဲ့ ကောင်းမှုကုသိုလ်တွေ လုပ်ရ င်း  ကိုယ်ကိုယ်ကို မိတ်ဆွေဖွဲ့ပြီးနေလိုက်ကြပါဆိုလို့ ကြောင်းကျိုးဆင်ခြင်ရင်း...လိုက်တွန်းလိုက်ရပါတယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers