ဝေယျာဝစ္စကုသိုလ်ရှင်

1



သတင်းစာ၊ ဂျာနယ်တွေမှာ သူများတွေ ကုသိုလ်ပြုကြတဲ့သတင်းပါလာရင် စိတ်မထားတတ်သူတွေ အတွက်က မကျေမနပ်နဲ့ နာမည်ကြီးချင်လို့ ထည့်တာ၊ ဂုဏ်ဖော်ချင်လို့ စသည်ဖြင့် ဒေါသတွေဖြစ်ကြ၊ အကုသိုလ်တွေပွားတတ်ကြပါတယ်။ စိတ်ထားတတ်သူတွေကတော့ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုတွေခေါ်ကြ၊ ကုသိုလ်တွေ ပွားကြပါတယ်။ သူများရဲ့ ကုသိုလ်သတင်းဟာ ကိုယ့်အတွက် ကုသိုလ်ပိုလုပ်ဖြစ်ဖို့ စိတ်ဓာတ် အင်အားဖြစ်သွားတာပေါ့။ အဓိက က စိတ်ထားတတ်ဖို့ပဲလိုပါတယ်။ ကုသိုလ်တွေထဲက မှ ဝေယျဝစ္စကုသိုလ် အကြောင်း ဇာတ်ဝတ္ထု ပုံလေးနဲ့ ကြည့်ရအောင်နော်။

ပါယာသိမင်းကြီးက တစ်နေ့တစ်နေ့ငွေကြေးအမြောက်အမြား အကုန်အကျခံပြီးတော့ သံဃာတော်တွေကို ဆွမ်းကပ်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ဘယ်နှစ်သိန်းထုတ်ပြီးတော့လှူလို့ အမိန့်ပဲပေးတာပါ။ ဘဏ္ဌာစိုးကပဲ ထုတ်ပေးတာ။

ဥတ္တရလုလင်ကတော့ ပါယာသိမင်းကြီးအမိန့်အရ လှူဒါန်းဖို့အတွက် ကိုယ်တိုင် ပိုက်ဆံထုတ်၊ ဈေးဝယ်၊ ချက်ပြုတ်၊ ကိုယ်တိုင်စီမံခဲ့တယ်။ သူများတွေ ချက်တဲ့နေရာမှာလည်း ကူညီတယ် သံဃာတော်တွေ ဆွမ်းကပ်တဲ့နေရာမှာလည်း ပဲ ကိုယ်တိုင်ကိုယ်ကျ ၀င်ပြီးတော့ ဝေယျာဝစ္စတွေ လိုက်လုပ်ပေးတယ်။ ဆွမ်းကျွေးပွဲနဲ့ပတ်သက်သမျှ ဝေယျာဝစ္စတွေ လိုက်လုပ်ပေးတယ်။

သေသွားတော့ ပါယာသိမင်းကြီးက စတုမဟာရာဇ်နတ်ပြည်ပဲ ရောက်တယ်။ ဥတ္တရလုလင်ကတော့ တာဝတိံသာနတ်ပြည်ကို တောင်ရောက်သွားပါတယ်။ တာဝတိံသာ နတ်ပြည်က စတုမဟာရာဇ်နတ်ပြည်ထက် တစ်ထပ်အဆင့်မြင့်တယ်။ ပိုက်ဆံတစ်ပြားမှ မကုန်ပဲနဲ့ ပိုက်ဆံကုန်တဲ့လူထက်တောင် အဆင့်မြင့်တဲ့ဘုံကို ရောက်သွားတယ်။ ပိုက်ဆံကုန်တဲ့ အလှူရှင်ထက် ပိုက်ဆံမကုန်တဲ့ ဝေယျာဝစ္စကုသိုလ်ရှင်က ကုသိုလ်ပိုရလို့ဖြစ်ပါတယ်။

ကုသိုလ်ပြုရာမှာ ထားတဲ့ စိတ်ကမှ မတူတာ။ ပါယသိမင်းကြီးက တစ်နေ့ကို ဘယ်နှစ်သိန်းထုတ်ပေးလိုက်... ပြောတဲ့ အခိုက်အတန့်မှာ ပဲသူက ကုသိုလ်ရတာပါ။ သူ့အမိန့်အတိုင်း အဲဒီ ပိုက်ဆံတွေ ထုတ်ထုတ်ပြီး လှူနေတဲ့အချိန်မှာ ဒီကုသိုလ်ကို သတိမရဘူး နှလုံးမသွင်းဘူး ဆိုရင် လုံးဝ ကုသိုလ်မရပါဘူး။

အများသူငှာ ကုသိုလ်ကိစ္စတွေ ပြုလုပ်ဆောင်ရွက်နေတယ်လို့ကြားရင် ကိုယ်ကလည်း ကူညီပြုလုပ်ပေးလိုက်ခြင်း မျိုးသည် ဝေယျာဝစ္စကုသိုလ်ပါပဲ။ ဒါအပြင် ဘုရားပန်းအိုးလဲတာတို့၊ သောက်တော်ရေ ကပ်တာတို့ဆိုတာလည်း ကိုယ်ရဲ့ ကုသိုလ်ကိစ္စပဲ၊ ကိုယ်ရဲ့ ကုသိုလ်ကိစ္စပေမဲ့ ဝေယျာဝစ္စပါနေတာပါပဲ။ ကုသိုလ်ဆိုတာ စိတ်မှာ ဖြစ်တာပါ။ စိတ်မှာကို သတိရပြီး ကုသိုလ်ရနေမှ ကုသိုလ်တရားတွေ တိုးပွားလာတာပါ။ ဒါကြောင့် ဝေယျာဝစ္စကုသိုလ်လည်းပဲ လုပ်ကြရမှာ ဖြစ်ပါတယ်။


ညခင်းတရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ကျေးဇူးပုံရိပ်

2

တစ်ခါတုန်းက ပဉ္စသိခနတ်သားဟာ ဂန္ဓဗ္ဗနတ်မင်းကြီးရဲ့သမီး သူရိယ၀စ္ဆသာဆိုတဲ့ နတ်သမီးလေးကို တစ်ဖက်သတ်ချစ်နေခဲ့ပါတယ်။ ဒါပေမဲ့ နတ်သမီးလေးက ပဉ္စသိခနတ်သားကို လုံးဝပြန်မချစ်ပါဘူး။ နတ်သမီးလေး ချစ်နေတာက ရထားထိန်းမာတလိရဲ့သား သိခဏိဆိုတဲ့ နတ်သားလေးကိုပါ။

ပဉ္စသိခနတ်သားက သူ့ခံစားချက်တွေကို သီချင်း၁၄ပုဒ် ရေးပြီးပါတယ်။အဲဒီနောက် လက်စွဲတော် နတ်စောင်းကြီးကိုယူပြီး၊ နတ်သမီးလေး နေတဲ့ ဗိမာန်နားသွားကာ ကြားလောက်မဲ့နေရာကို ရွေးချယ်ပြီး သီဆိုပါသတဲ့။

ချစ်နှမ…ချွေးထွက်နေသူတို့သည် လေနုအေးကို နှစ်သက်သကဲ့သို့ ရေငတ်နေသူတို့သည် ရေအေးကို နှစ်သက်သကဲသို့.. ရဟန္တာအရှင်မြတ်တို့သည် လောကုတ္တရာတရားကို နှစ်သက်သကဲ့သို့ ငါကလည်း သင်နတ်သမီးကို နှစ်သက်လျက်ရှိပါတယ်။

ချစ်နှမသူရိယ၀စ္ဆာသာ…မြတ်စွာဘုရားသည် သဗ္ဗညုတဥာဏ်သို့ရောက်၍ ၀မ်းမြောက်ရသကဲ့သို့ ငါကလည်း သင်ချစ်နှမကိုရပါက ၀မ်းသာရပါလိမ့်မည်။

ပဉ္စသိခနတ်သား နတ်သမီးလေး ဗိမာန်နားကိုသီချင်းသွားဆိုတဲ့အချိန်ဟာ မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ကို ရပြီး ဘုရားဖြစ်ခါစ ကာလလည်းဖြစ်ပါတယ်။

ဒီလိုနဲ့ ကာလတစ်ခု ကြာလာတဲ့အခါမှာတော့ သိကြားမင်းမှာ စိတ်ဆင်းရဲစရာ ကိစ္စကြီးတစ်ခုနဲ့ ကြုံလာရပါတယ်။ ကြုံလာတဲ့ ကိစ္စကတော့ ၇ရက်ကြာရင် နတ်သက်ကြွေပြီး သေရတော့မှာပါ။

စိတ်ဆင်းရဲနေတဲ့ သိကြားမင်းဟာ ပထမဆုံး သတိရလိုက်တာကတော့ မြတ်စွာဘုရားပါ။ ဒါပေမဲ့သူတစ်ယောက်ထဲ မြတ်စွာဘုရားဆီ မသွားရဲပါဘူး။ ဒါကြောင့် ပဉ္စသိခနတ်သားကို အဖော်အဖြစ် ခေါ်ရပါတယ်။ ပဉ္စသိခနတ်သားလည်း လက်စွဲတော် နတ်စောင်းကြီးကိုယူလျက် လိုက်ပါခဲ့ပါတယ်။ မြတ်စွာဘုရား သီတင်းသုံးတဲ့နေရာ ရောက်တော့လည်း သိကြားမင်းက အရင် မ၀င်ရဲပြန်ပါဘူး။ ဒါကြောင့် ပဉ္စသိခနတ်သားကိုပဲ အရင်ဝင်ခိုင်းရပြန်ပါတယ်။

ပဉ္စသိခနတ်သားကလည်း မြတ်စွာဘုရားဆီ ချက်ချင်း မ၀င်သေးဘဲ မြတ်စွာဘုရားနဲ့ မလှမ်းမကမ်းမှာ ထိုင်ပြီး သူဆိုနေကျသီချင်း ၁၄ပုဒ်ကို ပါလာတဲ့ နတ်စောင်းကြီး တီးခတ်ပြီး ဆိုတော့တာပါပဲ။သီချင်းဆုံးသွားတော့ မြတ်စွာဘုရားက ပဉ္စသိခနတ်သား သင်ရဲ့ စောင်းသံဟာ သီချင်းသံနဲ့ ကိုက်ညီသလို သီချင်းသံကလည်း စောင်းသံနဲ့ ကိုက်ညီလှပါတယ်၊ သင်ဒီသီချင်းတွေကို ဘယ်တုန်းက ရေးထားတာလဲလို့ ချီးကျူးရင်း မေးလိုက်ပါတယ်။

ပဉ္စသိခနတ်သားလည်း ခံစားချက်ကိုရင်ဖွင့်ချင်နေတာ နဲ့ အတော်ဖြစ်သွားပြီး မြတ်စွာဘုရားကို အစအဆုံးရင်ဖွင့်ပြတော့တာပါပဲ။ ရင်ဖွင့်ရင်းနောက်မှာ ပါလာတဲ့ သိကြားမင်းကိုတောင် သတိမရတော့ပါဘူး။ ဒီတော့သိကြားမင်းက ဟေ့ကောင် ငါ့ကိစ္စကိုလည်းလျှောက်ဦးကွ လို့လှမ်းသတိပေးရပါတော့တယ်။ ပဉ္စသိခနတ်သားလည်း သိကြားမင်းသတိပေးတော့ မှ လာရင်းကိစ္စကို လျှောက်ဖြစ်ပါတယ်။

နောက်ဆုံးတော့ မြတ်စွာဘုရားက သိကြားမင်းကို တရားဟောပေးလိုက်တာ တရားနာဆဲမှာပဲ သိကြားအသစ် ပြန်ဖြစ်ပြီး သောတာပန်လည်သွားပါတယ်။ ဒီတော့သိကြားမင်းက ပဉ္စသိခနတ်သားကို မေးခွန်းတစ်ခုပေးလိုက်ပါတယ်။

ပဉ္စသိခရေ….သင့်ရဲ့ကျေးဇူးများလှတယ်၊ ဘာလိုချင်လဲ။

ပဉ္စသိခနတ်သား ပြုံးစိစိနဲကပြန်ဖြေပါတယ်။

အရှင်သိကြာမင်းကလည်း သိသားနဲ့။

နောက်ဆုံးတော့ သိကြားမင်းက ကျေးဇူးကို အာရုံပြုပြီး သူ့ရဲ့ သိကြားမင်းအာဏာနဲ့ပဲ ပဉ္စသိခနတ်သားကို သူရိယ၀စ္ဆသာနတ်သမီးလေးနဲ့ ပေးစားလိုက်ပါတော့သတဲ့။ သိကြားမင်းရဲ့ ကျေးဇူးဆပ်နည်းလေးကို တခြားသူတွေက သဘောမကျချင်ပေမယ် ပဉ္စသိခနတ်သားကတော့ သဘောကျလို့ ဆုံးမှာ မဟုတ်ပါဘူး။ ကျေးဇူးလည်း ပြန်တင်ဖြစ်နေဦးမှာပါ။

တစ်ခါတစ်လေ ကိုယ့်ဝန်းကျင်က ကိုယ်ကို ကျေးဇူးပြုခဲ့ပုံ ပုံရိပ်လေးတွေကို မြင်ရသလောက် စဉ်းစားရင်းမြင်ကြည့်မိပါတယ်။ ကိုယ်မသိလိုက်တဲ့ ကျေးဇူးပြုမှုလေးတွေလည်းရှိနေဦးမှာပါ။ တကယ်တော့ ပုထုဇဉ်တစ်ယောက်ရဲ့ စိတ်ဟာ အာရုံတစ်ခုဆီမှာပဲ တည်တံ့မနေချင်ပါဘူး။ အာရုံအဆင့်ဆင့်ဆီ ရောက်နေချင်ပါတယ်။ အကြောင်းကိစ္စတစ်ခုကြောင့် တစ်ဦးတစ်ယောက် အပေါ် မုန်းတဲ့စိတ်တွေဖြစ်နေရင်းနဲ့ သူ့အကြောင်းတွေ ဆက်တွေးဖြစ်ပြန်တော့ ကိုယ့်အပေါ်ကျေးဇူးပြုခဲ့တဲ့ ပုံရိပ်လေးတွေ လည်းတွဲပေါ်လာပါတယ် ။ သူ့ရဲ့ကျေးဇူးပုံရိပ်လေးတွေ ပေါ်လာတဲ့အချိန်မှာတော့ စောစောက အမုန်းစိတ်ကလေးတွေလည်း မသိမသာနဲ့ နောက်ဆုတ် သွားတတ်ပါတယ်။

ပြုခဲ့ဖူးသည့် ကျေးဇူးကို သိခြင်းသည် မြတ်သော မင်္ဂလာမည်၏ ။ အဓိက ကတော့ သူပြုထားတဲ့ ကျေးဇူးကို သိတတ်ဖို့ပါ။ အမှန်တော့ သိရုံနဲ့ တော့မပြီးသေးပါဘူး သိပြီးရင် အခွင့်သာရင်ပြန်ဆပ်နိုင်ရပါမယ်။ ဒီထက်ပို အရေးကြီးတာကတော့ ကျေးဇူးပြုဖူးထားသူကို မပြစ်မှားမိဖို့ပါ။ တကယ်လို့များ တစ်စုံတစ်ယောက်အပေါ် အမုန်းစိတ်တွေများ ဖြစ်ခဲ့ရင် သူပြုခဲ့ဖူးတဲ့ ကျေးဇူးလေးတွေကို မြင်လို့ရသလောက် သာရှာကြည့်လိုက်ပါ။ ဖြစ်ဆဲစိတ်ရဲ့နေရာမှာ အသွင်မတူတဲ့ စိတ်ကလေး ၀င်လာပါလိမ့်မယ်။

ညခင်းတရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

လူမိုက်တို့အတွက် ခွေးနက်ကြီး

1


ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ဗာရာဏသီပြည်၌ သာသနာတော် ဆုတ်ယုတ် ညှိုးနွမ်းလာ လေသည်။ရဟန်းတို့သည် လူတို့နှင့်ရော ထွေးနေကြသည်၊ လူတို့လိုအသက်မွေးကြသည်။ အမျိုးသား၊ အမျိုးသမီး တို့သည်လည်း အကျင့်ပျက် စရိုက်ဆိုးများလွှမ်းမိုးနေကြသည်။ ထို့ကြောင့် သေဆုံးသူတိုင်း ငရဲပြည်သို့ ရောက်ကြသည်။

နတ်သား၊ နတ်သမီးအသစ်တွေ မရောက်လာသဖြင့် သိကြားမင်းသည် ရောက်မလာခြင်းအကြောင်းအရင်းကို ကြည့်ရှုလေလျှင် များစွာသော ရဟန်းရှင်လူတို့၏ အကျင့်ပျက်စရိုက်ဆိုးများကို လွှမ်းမိုးနေသည်အတွက် ငရဲပြည်မှာတိုးပွားနေသည်ကို တွေ့မြင်ရလေသည်။ လူတို့ ကိုယ်ကျင့်တရားပျက်လျှင် လောကလည်း ပျက်တော့မည် သာသနာလည်းပျက်တော့မည်။ လူတို့ကို ခြိမ်းခြောက်၍ သာသနာ အနှစ်တစ်ထောင် ဆက်လက် တည်တံ့အောင် ကြံဆောင်မှသာ သင့်တော့မည်ဟု ဆုံးဖြတ်ပြီး မာတလိနတ်သားကို ခေါ်၍ အကြံအစည်ကို တိုင်ပင်သည်။

သိကြားမင်းသည် မာတလိအား ကြီးစွာသော ခွေးနက်ကြီးအသွင်ကြောက်မက်ဖွယ်ရာ ဖန်ဆင်း၍ ပန်းနီများကို လည်ပင်းတွင်ချည်ထားပြီး ကြိုးငါးချောင်းဖြင့် ချည်နှောင်၍ သိကြားမင်းကား မုဆိုအသွင်ဖန်ဆင်းပြီး ဖန်ရည်စွန်းသောအ၀တ်ကို ၀တ်လျက် ပန်းနီနီကို ပန်ဆင်ပြီး လေးမြားတို့ကို ကိုင်စွဲလျက် မြို၏ အပြင်တစ်ယူဇနာအရပ်မှ နေ၍ ~~~~လောကကြီးပျက်စီးပါတော့မည်~~~~လောကကြီးပျက်စီးပါတော့မည် ~~~~လောကကြီးပျက်စီးပါတော့မည်~~~~ ဟု သံနက်ကြီးဖြင့် အထိတ်တလန့် အော်ဟစ်နေပါတော့သည်။

မြို့တံခါးအနီးသို့ ရောက်လျှင်တစ်ဖန် သုံးကြိမ်အော်ပြန်တယ်။ လူအပေါင်းတို့သည် မုဆိုးနှင့်ခွေးနက်ကြီး ကိုမြင်လျှင် ကြောက်လန့်တကြား ပြေးလွှားပုန်းအောင်ကြသည်။ ထိုအကြောင်းကို မင်းကြီးသိလျှင် ကြောက်လန့်ကာ နန်တော်တံခါးများကိုပိတ်စေသည်။ ထိုအခါခွေးနက်ကြီးသည် ရှေ့လက်နှစ်ဖက်တို့ကို နန်းတော်ပြဿဒ်လေသွန် တံခါး၌ထားကာ ဟောင်နေလေသည်။ အသံသည် အထက်ဘ၀ဂ်၊ အောက်အ၀ီစိတိုင်အောင် ရောက်၍ စကြာဝဠာတစ်တိုက်လုံးပဲ့တင်ထပ်သွားသည်။

မင်းကြီးသည် ကြောက်ကြောက်ဖြင့် သတိကိုထိန်းလျက် အို....မုဆိုးကြီး၊သင့်ခွေးနက်ကြီးဘာကြောင့် ဟောင်ပါသနည်း ဟုမေးသည်။ မြတ်သောမင်းကြီး ဆာမွတ်သောကြောင့် ဟောင်ပါသည်။ မင်းကြီးက ဆာမွတ်လျှင် ထမင်းကျွေးပါမည်ဟု ဆိုပြီး နန်တော်ရှိထမင်းများကို ကျွေးစေသည်။ ခွေးနက်ကြီးသည် တစ်လုတ်တည်းဟပ်၍ စားပြီးထပ်၍ဟောင်ပြန်သည်။

နောက်ထပ် ဆင်စာ၊ မြင်းစာ ထမင်းတို့ကို ပေးစေကျွေးစေသည်။ တစ်လုပ်တည်းဖြင့် ဟပ်၍ စားပြန်သည်။ထပ်၍ဟောင်ပြန်ရာ တစ်ပြည်လုံးစုရုံး၍ ရသမျှအစားအစာ တိုကို ပေးပြန် သည်။စားပြီးဟောင်မဲဟောင်ပြန်သည်။ မင်းကြီးသည် ဤခွေးနက်ကြီးသည် ခွေးအစစ်မဟုတ်လောက် ဤမုဆိုးသည်လည်း မုဆိုးအစစ်မဟုတ်လောက်ဟု စဉ်းစားလျှက် အို...မုဆိုးကြီး...ဤခွေးနက်ကြီးကား အဘယ်ကြောင့်ဟောင်သနည်းဟု ထပ်မံမေးလေသည်။

ထိုအခါသိကြားမင်းက အို..မြတ်သောမင်းကြီး ဤခွေးနက်ကြီးကာ ထမင်းသားငါးတို့ကို စားလို၍ ဟောင်သည်မဟုတ်ချေ။ လူသားကိုစားလို၍ ဟောင်တာပါ။ မုဆိုးကြီး သင့်ခွေးနက်ကြီးသည် လူမြင်သမျှကို စားမှာလား ဟုမေးသည်။ မင်းကြီး...ဤခွေးနက်ကြီးကား ရန်သူကိုသာစားပါလိမ့်မည်။ အဘယ်သူသည် ခွေးနက်ကြီး၏ ရန်သူဖြစ်ပါသနည်း။ မင်းကြီး...မတရားအမှုကိုပြုသောသူ၊ အကျင့်စရိုက်ပျက်သောသူတို့သည် ရန်သူဖြစ်၍ထိုသူတို့ကိုသာ စားပါလိမ့်မည် ဟုမင်းကြီးအား ပြောသည်။

မြတ်သောမင်းကြီး၊ ရဟန်းတို့သည် ဦးခေါင်းတုံးလျက် သပိတ်လက်ဆွဲကာ ကိုယ်ဝယ်ဒုကုဋ်တို့ကို ၀တ်ရုံ၍လယ်ယာတို့ကိုထွန်လိမ့်မည်။ ထိုအခါ ခွေးနက်ကြီး ငါ့လက်မှလွတ် လိမ့်မည်။ လူတို့သည် ပစ္စည်းဥစ္စာပြည့်စုံပါလျက် အိုမင်းမစွမ်းသော မိဘတို့ကိုမကျွေးမမွေးကုန်၊ လူငယ်လူရွယ်တို့သည် မိဘတို့အား အလွန်မိုက်မဲကုန်၏ ဟုပြောကြမည်။ ဆရာမယား၊ အဆွေခင်ပွန်းမယား။ ဦးရီးမယား၊ ဘထွေးမယား ပြစ်မှားကျူလွန်ကြလိမ့်မည်။ ထိုအခါ ခွေးနက်ကြီး ငါ့လက်မှ လွတ်လိမ့်မည်။ ဤသို့ ပြောပြီးနောက် ခွေးနက်ကြီးက မတရားသော အမှုများကို ပြုသော ရဟန်းရှင်လူတို့အား လိုက်ရှာသကဲ့သို့ လုပ်ပြသည်းးလူများကို ထိတ်လန့်စေသည်။ လူအများအထိတ်တလန့်ဖြစ်သောအချိန်၌သိကြားမင်းသည် မိမိအသွင်ကို ကောင်းကင်မှာ ထွန်းပစေပြီး မြတ်သောမင်းကြီး ငါသည် မုဆိုးအစစ်မဟုတ် သိကြားမင်းဖြစ်ပါ၏ ဤရဟန်ရှင်လူအပေါင်းတို့သည့် အကျင့်ပျက်စီးနေကုန်၏ သို့ဖြစ်၍ ငါသိကြားမင်းလာခဲ့ခြင်းဖြစ်တယ်။ ရဟန်းရှင်လူတို့ သည်တရားစောင့်ကြကုန်လော့။ ရဟန်းတော်တို့က လည်းရဟန်းကျင့်ဝတ်၊ လူသားတို့ကလည်း လူ့ကျင့်ဝတ်ထိန်းသိမ်းကြပါကုန်လော့ ယနေ့မှစ၍ ငါသည် တရားမစောင့်သော ရဟန်းရှင်လူတို့ကိုစားစေမည်ဟူ၍ ခြိမ်းခြောက်ပြီးလျှင် တရားဟော၍ဆုတ်ယုတ်ကျဆင်းနေသော သာသာနာတော်ကို နောက်ထပ်တစ်ဖန် အနှစ်တစ်ထောင်တည်ရစ်အောင် ချီးမြောက်ခဲ့၍ မာတလိနတ်သား နှင့်အတူ မိမိစံရာ တာဝတိသာ နတ်ပြည်သို့ပြန်သွားကြသည်။

ထိုအခါမှ အစပြု၍ ဥသီနက မင်းကြီးနှင့်တကွ ရဟန်းရှင်လူတိုင်းသူပြည်သားအပေါင်းတို့သည် တရားစောင့်ကြကုန်လျက် ရဟန်းကျင့်ဝတ်၊ မင်းကျင့်ဝတ်၊ လူကျင့်ဝတ်များနှင့်အညီ ကျင့်ကြံနေထိုင်ကြလေရာ အဆုံး၌နတ်ပြည်သို့လားရောက်ကြရာကုန်သည်။ နတ်ခွေးကြီး အကိုက်မခံကြလေးအောင် ကောင်းမွန်စွာ ကျင့်နိုင်ကြကုတ်၍ ကောင်းရာဘ၀ရောက်ကြပြီးလျင် ချမ်းသာသုခပြည့်ဝကြပါစေ။



Justify Fullညခင်းတရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ကြွေးကင်းရှင်းမှ

1

"ကြွေးကင်းရှင်းမှ"

ကာမဂုဏ်ခံစား သူတို့အား
စီးပွားမဲ့က ဆင်းရဲသည်။
စီးပွားမဲ့သော် သူများပေါ်
ကြွေးနော် ချေးရ ဆင်းရဲသည်။

ကြွေးချေး သုံးကျိုး ဆတမ်းပိုး
အတိုးပေးရ ဆင်းရဲသည်။
တိုးပေး ၀န်ခံ ပေး မမှန်
တောင်းခံကြုံရ ဆင်းရဲသည်။

တောင်းခံတွင်တွင် မပေးလျှင်
စဉ်လိုက်ခံရ ဆင်းရဲသည်။
စဉ်လိုက်ပေမယ့် ပေးချို့တဲ့
နှောင်ဖွဲ့ခံရ ဆင်းရဲသည်။

သဒ္ဓါ သတိ သြတ္တပ္ပတည့် ၀ီရိယ ပညာ
ကုသိုလ်မှာ ငါးဖြာတရား ရှိရမည်။
တရားငါးဖြာ ကုသိုလ်မှာ
ထင်စွာ မရှိ လူမွဲမည်။

လူမွဲအကြိုက် ဒုစရိုက်
ကျင့်လိုက် ကြွေးယူမည်။
ဒုစရိုက် သုံးမျိုး ပြစ်ဖုံးကျိုး
အတိုးတက် ခေါ်သည်။

သတင်းသုံးဖော် ကဲ့ရဲ့သော်
ခေါ်နော် တောင်ခံမည်။
ရောက်ရာရပ်မှာ နှလုံးမသာ
လိုက်ကာ ကြွေးတောင်းမည်။

ငရဲ တိရိစ္ဆာန် လားလေပြန်
အလွန်နှောင် ဖွဲ့မည်။
ငရဲသို့လား တိရိစ္ဆာန်လား
ကြီးမား နိဗ္ဗာန် တားရပ်မည်။


(ဓမ္မဒူတ ဆရာတော်ကြီး၏ လမ်းညွန် တရားဆောင်ပုဒ်များ)

ညခင်းတရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers