လက်နှီးစုတ်လား ၊အ၀တ်ဖြူစလား ။

6

သောဝစဿတာ ဧတံမင်္ဂလမုတ္တမံ။
ပြောဆိုဆုံးမလွယ်ကူခြင်းသည်
မြတ်သော မင်္ဂလာမည်၏။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို
ပြောကြားလာက နာလွယ်စေ။

တစ်ခါတုန်းက ဘုရားအလောင်းဟာ ရသေ့ရဟန်းဝတ်ပြီး တောမှာနေနေပါတယ်။ တစ်နေ့တော့ ဆွမ်းခံက အပြန် ရေကန်တစ်ကန်ထဲ ဆင်းပြီးရေချိုးရင်း ကန်ထဲက ပဒုမ္မကြာကို နမ်းလိုက်ပါတယ်။

ဒါကို ရေကန်စောင့်နတ်သမီးက တွေ့သွားပြီး ...
ရဟန်း...ပိုင်ရှင်မပေးပဲ ကြာပန်းကို နမ်းတာဟာ ခိုးခြင်းအင်္ဂါတွေထဲက တစ်ခုပဲဒါကြောင့် သင်ရဟန်းဟာ နံ့သာသူခိုးပဲ။ လို့ ပြစ်တင်စွပ်စွဲပါတယ်။

အဲဒီတော့ ရဟန်းက...

နတ်သမီး...ငါဟာကြာပန်းကို ယူလည်းမယူ၊ ချိုးလည်းမချိုး အဝေးကနမ်းတာပါ။ ဘာလို့ ငါကို နံ့သာသူခိုးလို့စွပ်စွဲတာလည်း စောစောစောက ယောက်ျားတစ်ယောက်ဟာ ရေကန်ထဲဆင်းပြီး ကြာစွယ်၊ ကြာပန်းတွေ ကို ချိုးဖျက်ယူတယ်။ အဲဒီ ပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ ကြာသူခိုးလို့မပြောတာလဲ...

နတ်သမီးက ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း မျက်နှာထားတည်တည်နဲ့...

ရဟန်း...မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီ သူတွေဟာ အညစ်အကြေး အထပ်ထပ်ပေကျံနေလို့ လက်နှီးစုတ်လိုပဲ ထပ်မံပေကျံလည်း ထူးပြီး မသိသာတော့ဘူး။ ဒီအတိုင်းပဲ အကုသိုလ်အညစ်အကြေးစုံ ကပ်နေတဲ့ သူမှာ နောက်ထပ်အညစ်အကြေး တစ်ခု ထပ်ကပ်လည်း ထူးပြီး မသိသာတော့ဘူး။ အဲတော့ ထို ပုဂ္ဂိုလ်မျိုးကို ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး၊ သင်ရဟန်းကိုသာ ပြောချင်တာ၊ စင်ကြယ်မှုကို ရှာမှီးသူတို့သည် သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း တိမ်တိုက်လောက် သဘောထား ရတယ်...

ရဟန်းက နတ်သမီးဥပမာနဲ့ပြောလိုက်တဲ့စကားကို သဘောကျသွားပါတယ်။ ဒါကြောင့်...

နတ်သမီး...သင်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်ပြုတယ် ပြီးတော့ သတိပေးစောင့်ရှောက်တယ်။ တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ အမြင်မတော်တာ ရှိခဲ့ရင် အခုလိုပြောဆိုပေးပါ...

ရဟန်း ..ငါဟာ သင့်ကိုအမှီပြုပြီး အသက်မွေးနေတာ မဟုတ်။ သင့်ရဲ့အခစားမဟုတ်၊ ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်း ဆိုတာ သင်သိတယ်။ သိတဲ့အတိုင်း ကိုယ်တိုင်ပဲသွားပါ၊ ငါကို အားမကိုးပါနဲ့...နတ်သမီးက စကားထန်ထန်လေးသုံးပါတယ်။(နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေးပြောလိုက်ပေမဲ့ ပြောလွယ်ဆိုလွယ် ရှိတဲ့ ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်။)

ထိုအခါ ရဟန်းက ကျေးဇူးတင်ပါတယ် နတ်သမီး အခုလို သတိပေးတာကို ပဲ...ဟုဆိုကာ နတ်သမီးရဲ့ဆုံးမမှုကို အခြေခံပြီး တရား ကြိုးကြိုးစားစား အားထုတ်လိုက်ရာ ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကို လားရောက်ခဲ့ရပါတယ်။ (သိင်္ဃပုပ္ဖဇာတ်)

ထိုဇာတ်ဝတ္တုလေး ကအတိုင်း ဓမ္မပဒမှာ လည်း အပြစ်ပြဆုံးမသူကို ရွှေ့အိုးပေးသူလို့ သဘောထားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ရှင်ရာဟုလာ ဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ ဆုပ်ပြီး ဤသဲလုံးနှင့်အမျှ ငါ့ကိုဆုံးမမည့်သူရလျှင် ကောင်းလေစွ လို့လည်း ဆုတောင်းလေ့ရှိပါတယ်။ ကိုယ့်အပြစ် ကိုယ့်အားနည်းချက် ကို သိချင်စိတ်ရယ် သိပြီး ပြင်ချင်တဲ့စိတ်ရယ် ပြင်ပစ်တဲ့ စိတ်ရယ် အဲဒါတွေဟာ စိတ်ဓာတ် အရည်အသွေးမြင့်မားဖို့အတွက် အထောက့်အပံ့တွေပါ။

ကဲ...လက်နှီးစုတ်လား...အ၀တ်ဖြူစလား။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

အပ္ပမာဒမင်္ဂလာ

4

အပ္ပမာဒေါစ ဓမ္မေသု
ဧတံမင်္ဂလမုတ္တမံ။
ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
လုပ်ကိုင်ပြောကြားသတိထား၊
တရားမမေ့စေ။

မင်္ဂလာ (၃၈)ပါးထဲမှာ အပ္ပမာဒမင်္ဂလာ က အဓိကအကျဆုံး မင်္ဂလာဖြစ်သလို ဗုဒ္ဓဘာသာဝင် တစ်ယောက်မှာ မဖြစ်မနေရှိရမယ့် မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ဒီမင်္ဂလာဟာ ပစ္စုပ္ပန် အကျိုးတင်မကပဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အထိရောက်အောင် ပို့ ပေးမယ့် မင်္ဂလာဖြစ်ပါတယ်။အပ္ပမာဒမင်္ဂလာရဲ့ လိုရင်းက အစစအရာရာသတိနဲ့နေဖို့ပါ သတိပဋ္ဌာန် ၀ိဿနာတရားနဲ့ နေဖို့ပါ။

သတိနဲ့ ဘယ်လိုနေမလဲ…

ကိုယ့်ဘ၀ ရဲ့ တစ်နေ့တာ လှုပ်ရှားမှုပုံရိပ်များကို အာရုံပြုကြည့်လိုက်ပါ။
လူတစ်ယောက်ရဲ့တစ်နေ့တာမှာ ပထမဆုံး တွေ့ကြုံလိုက်ရမယ့် အမူအရာက အိပ်ရာက နိုးလိုက်တာပါ။ ဒီတော့ အဲဒီ နိုးတာလေးကို ဘယ်လိုလုပ်ရမလဲဆိုတော့ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် မှာ နိုးရင်နိုးတယ်နိုးတယ် လို့ သိနေလိုက်ပါ တဲ့။ နိုးတဲ့စိတ်လေးကို အာရုံပြုပြီး နိုးတယ်နိုးတယ်လို့ မိနစ်ပိုင်းလောက်မှတ်နေလိုက်ရပါမယ်။ ထချင်တယ် ဆိုရင်လည်း ထချင်တယ် ထချင်တယ် လို့မှတ်နေလိုက်ပါ။ ဒီအပြုအမူဟာ ဘ၀ရဲ့တစ်နေ့တာကို သတိပဋ္ဌာန် ၀ိပဿနာ နဲ့ဖွင့်လိုက်တာပါ။

ထို့အတူ တစ်နေတာအတွင်း လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှ (ကိုယ်အမူအရာ စိတ်အမူအရာ) ပြုတိုင်း ပြုတိုင်း ဖြစ်တိုင်း ဖြစ်တိုင်း နောက်မှာ အသိစိတ်လေး က လိုက်လိုက် သိနေရမှာ ဖြစ်ပါတယ်။

ထို့နောက် တစ်နေ့တာကုန်ဆုံးလို့ ညအိပ်တဲ့အခါမှာလည်း အမှတ်သတိလေးနဲ့ အိပ်ရပါမယ်။အိပ်ရာပေါ်မှာ လှဲအိပ်နေတဲ့အခါ နှာသီးဖျားလေး ဆီကို စိတ်ပို့လိုက်ပြီး ၀င်တယ် ထွက်တယ် ပဲမှတ်မှတ်၊ ဒါမှမဟုတ် ၀မ်းဗိုက်ဆီ ကို စိတ်ကို ပို့လိုက်ပြီး ဖောင်းတယ် ပိန်တယ် ပဲမှတ်မှတ် နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားပြီး အိပ်သင့်ပါတယ်။ ဒါဟာ ဘ၀တစ်နေ့တာရဲ့အဆုံးကို ၀ိပဿနာနဲ့ ပဲပြန်ပိတ်လိုက်တာပါ။

တရားအားထုတ်တယ်ဆိုတာ ဘုရားရှေ့မှာ တင်ပလ္လင်ခွေထိုင်မျက်စိမှိတ်အားထုတ်နေမှ အားထုတ်တာ မဟုတ်ပါဘူး။ သွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ စားဆဲ သောက်ဆဲ ပြောဆဲ ၀တ်ဆဲ စွန့်ဆဲ စတဲ့အမူအရာ တွေမှာ အမှတ်သတိပါနေရင်လည်း သတိလေးနဲ့ ပြုနေရင်လည်း တရားအားထုတ်နေတာပါပဲ။

ထို့ကြောင့် အပ္ပမာဒမင်္ဂလာ နှင့် အညီနေထိုင်ခြင်းဟာ ပစ္စုပ္ပန် အကျိုးတင်မကပဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အထိရောက်အောင် ပို့ ပေးမယ့် မင်္ဂလာဖြစ်လို့ မမေ့လျော့သော သတိလေးနဲ့နေကြပါစို့လို့ တိုက်တွန်းရင်း… ကုသိုလ်ယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ကျွဲနိုင် နွားနိုင် နိုင်ပါသတဲ့။

9


အလျောက်ကောင်းလျှင် အထောင်းလွတ်သည်.....

ပညာရှင် ပျော်တော်ဆက်ကြီး ဦးပေါ်ဦးသည်လည်း ကြိမ်ဖန်များစွာကပင် အလျှောက်ကောင်းသဖြင့် အထောင်းလွတ်ခဲ့သည်များ ရှိပါသည်။

တစ်နှစ်သော်...
ကျင်းပမြဲဖြစ်သော ရေခင်းသဘင်ခေါ်လှေပြိုင်ပွဲကျင်းပ လေသည်။ ယင်း လှေပြိုင်ပွဲကြီးတွင် မိဖုရားကြီး၏ လောင်းလှေကသာလျှင် နှစ်စဉ်လို အနိုင်ရပါသည်။ ဘိုးတော်ဦးဝိုင်း၏ လှေကား အမြဲရှုံးသည်။ ယင်းကို မင်းကြီးက မခံချင်။ ပြည်သူတို့၏ မထိတထိ စကားတင်း ဆိုစကားများကလည်း မင်းကြီးနားသို့ပေါက်သည်။

ထို့ကြောင့် မင်းကြီးက လှေပြိုင်ပွဲတွင်အနိုင်ရလိုသည်။ ဦးပေါ်ဦးထံ တွင် အကြံကောင်း ဥာဏ်ကောင်း တောင်းအံ့ဟု စိတ်ကူးရကာ

ငါကိုယ်တော်စိတ်ထဲ ... မခံချိတာ တစ်ခုရှိနေတယ်
ပေါ်ဦး...
လှေပြိုင်ပွဲကျင်းပတိုင်း ငါကိုယ်တော်မြတ်ရဲ့ လှေကအရှုံးနဲ့ ပဲရင်ဆိုင်နေရတယ်။ မျက်နှာပန်းမလှ အရှက်ရပေတယ်။

မှန်လှပါ။

သဟာဖြင့်...ငါကိုယ်တော်အနိုင်ရအောင် အဘယ်သို့ပြုရမည်ကို လျှောက်တင်စမ်း ပေါ်ဦး

မှန်လှပါ... ယတြာကောင်းက မင်းလောင်းတောင် ပျောက်ရသည် ဟူသော ဆိုစကားရှိကြောင်းပါ...

မှန်ပေသကွယ်

မှန်လှပါ၊ အရှင် မိဖုရားကြီးလှေကို နိုင်တော်မူလိုလျှင် ကျွန်တော်မျိုးလျှောက်တင်သော လှေတော်မျိုးဖြင့် ပြိုင်စေလျှင် ဧကန်မုချ အနိုင် ရမည်ဖြစ်ကြောင်းပါဘုရား...လို့တင်လျှောက်ပါတယ်။

ဖောင်တော်ဆိပ် တံတား၌ ရေဖောင်ပြုလုပ်၍ ထားသော ပိန်းကောလှေကြီးနှင့် ပြိုင်တော်မူပါဘုရား..

ဟဲ့ပေါ်ဦး ရွှေလောင်းတော် အချင်းချင်းပြိုင်တာတောင် မနိုင်တာကို...ပိန်းကောလှေကြီးနဲ့ ပြိုင်ရမယ်...မင်းဟာ မဟုတ်သေးပါဘူးကွယ်...

ဟုတ်ကြောင်းပါ ဘုရား... ယတြာကောင်းက အင်းစောင်း၍ မှောက်သည့်အပြင် မင်းလောင်းပင် ပျောက်ရသည်ဆိုသောစကား ရှိပါသည် ဘုရား...

မဆီမဆိုင် ပေါ်ဦးရယ် ယတြာနှင့် ငါ့ကိစ္စ ဘယ်လို ဆက်စပ်တုန်း...ကွယ့်

ဆက်စပ်ကြောင်းပါ...ပိန်းကော ဆိုသည်တွင် ပိန်းမှာ...ကြာသပတေးနံ၊ ကောသည်...တနင်္လာနံ ဖြစ်ပါသည်။ ထိုနံနှစ်နံ တို့သည် အန္တော ၊ ဂဗ္ဘေ၊ စရေ ၊ ၀ံသေ ဟူသည်တွင် ဂဗ္ဘေဓာတ်ဖြစ်ကြောင်းပါ ဘုရား...

ဘ၀ရှင် မင်းတရားကြီး ၏ နံတော်သည် တနင်္လာ၊ မင်းထက်မင်း ဖြစ်သောကြောင့် မင်းဟူသည် နံသည် ကြာသပတေးနံ ဖြစ်ပါသည်။ ထိုကြောင့် ဂဗ္ဘေဓာတ်သက်ပင် ဖြစ်ပါသည်ဘုရား မုချနိုင်မည်ဖြစ်ကြောင်းပါ ဘုရား...

ဟုတ်မှလည်း လုပ်ပါ ပေါ်ဦးရယ်

မဖြစ်နိုင်ဟု ထင်ထားပါလျှက်ပေါ်ဦး လျှောက်ထားပုံက သေချာခိုင်မာ နေသဖြင့် ဘိုးတော်ဦးဝိုင်း ၏ စိတ်ထဲ ဇဝေဇ၀ါနှင့် ဟုတ်လိမ့်နိုးနိုး မျှော်ကိုး နိုးကြွလာသည်။

သို့ဖြင့် ပိန်းကောမကြီးကို ယူစေပြီး ဖောင်တော်ဆိပ်တွင် ပြိုင်ရန်အသင့်ချထားစေသည်။

အချက်ပေး ရတာနာငွေမောင်းသံပေါ်ထွက်လာသည်။

မိဖုရားခေါင်ကြီး ၏ ရွှေလောင်းသည် ဟည်းတိုက်ကာ ထွက်ပြီးနောက် ပန်းတိုင်သို့ရောက်သည်။ ပိန်းကောလှေကြီးကား နေရာမရွေ့ သေး။ ရှုံးပြန်လေသည်။

ဘိုးတော်ဘုရား မျက်နှာတော်ညို အလိုတော်မကျဖြစ်လေပြီး ဟဲ့ပေါ်ဦး..မတော်မတရား မောင်မင်းရဲ့စကားကို နားထောင်မိလို့ အရှက်တော်များရလေပြီ။အခုတော့ အနိုင်ရဘို့မဆိုထားနှင့် ထားရင်းနေရာကပင် မရွေ့သေးပါလား။

မင်းတို့ မျက်စောင်း အကြောင်းသုံးပါး ရွေးတတ်သည် မဟုတ်။ သို့သော် ဦပေါ်ဦး စိုးရိမ်ဟန်မရှိ ဆက်ပြီး လျှောက်ထားပြန်လေ သည်။

မှန်လှပါ...ရွှေစိတ်တော် မညိုပါနဲ့ဘုရား ထားရင်းနေရာက မရွေ့ဘဲ နောက်ကျနေလင့်ကစား အရှုံးဟု မခေါ်ဆိုထိုက်ကြောင်းပါ ဘုရား... ဟေ

ဒါလည်းနိုင်ခြင်းများတွင် တစ်ပါးအပါအ၀င် ဖြစ်ကြောင်းပါဘုရား..

သည်မှာ ပေါ်ဦး..ပရိသတ်လူသူအားလုံးက ပိန်းကောလှေကြီးနောက်ကျ၍ ရှုံးတာကို အုတ်အုတ်ကျက်ကျက် ပြက်ရယ်ပြုတာ မမြင်သလော...ပေါ်ဦး။

မှန်လှပါ ပရိသတ်လူသူအားလုံးဟာ အသိအမြင် ဆင်ခြင်တုံတရား နည်းပါလှတာကို သတိတော်မူသင့်ပါသည်ဘုရား၊ သာဓကပုံဆောင်၍လျှောက်တင်လိုပါသည်ဘုရား...

ကျွဲ ၊နွား ၊ ဆင်၊ မြင်းတို့တွင် ကြောက်သော ရှုံးသော ကျွဲ ၊ နွား၊ ဆင်၊ မြင်း၊ တိုက ရှေ့ကပြေးပြီး ၊ နိုင်သော သူတို့က နောက်ကနေ၍ လိုက်ရိုးထုံးစံရှိပါသည် ဘုရား။ ယခုလည်း ရွှေဘုန်းတော်ကြောင့် ပိန်းကောလှေကြီးသည်လည်း နောက်ကနေ၍ လိုက်ခြင်းသည် ကျွဲနိုင်၊ နွားနိုင် နိုင်သည် ဟူ၍မှတ်ယူရမည်ဖြစ်ကြောင်း လျှောက်ထားအပ်ပါသည်ဘုရား...

သည်တွင်မှ ဦးပေါ်ဦး ၏ နိုင်ခြင်းတစ်မျိုးအကြောင်းကို မင်းကြီးနှင့်တစ်ကွ မှူးမတ်ဗိုလ်ပါတို့ ကောင်းစွာသဘောပေါက်သွားပြီး အုတ်အုတ်သောသော ရယ်မောကြတော့သည်။

ဦးပေါ်ဦးမှာ အလျှောက်ကောင်းသဖြင့် အထောင်းလွတ်ခဲ့လေသည်။

ကျွဲနိုင် နွားနိုင် နိုင်ပါသတဲ့။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ရန်သူမိတ်ဆွေခွဲခြားနည်း

6


တစ်ခါတုန်းက မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါသတဲ့။ အဲဒီနေရာမှာ မိတ္တာမိတ္တဇာတ် ဆိုတဲ့ (ရန်သူနဲ့ မိတ်ဆွေခွဲခြားနည်း) ကို ကောသလမင်းကြီးရဲ့ အကျိုးစီးပွားဆောင်ရွက်တဲ့ အမတ်တစ်ဦးကို အကြောင်းပြုပြီး ဟောတော်မူပါသတဲ့။

မြတ်စွာဘုရား ပါရမီတော် ဆယ်ပါးကိုဖြည့်ဆည်းတော်မူနေစဉ် ဘ၀တစ်ခုမှာ ဗြဟ္မဒတ် မင်းကြီးရဲ့ ထံမှာအမှုတော်ထမ်းရတဲ့ အမတ်ကြီးဖြစ်ခဲ့သတဲ့။ အဲဒီအမတ်ကို မင်းကြီးက ချီးမြှင့်မြှောက်စားတော့ ထုံစံအတိုင်း မလိုလားသူတွေက ကုန်းတိုက်ကြတယ်။ ဒါပေမဲ့ မင်းကြီးက မယုံကြည်တာနဲ့ အမတ်ကို မေးပါသတဲ့။ အချင်း အမတ် မိတ်ဆွေနဲ့ရန်သူ ဘယ်လိုခွဲရမလဲ၊ အသင်သိသလားပေါ့။ အဲဒီလိုမေးတော့ အမတ်က ဖြေပါသတဲ့။

မြတ်သောမင်းကြီး-

၁။ ရန်ဘက်ဖြစ်သောသူကို မြင်သောသူသည် မပြုံးမရွှင်တတ်။
၂။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်တတ်။
၃။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်၍မျက်နှာလွှဲတတ်။
၎။ ရန်သူလို သဘောထားသူနဲ့ ဆန့်ကျင်တဲ့ အမှုများကို ပြု၏။
၅။ ရန်ဘက်ဖြစ်သောသူ၏ ရန်သူကိုလည်း မှီဝဲဆည်းကပ်တတ်၏။ (ပေါင်းတတ်၏။)
၆။ ထိုရန်ဘက်၏ အဆွေခင်ပွန်းတို့ကို မမှီဝဲ မဆည်းကပ်တတ်။
၇။ ရန်ဘက်ကို ချီးမွမ်းမယ့် သူတို့ကို တားမြစ်အပ်၏။
၈။ ရန်ဘက်ကို ဆဲရေးမည့်သူတို့ကို ချီးမွှမ်းတတ်၏။ (အားပေးတတ်၏)
၉။ ရန်ဘက်ဖြစ်သူအား လျှိဝှက်အပ်သောစကားများကို မပြောကြား။
၁၀။ ရန်ဘက်ဖြစ်တဲ့သူရဲ့ လျှိဝှက်အပ်တဲ့စကားများကို ပြောကြားတတ်၏။
၁၁။ ရန်ဘက်ဖြစ်သူ ဘာပဲလုပ်လုပ် မချီးမွမ်းတတ်။
၁၂။ ရန်ဘက်ဖြစ်သောသူ၏ ပညာကို မချီးမွှမ်းတတ်။
၁၃။ ရန်ဘက်ဖြစ်တဲ့ရဲ့ စီးပွားချမ်းသာပျက်စီးတာကို သဘောကျနှစ်သက်တတ်၏။
၁၄။ ရန်ဘက်၏ စီးပွားချမ်းသာတိုးတက်မှုကို မနှစ်သက်တတ်။
၁၅။ ကောင်းမြတ်တဲ့ ပစ္စည်းကိုရရင် ရန်ဘက်ကို မပေးကမ်းတတ်။
၁၆။ ရန်ဘက်ဖြစ်တဲ့သူဟာ အကြောင်းကြောင်းကြောင့် မရွှင်မပျဖြစ်နေရင်လည်း ကူညီစောင့်ရှောက်ခြင်း မပြုတတ်။ - တဲ့ အားလုံး ၁၆ချက် ရှိပါတယ်။

ရန်သူလို့ ကိုယ့်ကို သဘောထားတဲ့သူတွေမှာ ဘယ်လိုအပြုအမူတွေရှိတယ်ဆိုတာကို သိပြီး တဲ့နောက် မိတ်ဆွေစစ်ဆိုတဲ့ သူကိုရော ဘယ်လိုခွဲခြားပြီးသိရမလဲ။ ရှင်းပါတယ် အခုန အချက်အလက်တွေနဲ့ ဆန့်ကျင်ဘက် ယူလိုက်တာပေါ့။ တကယ်တော့မိတ်ဆွေစစ် ကို ဘာနှင့်မျှဝယ်၍မရနိုင်၊ လဲ၍မရနိုင်ပါ။ သူကို မိတ်ဆွေစစ်ဖြစ်စေချင်လျှင် ကိုယ့်ကိုလည်း သူ၏ မိတ်ဆွေစစ်ဖြစ်အောင်သာ ပြင်ဆင်ရမည် သာဖြစ်ပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

နှစ်ကျပ်လောင်း တစ်ကျပ်မြတ်

7

ဗန်းမော်ဆရာတော်ကြီး ဗန်းမော်ရောက်စဉ် တပည့်ဒါယကာတို့မေးသော မေးခွန်းများကို ဖြေဆိုပေးလေသည်။ ရှမ်းတိုင်းရင်းသား သူငယ်ချင်း၂ဦး အား ဗမာလူမျိုးတစ်ယောက် မှ ဆရာတော်မှ မေးခွန်းများကိုမဖြေနိုင်က မုန့်ကျွေးမွေးသည် ဆုချသည်ဟု… ထောင်လွှတ် လိုက်လေ သည်။

အဟုတ်မှတ်၍ ရောက်လာသော ဒကာ၂ဦးကို ဘာကိစ္စရှိ၍ လာကြသတုန်းလို့ ဆရာတော်က မိန့်တော်ရှိရာ…..

ရှမ်းဒါယကာက တပည့်တော်တို့ မေးခွန်းမေးပါမည်။ မဖြေနိုင်က ဘုန်းကြီးက မုန့်ကျွေးပါ။ ဟု…မိမိ လိုချင်သည်ကို ပွင့်ပွင့်လင်းလင်းလျှောက်ထားလေသည်။ ဆရာတော်အနီး အမှုထမ်းဒါယကာ တွေက မဖွယ်မရာ လာလျှောက်သည်ဟုထင်ပြီး ရိုက်နှက်လွတ်ရန် စီမံလှုပ်ရှားကြသည်။

ဟဲ့ ဒါယကာတို့မလုပ်ကြနှင့် တိုင်းရင်းသားလူမျိုးတွေဆိုတာ အလွန်ရိုးသားကြတယ်။ တစ်ယောက်ယောက်က ဂျောက်တွန်းတာ ဖြစ်မှာပါ…သူတို့ပုံက နှစ်ကျပ်လောင်း တစ်ကျပ်မြတ် တဲ့ တော့သားပုံလိုဖြစ်နေတာကိုး ကွဲ့လို့ မိန့်ကြားပြီးပုံပြင်လေးကို မိန့်ကြားပါတယ်။

ဒီလိုကွဲ့ ရှေးတုန်းက တက္ကသိုလ်ပြည်ကြီးက အဌာရသ (၁၈)ရပ်သော အတတ်မျိုးစုံ ကိုသင်ကြားပေးတဲ့ ဒိသာပါမောက္ခဆရာကြီး နဲ့တပည့်လက်သားများ နှင့် တောသားတစ်ဦး တို့ဟာ ခရီးရှည်တစ်ခုကို အတူသွားကြ သတဲ့။

လမ်းနားနေရာ ဇရပ်ရောက်တော့ စကားစမြည်ပြောဆိုကြရင်း ဆရာကြီး၏ တပည့်များက တောသားအား သနားစဖွယ် အသိပညာနည်းသူ လူတုံးလူအ တစ်ယောက် အနေနှင့်မြင်ပြီး ဟေ့ တောသား ဟောဒါ တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးပဲလို့ ပြောပြသတဲ့….

ရွာသားက …ဟုတ်ကဲ့ဆိုပြီး ခေါင်းငြိမ့်သတဲ့ ။ အဲဒီအခါမှာ ဆရာကြီးကလဲ တောသားကိုကြည့်ပြီး သနားတာနဲ့ သင်သိလိုတာရှိက မေးပါ၊ ကျွန်ုပ်ဖြေပေးပါမယ်လို့ ပြောသတဲ့။

ရွာသားက ဟုတ်ကဲ့…မေးလိုပါတယ်။ ဒါပေမယ့် ရိုးရိုးမမေးလိုပါဘူး၊ ပျော်ပျော်ပါးပါး ကစားတဲ့အနေနဲ့ အလောင်အစားလုပ်ပြီး မေး-ဖြေလုပ်လိုပါတယ် လိုပြောသတဲ့။

အဲဒီအခါ ဆရာကြီးကလဲ-အမယ်တောသားက အလာချည်းဘဲဆိုပြီး ဘယ်လိုများအလောင်း အစား လုပ်မတုန်း….ဆိုတော့ တောသားက ကျွန်တော်က တောသားဆိုတော့ အရင်မေးပါမယ်၊ ကျွန်တော်မေးတာ ဆရာကြီးမဖြေနိုင်လျှင် နှစ်အသပြာ ပေးပါ၊ ပြီးတော့ ဆရာကြီးက ကျွန်တော်ကိုမေးပါ။ ကျွန်တော်က တောသားဆိုတော့ ဆရာကြီးမေးတာ မဖြေနိုင်လျှင် တစ်အသပြာ ပေးရပါမည်။ အဲလို အလောင်းအစား လုပ်ချင်ပါတယ်လို့ ပြောသတဲ့-

ဆရာကြီးကလည်း ဒီတောသား နက်နက်နဲနဲ မေးခွန်းမျိုးတော့မေးတတ်မှာ မဟုတ်ပါဘူးလို့ထင်ပြီး သဘောတူခွင့်ပြုသတဲ့။

အဲဒီအခါတောသားက -လောကမှာ သတ္တ၀ါမျိုးစုံဟာ ကိုယ်အင်္ဂါမျိုးစုံနဲ့ ရှိကြပါတယ်။ ခြေရှစ်ချောင်း၊ လက်လေးချောင်း၊ ဦးခေါင်းချို နှစ်ချောင်းရှိတဲ့ သတ္တ၀ါကို ဘယ်လိုသတ္တ၀ါမျိုး လို့ခေါ်ပါသလဲ ဆရာကြီးလို့ မေးသတဲ့။

ဒိသာပါမောက္ခဆရာကြီးလည်း တောသားရဲ့ မေးခွန်းကို အပြန်ပြန်အလှန်လှန် စဉ်းစားသတဲ့။ မိမိရဲ့ ကျမ်းစာပေစာ အဆောင်အယောင်ကိုလဲ စဉ်းစားပြီး အဖြေကိုရှာသတဲ့ ဒါပေမဲ့တောသား အမေး သတ္တ၀ါအမည်ကို ဘယ်လိုမှ ရှာမရဘူးတဲ့။ ဒီတော့ ဆရာကြီးလည်း ပညာရှိပီပီ မိမိမသိတာကို အသိကြောင်း ၀န်ခံပြီး အလောင်းအစား ကတိအတိုင်း အသပြာနှစ်ပြား ထုတ်ပေးလိုက်ပြီး-

သင်ကော အဲဒီသတ္တ၀ါရဲ့ အမည်ကို သိပါသလား လို့ ပြန်မေးသတဲ့ အဲဒီအခါ တောသားက ကျွန်တော်လည်း မသိပါဘူး ။ ရော့ တစ်သပြာယူပါလို့ပြောပြီး တစ်သပြာ ပြန်ပေးသတဲ့ ကွဲ့။

ပုံပြင်ထဲက အတိုင်းပဲ အခု လာမေးတဲ့တိုင်းရင်းသားတွေကလည်း တောသားလို မေးတဲ့ပုံစံ တွေမို့ ကျက်သရေခန်းထဲက မုန့်သာ ချကျွေးလိုက်ပါကွယ်လို့ မိန့်ကြားလိုက်ပြီး ရှမ်းတိုင်းရင်းသား နှစ်ဦးကို မုန့်များ ချကျွေးပြီး ပြန်လွှတ်လိုက်လေသည်။

အားလုံးပြုံးပျော်နိုင်ကြပါစေ။

ညခင်း

ရောင်းတယ် ၀ယ်တယ်

5


မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ဈေးသည်အမျိုးသမီး လေးယောက်ရှိပါတယ်။ သူတို့လေးယောက်မှာ လင်ယောက်ျားနဲ့ သားသမီးတွေလည်း ကိုယ်စီ ရှိကြပါတယ်။ သူတို့ဟာ ပျားရည်၊ ထောပတ်၊ဆန်၊ဆီ၊ဆား စတဲ့ ကုန်ပစ္စည်းတွေ ရောင်းပြီး လင်ယောက်ျားနဲ့ သားသမီးတွေကို လုပ်ကျွေး နေကြတာပေါ့။

ဒီလိုရောင်းချမှု လုပ်ရာမှာ အလေးခိုး၊ ဈေးတင်၊ စဉ်းလဲကောက်ကျစ်စွာ ရောင်းချခြင်းအမှုကိုပြုခဲ့ပါကြတယ်။ ဒီလိုနဲ့တိုးတက်သွားပြီး စီးပွားရေးအဆင်ပြေနေဆဲကာလမှာပဲ ဈေးသည်အမျိုးသမီး လေးယောက်ဟာ အကြောင်းမယ်မယ်ရရ မရှိဘဲနဲ့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပါသတဲ့။

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုရင် မြို့ကျုံးရဲ့အပြင်ဘက် နားမှာ ပြိတ္တာမ တွေသွားဖြစ်ပါသတဲ့။ ဒီတော့ လူပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျားလေးယောက်က သူတို့ဇနီးတွေကို လွမ်းဆွေးတမ်းတ မနေကြပါဘူး။ ကွယ်လွန်ပြီးမကြာခင်မှာပဲ ယခင်ဇနီးဟောင်းတွေထက် ချောတဲ့ငယ်တဲ့ ဇနီးအသစ်ကလေးတွေကို ယူလိုက်ကြသတဲ့။ ပြီးတော့ ဇနီးဟောင်းရှာဖွေထားတဲ့ ပစ္စည်းတွေ နဲ့ ပျော်ပျော်ပါးပါး ခံစားသုံးဆောင် နေကြပါတယ်။ ဒါကို ပြိတ္တာဖြစ်နေတဲ့ ဈေးသည်မိန်းမလေးယောက်က သိပြီး လုပ်ရက်လေခြင်းဆိုပြီး စိတ်ဆင်းရဲကြတာပေါ့။

ဒါကြောင့် ကျုံအပြင်ဘက်ကနေ မြို့ထဲကလူတွေကြားအောင် အသံဆိုးကြီးတွေနဲ့ လှမ်းလှမ်းအော်ပါတော့တယ်။ ငါတို့ ဟာ လိမ်လည်ကောက်ကျစ်ပြီးဈေးရောင်းခဲ့တဲ့အတွက် ပြိတ္တာမ တွေဖြစ်နေရတယ်။ ငါတို့ရှာခဲ့တဲ့ ပစ္စည်းတွေကိုတော့ ခင်ပွန်းဟောင်းတွေက နောက်မိန်းမတွေနဲ့ ခံစားပျော်ပါးနေကြတယ်။ ဥစ္စာပစ္စည်းရှာခဲ့တဲ့ ငါတို့မှာတော့ ကိုယ်ရှာတာ ကိုယ်မသုံးဆောင်ရဘဲ ဆင်းရဲဒုက္ခမျိုးစုံ ကြုံနေရတယ် လို့အော်ကြပါတယ်။

အဲလိုညည ဆို ကျုံးအပြင်ဘက်ကနေ အော်အော်နေတော့ မြို့ထဲကလူတွေက လန့်ကုန်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားအမှုးပြုတဲ့ သံဃာတွေကို ပင့်ပြီး ဆွမ်းကပ် ပြီး လျှောက်ထားကြတာပေါ့။ ဒီတော့မြတ်စွာဘုရားက ဒါယကာတို့ ဒီအသံက သင်တို့ကို အန္တရာယ်ပြုမယ့်အသံတွေမဟုတ်ပါဘူး၊ ပြိတ္တာမလေးယောက် ဆင်းရဲခြင်းတွေ နှိပ်စက်နေလို့ အော်နေကြတာပါ...လို့ မိန့်တော်မူပြီး ဖြစ်ကြောင်း ကုန်စင်ကို မြတ်စွာဘုရားက ပြန်ဟောပြပါတယ်။

မြတ်စွာဘုရားက တဆက်တည်း သစ္စာလေးပါးကို ဆက်လက်ဟောကြားခဲ့ရာ တရားအဆုံးမှာ တရားနာပရိသတ်တွေ သောတာပတ္တိဖိုလ်စတဲ့ တရားထူးတွေ ရသွားကြပါတယ်။

အထက်က ပုံဝတ္တုလေး အတိုင်း ငွေရဖို့ အဓိက၊ ပစ္စည်းဥစ္စာရဖို့အဓိက၊ ရာထူးအာဏာရဖို့အဓိက၊ အောင်မြင်ကျော်ကြားဖို့ အဓိက အဲဒီလို့ နှလုံးသွင်းပြီး မသမာတဲ့နည်း စဉ်းလဲကောက်ကျစ်တဲ့နည်း ဒုစရိုက်နည်းတွေနဲ့ စီးပွားရှာကြရင်ဖြင့် သေရင် ပြိတ္တာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အပါယ်ငရဲကျမှာပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ပန်းတိုင်အစစ်က ပစ္စည်းဝတ္တုတွေ ရာထူးတွေ မဟုတ်ပါဘူး။ ပန်းတိုင်အစစ်က နိဗ္ဗာန်ပါ။ တကယ်လို့ နိဗ္ဗာန်မရသေးရင်တောင် ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်း လေးနေသွားရဖို့က အဓိကပါ။ ပြိတ္တာဖြစ်စေတဲ့ စီးပွားရှာနည်းတွေကိုတော့ အထူးရှောင်ဖို့ အရေးကြီးပါတယ်။

မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများ ကိုယ့်နောက်ပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


စည်းစိမ်တိုသူ (၆)ဦး

3

စည်းစိမ်တိုသူ (၆)ဦး


မိုးသောက်နေပေါ်၊ ကျူးကျော်အိပ်ခြင်း၊ ပျင်းရိကြမ်းကြုတ်၊
သောက်ထုတ်သေစာ၊ သွားလာကိုယ်ထူး၊ အိမ်ရာကျူးဟု၊
ခြောက်ဦးပုဂ္ဂိုလ် ၊စည်းစိမ်တို၏။


ဆိုလိုချက်-



၁။ မိုးသောက်နေထွက် အိပ်စက်သူ
၂။ အပျင်းကြီးသူ
၃။ ရက်စက်ကြမ်းကြုတ်သောသူ
၎။ အရက်သေစာသောက်စားမူးယစ်တတ်သူ
၅။ ဝေးမြေရပ်ခြားသို့ တစ်ဦးတည်းသွားတတ်သူ
၆။ သူ့သားအိမ်ရာ ကျူးလွန်တတ်သူ




SiX enamies of our wealth
Six enemies of our wealth are-
1. One who oversleeps
2. One who is lazy
3. One who is cruel and desperate
4. One who enjoys intoxicant drink
5. Wayfarer who travels without good companinon, and
6. One who commits adultery.
They are never rich. Instead, they are poor.


(မာဃဒေ၀လင်္ကာသစ်)



ရွှင်လန်းချမ်းမြေ့ကြပါစေ။

သင်္ချိုင်းနဲ့ တူတဲ့ လူပုဂ္ဂိုလ်

6

ကောင်းကြံ၊ ကောင်းပြော၊ ကောင်းလုပ်ရော၊
ကောင်းသောကံခေါ်သည်။
ကောင်းသောကံသာ၊ ကောင်းဥစ္စာ၊
ကောင်းရာကျိုးပေမည်။
ဆိုးကြံ ၊ဆိုးပြော ၊ဆိုးလုပ်ရော၊
ဆိုးသောကံခေါ်သည်။
ဆိုးသောကံသာ၊ ဆိုးဥစ္စာ၊
ဆိုင်ရာကျိုးပေးမည်။ ။
(အဘိဏှသုတ်)
လူပုဂ္ဂိုလ်တွေထဲမှာ သင်္ချိုင်းနဲ့တူတဲ့ ပုဂ္ဂိုလ်(၅)ဦးရှိတယ်။ ကံဆိုးတွေလုပ်လို့ သင်္ချိုင်းနဲ့တူကြတာပေါ့။

(၁) အသုစိ - မစင်ကြယ်သော ကာယကံ၊ ၀စီကံ၊ မနောကံ နှင့်ပြည့်စုံသော ပုဂ္ဂိုလ်။

(၂) ဒုဂ္ဂန္ဓ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည့်စုံသဖြင့်၊ မကောင်းသတင်းထွက်၍ အပုပ်နံ့လှိုင်သော ပုဂ္ဂိုလ်။

(၃) သပ္ပဋိဘယ - မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသဖြင့် ၊ သီလကို ချစ်မြတ်နိုးကြကုန်သော ရဟန်း အပေါင်းတို့က ပစ်ပယ်ခံရသော ပုဂ္ဂိုလ်။

(၄) ၀ါဌာနံ အမနုဿနံ အာဝါသ - မိမိကိုယ်တိုင် မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသည့် အပြင် မိမိနှင့် သဘောတူ မစင်ကြယ်သော ၊ ကံသုံးပါး နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့နှင့်သာ ပေါင်းသင်းနေထိုင်သော ပုဂ္ဂိုလ်။

(၅) ဗဟုဇန အာရောဒန - မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသဖြင့် ၊ ရဟန်းအပေါင်း၊ သူတော်ကောင်း တို့က ကဲ့ရဲ့ရှုတ်ချခံရသော ပုဂ္ဂိုလ် ရယ်လို့ (၅)မျိုး ရှိတယ်။ (သိဝသထိကသုတ်၊ အံ၊ ၂၊ ၂၃၅၊ ပြန် ၃၀၀)

ဆိုးကံလုပ်တဲ့ လူတွေဟာ သင်္ချိုင်းနဲ့ တူတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဆိုးကံပြုသမျှ လူ့လောကထဲမှာ မကောင်းသတင်း ပျံ့နေမှာပါပဲ။ မကောင်းကံက မကောင်းသံပဲထွက်မယ်။ ဥာဏ်ဆိုး၊ ကြံဆိုး၊ နှုတ်ဆိုး၊ လက်ဆိုးတွေ လုပ်ပြီး ဆိုးကံမတွေ့ဘူးဆိုတာ တွေ့ချိန်မကျသေး တဲ့အခိုက်အတန့်ရယ်ပါ။ ကံဆိုးကို တွေ့ရမယ့်အချိန်တွေ့ရမှာပါပဲ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

မိမိသာလျှင် ကယ်တင်ရှင်

4

အခါတစ်ပါးတွင် ဘုရားရှင်က ဒေသစာရီခရီး လှည့်လည်ခိုက် ဂါမဏိသူကြီးနှင့် ကြုံကြိုက်ပါတယ်။ ဂါမဏိက သူ့စိတ်ထဲ သို့လောသို့လောဖြစ်နေတာတွေ မေးလျှောက်ပါတယ်။

အရှင်ဘုရား ၊ တခြားဘာသာ တခြားဝါဒများမှာတော့ သေသူ အောက်ရောက်နေပါသည်ကို အထက်သို့ တင်ပို့ပေးနိုင်ကြသည် ဆိုပါ၏။ ထိုမှ အပြန်အားဖြင့် သေသူအထက်တက်နေသည် ကိုလည်း ဒဏ်ခတ်သောအားဖြင့် အောက်သို့ ဆွဲချနိုင်စွမ်းရှိသည် ဆိုကြပါ၏ အရှင်ဘုရား ကတော့ ဤလိုများ တတ်နိုင် စွမ်းပါသလားဘုရား...ဟုမေးလျှောက်ပါတယ်။

ဘုရားရှင်က ဂါမဏိ ဒီလိုပြန်မေးခဲ့ပါတယ်။ နှစ်သက်သလိုဖြေပါလို့လည်းခွင့်ပေးခဲ့ပါတယ်။

လေးလံတဲ့ ကျောက်ဖျာကြီး ရေထဲကျရောက် နှစ်မြုပ်သွားသည် ဆိုပါစို့၊ ထိုကျောက်ဖျာကြီး နစ်မြုပ်ရာသို့ ကမ်းနဖူးမှနေ လှမ်းမျှော်လျက်က... အို...ကျောက်ဖျာကြီး ၊ ရေပေါ်တက်ခဲ့...တက်ခဲ့ ဟူ၍ အမိန့်ပေး၍ ရသလော...

သည်လောက်လေးလံနေတာကြီး ဘယ်ကလာ ရနိုင်ပါ့မတုန်းဘုရား....

အေး ..သည့်အတူပဲ မကောင်းမှု အကုသိုလ်တို၏ ပူးကပ်အားကြောင့် ညစ်နွမ်းလေးလံ လျက်ရှိသောသူကိုလည်း မည်သူမျှ အထက်သို့ မပို့နိုင်ရာပြီ။

တစ်ဖန် ထောပတ်အိုးကြီးတစ်ခု ရေပြင်ကျယ်အနက်ထဲသို့ ကွဲလျက်က ကျရောက်သွားသော် ထောပတ်တို့သည် ရေပေါ် ပေါ်လာပြီ ဆိုပါအံ့၊ ထိုပေါ်လာသော ထောပတ်တို့ကို လက်ညိုးထိုးလျက်က အို...ထောပတ်၊ အောက်ဆင်း...အောက်ဆင်း ဟူ၍ ကမ်းနဖူးမှနေ သင်အမိန့်ပေး၍ရနိုင်သလော....

ဒါလည်းပဲ ဘယ်လိုနည်းနှင့်မျှ မရနိုင်ပါဘုရား...

အေး...သည့်အတူပဲ ကောင်းမှု ကုသိုလ်တို့၏ ရွှင်သွက်အားကြောင့် သန့်စင်ပေါ့ပါး ဥာဏ်ကျက်စားနေသူကို လည်း မည်သူကမျှ ဆွဲမချနိုင်ပြီ...ဟူ၍ မိန့်တော်မူခဲ့ချေ၏။

သို့ကြောင့် ဤဒေသနာတော်ကို ထောက်ဆ၍ မိမိ ကောင်းတရားကို မိမိသာပိုင်ဆိုင်ချေ၏။ မိမိ၏ အဆိုးတရားများကို လည်း မိမိသာလျှင် ပိုင်ဆိုင်ပေ၏။ မိမိကောင်းရန်သည် မိမိသာ ပြုလုပ်ပိုင်ခွင့်ရှိသဖြင့် မိမိသည်သာ အချစ်ဆုံး၊ အားအကိုးရဆုံး၊ စိတ်အချရဆုံး မိတ်ဆွေစစ်ဖြစ်ချေ၏။ တဖန် မိမိဆိုးရန်ကိုလည်း မိမိပြုလုပ်နိုင်မှသာ ရသဖြင့် မိမိသည်သာ မိမိ၏ အကြောက်ရဆုံး၊ ရှောင်ပုန်း၍ မရဆုံး၊ စိတ်မချရဆုံးသော ရန်သူစစ်မည်ချေ၏။ (ပဋိဘာနဥာဏဿန၊ စာ-၈၈၂)


ရွှင်လန်းချမ်းမြေ့ကြပါစေ။

သံသရာမှာပါ ရင်အေးရအောင်

5


သာဝတ္တိမြို့က ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာတဲ့ သူကြွယ်တစ်ယောက်ဟာ သဒ္ဓါရှိတယ်။ သာသနာတော်ကို ကြည်ညိုတယ်၊ နှမြောမှုကင်းတယ်။ တစ်နေ့မှာ သူက ဘုရားအမှုးရှိတဲ့ ရဟန်းအပေါင်းအား အလှူလှူတယ်။ အဲဒီ အခါမှာလည်း မင်းက ဥစ္စာကိုလိုချင်နေတယ်။ သူကြွယ်ထံ လူတစ်ယောက်ကို အမောင် သွားပါ၊ အဲဒီသူကြွယ်ကို ခေါ်ဆောင်ခဲ့ပါ လို့စေလွှတ်လိုက်တယ်။

အဲဒီလူက သွားပြီး အဲဒီသူကြွယ်ကို သူကြွယ်၊ သင့်ကို မင်းက ခေါ်နေတယ် လို့ပြောတယ်။ သူကြွယ်က သဒ္ဓါစတဲ့ ဂုဏ်တွေရှိတဲ့ စိတ်နဲ့ ဘုရားအမှူးရှိတဲ့ ရဟန်း အပေါင်းကို ပြုစုလုပ်ကျွေးရင်း အို ယောက်ျား၊ သွားပါ နောင်မှ လာပါမယ်၊ အခုတော့ ရွှေအိုးမြုပ်နှံကာ ရပ်တည်နေပါတယ် လို့ပြောလိုက်တယ်။ ဘုရားရှင်က ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ အဲဒီ ကောင်းမှုပြည့်စုံတာကိုပဲ ရွှေအိုးလို့ ပြလိုလို့ အဲဒီသူကြွယ် ၀မ်းသာဖွယ်ဖြစ်အောင် ရွှေအိုးနဲ့ ပတ်သက်တဲ့တရားကို ဟောကြားတော်မူ ပါတယ်။

အဲဒီတရားဒေသနာရဲ့အဆုံးမှာ အဲဒီသူကြွယ်ဟာ လူများစွာနဲ့အတူ သောတာပန်ဖြစ်သွားပါတယ်။ ကောသလမင်းထံလည်း သွားပြီး အဲဒီအကြောင်းကို ပြောပြပါတယ်။ မင်းက အလွန်အကဲ သဘောကျပြီး သူကြွယ် ၊ သာဓု သာဓု၊ သင်ဟာ ငါတို့လို မင်းတွေတောင် မဆောင်ယူနိုင်တဲ့ ရွှေအိုးကို မြှုပ်နှံ ပါပေတယ်လို့ နှစ်ခြိုက်ကာ အကြီးအကျယ်ပူဇော်မှုကို ပြုလုပ်ပါတယ်။

ရွှေ့ပြောင်းလို့မရတဲ့ ထာဝရဥစ္စာ၊ ရွှေပြောင်းလို့ရတဲ့ ဇင်္ဂမဥစ္စာ၊ ကိုယ်လက်အင်္ဂါနဲ့တူတဲ့ အတတ်ပညာဥစ္စာ (အင်္ဂသမဥစ္စာ) ၊ သံသရာတစ်လျှောက်လုံးမှာ လိုက်ပါနိုင်တဲ့ ဥစ္စာ (အနုဂါမိက ဥစ္စာ)၊ ဒီ ဥစ္စာ ၄မျိုးထဲက တစ်ဘ၀စာအတွက် ရွှေအိုးကို မြှုပ်နှံနိုင်အောင်လည်း ကြိုးစားကြရပါမယ်။ သံသရာအတွက် ကောင်းမှုရွှေအိုး (အနုဂါမိကရွှေအိုးကို) မြှုပ်နှံနိုင်အောင်လည်း ကြိုးစားကြရပါမယ်။ ဒါမှသာ ဒီဘ၀မှာ ရော သံသရာမှာပါ ရင်အေးကြရပါမယ်။ လိုတာမှန်သမျှပေးနိုင်တဲ့ ကောင်းမှုရွှေအိုးကို မြှုပ်နှံနိုင်ကြမှသာ ကိုယ်လိုချင်တဲ့ ကောင်းကျိုးမှန်သမျှကို ရနိုင်ကြမှာ ဖြစ်ပါတယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers