ပထမဆုံး ဗုဒ္ဓ FM ရေဒီယို Online မှ စတင်ထုတ်လွှင့်

2

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓတရားတော်များနှင့် ဓမ္မပူဇာတေးများကို အချိန်ပြည့်နှလုံးသွင်း နာယူနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM ရေဒီယိုက တရက် (၁၆) နာရီအထိ Online မှတဆင့် တိုက်ရိုက်အသံလွှင့်မှု စတင်နေကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက ပြောသည်။

၎င်းက “ဒီဇင်ဘာ (၁၉) ရက်နေ့မှာ စလွှင့်တာ။ ဗုဒ္ဓတရားတော်တွေ၊ ဓမ္မတေးသီချင်းတွေ အခု စမ်းသပ်လွှင့်ပေးနေပြီ။ ဦးဇင်းက Online မှ တိုက်ရိုက်နားထောင်နိုင်သူ အယောက် (၁၀၀) အတွက်ပဲ ဝယ်ထားတာ။ အခု ကမ္ဘာတလွှားက နားထောင်တဲ့သူတွေ အဲဒီထက်များလာတော့ လွှင့်တဲ့အား ထပ်တိုးရတော့မယ်။ မြန်မာနဲ့ အင်္ဂလိပ် (၂) ဘာသာ အသံလွှင့်သွားဖို့ရှိတယ်။ ဗုဒ္ဓဘာသာတရားနဲ့ပတ်သက်ပြီး လွှင့်တဲ့ပထမဆုံး FM ရေဒီယိုပေါ့” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အရှင်မေတ္တာစာရသည် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး အာဆီယံ ဘလော့ဒ်ဂါဆုနှင့် ၂၀၀၉ အတွက် အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆုကို ရရှိထားသူ မြန်မာသံဃာတော်တပါးဖြစ်ပြီး လက်ရှိသတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှ တဆင့် ဗုဒ္ဓ FM ရေဒီယိုကို ထုတ်လွှင့်နေခြင်းဖြစ်သည်။

ဗုဒ္ဓ FM ရေဒီယိုကို မြန်မာ့စံတော်ချိန် မနက်ပိုင်းမှစ၍ ညနက်ပိုင်းအထိ http://wma1.viastreaming.net/BDFM (သို့မဟုတ်) http://www.buddhafm.blogspot.com/ ဝက်ဆိုက်စာမျက်နှာမှတဆင့် နာယူနိုင်ပြီး မြန်မာဘာသာအပြင် အင်္ဂလိပ်၊ တရုတ်၊ ဆင်ဟာလီ (သီရိလင်္ကာ) စသည့် ဘာသာရပ်များဖြင့် သီဆိုထားသည့် ဓမ္မပူဇာတေးများကိုလည်း ထုတ်လွှင့်ပေးနေကြောင်း သိရသည်။

အရှင်မေတ္တာစာရက “ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ကင်းကွာနေတဲ့ ဗမာပြည် ပြင်ပက မြန်မာတွေရယ်၊ မလေးရှားက တရုတ်တွေ၊ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာဝင်တွေ အားလုံးအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအားလုံးကို တင်ဆက်နိုင်အောင် စီစဉ်နေပါတယ်။ ပြည်ပမှာ ရှိနေပေမယ့် တရားတော်တွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း တင်ဆက်သွားမှာပါ။ ပြီးတော့ တိုက်ရိုက်ဆွေးနွေးပွဲတွေ လွှင့်သွားဖို့ရှိတယ်” ဟု မိန့်ကြားသည်။

ဗုဒ္ဓ Online FM ရေဒီယိုကို အဖြူရောင်သံစဉ် Online ရေဒီယိုမှ ပညာရှင်တို့က နည်းပညာပိုင်းအတွက် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုက် စာမျက်နှာ ဝက်ဘ်ဆိုက် www.buddhafm.com တွင် လာမည့် (၂) ပတ်အတွင်း ဝင်ရောက်ကြည့်ရှု နိုင်ပြီဖြစ်ကြောင်း အရှင်မေတ္တာစာရက မိန့်ကြားသည်။

ထိုအစီအစဉ်သစ်နှင့် ပတ်သက်၍ စတင်ထုတ်လွှင့်ချိန်မှစ၍ (၄) ရက်အတွင်း ပရိသတ်များထံမှ အကြံပြုချက်ပေါင်းများစွာ လက်ခံရရှိထားပြီ ဖြစ်ကြောင်းနှင့် ဆက်လက် ကြိုဆိုလျက်ရှိကြောင်း ၎င်းက မိန့်ကြားသည်။

CLick To Direct Link Buddh FM

http://www.ashinkumara.com မှ ကူးယူဖေါ်ပြပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ကျေးဇူး မသိသူ နှင့် စိတ်မကွက်သူ

7


တစ်ခါတုနုးက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမား ပုဏ္ဏားတစ်ယောက် ဟာ လယ်ကွင်းမှာ လယ်ထွန်နေပါတယ်။ အတော်အတန်ပြီးတော့ နွားတွေကို အနားပေးရင်း အစာစားဖို့ လွှတ်ပေးလိုက် ပါတယ်။သူကတော့ တူးစရာရှိတာတွေ ဆက်ပြီးတူးပါတယ်။ တူးပြီးတဲ့နောက်မှာ ကြည့်လိုက်တော့ နွားတွေ မရှိတော့ပါဘူး။ အစာစားရင်း တောထဲဝင်သွားပါတော့တယ်။

နွားတွေကို တောထဲဝင်သွားပြီဆိုတော့ တောထဲကို လိုက်ရှာပါတယ်။ ရှာရင်းရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ကြာလာတော့ မောပြီးလာပါတယ်။ တည်ပင်တစ်ပင်တွေ့တော့ ဆာလည်းဆာ နေတာနဲ့ အပင်ပေါ်တက်ပြီ အပင်ပေါ်မှာပဲ တည်သီးကိုစားပါတယ်။ စားနေရင်းပဲ အောက်ချောက် ထဲကို ပြုတ်ကျသွားပါလေရော။ ချောက်ထဲကျသွားတော့ အစာက ပိုငတ်သွားတော့တာပေါ့။

အဲဒီအချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုးမှာဖြစ်နေတာပါ၊ အစာရှာထွက်ရင်း ချောက်ထဲကျနေတဲ့ ပုဏ္ဏားကိုသွားတွေ့ပါတယ်။ ဘုရားအလောင်းမျောက်အနေနဲ့ ချောက်ထဲဆင်းပြီးကယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး၊ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ရမှာမဟုတ်ပါဘူး။ အဲဒီတော့ မျောက်မင်းက ဥာဏ်သုံးပြီး ကယ် ပါတယ်။

အနီးအနားမှာရှိတဲ့ကျောက်ခဲတွေကို ချောက်ထဲပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံးပစ်ချပေးလိုက် ပုဏ္ဏားက ခြေထောက်အောက်ခဲလေး ထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်လာပြီး ပုဏားလည်း အပေါ်
တက် လို့ရသွားပါတော့တယ်။

ဒါပေမဲ့ ဘုရားအလောင်းမျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချပေးလိုက်ရတော့ တော်တော် လေးမောပန်းသွားပါတယ်။ ဒါကြောင့် ပုဏ္ဏားကို ခဏလှဲပါရစေဦးဆိုပြီး အိပ်ပျော်သွားပါတယ်။

ပုဏ္ဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး ဒီမျောက်သတ်ပြီး အိမ်သယ်သွားရင် မိသားစုစားလို့ ရမှာပဲလို့ တွေးမိပြီး၊ အနီးအနားမျာရှိတဲ့ ကျောက်ခဲနဲ့ ခေါင်းကို ထုချလိုက်ပါတယ်။ ဒါပေမယ့် ချေက်ထဲကျပြိး အစာငယ်ရေငတ်နဲ့ အားပျော့နေတာ ဆိုတော့ သေလောက်အောင် အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါဘူး။ မျောက်မင်းလည်း အထုခံလိုက်ရတာနဲ့ သစ်ပင်ပေါ် ပြေးတက်လိုက် ပါတယ်။ ပုဏ္ဏားရဲ့ လက်ချက်ကြောင့်ပဲခေါင်းမှာ သွေးတွေ တစ်စက်စက်ကျလာပါတယ်။

ပုဏ္ဏား ဟာသူ့အစွမ်းအစနဲ့ ဘယ်လိုမှ တောထဲကထွက်ပြီးရွာကို ရောက်အောင် မပြန်နိုင်ပါဘူး။ ဒါကိုသိတဲ့ ဘုရားအလောင်း မျောက်မင်းက ပုဏ္ဏားကို သစ်ပင်ပေါ်က လမ်းပြရင်း တောအုပ်အပြင်ဘက်ရွာ အနီးထိ လိုက်ပို့ပေးလိုက်ပါတယ်။ အတုယူစရာပါ ။


ဒီဝတ္တုလေးဖြစ်စဉ်အတိုင်း ကြည့်ရင်...ဘုရားအလောင်းမျောက်မင်း၏ ပုဏ္ဏားအသက်ကိုကယ်ခြင်း၊ပုဏားက ခေါင်းကိုကျောက်ခဲနဲ့ ထူပေမဲ့ ပြန်ပြိး လက်တုန့်မပြန်တာ၊ ကြမ်းကြုတ်တဲ့စကားတွေကို မပြောမိအောင် စောင့်ထိန်းတာ၊ တစ်စုံတရာ အကျိုးမမျှော်ကိုးပဲ ပုဏားကို ကယ်တင်လိုက်တာ၊ချောက်ထဲက အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲ ၊ သိတဲ့ အတိုင်းကြိုးပမ်းအားထုတ် ခဲ့တာ၊ ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံနိုင်တာ၊ ကယ်မယ်ဆိုတဲ့အတိုင်း ကတိမဖျက် ကယ်ခဲ့တာ၊ ပုဏ္ဏားအကျိုးကို ဆုံးခန်းတိုင်အောင် မရွေ့မပြောင်း ဆုံးဖြတ်နိုင်ခဲ့တာ၊ ချောက်ထဲကျနေတဲ့ ပုဏ္ဏားကို ကြည့်ပြီး ငါမကယ်ရင်သေ တော့မှာပဲ ဆိုတဲ့ ပုဏ္ဏားအကျိုးကို လိုလားတောင်တစိတ်၊ သနားကျင်နာစိတ်၊ သူ့အကျိုးကို ဒီလောက် အပင်ပန်းခံပြီးပြုပေမယ့် ငါကိုဒီလိုလုပ်ရက်လေခြင်း စိတ်မကွက်တာ တွေကို ထိုဖြစ်စဉ် လေးမှာတွေ့ရပါတယ်။ဒါအပြင် ကျေးဇူး မသိသူ၏ ကျေးဇူးကန်းပုံကိုလည်း တွေ့ရပါတယ်။

ပုံဝတ္တုလေးကို အာရုံပြုပြီး ကြားနာဖူးထားတဲ့ တရားစာ ထဲက လို သူကကောင်းကောင်း၊ မကောင်းကောင်း ကိုယ်က ကောင်းအောင် နေရမယ်။ သူက တော်တော် မတော်တော် ကိုယ်က တော်အောင်နေရမယ် လို့ တိုးတိုးလေး ရေရွတ်မိပါတယ်။ တရားအသိလေးတွေ ရင်ထဲရောက် အောင်ပို့ဆောင်ရင်း ဖြစ်ပေါ်နေတဲ့ စိတ်အစဉ်လေးတွေကို ကောင်းမြတ်တဲ့ ဘက်ကို လှမ်းခေါ်ကြပါစို့လို့.....။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ခွေးစားခံနေရတဲ့

5

အရှင်နာဒရ မထေရ်မြတ်သည် ရံဖန်ရံခါ တောလမ်းခရီးလှည့်လည်တော်မူရင်း ခြေလှမ်းတိုင်း၌ မြတ်စွာဘုရားသခင် ချီးမြှောက်တော်မူသော ကမ္မဌာန်းဘာဝနာအလုပ်ကို အာရုံစိုက်ကာ စူးစိုက် လှုပ်ရှားမြဲဖြစ်သည်။ ယခုခရီးလမ်း၌ ပတ်ဝန်းကျင်၌ ထူးခြားသော အဖြစ်ကို မျက်ဝါးထင်ထင်တွေ့မြင်ရလေသည်။ ကမ္မဌာန်းဇောပေပဲဟု နှလုံးသွင်းနေစဉ်ကာလ အဖြစ်အပျက်သည် မှုန်ဝါးဝါးမဟုတ်ဘဲ ထင်ထင်လင်းလင်းပေါ်လာလေသည်။

ထိုအခါ မြင်ကွင်းထဲတွင် အကျည်းတန်အရုပ်ဆိုးလှသော ပြိတ္တာမတစ်ဦးအား ခွေးများအုံခဲပြီး ကိုက်ခဲစားသောက်နေပုံဖြစ်သည်။ အရှင်နာဒရ မထေရ်မြတ် ဆက်လက်ကြည့်ရှုစဉ်မှာ ပဲ ညဘက်ရောက်လာရာ ပြိတ္တာမသည် အသွေးအသားကြေမွအသွင်ပြောင်း ကာ ဘုံ ဗိမာန်ရှိရာသို့ ပြည့်ဖြိုးသော ခန္ဓာဖြင့် လမ်းလျောက်သွားနေသည်ကို တွေ့ရ၏။

အရှင်နာဒရ မထေရ်သည် ပြိတ္တာမ တစ်ဖြစ်လဲ နတ်လုလင်၏ အဖြစ်ကို စိတ်ဝင်စားသဖြင့် ဘ၀ဖြစ်စဉ်အကြောင်းအရာကို ကောင်းစွာနာကြားတော်မူပြီး အသေးစိတ်မှတ်သားပြီး မြတ်စွာဘုရား သခင်ထံလျောက်ထားလေသည်။

တပည့်တော် တောလမ်းခရီးမှာ ခွေးစားခံနေရတဲ့ ပြိတ္တာမတွေ့ရပါတယ်ဘုရား၊ သည်ပြိတ္တာမသည် ညဥ့်နေ၀င်ရီတရော အချိန်ရောက်တဲ့အခါ ပြိတ္တာမအသွင် ပျောက်ပြီး နတ်လုလင် အသွင်နဲ့ သူ့ဘုံဗိမာန်မှာ နတ်စည်းစိမ်ခံစားနေရပါတယ်ဘုရား၊ ပြိတ္တာမ တစ်ဖြစ်လဲ နတ်လုလင်ကို တပည့်တော်မေးကြည့်တဲ့အခါ ရှေးဘ၀က ရာဇဂြိုလ်ပြည်မှာ သားသမင်တို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး အသက်မွေးတဲ့ မုဆိုးဖြစ်ခဲ့ကြောင်းရတနာသုံးပါး ကြည်ညိုတဲ့ မိတ်ဆွေ ဥပသကာတစ်ဦးနဲ့ ခင်မင်မှုရှိလာပြိး မိတ်ဆွေ ရဲ့တိုက်တွန်းမှုကြောင့် နေ့အခါတွင် မုဆိုးအဖြစ် အသက်မွေးရင်း၊ ညဉ်အခါတွင် သက်သတ်၊ ခိုးမှု၊ ကာမေသု၊ လိမ်ညာကုန်းချော၊ မုသားပြော စသည်တို့ကို ရှောင်ကြဉ်လာခဲ့ကြောင်း မုဆိုးကွယ်လွန်တဲ့အခါ ရာဇဂြိုလ်ပြည်အနီး နေ့အခါ ခွေးစားခံရတဲ့ ပြိတ္တာဖြစ်ကြောင်း ညဥ့်အခါ နတ်လုလင်အဖြစ်နဲ့ နတ်စည်းစိမ်ခံစားရကြောင်း.. ကိုယ်တွေ့ဖြစ်စဉ်များကို လျောက်ထားသောအခါ မြတ်စွာဘုရားက ထိတ်လန့်စိုးထိတ်နေသော ပရိသတ်တို့အား....

သူတော်ကောင်း ဥစ္စာ ခုနှစ်ပါး၊ ပဉ္စသီလ ငါးပါးနှင့် အတူ အသက်မွေးဝမ်းကြောင်း ကောင်းတဲ့ အလုပ်များဆောင်ရွက်ကြရန် သတိ သံဝေဂယူကြကုန် လော့၊ ပါရမီ ဆယ်ပါး အကျင့်ကောင်းကိုလည်း တစ်ဆင့်ထက် တစ်ဆင့်မြင့်ထက်မြင့်အောင် အခါမလင့် ဖြည့်ကျင့်နိုင်ကြစေသတည်းဟု မြွက်ဖော်ညွှန့်ကြားဟောပြလေသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

မြွေနဲ့ ယုန် ဘယ်ပုံအသက်မွေးမလဲ

11

Justify Fullမဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီ ဥေယျဓမ္မသာမိထေရ် ၏တရားတော်များကို မောင်သွေးချွန်ရေးသားပူဇော် သည့် ဒဿန သြ၀ါဒများကို ပြန်လည်ရေးသားပူဇော်ပါသည်။

မြွေနဲ့ ယုန် ဘယ်ပုံအသက်မွေးမလဲ တဲ့........ဒီလို့မိန့်ပါတယ်။

သတ္တ၀ါရယ်လို့ ဖြစ်လာရင်တော့ အသက်မွေးရတာပေါ့။၊ ဒါပေမယ့် မြွေလိုအသက်မွေးမလား၊ ယုန်လိုအသက်မွေးမလားဆိုတာ ရွေးချယ်တတ်ရမယ်။ မြွေကိုကြည့်ပါ....သူများအသက် သတ်စားနေတာနော်..။ မြွေရဲ့ထမင်းလုပ်က ဖားကလေးတွေ၊ ငါးကလေးတွေပဲမို့လား။ မြွေတစ်ကောင်အသက်ရှင်ဖို့ သေပေးရတဲ့ ဖားငါးတွေက နည်းသလား။ သေတော့ကော ကျေကျေနပ်နပ်သေရသလား။ အဲဒီတော့ မြွေရဲ့အသက်မွေးဝမ်းကျောင်းမှုဆိုတာ တစ်ဖက်သား မကျေနပ်တဲ့ ၀မ်းစာ၊ ကိုယ်ချင်းစာမှုလုံးလုံးမရှိတဲ့ ၀မ်းစာ၊ အဲဒီမြွေက ဖားတစ်ကောင်မျိုတိုင်း သံသရာမှာ တစ်ဘ၀ကျ ပြန်ပြီး အသေဆိုးနဲ့ သေပေးရလိမ့်မယ်။ မြွေတစ်ကောင်ရဲ့ သက်တမ်းမှာ ဖားအကောင်တစ်ရာမျိုပြီးမှ အသက်ရှင်ရရင် သံသရာလည်တော့လည်း ဘ၀ပေါင်းတစ်ရာ ပြန်အသတ်ခံရပြီး မရှုမလှသေရမယ်။ ဒါကြောင့် မြွေရဲ့အသက်မွေးခြင်းဟာ အပြစ်ကင်းတဲ့ ကြွေးကင်းတဲ့ ထမင်းလုပ် မဟုတ်ဘူး။

ဟော...ယုန်ကလေးတွေကျတော့ ကန်စွန်းရွက်တို့ မြက်တို့ ပဲတို့ စားတာ...။ သူ့ဝမ်းဝဖို့ ဘယ်သူ့မှ ဒုက္ခမပေးဘူး။ ဒါဟာအပြစ်ကင်းတဲ့အသက်မွေးမှု၊ အကြွေးမတင် သန့်စင်တဲ့ ၀မ်းစာရှာနည်းပဲပေါ့။ အဲဒီတော့ တို့ဒကာကြီးများလည်း မြွေလိုအသက်မွေးမလား၊ ယုန်လိုအသက်မွေးမလားဆိုတာ အဖြေရလောက်ပါပြီ။ ကိုယ်ကျင့်သီလတွေ ဖောက်ဖျက်ပြီး ငါကောင်းစားပြီးစတမ်းဆိုပြီး ၀မ်းစာစီးပွားရှာနေပုံမျိုးက မြွေရဲ့ထမင်းလုပ်မျိုးနဲ့အတူတူပဲ....။

ဆရာတော်ကြီးမှ သြ၀ါဒ ပေးခဲ့ပါတယ်။ ဒီသြ၀ါဒလေးအတိုင်း မိမိတို့အသက်မွေးမှုဟာ ဘယ်ကဲ့သို့ အသက်မွေးမှုမျိုးလည်းဆိုတာ စိစစ်ကြည့်ကြရအောင်နော်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဆွမ်းစားကြွတော်မူပါဘုရား

9

တစ်ခါတုန်းက သီဟိုဠ်ကျွန်း အနုရာဓမြို့ နဲက မနီးမဝေး မဟေလမြို့လေးမှာ ဣဿရမဟာတိဿ ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။

သူဋ္ဌေးက အလှူအတန်းဝါသနာပါသလို သူဋ္ဌေးကတော်ကလည်း အလှူအတန်းဝါသနာပါပါတယ်။ တစ်နေ့တော့ ဣဿရမဟာတိဿ ရဲ့အိမ်မှာ လယ်ထွန်ခြင်း၊ ပျိုးကျဲခြင်း မင်္ဂလာကို ပြုပါတယ်။ ယောက်ျားဖြစ်သူက လယ်ကွင်းထဲမှာ ဦးဆောင်ပြီး ဆောင်ရွက်နေသလို ဇနီးလုပ်သူကလည်း လယ်ထွန်ပျိုးကျဲသူတွေ စားဖို့သောက်ဖို့ အိမ်မှာ ချက်ပြုတ်နေပါတယ်။

ဣဿရမဟာတိဿကို အမြဲတန်းမနာလို ၀န်တိုစိတ်ဖြစ်နေတဲ့ လူတစ်ယောက်ကလည်း မြို့ထဲမှာ ရှိနေပါတယ်။ ၀န်တိုသူက ၀န်တိုလို့သာ တိုနေတာ ဣဿရမဟာတိဿဆီက ချေးထားတဲ့ငွေတောင်ပြန်မဆပ်ရသေးပါဘူးတဲ့။

ဣဿရမဟာတိဿ တို့ မင်္ဂလာအခမ်းအနားကျင်းပနေတယ်ကြားတော့ သူ့စိတ်ထဲမှာပိုပြီး မနာလိုဝန်တိုဖြစ်သွားပါတယ်။ ဒါကြောင့် ဒုက္ခပေးချင်စိတ် ပေါက်သွားပါတယ်။ ဒီလောက်ဖြစ်နေတာ တွေ့ကြသေးတာပေါ့၊ ပညာပေးလိုက်ဦးမယ် ဟု ဆိုကာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ထွက်ခဲ့ပါတယ်။

ကျောင်း ရောက်တော့ ဆရာတော်နဲ့ အခန့်သင့်တွေ့ရပါတယ်။ ဒီတော့ ဆရာတော်ကိုဦးချပြီး...ဆရာတော်ဘုရား မနက်ဖြန် သံဃာငါးရာ ဣဿရမဟာတိဿ အိမ်ကို ဆွမ်းစားကြွတော်မူပါဘုရားလို့ လျှောက်လိုက်ပါတယ်။ ကျောင်းထိုင် ဆရာတော် ကလည်း ကောင်းပြီ...ဟု ဆွမ်းစားကို လက်ခံလိုက်ပါတယ်။

နောက်တစ်နေ့ရောက်တော့ ဣဿရမဟာတိဿက လယ်ကွင်းထဲကို စီမံကွပ်ကဲဖို့သွားပြီး ဇနီးလုပ်သူကတော့ အလုပ်သမားတွေစားဖို့ သောက်ဖို့ စီမံရမှာမို့ အိမ်မှာကျန်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ရှေ့ကို သံဃာငါးရာ ကြွလာ ပါတော့တယ်။ပင့်ဖိတ်မထားဘဲနဲ့ သံဃာတော်တွေ ကြွလာတာမြင်လိုက်ရတော့ ပထမတော့ သူဋ္ဌေးကတော်က တော်တော်အံ့သြသွားပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ သံဃာတော်တွေကို အိမ်ထဲကို ပင့်လိုက်ပါတယ်။

လက်ထဲက သပိတ်တွေကိုလည်း ကိုယ်စီလှမ်းယူလိုက်ကြပါတယ်။ကြွလာတဲ့ ခေါင်းဆောင် အရှင်တိဿဒတ္တမထေရ်က အိမ်မှာ သံဃာတော်တွေ ထိုင်ဖို့ အရံသင့်ခင်းထားတာ မတွေ့ရတော့ သံသယဖြစ်ပုံရပါတယ်။ ဒါကြောင့် ဒကာမလုပ်သူကို မေးကြည့်ပါတယ်။

ဒကာမ..ဒီနေ့သင်တို့ အိမ်မှာ အုတ်အုတ်ကျက်ကျက်နဲ့ တခြားမှာ ကြောင့်ကြစိုက်စရာများရှိနေသလား။
မှန်ပဘုရား တပည့်တော်တို့အိမ်မှာ လယ်ထွန်မင်္ဂလာပြုလုပ်နေပါတယ် ဘုရား ဒါပေမဲ့ ဆရာတော်ဘုရား မပူပါနဲ့ ဘုရား၊ လယ်ထွန်မှုကိစ္စကို ဒကာယောက်ျားက ဆောင်ရွက်နေပါတယ်ဘုရား၊ဆွမ်းကပ်ဖို့ ကိစ္စက တပည့်တော်မတာဝန်ပါဘုရား လို့လျှောက်ထားပြီး ဆွမ်းကိစ္စကို အမြန်စီမံရပါတော့တယ်။ စီမံဆဲမှာပဲ ဒကာလုပ်သူက လယ်ထဲက ပြန်ရောက်လာပါတယ်။ လွဲချော်မှုတွေဖြစ်နေတာဆိုတော့ ဆရာတော်ကပဲ ဒကာကို အရင်ဦးစွာမိန့်ပြပါတယ်။ ဒကာတို့အိမ်မှာ လယ်ထွန်မင်္ဂလာလုပ် နေကြတာ ငါတို့သိခဲ့ရင် မကြွပါဘူး၊ ဒကာသူငယ်တစ်ယောက်က လာပင့်လို့ ကြွရတာပါ။

ဆရာတော်ဘုရား အဲဒီအတွက်တော့ ဘာမှ မပူပါနဲ့ဘုရား၊ ဆရာတော်ဘုရားကို လာလျှောက်သူက ဘုရားတပည့်တော်ဆီက ငွေချေးထားတဲ့သူပါဘုရား၊ တကယ်တော့ ၀န်တိုစိတ်နဲ့ တပည့်တော်ရဲ့လယ်ထွန်မင်္ဂလာကို အနှောက်အယှက်ဖြစ်အောင်လုပ်တာပါဘုရား၊ ဒါပေမယ့်သူဖိတ်ပေးလို့ ဆရာတော် ဘုရားတို့ကို ဆွမ်းကပ်ခွင့်ရတာပါဘုရား၊ တပည့်တော်တို့အတွက် သူဟာကျေးဇူးကြီးလှပါတယ်။ ဒီနေ့ကစပြီး သူ့ကိုမိတ်ဆွေသူငယ်ချင်းအဖြစ် သတ်မှတ်လိုက်ပါမယ်ဘုရား လို့ လျောက်ထားပြီး ဆွမ်းကပ်ပါတယ်။ ဆွမ်းစားပြီးလို့ ကျောင်းပြန်အကြွမှာလည်း သင်္ကန်းတွေကိုပါ ပေးလှူလိုက်ပါတယ်။

နောက်ထူးခြားတဲ့အပြုအမှုကတော့ ရန်ဘက်ဝန်တိုနေတဲ့သူကို ကြွေးအားလုံးကိုလျှော်ပစ်လိုက်တော့တာပါပဲ။

ဝန်တိုသူမှန်းသိရဲ့နဲ့...ကိုယ့်ရဲ့ အလှူမင်္ဂလာကို အန္တရာယ်ပြုတဲ့သူကို ယူထားတဲ့ကြွေးလျှော်ပစ်တာ...စာကတစ်ဆင့်ဖတ်ပြီး သိရတာတောင် ရင်ထဲအေးမြသွားပါတယ်။ တကယ်လို့ သူတို့ဟာ ဆန်ကျင်ဘက်တစ်ခုခုကိုသာ ပြုမှုခဲ့ရင် ကာယကံရှင်တွေ အဖို့ကော ဖတ်ရသူအဖို့ပါ ပူလောင်မှုတစ်ခုကို ခံစားရမှာဖြစ်ပါတော့တယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ပျံနေတဲ့ကျီး နှင့် ကရွတ်ခွေ

5


ဝါကျွတ်အခါမှာ မြတ်စွာဘုရားထံကို အနယ်နယ်အရပ်ရပ်က လာရောက်ကြည်ညိုဖူးမြော်ကြတဲ့ ရဟန်းတော်တွေဟာ အတွေ့အကြုံမျိုးစုံ ကိုလျှောက်ထားကြပါတယ်။

ရဟန်းတော်တွေ...မြတ်စွာဘုရားကို ဖူးဖို့လာရင်း ရွာတစ်ရွာကို ရောက်ပါတယ်...ရွာသားများက ဆွမ်းဖိတ်ပြီး မွန်းမတည့်မီ ဆွမ်းကပ်နိုင်အောင် ဆွမ်းချက်ကြပါတယ်။ ဆွမ်းချက်ရာမှာ မီးရှိန်မြင့်တော့ မီးတောက်က စားဖိုဆောင် ကိုစွဲလောင်ပါတော့တယ်။ အဲဒီနောက် စားဖိုဆောင် က ပစ္စည်းတွေပါမီးကူးရာ ကရွတ်ခွေတစ်ခုကို မီးလောင်ပါတယ်။ မီးလောင်တဲ့အခါ လေဟပ်တော့ ကရွတ်ခွေက အထက်ကိုပျံတက်သွားပါတယ်။ အဲနောက်...မီးလောင်နေတဲ့ ကရွတ်ခွေဟာ ကောင်းကင်မှာ ပျံနေတဲ့ကျီး ကိုတည့်တည့်ဝင်တိုးပြီး မီးကွင်းစွပ်သလို ဖြစ်ကာ ကျီးလည်း မီးလောင်ပြီး သေရှာပါတယ်။ မီးလောင်နေတဲ့ ကရွတ်ခွေနဲ့ကောင်းကင်မှာ ပျံနေတဲ့ကျီး ဘယ်လိုမှ မနီးစပ်ပါဘူး။ အဲလို ထူးခြားတဲ့ အကြောင်းကို မြတ်စွာဘုရားကို လျှောက်ထားကြပါတယ်။

မြတ်စွာဘုရားသခင်က လျှောက်ထားကြသူများကို အကြောင်းအကျိုးဆက်စပ်ပြီး ဖြေဆိုတော်မူပါတယ်။ ကျီးမဖြစ်ခင် ဘ၀တုန်းက လူဖြစ်ခဲ့ပါသတဲ့။ အဲဒီ လူက လယ်သမားဖြစ်ပါတယ်။ သူ့မှာ နွားကပ်တစ်ကောင်ရှိပါတယ်။ သူဟာ သူ့နွားကို ခိုင်းလို့မရတိုင်း အမြဲတစေစိတ်ဆိုးနေပါတယ်။ နွားက သွားရင်းနဲ့ဝပ်ချပြီး ပေနေတာ စတဲ့ နွားကပ် နွားဖဲ့များလုပ်တဲ့ အလုပ်မျိုးကို လုပ်လေ့ရှိပါသတဲ့။

အဲဒီတော့ စိတ်ဆိုးလွန်းတာကြောင့် လယ်သမားဟာ ကောက်ရိုးကို ကျစ်ပြီးနွားလည်ပင်းမှာ ပတ်ပါတယ်။ ပြီးတော့ မီးရှို့လိုက်တော့ နွားဟာမီးလောင်ပြီး သေရပါတယ်။ လယ်သမားကတော့ အဲဒီ ဘ၀မှာ သေတဲ့အခါ ငရဲကိုကျပါတယ်။ အဲဒီနောက် သူ့နွားကို သူမီးရှို့ခဲ့တဲ့အတိုင်း ကျီးဘ၀မှာ အကြိမ်၇ကြိမ် မီးလောင်တဲ့ ကရွတ်ခွေစွပ်ပြီး သေရပါတယ်တဲ့။ သူ့အကုသိုလ်အရှိန်မကုန်မချင်း အဲဒီလိုသေနေရဦးမှာပါပဲ။

ကျီးဖြစ်ပါလျှက် ကောင်းကင်မှာ ပျံနေပါလျက် သူ့အကုသိုလ်က သူ့ကိုတူသောအကျိုးပေးတဲ့အနေနဲ့ လည်ပင်း မီးကွင်းစွပ် ခြင်းပါ။ ဒီလိုသေရတာဟာ ဘယ်သူ့အပြစ်ကြောင့်မှ မဟုတ်ပါဘူး၊ သူ့အပြစ်ကြောင့်သာ သူခံရတာပါပဲလို့ မြတ်စွာဘုရားက ရှင်းလင်းပြတော်မူပါတယ်။

အဲဒီလို မြတ်စွာဘုရားက ရှင်းလင်းဟောပြောတာကို နာကြားရတဲ့သူများဟာ သူ့ပါရမီအခံအတိုင်း အကျွတ်တရားရကြပါတယ်။ သံဝေဂဥာဏ်များရကြပါတယ်။ ရဟန်းတစ်ပါးက ကြောက်စရာကောင်းလှ ပါတယ်ဘုရား။ ၀ဋ်ဆိုတာ ကောင်းကင်မှာနေနေ၊ ရေထဲမှာနေနေ၊ မြေပြင်ပေါ်မှာပဲနေနေ ပြေးလို့လည်း မလွတ်နိုင်ပါကလား ဘုရားလို့ လျှောက်ထားပါသတဲ့။

မြတ်စွာဘုရားကလည်း ချစ်သား လူတွေဟာ မိမိကိုယ်တိုင် ကျူးလွန်ထားတဲ့အပြစ်များက လွတ်အောင် ပုန်းရှောင်ဖို့ နေစရာမရှိဘူးလို့ မိန့်တော်မူခဲ့ပါတယ်။

လူတစ်ယောက်ဟာ လာဘ် ရတာ မရတာ၊ ကျော်စောသတင်း ရှိတာ မရှိတာ၊ ကဲ့ရဲ့ခြင်းခံရတာ၊ ချီးမွမ်းခြင်းခံရတာ၊ ဆင်းရဲခြင်းခံရတာ၊ ချမ်းသာတာ စတဲ့ လောကဓံတွေကို ခံစားရတဲ့အခါမှာ ဘယ်သူမပြု၊ မိမိမှု ဆိုတာ သိလိုက်ရပါ့မယ်။ အဲလိုသိလိုက်ရင်ဖြင့် နောက်ထပ်အမှား ကျူးလွန်ဖို့ အလားအလာနည်းသွား နိုင်ပါတယ်။နို့မဟုတ်ရင်ဖြင့် ဒါ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါပြန်လုပ်လိုက်ရင် ဘ၀ပျက်သွားမယ် စသည်ဖြင့် ကာယကံမြောက် ဘာမှမလုပ်ရသေးရင်တောင် မနောကံနဲ့ ၀စီကံအမှားများကို ကျူးလွန်မိဖို့ အလွန်လွယ်ကူပါတယ်။ တကယ်တော့ ကိုယ့်မှာ အရင်က အမှားတွေကြောင့် ဒုက္ခရောက်နေရပြီ၊ ဒီအထဲကနေမှ ထပ်မံမှားပြန်ရင် သံသရာမှာ လည်လို့လည်း ဆုံးမှာမဟုတ်တော့ပါဘူး၊ အရင့်အရင်က ၀ဋ်တွေ မကျေခင် နောက်ထပ်အမှားများလုပ်ကာ ၀ဋ်အသစ်တွေ စုမိပြန်ဦးမယ် ဆိုရင် နစ်မွန်းသည်ထက် နစ်မွန်းရမှာ သေချာပါတော့တယ်။

~~~~~~~~~~တရားမကြွယ်၊ အထုပ်ငယ်၊ အပါယ်ကြောက်ရသည်။~~~~~~~~~~~ (ယောဆရာတော်ဘုရားရဲ့သံပေါက်)

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဝစီကံနဲ့ သီရိမာ

1

ဒီပိုစ့်လေးကို ဘုန်းဘုန်း အရှင်ပညာနန္ဒ ဘလော့မှ ကူးယူဖော်ပြပါတယ်။ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။

အနန္တောအနန္တ ငါးပါးအစပြု၍ သက်ကြီးရွယ်အို ရိုသေလေးစား ဂါရ၀ပြုသင့်သူများအား ကန်တော့ကြသည့် သုစရိုက်ကုသိုလ် ကောင်းမှု ပြုကြသူများကို တွေ့ရ၊ မြင်ရ၊ ကြားရသလိုပဲ သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်သော ဒုစရိုက် အကုသိုလ် မကောင်းမှုများ ရှိနေကြသည်ကိုလည်း တွေ့ရ၊ မြင်ရ၊ ကြားရမှာ ဖြစ်ပါတယ်။ အေး ဒီလိုပဲ သုစရိုက်၊ ဒုစရိုက်အမှုများ ဖြစ်ပေါ်လျက်ရှိသည်ဖြစ်၍ မနောသည် အတွင်းသန္တာန်၌ ဖြစ်ပေါ်လျက်ရှိတာကြောင့် သူ့ကိုတော့ မမြင်နိုင်မကြားနိုင်ဘူးပေါ့။ အေး ဒါပေမယ့် ကာယကံ နဲ့ ၀စီကံကို ပြုလုပ်တဲ့နေရာမှာတော့ ပြင်ပသန္တာန်က ဖော်ပြ သဖြင့် သိသာတယ်။

ကာယကံ နဲ့ ၀စီကံ မှာ သုစရိုက်ဖြစ်စေ၊ ဒုစရိုက်ဖြစ်စေ၊ ဖော်ပြတဲ့နေရာမှာ ၀စီကံက ပိုမိုထင်ရှားတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ မိမိအတွက် ကျေးဇူးသိတက်ရမည့် ကျေးဇူးရှင်သူများထက် ငါးပါးသော အနန္တတွင် အကျုံးဝင်သည့် ဆရာ၊ မိဘတို့အား မရိုမသေ မလေမစားဘဲ ရွယ်တူချင်းဆက်ဆံသကဲ့သို့ ပြုမူပြောဆိုပါက မိမိ အမှတ်တမဲ့ ပြုမူသည် ပင်ဖြစ်ငြားသော်လည်း ဒုစရိုက်မှုဖြစ်နေသောကြောင့် ဖြစ်လာမည့် အကုသိုလ်နှင့်ငရဲဝဋ်ကြွေးက ခွင့်လွှတ် လိမ့်မည်မဟုတ်ပေ။

သာဓကလေးတစ်ခုကိုပြောပြပါ့မယ် ဘုရားရှင်လက်ထက်တော်အခါက ရာဇဂြိုဟ် ပြည်မှာ အလွန်တရာ ချောမောလှပတဲ့ သီရိမာဆိုတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ရှိတယ်။ တစ်နေ့မှာ နန္ဒသူဌေးက မယ်ဥတ္တရာ ဥပုသ်ဝင်လို၍ သူ့ကိုယ်စားလာနေဖို့ သီရိမာကို အသပြာတစ်သောင်း ငါးထောင်ဖြင့် ဆယ့်ငါးရက်စာ ငှားရမ်းပြီး မယ်ဥတ္တရာလေးက ဘုရားကျောင်းကိုသွားခဲ့တယ်။ တစ်နေ့မှာ မယ်ဥတ္တရာလေး ဘုရားဆွမ်းကပ်ဖို့အတွက် ပြင်ဆင်နေတုန်း သူ့နေရာကို လိုချင်နေတဲ့ သီရိမာ က ဆီပူနဲ့ခေါင်းပေါ်ကနေ လောင်းဖို့လာတာကို မြင်တော့ မယ်ဥတ္တရာလေး က ဒေါသမပွားပဲ သူ့ထံကို ငါခုလိုဘုရားကို လုပ်ကျွေးခွင့်ရတာသူ့ကြောင့်ပဲ ဆိုပြီးမေတ္တာပဲပို့နေတော့ လောင်းချလိုက်တဲ့ဆီပူတွေဟာ သူ့အပေါ်ကို စမ်းရေပမာ အေးမြစွာ စီးဆင်း သွားတာပေါ့။


ဝိုင်းပြီးရိုက်နေကြတဲ့ အခြွေအရံတွေကို ရပ်ခိုင်းပြီး ရရှိနေတဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်တော့ သူ့အမှားကို သူသိသွားပြီး မယ်ဥတ္တရာလေးကို အပြစ်တွေ ကျေအေးဖို့ တောင်းပန်တော့ ဘုရားခွင့်လွှတ်မှသာ ငါခွင့်လွှတ်မယ်ဆိုတော့ သီရိမာ ကဘုရားထံရောက်သွားပြီး တရားတော် ကိုနာကြားရင်းပဲ စိတ်ဝင်စားပြီး ထိုတစ်ထိုင်ထဲမှာပင် သောတာပတ္တိမဂ်အဆင့် ရောက် သွားတယ်။ နောက်ပိုင်း ရတနာသုံးပါးကို ကြည်ညိုပြီး ဒါန သီလ အမှုပြုလျက်ပဲ အသက်ရှည်စွာမနေရှာခဲ့ပေ။

သူ့ရုပ်ကလာပ်ကို မြတ်စွာဘုရားက ရဟန်းတွေအပါအ၀င် ရောက်လာသူလူအပေါင်းကို ကြည့်ရှုခိုင်းစေတယ်. သူ့ခမျာ သူတပါးတွေကဲ့ သို့  ကိုယ်ပိုင် အိုးအိမ် အရှင်သခင် သားသမီးတွေနှင့် လူ့ဘ၀တွင် သန့်ရှင်းခိုင်ခံ့စွာ မနေရပဲ သူတပါး အလိုကို အမြဲတမ်းအကြိုက်လိုက်ကာ အနိမ့်ဆုံး အယုတ်ဆုံး ပြည့်တန်ဆာမ ဘ၀မှ အနားယူသွားရှာတယ်။ သိရီမာ ဟာ ရုပ်ဆင်းအင်မတန် လှပသော်လည်း အယုတ်ဆုံး ပြည့်တန်ဆာ ဘ၀ကို ရရှိရသည်မှာ အတိတ်က ၀စီကံဒုစရိုက်ကြောင့်ဖြစ်ရ ခြင်းဖြစ်တယ်။ တစ်ခုသောအတိတ်ဘ၀က သူမဟာ ဘုရားရင်ပြင်တော်ပေါ်မှာ လည့်လှည်ကာ ဘုရားဖူးရင်း သန့်ရှင်းရေးတွေလုပ်ဖို့အတွက် မိမိရဲ့ ခြုံလာသောတစ်ဘက်မြိတ်ဖြင့် သုတ်သင်လိုက်ရာ မထင်မှတ်စွာ သူမ၏နှုတ်မှမကျေနပ်သံဖြင်"့ ကြည့်စမ်းပါဦး ဒီရင်ပြင်တော်ပေါ်မှာ ဘယ်ပြည့်တန်ဆာမ တံတွေးထွေးသွားတယ် မသိဘူးဟု" ပြောလိုက်မိသွားတယ်။

တကယ်တော့ ဒီအညစ်အကြေးဟာ ဘုရားဖူးကြွရောက်လာတဲ့ ရဟန္တာအရှင်မကြီးတစ်ပါး၏ နှာချေလိုက်ရာမှ ကျခဲ့ခြင်းဖြစ်တယ်. အေး သူမခမျာ သေချာစွာ မသိဘဲ ပြောဆိုလိုက်ပေမယ့်လည်း အရိယာအရှင်မကြီးကို ပြစ်မှားလိုက်သလို ဖြစ်ခဲ့မိတဲ့အတွက် နောက်ကြုံကြိုက်ရာ ဘ၀များစွာမှာ ဘုရားရင်ပြင်ကို သန့်စင်စေရန် မိမိ၏ တစ်ဘက်ဖြင့်သုတ်သင်ပေးခဲ့ခြင်း၊ သုစရိုက်ကြောင့် ရုပ်ဆင်းသူမတူအောင် လှပခြင်းအကျိုးကို ရရှိခဲ့ပေမယ့်လည်း နှုတ်မစောင့်စည်းပဲ ရိုင်းပြစွာ ပြောဆိုလိုက်မိတဲ့အတွက် ၀စီကံဒုစရိုက်၏ ဆိုးကျိုးက ရုပ်လှပြီး အယုတ်နိမ့်ဆုံး ပြည့်တန်ဆာမတစ်ဦးဖြစ်လာခဲ့ရရှာတယ်။

ဒါကြောင့် အရေးကြီးတာကို ပြောချင် တာကတော့ "" ကာယ၊ ၀စီ၊ မနော ချီကြရာတွင် ၀စီကံအမှုသည် လူတို့မှာ အလွယ်ဆုံးကိစ္စ ဖြစ်တယ်။ အမူ့မဲ့ အမှတ်မဲ့ပင်ဖြစ်စေ၊ တမင်လုပ်သည်ဖြစ်စေ သူတစ်ပါးအား မကောင်းပြောလိုက်သည့် ဒုစရိုက်အကုသိုလ် ပင်ဖြစ်ကြောင်းသတိမူ မိသူများ ရှိသလို သတိမမူဘဲ ပေါ့ပေါ့မြင်၊ ပေါ့ပေါ့ပြောလေ့ရှိနေတတ် ကြသည်မှာ လူတို့၏သဘာဝဖြစ်တယ်။ ၀စီဒုစရိုက်မဖြစ်ရအောင် သတိမရှိပါက နောင်ဖြစ်လေရာ သံသရာတစ်လျှောက်မှာ "ဘယ်သူမပြု မိမိ မှု" သာဖြစ်ရပေလိမ့်မယ်။ ဒါကြောင့် အရာရာကို မလုပ်ခင်စဉ်စားကြပါလို့ပြောရင်း စာဖတ်သူတွေ အားလုံး အသိပညာတွေ များများတိုး တက်နိင်ကြပါစေ......................




ရွှင်လန်းချမ်းမြေ့ကြပါစေ။

ရှေးကကောင်းလို့ ခုကောင်းပါသည်

7

တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို အသင့်တွေ့တာနဲ့ အရှင်ဘုရား... ဆွမ်းကျန် ကွမ်းကျန် လေး များရှိရင် စွန့်ပါဘုရား လို့လျောက်ထားပါတယ်။

ဒီတော့ ကျောင်းထိုင်ဆရာတော်က မင်းမှာ ခြေထောက်လက်ထောက်အကောင်းကြီး ကိုယ်ဟာကို လုပ်ကိုင်စား ပါလား၊မပေးနိုင်ဘူး သွား..ဆင်းသွားစမ်းလို့ ငေါက်လွတ်ပါတယ်။

သူတောင်းစားက ချက်ချင်းမဆင်းသွားသေးဘဲ လက်အုပ်ကလေးချီပြီး တပည့်တော် အခုပဲဆင်းပါ့မယ်ဘုရား၊ မဆင်းခင် လင်္ကာလေးနဲ့ ကန်တော့ပါရစေ လို့ လျောက်ပါတယ်။ ဆရာတော်လည်း ဆွမ်းစားခါနီးဖြစ်လို့ မင်းကန်တော့မှာဖြင့် မြန်မြန်ကန်တော့ ပြီးရင် ဆင်းတော့လို့ ခပ်မာမာလေး ထပ်ပြောလိုက်ပါတယ်။

သူတောင်းစားက လည်း ဆောင့်ကြောင့်လေးထိုင် လက်အုပ်ကလေးချီပြီး-

ရှေးကကောင်းလို့ ခုကောင်းပါသည်၊
ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ ခုမကောင်းပါသည်။
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။ လို့ ဆိုပြီး ကန်တော့လိုက်ပါတယ်။

သူတောင်းစား ကန်တော့ပြီး ပြန်ဆင်းမယ်လည်းလုပ်ရော...ဟဲ့ ကိုရင်တို့ ...ပြင်ထားတဲ့ ဆွမ်းအုပ်ထဲက တစ်ယောက်စာ လုံလုံလောက်လောက် ထည့်ပေးလိုက်လို့ ပြောလိုက်ပါတယ်။ သူတောင်းစားလည်း စားစရာရသွားတော့ ပြုံးပြီး ကျောင်းပေါ်က ပြန်ဆင်းသွားပါသတဲ့။

သူတောင်းစား ဆိုခဲ့တဲ့ လင်္ကာလေးရဲ့ အခြေခံကို သေချာစဉ်းစားကြည့်တော့....

ရှေးက ကုသိုလ်ကောင်းမှုတွေ ပြုခဲ့လို့ အခုဘ၀ ကောင်းနေတယ်။ အခုဘ၀ ကုသိုလ်ကောင်းမှုတွေ ဆက်ပြုနေရင် နောင်ဘ၀လည်း ဆက်ကောင်းနေဦးမှာပဲ။ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောင်ဘ၀ မကောင်းဘဲ ဖြစ်နေလိမ့်မယ်။

နောက်...ရှေးက ကုသိုလ်တွေ မပြုခဲ့လို့ အခုဘ၀ မကောင်းဖြစ်တယ်။ အခုဘ၀ ကုသိုလ်ကောင်းမှုမပြုဘူးဆိုရင် နောင်ဘ၀လည်းဆက် မကောင်းဦးမှာပဲ။ရှေးက ကုသိုလ်တွေနည်းခဲ့ပေမဲ့ အခုဘ၀မှာ ကုသိုလ်ကောင်းမှုတွေ ထပ်ကာထပ်ကာပြုနေမယ် ဆိုရင် နောင်ဘ၀ ကောင်းမှာပဲ။

ဒီလိုပဲ စိတ်ထားဘက်က တွေးမယ်ဆိုရင်လည်း ဤကဲ့သို့ပဲ အဖြေရပါလိမ့်မယ်။ လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ်ကံနဲ့ ကိုယ်ပါ။ အလှချင်းသာ ပြိုင်လို့ရမယ်...ကံချင်းပြိုင်လို့ မရနိုင်ပါဘူး။

ကုသိုလ်ဆိုလို့ အလှူကြီးပေးနိုင်မှ ကုသိုလ်မဟုတ်ပါဘူး။ မနက်အိပ်ရာထ ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ၀ိပဿနာလေးများပွား များပြီး ကုသိုလ်ယူကြရမှာဖြစ်ပါတယ်။ အဲနောက်မှ ငါးပါးသီလ ကိုနေ့စဉ် အထူးစောင့်ထိန်းပြီး ရှစ်ပါးသီလ၊ ကိုးပါးသီလ တို့ကိုလည်း ၀တ်တစ်ခုလို စောင့်ထိန်းသွားမယ်။ ကိုယ်ရဲ့စိတ်ထားလေးကိုလည်း မြင့်မြတ် သထက်မြင့်မြတ်အောင် တည်ဆောက်သွားမယ်ဆိုရင်...မကြာခင် ကိုယ်မျှော်လင့်တဲ့ ကောင်းကျိုးတွေ ရောက်လာမှာပါ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ကံ ကိုပြင်ကြမယ်...

4

သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာရှိခဲ့ဖူးပါတယ်။ မင်းမဖြစ်ခင် သာမာန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာကြပါတယ်။ ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ ၀သဘအမည်ရှိသူအားလုံးကိုသတ်စေလို့ မိန့်ပါတယ်။ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲံ ၀သဘကို မင်းဆီးအပ်ဖို့ မယားလုပ်သူကိုပြောပြပါတယ်။ နံနက်စောစောရောက်တော့ စစ်သူကြီးက ၀သဘကို ခေါ်ပြီးနန်တော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ ခေါ်သွားတယ်ဆိုတာသိတာနဲ့ စစ်သူကြီး မိန်းမက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်တော်တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာ တွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်။ အိမ်ရောက်တော့ စစ်သူကြီး မိန်းမက သူကြံစည်တဲ့အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ပဲ ၀သဘ သင့်ဦးကြီးက သင့်ကိုမင်းကြီး ထံ အပ်ပြီး သတ်မှာ…ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။ ၀သဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှုထားကြပါတယ်။

ဒီလိုနဲ့ နေရင်း တစ်နေ့မှာ ပညာရှိလူနှုတစ်ယောက်က ၀သဘရဲ့ ဇာတာကိုကြည့်ပြီး သင်မင်းဖြစ်လိမ့်မယ် လို့ဟောလိုက်ပါတယ်။ ဒီစကားကြားရတော့ ၀မ်းမြောက်ဝမ်းသာနဲ့ ပဲ သတ္တိရှိတဲ့ ယောက်ျားတွေစုရုံးပါတယ်။ အတော်အတန်စုမိတော့ မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည် ဆိုတဲ့ရှေးထုံးကို နှလုံးမှုပြီး၊ မြို့စွန်ရွာစွန်ကနေစပြီး သိမ်းပါတယ်။ အကျဉ်းချုပ်တော့…နောက်ဆုံးတော့ ၀သဘ မင်းဖြစ်သွားပါတယ်။

ဝသဘ မင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှစ်နှစ်လောက်မင်းပြုရမလဲ တွက်ခိုင်းပါတယ်။ ဟူးရားပညာရှိ တွေက ၁၂နှစ် မင်းပြုရမယ်လို့ ဟောပါတယ်။ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွတ်လိုက်ပါတယ်။ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီကပ်ပြိး အရှင်ဘုရားတို့ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်မှု မရှိဘူးလားဘုရားလို့ လျှောက်ပါတယ်။

ဒီတော့ သံဃာတွေက.. ၀သဘမင်းမြတ်…ရေစစ်လှူပါ။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ၊ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ကျောင်းဟောင်း စေတီဟောင်းတွေကို ပြုပြင်ပါ၊ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းပါ၊ ရှစ်ရက်ဥပုသ်၊ ဆယ်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ၊ ဒါဆို မင်းသက်ရှည်လိမ့်မယ်လို့ မိန့်လိုက်ပါတယ်။
ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ စာထဲမှာတော့ ကောင်းမှုတွေ အများကြီးပြထားပါတယ်။ နောက်ဆုံး ၀သဘမင်းဟာ ၄၄နှစ် နန်းစံခဲ့ရပါတယ်။

ဒီဝတ္တုမှာ ၀သဘမင်း ဟာ အတိတ်ကံ အကျိုးပေးအရ ၁၂နှစ်ပဲ နန်းစံရမှာပါ၊ ဒါပေမဲ့ အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ ၄၄နှစ်တောင် နန်းစံခဲ့ရပါတယ်။ ၀သဘမင်း ပြုခဲ့တဲ့ ကုသိုလ် ၆မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့ တော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။

ရေစစ်..ဆေး ကျောင်း အဟောင်းပြုပြင်…ပဉ္စင် အဋ္ဌ သီလဖြူစင်၊….သက်ရှည်ကြောင်းစု ကောင်းမှုခြောက်အင်၊…အခွင့်စိုက် ပြုလိုက်ထာဝစဉ်။

ဗုဒ္ဓဘာသာ ယုံကြည်မှုဆိုတာ ရတနာမြတ်သုံးပါးနဲ့ ကံ. ကံရဲ့ အကျိုးကို ယုံကြည့်ခြင်းဖြစ်ပါတယ်။
ဘ၀ကောင်း ဆိုတာကံအကျိုးပေးပဲဖြစ်တယ်။ သံသရာဘ၀ ဘ၀တွေက စေတနာဆိုး အကျိုးပေးလို့ ဘ၀ဆိုးနဲ့ ကြုံနေချိန်မှာလည်း ဘယ်သူမှ မကယ်နိုင်ဘူး။ ကိုယ့်အပြစ်ကိုယ် ပြန်ခံရစမြဲ ပဲ။ ဒါကြောင့် ကာယကံ၊ ၀စီကံ၊ မနောကံတွေ အမြဲဖြူစင် ကောင်းမွန်နေအောင် အကုသိုလ်မ၀င်သာအောင် အာရုံငါးပါး တံခါးပေါက်မှာ သတိကလေး အစောင့်ချ ထားရပါ့မယ်။ဒါအပြင် ၀သဘမင်းဝတ္တုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ်ဆိုတဲ့ အသိလေး ကို အာရုံပြုပြီး ပြုပြင်ယူကြပါစို့…။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဘာအရေးကြီးဆုံးလဲ

2


၁။ သူများအရေး ကိုယ့်အရေး
အရေး နှစ်ပါး ရှိလေသည်။

၂။ ကိုယ့်အရေးဟာ အကြီးဆုံးပါ
ဦးစွာ ကိုယ့်ကို ကယ်ရမည်။

၃။ အပါယ်လေးရွာ မရောက်ငှာ
ဦးစွာ ကိုယ့်ကို ကယ်ရမည်။

၎။ လောဘနှင့်သာ ခင်သေရှာ
သေခါ ပြိတ္တာဖြစ်မည်သာ။

၅။ ဒေါသနှင့်သာ စိုးရိမ်ကာ
သေရှာ ငရဲရောက်မည်သာ။

၆။ မောဟနှင့်သာ တွေဝေကာ
သေရှာ တိရစ္ဆာန်ဖြစ်မည်သာ။

၇။ သုဂတိမှ သုဂတိရ
ကယ်မ မတော်သေးလေပြီ။

၈။ သူ့ဂတိဟာ လူနတ်ရွာ
ဗြဟ္မာရွာတို့ ဖြစ်လေသည်။

၉။ သုဂတိဟာ အိုနှင့်နာ
သေတာမျှသာ ရှိလေသည်။

၁၀။ မင်း ခိုးသူဘေး ရေ မီးဘေး
ဘေးပေါင်းများစွား ရှိလေသည်။

၁၁။ သုဂတိမှ သုဂတိရ
ကယ်မှ သင့်တော်ပေလိမ့်မည်။

၁၂။ နိဗ္ဗာန်ရောက်ရှာ ဘေးများစွာ
အို နာသေ လွတ် အေးလိမ့်မည်။

၁၃။ နိဗ္ဗာန်ရောက်ငှာ ၀ိပဿနာ
မှန်စွာ ရှုပွားရပေမည်။

၁၄။ဝိပဿနာဆိုတာ ထင်ရှားရာ
ပေါ်ရာ ခန္ဓာ ရှုရမည်။

၁၅။ ကြိုးစား၍သာ ရှုပွားပါ
ဘယ်ခါ မမေ့သင့်လေပြီ။

၁၆။ သေခါနီးလှ ချိန်ရောက်မှ
နောင်တ မပူသင့်လေပြီ။ ။ ( ဓမ္မဒူတဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ)

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

စိတ်ဓာတ်

3

ဒီပိုစ့်လေးကို အရှင်ပညာနန္ဒ ဘလော့မှ ကူးယူဖော်ပြပါသည်။

ညီ ညီမလေးတို့ရေ.. ဒီတခါပြောပြမှာလေးက " စိတ်ဓါတ်" ဆိုတဲ့ အကြောင်းလေးပေါ့ကွယ်.. တကယ်တော့ စိတ်ဆို တာ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့ စိတ်ဆိုပြီး နှစ်မျိုးနှစ်စားရှိတယ်၊ မိမိ မြင်လိုက် သိလိုက်တဲ့ အပေါ်မှာ မူတည်ပြီး တော့ ပြောင်းလဲသွားတာပေါ့၊ အများအားဖြင့် လူတစ်ယောက်မှာ ဖြစ်ဖို့အလွယ်ကူဆုံးက မကောင်းတဲ့ စိတ်ပဲ။ မကောင်းတဲ့စိတ် ရှိနေတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ သူထံမှာ ကောင်းတာတွေ ရှိမနေတက်ဘူး။

ဥပမာ မာရ်နတ်.. သူက မြတ်စွာဘုရားအပေါ်မှာ ဘယ်တုန်းက ကောင်းခဲ့ဘူးသလဲ ဟိုတုန်းကလည်း မကောင်းခဲ့ဘူး ဘယ်ထိတောင်မကောင်းခဲ့သလဲဆိုရင် မြတ်စွာဘုရား ဘုရားဖြစ်တော့မယ်အချိန်အထိ လိုက်ပြီး မကောင်းစိတ်နဲ့ နှောက်ယှက်နေခဲ့တာ။ နောက်တစ်ယောက်က မြတ်စွာဘုရားရဲ့ ယောက်ဖတော် ရှင်ဒေ၀ဒတ်ပါ ပဲ. မကောင်းတဲ့စိတ်ကြောင့်ပဲ အမျိုးမျိုး ဘုရားကို တိုက်ခိုက်ခဲ့တယ် နောက်ဆုံး သတ်တဲ့အထိ သူကာယကံ မြောက် လွန်ကျူးခဲ့တယ်။ တော်တော်လေးကြောက်ဖို့ကောင်းပါတယ်။ သူတို့တွေသေတော့ ဘယ်ရောက်ကြလည်း ငရဲ ကိုရောက်သွားတာ ပေါ့။

အဲဒီစိတ်က ခုလက်ရှိအချိန်လည်း ကောင်းကျိုးကိုမပေးသလို နောက်ဘ၀အတွက်လည်း ကောင်းကျိုးကိုမ ဖြစ်စေဘူးကွဲ့။ ဒါကြောင့် လက်ရှိအချိန်မှာလည်း ကောင်းကျိုးကိုမပေး နောက်ဘ၀အတွက်လည်း ကောင်းကျိုးကို မဖြစ်စေတဲ့ စိတ်မျိုးကို မမွေးစေချင်ဘူးကွယ်. ပြီးတော့ ကောင်းတဲ့စိတ် နဲ့ မကောင်းတဲ့ စိတ်နဲ့ တိုက်ရိုက်တွေ့ပြီ ဆိုရင် မကောင်းတဲ့စိတ်က အမြဲရှုံးတတ်ပါတယ်။ လက်တလော နိုင်တယ်ထင်နေပေမယ့် သေချာပြန်စဉ်းစားလို့ ရှိရင် တကယ်နိုင်တာက ကောင်းစိတ်ကလေးပါ။ ညီ ညီမလေးတို့ကလည်း မကောင်းတဲ့စိတ်ကို လက်မခံပါနဲ့ မောင်းထုတ်လိုက်ပါ ရစ်သီရစ်သီတောင် အကပ်မခံပါနဲ့။

ကောင်းတဲ့စိတ်ကလေး ကိုတော့နိုင်သလောက်က လေး ထိမ်းထားကြပါ။ ကောင်းတဲ့စိတ် ကိန်းနေတည်နေတဲ့ အချိန်လေးမှာ အကုသိုလ်ဟူသမျှ ကင်းနေတယ်၊ စိတ်ကလေးကိုက ဖြူစင်နေတာ အဲဒီစိတ်ကလေး ကပဲ ခုလောလောဆယ် ဘ၀မှာရော နောင်ဘ၀မှာပါ ကောင်းတဲ့အကျိုးကိုပေးစေပါတယ်။ ဒီတော့ ဘယ်အချိန်မှာမှ ကိုယ့်အတွက် ကောင်းကျိုးမပေးတဲ့ စိတ်ကို မွေးထားဖို့မသင့်ပါဘူး တကယ်လို့ ရှိနေရင်လည်း ဖျောက်နိုင်အောင်ကြိုးစားပေးပါ။

ဒါမှ ညီ ညီမလေးတို့ ဘ၀ဟာ လောကအလယ်မှာ ဖြူစင်စွာနဲ့ ၀င့်ဝင့်ကြွားကြွား တင့်တင့်တယ်တယ် ရှိနေပြီး လူတကာတွေ၇ဲ့ ကြည်ညိုလေးစားခြင်းကို ခံစားရမှာပါ။ မကောင်းတဲ့စိတ် နဲ့သေရင် သူက ညီ ညီမလေးတို့ကို ငရဲကို ဆွဲခေါ်သွား မှာ အေးကောင်းတဲ့စိတ်နဲ့ သေမယ်ဆိုရင်တော့ သူက နတ်ပြည်တင် မကဘူး ကိုယ်ကျင့်ခဲ့တဲ့ ကောင်းမှုပေါ်မူတည် ပြီး နောက်ဆုံး ညီ ညီမလေးတို့ သွားချင်တဲ့ ရွေပြည်မြတ်ထံကို ရောက်သွားမှာကွဲ့။

သူတပါးကို လည်း ကောင်းမွန်တဲ့ စကား၊ ကောင်းမွန်တဲ့ အပြုအမူနဲ့ ဆက်ဆံပေးပါ။ သူများတွေရဲ့မကောင်းတာကို ကြည့်နေမယ့် အစားကိုယ်ကိုကိုယ် မြင်အောင်ကြည့်ပါ။ ငါကော အကုန်လုံးဖြူစင်နေပါသလား။ သူများအပြစ်ကို ကြည့်ပြီး အမြဲတန်း အပြစ်ပြောနေလို့ ငရဲကိုကျသွားရှာတဲ့ အဖြစ်အပျက်အကြောင်းအရာလေးရှိတယ်. ဘုရားရှင် လက်ထက်တုန်းက ရွာကလေးတရွာမှာ အမျိုးသမီးတစ်ယောက် သူ့ရဲ့အတိတ်ကမကောင်းမှုကံကြောင့် ဒီရွာ ကလေးမှာ ပြည့်တန်ဆာမလေး လာဖြစ်နေတယ်။

တနေ့တော့ သူ့မှာ ကုမရတဲ့ ရောဂါက ကပ်မိသွားတော့ ရှက်လည်းရှက် ကြောက်လည်းကြောက်ပြီး ရွာနဲ့ ဝေးတဲ့ နေရာကလေးတစ်ခုမှာ တဦးတည်း သွားရောက်နေ ထိုင်ခဲ့ရရှာတယ်။ အဲဒီနေရာကလေးနဲ့ မနီးမဝေးမှာလည်း ဖိုးသူတော်တစ်ပါး ရှိနေတယ်။ ဖိုးသူတော်ဟာ နေ့ရှိသ၍ ပြည့်တန်ဆာမလေးရဲ့ အကြောင်းပဲ တွေးတယ် ပြီးတော့ အပြစ်ကိုလည်း အမြဲရှာပြီး ကြားအောင်တမျိုး မကြားအောင်တစ်မျိုး ပြောပြောနေခဲ့တယ်။ မကြာပါဘူး ဖိုးသူတော်ဟာ ရုတ်တရက် သေဆုံးသွားပါလေရော သေတော့ဘယ်ရောက်သွားသလဲဆိုတော့ ငရဲကိုရောက်သွားရှာတယ်လေ ဘာကြောင့်လည်း ကိုယ်အပြစ်ကို ကိုယ် မြင်အောင်မကြည့်ခဲ့ဘဲ သူများအပြစ်တွေကိုပဲ ကြည့်နေခဲ့မိလို့.. ခုလို့ဖြစ်ရတာလေ။ ဒီတော့ပြောချင်တာ လေးက သူတပါး၏ အပြစ်ကိုမကြည့်မိအောင်နေပြီး ကိုယ်ကိုကိုယ်ပဲ အပြစ်ကိုမြင်အောင်ကြည့်စေချင်တယ်။ ပြီးတော့ စိတ်ကောင်းကလေးကိုလည်း ကိုယ်နဲ့မကွာ တစ်သက်လုံးရှိနေစေချင်တယ်။ သူများကောင်းတာမကောင်းတာကို မကြည့်ပါနဲ့ ကိုယ်ကောင်းဘို့က အရေးကြီးပါတယ်။ ကိုယ်က သူများတွေ ရဲ့အပေါ်မှာ အတိုင်းထက်လွန် ပြီး ကောင်းပြလိုက်ပါ သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုတဲ့ စိတ်ကိုမမွေးပါနဲ့။

တကယ်လို သူက ကိုယ်ပြုံးပြလိုက်သားနဲ့တောင် ကိုယ့်ကိုပြန်ပြီး ပြုံးမပြဘူး ဆဲသွားတယ်ဆိုရင်တောင် သူ၏နောက်ကျော ကိုကြည့်ပြီး သူ့ကိုအပြစ်မမြင်ပဲ ငါ့မှာသာအပြစ်တွေရှိနေလို့ သူဒီလို လုပ်သွားတာပဲလေ ဆိုပြီး ကိုယ့်အပြစ်ကိုယ် တွေ့အောင်ရှာပေးပါ. ..ကဲ ဒါလေးပါပဲ အားလုံးသော စာဖတ်သူတွေ စိတ်ကောင်းကလေးနဲ့ပဲ ထာဝရ တည်ရှိနေနှိင်ကြပါစေ..........

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ထင်းခွေမကြုံရေခပ်ကြုံ

6

တစ်ခါတုန်းက ဥတ္တရာပထတိုင်းသား တစ်ယောက်ဟာ ခရီးတစ်ခုထွက်ခဲ့ပါတယ်။ ခရီးသွားနေတုန်းမှာ နေကသိပ်ပူတော့ ရေကလည်း ဆာလာပါတယ်။ ဒါကြောင့် နီးရာသစ်ပင်ရိပ်အောက်ကို ၀င်နားလိုက်ပါတယ်။ သစ်ပင်အောက်မှာ သူ့လိုပဲ သာဝတ္တိပြည်သား လူစိမ်းတစ်ယောက်ကလည်း ကွမ်းဝါးရင်း နေပူခိုပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ကြိုရောက်နေတဲ့ လူစိမ်းကို ရေတောင်းလိုက်ပါတယ်။

မိတ်ဆွေရယ် ရေလေးဘာလေးမပါဘူးလား၊ ပါရင် နည်းနည်း လောက်ပေးစမ်းပါ၊ ရေသိပ်ဆာနေလို့ပါ… မပါဘူး......ဒါဖြစ်ရင်လည်း မိတ်ဆွေရယ် ၊ ရေဆာလွန်းလို့ ကွမ်းလေးတစ်ယာ လောက်ပေးပါ......... အိုး…ဒီအတိုင်းတော့ ဘယ်ရမလဲ၊ လေးအသပြာပေးရမယ်....ရပါတယ် လေးအသပြာပေးပါ့မယ်

ပြောပြီး လေးအသပြာကို ထုတ်ပေးလိုက်ပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ရေဆာပြေအဖြစ် ကွမ်းကို ၀ါးပါတော့တယ်။တကယ်တော့ ကွမ်းတစ်ယာဟာ လေးအသပြာ မတန်ပါဘူး၊ လိုနေမှန်းသိလို့ ပုံမှန်ဈေးထက်အဆများစွာ တင်ရောင်းလိုက်တာ ပါ။

အမောပြေတော့ ကိုယ့်ခရီးကိုယ် ဆက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလတွေကြာသွားရောပဲ ဆိုပါတော့။တစ်နေ့သောအခါမှာတော့ ပင်လယ်ပြင်မှာ ခရီးထွက်ရင်း သူတို့နှစ်ဦးဟာ သင်္ဘောတစ်စီးမှာ ပြန်ဆုံကြပြန်ပါတယ်။

တစ်နေရာအရောက်မှာတော့ စီးလာတဲ့သင်္ဘောက မှောက်သွားပါလေရော၊ ခရီးသည်တွေဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ကူးနေကြပါတယ်။ ဥတ္တရာပထတိုင်းသားကတော့ ကံကောင်းစွာ ပျဉ်ချပ် တစ်ခုကိုရလိုက်ပါတယ်။

ရလာတဲ့ ပျဉ်ချပ်နဲ့ ကူးရင်း သူနဲ့ခပ်လှမ်းလှမ်းမှာ ယက်ကန်ယက်ကန်နဲ့ ရေထဲနစ်လုနစ်ခင် ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့ တစ်ချိန်က သူ့ကို ကွမ်းတစ်ယာကို လေးအသပြာနဲ့ရောင်းခဲ့တဲ့သူပါ။

ဒီတော့ ဥတ္တရာပထ တိုင်းသားက…

ဒီမိတ်ဆွေဟာ ငါ ရေငတ်နေတုန်းက ကွမ်းတစ်ယာရောင်းဖူးတယ် ။ ကျေးဇူးရှိခဲ့ဖူးတဲ့ မိတ်ဆွေပဲ ဆိုပြီး သူ့ရဲ့ပျဉ်ချပ်ကို ထိုးပေးလိုက်ပါတော့တယ်။

ဒီသီဟိုဋ္ဌ် ၀တ္တုလေးကို ဖတ်ရင်း ရင်ထဲမှာ ထင်းခွေမကြုံရေခပ်ကြုံ ဆိုတာလေး သတိရမိပါတယ်။ ဒါအပြင် သူတစ်ထူးရဲ့ အပြစ်ကို မမြင်ပဲ ကျေးဇူး ကိုသာ ထင်ရှားစွာမှတ်သားထားသူရဲ့ သူတော်ကောင်းစိတ်ဓာတ်ကို လေးစားမိသွားပါတယ်။ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီ ပတ်လည် နေခဲ့ရိုးမှန်ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြန်တွေ့ကြလိမ့်မယ်တဲ့။ အချစ်ဝတ္တုဆရာရေးဆရာတွေက သိပ္ပံသဘာဝ နဲ့ ယှဉ်ရေးကြတာ ကိုဖတ်ဖူးပါတယ်။

ကံကြမ္မာသဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန်မှာ တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ။ အဲဒီလို မျက်နှာချင်းဆိုင် ပြန်လည် ဆုံကြရတဲ့အခါ ဘယ်လိုမျက်နှာတွေ နဲ့ ဆုံကြမလဲ…ခွဲခွာခြင်း ဝေးကွာခြင်းတွေနဲ့ တစ်နေ့တစ်ချိန် ကံအားလျော်စွာ ပြန်ဆုံကြရင်ဖြင့်…အပြုံးတွေနဲ့ နှုတ်ဆက်နိုင်ဖို့ လိုပါတယ်။
သူတော်ကောင်း
စိတ်ထားရှည်ကာ မကြွားဝါ
ထိုဟာ သူတော်ကောင်း
မပြင်း ဒေါသ မာန်မာန
ကင်းက သူတော်ကောင်း
ကျေးဇူးသိမြင် ပြန်ဆပ်လျှင်
ခေါ်တွင် သူတော်ကောင်း
ဂုဏ်ပြိုင် တုပ မပြုက
ခေါ်ရ သူတော်ကောင်း
ကိုယ်ကျိုးကိုသာ မရှာတာ
ထိုဟာ သူတော်ကောင်း
သူ့အပြစ်များ မပြောငြား
ခေါ်ငြား သူတော်ကောင်း
သူ့အပြစ်များ မှတ်မထား
ခေါ်ငြား သူတော်ကောင်း
မကောင်းမှု၌ မနှစ်ခြိုက်
ခေါ်ထိုက် သူတော်ကောင်း
ကောင်းမှုမြင်ဟာ ကြည်ဝမ်းသာ
ထိုဟာ သူတော်ကောင်း
သည်းခံများစွာ အရာရာ
ထိုဟာ သူတော်ကောင်း
ဂုဏ်နှစ်များစွာ ရှိလေတာ
ပြောငှာ မကုန်တောင်း။ ။
(ဓမ္မဒူတ ဆရာတော်ကြီး ဟောကြားသောတရားဆောင်ပုဒ်များ)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သွေးရောင်လွှမ်းတဲ့ရေ

8


ကောလိယမြို့တွင် ဖွားမြင်တော်မူသော အရှင်ရေ၀တ သည် သကျမင်းသားတစ်ပါးဖြစ်၏။ သာသနာတွင်းသို့ရောက်ရှိပြီး သောအခါ ၀ိနည်းကျင့်ဝတ်ကို အင်မတန်လေးစား၏။ တစ်ခါသော် အရှင်ရေ၀တသည် ဆွမ်းကိစ္စ ပြီးပြည့်စုံ၍ ဂင်္ဂါမြစ်ကမ်းသို့ ပြန်ကြွလာစဉ် ထူးထွေ ဆန်းပြားသော အသွင်သဏ္ဍာန်တစ်ခု ရွေ့လျားမှုကိုတွေ့မြင်ရတော့၏။

ထိုသဏ္ဍာန်သည် ဂင်္ဂါမြစ်ကမ်းတစ်လျှောက် အခေါက်ခေါက် အခါခါ ပြေးလွှားနေ၏။ ထိုသူသည် ဂင်္ဂါမြစ်ထဲမှ ရေကြည်ရေအေးကို တစ်ဝကြီးသောက်ရန် အားခဲရင်း ပြေးလွှားပြီး အခေါက်ခေါက်အခါခါကြိုးစားသော်လည်း သူရဲ့ ၀ဋ်ကြွေးကြောင့် ချီတုံချတုံ အစုန်အဆန် ရွေ့လျားနေရသူဖြစ်၏။

အရှင်ရေ၀တ သည် ရုပ်နာမ်နှစ်ဖြာ သူ့ ခန္ဓာနှင့် ဆောက်တည်ရာမရ ရွေ့လျားနေသော အသွင်ကို အနီးကပ်ဆုံးတွေ့ရသောအခါ ရုပ်ရည် ဆိုးရွားရုံမက ကိုယ်မှ ထွက်ပေါ်လာသော အနံ့ကြီးကလည်း ပုပ်ဟောင်ဟောင်နေသည်ကို သတိပြုမိရတော့သည်။

ပြိတ္တာမတစ်ယောက်ပေပဲ

တပည့်တော်မ ရေဆာလွန်းလှပါပြီ၊ ရေပေးပါ၊ အမြန်ရေပေးပါဘုရား....အငမ်းမရ ဆင်းရဲစွာ ပူဆာသည်ကိုတွေ့ရသဖြင့်....

ဟဲ့..ဟဲ့ ဒကာမ ဟိမ၀န္တာတောင်ကြီးကို အခြေပြုပြီး စီးဆင်းလာတဲ့ အေးလည်းအေးတဲ့၊ ကြည်လည်းကြည်လင်တဲ့ ဂင်္ဂါမြစ်ကြီးအန်ီးရှိနေပါလျက်နဲ့ ရေဆာတယ်လို့ ပူဆွေးနေရသလား။

မှန်လှပါ ဘုရား၊ တပည့်တော် ကိုယ်တိုင် ကိုယ်ကျ သောက်လို့မရပါဘုရား၊ တပည့်တော်မ ရေသောက်ဖို့ပြင်ဆင်လိုက်တာနဲ့ သွေးရောင်လွှမ်းပြီး အညှီနံ့များ နံလာပါတယ်ဘုရား..

အို...အကုသိုလ်တယ်ကြီးပါလား ဒကာမ၊ ဒီဘ၀ကို မရောက်ခင်က ဘာတွေများပြုလုပ်ခဲ့လို့ပါလိမ့်။

မှန်လှပါ ဘုရား၊ ဟိုဘ၀က တပည့်တော်မရဲ့ ခင်ပွန်းဟာ ဥဇ္ဖေနီပြည်ကို အစိုးရတဲ့ ဥတေနမင်းကြီး အားကိုးယုံကြည်ရတဲ့ အမတ်ကြီးတစ်ဦးဖြစ်ပါတယ်။ အမတ်ကြီးကွယ်လွန်တဲ့အခါ အမတ်ကြီးရဲ့ ရာထူးကို သားတော် ဥတ္တရလုလင်ကို ပေးအပ်ပါတယ်။ တိုတိုပြောရရင်...ဥတ္တရလုလင်ဟာ နန်းအသစ်တည်ဆောက်ဖို့ တောထဲမှာ သစ်ဝါးရှာဖွေ ဖို့ အမိန့်အရသွားရင်း ၊ ရဟန္တာ အရှင်မဟာကစ္စည်းအရှင်မြတ်ကြီးနဲ့တွေ့ပြီး တရားတော်နာယူပြီး သရဏဂုံဆောက်တည်ကာ ဥပဿကာအဖြစ်ခံယူခဲ့တယ်။ မကြာခင်မှာပဲ သားရဲ့ ပင့်ဖိတ်မှုကြောင့် ရဟန္တာမထေရ်ကြီးနဲ့ နောက်ပါ သံဃာတွေ ဆွမ်းခံကြွရောက်လာပါတယ်။ ဆွမ်းလောင်းပွဲဟာ တစ်ရက်နဲ့ မပြီးဘဲ နောက်နေ့တွေမှာလည်း ဆွမ်းပန်းကိစ္စတွေ ပါဝင်လာပြန်ပါတယ်။ ရဟန္တာမထေရ်မြတ်ကိုခဏခဏဖူးတွေ့ရတဲ့ သားဥတ္တရလုလင်ကတော့ သောတာပန်ဖြစ်သွားပါတယ်။ တပည့်တော်ကတော့ အလုပ်တွေ၊ တရားနာမှု၊ ကြည်ညိုမှု၊ လှူမှုတန်းမှု၊ စေတနာတွေကို နားမလည်ပါဘူး ကျီထဲက ဆန်တွေလျော့သွားတာ ၊ စပါးတွေ ကုန်သွားတာ၊ ဘဏ္ဍာတိုက်ထဲက ရတနာတွေ လျော့သွားတာကို ပဲသိပါတယ်...မကျေနပ်ပါဘူး...အဲဒီတော့...

တပည့်တော်မဟာ သားလေး ဥတ္တရလုလင်ရဲ့သဒ္ဓါတရားကို ခုတုံးလုပ်နေကြတာ (အမေ့သား ဆွမ်းလောင်းတာ အလှူအတန်းလုပ်တာ ၊ ၀ါဝါ၀တ်တွေ ဖန်ကတုံးတွေ အတွက် စုဝေးနေကြတာ အမေ မကြည့်ချင်ဘူး တော်တော့လို့) စိတ်လိုက်မာန်ပါ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သားတော်က ဆက်လက်ပြီး ဆွေမျိုးတွေ အိမ်မှာ ကုသိုလ်လုပ်ပြန်ရော..၊ ကုန်ကျငွေကို တော့ သူက ပဲစိုက်ထုတ်နေပြန်ပါတယ်။

သည်ကာလတိုင်အောင် ဒကာမကြီးက ကောင်းမှုအ၀၀ကို မကြည့်မဖြူရှိနေတုန်းပဲလား... သည်မျှမကပါဘုရား၊ ဘုရားတပည့်တော်က သားကလေးကို (ငါ..အမတ်ပဲ လုပ်ချင်ရာလုပ်မယ်၊ အမေ့စကားကို ပယ်ရှားဝံ့တယ်ဆိုရင် မင်းကြိုက်သလို လှူပေတော့၊ မင်းပြုသမျှ လှူဖွယ်ဝတ္တု အဖျော်ယမကာတွေဟာ သွေးတွေဖြစ်ပါစေ၊ ရေဆာလို့ သောက်သမျှ သွေးတွေဖြစ်ပါစေသော်)လို့ မိုက်မိုက်မဲမဲ ကျိန်ဆိုခဲ့ပါတယ်။

မိခင်စကား မလိုက်နာတဲ့သားကို ပစ်လွတ်လိုက်တဲ့ ကျိန်စာ လေးမြှားအမျိုးမျိုးတွေဟာ တပည့်တော်မကို အမှန်ပဲ ထိမှန်သွားပါပြီ ဘုရား ကယ်တင်တော်မူပါဘုရား

အရှင်ရေ၀တ သည် ပြိတ္တာမကြီး၏ခြင်းရာ အကုသိုလ်ဇာတ်လမ်းကို ကရုဏာဖြင့် နာကြားခဲ့ပြီး....နောက် သီတင်းသုံးဖော် ရဟန်းတစ်ပါးအား သောက်ရေ ကြည်ကြည်အေးအေး ဆက်ကပ်၏။ အမှိုက်ပုံ တစ်ခုမှ ပံ့သကူ ကောက်ယူခဲ့သော အ၀တ်စတစ်ခုကို သင်္ကန်းပြုလုပ်က လှူဒါန်းပြန်၏ နောက်တစ်နေ့ နံနက်တွင် ဆွမ်းခံရလာသည့် ဆွမ်းအချို့ကို သီတင်းသုံးဖော် တို့ အားလှူဒါန်း၏ ထို့နောက် ပြုပြုသမျှသော ကုသိုလ် ကောင်းမှု အစုစုကို ဂင်္ဂါမြစ်ကမ်းက ပြိတ္တာမကြီးအား အမျှပေး ဝေ လေသည်။

ဒီဇာတ်လမ်းလေးကိုဖတ်ရခြင်းဖြင့် ရေဗူးနဲ့ ဖိနပ်မပါ နွေခါမှ သိ ဒါနနဲ့သီလမပါ၊ သေခါမှ သိ၊ ၀စီဗေဒ ထိတိုင်းရှ ဆိုတဲ့ စကားလေးများ ကို သွားသတိရမိပါတယ်။ အမှတ်တမဲ့ ဖြစ်ဖြစ်၊ လက်လွတ်စပယ် လွယ်လွယ်ပြောတာပဲ ဖြစ်ဖြစ် အမတန်ကြောက်စရာကောင်းပါတယ်။ ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်) စာအုပ်မှာ ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာ ခံခြင်းဖြစ်၏ လိုဆိုထားပါတယ်။ ဒါနအမှုဖြစ်တဲ့ စွတ်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြတ်နိဗ္ဗာန်ကို တက်လှမ်းဖို့ရာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့လှေကားထစ် သုံးခုအနက် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင် ပေးနိုင်တဲ့ နည်းလမ်းမဟုတ်ပေမဲ့လည်း နိဗ္ဗာန်ရောက် ကြောင်းအထောက်အပံ့ တော့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဒါနကို မွေးစကလေးနာမည်ပေး ကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ ဘ၀တစ်လျှောက်လုံး လှူတန်းနေခဲ့ကြသူတွေပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဖြစ်အောင် ပညာသတိ မပြတ်ရှိကြရမှာဖြစ်ပါတယ်။ နိဗ္ဗာန်မရမီ စပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးကောင်းတဲ့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဒီဇာတ်လမ်းလေးဖြင့် ကုသိုလ်ယူပါတယ်။

ကုသိုလ်ဆယ်တန်

လှူဒါန်းဒါန စောင့်သီလ ပွားထ ဘာဝနာ
ကြီးသူရိုညွှတ် ဝေယျာဝတ်
ပြုတတ်သင့်ရာရာ
ကုသိုလ်အစု မျှဝေပြု သာဓုခေါ်ဝမ်းသာ
တရားတော်နာ ဟောပြောကာ
ယူမှာ ဖြောင့်အပ်စွာ။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သပွတ်ခါးသီး ၀ိဇ္ဖာ

8

သင်္ဂဇာဆရာတော်ဘုရားကြီး ၏ တရားဓမ္မဟောပြလေတိုင်း ပုံဆောင်ခဲ့တဲ့ ဥပမာ၊ စကားပုံ၊ ပုံပြင်၊အတုယူမှတ်သားဖွယ်ရာများ.....

ဆရာတော်ဘုရား မြင်းခြံမြို့သို့ရောက်ရှိပြီး တရားရေအေးတိုက်ကျွေးနေစဉ်ခိုက်ဖြစ်ပါသည်။

အဂ္ဂိရတ်လင်မယားနှစ်ယောက်တို့ ရန်ဖြစ်စကားများကြသည်။ သတ်ပုတ်ကြသည်။ သွေးထွက် သံယိုဖြစ်ကြ တယ်။ ရပ်ရွာလူကြီးတွေ ဆုံးမ၍မရတော့လို့၊ နောက်ဆုံးတွင် ဆရာတော်ထံမှောက်သို့ ခေါ်ယူ ရောက်ရှိလာ ကြလေသည်။

အရှင်ဘုရာှး...၊ဤမိန်းမနှင့် ယောက်ျားသည် အလွန်နားပူပါသည်ဘုရား၊ မိန်းမဈေးရောင်း၍ ရသမျှကိ ယောက်ျားဖြစ်သူက အဂ္ဂိရတ်ထိုးသဖြင့် ကုန်ပါသည်။ ထို့ကြောင့် မိန်းမက ဖျက်သည်တွင် ရွှေဖြစ်အောင်လုပ်သည်ကို ဖျက်ရကောင်းလား ဟုစကားများ ရန်ဖြစ်ပါသည် ဘုရား။ တစ်ရပ်ကွက်လုံး နားပူပါသဖြင့် နားအေးအောင်တရားရေအေး တိုက်ကျွေးတော်မူပါဦးဘုရား လိုလျောက်ထားပါတယ်။

ထိုအခါ ဆရာတော်က....ဒကာတို့ အဖြစ်က မုံရွေးအရပ်က ဆရာတစ်ဦးသည် စိတ်ရှုးပေါက်တိုင်း အလွတ်ကြွားပြီး သပွတ်ခါးဝိဇ္ဖာဖြစ်သလို နေပေါ့ကိုး...ဟု ဆရာတော်သည် ထုံးစံအတိုင်း ဥပမာခိုင်း၍ စကားစလေသည်။

ဟိုးရှေးတုန်းက...ရွာကြီးတစ်ရွာမှာ ပန်းတဉ်းဆရာတစ်ဦးရှိတယ်။ သူ့သမက်က အဂ္ဂိရတ်ဝါသနာပါလွန်းတယ်။ မယားရှာသမျှငွေကို အဂ္ဂိရတ်ထိုးပစ်တယ်။ လင်မယားစကားများပြီး မိန်းမက ယောက်ျားကို အိမ်က နှင်ချတယ်...။ဒီတော့ ရွာပြင်က ညောင်ပင်ကြီးအောက်မှာသွားပြီး အိပ်နေတယ်။ အဲသလို အိပ်နေတုန်း ခပ်နောက်နောက် နွားကျောင်းသမားက ခေါင်းရင်း ကနေ အိမ်မက်ပေးသတဲ့...

သပွတ်ခါးသီးကို တစ်ကျပ်၊ ထန်းဖို ထန်းလျက်ကို တစ်ကျပ်၊ ဆား တစ်မတ်... ဤသုံးရပ်ကို စရနယ်ပြီးလျှင် နေ၀င်မှာ တစ်လုံးမျို ၊ သန်းခေါင်မှာ တစ်လုံးစား၊ လင်းအားကြီး တစ်လုံးခွံ့...မကြောက်မရွံ့ နှင့်၊ ၀ိဇ္ဖာဖြစ်လတ္တံ။

နွားကျောင်းသားက အိမ်မက်ပေးပြီးထွက်ပြေးတယ်။ အဂ္ဂိရတ်သမားက အိပ်ရာကနိုးတော့..ငါ့ကို ရုက္ခစိုးမင်းသနားလို့ ပေးတဲ့ ၀ိဇ္ဖာဖြစ်နည်းဆေးပဲလို့ တွေးပြီး အိမ်ပြန်သွားတယ်။ အိမ်ရောက်တော့..အိမ်မက်ပေးတဲ့အတိုင်း ဆေးဖော်ပြီး စားတယ်။ ပြီးတော့..ငါတော့ ၀ိဇ္ဖာဖြစ်ပြီဆိုပြီး တောနက်ထဲဝင်သွားတယ်..။

အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ...မိန်းမပျိုတစ်ဦးဟာ မိဘတွေက သူ့ချစ်သူနဲ့ သဘောမတူ မပေးစားတဲ့အတွက် မိဘကို စိတ်နာပြီး တောထဲထွက်ပြေးလာတယ်။ ပြီးတော့...သပွတ်ခါးသီးဝိဇ္ဖာ အနီး ဗန့်ဗွေးပင်မှာ ကြိုးဆွဲချသေပါလေရော။ မနက်လင်းတော့ သပွတ်ခါးသီး ၀ိဇ္ဖာက သစ်ပင်မှာ တွဲလျားကျနေတဲ့ မိန်းမပျိုကိုမြင်တယ်....ဟာ...ငါဟာ ရုက္ခစိုးပေးတဲ့ ဆေးနဲ့ တကယ်ပဲ...၀ိဇ္ဖာဖြစ်နေပါပေါ့လား၊ ကြည့်စမ်း၊ ငါဟာ သူယောင်တောကို ရောက်နေပေါ့ကိုး...လို့တွေးပြီး မိန်းမပျိုအနားကို တိုးသွားကြည့်တယ်။

အဲဒီအချိန်မှာ ပဲ မိန်းမပျိုလေးကိုရှာနေတဲ့ ဆွေမျိုးသားချင်းတွေရောက်လာရော...မိန်းမပျိုနဲ့ သပွတ်ခါးသီးဝိဇ္ဖာနဲ့ အတူတွေ့တော့ နင့်ကြောင့် ငါ့တို့သမီးပျိုသေရတာ ဆိုပြီး ၀ိုင်းရိုက်ကြသတဲ့။

အဲဒီတော့ ..သပွတ်ခါးသီး ၀ိဇ္ဖာကမောင်ရင် တို့က ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဖာ၊ အင်းဝိဇ္ဖာတွေ ဖြစ်ကြပါတယ်။ ကျွန်ုပ်ထက်တန်ခိုးကြီးကြပါတယ်။ ကျွန်ုပ်က သပွတ်ခါးသီးတစ်လုံးနဲ့ ဖြစ်လာတဲ့ ၀ိဇ္ဖာဖြစ်လို့ သင်တို့လောက်အစွမ်းမထက်ပါဘူး။ မနှိပ်စက်ကြပါနဲ့ လို့တောင်းပန်တယ်။ ပြီးတော့ သူယောင်ကို ဂူချောင်သို့ သယ်ဆောင်သွားကြပါတော့ လို့မြည်တမ်းပါတယ်။

အဂ္ဂိရတ်...လုပ်ရပ်ဝါသနာ စွဲကပ်ရင် မွဲတတ်တယ် ဒကာတို့ လောက၌နေကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကုသိုလ် ဒါန သီလဘာဝနာ ဖြစ်ရာဖြစ်ကြောင်း ကောင်းတဲ့အကြံအစည်နဲ့နေရင် ဥစ္စာပင်မရသော်လည်းချီးမွမ်းထိုက်တယ်။ စည်းစိမ်ဥစ္စာ ရတနာ ရအောင် ရှာသူကို လည်းအပြစ်မတင်သာပေဘူး။ လောကီ၊ လောကုတ္တရာ ပညာရကြောင်း ကျိုးစားနေသူကို ဆိုရင်လည်း...ကောင်းပေတယ်လို့ ဆိုရမှာပဲ...။

အင်း ကုသိုလ် ၊ပညာ၊ ဥစ္စာ ရရာရကြောင်း သုံးခုအနက်တစ်ခုမှ မဟုတ်ဘူး ဆိုရင်တော့ ကဲ့ရဲ့ပြစ်တင်ခြင်းခံရပေမှာပဲ။ ဒါကြောင့် အကျိုးမယုတ် တိုးပွားအောင်သာ လုပ်ဆောင်သင့်ကြပေတယ်လို့ နောက်နောင် ရန်မဖြစ်အောင် ကျိုးကြောင်းပြကာ ဆုံးမတော်မူခဲ့ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကျမနှင့် ဆုံနိုင်ခွင့်

5


ဒီပိုစ့်လေးကို ဆရာလေး မသိက္ခ၀တီ၊ မတိက္ခဥာဏီ ညီအစ်မနှစ်ပါးရဲ့ ဓမ္မရနံ ဘလော့လေးမှ ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။ ကူးယူထားတာကြာပါပြီ...မတင်ဖြစ်သေးခြင်းပါ...အခု ကျမနဲ့ အိမ်ထောင်ရေး တက်ဂ်ပိုစ့်လေး ကို မပန်းကဗျာ က ရေးခိုင်းတာနဲ့...အကြောင်းအကျိုး ဆက်စပ်မယ်ထင်လို့ တင်ပြပေးလိုက်ပါတယ်။ ကူးယူခွင့်ပေးတဲ့ ဆရာလေး နှစ်ပါးအားလည်း ကျေးဇူးတင်ပါတယ်။ ဦးချကန်တော့ပါတယ်။
ဆုံနိုင်ခွင့်

ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။

ဒီဘ၀တစ်ခုတည်းကိုပဲ ဘ၀ထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘ၀တွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြုံးရုံပဲ ပြုံးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။

သတ္တဝါတွေရဲ့ စေတနာကံဆိုတာ တစ်ဦးနဲ့တစ်ဦး ထပ်တူဖြစ်ဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။ ဒါ့ကြောင့် သတ္တဝါအနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း သေသူရှားသလို နောက်ဘဝမှာလည်း လူ စသည် အတူတူပြန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ''ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား'' ချင်သူများအတွက် ရိုးရိုးငှက်နဲ့ ဇောက်ထိုးနေတဲ့ လင်းဆွဲငှက်ဖြစ်နေရင် အဆင်ပြေနိုင်ပါ့မလား။ ငှက်တော့ ဖြစ်ပါရဲ့။ ဒါပေမယ့် ငှက်ကြီးဝန်ပိုနဲ့ နှံပြည်စုတ်ငှက် ဖြစ်နေကြရရင်ရော…?။ သတ္တ၀ါတွေ ဘဝရချိန် ကွာခြားသလောက် အသက်အရွယ်စတာတွေလည်း ကွာခြားနိုင်ပါတယ်။ ဇနီးမောင်နှံ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကညာပျိုနဲ့ ဇရာအို ဖြစ်နေတာတို့၊ တစ်မိသားစုတည်း ဖြစ်နေတာတို့၊ ယောက်ျားအတူတူ ဖြစ်နေတာတို့၊ မိန်းမအတူတူ ဖြစ်နေတာတို့ စတာတွေပါ။

တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘ၀ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။ နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။ တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်း ဒဏ်ရာမရှိမှသာ စိတ်စွမ်းအားပြည့်ပြီး ကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။ တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။

ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။ ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။

(၁) တူညီတဲ့ သဒ္ဓါတရားရှိခြင်း၊
(၂) တူညီတဲ့ သီလရှိခြင်း၊
(၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုရှိခြင်း၊
(၄) တူညီတဲ့ ဥာဏ်ပညာရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ပြောင်းပြန်ကြည့်ရင် ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာပန္နက်ရိုက်ရိုက်၊ ဆုတွေတောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။ ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။ ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။

ဗျာဒိတ်ခံပြီးချိန်ကစပြီး နိဗ္ဗာန်ရမယ့် နောက်ဆုံးဘဝအထိ လက်တွဲခဲ့ကြတဲ့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ယသောဓရာအရှင်မဟာကဿပလောင်း ပိပ္ပလိလုလင်နဲ့ ဘဒ္ဒကာပိလာနီ (သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ ကမ္ဘာမြေကြီးကတောင် ဝမ်းနည်းလွန်းလို့ တုန်လှုပ်သွားခဲ့ပါသေးတယ်) တို့တောင်မှ အသင်္ချေ ကမ္ဘာချီတဲ့ ဘဝတွေမှာ သူတို့တွေ တွေ့ဆုံ ပေါင်းသင်းကြရတဲ့ ဘဝတွေက အလွန်ဆုံး ရာ၊ထောင်ခန့်ပဲ ရှိပါတယ်။ မတွေ့မဆုံ၊ မပေါင်းသင်းခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင် များစွာပါ။

ဒီတော့… ဗုဒ္ဓရဲ့ စကားတော်ဆိုတာ မှားရိုးထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။ နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။ အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။

ညခင်း ရဲ့လမင်း ဘလော့ကိုလာလည်ကြတဲ့ သူငယ်ချင်းများကို ပြန်လည်မျှဝေခြင်းပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ မလုပ်နဲ့

8


ယောင်္ကျားဖြစ်သူက မုဆိုး၊ မိန်းမဖြစ်သူက သောတပန် တရားဇာတ်ကြောင်းလေးက ဗုဒ္ဓသာသာရဲ့ အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားကို ပိုင်ပိုင်နိုင်နိုင် ရစေချင်တဲ့ ရည်ရွယ်ချက်လေးဖြစ်ပါတယ်။

တရားဇာတ်ကြောင်းပါ ဇာတ်ဆောင်များကတော့..လင်မုဆိုး၊ မယားသောတပန်ပါ။ လင်မယားတို့ရဲ့ ဂုဏ်ရည်က အဲဒီလောက်ကွာဝေးပါတယ်။မုဆိုးဆိုတာက သားကောင်တွေကို သတ်ဖြတ်ရောင်းစားလို့ အပါယ်လေးဘုံ ကိုသွားဖို့ သေချာသလောက်ရှိနေသူ၊ သောတပန်ဆိုတာကတော့ အပါယ်တံခါးပိတ်လို့ ငါစွဲ ဒိဋ္ဌိမရှိတော့ဘဲ ရတနာသုံးပါး၌ ယုံမှားသံသယ လုံးဝမရှိတော့တဲ့သူ။ သို့သော် ကိလေသာ မကုန်သေးတဲ့အတွက် လင်ယူသားမွေး ပြုကြသေးတယ်။ အဲဒီတော့ မယားသောတပန် ခမျာ လင်မုဆိုးကြီးနဲ့မှ ကြံကြံဖန်ဖန် ပေါင်းဖက်တွေ့ရတဲ့ အကြောင်းကတော့ ရှေးရေးစက်လို့ ပဲ ဆိုရမယ်။တစ်နည်းအားဖြင့် သံသရာကပါလာတဲ့ အစွဲတဏှာကြောင့်ပေါ့။ ဟို ရှေး...ကဿပ ဘုရှားရှင်လက်ထက်တော်က လင်မယား တစ်ဘ၀တော် ဘူးရုံမျှဖြင့် ဒီဘ၀မှာ မုဆိုးကြီးကို မှချစ်မိလေတယ်။

သောတပန်မယား အလိမ္မာခမျာ တစ်နေ့တစ်နေ့ ဒီမုဆိုးကြီးသူတော်ကောင်းဖြစ်လာအောင် ပြုပြင်ပေးဖို့သာ ကြံစည်နေတာပေါ့။ မုဆိုးကြီးမှာတော့ ဘုရားပွင့်နေတယ်ဆိုတာတောင် မသိပါဘူး။ သတ်ရဖြတ်ရ၊ ရောင်းရ၀ယ်ရရင်ပျော်နေတာပါပဲ။ မုဆိုးကြီးက အပြစ်ရှိ အပြစ်မဲ့၊ အကျိုးရှိ အကျိုးမဲ့ ဘာမှ ခွဲခြားမသိ၊ သောတပန်ကတော့ နိဗ္ဗာန်ရောက်ကြောင်းအထိ သိနေပြီ။ လင်းမယားချင်း အဲဒီလောက်တောင် ခြားနားဝေးကွာနေလေရဲ့။ဒါပေမဲ့ စိတ်မပျက်ဘူး၊ မုဆိုးကြီး စိတ်အေးကြည်သာတဲ့ အချိန်ကောင်းစောင့်ပြီး ဒီလိုတောင်းပန်ရှာသတဲ့။

ဘုရားထံတော်သွားလို့ ကျွန်မအတွက် တရားတစ်ပုဒ်လောက်နာပေးပါနော်....

ဟာ ...ငါနဲ့ မဖြစ်ဘူး ထင်ပါရဲ့ကွာ...အဲဒီလောက်တော့ မုဆိုးကြီးသိသေးတယ်။ ဒါကြောင့်ငြင်းတယ်။ ဒါပေမဲ့ တစ်ခါကနှစ်ခါ မငြင်းသာတော့ဘဲ မယားအလိုကျ ဘုရားထံသွားပါတယ်။ မုဆိုးကြီးကျွတ်မှာကို မြင်တော်မူတဲ့ ဘုရားရှင်က စင်္ကြံလျှောက်ရင်း အသင့်စောင့်လင့်တော်မူတယ်။

ဘုရားရှင်ထံရောက်တော့ တပည့်တော်မအားဘူး၊ အလုပ်တစ်ဖက်ကြားက အရှင်ဘုရားဆီ လာရတာ... တရားတိုတိုပဲ ဟောပါဘုရား လို့ လျှောက်ထားပါတယ်။

ဒါယကာ...သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ သင်မလုပ်နဲ့ ဘုရားက အဲဒီလိုမိန့်ကြားလိုက်တယ်။

တပည့်တော် တရားနာချင်ပါတယ်ဘုရား

ငါ ဟောပြီးပြီ

ဟယ်...မုဆိုးကြီး အလွန်ဝမ်းသာသွား တာပေါ့။ သူထင်တာက သူ့ကို ကြိမ်းမောင်းအပြစ်တင်မယ် ထင်နေတာ၊ အခုတော့ အပြစ်မတင် မကြိမ်းမောင်းတဲ့အပြင် ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတော့ ၀မ်းမသာဘဲ ရှိပါ့မလား၊ ငါ ဦးကုန်းချသလောက်မှ မကြာပါလားပေါ့။ မယားဆီ အားရ၀မ်းသာပြေးလွှားရင်း-နင်တို့ဘုရားက သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာသင်မလုပ်နဲ့လို့ပဲ ပြောလိုက်တယ်။ ငါ့ကိုမဆူဘူး မကြိမ်းဘူး လို့ ခြံဝက အော်ဟစ်ပြောဆိုတယ်။

မိန်းမဖြစ်သူက သောတပန်ပီပီ သိလိုက်ရပြီ။ သူသိလိုက်တဲ့တရား အဓိပ္ပာယ်ကို အကောင်အထည်ဖော်ဖို့ မုဆိုးကြီးရဲ့ လေးနဲ့မြားကို အသင့်ကောက်တင်ပြီး သူ့ကိုပစ်ခတ်မယ်လို့ ရင်ဝဆီ ချိန်ရွယ်ထားပါလေရော။
ဒီအခါ မုဆိုးကြီးက...ဧကန္တ နောက်တစ်ယောက်နဲ့များ...တွေ့လေသလား ထင်မှားပြီး...ဇဝေဇ၀ါနဲ့ ရှေ့တိုး အလာ- ရှေ့မတိုးနဲ့ အရှင့်ကို သတ်ရလိမ့်မယ် လို့ မောကြောလှတဲ့အသံနဲ့ပြောပါတယ်။

ရှင်မပဲ ဘုရားဆီသွားတရားနာဆို...

ဟုတ်ပြီ၊ ဒီလေးနဲ့မြား အကြောင်း ရှင်ဘယ်လောက်ထိသိသလဲ..

ငါ့လက်နက်အကြောင်း၊ ငါကောင်းကောင်းသိတာပေါ့၊ ဒီအဆိပ်လူးမြားက သားကောင်တောင် ထွင်းဖောက်သွားစရာ မလိုဘဲ ထိရုံနဲ့ အဆိပ်သင့်သေစေနိုင်တယ်။

ဒါဖြင့် အဆိပ်လူးမြားနဲ့ အရှင့်ကို ပစ်ခတ်သတ်ဖြတ်မယ်ဆို အရှင်ကြိုက်သလား၊ မကြိုက်ဘူးလား..

ကိုယ်ချင်းမစာ ပြောရက်လေခြင်းကွာ၊ ငါသေရမှာ ငါဘယ်ကြိုက်ပါ့မလဲ

အဲဒါ ဘုရားပြောတဲ့ သင်ကြိုက်တာ သင်လုပ်၊ သင်မကြိုက်တာ မလုပ်နဲ့ဆိုတဲ့စကားပဲ...

ဟင်....ဟုတ်ပေသားပဲ

မယားစကား အဆုံးမှာပဲ မုဆိုးကြီး သောတာပန်တည်သွားလေတယ်။ စကားနောက်တရားပါတယ်ဆိုတာ အဲဒါပါပဲ။ အနာထပိဏ်စတဲ့ ဗုဒ္ဓ၀င်မှာ အထင်ကရ ပုဂ္ဂိုလ်များဟာ ဘုရား နဲ့တွေ့ပြီး ဘုရားရှင်ရဲ့တရားတော်ကို နားကြားပြီးခါမှ သောတာပန်တည်ကြပါတယ်။ ဒီ မုဆိုးကြီးကတော့ မိန်းမစကားနာကြားပြီး သောတာပန် တည်သွားတဲ့ ထူးခြားတဲ့ ဇာတ်ဆောင်ကြီးပေါ့။ မိန်းမတို့ရဲ့ ပြုပြင်နိုင် စွမ်းရည် ကလည်း အံ့ဖွယ်ပါပဲ။ ဗုဒ္ဓသာသာရဲ့ အခြေခံကောင်းဖြစ်တဲ့ ကိုယ်ချင်းစာတရားကို ပိုင်ပိုင်နိုင်နိုင် ရစေချင်ခြင်းက ဒီဇာတ်ကြောင်း လေး ရဲ့ အဓိက ရည်ရွယ်ချက်ပါ။

ကိုယ်မကြိုက်တာ...
သူ့အသက်သတ်ခြင်း၊ ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ မပေးဘဲယူခြင်း၊ သူ့လင် သူ့မယား ကျူးလွန်စော်ကားပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်သေရက် မူးယစ်ပစ္စည်းသုံးစွဲခြင်း။

ကိုယ်ကြိုက်တာ
သူ့အသက်မသတ်ခြင်း၊အသက်ကယ်ခြင်း၊ သူ့ဥစ္စာမခိုးဝှက်ခြင်း၊ ပေးကမ်းကူညီခြင်း၊ မလိမ်မညာအမှန်ကိုသာ ပြောဆိုခြင်း၊ သေရည်သေရက် မူးယစ်ဆေးရှောင်ကြဉ်ခြင်း။

ဒါကြောင့် ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတာ ငါးပါးသီလစောင့်ထိန်းပါလို့ ဆိုလိုရင်းဖြစ်ပါတယ်။ ငါးပါးသီလဆိုတာ ကမ္ဘာလောက သာယာငြိမ်းချမ်းဖို့ အခြေခံ စည်းမျဉ်း ဥပဒေလည်းဖြစ်ပါတယ်။ သို့အပြင် အပါယ်ဆင်းရဲက လွတ်မြောက်အောင် သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ဖြင့် ကျင့်ကြံပွားများ အားထုတ်ကြမှာဖြစ်ပါတယ်...

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ရေကူးတော့ ဘူးသီးမေ့သည်

12

သင်္ဂဇာဆရာတော်ဘုရားကြီး သည် တရားဓမ္မဟောပြလေတိုင်း ဥပမာ၊ စကားပုံ၊ ပုံပြင်၊ အတုယူမှတ်သားဖွယ်ရာများ ပါလေ့ရှိသည်။ ဆရာတော်ဘုရားကြီးသည် အမေးပုစ္ဆာလေးရှိသည့် အခါတိုင်း ရုတ်ခြည်း ဖြေဆိုတော်မူလေသည်။ ဆရာတော်ဘုရားကြီးသည် ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း ဟူသော မင်းများ လက်ထက်တွင် ထင်ရှားကျော်ကြားခဲ့သည်။


ရေကူးတော့ ဘူးသီးမေ့သည်။

ရန်ကုန်မြို့ လမ်းမတော်အရပ်တွင် သီတင်းသုံးတော်မူစဉ်ဖြစ်ပါသည်။

မှန်လှပါ အရှင်ဘုရား...ရုပ်ဓာတ်ခန္ဓာ အာယတနတရားများကို လက္ခဏာရေး သုံးပါးကို ဆင်၊မြင် အားထုတ်သူ များဟာ လူ ၊ နတ်၊ နိဗ္ဗာန် သုံးတန်အကျိုးကို တကယ်ခံစားရ၊ မခံစားရ သိလိုကြောင်းပါဘုရား...ဆေး ဆရာကြီး ဦးရွှေသာဆိုသူက မေးမြန်းလျှောက်ထားလေသည်။

အင်း ...ဒကာကြီး ...ငါတို့ အထက်ကျေးရွာကျောက်မော်ရွာက လှေသူကြီး ရေကူးတော့ ဘူးသီးမေ့ဆိုသလို ဖြစ်တတ်တယ်၊ ကြပ်ကြပ်သတိထားကွယ့်...

ရှင်းလင်းစွာသိရအောင် ဟောကြားတော်မူပါဦးဘုရား လို့လျှောက်ထား တောင်းပန်တယ်။

အထက်ကျောက်မော်ရွာမှာ လှေသူကြိး မောင်ပိန်ဆိုတာ ရှိတယ်။ ရေမကူးတတ်လေတော့ လှေပျက်လို့ အခက်တွေ့ရင် ကာကွယ်နိုင်အောင် ဘူးသီးကြီးတစ်လုံးကိုရှာ အစာအစေ့တွေ ထုတ်ပြီး ပဲ့စင်မှာ ချိတ်ထားတယ်။

တစ်နေ့တော့...လေပြင်းမုန်တိုင်းကကျ၊ လှိုင်းတွေက ထ၊ လှေဟာကျောက်ဆောင်တွေ နဲ့ တိုက်မိ တော့ မယ့်အခြေအနေ ရောက်လာ တယ်။ အဲဒီ အခါမှာ လှေသူကြီးမောင်ပိန်ဟာ တက်မစင်မှာ ချိတ်ထားတဲ့ အသက်ကယ် ဘူးသီးခြောက်ကြီးကို သတိမရ။ လှေဝမ်းတွင်းက ငွေသတ္တာကို သာသတိရပါ သတဲ့။ ဒါနဲ့ လှေဝမ်း ထဲဆင်းပြီး ငွေသေတ္တာကို ယူတုန်း ၀ုန်းခနဲ ကျောက်ဆောင်နဲ့တိုက်ပြီး လှေပျက်လေတော့ မောင်ပိန် အသက်ဆုံးပါလေရော.....

ဒီတော့ ဒကာကြီး စွဲမြဲတဲ့ လက္ခဏာ ၀ိပဿနာကို အာရုံပြုပြီး ကွယ်လွန်ရင် ဖြူစင်တဲ့ အာရုံကြောင့် လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာကို ရနိုင်ပေလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ စည်းစိမ် ဥစ္စာ၊ ရတနာရွှေငွေ ၊ ဆန်ရေ စပါး၊ ကျွဲ ၊နွား၊ ဆင်မြင်း၊ အပေါင်းအသင်း၊ သားသမီးသားမယားတွေကို တွယ်တာတဲ့ ကာမဂုဏ်ဇောနဲ့ ကွယ်လွန်ရင်ဖြင့် လှေသူကြီး မောင်ပိန်လို ဘူးသီးကို အမှတ်မရနိုင်ဘဲ မျောရသလို အပါယ်ကျတတ်ပေတယ် ဒကာကြီး...

သင်္ဂဇာ ဆရာတော်လည်း လောဘတရားကို ပယ်ရှားနိုင်အောင် ကြံဆောင် အားထုတ် ရမည်ဖြစ်ကြောင်း ဗုဒ္ဓဓမ္မကို ဥပမာဥပမေယျများနှင့် ဟောကြားတော်မူလေသည်။

ဆေးဆရာကြီး ဦရွှေသာနှင်တကွ ပရိသတ်အပေါင်းတို့သည် နှစ်ထောင်အားရ သာဓု ခေါ်ကြ လေသည်။


၁။ လိုချင်လောဘ၊ တက်မက်ကြ ၊မျောမည့် သံသရာ။
၂။ ခက်ထန်ဒေါသ ဖြစ်လေကြ ၊မျောမည့် သံသရာ။
၃။ မသိမောဟ၊ တွေဝေကြ ၊မျောမည့် သံသရာ။
၎။ ထောင်လွှားမာန၊ ထကြွကြွ ၊မျောမည့် သံသရာ။
၅။ဒိဋ္ဌိဟူက ယူမှားကြ၊ ၊မျောမည့် သံသရာ။
၆။ ၀ိစိကိစ္ဆာ ၊ ယုံမှားကြ၊ ၊မျောမည့် သံသရာ။
၇။ မရွှင်ထိန၊ ဖြစ်လေကြ၊မျောမည့် သံသရာ။
၈။ ပျံ့လွင့်နေက ၊ ဥဒ္ဓစ္စ ၊မျောမည့် သံသရာ။
၉။ အဟီရိက၊ မရှက်က ၊မျောမည့် သံသရာ။
၁၀။ အနောတပ္ပ မကြောက်က ၊မျောမည့် သံသရာ။

သြဃာတရား ဤ၁၀ပါး မှတ်သားထားပါလေ။ ပဋိစ္စတရား မသိငြား၊ ရှည်လျားသံသရာ။
ဖြစ်ပျက်ရှင်သေ၊ ဤလေးထွေ ၊မှတ်လေ သံသရာ။
ဖြစ်ပျက်မြင်တွေ့ ၊ ယောဂီတွေမှာ၊ ဘုံစဉ်စံ၍၊ သွားရသေချာ၊
သံသရာထဲ မလည်တော့ပါ၊ နိဗ္ဗာန်နန်းစံမြန်းရမည်သာ။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ညခင်း

ကိုယ်ယုံကြည်ရာ

10


ကိုယ်ယုံကြည်ရာ ခေါင်းစဉ်လေး အောက်မှ...

ညီမငယ် နေ့အိမ်မက် ရဲ့ တက်ဂ်ပိုစ့်လေးကို ရေးပါ့မယ်...<<<ကိုယ်ယုံကြည်ရာ>>>....တဲ့ ခေါင်းစဉ်လေးက အလွန်ကောင်းတဲ့အတွက် ညီမငယ်ရေ ကျေးဇူးပါ...ညခင်း ဘလော့်လေး စတင်ခဲ့စဉ်က စုံစီနဖာ ရေးခဲ့ပါတယ်။အခုနောက်ပိုင်း မှာ ညခင်းအပါအ၀င် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဒါန၊ သီလ၊ ဘာဝနာ တိုးတက်စေခြင်းငှာအကြောင်းပြုလို့ ဇာတ်တော်၊ပုံဝတ္တုလေးတွေ၊ သာဓကလေးတွေကို ပိုပြီး ရေးဖြစ်ခဲ့ပါတယ်။ ဘယ်စာသားမှ ညခင်းကိုယ်ပိုင် မရှိပါဘူး။ မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ လက်ဆင့်ကမ်း ဖြန့်ဝေပေးသော ဆရာတော်ကြီးများ၏ သြ၀ါဒများ၊ အသိပညာများ သာလျှင်ဖြစ်ပါတယ်။

ကိုယ်ယုံကြည်ရာ....

ညခင်း ဘာကိုယုံကြည်သလဲ... ဘာလို့ယုံကြည်သလဲ... ဘယ်လောက်ယုံသလဲ...မေးစရာရှိလာပြီနော်...
ဆက်စဉ်းစား မိတော့....ညခင်းက ဗုဒ္ဓဘာသာ ကိုယုံကြည့်ပါတယ်။ယုံကြည်တာမှ အကြွင်းမဲ့ယုံပါတယ်။

ဗုဒ္ဓဘာသာ ဆိုတာ ဘယ်လိုဟာလဲလို့
ဘာသာခြားတွေက မေးကြမယ်ဖုံဖုံ
ဘုရားကိုလဲယုံ၊ တရားကိုလဲယုံ၊ သံဃာကိုလဲယုံ
ကိုးကွယ်သည့် သရဏဂုံငါးပါးသီလလုံ
အပ္ပါယ်လေးပါး တံခါးပိတ်လေကုန်။

အဲဒီနောက်...ဘာလို့ ယုံကြည်လည်း ဆိုရင် ဝေဖန်ပိုင်းခြား ခံနိုင်လို့ဖြစ်ပါတယ်။ မြတ်စွာဘုရားသည်... ကာလမသုတ်တော်တွင်....အို ...အချင်းကာလမ အနွယ်တို့ -

သင်တို့သည် အယူဝါဒတစ်ခုကို....... တစ်ဆင့်ကြားဖြင့်၎င်း၊ အမှန်ကိုမယူကြနဲ့
ရှေးအစဉ်အလာ စကားဖြစ်ရုံနဲ့လည်း အမှန်ကိုမယူကြနဲ့

ဤသို့ဖြစ်ဘူးသတဲ့ ဆိုသဖြင့်လည်း အမှန်ကိုမယူကြနဲ့

ကျမ်းဂန်နှင့်ညီညွတ်သည် ဆိုရုံဖြင့်လည်း အမှန်ကိုမယူကြနဲ့
နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်ကိုမယူကြနဲ့
အကြောင်းခြင်းရာကို ရှာကြံထောက်ပြ ညီညွတ်သည်ဆိုရုံဖြင့်လည်းအမှန်ကိုမယူကြနဲ့
မိမိတို့ကြံစည်နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့်လည်း အမှန်ကိုမယူကြနဲ့ လက်ခံထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့် အမှန်လို့မယူဆကြနဲ့

သင်တို့သည် မိမိတို့ကိုယ်တိုင်.....

ဤတရားတို့သည် အကုသိုလ်တရားတို့တည်း ၊ဤတရားတို့သည် အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ကဲ့ရဲ အပ်သော တရားတို့တည်း၊ ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း၊ ဆင်းရဲခြင်းငှာဖြစ်ကုန်၏ ဟုသိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့။

ဤတရားတို့သည် ကုသိုလ်တရားတို့တည်း၊ ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့သည် ပညာရှိတို့ချီးမွှမ်း အပ်သော တရားတို့တည်း၊ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်း၊ ချမ်းသာခြင်းငှာဖြစ်ကုန်၏ ဟုသိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်ကြံကြကုန်လော့ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။

မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်ကြံသူအနေဖြင့်...ဒီလိုအကျိုးအပြစ်တွေကိုလည်းပြထားပါတယ်။

**ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊ နင်ယခု မေ့ပုံကို၊ တွေ့မကြုံ စခန်း၊ ပါယ်လေးဝ သောကဘုံမှာ ၊မျောရရုံ ရှိတော့ ခမန်း။
**အောက်ဝီစိ သောင်းအငူမှာ ၊ ခေါင်းမပြူစတန်း၊ နှစ်အရှည် နစ်မည် လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊ ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
**သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊ နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်၊ ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
**ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

**ခွင့်သာတုန်ုးကမှ မရုန်းချင်လျှင်၊ အရှုံးနင်ပြင် ရှိသေးလိမ့်လား။

ဤကဲ့သို့ အကျိုးအပြစ်ကို ထင်ရှားစွာပြဆိုထားသောကြောင့် ၄င်း၊ မိမိ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာလျှင် ရသောတရားများဖြစ်သောကြောင့်၎င်း အကြွင်းမဲ့ယုံကြည်ပါသည်။ထို့ပြင် စစ်မှန်သော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး တရားအစစ် အမှန်အကျင့်များကို လိုက်နာကျင့်သုံး ကြိုးစားအားထုတ် ပါက လက်ငင်းအားဖြင့် စိတ်ချမ်းသာမှုရရှိပြီး ၀ဋ်ဆင်းရဲအပေါင်းမှ ဧကန်မုချကင်းလွတ်နိုင်သည်ဟု မမှိတ်မသုန် ယုံကြည်သက်ဝင်သောကြောင့် ရတနာ သုံးပါးကို ယုံကြည်စွာကိုးကွယ် ဆည်းကပ်ပါတယ်လို့........။

ညီမငယ်ရေ... ဒီလောက်နဲ့ကျေနပ်ပါလို့...တောင်းပန်ပါတယ်။

ဘုရားပုံတော်လေး က ဒီဆိုဒ်မှ ကူးယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဗုဒ္ဓဘုရားရှင်ဆီမှာ ဆေးရှိတယ်…တဲ့။

5

ဘုရားရှင် လက်ထက်တော်က-
ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် ဆင်းရဲသူမလေးတစ်ယောက်ရှိခဲ့ပါတယ်။ သူ့ဘ၀အကြောင်းကံ ဖန်လာပုံဆန်းကြယ်လေတော့ ကုဋေကြွယ်သူဌေးမဘ၀ ရောက်ခဲ့ပုံက ဒီလိုပါ။

သူတို့မြို့မှာ ကုဋေလေးဆယ်ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူဌေးကြီးရဲ့ နောက်ခံအကြောင်း အတိတ်ကုသိုလ် မစင်ကြယ်လို့ပဲထင်ပါရဲ့။ သူ့မှာရှိသမျှ ရွှေ၊ ငွေတွေအားလုံးဟာ မီးသွေးခဲတွေ ဖြစ်ကုန်ပါရော တဲ့။ ရှိရှိသမျှတွေ မီးသွေးခဲဖြစ်ကုန်တယ်ဆိုတော့ ခမျာ ဘယ်လောက်သောက ရောက်ရှာမလဲ။ ဒါကို မမြင်ရက်တဲ့ မိတ်ဆွေတစ်ယောက် က ဒီလိုအကြံပေးတယ်။

ခင်ဗျား မီးသွေးခဲတွေ ဈေးထဲသွားပုံထား၊ မီးသွေးခဲတွေကို…. ဟာ….ရွှေတွေ၊ ငွေတွေ ဟေ့လို့ ပြောရင် ခင်ဗျားနဲ့ ကံစပ်တယ်။ သူက အမှန်မြင်လို့ အမှန်ဘ၀ ပြန်ရောက်အောင် လုပ်ပေးမယ့်သူပဲ။ အဲဒီလူဟာ ယောက်ျားများဖြစ်ခဲ့ရင် ရွှေငွေတွေ တစ်ဝက်ပေးပြီး ကျေးဇူးဆပ်လိုက်ပါ။ မိန်းမဖြစ်ခဲ့ရင်တော့ သားနဲ့ပေးစား၊ ချွေးမအဖြစ် မြှောက်စားလိုက်ပါ...။

ဈေးအတွင်းသွားလာသူတွေရှုပ်ရှက်ခတ်နေချိန်မှာပဲ။ သူ့မီးသွေးပုံကြီးကို ဘယ်သူမှ ရွှေ၊ ငွေလို့ မပြောဘူး။ အဲဒီမှာ ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် သူဆင်းရဲမလေး ကတော့….ဟယ်…ရွှေပုံကြီးတော့၊ ငွေပုံကြီးတော့် တဲ့၊ တအံတသြ အာမေဋိတ်ပြုရှာတယ်။ သူဌေးကြီးလည်း အလွန်အမင်းအံ့သြခြင်းဖြစ်ကာ ဟဲ့ ဘယ်မလဲ…ရွှေတွေ ငွေတွေ လို့မေးတာပေါ့။ ဒီမှာလေ ဒီမှာ… ကိသာဂေါတမီရဲ့ လက်ထဲမှာ မီးသွေးခဲတွေဟာ ပကတိ ရွှေတွေငွေတွေပြန်ဖြစ်လာတာကို သူဌေးကြီးမြင်တွေ့ရတယ်။ ဒါနဲ့ သူဌေးကြီးလည်း ကိသာဂေါတမီကို အိမ်ခေါ်သွားပြီး သားနဲ့ပေးစား ချွေးမ အဖြစ်မြှောက်စားတော့တယ်။

လူဆိုတာ ပြည့်စုံလာတဲ့အခါ တောင့်တမှုတွေ ပိုများလာတတ်ပါတယ်။ ကိသာဂေါတမီ လည်း ကုဋေကြွယ်သူဌေးမ ဖြစ်လာခါမှ သားဆုကို တောင့်တတယ်။ တောင့်တတဲ့အတိုင်းလည်း သားကလေးရပါတယ်။ သားကလေးကြီးရင် ဘယ်လို… ဘယ်နှယ့် …တောင့်တမျှော်လင့်စိတ်တွေ မဆုံးခင်မှာပဲ သားကလေး ဆုံးသွားရှာတယ်။ မပီကလာ တီတီတာတာ ချစ်စရာကောင်းတဲ့ အချိန်မှာ သားကလေးဆုံးရလေခြင်းနော်။ ကိသာဂေါတမီကတော့ သားကလေး သေတယ် ဆိုတာကို ယုံကို မယုံဘူး။ သူ့သားကို သင်္ချိုင်း အပို့အခံပါဘူး။ သားကလေး အိပ်ပျော်နေတာပါ ၊ သေတယ် ဆိုရင်တောင် ပြန်ရှင်အောင် အသက်သွင်းပေးကြပါလို့ ဆေးဆရာကြီး တွေကို ပူဆာပါတယ်။ သားဆုံးပေမယ့် အမေ့သောက မဆုံးသေးပါဘူး သားကဖြင့် ပုပ်ပွလာပြီ မြင်လို့ တောင် မကောင်းတောပါ့ဘူး၊ ဒီမှာ ဆေးဆရာကြီး တစ်ဦးက အကြံပေးပါတယ်။

ဗုဒ္ဓဘုရားရှင်ဆီမှာ ဆေးရှိတယ်…တဲ့။

ကိသာဂေါတမီလည်း လူးလဲငိုယိုပြီး ဘုရားရှင်ဆီ ဆေးသွားတောင်းတာပေါ့။ ဘုရားရှင်က လူမသေဖူးတဲ့အိမ်က မုန့်ညင်းစေ့ရှာခဲ့၊ ဆေးဖော်ပေးမယ်တဲ့။ ဒါနဲ့ ကိသာဂေါတမီလည်း တငိုငိုတယိုယိုနဲ့ လူမသေဖူးတဲ့ အိမ်က မုန့်ညင်းစေ့ရှာသတဲ့။ မြို့လုံးသာ နှံ့တယ် မသေဖူးတဲ့အိမ် မတွေ့ပါ။ ဒီမှာ ကိသာဂေါတမီ သတိဝင်လာပါပြီ။ သြော်ငါ့သားလေး မှ ရွေးပြီးသေရတာ မဟုတ်ပါလား။ လူဆိုတာ သေမျိုးချည်းပါလား တဲ့။ ဒါနဲ့ ပုပ်ပွနေတဲ့ သားကလေးကိုလည်း သင်္ချိုင်းပို့ခဲ့ပြီး ဘုရားရှင်ထံမှောက် ပြန်ရောက်လာပါတယ်။ ဤတွင်ဘုရားရှင်က....

ကြီးစွာသောရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို တိုက်ယူ၍သွားသကဲ့သို့ ထိုအတူ သေမင်းသည် လွန်စွာမေ့လျော့၍ ကပ်ငြိစိတ်ရှိသော သတ္တ၀ါတို့ကို ခေါ်ဆောင်၍သွားလေ၏ ဟူသော ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ထိုဒေသနာအဆုံးတွင် ကိသာဂေါတမီ သောတပန် ဖြစ်လေသည်။ ဒါကြောင့် မြတ်စွာဘုရားက စိုးရိမ်ပူဆွေးရသော သောက၊ ငိုကြွေးရသော ပရိဒေ၀တို့ မှ ကျော်လွန်ရန်အလိုငှာ သတိဖြင့် ရှုမှတ်ရ သောလမ်းသည် တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းတည်းလို့ ဟောကြားခဲ့ပါတယ်။

သောကဆိုတဲ့ စိုးရိမ်ပူဆွေးရခြင်း၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးရခြင်း တို့မှာ ဒီခန္ဓာရနေသ၍ကာလ ပတ်လုံး ဘယ်သူမှ မကင်းနိုင်ကြပါ။ အဲဒီလို မကင်းနိုင်ကြ သော်လည်း သောကပရိဒေ၀တွေကို ကျော်လွန်နိုင်တဲ့ နည်းကောင်းလမ်းမှန် ကိုရှာကြရမှာဖြစ်ပါတယ်။အတ္တနယ်ပယ်မှာ ကျင်လည်နေသရွေ့တော့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေ ကပ်ပြီးနှိပ်စက်တာခံနေရမှာပဲ။ ဒီဒုက္ခတွေက လွတ်မြောက်ရာကို သွားချင်ကြတယ်ဆိုရင်တော့ အပ္ပမာဒ လက်နက် အသင့် ရှိကြရမှာဖြစ်ပါတယ်။ သတိ၊ အသိ၊ ၀ီရိယ ဆိုတာကတော့ ဒီလက်နက်ကို ထက်သထက် ထက်အောင် သွေးပေးနေတာတွေပါပဲ…


အရှုးပမာ
ဝိပဿနာ ကင်းက မိုက်မောဟ
အရှုးထ၍နေလေသည်။
ခန္ဓာအနိစ္စ ယူနိစ္စ အရှုးထ၍နေလေသည်။
ခန္ဓာဒုက္ခ ယူသုခ အရှုးထ၍နေလေသည်။
ခန္ဓာအနတ္တ ယူအတ္တ အရှုးထ၍နေလေသည်။
ခန္ဓာအသုဘ ယူသုဘ အရှုးထ၍နေလေသည်။
မှတ်မှား သိမှား အယူမှား
အမှား သုံးမှား ရှိလေသည်။
ဝိပဿနာရှုက တစ်ခဏ
အရှုးထ ပျောက်ကင်းရလေသည်။
ဝိပဿနာ မပါ မဂ် မလာ
အရှုးသာ ထ၍နေလေသည်။
ဝိပဿနာပါမှ မဂ်လာရ
အရှုးထ ပျောက်ကင်းရလေသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား

10


ညခင်းရဲ့လမင်း ဘလော့လေးမှာ အခုတစ်လော တက်ဂ်ပိုစ့်လေးများ နဲ့ ဝေဆာနေပါတယ်။ အခုတစ်ခေါက် ဘလော့ကာ အစ်ကို ZOX ရဲ့ တက်ဂ်ကိုရေး ပါဦးမယ်။

ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား

ညခင်း အင်တာနက်ကို သုံးခဲ့တာ ဒီနှစ်မပါ အ၀င် ၈နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၈နှစ်တုန်းက ဆို...ညခင်းတို့ မြို့လေးမှာ အင်တာနက် ၊ အီးမေလ်း ဆိုတာ ကို လက်ချိုးရေ လိုရအောင် သုံးသူနည်းပါးပါတယ်။ Dial_up စနစ်...ဖုန်းလိုင်းနဲ့ချိတ်ဆက်သုံးခဲ့ရတာပါ။ အလုပ်ခွင်မှာ အသုံးပြုဖို့အတွက် လေ့လာခဲ့ရင်း... နည်းစနစ် တွေလည်း တိုးတက်လာကာ အခုဆို ADSL လိုင်းနဲ့ သုံးလို့ရတဲ့အထိ တိုးတက်လာတော့ ကိုယ်လိုချင်တဲ့ အသိပညာ၊ ဗဟုသုတတွေ တိုးပွားဖို့ အခွင့်အလမ်းပိုသာလာပါတယ်။

အခုဆို...မြို့အတွင်းမှာလည်း အင်တာနက် ကဖေးတွေ များပြားလာပြီး အင်တာနက် မသုံးတတ်သူ လူငယ်ဆိုတာ ရှားလာပါပြီ။ အခုလူငယ်များ အင်တာနက်ကို လက်ဆင့်ကမ်းတာ ဘယ်လောက် မြန်ဆန်သလဲဆိုရင် ချက်တင်ဆိုတာ တော်တော် ခေတ်စားနေပါပြီ။ချက်တင်လုပ်တာ မကောင်းဘူးလား လို့မေးရင်...ကောင်းအောင် အသုံးချ တတ်ရင် ကောင်းပါတယ်။ အင်တာနက်ဆိုတာကို ချက်တင်ကနေ စတင်ခဲ့တယ် ဆိုရင်လည်း သင့်လျှော်ရာ ပညာရပ်များ၊ နည်းပညာများ မိမိသက်ဆိုင်ရာ ဗဟုသုတကို ရှာမှီးရင်း အင်တာနက် အတွေ့အကြုံကိုမြှင်တင်ယူဖို့လိုပါတယ်။ ဂျီတော့နဲ့ တခြား ချက်တင် ပရိုဂမ် တွေကလည်း မရိုးနိုင်အောင် ရှိနေတော့ ကိုယ့်အတွက် အသိပညာ၊ ဗဟုသုတတွေ မရပဲ ချက်တင်နဲ့ အချိန်ကုန်နေမဲ့အစား...ဘလော့တစ်ခု ဖန်းတီးရင်း ကိုယ့်အသိပညာတွေကို ဖြန့်ဝေပါ၊အများ သူငှာ ဝေငှသော အသိပညာတွေ လည်းရှာဖွေရင်း ဘလော့လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ညခင်းရဲ့ လမင်း ဘလော့ လေး အတွေ့အကြုံကိုပြောပြရရင်...ဘလော့လေးကို စတင်ခဲ့တာ(၂)နှစ်ပြည့်ရန် …၄လပဲ လိုပါတော့တယ်။ အလုပ်တစ်ဘက်နဲ့သူမိုလို့ အလုပ်လဲ မလစ်ဟင်းရအောင် ကိုယ်ရေးထားတဲ့ ဘလော့လေး လဲမလစ် ဟင်းရအောင်နဲ့ မနက် ၁၀နာရီမှ ညနေ ၆နာရီအတွင်း ရောက်ယှက် ကိုခပ်နေအောင် လုပ်ရတာ။ ဒီကြားထဲ နက်မကောင်းရင် စိတ်ညစ်ရတယ်ပေါ့။ freedom နဲ့ကျော် ဟို proxy နဲ့ကျော် ဟိုကျော်ဒီကျော်ပေါ့...။ဒါပေမဲ့ စိတ်မပျက်ပါဘူး....အခုဆိုပိုစ့်ပေါင်း ၃၁၄-ခု၊ ရေးသားခဲ့ပြီးပါပြီ။ ပထမဆုံး လိပ်စာလေးကတော့ www.nyahkinyaelamin.blogspot.com ပါ၊ ၂၀၀၈ခုနှစ် သြဂုတ်လမှာ တော့ Wordpress ( www.nyahkinyaelamin.iblogger.com)သို့ ပြောင်းခဲ့ပါတယ်။ Wordpress လေးနဲ့လည်း ရင်းနှီးအောင် တော်တော်ကြိုးစားခဲ့ရတယ်။ ဒီကြားထဲပျက်မလိုဖြစ်လို့ စိတ်ညစ်ခဲ့ရပါသေးတယ်။ နောက်ဆုံးတော့ လုံးဝ ကို ပျက်သွားခဲ့ပါတော့တယ်။ တော်သေးတာက စာတွေကို backup လုပ်ထားရင်း www.nyahkinyaelamin.co.cc လေးကိုလည်း လုပ်ထားမိလို့ရေးပြီးသားစာတွေ ပြန်ရပါတယ်။ ၃.၄.၂၀၀၈ မှ www.nyahkinyaelamin.com လိပ်စာလေးသို့ပြောင်းရွှေ့ခဲ့တာပါ။

အခုလို တစ်နှစ်ခွဲတာ ကာလအတွင်းမှာ ဘလော့နဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ တော်တော်လေး ရခဲ့တယ်။မနက်ဆို ကွန်ပျူတာရှေ့ရောက်တာနဲ့ ဘယ်သူတွေများ ဘာပြော သွားခဲ့ကြ မလဲ။ ပိုစ်လေးကရော… စီဘောက်လေးထဲမှာရော… နဲ့အိမ်လည်သွားလို့…..ဖိတ်ခေါ်လို့ လာလည်ကြတာလား၊ ကိုယ်မရောက်ဖြစ်ပေမဲ့ အမြဲလာအားပေးတာ ရော ဘယ်နှစ်ယောက်လဲ ရေတွက်ရတာ အမောပါ။ ကိုးလို့ကန့်လန့်ပြောသူတွေ နဲ့လည်းကြုံခဲ့ရဘူးတယ်။ညခင်းနဲ့လမင်းမရောက်ဖြစ်ပေမဲ့ အမြဲအားပေး နေတဲ့ အစ်ကို၊ညီမ နဲ့မောင်လေးများလည်း ရှိနေပါတယ်။ ဘလော့ မောင်နှမများရဲ့ ချစ်ခင်စွာ အားပေး လက်တွဲခေါ်ယူမှုကြောင့် ဒီလောက် ခရီးရောက်ခဲ့တယ်လို့ဆိုရပါမယ်။ ဘလော့လေးက ရတဲ့အကျိုးကျေးဇူးအဓိက ကတော့ စာဖတ်ဖြစ်ခြင်းပါ။ ပိုစ့်တစ်ခုတင်တော့မယ် ဆိုရင် အကြောင်းအရာ ရှာရပါတော့တယ်။ ဒီအကြောင်းအရာရဖို့စာဖတ်ရပါတယ်။ နောက်...ကိုယ်သိတဲ့ဖတ်ထားတဲ့ ရှာဖွေထားတဲ့ ဗဟုသုတတွေကို သူများကိုဖြန့်ဝေနေသလို၊ သူများဖြန့်ဝေတဲ့ ဗဟုသုတလေးတွေကို လည်းဖတ်ဖြစ် ပါတယ်။

ညခင်းနဲ့လမင်း ရင်ထဲရှိတဲ့ခံစားချက်များ၊ ဗဟုသုတများ၊ မှတ်စုလေးများ၊ ဘာသာရေးအသိလေးများကို ရိုးသားစွာ ဖော်ထုတ်ပြသခွင့် ရတဲ့အတွက် ကြည်နှုးမိပါတယ်။ ကိုယ်အတွက်ကိုယ့်ပတ်ဝန်းကျင် အတွက် ဘာတွေများ စွမ်းဆောင် ပေးနိုင်ကြဦးမလဲ…စဉ်းစားရင်း...ဖတ်မိတဲ့ လူတိုင်း အတွက် ရသမြောက်စွာ ခံစားနိုင်စေဖို့ မျှဝေခံစားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ချက်တင်မှာပဲ အချိန်တွေ ကုန်မနေပဲ ဘလော့ လေးတစ်ခုလောက် စတင်လုပ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဘလော့အတွက် အကူအညီလိုလျှင် လည်း အချိန် မရွေးကူညီဖို့ အသင့်ပါ။ အင်တာနက် သုံးခြင်း၊ ဘလော့ရေးခြင်းဖြင့် .........

မှတ်ဖွယ်မှတ်ရာ..

မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်
ဖတ်ပြန်သော်ကား၊ ဖတ်ပြန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာရှိသည်သာတည်း။ (ရှင်မဟာရဋ္ဌသာရ)

အားလုံးကိုချစ်ခင်လေးစားလျှက်…
ညခင်းသာတည

ဆိုညည်းဖူးသော သီချင်းများ။

7

ဆိုညည်းဖူးသော သီချင်းများတဲ့....ညီမငယ် မချစ်ရ အလုပ်ပေးသွားပါတယ်။...(အဲလိုသဘောမထားပါဘူး) တက်ပိုစ့် တစ်ခုရေးတိုင်း မုန့်တစ်ခါကျွေးမယ်လို့ ညီမငယ်က ကတိပေးထားပါတယ်... အဲလိုဆိုတော့ ရေးရမှာပေါ့နော့်....:PP အဟဲ... သီချင်းတွေက တော့ ဆိုညည်းဖူးပါတယ်။ ပြောပြရင်တော့ အရှည်ကြီးပါပဲ။

မနက်မိုးလင်းက တဲက
အိမ်မှာမေတ္တာပို့သီချင်းလေးဖွင့် လည်းလိုက်ဆိုလိုက်တာပဲ....(မေတ္တာပို့ရင်း...သံစဉ်လေးနဲ့ပေါ့...)

နောက်ပြီး အခုတစ်လော ခတ်စားနေတဲ့ သီချင်းလေးတွေလည်းနားထောင်ဖြစ်တယ်...စာသားကောင်းတာလေးတွေ ဆိုရင်တော့ လိုက်ပြီး ဆိုညည်းမိတာပေါ့....။ သီချင်းဆို အကုန်ကြိုက်တော့ အများကြီးမပြောပြတော့ဘူးနော်..။
~~~~~~~~~~ကိုယ့်အတွက် မင်းအချစ်ဟာ အနှိုင်းမဲ့....
အစားထိုးဖို့ ထပ်တူမရှိခဲ့~~~~~~~~~~~~

နောက် ...ငယ်ငယ်တုန်းကတည်းက နားထဲမှာ အခုအထိမရိုးနိုင်တဲ့ အင်္ဂလိပ် သီချင်းလေး တစ်ပုဒ်လည်းရှိတယ်။
~~~LOVE YOU MORE THAN I CAN SAY~~~
Bobby Vee

Wo-oh yay yay
Love you more than I can say
I’ll love you twice as much tomorrow
Wo-oh, love you more than I can say

Wo-oh yay yay
I miss you every single day
Why must my life be filled with sorrow
Wo-oh, love you more than I can say

Don’t you know I need you so
Tell me please, I gotta know
Do you mean to make me cry
Am I just another guy

Wo-oh yay yay
I love you more than I can say
I’ll love you twice as much tomorrow
Wo-oh, love you more than I can say

နောက်ရှိပါသေးတယ်....သံဝေဂ တရားနဲ့ တရားသဘောလေးပါတဲ့ သီချင်း...
ရေး၊ဆို- ဆရာကြီးဦးသုခ
ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ . . . ။
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ.. ။လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ ပျော်လိုက် ရွှင်လိုက်၊ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန် အကြောင်းကံ ကမ္မဿကာ . .။
ဩော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . . . တဲ့ ၊ ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ ဘယ်ဟာ မတည်မြဲ ဖောက်လွဲ ဖောက်ပြန်
အကြောင်းကံ ကမ္မဿကာ . . . ။
တွေ့ကြုံ.. ဆုံကွဲ.. ခရီးတည်း.. ၀မ်းနည်း.. ၀မ်းသာ.. ၀ိပ္ပလ္လာ။
ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာလဲ ဖြစ်ရမှာ . . . ။
ဩော် . . . ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလဲ ဖြစ်ရမှာ . . .။
ဟင်း . . . သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့…..
တေးဘုမ္မာ . . . အဲဒါ.. အဲဒါ.. အဲဒါ.. ဘ၀သံသရာ။
ဘ၀သံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်း သွားကြတာ . . . ။
“ ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိက(မွေးဖွားခြင်း)အစ မရဏ(သေဆုံးခြင်း)အအထိ
အဲဒီကာလလေးလို့ သိကြရပါတယ်။ အဲဒီ ဘ၀ဟာ တစ်ဘ၀ထဲနဲ့ ပြီးသွားကြမလား ?
ဘ၀ပေါင်းများစွာ ရွေ့လျာနေရတဲ့အတွက် သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်။

အဲသလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်၊ ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်၊ ဗြဟ္မာပြည် တ၀င်းဝင်း ၀က်စားကျင်း တရှုတ်ရှုတ် ကမ္မဆိုတဲ့ စက်ခလုပ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက . . .
(ခရီပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ။

အဲသလို သံသရာ မဆုံးမချင်း သွားကြရတာက ဘယ်သူတွေရဲ့ ပယောဂပါလဲ?
စဉ်းစားကြည့်လိုက်တော့ . . .
(ဩော် . . . လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ . တဲ့ . . . ။ )

အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ဆိုတဲ့အတိုင်း စုံလုံးကန်းတဲ့ အ၀ိဇ္ဖာကြောင့် သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ။ ဒါကို ဘ၀တိုင်း၊ ဘ၀တိုင်း ကောင်းတာလေးတွေ့တော့ ပျော်လိုက်ကြ၊ မြူးစရာလေးတွေ့ တော့ ရွှင်လိုက်ကြ ၊ ဒုက္ခဆင်းရဲတွေ့တော့ ငိုလိုက်ကြ၊ ကိုယ်လိုချင်တာလေး ရတော့ ရယ်လိုက်ကြ၊ ဒါပေမဲ့ ဘယ်ဟာမှ မမြဲကြပါဘူး။

တွေ့တယ် ကြုံတယ် ဆုံတယ် ကွဲတယ် ၀မ်းနဲဝမ်းသာ ၀ိပ္ပလ္လာသတရားတွေမို့
ဖြစ်ချင်တာလဲ ဖြစ်ချင်မှ ဖြစ်ကြမယ်။ မဖြစ်ချင်ပါဘူးဆိုလဲ မဖြစ်မနေ ဖြစ်ကြရမယ် ။

အဲဒီလို တေးဘုမ္မက ၀ဋ်ဒုက္ခဆိုတဲ့ ၃၁-ဘုံက လွတ်ကင်းအောင်လို့ ဇွတ်အတင်းထွက်နိုင်ကြဖို့ကလဲ သန်းခေါင်လကွယ် တောအုပ်ကျယ် လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ် ကရွတ်ပေါ် ကင်းများ လျှောက်သလို ၀ိုင်းကြီးပတ်လဲ ဘ၀မဆုံးဘဲနဲ့ ဒုက္ခတုံးကြီး ရင်ဝယ်ပိုက်နေကြရတဲ့အတွက် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတွေ ရင်ဝယ်ပိုက်နိုင်အောင် ကြိုစားကြဖို့ ။
သုံးဆယ့်တစ်ဘုံ ၀ဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ . .
အဲဒါ.. အဲဒါ.. အဲဒါ.. ဘ၀သံသရာ.........

ဘယ်လောက်ကောင်းတဲ့ သီချင်းလေးလည်းနော်...ညခင်းတို့ ကိုယ်ဝါသနာပါရာ အလုပ်(သီချင်း လေး)ဆိုတာပဲဖြစ်ဖြစ် လုပ်တဲ့အခါ...ဆိုသူရော....ကြားသူပါ...အသိတရားလေး ရရှိစေတယ် ဆိုရင် ကောင်းတဲ့အလုပ်ပါ။ ညီမငယ် မချစ်ရ ရေ ကျေးဇူးနော်။

ညခင်း ကလည်း ဆက်ပြီး ခင်ရတဲ့ မောင်နှမတွေ ကို တက်ဂ်ပါဦးမယ်.....။
မပန်းကဗျာ (နာမည်လေးကိုက သံစဉ်ပါတယ်)
လမင်းလေး (အသစ်လေးပေါ့ ကဗျာတွေရေးတယ်)
ဧရာဝတီသား (ဘလော့ ပရိုဖိုင်မှာ စာရေးသူ တစ်ဦးပိုလာတဲ့ မောင်ငယ်လေး)
အမေ့လက်ရာ (စုံစီနဖာ အစတွေဆွဲထုတ်တတ်သူ)

အဲဒီမောင်နှမတွေ ... ဆိုရင် သီချင်းကောင်းကောင်းဆိုတတ်မှာသေချာတယ်။ ရေးပေးပါလို့တောင်းဆိုပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

N For ညခင်း

8


ညီမငယ် မချစ်ရမှ.... တီလေးညခင်းရေ လာကြည့်ဦး တက်ဂ်ထားတယ် ဆိုလို့...ဘုရားတ ရင်းသွားကြည့်လိုက်တော့...ကိုယ့်နာမည် အစဦးဆုံး စကားလုံး မှ စပြီး အင်္ဂလိပ် အက္ခရာ တွေနဲ့ စတဲ့  အရာဝတ္ထု ၊ အကြောင်းအရာတွေ ကို ရေးရပါမယ် တဲ့  ။ အင်း....အကြောင်းအရာတော့ သိပြီ...ဘယ်လို စရမှာလည်း... ကြည့်လိုက်တော့...ဒီ တက်ဂ်ပိုစ့် လေး မှာ လိုက်နာရမယ့် စည်းမျဉ်းလေး တွေ့ပါတယ်။

ညခင်းရဲ့ N က တော်တော်ခေါင်းစားပါတယ်...ဒါနဲ့ဘယ်ရမလည်း...ညခင်းရဲ့ အစ်ကို နဲ့ အစ်မ ကို
~~~HELP ME ... HELP ME... ~~ လို့အော်လိုက်တော့...စကားလုံးတွေ ထွက်ကြလာပါလေ ရော....
ကဲစမယ်နော်....စည်းမျဉ်းလေးနဲ့ မကိုက်ညီရင်လည်း ဖြည့်တွေး၊ ဖြည့်ဖတ်ပေးဖို့ တောင်းပန်ပါတယ်...။

Rules: It's harder than it looks! Copy to your own note, erase my answers, enter yours. Use the first letter of your name to answer each of the following questions. If the person before you had the same first initial, you must use different answers. You cannot use any word twice and you can't use your name for the boy/girl name question.

1. What is your name: Nyahkin (ညခင်း… :P)

2. A four Letter Word: Need

3. A Boy's Name: Nicky (Westlife)

4. A girl's Name: Nicole Kidman

5. An occupation: Networking

6. A color: Nimbus (တိမ်ရောင်)

7.Something you wear : Necklace

8. A food: Nangyi thout (နန်းကြီးသုတ်)

9.Something found in the bathroom : Nail-Brush

10.Country : Norway

11. Flower : Narcissus (နာစစ်ဇပ်…လေးကျွန်းစင်္ကြာပန်း)

12.Exclamation : Not..!

13. Movie title : Ninja

14.Something you drink : Nest coffee (အရမ်းကြိုက်)

15. A musical group : Nightingale ( မိုးစွေငှက်)

16.An animal : Nag (မြင်းပေါက်စလေး)

17.A street name : Nut-Chaung (နတ်ချောင်းလမ်း)

18.A type of car : Nissan (မကြိုက်ဆုံးကား)

19.The title of a song : Nothing more Nothing less

20.The reason for being late : Nervous (စိတ်လှုပ်ရှား နေတယ်…ဘာရေးရမှန်းမသိလို့)

ညီမငယ် မချစ်ရရေ..... ဒီလောက်ဆိုကျေနပ်မယ် ထင်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သူ့ကြွေးရှိက ဆပ်ရမည်.....

5


သူ့ကြွေးရှိက ဆပ်ရတဲ့ အကြောင်းကတော့.....

၁။မြတ်စွာဘုရားရှင်လက်ထက်တော်က စက္ခုပါလမထေရ်မြတ်အကြောင်းဖြစ်ပါတယ်။ စက္ခုပါလမထေရ်ဟာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကို ကြွမလာခင်ကတည်းက တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။ အဲဒီ ကာလကတည်းက မျက်စိရောဂါဖြစ်လို့ ဆေးကုသခဲ့ပါတယ်။ ဆေးဆရာက မျက်စဉ်းခတ်တဲ့အခါမှာ လဲလျောင်းပြီးခတ်ရပါမယ်။နို့မဟုတ်ရင် မျက်စိပြန်မကောင်းနိုင်ပါဘူး လို့ လျှောက်ထားခဲ့ပေမဲ့ စက္ခုပါလမထေရ်က လျောင်းစက်တဲ့ အနေအထားကိုရှောင်ပြီး သွားတာ၊ ရပ်တာ၊ ထိုင်တာကိုပဲ ပြုပြီး တရားအားထုတ်တော်မူခဲ့ပါတယ်။ ဆေးဆရာလာကြည့်တဲ့အခါ အရှင်မြတ်ရဲ့ မျက်စိများဟာ ပျက်စီးနေပြီဖြစ် ပါတယ်။ အဲဒ်ီတော့ ဆေးဆရာကလည်း နောက်ဆုတ်သွားခဲ့ပါတယ်။

အဲသည် အဖြစ်က အခုဘ၀မှာဖြစ်တာ လောက်ပါ။ တကယ်တော့ ဘယ်လောက်ကြာရှည်နေပြီလို့ မသိနိုင်တဲ့ သံသရာတစ်ကွေ့မှာ စက္ခုပါလမထေရ်မြတ်အလောင်းလျာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ အဲသည်ဘ၀မှာ အရှင်မြတ်က ဆေးဆရာဖြစ်တော့ မျက်စိရောဂါပြင်းထန်စွာဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်က ဆရာရယ် ကျမရောဂါပျောက်အောင်ကုသပေးပါ။ တစ်မိသားစုလုံး ကျွန်ခံပါ့မယ်လို့ ပြောပြီး ဆေးကုသခံသတဲ့။ သူ့ရောဂါ ပျောက်ခါနီးလောက်ကျတော့ ဆေးဆရာက လာကြည့်ပါတယ်။ ပျောက်လုပြီဆိုတာ သိပါတယ်။ သိပေမယ့် ဘယ်လိုနေသေးလည်းမေးတာပေါ့။ အမျိုးသမီးက ဆေး ကုခမပေးချင်တော့ ညာပြီး ပြောပါတယ်။ အစောပိုင်းကတော့ တော်တော်ကောင်းသွားပါတယ် ဆရာ၊ အခုတော့ ပြန်ပြီး ထိုးကိုက်လာပြန်ပါတယ်လို့ လိမ်ပြောပါသတဲ့။ ဆေးဆရာက ဒီအမျိုးသမီးတာ့ ညာနေပြီ သိကြသေးတာပေါ့ လို့ ဆိုပြီး နောက်တစ်ခေါက်အလာမှာ ဆေးပြောင်းပေးမယ် လို့ဆိုပါတယ်။ နောက်တစ်ခေါက်အလာမှာလည်း ဘေးဖြစ်စေတဲ့ ဆေးမြစ်ကိုသွေးပြီး မျက်စိကိုကွင်းပေးလိုက်တာ လိမ်လည်တဲ့မိန်းမ ဟာ တစ်ခါတည်းပြန် ပြီး မျက်စိကွယ်သွားပါတော့တယ်။ လူနာ အမှားအပေါ် ဆေးဆရာ အမှားက ပိုဆိုးသွားခြင်းပါ

အဲသည်လို သူတစ်ပါးကို မျက်စိကွယ်စေခဲ့တဲ့ စက္ခုပါလမထေရ်ဟာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တဲ့ ဘ၀ ကို ရောက်တာတောင်မှ မျက်စိကွယ်ခြင်းနဲ့ ပြန်ပြီးပေးဆပ်ရပါတယ်။ ၀ဋ်ကြွေးကို လျှော်ပစ်လို့မရပါဘူး။ အခုဘ၀မှာ ကိုယ်အပြစ်မရှိအောင်နေတဲ့ကြားက ဆိုးရွားတဲ့ဖြစ်ရပ်များနဲ့တည့်တည်တိုးတာ ၊ ဝေဒနာများကို ခံစားရတာ စတဲ့အဖြစ်တွေကြောင့် ဒေါသဖြစ်ကာ ဆူပူသောင်းကျန်းတာမျိုး၊ သူတစ်ပါးကိုပြန်ပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ တင်ပြီးသားကြွေးကိုသာ ကုန်စင်အောင်ပြန်ဆပ်လိုက်တာ ကောင်းပါတယ်။

၂။နောက်တစ်ခု သတိရမိတာကတော့....မြန်မာ့သမိုင်းမှာလည်း မိဖုရားကြီး နန်းမတော်မယ်နု ကိုသေဒဏ်ချလိုက်ပြီး....သတ်တော့မှာသေချာတဲ့အချိန် ....မိဖုရားကြီးက အခွင်အရေးတစ်ခု တောင်း ပါတယ်။ အဲဒီ အခွင့်အရေးကတော့ ဆရာတော်ဦးဗုဓ် ကို ကိုယ်တိုင်ဖူးမြင်ခွင့်ပေးပါ ဆိုတဲ့အခွင့်ဖြစ်ပါတယ်။ မင်းက လည်း သာသနာရေးကို မပိတ်ပင်ပါဘူး။ အဲတော့ မယ်နုက ဆရာတော်ရဲ့ကျောင်းပေါ်ကိုတက်သွားပါတယ်။ ဆရာတော်က ပုရပိုဒ်တစ်ချပ်ကိုကိုင်ပြီး စာဖတ်နေတော် မူပါတယ်။ မယ်နုက တပည့်တော် မိနုပါဘုရားလို့ လျှောက်ထားရင်းထိုင်ကန်တော့အပြီးမှာ တပည့်တော်ကို စီရင်ကြတော့မှာပါဘုရားလို့ လျှောက်ပါတယ်။

အဲဒီအခါ ဆရာတော်က တရားနည်းလမ်းကျနစွာနဲ့ တစ်ခွန်းပဲမိန့်တော်မူပါတယ်။ မိနု သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ မယ်နုကလည်း အပိုစကားတစ်လုံးမှ မပြောကြားပဲ မှန်ပါ နားလည်ပါပြီဘုရားလို့လျှောက်ထားပြီး နောက်တစ်ကြိမ်ကန်တော့အပြီး ပြန်သွားခဲ့ပါတယ်။ ဒီဇာတ်ကြောင်းလေးက ရဟန်းပီသတော်မူတဲ့ ဆရာတော်နဲ့ ဆရာတော်ဆုံးမတဲ့ နိယာမ ကို ကောင်းစွာ နား လည်ပြီး ပြန်သွားတဲ့ မယ်နုရဲ့ တည်ကြည်ခိုင်ခန့်တဲ့စိတ်ထား ကို သိနားလည်ခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်ရင်း နားထဲမှာ ထင်ဟပ်နေတဲ့ ပဲ့တင်သံ ကတော့......

~~~~သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ။သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။ သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။~~~~

ရွှင်လန်းချမ်းမြေ့ကြပါစေ။
မညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers