ကိုယ့်ဘ၀ကိုယ်ပုံသွင်းပါ

2


ကိုယ့်ဘ၀ကိုယ်ပုံသွင်းပါ

မြောင်းသွယ်သမားတွေက
မြောင်းတူးပြီး
လိုချင်တဲ့ နေရာအရောက်
ရေကို ဆောင်ယူကြပါတယ်။

မြားလုပ်သမားတွေက
အပူပေးပြီး
ကောက်နေတဲ့မြားကို
ဖြောင့်အောင်ပြုလုပ်ကြပါတယ်။

သစ်ရွေသမားတွေက
သစ်အကြမ်းထည်ကို
ဖြတ်တောက်ခုန်ရွေပြီး

ကိုယ်လိုရာ ပုံသွင်းကြပါတယ်။

အသိဥာဏ်သမားတွေက
ဒါတွေကို နမူနာယူပြီး
ယဉ်ကျေးလိမ္မာအောင်
ကိုယ့်ကိုယ်ကိုယ် ဆုံးမကြပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

လောကီလူသား မိန်းမသားအတွက်

4



ဥဂ္ဂဟသုတ် - (သင်ယူခြင်း၊ ခံယူခြင်း)

သတို့သမီးတို့ ဤသို့ ကျင့်ရမည်...

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ မုလေး 'မြတ်လေး'တော၌ သီတင်းသုံး နေတော်မူ၏၊ ထိုစဉ်အခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား-

''အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန်အတွက် ကိုယ်တော်မြတ်ပါ လေးပါး တပည့်တော်၏ ဆွမ်းကို အလှူခံတော်မူပါ'' ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား၏ လက်ခံတော် မူခြင်းကိုသိ၍ နေရာမှထကာ ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဥ့်လွန်သဖြင့် နံနက်အချိန်၌ (သင်္ကန်း)ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟ၏အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား အကျွန်ုပ်၏ ဤသမီးပျိုတို့သည် လင်ယောက်ျားတို့ အိမ်သို့ လိုက်ပါသွားကြရပါလိမ့်မည်၊ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့ကို သွန်သင်တော် မူပါ ဆုံးမတော်မူပါ၊ ယင်းသို့ သွန်သင် ဆုံးမခြင်းသည် ထိုသမီးပျိုတို့အား ကာလရှည်မြင့်စွာ အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်ရာပါ၏'' ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့အား-

၁...
''သတို့သမီးတို့ ထိုသို့ လျှောက်ထားသောကြောင့် ဤအရာ၌ ဤသို့ ကျင့်ကြရမည် 'သင်တို့ အကျိုးစီးပွါးကို လိုလား၍ သနား စောင့်ရှောက်တတ်သော မိဘတို့သည် သနား စောင့်ရှောက်မှုကို အကြောင်းပြု၍ ထိမ်းမြားမည် ဖြစ်သော လင် ယောက်ျား၏ ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိသူ နောက်မှ အိပ်လေ့ရှိသူ အဘယ်ကို ပြုရအံ့နည်း ဟု နာခံလေ့ရှိသူ နှစ်ခြိုက်ဖွယ် ပြုလုပ်လေ့ရှိသူ ချစ်ခင်ဖွယ် စကားကို ဆိုလေ့ရှိသူတို့ ဖြစ်ကုန်အံ့''ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

၂...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''မိမိ ခင်ပွန်းသည်က ရိုသေ လေးစားအပ်သည့် အမိ အဖ သမဏဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်တို့ကို အရိုအသေ ပြုကုန်အံ့၊ အလေးအမြတ် ပြုကုန်အံ့၊ မြတ်နိုးကုန်အံ့၊ ပူဇော်ကုန်အံ့၊ မိမိထံသို့ လာသူတို့ကိုလည်း နေရာထိုင်ခင်း ပေးခြင်း ရေတည်ခြင်းဖြင့် ပူဇော်ကြကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

၃...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''သိုးမွေး ဝါဂွမ်း ဟူသော လင်ယောက်ျား၏ အိမ်တွင်းမှုတို့၌ ကျွမ်းကျင်၍ မပျင်းရိဘဲ ထိုအိမ်တွင်းမှု၌ အကြောင်း ဥပါယ်ဖြစ်သော စူးစမ်းမှု ပညာနှင့် ပြည့်စုံသည့်ပြင် ကိုယ်တိုင် ပြုလုပ်ရန် စီမံရန် စွမ်းနိုင်သူတို့ ဖြစ်ကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

၎...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''အိမ်တွင်းသားဖြစ်သည့် လင် ယောက်ျား၏ ကျွန် အစေခံ၊ အလုပ်သမား ဖြစ်သော အတွင်းလူ အပေါင်းတို့၏ ပြုလုပ်ပြီးသည်ကိုလည်း ပြုလုပ်ပြီးဟု သိကုန်အံ့၊ မပြုလုပ်ရသေးသည်ကိုလည်း မပြုလုပ်ရသေး ဟု သိကုန်အံ့၊ မမာမကျန်းသူတို့၏လည်း အားရှိသည် မရှိသည်ကို သိကုန်အံ့၊ ထိုအတွင်းလူအပေါင်းအား ခဲဖွယ်ကို လည်းကောင်း၊ ဘောဇဉ်ကို လည်းကောင်း အသီးသီး မိမိတို့ ရထိုက်သောအဖို့ အစုဖြင့် ဝေဖန်ကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

၅...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''လင်ယောက်ျား ဆောင်ယူ လာမည့် ဥစ္စာ, စပါး, ငွေ, ရွှေကို စောင့်ရှောက် လုံခြုံစေသဖြင့် ပြီးစီး ပြည့်စုံ စေကုန်အံ့၊ ထိုပစ္စည်းအပေါ်၌ အပျော်မကြူး မခိုးမဝှက် အရက် မသောက်ကုန် သည် ဖြစ်၍ မပျက်မစီး စေကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤ အတိုင်းသာ သင်တို့ ကျင့်ကြရမည်။

သတို့သမီးတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ နှစ်သက်ဖွယ် ကိုယ်ရှိသော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရ၏ ဟု (မိန့်တောမူ၏)။

''အကြင် ယောက်ျားသည် အခါခပ်သိမ်း အမြဲမပြတ် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ကြောင့်ကြစိုက်လျက် မိမိမယားကို မွေးမြူ၏၊ ကောင်းသော မိန်းမသည် အလုံးစုံ အလိုရှိရာကို ဆောင်ယူ မွေးမြူသော မိမိအရှင် ထိုခင်ပွန်းလင်ကို မထီ လေးစား မပြု။ ကောင်းသော မိန်းမသည် ငြူစူသော အကျင့်ဖြင့်လည်း မိမိလင်ကို မခြုတ်ခြယ်၊ ပညာရှိ မိန်းမသည်လင်၏ ရိုသေ လေးစားအပ်သူ ပုဂ္ဂိုလ်အားလုံးကို လည်း မြတ်နိုးပူဇော်၏။ အကြင်မိန်းမသည် ထကြွလုံ့လရှိ၏၊ ပျင်းရိခြင်း မရှိ၊ ချီးမြှောက် ထောက်ပံ့ထားသော အခြွေအရံ ပရိသတ်လည်း ရှိ၏၊ လင်၏ နှစ်လိုဖွယ်ကို ကျင့်၏၊ စုဆောင်းပေးသော ပစ္စည်းကိုလည်း ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၏။ လင်၏ အလိုသို့ လိုက်လျက် ဤအတိုင်းကျင့်သော ထိုမိန်းမသည် မနာပ,မည်သော နတ်တို့၏ နေရာ (နိမ္မာနရတိ) ဘုံသို့ ရောက်ရလေသတည်း''။ 33

၃ - ဥဂ္ဂဟသုတ်၊ သုမနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘုန်းဘုန်း ဦးလောကနာထ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ် ပါတယ်

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

တစ်သက်မှာ တစ်ကြိမ်တည်း

9

ရှေးအခါက

ကောသလတိုင်းမှာ အိမ်ခြေတစ်ထောင်ရှိတဲ့ တံငါရွာကြီးတစ်ရွာရှိတယ်။ အဲဒီရွာကြီးက မိန်းမတစ်ယောက်မှာ ပဋိသန္ဓေရလာတယ်။ ကိုယ်ဝန်ဆောင်ထားရတဲ့ သန္ဓေသားရဲ့ ကုသိုလ်ကံက ဆိုးတယ်။ ကိုယ်ဝန်ဆောင်ထား ရတဲ့ အချိန်ကစပြီး တံငါသည်တွေ ငါးဖမ်းလို့ မရတော့ဘူး၊ စီးပွားရေးကျဆင်းလာတယ်။ ရွာကို မီးခုနှစ်ကြိမ် လောင်ခဲ့တယ်။ တစ်ရွာလုံး ရှင်ဘုရင်ရဲ့ အပြစ်ပေးတာကိုလည်း ခုနှစ်ကြိမ်ခံခဲ့ရတယ်။

ရွာသူရွာသားတွေ စဉ်းစားလာကြတယ်။ တို့ရွာဟာ အရင်က စားဝတ်နေရေး ပြေလည်တယ်။ ခုလို ဆင်းရဲဒုက္ခ မရောက်ကြဘူး။ တို့ရွာထဲမှာ ကံခေတဲ့ လူယုတ်မာတစ်ယောက်တော့ ရှိနေပြီ။ အဲဒီလူယုတ်မာကို ဖော်ထုတ်ကြရ မယ်လို့ စိတ်ကူးလိုက်ကြတယ်။

ရွာကြီးကို တစ်ဖက်ငါးရာစီ နှစ်စုခွဲလိုက်တယ်။ ကံဆိုးတဲ့ ကလေးကိုယ်ဝန်ဆောင်ထားတဲ့မိခင် ပါတဲ့အစုက ဆင်းရဲမြဲဆင်းရဲနေတယ်။ ကျန်တစ်စုက စီးပွားဖြစ်ထွန်းလာတယ်။ ဒီလိုအစုခွဲပြီးစမ်းသပ်စစ်ဆေးကြည့်တဲ့အခါ နောက်ဆုံးနှစ်ယောက်ပဲ ကျန်တော့တယ်။ အဲဒီ နှစ်ယောက်ထဲမှာ ကံဆိုးတဲ့ မိခင်က ဆင်းရဲမြဲဆင်းရဲနေတယ်။ ဒါကြောင့် အဲဒီကိုယ်ဝန်ဆောင်မိခင်ကို ရွာက နှင်ထုတ်ပစ်လိုက်ကြတယ်။

ဒုက္ခသည် သားအမိဟာ ရွာက ထွက်ခွာလာပြီးတဲ့နောက် ကလေးငယ် ဖွားမြင်ခဲ့တယ်။ ကလေးကိုချီပြီး လှည့်လည်တောင်းရမ်းစားသောက်ရင် ထမင်းတစ်စေ့မျှ မရဘူး။ ကလေး ငယ်ကို တစ်နေရာမှာ ချထားပြီး တစ်ယောက်တည်းလှည့်လည်တောင်းရမ်းရတယ်။ ကလေးငယ်လေးဟာ မ၀ရေစာ စားသောက်နေရတယ်။ ကလေးငယ်လေး လမ်းလျှောက်တတ်တဲ့အရွယ်မှာ မိခင်ဖြစ်သူဟာ ဒဏ်မခံနိုင်တော့တာနဲ့ ကလေးငယ်ကို စွန့်ပစ်ထွက်ပြေးသွားတယ်။

ခွက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့ ကလေးငယ်လေးဟာ လိုက်လံတောင်းရမ်းပေမဲ့ ပေးကမ်းစွန့် ကြဲမယ့်သူ မရှိဘူး။ အမှိုက်ပုံတွေ ပေါ်က အကြွင်းအကျန်တွေကိုသာ ရှာဖွေစားသောက်နေခဲ့ရတယ်။ ကလေးငယ်ရဲ့ ၀ဋ်ကြွေးဟာ ကြီးမားလှပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ လမ်းပေါ်မှာ အတွယ်အတာမဲ့နေတဲ့ သနားစရာကလေးငယ်ရဲ့ဘ၀ကို တွေ့မြင်ပြီ၊ သနားကြင်နာတာကြောင့် ရှင်သာမဏေပြုပေးတယ်။ အသက်နှစ်ဆယ်ရောက်တော့ ရဟန်းပြု ပေးပါတယ်။ လောသကတိဿမထေရ် ဘွဲ့အမည်ရတယ်။ ရဟန်းဘ၀ရောက်လာပေမဲ့ ရှေးဘုန်းရှေးကံ အလွန်နည်းတာကြောင့် လာဘ်လာဘ ရှားပါးလွန်းလှပါတယ်။ ဘုရားရှင်တစ်ဆူ တစ်ဆူရဲ့ခေတ်အတွင်း တစ်ကြိမ်သာ ဖြစ်ပေါ်တဲ့ အသဒိသ အလှူတော်ကြီးမှာပင် ၀မ်းဝအောင် အာဟာရကို မစားသုံးခဲ့ရပေ။

ဘယ်လောက်များ အကုသိုလ်ကံ ကြီးမားသလဲဆိုတော့ လောသကတိဿမထေရ် ကို ယာဂုတစ်ဇွန်း လောင်းလှူမည့်သူက မထေရ်ရဲ့ သပိတ်ကို ကြည့်လိုက်တဲ့အခါမှာ သပိတ်တွင်းမှာ ယာဂုတွေ ပြည့်နေတယ်လို့ မြင်ယောင်လာတယ်။ သူကိုမလှူတော့ပဲ အခြားရဟန်းတစ်ပါးကို လှူတယ်။ အမှန်တော့ သပိတ်ထဲမှာ ဘာမျှမရှိသေးဘူး ၊ မသေရုံအာသာပြေကလေး ဘုန်းပေးပြီး အသက်ရှင်သန်နေခဲ့ရတယ်။ အဲဒီမထေရ်ဟာ တရားရှင်ဖြစ်နေပြီ။ ပရိနိဗ္ဗာန် စံဝင်ရတော့မည့် နေ့မှာတော့ မထေရ် အားရတင်းတိမ်အောင် အာဟာရကို စားသုံးစေမယ်လို့ ရှင်သာရိပုတ္တရာက ကြံရွယ်ပြီး၊ သူနဲ့အတူ ဆွမ်းခံကြွတယ်။ လောသကတိဿမထေရ် ကိုပြန်လွတ်လိုက်တယ်။ ရရှိလာတဲ့ ဆွမ်းတွေကို လောသကတိဿမထေရ် ဆီပို့ခိုင်းလိုက်တယ်။ ဆွမ်းသွားပို့ သူဟာ မထေရ်ကို မတွေ့ခဲ့ရလို့ မိမိတို့ဖာသာစားပြီးပြန်လာခဲ့ရတယ်။ ဒီလောက်တောင် ကံက ဆိုးလှပါတယ်။

ရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်တဲ့အခါမှာ လောသကတိဿမထေရ် ဆွမ်းမစားရသေးကြောင်း သိလိုက်ရတယ်။ ဆွမ်းစားချိန်လည်း လွန်နေပြီ။ အဲဒီတော့ ရှင်သာရိပုတ္တရာဟာ ကောသလမင်းကြီး ထံသွားပါတယ်။ စတုမဓု အလှူခံတယ်။ ရရှိလာတဲ့ စတုမဓု ပျောက်ကွယ်မသွားရအောင် မိမိလက်နဲ့ ကိုင်တွယ်ပြီး ၊ လောသကတိဿမထေရ် ကို ဘုန်းပေးစေတယ်။

လောသကတိဿမထေရ် အဖို့ တစ်သက်မှာ ဒီတစ်ကြိမ်သာ အရှင်သာရိပုတ္တရာ ရဲ့ ကရုဏာတော်ကြောင့် စတုမဓုအာဟာရကို ရောင့်ရဲတင်းတိမ်အောင် စားလိုက်ရတယ်။ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါတယ်။

တရားထူး တရားမြတ် ရရှိပြီး နိဗ္ဗာန်စံဝင်ရမည့် ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း အတိတ်ဘ၀က မနာလိုစိတ်၊ ၀န်တိုစိတ်တွေ က ပြန်လည် အကျိုးပေးလာတာကြောင့် လောသကတိဿမထေရ် ဟာ တစ်ကြိမ်တည်းသာ အာဟာရကို တင်းတိမ်ရောင်ရဲ့သည်အထိ ဘုဉ်းပေးသွားခဲ့ရတယ်။ အဲဒီနေ့မှာပဲ ပရိနိဗ္ဗာန်စံဝင်တော်မူ ခဲ့ပါတယ်။

တရားထူးတရားမြတ်ရရှိပြီး နိဗ္ဗာန်စံဝင်ရမည့် ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း အတိတ်ဘ၀က မနာလိုစိတ်၊ ၀န်တိုစိတ်တွေက ပြန်လည်းအကျိုးပေးလာတာကြောင့် တစ်သက်မှာ တစ်ကြိမ်တည်းသာ အာဟာရကို တင်းတိမ်ရောင်ရဲသည်အထိ ဘုဉ်းပေးသွားခဲ့ရရှာပါတယ်။(လောကသဇာတ်)

သံသရာမှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေအပေါ် (မိမိပြုခဲ့ဖူးသော ကံ၏ အကျိုးတရား) ကဆန်းကြယ်စွာ စီရင်နေတယ်ဆိုတာ သိနိုင်ကြပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

တရားကျင့်ရန် ရည်ရွယ်မှန်

7

တရားကျင့်ရန် ရည်ရွယ်မှန်

* လူပေါင်းများစွာ အံ့သြငှာ၊
ဘယ်ခါ တရားမကျင့်ရာ။
*လူပေါင်းများစွာ မြှူဆွယ်ငှာ၊
ဘယ်ခါ တရားမကျင့်ရာ။
*ပစ္စည်းလာဘ်လာ ပေါခြင်းငှာ၊
ဘယ်ခါတရား မကျင့်ရာ။
* လူပေါင်းများစွာ ချီးမွမ်းငှာ၊
ဘယ်ခါတရား မကျင့်ရာ။
*ထက်အောက်ကြေညာ ကျော်စောငှာ၊
ဘယ်ခါတရား မကျင့်ရာ။
*ကြောင်းကျိုးပြကာ နှိပ်ကွပ်ငှာ၊
ဘယ်ခါ တရားမကျင့်ရာ။
* ကြောင်းကျိုးပြကာ နှိပ်ကွပ်လာ၊
လွတ်ငှာ တရားမကျင့်ရာ။
*အကုသိုလ်များစွာ တားဆီးငှာ၊
ပိတ်ငှာ တရားကျင့်ရမည်။
*အကုသိုလ်များစွာ ပယ်ခြင်းငှာ၊
မှန်စွာ တရားကျင့်ရမည်။
* ရာဂ စစွာ ကုန်ခြင်းငှာ၊
ပျက်ငှာ တရားကျင့်ရမည်။
*ရာဂ စစွာ ၊ တုန်ခြင်းငှာ၊
ပျက်ငှာ တရားကျင့်ရမည်။
*ရာဂ စစွာ၊ ချုပ်ခြင်းငှာ၊
ငြိမ်းငှာ တရားကျင့်ရမည်။

ဓမ္မဒူတ အရှင်ပညိဿရ-ရေးသားသော(ဓမ္မဒူတ ဆရာတော်ကြီး၏ လမ်းညွန်တရားဆောင်ပုဒ်များ)

တရားတိုးကြောင်း

* အမှုသစ်များ မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* ပြောဆိုစကား မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* အိပ်စက်မှုများ မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* ပေါင်းဖော်နှင့်များ မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* လိုဆိုး ဆွဲသွား မလိုက်ငြား တရားတိုးမှာ မဆုတ်ပါ
* ပေါင်းဖော်ယုတ်များ မမှီငြား တရားတိုးမှာ မဆုတ်ပါ
* နည်းတရားနှင့်များ မရပ်ငြား တရားတိုးမှာ မဆုတ်ပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ငရဲပန်း ကို ကြာပန်းထင်

7

အခုပြောမယ့် ဇာတ်လမ်းကတော့ မိတ္တ၀ိန္ဒက လို့ ခေါ်ပါတယ်။ ဘုရားလက်ထက်တော်အခါက ရဟန်းတစ်ပါးဟာ ပြောရဆိုရခက်တော့ ဘုရားကိုအပ်ကြတယ်။ဘုရားရှင်က ကြည့် လိုက်တာနဲ့ သိတယ်တဲ့။

ချစ်သား….သင်မမိုက်နဲ့တဲ့၊ ပြောဆိုရ ခက်ခဲခဲ့တာကြောင့် သင်ဟာ အရှင်လတ်လတ်ငရဲကျခဲ့ ဘူးတယ်တဲ့။ မသေဘဲ ငရဲကျတာနော်။ ရဟန်းတွေ တရားတောင်းတော့ မြတ်စွာဘုရားက အတိတ်ကို ဆောင်တော်မူခဲ့ ပါတယ်။

ဘုရားရှင် သာသနာ နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ အဖြစ်ပါ။သူကြွယ်လင်မယား နှစ်ယောက်မှာ သားတစ်ယောက် ဖွားမြင်ပါတယ်။ မိတ္တ၀ိန္ဒက လို့ခေါ် တယ်။ မိဘနှစ်ပါးက သောတပန်တွေပါ။ သားဖြစ်တဲ့ မိတ္တ၀ိန္ဒက နှုတ်လှန်ထိုးတတ်တဲ့ ငြင်ဆိုး ရှိပါတယ်။ မိဘကို အကြိမ်များစွာ တိုက်ခိုက် တယ် နှုတ်လှန်ထိုး ပါတယ်။ ဒီလိုနဲ့ သူ၁၆နှစ်သားမှာ သူ့အဖေသေပါတယ်။ ထိုအခါမိခင်က စဉ်းစားပါတယ်။ ဒီအတိုင်းသာ ငါ့သားလေး သွားရင် ငရဲကျတော့မှာပဲ။

အမေငွေ (၁၀၀၀) ပေးမယ် ဥပုပ် (၁)ရက်စောင့်မလားလို့မေးပါတယ်။ ငွေတစ်ထောင်ဆိုတာ ရွှေဒင်္ဂါးတွေပါ။ အများကြီး ဆိုတော့ စောင့်မယ်ပြောတာပေါ့။ တကယ်လည်း စောင့်ပါတယ်။ မနက်အစောကြီး ကျောင်းသွား ဥပုပ်ယူ ပါ တယ်။ ပြီးတော့ တရားတော့ မနာပါဘူး။ အိပ်ပြီး နောက်တစ်နေ့ မနက်စောစောမှာ ပြန်ပြီးလာပါတယ်။ မိခင်ဖြစ်သူကတော့ ငါသားလေး တရားတွေရပြီး သံဃာတွေပင့်ပြီး အိမ်ပြန်လာမှာပဲ ဆိုပြီး ဆွမ်းချက်ပြီး စောင့်နေသတဲ့။ မိတ္တ၀ိန္ဒက ကတော့ အိမ်ရောက်တာနဲ့ ငွေတစ်ထောင် တောင်းပြီး အိမ်က ထွက်ခဲ့ပါတယ်။ တစ်နေ့သူဟာ တစ်ခြားမြို့ကို ကုန်ကူးသွားမယ်ဆိုပြီး စီမံလာတယ်။ သင်္ဘောထွက်ခါနီးမှ လိုက်သွားမယ့် ဆိုပြီး အမေကိုလာပြောပါတယ်။ အမေကလည်း ဒီသားလေး တစ်ယောက် ရှိတော့စိတ်ပူတာပေါ့။ မသွားဖို့ တားတာပေါ့။ဒါပေမဲ့မရပါဘူး။တားပိုင်ခွင်မရှိဘူးလို့ပြောပြီး စိတ်ဆိုးစွာ နဲ့ လက်ကိုရုန်းပြီး အမေကို
လဲအောင် ရိုက်ပစ်ခဲ့ပါတယ်။

အဲလိုနဲ့ ရွက်လွင့်ပြီး ခရီးထွက်ခဲ့ရာ…တစ်နေရာအရောက်မှာတော့ သင်္ဘောဟာ ရပ်သွား ပါတယ်။မိတ္တ၀ိန္ဒက အမေကိုပြစ်မှားလိုက်တဲ့ အပူဓာတ်အရှိန်နဲ့ အကျိုးပေးပါပြီ။ သင်္ဘောရပ် သွားတော့ မာလိမ်မှူးက မဲချပြီး ကံဆိုးသူရှာရာမှာ... မိတ္တ၀ိန္ဒက (၃)ခါပေါက်တယ်။ ဒီတော့ သင် အသက်နဲ့ အများအသက် မလဲနိုင်ဘူး ဆိုပြီး ဖောင်လုပ်ပြီး ရေထဲချကာ ထားခဲ့ပါတယ်။

မိတ္တ၀ိန္ဒကဟာ..သင်္ဘောက ထားခဲ့လို့ ဖောင်နဲ့ ဆက်ထွက်ခဲ့ရာ ဥပုသ်(၁)ရက်စောင့်ထားတဲ့ ကံလေးရှိ နေတော့ သူမသေပါဘူး ဒီလိုနဲ့ဖောင်လေးကမျောပြီးသွားလိုက်တာ နတ်သမီး (၄)ယောက်ရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို သွားကပ်ပါတယ်။နတ်သမီးတွေဆိုပေမဲ့ အသူရကာယ် တွေပါ (၇)ရက်ပဲနတ်သမီး လိုနေရပြီး နောက် (၇)ရက်ကတော့ ငရဲ ခံရသူတွေပါ။ ဒီနတ်သမီးတွေနဲ့ ခံစားစံစားပြီး ၇ရက်ပြည့်တော့ နတ်သမီးတွေက အမောင် ကျွန်မတို့ကို စောင့်ပါ။ (၇)ရက်ပြည့်ရင်ပြန်လာမယ် လိုပြောပေမဲ့ သူက မစောင့်ပါဘူး။ ဆက်လက်ထွက်ခွာခဲ့ရာ…နောက် (၈)ယောက် နတ်သမီးရှိတဲ့ကျွန်းရောက်ပါတယ်။ ဒီလိုပဲ ခံစားစံစားပါတယ်။ ၇ရက်ပြည့်တော့ ဆက်လက်ထွက်ခွာရာ...နောက် (၁၆)ယောက်၊ ဒီလိုနဲ့ ဆပွားသွား လိုက်တာ (၃၂)ယောက်အထိဖြစ်သွားတယ်။

ဒါနဲ့ သူက ရှေ့ဆက်သွားရင် ဒီထက်ပိုကောင်းတာတွေ့မယ်ထင်ပြီး ပီတိဖြစ်နေတယ် ။ ဆက်ပြီးလာခဲ့ရာ…သူ့ရဲ့ မိဘကိုပြစ်မှားထားတဲ့ ကံအရှိန်ကြောင့် ဥဒ္ဒဿ ငရဲဘုံကို ဖောင်ကဆိုက်ပါတယ်။ ငရဲဘုံဖြစ်ပေမဲ့ မြို့ကြီးလိုပဲစည်ကားနေတယ်လို့ သူမြင်တယ်။ အထဲမှာ ပြေးလွှားပြီး အော်ဟစ်ကာ ခေါင်းထိပ်မှာလည်း သင်တုန်းဓား အ၀ိုင်းပြား ဓားစက်ကိုလည်းရွက်ထား ကြတဲ့ ငရဲသားတွေ ရှိသတဲ့။ စကြာလိုလည်ပြီး ခေါင်းတစ်ဝက်ကို ဖြတ်တဲ့ စက်ကြီ်းကိုရွက်ထား ပြီး သေလောက်အောင် ခံစားပြီး ပြေးနေရတယ်သူတွေ...နဲ့တစ်မြို့လုံးလည်း သွေးညှီနံတွေနဲ့ဖြစ်နေတယ်။ ဒါကို သူက ကြည့်လိုက်တော့ အမြင်တွေပြောင်းပြန်ဖြစ်ပြီး ခေါင်းမှာ အင်မတန်လှတဲ့ ကြာပန်းကြီးကို ပန်ပြီး သီချင်းတွေဆိုနေတယ်လို့ မြင်နေ၊ကြားနေတယ်။

ညှီစော်နံနေတာကို မွေးတယ်လို့ထင်ပြီး သူ့အနားကိုရောက်လာတဲ့ သူကို ခင်ဗျားခေါင်းပေါ်က ပန်းကို ကျွန်တော့်ကိုပေးပါလို့ တောင်းတယ်။ ဟိုက ကယ်ပါယူပါ အော်ဟစ်ရင်း ခင်ဗျားမှားနေပြီ။ ဒါဟာ မိဘကိုပြစ်မှားလို့ ငရဲခံနေရတာ ဒါဟာ ဓားစက် မပေးချင်လို့ပြောတာပါ။ ဒါပေမဲ့ ငရဲသားက မိတ္တ၀ိန္ဒက ဆိုတာ သိသွားပြီး ငါကျွတ်တော့မယ်ပေါ့။ ရော့ယူလိုက် လို့ပြောလိုက်တာနဲ့ တပြိုင်နက် ဟိုကချက်ချင်း ပျောက်သွားပြီး သူ့ခေါင်းပေါ် ဓားစက်ရောက်ပြီး စခုတ်ပါတော့တယ်။ ပြေးလို့လည်းမလွတ်။ ပြန်ပေးမယ် ဆိုတော့ လည်း ဟိုလူမရှိတော့ နဲ့ အော်ဟစ်ပြီး ပြေးရတော့တယ်။

ဒါကို ဘုရားအလောင်း ရုက္ခစိုးနတ်မင်းက သိတယ်။ ဥဒ္ဒဿ ငရဲဘုံဟာ လူ့ပြည်နဲ့တဆက်တည်းနော်... ဘုရားအလောင်းတော်ဟာ တောထဲကို လှည့်လည်သွားရင်း ငရဲသားအသစ် ကိုတွေ့တော့ ရပ် ကြည့်နေတယ်။ ဒါကို အားကိုးတကြီးနဲ့ အရှင်နတ်မင်းကြီးရယ် နေပါဦး၊ ဘာကြောင့် သူဒီလိုခံစား ရတာလည်းမေးတော့ ရှင်းပြလိုက်တယ်။ အသင်ဟာ...ငယ်စဉ်ကတည်းက မိဘကို နှုတ်လှန်ထိုး၊ ပြစ်မှားတာ ခဲ့တယ်... အမေကိုလည်း လဲအောင်ရိုက်ပစ်ခဲ့တယ်၊ ဒီဘ၀မှာတော့ ဥပုသ် ၁ရက်စောင့်ပြီး ဖြည့်ခဲ့တဲ့ကံရှိနေခဲ့တယ်။ ဒီကုသိုလ်လေးကိုလည်း သင်က...နတ်သမီးတွေနဲ့ ၄ ခါတောင် ဖြုန်းခဲ့တယ်။ ဒီတော့ ဒီကုသိုလ်ဟာကုန်ပြီ။ ဒိီတော့ သင်မှာ အကုသိုလ်အပြည့်နဲ့ မိဘကိုပြစ်မှားခဲ့တဲ့ ကံပဲ၇ှိတယ်တဲ့။ ဒီတော့ သိပါပြီနတ်မင်း။ ဘယ်လောက်ကြာအောင် ခံရမှာလဲလို့မေးတဲ့အခါ သင့်ရဲ့ကံ အရှိန်မကုန်မချင်း ခံရမှာပဲလို့ အမိန့်ရှိတယ်။ ကဲ ရှေ့ကိုပြန် ကောက်ရအောင်နော်...

ရှေ့က ဆိုဆုံးမ မရတဲ့ ရဟန်းကို မြတ်စွာဘုရားက အတိတ်ဆောင်ပြီး ဟောနေတာနော်။ မြတ်စွာဘုရားက ရဟန်းကို ဆိုဆုံးမပါတယ်…ချစ်သား မပေါ့နဲ့၊ မမိုက်နဲ့၊ မိတ္တ၀ိန္ဒက ဆိုတာ သင်ကိုယ်တိုင်ပဲ။ ရုက္ခစိုးနတ်မင်းဟာ ငါဘုရားအလောင်းတော်ဖြစ်တယ်။ အဲတော့မှ ရဟန်းငယ်ဟာ တအားကြောက်သွားပြီး ဘုရားက သစ္စာတရားဟောကြားပေးလိုက်တော့ သောတပန်ဖြစ်ပြီး ရှေ့ဆက်မဂ်တွေထိ ရသွား ခဲ့ပါတယ်။

ဒီဇာတ်လမ်းလေး ကိုဖတ်ပြီး ရခဲ့တဲ့သင်ခန်းစာကတော့ မိဘကို ပြစ်မှား တဲ့သူသည် ဥဒ္ဒဿ ငရဲဘုံ မှာ အရှင်လတ်လတ်ခံစားရမယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးမယ်။ အကောင်း အဆိုးတွေက ဘယ်လောက် ကြာအောင် ခံရမှာလဲ …ကိုယ့်ရဲ့ ကံအရှိန်အဟုန် မကုန်မချင်း ခံရမှာပဲလို့ သင်ခန်းစာ ရပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဗုဒ္ဓဘာသာ (၅)မျိုး

3

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲ့ဒီဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ် ရမှန်း လည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘ လိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ။ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစားဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်းဘာအတွက်ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ ဘုရား၊တရား၊သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြား တော်မူခဲ့ပါတယ်။ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီး တွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့
တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောက်ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ
ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ် ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ
တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့ အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကိုဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ

သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသိုသိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားကမင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့
ဖြစ်ပျက် မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။

သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရမဆို အစွန်းမရောက်စေ ဘို့ပါဘဲ။ 
အရှင်ကောဝိဒသိရီ ဘလော့မှကူးယူဖော်ပြပါသည်။

ညခင်း

အပင်လား၊ အကောင်လား

5

နာယကဂုဏ် (၆)ပါး

၁။ ထကြွ
၂။ နိုးကြား
၃။ သနား
၎။ သည်းခံ
၅။ ဝေဖန်
၆။ ထောက်ရှု ဤခြောက်ခု ကြီးသူနာယက ။

အနာယကဂုဏ်(၆)ပါး

၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

လောကတွင် နာယက ဂုဏ်ခြောက်မျိုး နဲ့ပြည်စုံတဲ့လူတွေ ကိုတွေ့နိုင်သလို့ အနာယက အကျင့် ၆မျိုး ကျင့်ဆောင်တဲ့သူတွေကို လည်း တွေ့လာနိုင်တယ်။ အနာယက အကျင့်ဟာ မည်သူမဆို ကျင့်ဆောင်ဖို့ မသင့်တဲ့ အကျင့်တွေဖြစ်တယ်လို့လည်း ထင်မိပါတယ်။

ပထမအနာယက အကျင့်ကို ကျင့်ဆောင်တဲ့သူရဲ့ အမူအကျင့်တွေဟာ ကဏန်းကောင်(ပုစွန်လုံး)ရဲ့ အမူအကျင့်နဲ့တူတယ်တဲ့။မြင်ဖူးမှာပါ။ ကဏန်းကောင်ဟာ လူတွေကိုတွေ့ရင်လက်မကို ထောင်ထောင် ထောင်ထောင်လုပ်ပြတတ်တယ်။ အဲဒီကဏန်းကောင်ရဲ့ ကျောကုန်းဟာ မာကျောကျောပြောင်ချော်ချော် ဖြစ်နေသလို၊ ဘ၀င်တွေမြင့်၊ စိတ်နေတွေမြင့်၊ မောက်မာပြသူရဲ့ အမူအကျင့်က ကဏန်းကောင်ရဲ့ အမူအကျင့်မျိုးလိုမျိုး နဲ့တူတယ်။ သူသွားတာကိုလည်းကြည့်ဦး ဘယ်တော့မှ အဖြောင့်မသွားဘူး၊ ကောက်တိကောက်ကွေးသွားတယ်။ အနာယက အကျင့်ရှိသူဟာလည်း ဖြောင့်မတ်တဲ့နှလုံးသား၊ စိတ်ထားမရှိဘူး။ နောက်ကနေ လိုက်တော့လည်း ကိုးလို့ကန့်လန့်၊ ယှဉ်သွားနေလည်း မကြာခင် ဘေးဘက်ဖဲ့ထွက်သွားတတ်တယ်။ အဲဒါ ကဏာန်း ကောင်ရဲ့ အမူအကျင့်နဲ့တူတာတဲ့။

ဒုတိယ...အကျင့်ကို ကျင့်ဆောင်တဲ့သူရဲ့ အမူအကျင့်တွေဟာ ပုတ်သင်ကောင် ရဲ့အမူအကျင့်နဲ့တူတယ်။ ပုတ်သင်ကောင်ဟာ ဦးခေါင်းတညိတ်ညိတ်လုပ်နေတတ်တယ်။ ကိုယ့်အကျိုးစီးပွားမပျက်အောင်၊ ကိုယ့်အကျိုးစီးပွား တိုးတက်အောင်၊ တစ်ဖက်က ပြောသမျှကို အလိုက်သင့်ခေါင်းညိတ်တယ် မဟုတ်တာ မမှန်တာတွေ ပြောနေတာဖြစ်နေပါလျက် အလိုက်သင့်ခေါင်းညိတ်တယ်။ ချစ်တဲ့အတွက် ကိုယ့်အကျိုးပျက်မှာ စိုးတဲ့အတွက် ခေါင်းတညိတ်ညိတ်လုပ်တာဟာ ပုတ်သင်ရဲ့အမူအကျင့်နဲ့တူတယ်တဲ့။ ပြီးတော့ ပုတ်သင်ဟာ သူ့ ၀န်းကျင် နဲ့ဆီလျော်အောင် အရောင်ပြောင်းတတ်တယ်။ဒါက ပုတ်သင်ရဲ့ အမူအကျင့်နဲ့တူတယ်တဲ့။

တတိယ...မသင့်တဲ့အကျင့်ကို ကျင့်ဆောင်သူရဲ့ အမူအကျင့်ကတော့ ၀ါးပင်ရဲ့ လှုပ်ရှားပုံနဲ့တူတယ်။ ၀ါးပင်ဟာ တည်ငြိမ်ခိုင်ခံ့တဲ့သဘောမရှိဘူး၊ လေယူရာလိုက်ယိမ်းတယ်။ တိမ်းတယ်၊ တောင်လေလာရင် မြောက်ကိုယိမ်း၊ မြောက်လေလာရင် တောင်ဘက်ကိုယိမ်းတယ်။ ဟိုလူက ဟိုလိုဆွဲဆောင်ပြောဆိုရင် ဟိုဘက်ပါ။ ဒီလူက ဒီလိုဆွဲဆောင်ပြောဆိုရင် ဒီဘက်ပါ၊ ခြောက်တော့လည်းကြောက်တယ်၊ မြှောက်တော့လည်းမြောက်ပြန်တယ်။ နှစ်လိုတဲ့ ဥစ္စာဓနတွေနဲ့သွေးဆောင်တဲ့အခါ လိုက်လျောတယ်။ အဆိုးလောကဓံတွေ အန်တုလာတဲ့အခါကျတော့ ထိတ်လန့်တုန်လှုပ်တယ်။ စိတ်မခိုင်တဲ့အမူအကျင့်ဟာ ၀ါးပင်ရဲ့ လှုပ်ရှားမှုနဲ့တူတယ်တဲ့။

စတုတ္ထ မသင့်တဲ့အကျင့်ကို ကျင့်ဆောင်သူက တော့ နွားသို့ရဲ့အမူအကျင့်နဲ့တူတယ်တဲ့။ နွားသိုးဟာ ချိုသွေးရင်း နဲ့အမြဲလိုလို ရန်လိုနေတတ်တယ်။ အနိုင်အထက်ပြုချင်နေတယ်။ မာန အာဃာတတွေနဲ့ တစ်ဖက်လူကို ဆက်ဆံတာ ဓနအင်အားစတဲ့ အားကိုးတွေနဲ့ အနိုင့်အထက်ပြုတာတွေ၊ ရန်လုပ်တာ..စတဲ့ အမူအကျင့်တွေဟာ နွားသို့ရဲ့ အမူအကျင့်တွေနဲ့တူတယ်တဲ့။

ပဉ္စမ...မသင့်တဲ့အကျင့်ကို ကျင့်ဆောင်သူရဲ့ အမူအကျင့် ဟာ လိပ် ရဲ့အမူအကျင့်နဲ့တူတယ်။ လိပ်ဟာ အမြဲပဲ ကိုယ်ဘက်ကိုယ် ယက်တတ်ပါတယ်။ လူတွေနဲ့တွေ့တဲ့အခါ ..လူသံကြားတဲ့အခါ ဦးခေါင်းကို ကိုယ်ထဲပြန်သွားပြီး မတုန်မလှုပ် ငြိမ်နေတတ်တယ်။ ကိုယ့်အတ္တ အကျိုးအတွက်ပဲကြည့်တာ ၊ ကိုယ်ရဖို့လောက်ပဲကြည့်တာ၊ လိပ်ရဲ့အမူအကျင့်နဲ့တူနေတာပဲ။ ကိုယ့်အကျိုးစီးပွားအတွက် လူဟာ အမျိုးမျိုး ဟန်ဆောင်တယ်။ပိပိရိရိညာ တယ် ဣနြေ္ဒတည်ကြည်စွာနဲ့ သူတော်ကောင်း ဟန်ဆောင်တတ်တဲ့ အကျင့်တွေ က လိပ် အမူအကျင့်နဲ့ တူတယ်တဲ့။

ဆဋ္ဌမ...မသင့်တဲ့အမူအကျင့် ကို ကျင့်ဆောင်သူရဲ့အမူအရာဟာ ခွေးအရဲ့ အမူအကျင့်နဲ့တူတယ်တဲ့။ ခွေးအ က ကောက်ကျစ်တယ်။ ဥာဏ်နီဥာဏ်နက်များတယ်၊ ရက်စက်တယ်၊ သစ္စာလည်းဖောက်တယ်။ ကိုယ့်အကျိုးစီးပွားအတွက် တဖက်လူကိုပျက်စီးအောင် ကြိတ်ပြီးကြံတာ၊ ကိုယ့်အောင်မြင်မှု၊ ကိုယ်အကျိုး ရလာဒ်အတွက် ကောက်ကျစ်တဲ့လုပ်ရပ်တွေကို လုပ်တာ၊ လှည့်စား လိမ်ညာပြီး အချင်းချင်းဆီက အကျိုးအမြတ် ရအောင်လုပ်တာ...စတဲ့ အမူအကျင့်တွေ ဟာ ခွေးအ ရဲ့ အမူအကျင့်တွေ နဲ့တူတာတဲ့။

အနာယဂုဏ် ၆ပါး မှ ဒီအကောင်တွေနဲ့ အပင်အကြောင်းကို ဖတ်ရင်း ငါဟာ အပင်လား၊ အကောင်လား လို့ မရဲတရဲ တိုက်ဆိုင်ကြည့်မိပါတယ်။ မိမိ ၀န်းကျင်မှာရော...ဒီလိုတွေ ရှိနေလား။ စဉ်းစားမိပါတယ်။ ဘယ်လိုပင်ဖြစ်စေ ..ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့ ဆိုတဲ့ ဆုံးမ သြ၀ါဒများ အတိုင်း...

စွန့်ပေါင်းပြုပွား

၁။ဘယ်ပုဂ္ဂိုလ်ဖျင်း ပေါင်းသင်းခြင်း စွန့်ကင်းရှောင်ရမှာ။သူယုတ်မာဖျင်း ပေါင်းသင်းခြင်း စွန့်ကွင်း ရှောင်ကြပါ။

၂။ဘယ်ပုဂ္ဂိုလ်မြတ် ရွေးချယ်လတ် ဆည်းကပ် ပေါင်းရမှာ။ စိတ်ဖြူစင်လတ် ပုဂ္ဂိုလ်မြတ် ဆည်းကပ်ပေါင်းကြပါ။

၃။ နေ့ရောညပါ ဘယ်အရာ ဖွေရှာပြုရမှာ။ နေ့ရောညပါ ကောင်းမှုသာ ဖွေရှာပြုကြပါ။

၎။ အဘယ်တရား မြဲကြိုးစား ရှုပွားမမေ့ရာ။ သင်္ခါရတရား မမြဲငြား ရှုပွား မမေ့ရာ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ကပ်စေးနဲများ အဖွဲ့ချုပ်

9



မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သာဝတ္တိပြည်မှာ ကပ်စေနဲသူများနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိခဲ့တယ်။ အဖွဲ့ဝင်တွေဟာ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတွေ၊ အထက်တန်းလွှာက လူတွေ ဖြစ်ပါတယ်။ ငွေကို မိမိအသက်ထက်ချစ်ခင်မြတ်နိုး တန်ဖိုးထားသူများဖြစ်ကြတယ်။ စားချင်တာကို မစားကြဘူး။ ၀တ်ချင်တာကို မ၀တ်ကြဘူး။ အငတ်ခံပြီး ၊ စုတ်စုတ်ပြတ်ပြတ်နဲ့ ဖြစ်သလိုနေနေကြတယ်။ မသေခင်က ပြိတ္တာဖြစ်နေသူတွေလို့ ဆိုနိုင်ပါတယ်။

အဲဒီ ဂိုဏ်းသားတွေဟာ မနာလို ၀န်တိုစိတ်ရှိသူတွေဆိုတော့ လှူဖို့ တန်းဖို့ ပေးဖို့ကမ်းဖို့ ဆိုတာ ဝေလာဝေး စိတ်ကူးတောင် မရှိကြပါဘူး။ မြတ်စွာဘုရား နဲ့ တပည့်သား သံဃာတွေအပေါ် ကြည်ညိုသူတွေကတော့.... ဆွမ်း၊ ပစ္စည်းလေးပါး၊ တို့နဲ့ သဒ္ဓါတရားထက်သန်စွာ သာသနာတော်ကြီး အဓွန့်ရှည်ကြာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငွေကြေးဥစ္စာ အမြောက်အမြား ကို နှမြောတွန့်တိုခြင်း အလျဉ်းမရှိဘဲ၊ နောင်သံသရာအတွက် ကုသိုလ်ထုပ် မြုပ်သည့်သဘော တန်ဖိုးရှိရှိသုံးနေကြတယ်။ ဒါတွေကို မြင်တွေ့နေကြတဲ့ ကပ်စေးနဲ့ ဂိုဏ်းသားတွေကတော့ ငွေကုန်မှာစိုးလို့ မြတ်စွာဘုရားကို မကိုးကွယ်ကြဘူး။ ကျောခိုင်းပြီး ဝေးဝေးနေကြတယ်။ သူတို့ရဲ့ မနာလိုဝန်တိုစိတ်က ကြီးမားလွန်းတာကြောင့် သေလွန်သွားတဲ့အခါ ပြိတ္တာဘ၀ ရောက်ရှိခဲ့ ကြရပါတော့တယ်။

တစ်ခုသော နံနက်ခင်း ဆွမ်းခံချိန်မှာ-
ဇေတ၀န်ကျောင်းတော်က ထွက်ခွာလာတဲ့ ရှင်မောဂ္ဂလာန် ဟာ သာဝတ္တိမြို့တွင်း မရောက်ခင် လမ်းခုလတ်မှာ ခြေချင်းလိမ်နေတဲ့ ပြိတ္တာအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်မိတယ်။ အဲဒီအချိန်မှာ အရှင်မောဂ္ဂလာန်ဟာ သပိတ်ပိုက်ပြီး ခေတ္တရပ်တော်မူနေလိုက်တယ်။ပြိတ္တာတွေရဲ့ အသွင်ဟာ အသားအရောင်က နက်ခြောက်ခြောက်၊ မျက်ကွင်းတွေက ဟောက်ပက်ပက်၊ နံရိုးတွေက အပြိုင်းပြိုင်း ပေါ်၊ သွားတွေကလည်း ခေါထွက်နေတယ်။ အ၀တ်မပါ ဗလာနတ္တိ၊ တစ်ချို့ဆို မိမိရဲ့ ဆံပင်အရှည်ကြီးတွေနဲ့ အရှက် မပေါ်အောင်မလုံမလဲဖုံးဖိထားကြတယ်။

ဒါကို မြင်တွေ့ရတော့ အရှင်မောဂ္ဂလာန်က မေးပါတယ်။ အချင်း ဒါယကာတို့ …အဘယ်သို့များ ဖြစ်နေကြတာလဲ အ၀တ်အစား မပါ၊ ကြောက်မက်ဖွယ်ရာ ရုပ်အဆင်းနဲ့ ပိန်လှီခြောက်ကပ် လို့ ဘယ်သူတွေလဲ…..။

ပြိတ္တာတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတယ်။ သူပြန်လျောက်နိုး၊ ငါပြန်လျောက်နိုးစောင့်နေကြတယ်။ ခဏကြာမှ တစ်ယောက်က-

ကိုယ်တော်မြတ်ကြီးဘုရား
တပည့်တော်တို့ဟာ ပြိတ္တာတွေဖြစ်ကြပါတယ်။ ယမမင်းကြီးရဲ့ လက်အောက်က ဒုက္ခဘုံသားတွေဖြစ်ပါတယ်။ လူ့ဘ၀တုန်းက စိတ်ထားမှားပြီးမကောင်းမှုတွေ ပြုလုပ်မိခဲ့ ကြလို့ အခုလိုဘ၀မျိုး ရောက်နေကြရ ပါတယ်ဘုရား…တပည့်တော်တို့သည် လှူထိုက်တဲ့ အလှူခံပုဂ္ဂိုလ်တွေ ပေါများနေပါလျက် ငွေအသပြာပဲဝက် လောက်ဒါန ကိုပင် မပြုခဲ့ဘူးပါ။ နှမြောတွန့်တိုပြီး လှူကြတန်းကြသူတွေ ကိုလည်း ပြစ်တင်ရှုတ်ချ ၊ ကဲ့ရဲ့ ခဲ့ကြပါတယ်။

နောက်တစ်ဖန် ခံစားနေရသောဒုက္ခ များကိုလည်း ရင်ဖွင့်လျောက်ထားကြတယ်။ တပည့်တော်တို့ဟာ ဆင်းရဲတွင်း နက်လှပါတယ်။ ရေငတ်လွန်းလို့ တသွင်သွင်စီးဆင်နေတဲ့ မြစ်နားသွားရောက်ပြီး အငမ်းမရ သောက်မယ်လုပ်လိုက်တဲ့အခါမှာ မြစ်ရေတွေဟာ ရွှံ့နွံအနှစ်တွေ ဖြစ်ကုန်ကြပါတယ်။ ကျောကုန်း တွေမှာခြစ်ခြစ်တောက်အောင် နေပူဒဏ်ခံထား ရလို့ သက်သာရာရအောင် သစ်ပင်ရိပ်ကောင်းအောက် ၀င်ခိုပြန်တော့လည်း သစ်ပင်ရိပ်ပျောက်ပြီး နေပူပြင်းကြီးဖြစ်သွားပြန်ပါတယ်။ တိုက်ခတ်လာ တဲ့ လေတွေကလည်း ပူလောင်လှပါတယ်။ တစ်ကိုယ်လုံးဟာ မီးလောင်မြိုက်နေသလိုခံစားနေရပါတယ်ဘုရား၊ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ ကြိတ်မှိတ်ခံစားနေရပါတယ်ဘုရား ။ ၀မ်းဗိုက်ဟာ ဆာလောင်မွတ်သိပ် နေတာမို့ ထမင်းလုံးတစ်စေ့၊ ရေတစ်စက်လောက်ရအောင် ခရီးမိုင် ပေါင်းများစွာကို လှည့်လည်သွားလာ ရှာဖွေနေကြရပေမယ့် မရရှိခဲ့ကြပါ။ တချို့ဆို ပင်ပန်းလွန်းလို့ အားပြတ်ပြီး ခရီးမြေပြင်မှာ ဘုန်းဘုန်းလဲကျကာ ဒဏ်ရာအနာတရဖြစ်ကြရပါတယ်။

ဝဋ်ကြွေးရှိသမျှခံစားပြီး ၀ဋ်ကြွေးကုန်လို့ လူ့ဘ၀ပြန်ရောက်လာခဲ့ရင် တပည့်တော်တို့ဟာ သူတော်ကောင်း တွေရဲ့အဆုံးအမကို နာယူပါ့မယ်။ သီလစောင့်ထိန်းကာ ဒါနအစရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုကြပါမယ် ဘုရား လို့ အစရှိတာတွေကို လျှောက်ထားပြီး ရိုသေစွာ လမ်းဖယ်ပေးကြပါတယ်။

အရှင်မောဂ္ဂလာန်ဟာ မြင်တွေ့ခဲ့သမျှကို မြတ်စွာဘုရားထံ ချဉ်းကပ်ကာ လျှောက်တင်လိုက်တော့ မြတ်စွာဘုရားက ၀န်တို မစ္ဆေရစိတ်အားကြီးလို့ ပြိတ္တာဖြစ်ခဲ့ရသူတွေအကြောင်းကို ပရိသတ်တို့အား ဟောကြားပေးတော်မူခဲ့ပါတယ်။

မစ္ဆေရရဲ့ သဘောသဘာဝဟာ နှမြော ၊တွန့်တို ၀န်တိုမှု ဖြစ်ပါတယ်။ မစ္ဆေရဟာ လှူဒါန်းပေးကမ်းမှုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကပ်စီးနဲများ အဖွဲ့ချုပ်က ဂိုဏ်းဝင်တွေဟာ ကျွန်ုပ်တို့ကို သင်ခန်းစာပေး နမူနာပြသွားခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ မစ္ဆေရစိတ်ကို မိမိတို့ရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်မလာနိုင်အောင် ဆင်ခြင်ပယ်သတ်ကြရမှာ ဖြစ်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ညီတူညီမျှရွှေမန်ကျည်းစေ့

6

တစ်ခါတွင် ဘိုးတော်မင်းတရားကြီသည် တောင်စမုတ်ဆောင်တော်တွင် မှုးမတ်အပေါင်းနှင့် စံနေတော်မူလေသည်။ ထိုအခိုက်တွင် သားတော် သမီးတော် နှင့်တကွ နန်းတွင်းရှိ မောင်းမငယ် တို့ ကစားပျော်ရွှင်စေရန် ရွှေမန်းကျည်းစေ့တို့ကို ရွှေပန်းထိမ်တော် တွင် အပ်နှံထားရာပြီးစီးသဖြင့် မင်းတရားကြီးထံ အပ်နှံဆက်သလေသည်။

ထိုအခါ ဘိုးတော်မင်းတရားကြီးက ရွှေမန်ကျည်းစေ့ ၏ ပုံကို ပကတိမန်းကျည်းစေ့နှင့် ယှဉ်ပြိုင်ကြည့်ရှု၍ ပုံတူလှကြောင်း ပန်းထိမ်ဆရာတို့အား ချီးကျူးတော်မူလေသည်။ ထို့နောက် တစ်ခုသော ရွှေမန်းကျည်းစေ့ကို ဘိုးတော်မင်းတရားကြီးက ရွှေလက်ဖြင့် ကိုင်ဆုပ်ထား၍ နှစ်ခုသော ရွှေမန်းကျည်းစေ့တို့ကို မိဖုရားခေါင်ကြီးအား ကိုင်စေတော်မူသည်။ ညီလာခံတွင်ရှိသော အမတ်ကြီးပေါ်ဦး ကိုခေါ်၍ ပျော်ရွှင် စေသော ငှာ မိန့်တော်မူလေသည်။

ပေါ်ဦး ငါ၏ရွှေလက်တော်၌ ရှိသော ရွှေမန်းကျည်းစေ့နှင့် မိဖုရား၏ လက်တော်တွင်ရှိသော ရွှေမန်းကျည်းစေ့တို့တွင် မည်သူက အရေအတွက်များတော်မူသလဲ မောင်မင်း...

ထိုအခါ အမတ်ကြီးပေါ်ဦးကလည်းေ အဆိုင်မတွပင် ပြန်လည်ဖြေကြားလိုက်သည်မှာ....

မှန်လှပါ ဘုန်းတော်ကြောင့် ညီတူညီမျှပါဘုရား

ဟေ့...ပေါ်ဦး ငါကိုယ်တော်မြတ် လက်တော်တွင် ရွှေမန်းကျည်းစေ့တစ်စေ့သာရှိသည်။ မိဖုရားလက်တော်တွင် နှစ်စေ့ရှိသည်။ ဤသို တစ်စေ့နှင့် နှစ်စေ့ ရှိနေပါလျက် မောင်မင်းက အဘယ်ကြောင့် ညီတူညီမျှဟု ထင်ဘိသလဲ ပေါ်ဦး (မကျေနပ်ဟန်ဖြင့် ထပ်မံမေးမြန်းတော်မူလိုက်သည်။)

မှန်လှပါဘုရား ၊ ဘုန်းတော်ကြောင့် (ပါတော်မူရင်း)နှင့် ရောကြည့်ပါလျှင် တစ်ကိုယ်လျှင် သုံးစေ့စီပင် ညီတူညီမျှပင် ဖြစ်ရကြောင်းပါဘုရား။

ထိုသို့ ဦးပေါ်ဦး၏ လျှောက်ထားချက်ကို ကြားရသောအခါတွင် ဘ၀ရှင်မင်းတရားကြီး၊ မိဖုရားနှင့်တကွ ညီလာခံတွင် ရှိကြသော မှူးမတ်ဗိုလ်ပါအပေါင်း ပရိသတ်တို့မှာ သဘောပေါက်သွာကြ၍ ရယ်မောကြလေသည်။ ဦးပေါ်ဦးသည် အတည်အတံ့ တရားသဘောသို့သာမက ဟာသရသ စကားလင်္ကာများသည်လည်း ဖြေကြားနိုင်ကြောင်း တွေ့ရပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)

5


မနက်ဖြန် တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့ (ငါးပါးသီလ)အခါတော်နေ့ ဖြစ်ပါတယ်။
မင်းတုန်းဘုရင်လက်ထက်တွင်၎င်း၊ ဘိုးတော်မင်းတရားလက်ထက်တွင် ၄င်း ဂရုဓမ္မအမိန့်တော်ပြန်တမ်းကို ဆင်ပေါ်တင် ၍ လေးပြင်လေးရပ်လှည့်လည်ပြီး ငါးပါးသီလ စောင့်ထိန်းကြရန် တိုင်းသူပြည်သားတို့ အားနှိုးဆော်လေ့ရှိပါသည်။

၁၁၄၆ခု၊ ဘိုးတော်မင်းတရားလက်ထက် ထုတ်ပြန်သော ဂရုဓမ္မ အမိန့်တော်ပြန်တမ်း

ပြည်သူ လူတကာ သတ္တ၀ါအပေါင်းတို့ ယခုဝါဆိုကာလ ရောက်ပြီ

သူ့အသက်သတ်ခြင်း၊
သူ့ဥစ္စာခိုးခြင်း၊
သူ့အိမ်ရာ ပြစ်မှားခြင်း၊
မဟုတ်မမှန်သောစကားကို ဆိုခြင်း၊
သေရည်သေရက်ကို သောက်ခြင်း

တရားငါးပါးကို မကြည်မရှောင် ပြုကုန်သော သူတို့သည် ငရဲ၊ တိရ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံ၌ တလူးလာလာ နစ်မွန်းကုန်ရာသည်။

တရားငါးပါးကို ကြဉ်ရှောင်၍ အလှူပေးခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းကို ပြုသောသူတို့သည် လူမင်း နတ်မင်း စည်းစိမ်ကို ခံစား၍ နတ်ရွာ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရာသည်ကို အသင် နှလုံးသွင်းလျက် သရဏဂုံသုံးပါး၊ ပဉ္စသီငါးပါး၊ အဋ္ဌသီရှစ်ပါး တို့ကို မပြတ်ဆောက်တည်ကြကုန်။

ထိုပြန်တမ်းကို ...နှစ်စဉ် ၀ါဆိုလဆန်း ၅ရက်နေ့ ရောက်တိုင်း ဆင်ပေါ်တင်၍ လူ ၅၀ ထမ်းရသော တရားစည်ကြီးကို တီးပြီး ၀င်းခင်း၍ ကြီးစွာသော ရွှေမောင်းကြီးကို တီးခတ်ကာ လှည့်လည် ဖတ်ကြား ကြောင်းမှတ်သားရပါသည်။

လယ်တီဆရာတော် သြ၀ါဒ

ငါးပါးသီလ၊ လူတရားကို မမှားစေမှု၊ အလေးပြု။
မြွေဆိုး ၊ ကျားဆိုး၊ ဘီလူးဆိုးကို ၊ မတိုးဝံ့ငြား၊ ဝေးစွာရှားသို့။
ငါးပါးသီလ၊ မရှိကြသူ ၊လူ မသူတော် ၊ လူပျက်ချော်ကို ၊ အဖော်မပြု ၊ ဝေးစေမှု။

သီလပျက်စီးသူ ၏ အပြစ်ငါးပါး

၁။ စည်းစိမ်ပျက်လျှင်း၊
၂။ သတင်းဆိုးနှံ့၊
၃။ ကြောက်ရွံ့ပရိသာ၊
၎။ သေခါတွေဝေ၊
၅။ သေငရဲလား ၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

သီလစောင့်ထိန်းသူ၏ အကျိုးငါးပါး။

၁။ စည်းစိမ်ရလျှင်း၊
၂။ သတင်းကောင်းနှံ့၊
၃။ မရွံ့ပရိသာ၊
၎။ သေခါမတွေ၊
၅။ သေနတ်ရွာလား ၊ ကျိုးငါးပါး၊ မှတ်သား သီလ၀န္တ။ (တိပိဋကဓရ၊ ဆရာတော် ဦးဝိစိတ္တရေးသည်။)


မြတ်စွာဘုရား ဟောကြားခဲ့သော ဂရုဓမ္မဇာတ်တော် နှင့် ဂရုဓမ္မအခါတော်နေ့ ပေါ်ပေါက်လာရခြင်း အကြောင်းကိုလည်း မှတ်သား လိုပါက...ဧရာဝတီစာကြည့်တိုက် တွင်ဖတ်ရှုနိုင်ပါတယ်။ ဂရုဓမ္မအခါတော်နေ့ မှာ ငါးပါးသီလ ကို လုံခြုံအောင် စောင့်ထိန်းကြပါစို့လို့ လဲတိုက်တွန်းအပ်ပါတယ်။

ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ

ပဉ္စသီငါးဖြာ ကိုယ်ကျင့်တရားကို၊ ပျက်ပြားနေကြ ကမ္ဘာမြေ။
ဟိုတိုင်း ဒီပြည် ရန်စစ်ခင်းလို့၊ လူနှင့် လူချင်း သတ်ကာနေ။
ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
ပဉ္စငါးပါး ကိုယ်ကျင့်တရား၊ ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ ဗုဒ္ဓ၀ါဒ ကမ္ဘာက သိပါစေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers