ခုနှစ်ပါး ဥစ္စာနှင့် လားရာဂတိ

2

ရာဇဂြိုလ်ပြည်တွင် သုပ္ပဗုဒ္ဓ ဆိုသည့် အရေပြားရောဂါသည် သည်အတိတ်က မကောင်းမှု တစ်ခုကြောင့် နူနာရောဂါ ခံစားရကာ သူများတကာပေးကမ်း စွန့်ကြဲမှု ကို ငံ့လင့်ကာ မှီခိုစားသောက်နေထိုင်ရသူ ဖြစ်သည်။ သို့သော် ဘုရားရှင်ဟောကြားတော် မူသော တရားတော်တွေကို နာကြားခဲ့ရဖူးပြီး သူ၏ နှလုံးသား၌ စူးစူးနစ်နစ် စွဲဝင်ပြီး မြတ်နိုးစွာ တည်ထားသူဖြစ်၏။

ဘုရားရှင် ၏တရားတော်များကို ပရိသတ်အစွန်အဖျားခပ်ဝေးဝေးဆီက နာကြားခဲ့ရ သော်လည်း တရားတော်ကိုနာယူရာ၌ အစဉ်အမြဲနိုးကြားနေသော စိတ်ကြောင့် သုပ္ပဗုဒ္ဓလူနူသည် သောတပတ္တိဖိုလ်သို့ပင် ဆိုက်ရောက်ခဲ့ရလေသည်။ တရားတော်ကို နာယူရ၍ မိမိရအပ်သော ဂုဏ်ကျေးဇူးတွေကို ဘုရားရှင်ထံ လျောက်ထားလိုလာ၏။ ထိုအခါ လူ့လောက၌ ကုသိုလ် နှင့်ပတ်သက်၍ အံ့သြဖွယ်၊ ထူးခြားဖွယ်ဖြစ်စရာ ရှိတိုင်း သိကြားမင်း ၏ ဗိမာန်သည် တုန်လှုပ်သွားစမြဲ ဖြစ်ရာ ဘုံဗိမာန် လှုပ်ခါသွား၏။ မြတ်စွာဘုရားရဲ့သာသနာ တော်မှာ ရအပ်တဲ့ ဂုဏ်ကျေးဇူးတွေကို သုပ္ပဗုဒ္ဓ လျှောက်ထားလိုလာတာပါလား သေချာအောင်လို့သူကို တော့ စစ်ဆေးဦးမှ ဖြစ်မှာ ပါဟု သိကြားမင်း အကြံဖြစ်ပြီး….

အို…သုပ္ပဗုဒ္ဓ၊ သင်ဟာ လူလောကထဲမှာ ဆင်းရဲတွင်းနက် လှတဲ့ ၊ ဒုက္ခိတသတ္တ၀ါ တစ်ခုပါပဲ၊ သူများတွေထံမှာ လက်ဖြန့်တောင်းခံပြီးမှ စားသောက်ရတဲ့ ဘ၀နဲ့ အထီးကျန်ဆန် နေသူလည်းဖြစ်တယ်။ ငါ့သင်ကို ကရုဏာဖြစ်လို့ အပိုင်း အခြား အဆုံးအစ မရှိတဲ့ ပစ္စည်းဥစ္စာကို ပေးမယ်။ (သိကြားမင်းက စကားကို ခဏရပ်တန့်လိုက်တယ်။) အံ့သြခြင်း အမူအရာ မရှိ ၊ သိကြားမင်းကို ရှုတည်တည်ကြည့်ပါတယ်။ ဒါပေမဲ့ သိကြားမင်းက သူ့ထက်အလျင်ဦးစွာ စကားကိုဆက်ပြောပါတယ်။

ဒါပေမယ့် သင်က ကတိတစ်ခုတော့ပေးရမယ်။ ဘာလဲဆိုရင် သင်အခုသိခဲ့တဲ့ ဘုရားဟာ ဘုရားမဟုတ်ဘူး၊ တရားဟာ တရားမဟုတ်ဘူး၊ သံဃာ ဟာ သံဃာမဟုတ်ဘူး ဆိုတာရယ်၊ ငါ့အတွက်တော့ ဘုရားဟာ အကျိုးမရှိဘူး၊ တရားဟာ အကျိုးမရှိဘူး၊ သံဃာဟာ အကျိုးမရှိဘူး ဆိုတာကို လက်ခံထားပေးဖို့၊ ပြီးတော့လက်ခံထားတဲ့အတိုင်း ကြုံရာနေရာတိုင်းမှာ ပြောဆိုနေဖို့ပါပဲ။ အဲဒီလိုဆိုရင် သင့်အတွက် သုံးမကုန်တဲ့ ပစ္စည်းဥစ္စာတွေ အခုချက်ချင်းရစေမယ်။

သုပ္ပဗုဒ္ဓ၏ အကြည့်တွေက ခက်ထန်မာကျောသော စူးစူးရှရှ အသွင်ပြောင်းသွားပြီး တင်းမာပြတ်သားသော အသံဖြင့် သိကြားမင်းအား မေးပါတယ်။ အခုလိုလာပြောနေတာ သင်က ဘယ်သူမို့လို့လဲ….။

ငါလား …ငါကသိကြာမင်းပဲ သုပ္ပဗုဒ္ဓ

သုပ္ပဗုဒက ခေါင်းကိုညိတ်ရင်း သင်က သိကြာမင်းတဲ့လား၊ အေးလေ သင်က သိကြားမင်းဆိုရင်လည်း မိုက်မဲလွန်း၊ အရှက်ကင်းပလွန်း၊ မကောင်းမှုနဲ့ ပြည့်စုံနေမယ့် သိကြားမင်းပဲဖြစ်လိမ့်မယ်။ ဒီတော့ သင်နဲ့ငါဟာ စကားပြောဖို့တောင် ဘယ်လိုမျှ မလျောက်ပတ်တာအမှန်ပဲ…။ သင်က ငါ့ကို မကောင်းရာ ဘ၀ရှိတဲ့သူ၊ သူဆင်းရဲ၊ အထီးကျန်ဆိုပြီး စွပ်စွဲတယ်လေ။ တကယ်တော့ ငါဟာ မကောင်းတဲ့ဘ၀ရှိသူ မဟုတ်ဘူး၊ လူဆင်းရဲလည်းမဟုတ် အထီးမကျန်ဘူး၊ ငါဟာ ချမ်းသာခြင်းကို ရောက်နေတဲ့သူ။ ပစ္စည်းဥစ္စာတွေ ကြွယ်ဝတဲ့သူဖြစ်နေလို့ပဲ။

သင့်စကားအရာက ငါ့အခု တွေ့မြင်နေရတာနဲ့ တခြားစီဖြစ်နေပါလား။

ဒါကြောင့်သင်သိကြားမင်းကို မိုက်မဲလွန်းလေစွလို့ ပြောရတာပဲ။ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်ခြင်း လက္ခဏာရှိတဲ့ သဒ္ဓါ ဥစ္စာ၊ စာရိတ္တ ၀ါရိတ္တဖြစ်တဲ့ သီလ ဥစ္စာ၊ မကောင်းမှု ကို ရှက်တတ်ခြင်းရှိတဲ့ ဟိရိ ဥစ္စာမကောင်းမှုကို ထိတ်လန့်ခြင်း လက္ခဏာရှိတဲ့ သြတ္တပ္ပ ဥစ္စာ၊ သူတော်ကောင်းတရားတွေကို အကြားအမြင်များတယ်ဆိုတဲ့ သုတ ဥစ္စာ ချီးမြှောက်ပေးကမ်းစွန့်ကြဲခြင်းဖြစ်တဲ့ စာဂ ဥစ္စာ ယထာဘူတသဘာဝကို သိနိုင်စွမ်းတဲ့ပညာဥစ္စာ တွေဟာ ယောကျာ်း၊ မိန်းမတွေမှာ ရှိတတ်ကြတယ်။ အဲဒီ တရားတွေ နဲ့ပြည့်စုံနေတဲ့ ယောကျာ်း၊ မိန်းမကို မဆင်းရဲတဲ့သူ၊ များစွာသော ဥစ္စာရှိတဲ့သူလို့ ဘုရားအစရှိတဲ့ ပညာရှိတွေက မိန့်ဆိုတော်မူကြတယ်။

အဲဒီ သူတော်ကောင်းတစ်ရား ၇ပါးနဲ့ ပြည့်စုံတဲ့ ယောက်ျား၊ မိန်းမတွေရဲ့ အသက်ရှည်ခြင်းဟာ လည်း အချည်းအနှီးမဟုတ်ဘဲ အကျိုးရှိတဲ့ အသက်ရှည်ခြင်း လို့ မိန့်ဆိုတော်မူကြသေး တယ်။ ဒီမှာ သိကြားမင်း၊ အဲဒီ သူတော်ကောင်း ဥစ္စာတွေဟာ ငါ့ သန္တာန်မှာ ထင်ရှားရှိတယ်။ ဒါ့ကြောင့် ငါဟာ သူဆင်းရဲမဟုတ်ဘူး၊ အထီးကျန်သူမဟုတ်ဘူး၊ ဥစ္စာများစွာရှိတဲ့သူပဲ ဖြစ်တယ် သိကြားမင်း

သုပ္ပဗုဒ္ဓ၏ တုံပြန်ပြောဆိုမှုကို သိကြားမင်းက လွန်စွာနှစ်သက် သဘောကျသွား၏။ ရတနာ သုံးပါးကို မကြည်ညိုစေနိုင်ရန် ဥစ္စာဓနဖြင့် ဖြားယောင်း၍ မရမှန်းသိသွား၏။သုပ္ပဗုဒ္ဓ အနားမှ ကိုယ်ရောင် ဖျောက်ပြီးနောက် ဘုရားရှင်ထံ သိကြားမင်းရောက်ရှိလာ၏။ ထို့နောက် သုပ္ပဗုဒ္ဓနှင့် သိကြားမင်းတို့ အပြန်အလှန်ပြောစကားများကို ဘုရားရှင်အားလျောက်ထားရာ…

ဒကာတော် သိကြားမင်း သင်လိုမျိုး သိကြားမင်း ရာထောင် ပေါင်းများစွာက သုပ္ပဗုဒ္ဓ ဆီကိုသွားပြီး စည်းစိမ်ဥစ္စာတွေနဲ့ဘယ်လိုပဲ သွေးဆောင်ပြောပြော သင်တို့ စွမ်းနိုင်ကြမည်မဟုတ်။ သဒ္ဓါတရား၏ အံ့ဖွယ်သတ္တိကို တန်ခိုးအရာ၌ ဖန်ဆင်းနိုင်သော နတ်၊ သိကြားများပင် ဖျက်ဆီးရန် မစွမ်းသာပေ။ သိကြားမင်းလည်း ဘုရားရှင်ရှေ့မှ ခွင့်ပန်ရှိခိုးကာ ဗိမာန်သို ပြန်လာခဲ့လေ၏။

သုပ္ပဗုဒ္ဓ မှာ ဝေဠုဝန်ကျောင်းတော်သို့ သွားပြီးဘုရားရှင်ကို ရှိခိုးဝတ်ဖြည့်ပြီး မိမိရရှိခဲ့သော တရားဂုဏ်တော်ကျေးဇူးများကို ၀မ်းမြောက်ရွှင်လန်းစွာ လျှောက်ထားလေ၏။ ဘုရားရှင်က သူ့ကို သာဓုခေါ်ဆိုကာ ချီးမြောက်၏။ ကျောင်းတော်မှ အပြန်တွင် သူ့ကို ပျိုမျစ်သော နွားမတစ်ကောင်က ဝှေ့သတ်လိုက်လေသည်။ သုပ္ပဗုဒ္ဓအား နွားမဝှေ့သတ်ခြင်းကို အချိန်ပိုင်းအတွင်းမှာပင် ရဟန်းများသိသွားကြသည်။ မိမိပြုခဲ့မိသောကံ တို့သည် ကုသိုလ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေ ပျောက်ပျက်ရိုးထုံးစံမရှိ၊ မျက်မှောက်ဘ၀၌ ပင် အကျိုးပေးခွင့် မရ ခဲ့သော် ကာလခြားချင်ခြားမည် ဘ၀ခြားချင်ခြားမည် အချိန်ခြားချင်ခြားမည် ကံတို့၏ အကျိုးတရားက မည်သူတို့မျှ ရှောင်လွဲမရချေ

စင်စစ်သော်ကား သုပ္ပဗုဒ္ဓကို ဝှေ့သတ်လိုက်သော နွားမသည် ရိုးရိုးနွားမ မဟုတ် တစ်ယောက်သော ဘီလူးမသည် ပုက္ကုသာတိမင်း၊ အရှင် ဗာဟိယဒါရုစီရိယ၊ ခိုးဆိုးသတ်သမား တမ္ဗာဒါဌိက နှင့် သုပ္ပဗုဒ္ဓလူနူ ထို၎ ဦးစလုံး၏ ဘ၀ တစ်ရာစီတိုင်အောင် နွားမယောင်ဆောင်၍ သတ်ခဲ့ခြင်းဖြစ်၏။

ထိုလေးယောက်တို့သည် ဝေးကွားသော ရှေးကာလတစ်ခုဆီက သူဌေးသားများ ဖြစ်ခဲ့ကြ၏။ထိုအချိန်က ပြည်တန်ဆာမ ကို ဥယျာဉ်ဆီခေါ်ဆောင်ပြီး စည်းစိမ်ချမ်းသာ ခံစားမွေ့လျော်ပြီး အသပြာကို မပေးလိုကြတောပေ။ ထို့အပြင်ပြည်တန်ဆာမ ၏ အဆင်ရတနာများကို ပါ တက်မက်လာ၏။ ထိုအကြံကို သိ၍ မိမိနှင့်ပျော်ပါးပြီးမှာ မိမိကိုသတ်၍ မပြုသင့်သော အကြံကို သူတို့ကြံရက်လေခြင်းဟု ၀မ်းနည်းကာ တိုင်တည် ဆုတောင်းလေသည်။ အကျွန်ုပ်ကို သတ်ပါက အကျွန်ုပ်ဟာ ဘ၀ တစ်ခုမှာ ဘီလူးမဖြစ်ပြီး သူတို့ကို အကြိမ်များစွာ ပြန်လည်သတ်စွမ်းနိုင်သူဖြစ်ရလိုပါတယ်။ အကုသိုလ်သည် တစ်ကြိမ်သာရှိခဲ့သော်လည်း တန်ပြန်အကျိုးခံစားရမှုက ဘ၀တစ်ရာစီ တိုင်အောင်ဖြစ်ခဲ့ရလေ သည်။

ဆက်လက်ပြီး ရဟန်းများက သုပ္ပဗုဒ္ဓ နူနာစွဲကပ်ရခြင်းကို ဘုရားရှင်အား မေးမြန်း လျောက်ထားပြန်ရာ…

သောတာပတ္တိဖိုလ် သို့ ဆိုက်ရောက်ခဲ့သော သုပ္ပဗုဒ္ဓ၏ လားရာသည် တာဝတိံ သာနတ်ပြည်ဖြစ်ကြောင်း မိန့်တော်မူ၏။ ထို့နောက်သုပ္ပဗုဒ္ဓ သည် ဘ၀ဟောင်း တစ်ခုတွင် တဂရသိခီအမည်ရှိ ပစ္စေက ဗုဒ္ဓါကို တွေ့မြင်ရပြီး တံတွေးထွေးးကာ မရိုသေ သော ပြစ်မှားမှုကြောင့် ကာလကြည်ရှည်စွာ ငရဲ၌ ကျက်ခဲ့ရဖူး၏။ ထိုမှ လွန်သော်လည်း ကံ အကျိုး၏ အကြွင်းအကျန်အစွမ်းကြောင့် ယခုဘ၀၌ နူနာစွဲကပ်ရကြောင်းဆက်လက် မိန့်တော်မူလေသည်။

သံသရာခရီးကို လျှောက်လှမ်းကြရာမှာ ကိုယ်စီ ဘ၀အသီးသီးရကြအခါမှာ မျက်မှောက်ဘ၀၍ ခံစားရသော အကောင်းအဆိုး အကျိုးတရားများသည် အတိတ်ဘ၀များဆီမှ ပြုမှုဆောင်ရွက်ခဲ့သော ကံသုံးပါးတို့ ၏ အကြောင်းတရားများပါဝင် ပတ်သက်သင့် သလောက် ပါဝင်နေလေသည်။ တဖန် ယခုဘ၀၌ ပြုမှုဆောင်ရွက် သည့် ကံအကြောင်းတို့က အနာဂတ်ဘ၀ကို ထပ်မံပုံဖော်ပေးမည့် အကျိုးတရားတို့သာဖြစ်ကြောင်း….သုပ္ပဗုဒ္ဓ ဇတ်လမ်းလေးက ဥပမာ ပုံဆောင်နေပါတယ်။ ထို့ကြောင့် သူတော်ကောင်းတရားများ လိုက်နာ ကျင့်သုံး နိုင်ကြပါစေ၊ ကျင့်သုံးကြပါစို့လို့တိုက်တွန်းလိုက်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သီတဂူဆရာတော်ကြီး၏ မွေးနေမင်္ဂလာ ဂုဏ်ပြုချီးကျူး ပူဇော်လွှာ။

1



သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ။

ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာတော် အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ ၁၃၇၁ခုနှစ် တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့တွင် သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။

-သူတော်ကောင်း တစ်ယောက် ထွန်းပေါ်ပေါက် သူ့နောက်ဆွယ်ကျုံး၊ တစ်နယ်လုံးသည် ဘုန်းဆင့်လျှောက်၊ အမြင့်ရောက်၏။

-ပုဂ္ဂိုလ်တွက်ရေ၊ ရာကုဋေတွင် ၊ရှာဖွေပတ်နှောက်၊ သဒ္ဓါပေါက်သည်၊ တစ်ယောက် ရဲရဲထွက်နိုင်ခဲ၏။

-ဤ ပုဂ္ဂိုလ်ကား ၊လွန်စွာရှား၏ များပြားနေရာ မဖြစ်ပါဘဲ၊ ဖြစ်လာပြန်မူ၊ ထိုသူဖြစ်ရာ ၊ ရပ်ရွာအမျိုး၊ ချမ်းသာတိုး၏………။

ဟုသော ပညာရှိများ၏ စကားအတိုင်း သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြုချီးကျူးခွင့်ရတဲ့အတွက် ရွှင်ပြုံးကြည်သာ ပီတိဖြာခဲ့ရပါသည်။ ချီးကျုးဂုဏ်ပြုလွှာ ရေးသားခွင့်ပေးသော အရှင်ကောဝိဒသိရီ (သီတဂူစတား) ပူနေး အရှင်ဘုရားအားလည်း ကျေးဇူးတင်ပါသည်။

ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းစဉ်များ

အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း) SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING) သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူဆရာတော် ဘုရားကြီးသည်.....

၁။ စစ်ကိုင်းတောင် ရေအလှူတော်စီမံကိန်း
၂။ သီတဂူအာယုဒါန ဆေးရုံတော်
၃။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)နှင့်
၎။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၅။ သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး)
၆။ နာဂစ်အလှူတော်များနှင့် စာသင်ကျောင်း၊ ဆေးရုံအလှူတော်များ နှင့်
၇။ သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီ။ စစ်ကိုင်းတောင်သည် သမိုင်းအစဉ်အလာအရ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓသာသနာ ထွန်းကားခဲ့ရာနေရာဖြစ်ပါသည်။ ယခုအခါ ထိုမြေမြတ်မဟာဝယ် အပြည်ပြည်ဆိုင်ရာ သီတဂူ ၀ိပဿနာကမ္မဋ္ဌာန်းဌာနကြီးကို အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများ

ဆရာတော်ကြီး၏ တရားများနှင့် ဆုံးမ သြ၀ါဒများကို စတင်နာကြားခဲ့ရတာက တော့ အတွင်းမီးအပြင်မီး တရားတော် ဖြစ်ပါတယ်။ ဒုတိယအကြိမ်နာကြားခဲ့ရတာကတော့ ၃၈ဖြာမင်္ဂလာနှင့် ပတ်သက်တဲ့ တရားခွေဖြစ်ပါတယ်။ ၃၈ဖြာမင်္ဂလာ နဲ့ပတ်သက်ပြီး ဆရာတော်ကြီးဟောကြားထားတာ ၉၆ခွေရှိပါတယ်။ နားကြားနိုင်အောင် သတင်းကောင်းပါးတာပါ။ နာကြားခဲ့ရသမျှထဲမှ အလျဉ်းသင့်တုန်း ပြန်လည်ဖြန့် ဝေရရင်ဖြင့်….

အတ္တသမ္မာပဏိဓိစ မင်္ဂလာနဲ့ ပတ်သက်လို့ ဟောကြားရာမှာ- မစ္ဆရိယ တရားနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းထားပါတယ်။ နေ့စဉ်လူမှုဘ၀ အထွေထွေမှာ ရှင်သန်နေရစဉ် လူအမျိုးမျိုးအဖုံး တွေ့ကြုံဆက်ဆံနေရ တဲ့ ကျမတို့အဖို့ အလွန်တန်ဖိုးရှိတဲ့ အဆုံးအမတွေပါ။

မစ္ဆရိယတရား ၅ပါး ရှိပါတယ်။
အာဝါသ မစ္ဆရိယ - နေရာထိုင်ခင်းကို ၀န်တိုခြင်း။
လာဘ်မစ္ဆရိယ - အစားအသောက်၊ အ၀တ်အထည်၊ ပစ္စည်း ဥစ္စာကို ၀န်တိုခြင်း။
ဝဏ္ဏ မစ္ဆရိယ - ရုပ်ဆင်းနဲ့ ကျော်စောသတင်းကို ၀န်တိုခြင်း။
ဓမ္မမစ္ဆရိယ - အသိပညာကို ၀န်တိုခြင်း။

ဝန်တိုခြင်း ၅မျိုးကြောင့်ရလာမယ့် ဆိုးကျိုးတွေကလည်း အလွန်ဆိုးဝါးပါတယ်။ နေစရာ ထိုင်စရာမရှိ၊ စားစရာ ၀တ်စရာရှားပါးပြီး၊ အခြွေအရံနဲသူတွေဟာ မစ္ဆရိယစိတ်နဲ့ အဲဒီစိတ်ကြောင့်မှားမိတဲ့ အမှားများရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။

ဆရာတော်ဘုရားက ထို မစ္ဆရိယစိတ်ကို ပယ်သတ်နိုင်ဖို့ကိုလည်း နည်းလမ်းများ ပေးထားပါတယ်။ စာဂ ဆိုတဲ့ စွန့်ကြဲပေးကမ်းလ စိတ်၊ လှူဒါန်းပေးကမ်းလိုသော စိတ်ကို မွေးမြူရမယ်။ အမှားကိုပယ်ပြီး အမှန်ကို ဆောင်ရွက်နိုင်ဖို့ရာ မိမိကိုယ်ကိုယ် ဆောက်တည်တဲ့စိတ် မွေးမြူ ပေးရမယ်လို့ ဆိုပါတယ်။

မိမိကိုယ်ကို ဆောက်တည်နိုင်ဖို့ရာ သင့်တင့်လျောက်ပတ်သော ဒေသမှာ နေရပါ့မယ်။ ပညာရှိသူတော်ကောင်းများကို ဆည်းကပ်ရပါ့မယ်။ ပညာရှိသူတော်ကောင်းများရဲ့ ဟောပြောဆုံးမ မှုများကို နာယူမှတ်သား ကျင့်ကြံရပါမယ်။

အဲသည်လို ကျင့်ကြံဖို့ ကတော့ မိမိကိုယ်ကို သတိနဲ့ထိန်းပြီး ဆောင်ရွက်နိုင်မှ ဖြစ်နိုင်ပါ့မယ်။ ကိုယ် နှုတ် စိတ် ၃ ပါးစလုံးကို ကောင်းစွာ ဆောက်တည်ထားပြီး သီလ၊ သမာဓိ၊ ပညာ၊ စာဂ စတဲ့ ကုသိုလ်မှုများနဲ့ ပြည့်ဝအောင်ကြိုးစားရမယ်။ အဲဒီလိုကြိုးစားခြင်းအားဖြင့် အင်မတန် ကြောက်စရာကောင်းတဲ့ မစ္ဆရိယစိတ်ထား များ မပေါ်ပေါက်အောင် တားဆီးနိုင်မယ် ဖြစ်တယ် လို့ ဟောကြားထားပါတယ်။

လူ့ဘ၀ဆိုတာ ရခဲဘိခြင်း လို့ဆိုပေမယ့် လူဖြစ်ရုံလောက်သာ ဖြစ်ပြီး လူ့ဘ၀ဟာ ဒုက္ခဘုံပါပဲလို့ သိရုံလောက်သိ ပြီး ကုသိုလ်၊ အကုသိုလ် မှန်းမသိ သေဆုံးကြရင် သံသရာ ကြောမှာ မျောနေတတ်တဲ့ သူတွေကိုလည်း တွေ့ကြရတာပဲ။ ကိုယ်လည်း အသိတရားလက်ကိုင်မထား ရင် အဲဒီလူတွေထဲက လူတစ်ယောက်ဖြစ်သွားမှာပါဘဲ။ အဲဒီလို အမှာကြီးမှား သတိလက်လွတ် မကြုံရအောင် မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ရပါမယ်။

ဆရာတော်ကြီး၏ အလွန်ပြည့်စုံစွာ ဟောပြောဆုံးမ ၊နည်းပြမှုများ အတိုင်း ကျင့်ကြံအားထုတ်ကာ မိမိတို့ မကောင်းတဲ့ အတွေးအကြံနဲ့ အကျင့်များဖြစ်ပေါ်တော့မယ် ဆိုရင် သတိထားနိုင်ပြီး ရှောင်ကြဉ်နိုင်ကြမယ်ဖြစ်ပါတယ်။

သူတော်ဆည်းကပ် ၊မြတ်တရားနာ
လွန်စွာအားထုတ်၊ နာမ်နှင့် ရုပ်ကို
ဖြစ်ချုပ် ဥာဏ်မြင်၊ ဤငါးအင်
မှန်ပင်မဂ်ရကြောင်း။

သူတော်ကောင်းတို့၏ ရနံ့သည် ပိတ်ပင်တားဆီး၍မရ အရပ်ဆယ်မျက်နှာလုံး ရနံ့လှိုင်၏ အရောင်အပြည့် သာနေသော လမင်းသည် ကောင်းကင်၌ တင့်တယ်သကဲ့သို့ သာသနာ အင်ကြင်းတော၌ ဆရာတော် အရှင်မြတ်၏ ဘုန်းကျက်သရေတို့သည် ထွန်းလင်းတောက်ပ လျှက်ရှိ၏။

ဘုန်းကျက်သရေဆိုသည်မှာ- အသိပညာ အရင်းခံ၍ လုံ့လကြီးစွာဖြင့် ကောင်းကျိုးရအောင် ဆောင်ရွက် နေသူ၏ နောက်သို့သာ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါနေမြဲဖြစ်သည်။

ပူဇော်ထိုက်သူများကို ပူဇော်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်ပါ၏ ဟူသော တရားတော်နှင့် အညီ အရိုအသေ အလေးအမြတ်ပြု၍ ပူဇော်ထိုက်သူ မှီဝဲ ဆည်းကပ်ထိုက်သူ ……… အရှင်သူမြတ်အား ကြည်ညို သဒ္ဓါပွားများစွာဖြင့် ပူဇော်ကန်တော့လိုက်ပါသည် ဘုရား…။

ညခင်း


အချစ်သုံးမျိုး

6



မေတ္တာအကြောင်းလေးကို ပိုစ့်တစ်ခု အနေနဲ့ ဖြန့်ဝေပါရစေ။ ရေးသားသူကတော့ ဆရာတော် ရဝေနွယ်(အင်းမ) ဖြစ်ပါတယ်။ မြင်မြတ်သူတို့ရဲ့အလုပ် စာအုပ်လေးကို ဖတ်ရင်းမှ မိမိနှင့် အတူ ညခင်းရဲ့လမင်း ရဲ့ သူငယ်ချင်း အပေါင်းအသင်းများလည်း မိသားစုချင်း၊ ချစ်သူချင်း၊ နေ့စဉ်ထိတွေ့နေရသော လူမှုပတ်ဝန်းကျင် အတွင်း မေတ္တာတရားရှေ့ထားကာ နေထိုင်ပြောဆိုနိုင်ရေး အတွက် ရည်ရွယ်ကာ ရေးသားလိုက်ရပါတယ်။

မေတ္တာဖြစ်ပုံ၊ စနစ်ကုန်၊
စုံစုံဘယ်သို့ ပြောမည်နည်း။
မိမိအပေါ် ၊ သူ-မတော်လည်း၊
သူတော်မြတ်ဖျား၊ လောင်းဘုရားတို့၊
သူများပြစ်ဆာ၊ မရှုပါဘဲ၊
ကိုယ်သာ သူ့ကျိုး၊ ဆောင်သယ်ပိုး၊
ရိုးရိုးမေတ္တာပွားသတည်း။


မေတ္တာဟူသည် သူတစ်ပါးကို ကြီးပွားစေလို၊ ချမ်းသာစေလိုသော သဘောတည်း။ ထို့ကြောင့် မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးက မတော်မတရား ပြုထားစေကာမူ ထိုသူ၏ အပြစ်အနာအဆာကို (လက်စားချေမည်ဟု) မရှုတော့ဘဲ အကြောင်းကိစ္စပေါ်လာလျှင် ကိုယ်ကသာ သူ့အကျိုးကိုဆောင်ရွက်ကြလေသည်။ (အရှင်ဇနကာဘိဝံသ၊ ရုပ်စုံဗုဒ္ဓ၀င် အမေးအဖြေ၊ နှာ-၃၀)

မေတ္တာဆိုတဲ့ ပါဋ္ဌိအနက်ကို ချစ်ခြင်းလို့ အနက်ပြန်ကြပါတယ်။

အချစ်က သုံးမျိုးရှိပါတယ်။

၁။ ချစ်သူအချစ်ရယ်။
၂။ မိသားစုအချစ်ရယ်။
၃။ ပါရမီ အချစ်ရယ်။


ချစ်သူအချစ်ဆိုတာက မိန်းမယောက်ျား အပြန်အလှန်ချစ်ကြတဲ့အချစ်ပါ။

မိသားစုအချစ်ဆိုတာက မိဘနဲ့သားသမီး၊ ညီနဲ့ အစ်ကို၊ မောင်နဲ့နှမ စသည်တို့ မိသားစု အိမ်သားအချင်းချင်း ချစ်ကြတဲ့ အချစ်ပါ။

ပါရမီအချစ်ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှု ကို လိုလားတဲ့ အချစ်ပါ။
ပါရီမီ အချစ်ဟာ သူတစ်ပါးအကျိုးကို ငဲ့ပါတယ်။ မိမိအကျိုး ကို မငဲ့ပါဘူး၊ ကိုယ်က သူကို ပါရမီအချစ်နဲ့ချစ်ဖြစ်နေရင် သူကြီးပွားစေချင်တယ်။ အောင်မြင်စေချင်တယ်။ အစစအရာရာအဆင်ပြေ စေချင်တယ်။ သူ့ဆီက ဘာတုံပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါ- ပါရမီအချစ်ရဲ့ သဘောတွေပါ။

အကြောင်းတစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့ အခါမှာ ကိုယ်ကလည်းသူကို ပါရမီအချစ်နဲ့ ချစ်မယ်၊ သူကလည်း ကိုယ့်ကို ပါရမီ အချစ်နဲက ချစ်မယ်ဆိုရင် နှစ်ဦးလုံး ရဲ့ခင်မင်မှုဟာ အစဉ်အမြဲခိုင်မြဲနေတော့မှာပါ၊ တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့ အတွက်လည်း ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်း ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန် ထိတောင် ကျေးဇူးပြုနေတော့တာပါ။

ဒီလိုပဲ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာဖြစ်သလို ချစ်သူအချင်းချင်း မိသားစု အချင်းချင်းမှာလည်းမှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေ တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။

မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူတွေကို ထိုင်ပြီး ပွားနေတာနဲ့တင် မလုံလောက်ပါဘူး၊ ထိုင်ပြီးပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ပြောရရင် မနောကံ မေတ္တာပါ။ ပွားမေတ္တာနဲ့အတူ ထားမေတ္တာကိုလည်း ကျင့်သုံး နိုင်ရပါမယ်။သူတစ်ပါး အကျိုးရှိစေမဲ့ စကားလေးတွေ ၊ အလုပ်ကလေးတွေ ပြုလုပ်ပေးတာတွေပါ။ ကံအနေနဲ့ပြောရင်တော့ ၀စီကံမေတ္တာ နဲ့ ကာယကံ မေတ္တာပါ။

သတ္တ၀ါအားလုံး ပါရမီ အချစ်တွေနဲ့ပဲ ချစ်နေနိုင်ဖို့ ဆိုတာ တော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ မဖြစ်နိုင်သူတွေ ကြားထဲမှာ ချစ်တဲ့ စာဖတ်သူ တစ်ယောက်ကတော့ ဖြစ်နိုင်သူ တစ်ယောက်ဖြစ်နိုင်အောင် ကြိုးစားရပါမယ်လို့ ရေးသားထားပါတယ်။
သိမှတ်ကျင့်ကြံနိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သင်္ဘော လှေ တက်

2


ရှေးတုန်းက ကုန်သည် တစ်ထောင်ကို ခေါင်းဆောင်၂ယောက်ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုကို တွေ့၍ ပျော်မွေ့စွာနေထိုင်ကြတယ်။ အတော်ကြာတော့ ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင်ကာ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို မျောပစ်ဖို့ ဆုံးဖြတ်ကြလေသည်။

ထို့ကြောင့် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက်ကောင်းကင်မှ ကိုယ်ထင်ပြ၍ နောက် ၁၅ရက်ကြာလျှင် ပင်လယ်ရေ လွှမ်းသဖြင့် နစ်မွန်းမျောပါကုန်လိမ့်မည်။စောစောက ကြိုတင်လျက် လှေများ တက်များကို အဆင်သင့်ပြင်ထားကြ ကုန်လော့ဟု ပြောဆိုကာ ကွယ်ပျောက်သွားပြီး လူအများ ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။

ထို့နောက် အဓမ္မနတ်သားက တောင်အရပ်၌ ကိုယ်ထင်ပြလျက် ယခင်နတ်သား ပြောသွားတဲ့ စကားဟာ မဟုတ်ဘူး၊ အသင်တို့ ပျော်ပျော်ပါးပါး၊ နေမြဲတိုင်းသာ နေကြပါ ဟု ပြောဆိုပြီး နောက်ကွယ်ပျောက်သွားလေသည်။ ထိုအခါ ခေါင်းဆောင် ၂ယောက်တွင် တစ်ယောက်က ပထမနတ်သား သည် ငါတို့ကို သက်သက်လာ၍ ခြောက်လှန့်ခြင်းဖြစ်သည်။ သင်တို့ပျော်ပျော်ပါးပါးသာ နေကြ ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နေမြဲအတိုင်းနေလေသည်။

နောက်ခေါင်းဆောင်တစ်ယောက်က မူ မိမိနောက်လိုက်များကို အမောင်တို့ လှေများ တက်များကို အဆင်သင့် ရှာထားကြစို့ ၊ ဒုတိယ နတ်သား၏ စကားမှန်လျှင်လည်း လှေတက်များကို ရှာရသည့်အတွက် ငါတို့မှာ တာဝန်မကြီးလှပါ။ အလိုရှိသောအခါ အသုံးချစရာဖြစ်ပါလိမ့်မည်။ အဆင်သင့် ထွက်သွားကြရပါလိမ့်မည်။

ဤသို့ပြောဆိုပြီး လပြည့်နေ့ အချိန်ဝယ် ခါတိုင်းထက် ပို၍ ရေတက်လာကတည်းက အသင့်ရှာထားသော လှေပေါ်သို့ တက်ပြီးလျှင် ရေလွှမ်း၍အလာတွင် လွတ်ရာသို့ ထွက်သွားကြလေသည်။ အခြားခေါင်းဆောင် နှင့် နောက်လိုက်ငါးရာ တို့ကား ရေပို၍တက်အလာ မျက်လုံးများပြူးကား ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာကြလေသည်။ (သမုဒ္ဒ၀ါဏိဇ ဇာတ်)

ဤဇာတ်တော်၌ ဓမ္မနတ်သားက လမ်းမှန်ကို ညွန်ပြမှုအတွက် အသက်ချမ်းသာခွင့် ရကြသလို အဓမ္မနတ်သား၏ လမ်းမှားညွန်ပြမှုအတွက် မည်မျှ အသက်ဆုံးရှုံးရပုံကို တွေ့မြင်နိုင်ပါသည်။

မိမိတို့ ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရားသည် ကိုယ်စီကိုယ်ငှ ကျင့်ကြဖို့ရန် လမ်းမှန် ညွန်ပြတော်မူသော ဘုရားဖြစ်သည်။ကိုယ်တိုင်ကျင့်လျှင်ရနိုင်သော အကျိုးများ၊ လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ အပါယ်လေးပါး သွားရမည့်လမ်းဆိုးများကိုလည်း မသွားမိအောင် နည်းပေးလမ်းပြ ညွန်ပြပေးသူဖြစ်သည့်အပြင် နိဗ္ဗာန်ကိုပင် ရနိုင်သော လမ်းစဉ်များကို ညွန်ပြတော်မူသည်။ ထိုမျှလောက် အကောင်းအဆိုး အကြောင်းအကျိုးကို ပြည်စုံစွာ ညွန်ပြတော် မူပါလျှက် ကယ်တင်ရှင်၊ တန်ခိုးရှင် တို့ ကို မျှော်လင့် မနေသင့်ပေ။ ဘုရားရှင် အလိုကျ ဤကျမ်း၏ ညွန်ပြချက်ကို ဦးထိပ်ပန်ဆင်ကာ ကယ်တင်မည့်သူကို အားမကိုးပဲ အဖိုးတန်ပါရမီတရား သင်္ဘော လှေ တက် များကို သာ ပြင်ဆင်ထားရမည် ဖြစ်ကြောင်းညွှန်ပြနေလေသည်။ ထို့ကြောင့် မိမိတို့ သန္တာန်၌ အသိရော အကျင့်ပါ ၂ဖြာလုံးပြည်စုံစွာ ကြိုးစားသင့်ကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း




မမွှေးတဲ့ပန်း ဘာသွားနမ်းမလဲ

2



မမွှေးတဲ့ပန်း ဘာသွားနမ်းမလဲ

အဆင်းအရောင်နဲ့
အပွင့်ပုံစံလှပေမယ့်
အနံ့မမွှေးဘူးဆိုရင်
အဲဒီပန်းဟာ
ပန်ဆင်သူကို
မသင်းပျံ့စေနိုင်သလို
ကောင်းမြတ်တဲ့
ဘုရားစကားတော်တွေဟာလည်း
နာကြားကျင့်ကြံမှု
မပြုလုပ်သူအတွက်
ဘာအကျိုးမှ မရှိပါဘူး။



ပန်းဆိုမွှေးမှ တရားဆိုကျင့်မှ

အဆင်းအရောင်နဲ့
အပွင့်ပုံစံလည်းလှ
အနံ့လည်းမွှေးမယ်ဆိုရင်
အဲဒီပန်းဟာ ပန်ဆင်သူကို
သင်းပျံ့စေနိုင်သလို
ကောင်းမြတ်တဲ့
ဘုရားစကားတော်တွေဟာလည်း
နာကြားကျင့်ကြံမှု
ပြုလုပ်သူအတွက်
သိပ်ကိုအကျိုးကြီးမားလှပါတယ်။ ( ဓမ္မပဒဂါထာ-၅၁ )

ဆရာတော်အရှင်ဆန္ဒာဓိက မှ ဘုရားဟော မူရင်းဂါထာတော်တွေကို မြန်မာလိုပြန်ဆို ဖော်ပြထားခြင်းဖြစ် ပါတယ်။ စိတ်အားဖြည့်ဓမ္မပဒစာအုပ် မှကူးယူဖော်ပြပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း







နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers