သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ မလုပ်နဲ့

8


ယောင်္ကျားဖြစ်သူက မုဆိုး၊ မိန်းမဖြစ်သူက သောတပန် တရားဇာတ်ကြောင်းလေးက ဗုဒ္ဓသာသာရဲ့ အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားကို ပိုင်ပိုင်နိုင်နိုင် ရစေချင်တဲ့ ရည်ရွယ်ချက်လေးဖြစ်ပါတယ်။

တရားဇာတ်ကြောင်းပါ ဇာတ်ဆောင်များကတော့..လင်မုဆိုး၊ မယားသောတပန်ပါ။ လင်မယားတို့ရဲ့ ဂုဏ်ရည်က အဲဒီလောက်ကွာဝေးပါတယ်။မုဆိုးဆိုတာက သားကောင်တွေကို သတ်ဖြတ်ရောင်းစားလို့ အပါယ်လေးဘုံ ကိုသွားဖို့ သေချာသလောက်ရှိနေသူ၊ သောတပန်ဆိုတာကတော့ အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိမရှိတော့ဘဲ ရတနာသုံးပါး၌ ယုံမှားသံသယ လုံးဝမရှိတော့တဲ့သူ။ သို့သော် ကိလေသာ မကုန်သေးတဲ့အတွက် လင်ယူသားမွေး ပြုကြသေးတယ်။ အဲဒီတော့ မယားသောတပန် ခမျာ လင်မုဆိုးကြီးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက်တွေ့ရတဲ့ အကြောင်းကတော့ ရှေးရေးစက်လို့ ပဲ ဆိုရမယ်။တစ်နည်းအားဖြင့် သံသရာကပါလာတဲ့ အစွဲတဏှာကြောင့်ပေါ့။ ဟို ရှေး...ကဿပ ဘုရှားရှင်လက်ထက်တော်က လင်မယား တစ်ဘ၀တော် ဘူးရုံမျှဖြင့် ဒီဘ၀မှာ မုဆိုးကြီးကို မှချစ်မိလေတယ်။

သောတပန်မယား အလိမ္မာခမျာ တစ်နေ့တစ်နေ့ ဒီမုဆိုးကြီးသူတော်ကောင်းဖြစ်လာအောင် ပြုပြင်ပေးဖို့သာ ကြံစည်နေတာပေါ့။ မုဆိုးကြီးမှာတော့ ဘုရားပွင့်နေတယ်ဆိုတာတောင် မသိပါဘူး။ သတ်ရဖြတ်ရ၊ ရောင်းရ၀ယ်ရရင်ပျော်နေတာပါပဲ။ မုဆိုးကြီးက အပြစ်ရှိ အပြစ်မဲ့၊ အကျိုးရှိ အကျိုးမဲ့ ဘာမှ ခွဲခြားမသိ၊ သောတပန်ကတော့ နိဗ္ဗာန်ရောက်ကြောင်းအထိ သိနေပြီ။ လင်းမယားချင်း အဲဒီလောက်တောင် ခြားနားဝေးကွာနေလေရဲ့။ဒါပေမဲ့ စိတ်မပျက်ဘူး၊ မုဆိုးကြီး စိတ်အေးကြည်သာတဲ့ အချိန်ကောင်းစောင့်ပြီး ဒီလိုတောင်းပန်ရှာသတဲ့။

ဘုရားထံတော်သွားလို့ ကျွန်မအတွက် တရားတစ်ပုဒ်လောက်နာပေးပါနော်....

ဟာ ...ငါနဲ့ မဖြစ်ဘူး ထင်ပါရဲ့ကွာ...အဲဒီလောက်တော့ မုဆိုးကြီးသိသေးတယ်။ ဒါကြောင့်ငြင်းတယ်။ ဒါပေမဲ့ တစ်ခါကနှစ်ခါ မငြင်းသာတော့ဘဲ မယားအလိုကျ ဘုရားထံသွားပါတယ်။ မုဆိုးကြီးကျွတ်မှာကို မြင်တော်မူတဲ့ ဘုရားရှင်က စင်္ကြံလျှောက်ရင်း အသင့်စောင့်လင့်တော်မူတယ်။

ဘုရားရှင်ထံရောက်တော့ တပည့်တော်မအားဘူး၊ အလုပ်တစ်ဖက်ကြားက အရှင်ဘုရားဆီ လာရတာ... တရားတိုတိုပဲ ဟောပါဘုရား လို့ လျှောက်ထားပါတယ်။

ဒါယကာ...သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင်မလုပ်နဲ့ ဘုရားက အဲဒီလိုမိန့်ကြားလိုက်တယ်။

တပည့်တော် တရားနာချင်ပါတယ်ဘုရား

ငါ ဟောပြီးပြီ

ဟယ်...မုဆိုးကြီး အလွန်ဝမ်းသာသွား တာပေါ့။ သူထင်တာက သူ့ကို ကြိမ်းမောင်းအပြစ်တင်မယ် ထင်နေတာ၊ အခုတော့ အပြစ်မတင် မကြိမ်းမောင်းတဲ့အပြင် ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတော့ ၀မ်းမသာဘဲ ရှိပါ့မလား၊ ငါ ဦးကုန်းချသလောက်မှ မကြာပါလားပေါ့။ မယားဆီ အားရ၀မ်းသာပြေးလွှားရင်း-နင်တို့ဘုရားက သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာသင်မလုပ်နဲ့လို့ပဲ ပြောလိုက်တယ်။ ငါ့ကိုမဆူဘူး မကြိမ်းဘူး လို့ ခြံဝက အော်ဟစ်ပြောဆိုတယ်။

မိန်းမဖြစ်သူက သောတပန်ပီပီ သိလိုက်ရပြီ။ သူသိလိုက်တဲ့တရား အဓိပ္ပာယ်ကို အကောင်အထည်ဖော်ဖို့ မုဆိုးကြီးရဲ့ လေးနဲ့မြားကို အသင့်ကောက်တင်ပြီး သူ့ကိုပစ်ခတ်မယ်လို့ ရင်ဝဆီ ချိန်ရွယ်ထားပါလေရော။
ဒီအခါ မုဆိုးကြီးက...ဧကန္တ နောက်တစ်ယောက်နဲ့များ...တွေ့လေသလား ထင်မှားပြီး...ဇဝေဇ၀ါနဲ့ ရှေ့တိုး အလာ- ရှေ့မတိုးနဲ့ အရှင့်ကို သတ်ရလိမ့်မယ် လို့ မောကြောလှတဲ့အသံနဲ့ပြောပါတယ်။

ရှင်မပဲ ဘုရားဆီသွားတရားနာဆို...

ဟုတ်ပြီ၊ ဒီလေးနဲ့မြား အကြောင်း ရှင်ဘယ်လောက်ထိသိသလဲ..

ငါ့လက်နက်အကြောင်း၊ ငါကောင်းကောင်းသိတာပေါ့၊ ဒီအဆိပ်လူးမြားက သားကောင်တောင် ထွင်းဖောက်သွားစရာ မလိုဘဲ ထိရုံနဲ့ အဆိပ်သင့်သေစေနိုင်တယ်။

ဒါဖြင့် အဆိပ်လူးမြားနဲ့ အရှင့်ကို ပစ်ခတ်သတ်ဖြတ်မယ်ဆို အရှင်ကြိုက်သလား၊ မကြိုက်ဘူးလား..

ကိုယ်ချင်းမစာ ပြောရက်လေခြင်းကွာ၊ ငါသေရမှာ ငါဘယ်ကြိုက်ပါ့မလဲ

အဲဒါ ဘုရားပြောတဲ့ သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ မလုပ်နဲ့ဆိုတဲ့စကားပဲ...

ဟင်....ဟုတ်ပေသားပဲ

မယားစကား အဆုံးမှာပဲ မုဆိုးကြီး သောတာပန်တည်သွားလေတယ်။ စကားနောက်တရားပါတယ်ဆိုတာ အဲဒါပါပဲ။ အနာထပိဏ်စတဲ့ ဗုဒ္ဓ၀င်မှာ အထင်ကရ ပုဂ္ဂိုလ်များဟာ ဘုရား နဲ့တွေ့ပြီး ဘုရားရှင်ရဲ့တရားတော်ကို နားကြားပြီးခါမှ သောတာပန်တည်ကြပါတယ်။ ဒီ မုဆိုးကြီးကတော့ မိန်းမစကားနာကြားပြီး သောတာပန် တည်သွားတဲ့ ထူးခြားတဲ့ ဇာတ်ဆောင်ကြီးပေါ့။ မိန်းမတို့ရဲ့ ပြုပြင်နိုင် စွမ်းရည် ကလည်း အံ့ဖွယ်ပါပဲ။ ဗုဒ္ဓသာသာရဲ့ အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားကို ပိုင်ပိုင်နိုင်နိုင် ရစေချင်ခြင်းက ဒီဇာတ်ကြောင်း လေး ရဲ့ အဓိက ရည်ရွယ်ချက်ပါ။

ကိုယ်မကြိုက်တာ...
သူ့အသက်သတ်ခြင်း၊ ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ မပေးဘဲယူခြင်း၊ သူ့လင် သူ့မယား ကျူးလွန်စော်ကားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်သေရက် မူးယစ်ပစ္စည်းသုံးစွဲခြင်း။

ကိုယ်ကြိုက်တာ
သူ့အသက်မသတ်ခြင်း၊အသက်ကယ်ခြင်း၊ သူ့ဥစ္စာမခိုးဝှက်ခြင်း၊ ပေးကမ်းကူညီခြင်း၊ မလိမ်မညာအမှန်ကိုသာ ပြောဆိုခြင်း၊ သေရည်သေရက် မူးယစ်ဆေးရှောင်ကြဉ်ခြင်း။

ဒါကြောင့် ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတာ ငါးပါးသီလစောင့်ထိန်းပါလို့ ဆိုလိုရင်းဖြစ်ပါတယ်။ ငါးပါးသီလဆိုတာ ကမ္ဘာလောက သာယာငြိမ်းချမ်းဖို့ အခြေခံ စည်းမျဉ်း ဥပဒေလည်းဖြစ်ပါတယ်။ သို့အပြင် အပါယ်ဆင်းရဲက လွတ်မြောက်အောင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ဖြင့် ကျင့်ကြံပွားများ အားထုတ်ကြမှာဖြစ်ပါတယ်...

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

8 - Comment:

  • November 5, 2009 at 8:47 AM

    တီလေးရေ..အရမ်းကိုကြိုက်တယ်ဒီပိုစ့်လေးကို
    စိတ်ထဲမှာလည်းစွဲလွယ်တယ်မှတ်ရလည်းလွယ်တယ်
    အရမ်းကောင်းတာပဲမပြောပြတတ်တော့ဘူ
    မချစ်ရအတွက်တော့တန်ဖိုးရှိတယ်
    ကျေးဇူးပါတီလေး....

  • November 5, 2009 at 10:07 AM

    အရမ်းကောင်းတဲ့ ပို့စ်လေးပဲဗျာ...
    “သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင်မလုပ်နဲ့”
    ဘုရားရှင်ဟောကြားတော်မူတဲ့ ဒီစကားလေးကို အမြဲနှလုံးသွင်းပါ့မယ့် ။

    ကျေးဇူးတင်ရှိလျက်
    ညခြင်းတူတဲ့ ညရဲ့ကောင်းကင်

  • November 5, 2009 at 6:04 PM
    Anonymous :

    အရေးကောင်း အတွေးကောင်းနဲ့
    ရေးထားတဲ့တရားအတွက်
    ကျေးဇူးတင်စရာ အလွန်ကောင်းပါတယ်

    တရားအတိုင်း ကြိုက်တာတွေ ဆက်လုပ်တော့မယ် ဒီ

  • November 6, 2009 at 12:20 AM

    ကြိုက်တာတွေလုပ်ပါ့မယ်..

  • November 7, 2009 at 9:20 AM

    စေတနာပါတဲ့အရေးအသားတွေပါပဲ.. မှတ်သားစ၇ာလေးပါ..
    သင်ကြိုက်တာသင်လုပ်.. သင်မကြိုက်တာသင်မလုပ်နဲ့.. ဆိုတဲ့ ဘုရားအဆုံးအမလေး မှတ်သားသွားပါတယ်...။
    သာဓုအစ်မရေ..
    သူတစ်ပါးတွေကို အသိပညာတွေပေးရင် မိမိလည်းအသိပညာတွေရပါစေ..။ အသိပညာတွေနဲ့အတူ ရည်မှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေဗျာ..။

  • November 8, 2009 at 7:06 AM

    ကိုယ်ကြိုက်တာပဲ လုပ်ပါမယ်ဗျာ မှတ်သားသွားပါတယ်

  • November 9, 2009 at 12:26 AM

    ဟုတ်တယ် .. ကိုယ်ကြိုက်တာ ကိုယ်လုပ်ရမယ်....
    အဲလိုတွေးလိုက်မိလိုက်တဲ့ အချိန်ဆို ကိုယ်မကြိုက်တော့တဲ့ ပစ္စည်းဆိုရင်တောင် သူများကို ပေးရမှာ အားနာသွားတတ်တယ်....

  • November 11, 2009 at 10:30 PM

    သိပ်ကောင်းတဲ့ တရားလေးပါ “ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်မကြိုက်တာ ကိုယ်မလုပ်နဲ့” ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်သူမှတောင်သတိထားမိကြမယ်မထင်ဘူး အမခုလို ပို့စ်တင်လိုက်တော့ အားလုံးသတိထားမိသွားကြပြီ နှလုံးလဲသွင်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers