အရှင် ဆန္ဒာဓိက ၏တရားတော်များ

5

 အရှင် ဆန္ဒာဓိက ၏တရားတော်များ
တိုက်ရိုက် နာကြားနိုင်ပါသည်။


http://www.dhammaweb.net မှ တဆင့် ဓမ္မမိတ်ဆွေများ နားကြားနိုင်ရန် နှစ်သစ်ကူးလက်ဆောင်အဖြစ် ဖော်ပြပါသည်။
မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


ဘ၀နေနည်း

0

ပထမ ရွှေကျင်ဆရာတော် ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းတွေကို  သြ၀ါဒပေးတော်မူခဲ့ပါတယ်။

-တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။

-နံသာတုံးသည် မီးရှို့သူကို မကျွှမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။

-လူကောင်းသည် အရှုးနှင့် ပြိုင်၍ အ-၀တ်မလှစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့် ပြိုင် ၍ ဒေါသမဖြစ်ကောင်း။

-ကျားကြောက်၍ပြေးစဉ် ခွေးဟောင်းသည်ကို အရေးမယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) မသူတော် ညှဉ်းသည်ကို အရေးမယူရ။

-ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။

-ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိတဲ့။

ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒက နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုစရာမလိုအောင်ကို ပြည့်စုံလှပါတယ်။ သူတော်ကောင်းတရားကို မြတ်နိုးသူဟာ ပတ်ဝန်းကျင်က သံပုရာသီးကို ပေးလာရင်လည်း ကိုယ်က ဖျော်ရည်ဖြစ်အောင်လုပ်ပြီး  သောက်တတ်ရမှာ ဖြစ်သလို၊ ဘယ်လို လောကဓံနဲ့တွေတွေ့ ပါရမီမြောက်အောင် နေတတ်ရင် ဘုရားလောင်းတို့ရဲ့ ဘ၀နေနည်းလို့ခေါ်နိုင်ပါတယ်။

မီးလောင်ထားတဲ့ စက္ကူဟာ ပွတ်သပ်ထိခတ်လိုက်တာနဲ့ ကြေမွသွားသလို ပတ်ဝန်းကျင်က ကိုယ်ကိုမလိုပြောတဲ့ ကဲရဲ့သံလေး ကြားရခါမျှနဲ့လည်း ဒေါသအပူမီးတွေလောင်မြိုက် ခံရမယ်ဆိုရင် ဘ၀နေနည်း မမှန်တော့ကြောင်း ဆုံးမထားပါတယ်။  လောက လူတချို့က  သူများပျက်စီးဖို့၊ အထင်အမြင်လွဲစေဖို့၊ လူကြားမှာ မျက်နှာမပြရဲစေဖို့၊ တွန်းအားပေး ပြစ်တင် ကဲ့ရဲ ရှုံချမှုတွေရှိတတ်ကြပါတယ်။ များသောအားဖြင့်သည်းခံ နိုင်ဖို့ မလွယ်ကူ တတ်ကြ ပါဘူး။ ကိုယ်က သည်းခံနေလိုက်တာနဲ့ ခန္တီပါရမီမြောက်သွားတဲ့အတွက် ဘာမှ မကုန်ဘဲ အမြတ်ရလိုက်မှာပါ..။ ကဲရဲ့သူ၊ပြစ်တင်သူ အဖို့မှာတော့ အမြတ်မရတဲ့အပြင် အရင်းပါရှုံးသွားမှာပါ။ တကယ်တွေးကြည့်ရင် အရှုံးခံပြီး ကိုယ်ကို အရင်းထုတ်ပေးသွားတာပါ။ ရအောင်ယူတတ်ရမှာဖြစ်ပါတယ်။

ညခင်း
23.12.2010

မနက်ဖြန်နှင့်နောက်ဘဝ

1

ဘုရားရှင်လက်ထက်တော်တုန်းက သူဌေးတစ်ယောက်က သူ့အိမ်နားမှာ ရွံ့ဗွက်အိုင်တစ်ခုရှိတဲ့အတွက် လူတွေ သွားရေးလာရေး ခက်ခဲနေတာကို ၀ရံတာက နေမြင်နေရလို့ ဘယ်သူမှ မသုံးတဲ့ နွားခေါင်းရိုးကြီးကိုချ ထားပြီး တံတားအဖြစ် ခင်းပေးလိုက်တယ်။ လူတွေက နွားခေါင်းရိုးကြီးကို နင်းနင်းပြီး သက်သက်သာသာ သွားလာ နေကြတာကို သူဌေးက ၀မ်းသာနေပါတယ်။

ညနေစောင်း အချိန်ရောက်တော့ သူဌေးက လမ်းလျောက်ထွက်လာရင်း သူငယ်ချင်းတွေကို မြစ်ထဲမှာ အ၀တ်မပါပဲ ရေချိုးနေတာ မြင်ရလို့ နောင်ပြောင်လိုတဲ့ ဆန္ဒနဲ့ အ၀တ်တွေကို ယူပြီး ၀ှက်ထားလိုက်ပါတယ်။ ရေချိုးနေတဲ့ သူငယ်ချင်းတွေက ၀ှက်တဲ့ နေရာကို မြင်ရပေမယ့်လည်း အ၀တ်မပါဘဲ ရေချိုးနေကြတာမို့ မလုပ်ဖို့ တောင်းပန်ရုံကလွဲပြီး ဘာမျှမတတ်နိုင်ကြတော့ နေရောင်ပျောက်အောင် စောင့်ပြီးရေစိမ်နေကြရပါတယ်။

သူဌေးဟာ သူ့လုပ်ရပ်ကိုကြည့်ပြီး ကျေနပ်နေပါတယ်။ ညပိုင်းရောက်တော့ သူဌေးရဲ့တူတော်မောင်က ဘုရင့် ဘဏ္ဍာတိုက်ဖောက်ခိုးပြီး ပစ္စည်းတွေကို သူဌေးအိမ်ကို သယ်လာခဲ့တဲ့အခါ တာဝန်ရှိသူတွေက လက်ပူးလက်ကြပ်မိသွားလို့ သူဌေးရော၊ သူခိုးပါ မင်းပြစ်မင်းဒဏ်သင့်ကြပါလေရော (ညတွင်းချင်း ကွပ်မျက်ခံရပါလေရော၊ သူဌေးက ကွပ်မျက်ခံရခါနီးမှာ တစ်နေတာရဲ့ ကုသိုလ်အကုသိုလ်ကို စဉ်းစားရင်း သေရတာမို့ ဘုမ္မစိုးနတ်မင်းကြီးဖြစ်သွားပါတယ်။

ဘုမ္မစိုးနတ်မင်းကြီးဟာ သွားလိုရာကို ဖျက်ခနဲတောင် ရောက်နိုင်တဲ့ အဖြူရောင် နတ်မြင်းပျံကြီးတစ်ကောင် ရထားတဲ့အပြင်၊ အလွန်လျင်မြန်တဲ့ တန်ခိုးသတ္တိတွေကြောင့် နတ်အချင်းချင်းရဲ့လေးစားမှုကိုလည်း ခံယူရပါတယ်။ ဘုမ္မစိုးနတ်မင်းကြီး အဲသလို တန်ခိုးဣဒ္ဓိပါတ်တွေနဲ့ပြည်စုံပေမယ့်လည်း ခန္ဓာကိုယ်မှာတော့ အ၀တ်မပါပါဘူးတဲ့။

သူဌေးရဲ့ တစ်နေတာလုပ်ငန်းစဉ်ထဲမှာ မဖြစ်စလောက်လမ်းခင်းခဲ့တဲ့ ကုသိုလ်က ဘုမ္မစိုးဘ၀နဲ့ နတ်မြင်းပျံကို ရသလို၊ သူငယ်ချင်းတွေကိုနောက်ပြောင်တဲ့ အကုသိုလ်က လည်း အ၀တ်မပါတဲံ နတ်အဖြစ်ကို ဖန်တီးပေးလိုက်ပါတယ်။ သူဌေးမှာ စောစောက ပြုထားတဲ့ ကုသိုလ်တွေရှိပါတယ်။ သို့ပေမဲ့ လည်း နွားအိုက ခြံတံခါးအ၀မှာ အိပ်နေတာမို့ တံခါးဖွင့်တာနဲ့ အရင်ထွက်လာသလို၊ ကုသိုလ်အကုသိုလ် တွေက အကျိုးပေးတာ အံ့သြစရာ၊ သံဝေဂယူစရာ၊ ဆင်ခြင်စရာပါ။ ဒီနေ့နံနက် သူဌေး၊ ညရောက်တော့ ကိုယ်တုံးလုံး ဘုမ္မစိုးမဟုတ်ပါလား။

လူတစ်ယောက်မှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမှုအရာတွေကို အချိန်တိုင်းပြုလုပ်နေကြပါတယ်။ ပြုလုပ်တဲ့ လုပ်ငန်းစဉ် (ကာယကံ)၊ ပြောဆိုတဲ့ လုပ်ငန်းစဉ် (-၀စီကံ)၊ ကြံစည်တဲ့ (မနောကံ) တွေဟာ ပြန်လည်ရရှိလာမယ့် ဘ၀ပုံရိပ် အရင် အနှီးတွေ ဖြစ်တယ်ဆိုတာ လူသားတိုင်း သတိထားသင့်ပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


စိတ်ကူးလေးတွေ ယဉ်တတ်ကြပါစေ။

1


စိတ်ကူးယဉ်တယ်ဆိုရင် တချို့ က အထင်အမြင်သေးတတ်ကြပါတယ်။ ဘာအလုပ်မှ မလုပ်ပဲ ထီကလေး တစ်စောင်ထိုးပြီး တောင်တော်အီအီ အမည်မသိစိတ်ကူးယဉ်သူတွေ ရှိနိုင်သလို အမျိုးဘာသာ သာသနာအတွက် ဘယ်ဘက်ကနေ ပါဝင်ဆောင်ရွက်ရမလဲ၊ ငါဘယ်လိုအကျိုးပြုရမလဲ၊ တွေးတော ကြံဆနေကြသူတွေ လည်းအများကြီးရှိပါတယ်။စိတ်ကူးယဉ်တာ ဘာဖြစ်လာမှာလဲ ဆိုပြီး အထင်တော့ သေးချင်စရာပါ။ သို့ သော် သူတစ်ပါး ကောင်းကျိုး ချမ်းသာဖြစ်စေချင်တဲ့ ဆန္ဒကို နှလုံးသားထဲ မှာကိန်းအောင် ထားပြီး စိတ်ကူးပုံဖော်နေသူများသည်လည်း ရှိကြောင်းကို......

(တိလောက ၀ိဇယဇာတ်တော်) မှာ ဂေါတမဗုဒ္ဓအလောင်းတော် လောက၀ိဇယ ဆိုတဲ့ စကြာမင်းကြီးဟာ သံဃာတော်များ ခြံရံပြီး ငြိမ်သက်စွာ ကြွချီတော်မူနေတဲ့ ရှေးဘုရားရှင်များရဲ့ အသွင်ပြင်လက္ခဏာတော် ၊ ပစ္စေက ဗုဒ္ဓများရဲ့ ကြည်ညိုဖွယ်ရာ သွင်ပြင် လက္ခဏာတော်တွေကို စိတ်ထဲမှာ ထင်မြင်လာအောင် စိတ်ကူးယဉ်လိုက်ပါတယ်။ စိတ်ကူးယဉ်တဲ့အတိုင်း ထင်မြင်လာတဲ့ ဘုရားရှင်ကို လက်အုပ်ချီးမိုး ရိုသေစွာ ရှိခိုးလိုက်ပါတယ်။ ဒါတင်အားမရသေးဘဲ ရတနာမျိုးစုံ အောင်ခြယ်လှယ်ထားတဲ့ ဝေဇယန္တာ ရတနာ ဗိမာန်တော်ကြီးကို စိတ်ကူးထဲမှာ ဖော်ဆောင်ဖန်ဆင်းပြီး အထက်တန်းကျတဲ့ ကော်ဇောတွေ၊ ရေပြည့်အိုးတွေ၊ ပန်းမျိုးစုံပွင့်နေတဲ့ ပန်းအိုးတွေ အမွှေးနံ့  သာတွေ တလှိုင်လှိုင်သင်းနေအောင် ခင်းကျင်းထားတဲ့အပြင် ကျယ်ပြန့်တဲ့ တံခါးပေါက်ကြီးတွေကနေ ဒကာတော်ရဲ့ ပင့်ဖိတ်ချက်အရ ဘုရားရှင်နဲ့ တကွ သံဃာတော်တွေငြိမ်သက်စွာ ကြွလာတော်မူကြပြီး ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေပလ္လင် အသီးသီးမှာ ထိုင်နေတော်မူကြတဲ့ပုံကိုလည်း စိတ်ကူးယဉ်လိုက်ပါတယ်။ ပြီးတော့....

လူပြည် နတ်ပြည်မှာ ရှိသမျှ အထည်ကောင်းတွေ စုပေါင်းပြီး ဘုရား၊ ပစ္စေက ဗုဒ္ဓါ ရဟန္တာ သံဃာတော်များကို သင်္ကန်းအဖြစ် လှူဒါန်းတဲ့အပြင်၊ မွန်မြတ်တဲ့ ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာကိုလည်း သပိတ်ပြည့်အောင် ဆက်ကပ်နေတဲ့ပုံကို စိတ်ကူးယဉ်လိုက်ပြန်ပါတယ်။ ဘုရားရှင်နှင့်တကွ သံဃာတော်များ ဆွမ်းစားပြီးကြတဲ့အခါ  ဆိုင်ရာ ရတနာ တိုက်ခန်းအတွင်း ၀င်တော်မူကြပြီး တချို့က ဈာန်ဝင်စားနေကြပုံ၊ တချို့  က ပြဿနာမေးလျှောက် ဖြေကြားနေပုံများကို လည်း စိတ်ကူးယဉ်ထဲမှာ ပါလိုက်ပါသေးတယ်။

ဒါအပြင် ကြည်နှုးဖွယ်ကောင်းတဲ့ ဗိမာန်တော်ကြီးအနီးမှာ သီဆိုတီးမှုတ်တတ်သူတွေက မနေနိုင်အောင်ဖြစ်ပြီး တီးကြ၊ မှုတ်ကြ ကခုန်ကြတဲ့အပြင် ဆင်းရဲသားရယ်လို့ တစ်ယောက်တစ်လေမှ မရှိတဲ့ ပရိသတ်ကြီးက စကြာမင်းကြီးရဲ့ အလှူတော်ကို ကျေနပ်အားရစွာနဲ့ ပန်းမိုးတွေ၊ ဆန်ပန်းပေါက်ပေါက်တွေ ကြဲပြီး သာဓုခေါ်သံကြီးက ဗြဟ္မာဘုံရောက်အောင် ပျံ့လှိုင်သွားပုံအထိ စိတ်ကူးယဉ်လိုက်ပါတယ်။

စကြာမင်းကြီးဟာ သူ့စိတ်ကူးယဉ်သမျှအားလုံးကို အကောင်အထည်ပေါ်အောင် ဖော်ဆောင်တဲ့အပြင် နတ်ရွာစံကံတော်ကုန်တော့လည်း ကောင်းကျိုးတွေကို စိတ်ကူးယဉ်တဲ့ ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်မှာ ဖြစ်ရပါတယ်။ နတ်ပြည်ကနေ လူ့ပြည်ကို ရွှေ့ပြောင်းရောက်ရှိလာတော့လည်း ပညာအရည်အချင်း၊ ရုပ်ဆင်း အင်္ဂါ ဥစ္စာဓနတွေ ဘယ်သူကမှ နှိုင်းတုလို့  မရတဲ့ ဘ၀ကိုရရှိပါတယ်။

ဒီသာဓက ကိုကြည့်ရင် စိတ်ကူးယဉ်တာ ကုသိုလ်တောင်ရနေကြောင်းထင်ရှားပါတယ်။ သို့သော်လည်း ကုသိုလ် အကုသိုလ် ကိုတော့ခွဲခြား သိဖို့လိုပါတယ်။  အကုသိုလ်အတွေးစိတ်ကူးနဲ့ ဆိုရင်တော့ အပါယ်လား ပါလိမ့်မယ်။  သမ္မာသင်္ကပ- ကောင်းသော အကြံအစည် တော့ဖြစ်ဖို့လိုပါတယ်။ ပုထုဇဉ်တိုင်း လွပ်လပ်စွာ တွေးတောကြံစည် စိတ်ကူးယဉ်ခွင့် ရှိတဲ့အတွက် အကောင်းစိတ်နဲ့ ကြံစည်တွေးတော စိတ်ကူးတွေယဉ်နိုင်ကြပါစေလို့  ။
(တိလောက ၀ိဇယဇာတ်တော်၊ ရတနာဂုဏ်ရည် စာအုပ်)

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဓမ္မစရိယ မင်္ဂလာ

2


ဓမ္မစရိယ မင်္ဂလာ တရားမျှတမှန်ကန်စွာ ပြုကျင့်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏။


အဓိပ္ပါယ်မှာ တရားမျှတစွာ ကျင့်ကြံနေထိုင်ရမည်ဟု ဆိုလိုပါသည်။ တရားကျင့်ခြင်းဟူသည်မှာ မျှတစွာ ကျင့်ခြင်းဖြစ်သည်။ မျှမျှတတ မလုပ်ဘဲ နေရာတကာ အသာယူနေပါက ဓမ္မစရိယ မင်္ဂလာ ကျင့်စဉ်ကို မလိုက်နာရာ ရောက်ပါတယ်။


ရှေးအခါက ရွာတစ်ရွာတွင် ညီအစ်ကို၂ယောက်အမွေခွဲယူကြရာ နွားမတစ်ကောင်ကို အစ်ကိုကြီးက နောက်မြီးပိုင်းယူ၍ ရှေ့ပိုင်းခေါင်းပိုင်းကို ညီငယ်အား ပေး၏။ ညီငယ်သည် မိမိပိုင်သော နွားမခေါင်းပိုင်းအား အစာကျွေးရသည်။ ရေတိုက်ရသည်။


အစ်ကိုကြီးမူကား နွားမ၏ နောက်ပိုင်းမှ ထွက်လာသော နွားကလေးကိုယူသည်။ နို့ညစ်ယူသည်။ စောင်တစ်ထည်ကိုလည်း အစ်ကိုကြီးက ညဘက်တွင်ပိုင် ၍ နေ့ဘက်တွင် ညီငယ်ပိုင်စေသည်။ ညီငယ်မှာ နေခင်းတွင် စောင်ကို လျှော်ဖွပ်ခေါက်သိမ်းရသည်။ ညဘက်တွင် အစ်ကိုကြီါ်က ခြုံသည်။


ကြာသော် ညီငယ်သည် မခံနိုင်ဖြစ်လာ၍ှ အိမ်နီးချင်းများ ထံ မကျေနပ်ချက်ကို ဖွင့်ဟသည်။ အိမ်နီးချင်းများ၏ အကြံပေးချက်အရ စောင်ကို တစ်နေ့လုံး ရေစိမ်ထားသဖြင့် ညတွင် အစ်ကိုကြီးမှာ စောင်ခြုံမရတော့ပေ။ အစ်ကိုကြီး နွားနို့ညစ်နေစဉ် ညီငယ်က နွားမခေါင်းကို ရိုက်ရာ နို့ညစ်နေသော အစ်ကိုကြီးမှာ နွားကန်ခံရသည်။ ထိုနေ့မှစ၍ အစ်ကိုကြီးသည် ညီငယ်အား နွားနို့ တစ်ဝက်ခွဲပေး၍ စောင်ကိုလည်းတစ်ဝက်စီ ခြုံခွင့်ပြုရလေသည်။ ဓမ္မစရိယာ တရားမျှတစွာ ကျင့်သုံးရတော့သည်။


လူတို့သည် အမှားအမှန် ဆုံးဖြတ်ရာမှာ မိမိအကြိုက် မိမိဆန္ဒနှင့် မကိုက်ညီလျင် မတရား မမှန်ကန်ဟု ယူဆတတ်ကြသည်။ထို့ကြောင့် အရာရာတွင် ကိုယ်ချင်းစာတရားထာ ပြီး မိမိမနှစ်သက်သော အမှုကို သူတစ်ပါးအပေါ်မပြုကျင့်ရ၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားပါက ဓမ္မစရိယမင်္ဂလာကို ဖြည့်ကျင့်ပြီး ဖြစ်နိုင်ပါတယ်။

ညခင်း


လည်သထက့်လည်နေအုန်းမဲ့ သံသရာ

1

 တစ်ခါတုန်းက ကဿပ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားနေတဲ့ တရားကို နာနေတဲ့သူတစ်ယောက်က တရားပွဲမပြီးခင် ကိစ္စရှိ လိုဆိုပြီး ထပြန်သွားနှင့်ခဲ့ပါတယ်။ သူသာ တရားကို ပြီးဆုံးအောင်နာခဲ့ရင် သောတာပန်ဖြစ်သွားနိုင်မဲ့ ပါရမီ အခြေခံ သူ့မှာရှိပါတယ်။ ဒါပေမဲ့ အဲဒီ ပါရမီရင့်သန်အောင် လုပ်ဖို့ သူက တရားကို ပြီးဆုံးတဲ့အထိ အာရုံစိုက်ပြီးနာမှ ရင့်သန်ပြည့်စုံမယ်ဖြစ်ပါတယ်။ သူဟာ တရားကို နာလို့မပြီးခင် ထပြန် လိုက်တဲ့အခါ မြတ်စွာဘုရားသခင်လည်း ဘာမျှမတတ်နိုင်ပါဘူး။ သတ္တ၀ါတိုင်းဟာ မိမိရဲ့ ကိစ္စကို မိမိဘာသာ ဆောင်ရွက်ရစမြဲဖြစ်ပါတယ်။ ဘုရားက တရားရစေဖို့  တန်ခိုးနဲ့ ဖန်ဆင်းပေးနိုင်တာ မဟုတ်ပါဘူး။ တရားကို ကိုယ်တိုင်အားထုတ်မှသာ တရားရနိုင်ပါတယ်။

အဲဒီလို တရားမပြီးခင် ထသွားတဲ့ ဒကာဟာ သံသရာမှာ ကျင်လည်လိုက်ရတာ ဘ၀ပေါင်းများစွာ ကြာပါတယ်။ သူ့အရိုးများကို တစ်နေရာတည်းမှာ ပုံထားရင် ၁၄မိုင်အမြင့်ရှိတဲ့ အချိန် နောက်ဘုရားတစ်ဆူဖြစ်တဲ့ ဂေါတမ မြတ်စွာဘုရားလက်ထက်ကျမှ အဲဒီဒကာဟာ တရားကိုပြန်နာခွင့် ရပါသတဲ့။

ဥပမာလေး ပေးထားတဲ့အတိုင်း တရားနာ ယောင်္ကျားဟာ မိနစ်ပိုင်းလောက်ဆက်ပြီး တရားနာလိုက်တာနဲ့ ကိစ္စပြီးစီးနိုင်တယ်ဆိုတာ ကိုကြိုပြီး မတွေးထားလို့ ထသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှ မဟုတ် အလုပ်တစ်ခုကို ပြီးစီးအောင် လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်လုပ်ဆောင်တဲ့ အကျင့် ရမထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူဆုံးရှုံးခဲ့ရတာကတော့ မိနစ်ပိုင်းနဲ့မကာအောင် များလှပါတယ်။

အဲဒါကြောင့် ဥာဏ်ရည်တို့ ပါရမီတို့ဟာ အသုံးတည့်အောင် အသုံးချတတ်သူအတွက်သာ အကျိုးရှိပါတယ်။ ဘယ်အလုပ်မဆို စစချင်းမှာတော့ အင်မတန်စိတ်အားထက်သန်ကြပါတယ်။ဒါပေမဲ့ အစအဆုံးပြီးစီးအောင်မလုပ်ပဲ လမ်းတ၀က်မှာတင် စိတ်ဓာတ်ကျပြီး ဇွဲမရှိ၊ ၀ီရိယ မရှိ သမာဓိမရှိတာကို တွေ့ရတတ်ပါတယ်။ အဲဒီလို...စိတ်ဓာတ်ခွန်အားနည်းပါးတဲ့သူတွေ အတွက်ကတော့ ဘ၀လမ်းခရီးမှာ ကြုံတွေ့သမျှ အတွေ့အကြုံတော်တော်များများကို ကျော်ဖြတ်ဖို့ရာ ခက်လှချည့်ရဲ့လို ထင်နေအုန်းမှာဖြစ်ပါတယ်။မိမိအလုပ်ကို မိမိပြီးစီးအောင် မလုပ်သူတွေထဲမှာ မိမိကိုယ်တိုင်လည်း ပါနေတတ်တယ်ဆိုတာကို သတိထားမိအောင်လည်း သတိထားကြရမှာဖြစ်ပါတယ်။ 

ညခင်း

ရှင်သီဝလိ မထေရ်

1

အရှင်သီဝလိမထေရ် အကြောင်း

လာဘ်လာဘ အပေါများဆုံးသော ထေရ်တစ်ပါးဖြစ်၍ အသိတိ မဟာသာဝကခေါ် တပည့်ကြီး အပါး ၈၀တွင် တစ်ပါးအပါအ၀င်ဖြစ်ပြီး လာဘ်ဧတဒဂ်ရှင်ဖြစ်သည်။ ပို၍ထူးခြားသည်က ၇-နှစ်သားအရွယ် သာမဏေငယ် ဘ၀ကပင် အရဟတ္တဖိုလ်ကို ရရှိတော်မူခဲ့သော လာဘ်ရွှင် တန်ခိုးကြီး ဧတဒင်္ဂရ မဟာသာဝက သာမဏေကျော် ပုဂ္ဂိုလ်ထူးဖြစ်ပေသည်။

ဒီထက်ပို အံ့သြစရာ ကောင်းသည်မှာ မယ်တော်ဝမ်းတွင် ၇နှစ်လုံးလုံး ပဋိသန္ဓေ ဒုက္ခခံနေရပြီး မွေးဖွားလာသောအခါမှာလည်း မိခင်ရော ကလေးငယ်ပါ ၇-ရက်လုံးလုံး မီးဖွားမှု ဝေဒနာ ပြင်းပြစွာခံစားခဲ့ရသူဖြစ်သည်။ အတိတ်ဘ၀ ၀ဋ်ကြွေးကို ခန္ဓာဖြင့် နောက်ဆုံးဘ၀ အထိပေးဆပ်ရသူသည်။ရှင်သီဝလိမထေရ် ၏ ကောင်းကံမကောင်းကံတွေကို ကြည့် ရအောင် နော်...။

ရှင်သီဝလိမထေရ် အလောင်းလျာသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက် ပွင်.တော်မူသော ပဒုမတ္တရ ဘုရားရှင်လက်ထက် အမျိုးကောင်းသားတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် လာဘ်လာဘ အပေါဆုံး ဧတဒဂ်ရ မထေရ်ကို အားကျကာ ၇-ရက်လုံးလုံး အလှူကြီးပြု၍ ဆုတောင်းခဲ့သည်။ မြတ်စွာဘုရားကလည်း ဗျာဒိတ်ပေးတော်မူခဲ့တယ်။

ဝိပဿီဘုရားရှင် လက်ထက်တွင် ဆွမ်းကျွေးရန် စီစဉ်သော ပြည်သူတို့သည် ပစ္စည်းအားလုံးဝယ်ယူရရှိသောလည်း ပျားရည် နှင့် နွားနို့ခဲရှာမရဖြစ်နေတယ်။ သီဝလိ လောင်းလျာက တောရွာမှ ရှာဖွေရရှိသော ပျားရည်နှင့် နွားနို့ခဲကို ရောင်းချဖို့ ယူဆောင် လာခဲ့တယ်။ ယခင်က တစ်ကျပ်သာ တန်သော်လည်း ယနေ့မှာမူအလွန်ရခဲ သဖြင့် တစ်ထောင်အထိ ဈေးထက်ပေးကြတယ်။ သို့သော်မရောင်းချပဲ မိမိကိုယ်တိုင် ရိုသေ လေးမြတ်စွာ ၀ိပဿီဘုရားရှင်ကို လှူဒါန်းခဲ့တယ်။ ထိုကုသိုလ်ကြောင့် နောက်ဆုံးဘ၀မှာ ကောလိယ သာကီဝင် မင်းမျိုးဖြစ်သော သုပ္ပ၀ါသာ မင်းသမီးထံ မှာ ပဋိသန္ဓေတည်လေသည်။ ပဋိသနေ ယူချိန်မှစပြီး လာဘ်လာဘ လက်ဆောင် များပြားစွာ ရရှိပြီး ကောက်စပါးတွေ အထွက်တိုးပြီး ပေးမကုန် လှူမခန်းအောင်ပေါများခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ရသည့် အချိန်မှာ သာမန်လူတို့ကဲ့သို့ ဆယ်လအချိန် အခါမဟုတ်ဘဲ ၇-နှစ်တိုင်တိုင် ထူးဆန်းစွာ ကိုယ်ဝန်လွယ်ရတယ်။ မီးဖွား သောအခါ ၇-ရက်လုံးလုံး နာကျင်လျက်ပြင်းစွာ ဒုက္ခဝေဒနာကို ခံစားရရှာတယ်။ သီဝလိမင်းသားငယ်သည် ပဋိသန္ဓေနေရမှု ဆင်းရဲ ဒုက္ခကို လက်တွေ့ခံစားရပြီဖြစ်၍ သံဝေဂ ရကာ အရှင်သာရိပုတ္တထံတွင် ရှင်ပြုလေသည်။

ရှင်သာမဏေ၀တ်ရန် ဆံပယ်စဉ် တစပဉ္စက ကမ္မဌာန်းကိုပွားများလေရာ ပထမ ဆံဝန်းကို ရိတ်ချစဉ်ပင် သောတာပန်ဖြစ်၍ ဆံဝန်းအားလုံးကို ရိတ်ပြီးချိန်တွင် ရဟန္တာဖြစ်လေသည်။

ထိုသို့ ထူးချွန်ထက်မြက် လာဘ်လာဘဧတဒဂ် ရသော ရှင်သီဝလိ သည် သံသရာဝယ် ကျင်လည်စဉ် ဘ၀တစ်ခုမှာ မယ်တော်နှင့်သားတော်တို့သည် ဗာရာဏသီမင်း၏ သားတော်နှင့်မယ်တော်ဖြစ်ခဲ့သည်။  ကောသလမင်းက စစ်တိုက်အနိုင်ယူကာ ဗာရဏသီမင်းကို သတ်၍ မိဖုရားကိုသိမ်းပိုက်ခဲ့ရာ သားတော်မှာတော့ ထွက်ပြေးလွတ်မြောက်သွားသည်။ ထိုမှ တဖန် သားတော်သည် စစ်သည် ဗိုလ်ပါစုရုံးပြီး ဗာရဏသီပြည်ကို စစ်တိုက်လာခဲ့တယ်။ စစ်တိုက်လျင် ဒုက္ခရောက်ကြမည်ဖြစ်သဖြင့် မယ်တော် မိဖုရားကြီးက သားတော်ကို မြို့ကို ၀န်းရံထားရန် အကြံပေး၏။ ၇-နှစ်ကြာထွက်ပေါက်မရှိ ပိတ်ဆို့ထားသဖြင့် ပြည်သူတို့သည် ရန်သူ ကောကလမင်းကြီး ဖမ်းဆီးပြီး မင်းသားထံဆက်သကြလေသည်။ မင်းသားလည်း ဗာရာဏသီမင်းဖြစ်လာသည်။

ထိုမကောင်းမှုကံကြောင့် သားတော်နှင့်မယ်တော် တို့သည် နောက်ဆုံး ဘ၀၀ယ် ၇ -နှစ်ကြာ ကိုယ်ဝန် ဒုက္ခ ခံစားရပြီး ကြီးစွာ ဒုက္ခရောက်ခဲ့ကြရလေတယ်။ ၀ဋ်မှာ အမြဲ ငရဲမှာအပ စကားအရ ရဟန္တာတို့သည် ငရဲကို ပယ်နိုင်သောလည်း သံသရာဝဋ်ကြွေးကို  နောက်ဆုံးဘ၀မှာ အကုန်ရှင်းကာ  တုန့်လှည့်ပေးဆပ်ကြရလေသည်။ အကုသိုလ်ကံကား ကြောက်မက်ဖွယ် ကောင်းသလောက်၊ ကုသိုလ်ကံကာ အားကျဖွယ်ကောင်းလှပေသည်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ကံ၏ အမွေခံ

1


မြတ်စွာဘုရား လက်ထက်တော်ကာလတုန်းက သာဝတ္တိပြည်မှာ မဟာကာလဆိုတဲ့ သောတာပန် ဥပါသကာ တစ်ယောက်ရှိပါတယ်။ အဲဒီ ဥပါသကာဟာ ဇေတ၀န်ကျောင်းတော်မှာ ဥပုသ်စောင့် ညအိပ်ပြီး တရားနာနေရာက နံနက်စောစောထပြီး ဇေတ၀န်ကျောင်းတိုက် အ၀က ရေကန်မှာ မျက်နှာသစ်ပါတယ်။ အဲဒီအချိန်မှာ သူခိုးလိုက်ဖမ်းကြတဲ့ လူတစ်စုက မဟာကာလ ရဲ့ အနီးမှာ သူခိုးက ပစ်ချခဲ့တဲ့ ခိုးရာပါ ပစ္စည်းနှင့်တကွ တွေ့ရတဲ့ အတွက် သူ့ကို သူခိုးထင်မှတ်ပြီး ၀ိုင်းရိုက်ကြလို့ မဟာကာလ ဥပါသကာဟာ သေဆုံးသွားရရှာပါတယ်။

အဲဒီအခါမှာ ရဟန်းတော်များက မဟာကာဟာ ဥပုသ်စောင့်ပြီး ကျောင်းမှာဘဲညအိပ် တရားနာနေတဲ့ သူတော်ကောင်း စင်စစ်ဖြစ်ပါလျက် သူခိုးလို့ အစွဲခံရ ပြီး အသတ်ခံရတာဟာ မသင့်လျော်တဲ့အကြောင်း မြတ်စွာဘုရားကို လျောက်ကြပါတယ်။

မြတ်စွာဘုရားက ပစ္စုပ္ပန် အခြေအနေအရ မသင့်လျော်သော်လဲ သူ၏ ရှေးကံအရဆိုလျင်တော့ သင့်လျော်တဲ့ အကြောင်း မိန့်တော်မူပါတယ်။

သင့်လျော်ပုံကတော့ ဒီလိုတဲ့၊

မဟာကာလဟာ တစ်ခုသော ဘ၀တုန်းက လမ်းဓားပြတွေပေါများတဲ့ တောတစ်ခု၏ အ၀မှာ တောစခန်းစောင့် အရာရှိဖြစ်ခဲ့တယ်။ အဲဒီ တောစခန်း ဖြတ်သန်းသွားလိုတဲ့ ခရီးသည်တွေကို တဖက်မှ တဖက်အရောက် ဘေးရန် ကင်းအောင် သူက စောင့်ရှောက်ပြီး ပို့ဆောင်ပေးရတယ်။ တစ်နေ့သောအခါမှာ လူတစ်ယောက်ဟာ ရုပ်ရည်အဆင်းလှပတဲ့ ဇနီးနဲ့တကွ လှည်းယာဉ်ကလေးစီးပြီး အဲဒီတော့ စခန်းကို ရောက်လာတယ်။ တောစခန်းစောင့်က အဲဒီလူရဲ့ ဇနီးချောကလေးကို လိုချင်တာနဲ့ သူ့အိမ်မှာ တညအိပ်စေပြီးတော့ နောက်တစ်ရက် ခရီးထွက်တဲ့အခါမှာ ပတ္တမြားပျောက်တယ်၊ မသင်္ကာဘူး ဆိုပြီး အဲဒီလှည်းကို ရှာဖွေစစ်ဆေးတယ်။ စောစောက သူ့ဟာသူထည့်ထားတဲ့ ပတ္တမြားကို တွေ့ရတဲ့အခါမှာ သူက အဲဒီခရီးသည်ကို ပတ္တမြားသူခိုးလို့ စွဲချက်တင်ပြီး သတ်ခဲ့တယ်။

အဲဒီ မကောင်းမှုကံကြောင့် မဟာကာလ အလောင်း တောစခန်းစောင့်ဟာ အဲဒီဘ၀က သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ပြီး ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲဒုက္ခတွေကို အကြီးအကျယ် ခံစားခဲ့ရတယ်။ ငရဲမှ လွတ်ပြန်တော့လဲ အဲဒီ ကံကြွင်းကြောင့် ဘ၀ တစ်ရာတိုင်တိုင် ဒီပုံဒီနည်းဖြင့် သူခိုးလို့ အစွဲခံရပြီး အသတ်ခံခဲ့ရတယ်။ ဒါကြောင့် ရှေးဘ၀က ရက်ရက်စက်စက်ပြုခဲ့တဲ့ သူ့မကောင်းမှုကံအရ ဆိုလျှင်တော့ သူခိုးထင်ပြီး မဟာကာလ အသတ်ခံရတာဟာ သင့်လျော်ထိုက်တန်လှပါတယ်လို့ မြတ်စွာဘုရားက ရှင်းလင်းဟောကြားတော်မူပါတယ်။

အပြစ်မရှိဘဲ ခံရတယ်လို့ ထင်ရသူအတွက် သူကံနဲ့သူဘဲလို့ နှလုံးသွင်းသင့်တယ်လို့ သက်သေ သာဓက တစ်ခုပါပဲ၊

နောက်ပြီး အားလုံး ကံတရားအတိုင်းဘဲလို့ နှလုံးသွင်းနေတဲ့အတွက် မရနိုင်တဲ့ အခွင့်အရေး မျှော်လင့်တောင့်တ ခြင်းလဲ ကင်းမယ်။ အဆင်မပြေတာရှိရင်လဲ ကံတရားအတိုင်း ဘဲလို ဆင်ခြင်ပြီး စိတ်သက်သာရမယ်။ နောက်ပြီး နတ်သိကြား၊ ဘိုးတော်မယ်တော်၊ ဂိုဏ်းဆရာ စသော သူတစ်ပါးကို အားမကိုးဘဲ ကြီးပွားချမ်းသာရန် နည်းလမ်းမှန်ဖြစ်တဲ့ အလုပ်အကိုင်ကိုသာ အားကိုးပြီးတော့လဲ လုပ်ကိုင်မယ်၊ ဒီလို လုပ်ကိုင်တဲ့အတွက် မျက်မှောက်မှာလဲ စီးပွားဥစ္စာတွေကို ရသွားနိုင် ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဘိဏှသုတ်မှာ မြတ်စွာဘုရားက ကိုယ်ကိုယ်ကိုလဲ ဒီနည်းအတိုင်း ဆင်ခြင်ဖို့ ညွန်ကြားတော်မူခဲ့ပါတယ်။

ငါ့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံ၏ အမွေခံဖြစ်တယ်၊ ကံသာလျင် ချမ်းသာဖို့ ဆင်းရဲဖို့ အကြောင်းရှိတယ်၊ ကံသာလျှင် ဆွေမျိုးအစစ်ရှိတယ်၊ ကံသာလျှင် အားကိုးရာရှိတယ်၊ ကောင်းမှုကံကို ပြုလျှင် ကောင်းကျိုး အမွေကိုခံစံရမယ်၊ မကောင်းမှုကံကိုပြုလျှင် မကောင်းကျိုး အမွေဆိုးကို ခံစားရမယ်လို့ အဖန်တလဲလဲ ဆင်ခြင်ပါတဲ့။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

တရားတော်များ

0


 မင်္ဂလာတိုက်ဆရာတော် ဥူးသုမင်္ဂလ ဟောကြားတော်မူသော တရားတော်များ
Download 

 ၁။ ကြီးမြတ်သူ (၅၊၁၁၊၂၀၁၀-စင်ကာပူ)

၂။ စောင့်ထိန်းသူ (၆၊၁၁၊၂၀၁၀-စင်္ကာပူ)


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ပြုလုပ်ဆဲ စေတနာ ၊ ပြီးတာကံဟုမှတ်

0

ပြုလုပ်ဆဲ စေတနာ ပြီးတာကံဟုမှတ်
(ယောဆ၇ာတော်)

လူတွေဟာ ဘာပဲလုပ်လုပ် စေတနာနဲ့လုပ်တတ်ကြပါတယ်။ စိတ်ရင်းမကောင်းတဲ့သူဟာ သူ့စိတ်ဆိုးကစေ့ဆော်တဲ့အတိုင်း စေတနာဆိုးနဲ့လုပ်ပါတယ်။ စိတ်ရင်းစေတနာကောင်းပြီး ကံကံ၏အကျိုးကို ယုံကြည့်တဲ့သူတွေကတော့ စေတနာကောင်းနဲ့ အလုပ်လုပ်လေ့ရှိကြပါတယ်။

ကိုယ့်စေတနာကိုယ်အကျိုးပေးတယ်ဆိုတဲ့ စကားအတိုင်း စေတနာဆိုးနဲ့ လုပ်လိုက်လို့ အလုပ်တစ်ခုပြီးမြောက်သွားတယ်ဆိုရင် အဲဒီလူအတွက် ကံဆိုးတစ်ခုရသွားတာပါပဲ။ မကောင်းကျိုးပေးနိုင်တဲ့ကံကို ရသွားတာပါပဲ။ အဲဒီလိုပဲ စိတ်ရင်းကောင်းတဲ့သူ အလုပ်တစ်ခုပြီမြောက်သွားတဲ့အခါမှာ ကံကောင်းတစ်ခုပြီးမြောက်သွားပါတယ်။ အဲဒီကံက အကျိုးပေးကောင်းတွေ ပေးတော့မှာပါပဲ။

ဘ၀မှာ ကံဆိုးအမျိုးမျိုးကိုတွေ့တတ်ကြပါတယ်။ ကံဆိုးနေတဲ့အချိန်မှာ မိမိကိုယ်ကို မဆောက်တည်နိုင်တဲ့သူတွေကတော့ အမှားပိုလုပ်တတ်ကြပါတယ်။ အသိဥာဏ်နဲ့မယှဉ်နိုင်ဖြစ်တတ်ကြတယ်။ သူကံဆိုးတာဟာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုပြီးသူတစ်ပါးကို အပြစ်ပုံချတတ်ကြပါတယ်။ အမှန်တကယ်တော့ သူတစ်ပါးက မိမိကို မကောင်းကြံတယ်ဆိုရင်တောင်မှ မိမိဘက်က ချို့ယွင်းချက်ရှိနေလို့ပါပဲ။ အဲဒီလို့ မတွေးနိုင်ပဲ သူတစ်ပါးရဲ့အပြစ်ကိုသာ ကြည့်ပြီးလက်တုံ့ပြန်မယ်ဆိုရင် အမှားတစ်ခုထပ်တိုးပြီး ကံဆိုးသံသရာက ရှည်နေတော့မှာပါ။

မိမိရဲ့ ကံအဆိုးတွေ ပိုမိုဆိုးမသွားအောင် ဘုရားတရားသံဃာ ရတနာသုံးပါရဲ့ အဆုံးအမနဲ့အညီ နေထိုင်မယ်လို့ စိတ်ကိုဖြောင့်ဖြောင့်ထားကာ စေတနာမှန်နဲ့ နေထိုင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

ကံဆိုးအကျိုးပေးတဲ့အချိန်မှာတောင်မှ မိမိကိုယ်ကို ဆောက်တည်ပြီးကံဆိုးတွေ သိပ်မပြင်းထန်အောင် ကြိုးစားနိုင်သေးတယ်ဆိုရင် ကံကောင်းတဲ့သူများလည်း ကံပိုပြီး ကောင်းလာအောင်ကြိုးစားဖို့သင့်ပါတယ်။

လာဇာဒေ၀ဓီတာ ပေါက်ပေါက်နတ်သမီးကလေး ဆိုတဲ့ နတ်သမီးကလေးတစ်ယောက်ရဲ့ အကြောင်း ကိုကြည့်ရအောင်...

သူဟာမူလက အလွန်ဆင်းရဲတဲ့ လယ်သူမကလေးဖြစ်ပါတယ်။ အရှင်မဟာကဿပ ရဟန္တာအရှင်မြတ်ကြီးဟာ နိရောဓ သမာပတ်က ထတော်မူတဲ့အခါ ချီးမြှင့်သင့်တဲ့သူကို ဆင်ခြင်ပြီး အဲဒီသူဆင်းရဲမကလေးထံက ပေါက်ပေါက်များကို အလှူခံခဲ့ပါတယ်။ ပေါက်ပေါက်များကိုလှူပြီး ဒါနအပေါ်မှာ ပီတိဖြစ်ပြိး အိမ်ကိုအပြန် လမ်းမှာ မြွေကိုက်ပြီးသူဆင်းရဲမကလေး သေရှာပါတယ်။ သေလျှင်သေချင်း သူ့ကုသိုလ်အဟုန်ကြောင့် နတ်သမီးဖြစ်သွားပါတယ်။

လာဇာဒေ၀ဓီတာ အမည်နဲ့ နတ်သမီးဖြစ်လာတဲ့ သူဆင်းရဲမကလေးက သူအဖြစ်ကို သူချက်ချင်းဆင်ခြင်ပါတယ်။ အဲဒီအချိန်မှာ သူ့အလောင်းဟာ လယ်ကန်သင်းရိုးပေါ်မှာပဲ ရှိနေပါသေးတယ်။ နတ်သမီးကလေးက သူ့ကုသိုလ်ဟာ အလွန်နည်းပါးပါကလား၊ နတ်သမီးဘ၀မျာ မေ့လျော့ ခံစားနေခဲ့ရင် တစ်နေ့မှာ ကုသိုလ်ကံအဟုန် ကုန်သွားလိမ့်မယ်။ ကုသိုလ်အမှုများကို ထပ်ပြုဦးမှ တော်မယ်ဆိုပြီး ကုသိုလ်အမှုများ ထပ်ပြီးပြုတဲ့အတွက် သောတာပန်တည်သွားခဲ့ပါတယ်။

အဲဒီအဖြစ်ကလေးဟာ ကံကောင်းနေတဲ့သူများ သတိထားဖို့သင့်တဲ့အချက်ပါ။ ကုသိုလ်ကံကောင်းဆိုတာ မျိုးစေ့ကောင်းနဲ့တူပါတယ်။ မျိုးစေ့ကောင်းကို လက်ဝယ်ပိုင်ပိုင်ရထားတဲ့ သူများက ပိုပြီးသတိထားရပါမယ်။ ကုသိုလ်မျိုးစေ့ကောင်းပါလျက်နဲ့ ကောင်းစွာစိုက်ပျိုးခြင်း မရှိခဲ့ရင် မျိုးစေ့ သုဉ်းသွားနိုင်ပါတယ်။ အဲသည်လိုပါပဲ၊ မိမိရဲ့အတိတ်ကံက ကောင်းနေရုံသာမက အခုအချိန်မှာလည်း ကောင်းတဲ့အမှုများကိုလုပ်ပြီး ကောင်းမှုဆက်နေတဲ့သူဖြစ်ခဲ့ရင် ကံအကျိုးပေးပုံက ရှင်သန်နေမှာဖြစ်ပါတယ်။


ညခင်း

တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ပြုပြင် လိုစိတ်

4

တခါတွင်...ဗုဒ္ဓမြတ်စွာဘုရားသည် မြင်းဆရာတစ်ဦးအား မြင်းရိုင်းကို အဘယ်သို့ဆုံးမသနည်းဟု မေးတော်မူလေသည်။ မြင်းဆရာက ကျွန်ုပ်သည် အနုနည်းအားဖြင့်လည်း ဆုံးမပါ၏။ အကြမ်းအားဖြင့်လည်း ဆုံးမပါ၏... ဟုလျောက်ထား၏ ။ ထိုအခါ မြတ်စွာဘုရားက အကယ်၍ သင့်မြင်းရိုင်းသည် အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်း အားဖြင့်လည်း အဆုံးအမ မခံလျှင် ထိုမြင်းရိုင်းကို အဘယ်သို့ပြုသနည်းဟု မေးလေသည်။

ထိုအခါမြင်းဆရာက.....ကျွန်ပ်၏မြင်းရိုင်းသည်အကယ်၍အနုအားဖြင့်အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ ၊ အနုအကြမ်းအားဖြင့်လည်း အဆုံးအမ မခံလျှင် ထိုမြင်းရိုင်းကို သတ်ပစ်ပါသည်။ ထိုသိုသတ်ပစ်ခြင်းသည် ကျွန်ုပ်၏ဆရာ အမျိုးအနွယ် အား၊ ဂုဏ်ကျေးဇူးမဲ့ မဖြစ်စေ လို သောကြောင့် ဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။

အရှင်ဘုရားသည် လည်း ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုပါသည်။ အရှင်ဘုရားသည် အဘယ်သို့ ဆုံးမတော်မူပါသနည်းဟု မေးရာ ...

ဗုဒ္ဓက မိမိသည်လည်း ဆုံးမထိုက်သောသူကို အနုအားဖြင့်လည်းဆုံးမကြောင်း၊ အကြမ်းအားဖြင့်လည်း ဆုံးမကြောင်း၊ အနုအကြမ်းအားဖြင့်လည်း ဆုံးမကြောင်း ထိုနည်းတို့နှင့်မှ ဆုံးမ၍မရသော သူကိုမှ လျစ်လျူရှုလိုက်ရကြောင်း။ ထိုသို့ လျစ်လျူရှုလိုက်ရခြင်းသည် မည်သည်နည်းနှင့်မျှ ဆုံးမ၍မရသော မြင်းရိုင်းကို သတ်ပစ်ခြင်းနှင့်သဘောတူကြောင်း ပြန်ပြောလေသည်။ အထက်ပါ ဗုဒ္ဓ၏ စကားအတိုင်း ကျွန်ုပ်တို့သည် ကိုယ်ကျင့်သီလ အရာ၊ ပညာအရာ၊ အကျင့်စရိုက် အရာတို့၌ စံပြုလောက်သော ပုဂ္ဂိုလ်၏ ဆုံးမသြ၀ါဒတို့ကို မည်မျှပင်ရစေကာမူ၊ မိမိတို့ကိုယ်တိုင်က ပြုပြင် လိုစိတ် အနည်းအကျဉ်းမျှမရှိပါက လျစ်လျူရှုခံရသူများအဖြစ်သို့ ရောက်ဖို့သာရှိမည် ဖြစ်လေသည်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

စဉ်းစားဆင်ခြင်

3

အပြုအမှုတစ်ခုကို ကောင်းမွန် မှန်ကန်စွာ ပြုလုပ်နိုင်ရန် အတွက် အခြေအနေ အခြင်းအရာတို့ကို ယထာဘူတကျကျခွဲခြား ရှုမြင်နိုင်မှုသည် များစွာလိုအပ်ပါသည်။ အခြေအနေ အခြင်းအရာတို့ကို ယထာဘူတကျကျ ခွဲခြားရှုမြင် ဆင်ခြင်နိုင်စွမ်း မရှိပါက ကောင်းမွန်မှန်ကန်သော နှုတ်နှင့်ဆိုင်ရာ အပြုအမှု၊ ကိုယ်နှင့်ဆိုင်ရာ အပြုအမူတို့ကို ပြုမှု လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအချက်နှင့် စပ်လျဉ်း၍ မြတ်စွာဘုရားသည် အောက်ပါ အတွေ့အကြုံ တစ်ခုကို ပြန်၍ပြောပြခဲ့သည်။
ရွာတစ်ရွာသို့ရောက်ခိုက် ထိုရွာမှ လယ်သမားကြီးတစ်ဦး ဦးခေါင်းကွဲ သေဆုံးနေသည့်အဖြစ်နှင့် ကြုံရလေသည်။ သေဆုံးသော လက်သမားကြီး မသေဆုံးမီ အချိန်ပိုင်းက လက်သမားအလုပ်ကို လုပ်နေခိုက် မိမိ၏နဖူးတွင် မှက်တစ်ကောင်လာ၍ ကိုက်လေသည်။ မှက်ကိုမောင်းရန် လက်မအားသည်နှင့် အနီးရှိ သားဖြစ်သူအား မှက်ကို မောင်းနှင်ပေးရန်ပြော၏။ ထိုအခါသားဖြစ်သူက မိမိဖခင်အား ကိုက်ရကောင်းလားဆိုကာ လက်မှ ပုဆိန်ဖြင့် ဖခင်နဖူး မှာကိုက်နေသော မှက်ကို ထုရိုက်လိုက်၏။ မမြော်မြင် မဆင်ခြင်ပဲ ပြုလုပ်လိုက်သော ဤအပြုအမှုကြောင့် ဖခင်လက်သမားကြီးမှာ ဦးခေါင်းကွဲ၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်၏။
အခြေအနေကို သုံးသပ်ဆင်ခြင်၍ သင့်မသင့် ခွဲခြား သိမြင်မှု မရှိပဲ ပြုမှုသော အလုပ်တစ်ခု၊ အပြုအမှုတစ်ခုသည် အကျိုးမဲ့ကိုသာ ဆောင်တတ်ကြောင်းကိုလည်း ဗုဒ္ဓမြတ်စွာသည် အဖြစ်အပျက် တစ်ခုဖြင့် ထပ်မံ ဟောပြတော်မှုခဲ့ပါတယ်။
ဥယျာဉ်မှုးတစ်ဦးသည် နက္ခတ်ပွဲသဘင်သို့ သွားလိုသောကြောင့် မိမိမရှိခိုက် သစ်ပင် ပန်းပင်တို့ကို ရေလောင်ပေးရန် မျောက်တို့အနက်မှ ခေါင်းဆောင်ဖြစ်သည့်မျောက်ကို မှာကြားခဲ့သည်။ ဥယျာဉ်မှုး ထွက်သွားသောအခါ မျောက်အကြီးအမှုးသည် လက်အောက်ငယ်သား မျောက်တို့အား စုဝေး၍- သစ်ပင်ပန်းပင်တို့ကို ပထမဦးစွာ နုတ်ကြည့်ရမည်။ ထိုသို့ နုတ်ကြည့်သောအခါ အမြစ်တိုသော အပင်ဖြစ်ပါက ရေနည်းနည်းလောင်း၍ အမြစ်ရှည်သောအပင်ဖြစ်ပါက ရေများများလောင်းရမည်ဟု ညွန့်ကြားလိုက်သည်။
အချို့သော အမြစ်တိုသည့်အပင်သည် ရေများများလောင်ဖို့လိုကြောင်း၊ ထိုသို့ရေများများလောင်းပေးပါမှ ရှင်သန်နိုင်ကြောင်းကို ၄င်း၊ အချို့သော အမြစ်ရှည်ပင်များသည် ရေများများလောင်းရန်မလိုကြောင်း၊ ရေများများ မရသော်လည်း ရှင်သန်နိုင်ကြောင်းကို ၄င်း အကြီးအမှုးမျောက်မသိရှာချေ။
မျောက်တို့သည်လည်း ညွှန့်ကြားချက်အတိုင်း ဥယျာဉ်ရှိ သစ်ပင်ပန်းပင်တို့ကို နုတ်၍အမြစ်ရှည် မရှည်ကိုစစ်ဆေးကြည့်ပြီး အမြစ်တိုက ရေနည်းနည်းလောင်းပြီး အမြစ်ရှည်ပင်များကို ရေများများ လောင်းကြကုန်၏။ ထိုနည်းဖြင့် ဥယျာဉ်ကြီးတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားလေတော့သည်။
မျောက်တို့၏ ပြုမှုလုပ်ဆောင်မှုများကြောင့် ရစရာမရှိအောင်ပျက်စီးနေသော ဥယျာဉ်ကြီးကို သာဓကပြ၍ အသိဆင်ခြင်ဥာဏ် ကင်းမဲ့မှု၏ အပြစ်နှင့် ပတ်သက်ပြီး အကျိုးရှိသည်မရှိသည်၌ မလိမ္မာသော သူမိုက်သည် အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်သော်လည်း အကျိုးစီးပွား မဖြစ်ထွန်းနိုင်၊
ဆုတ်ယုတ်ပျက်စီးခြင်းသာဖြစ်ရသည်။
ပညာရှိတို့သည် အကျိုးရှိမရှိကို ခွဲခြား ရှုမြင်ခြင်းဟူသော အားရှိကုန်၏။ ကြေးမုံမှန်သည် ကြည့်ရှုဆင်ခြင်ခြင်း အကျိုးရှိ၏။ ထိုအတူ ဆင်ခြင်၍ ကိုယ်ဖြင့်ပြုအပ်၏၊ ဆင်ခြင်၍ နှုတ်ဖြင့်ပြောဆိုအပ်၏။ ဆင်ခြင်၍ စိတ်ဖြင့်ကြံစည်အပ်၏။ထိုသို့ခွဲခြားရှုမြင်နိုင်မှု၊ ဆင်ခြင်နိုင်မှုတို့ ရှိမှသာ အကျိုးတရားမှန်ကန် ကောင်းမွန်မှုတို့ရလာနိုင်မည်ဖြစ်ကြောင်း ဟောကြာတော်မူခဲ့လေသည်။
....အရာဌာန အချိန်ကာလကို စဉ်းစား နှိုင်းချိန်ကာ အားထုတ်ပြုလုပ်ရာ၏.....
ညခင်း
ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။

ဆရာတော် ဥူးသုမင်္ဂလ တရားတော်များ

2



 မင်္ဂလာတိုက်ဆရာတော် ဥူးသုမင်္ဂလ ဟောကြားတော်မူသော တရားတော်များ

Download 
၁။ သောဏာထေရီ                   ကျပ်ပြင်    (၂.၅.၂၀၁၀)
၂။ သကုလာထေရီ                    ရေနံ့သာ   (၆.၅.၂၀၁၀) 
၃။ ဘဒ္ဒကာပိလာနီထေရီ(၁)     မော်လမြိုင်   (၁၀.၅.၂၀၁၀)
၎။ ဘဒ္ဒကာပိလာနီထေရီ(၂)     မော်လမြိုင်   (၁၁.၅.၂၀၁၀)
၅။ ဘဒ္ဒကာပိလာနီထေရီ(၃)     မော်လမြိုင်   (၁၂.၅.၂၀၁၀)
၆။ ယသောဓရာထေရီ(၁)         မြ၀တီ         (၁၄.၅.၂၀၁၀)
၇။ ယသောဓရာထေရီ (၂)        မြ၀တီ         (၁၅.၅.၂၀၁၀)
၈။ သိင်္ဂါလမာတုထေရီ             မြ၀တီ         (၁၆.၅.၂၀၁၀)
၉။ မြေခံကောင်းမှ                  မဲဆောက်    (၁၅.၅.၂၀၁၀)
၁၀။ ဘာရပြီးပြီလဲ                  မဲဆောက်    (၁၆.၅.၂၀၁၀)


လက်ဆင့်ကမ်း ဓမ္မဒါနများ ပြုလုပ်နိုင်ပါသည်။

တိုက်ရိုက်နာယူရန်။








ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အနှောင်ထူလေ လောင်ဆူလေ

0

အနှောင်ထူလေ လောင်ဆူလေ
အသွင်သဏ္ဍန်အရ
 လူဝတ်ကြောင်ဘ၀ကို
ကိုင်းတောမှာ ဆောက်တဲ့အိမ်၊
ရဟန်းဘ၀၊ သီလရှင်ဘ၀ကို
သောင်ပြင်မှာ ဆောက်တဲ့အိမ်
လို့ဆိုရပေမယ့်
အနှစ်သာရအရကတော့
 လူပဲဖြစ်ဖြစ် ရှင်ပဲဖြစ်ဖြစ်
သံယောဇဉ်အနှောင်အဖွဲ့
များတဲ့စိတ်ဟာ
ကိုင်းတောအိမ်ဖြစ်ပြီး
သံယောဇဉ်အနှောင်အဖွဲ့
ကင်းတဲ့စိတ်ဟာ
သောင်ပြင်အိမ်ဖြစ်ပါတယ်။
 လူဖြစ်ပေမယ့် သောင်ပြင်မှာ
 ရောက်နေနိုင်သလို
ရှင်ဖြစ်ပေမယ့်လည်းကိုင်းတော မှာ
 ရောက်နေနိုင်ပါတယ်။
ကိုင်းတောအိမ်သမားက
အပူဓာတ်ကူးလွယ်ပါတယ်။
သောင်ပြင်အိမ်သမားက
 အပူဓာတ်ကင်းဝေးပါတယ်။

 အရှင်ဆန္ဒာဓိက (စိတ်အားဖြည့်ဓမ္မပန်းပွင့်)

မုဒိတာ

2

 ဗြဟ္မစိုရ်တရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာ ဆိုတဲ့ ဒီတရားလေးပါးပါဘဲ။ မြတ်သော အကျင့် မြတ်သောနေထိုင်ရေးတရားလို့ ဆိုလိုပါတယ်။

ဒီ၎ပါးထဲက မုဒိတာ ဆိုတာ ကိုယ့်အထက်ကလူတွေ ကိုယ်ထက်ပြည့်စုံတဲ့  ချမ်းသာတဲ့လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေ ၀မ်းမြောက်ဝမ်းသာနဲ့ နှလုံးသွင်းနိုင်တဲ့ သဘောကို ဆိုလိုတာပါ။ ဒါပေမဲ့ ကိုယ်ထက်သာ မနာလို ဆိုတဲ့ စကားပုံအတိုင်း အများအားဖြင့် သတ္တ၀ါတွေ မှာကိုယ့်ထက် သာတာကိုမြင်ရ ကြားရ သိရယင် မျက်မုန်း ကျိုးမှု မနာလိုမှုတွေ ဖြစ်တတ်ပါတယ်။ အဲဒီ မနာလိုမှုဟာ မုဒိတာရဲ့ ဆန့်ကျင်ဘက် ရန်သူပါဘဲ။ အကုသိုလ်ပွားတဲ့သဘောပါ။ သူက မျက်မှောက်ဘ၀မှာလဲ မကောင်းကျိုးတွေ ကိုပေးတတ်တယ်။ နောင်တမလွန်မှာလဲ အပါယ်ဆင်းရဲ သံသရာဆင်းရဲတွေ ပေးတယ်ဆိုတာ ဒီ ဥပမာလေးများက သက်သေပြနေပါတယ်။

ဘုရားလက်ထက်တော် ကာလက ကောသမ္ဗီပြည်မှာ ဃောသက ဆိုတဲ့ ကျောင်းဒကာ သူဋ္ဌေးတစ်ဦး ရှိခဲ့တယ်။ ငယ်စဉ်တုန်းက သူကိုမွေးတဲ့ သူဋ္ဌေးကြီးက သားရင်းကလေးရလာတဲ့အခါ ဃောသကသူငယ်ကို မလိုလားတာနဲ့ ၆ကြိမ်တိုင်တိုင် သေရာသေကြောင်းကြံစည်ပြုလုပ်တယ်။ ဒါပေမဲ့ သေကံမရောက် သက်မပျောက်ဆိုတာ လိုပဲ သူ့မှာ သေဖို့ရာ ကံက မပါတဲ့အတွက် သေဘေးမှ လွတ်ခဲ့တယ်။ အဲဒီ ၆ကြိမ် ထဲမှာ တစ်ကြိမ်ကတော့ အိုးဖုတ်တဲ့ ဖိုကြီးထဲမှာထည့်ပြီး မီးဖုတ်လိုက်ဖို့ အိုးထိန်းသည်ထံ ဃောသကသူငယ်ကို စေလွတ်လိုက်တယ်။ လမ်းခုလပ်မှာ သူဋ္ဌေကြီးရဲ့သားအရင်းက ခုံညင်းထိုးကစားပေးဖို့ တောင်းပန်တယ်။ ဖခင်က အိုးထိန်းသည်ထံ စေလွှတ်လိုက်တဲ့အကြောင်းပြောတော့ အဲဒီ သူဋ္ဌေးသား အရင်းက ခုံညင်းသာ နိုင်အောင် ထိုးရစ်ပါ။ သူသွားပေးပါမယ်ဆိုပြီး အိုးထိန်းသည်ထံသွားတယ်။ အိုးထိန်းသည်ကလဲ အဲဒီ သူငယ်ဟာ ဃောသက ဘဲထင်ပြီး သူဋ္ဌေးကြီး ရဲ့အမိန့်အတိုင်း အိုးဖိုထဲထည့်ပြီး မီးဖုတ်လိုက်တယ်။ အဲဒီအကြောင်းကို သူဋ္ဌေးကြီး သိရတဲ့အခါ အလွန်အကဲ စိတ်ဆင်းရဲ ဒုက္ခရောက်ရရှာတယ်။ စိတ်နှလုံး ပူပန်ပြီး ရောဂါဝေဒနာ အကြီးအကျယ်စွဲကပ်ခံရတယ်။ အဲဒီ ရောဂါနဲ့ဘဲ နောက်ဆုံးမှာ သေသွားရရှာတယ်။ ဒါလဲ မနာလိုမှုရဲ့ ကောင်းကျိုးဘဲ။

ဒါကြောင့် သူများ မနာလို ကိုယ်အကျိုးမရှိ လို့ ပြောစမှတ်ပြုကြတယ်။

တစ်ခါက ဘုန်းကြီးကျောင်း တစ်ခုမှာ ဖိုးသူတော် တစ်ယောက်ရှိသတဲ့။ အဲဒီ ဖိုးသူတော်က သူများ မနာလို ကိုယ်အကျိုးမရှိ ဆိုတဲ့ ဒီစကားပုံကလေးကို မကြာခဏ ရွတ်ဆိုပြီး တရားနှလုံးသွင်းနေသတဲ့ အဲဒီ ကျောင်းမှာ ကိုးကွယ်ပြီး သွားလာဝင်ထွက်နေတဲ့ ဒကာမကြီး တစ်ယောက် ဖိုးသူတော်ရွတ်ဆိုနေတဲ့ စကားကို ခဏ ခဏကြားရတော့ သူ့စောင်းပြီးရွတ်ဆို နေတယ်လို့ ထင်ပြီး ဖိုးသူတော်အပေါ် ရန်ငြိုးဖွဲ့သွားပါတယ်။ ဒါနဲ့ ဒီ ဒကာမကြီးက မုန့်ထဲမှာ အဆိပ်ထည့်ပြီး ဖိုးသူတော်ကို လှုသတဲ့ ဖိုးသူတော်က လဲ မရစဖူး အထူးရတဲ့ မုန့်ဘဲလို့ အလေးအမြတ်ပြုပြီး ဘုရားမှာ ဆွမ်းတော်ကပ်လိုက်သတဲ့၊ မုန့်လှုတဲ့ ဒကာမကြီးရဲ့ သားကလဲ အဲဒီကျောင်းမှာ ကျောင်းသားအဖြစ်နဲ့ နေတဲ့အတွက် အဲဒီ ကျောင်းသားက ဆွမ်းတော်ကပ်ထားတဲ့  အဲဒီမုန့်ကို ကောက်ပြီး စားမိလို့ အဆိပ်သင့်ပြီး သေရှာသတဲ့။ ဒီတော့ မုန့်လှူတဲ့ ဒကာမကြီးက ဖိုးသူတော်မသေဘဲ သူ့သား သေနေတာကိုတွေ့ရတဲ့ အတွက် (သူများ မနာလို ကိုယ်အကျိုးမရှိ) ဆိုတဲ့ ဖိုးသူတော် ကမ္မဋ္ဌာန်း ကိုသဘောပေါက်ပြီး ဦးသူတော် ကမ္မဋ္ဌာန်း ငါ့ကိုရမ်း ဖြန်းဖြန်းကွဲလေပြီ လို့ မြည်တမ်းကိုကြွေးရှာသတဲ့။

ယခုပြောခဲ့တာတွေဟာ မုဒိတာကိုပွားစေမည့် ပုဂ္ဂိုလ်မှာ မုဒိတာရဲ့ဆန့်ကျင်ဘက်ရန်သူဖြစ်တဲ့ ဣဿာဆိုတဲ့ မနာလိုမှုကို အပြစ်မြင်ပြီး မုဒိတာကို ပွားစေနိုင်ဖို့ သာဓကတွေဖြစ်ပါတယ်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (နိဂုံး)

0

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (နိဂုံး)


အရှင်ကုမာရကဿပ၏ ဥပမာ (၁၄)

အရှင်ကုမာရကဿပက နောက်ထပ် ဥပမာတစ်ခုဖြင့် ထပ်မံပြောကြားခဲ့ပါသည်။ ထိုဥပမာသည် ယနေ့ခေတ်ကာလ အများသိဥပမာတစ်ခု ဖြစ်ပါသည်။

“တစ်ခါက သူငယ်ချင်းနှစ်ယောက် စီးပွားရှာထွက်ကြတယ်။ လမ်းမှာ ပိုက်ဆံလျှော်ထုပ်တွေကို တွေ့လို့ တစ်ထုပ်စီ ထမ်းခဲ့ကြတယ်။ နောက်တစ်နေရာမှာ ပိုက်ဆံလျှော်ချည်ထုပ်တွေ့တယ်။ အဲဒီအခါ တစ်ဦးက “သူငယ်ချင်း ဒီမှာ ပိုက်ဆံလျှော်ချည်ထုပ်ကို တွေ့နေပြီဆိုတော့ ပိုက်ဆံလျှော်ထုပ်ကြီးကို ပစ်ထားခဲ့ပြီး ပိုက်ဆံလျှော်ချည်ထုပ်ကို သယ်သွားကြရအောင်”လို့ ပြောတယ်။ အခြားသူငယ်ချင်းက “ဒီပိုက်ဆံလျှော်ထုပ်ကြီးကို အဝေးကြီးကတည်းက သယ်လာရတာ၊ လွှင့်ပစ်ရမှာ နှမြောစရာကြီး”လို့ဆိုကာ ပိုက်ဆံလျှော်ထုပ်ကိုသာ ထမ်းခဲ့လေတယ်။ တစ်နေရာမှာ ဂုံလျှော်ထုပ်ကို တွေ့ပြန်တယ်။ တစ်ဦးက ပိုက်ဆံလျှော်ချည်ကို ထားခဲ့ပြီး ဂုံလျှော်ထုပ်ကို ယူတယ်။ တစ်ဦးက မူလပိုက်ဆံလျှော်ထုပ်ကိုသာ ဆက်လက်သယ်ခဲ့တယ်။ အစဉ်အတိုင်း ဂုံလျှော်ချည်ထုပ်၊ ဂုံလျှော်ချည်အ၀တ်ထုပ်၊ ၀ါဂွမ်း၊ ၀ါချည်၊ ၀ါချည်အ၀တ်၊ သံ၊ ခဲပုပ်၊ ဘင်၊ ငွေ၊ ရွှေ…တို့ကို တွေ့ခဲ့ရာ တစ်ဦးက တန်ဖိုးနည်းရာကို စွန့်ပစ်ပြီး တန်းဖိုးကြီးရာကို ယူခဲ့တယ်။ အခြားတစ်ဦးက မူလတန်ဖိုးနည်း ပိုက်ဆံလျှော်ထုပ်ကြီးသာ သိမ်းပိုက်လာခဲ့တယ်။ ဉာဏ်ပညာရှိတဲ့၊ ဆင်ခြင်ဉာဏ်ရှိတဲ့ သူကတော့ အဟောင်းကြီးကို အမြတ်တနိုး မထားတော့ဘူး။ ပိုကောင်းတဲ့အရာကို တွေ့ရင် စွန့်ပစ်နိုင်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့သူကတော့ ကောင်းမွန်မြင့်မြတ်တဲ့အသစ်ကို တွေ့နေတာတောင် အဟောင်းကြီးကို မစွန့်ပစ်နိုင်ကြဘူး။

မြို့စားကြီး သင်ဟာလည်း ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့ သူလိုပဲ။ အခု ကောင်းမွန်မြင့်မြတ်တဲ့အရာတွေဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မအယူအဆတွေကို တွေ့လာရပြီ။ ဒါပေမယ့် သင်က သင့်ရဲ့ အယူဝါဒအဟောင်းကြီးကို မစွန့်ပစ်နိုင်သေးဘူး။ အသိတရားရှိလာပါတော့ မြို့စားကြီး၊ သင့်အယူအဆတွေကို ပြောင်းလိုက်ပါ”

မြို့စားကြီး ၀န်ခံပြီ
ထိုအခါ မြို့စားကြီးထံမှ ရယ်ရခက်ခက်၊ ငိုရခက်ခက် စကားကို ကြားလိုက်ရလေသည်။ သူတို့ အပြန်အလှန် ပြောလိုက်ပုံကြပုံက
“အရှင်ကုမာရကဿပ… ရှေ့မှာ သင်ပြောခဲ့တဲ့ စကားတွေ၊ ဥပမာတွေကို ကြားရကတည်းက အရှင်ပြောတာတွေကို သဘောကျနေတာ”ဟူ၍။

ထိုအခါ အရှင်ကုမာရကဿပက
“အော်… ဒါနဲ့များ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေရသလား၊ စောစောကတည်းက အယူဝါဒဟောင်းကို စွန့်လိုက်ပါပြီ၊ အရှင်အယူအဆတွေကို လက်ခံလိုက်ပါပြီလို့ ပြောလိုက်ပါလား (အခုတော့ စာဖတ်သူတွေ မျက်စိညောင်းကုန်ကြပြီ…း)း)း)”ဟု အားမလိုအားမရ ဆိုလိုက်သည်။ ထိုအခါ မြို့စားကြီးက
“ကျွန်ုပ်က စောစောစီးစီး အရှင်ပြောတာကို လက်ခံလိုက်ရင် အရှင့်ဆီက အခုလို ထူးထူးဆန်းဆန်း တရားစကားတွေ ဘယ်လိုလုပ် ကြားရတော့မလဲ၊ အရှင့်အနေနဲ့ တပည့်တော် ကန့်လန့်တိုက်နေတာတွေကို ဘယ်လိုများ တုန့်ပြန်မလဲလို့ သိချင်တာကြောင့် ပေတေပြီး ငြင်းနေရတာပါ (သူပြောလိုက်တော့လည်း အဟုတ်သား၊ မြို့စားကြီးသာ ပေတေပြီး ငြင်းမနေခဲ့ဘူးဆိုရင် စာရေးသူတို့ ဒီလောက်ဗဟုသုတတွေ ဘယ်တိုးမလဲ)”ဟု ပြောလိုက်သည်။

မြို့စားကြီးထံမှ အဆိုပါစကားကို ကြားရသောအခါ အရှင်ကုမာရကဿပက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီး တရားဓမ္မများ ဆက်လက်ဟောကြားခဲ့လေသည်။ ဤမျှလောက် ကပ်သီးကပ်သပ် ဆိုတတ်သော မြို့စားကြီးကို မည်သို့သောတရားများ ဟောလေသနည်း။ မြတ်ဗုဒ္ဓ၏ တရားဓမ္မက ထူးခြားမှုတော့ မရှိပါ။ အကျဉ်းချုပ်လိုက်လျှင် ဒါန၊ သီလနှင့် ဘာဝနာသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် မည်၍မည်မျှ ကျယ်ကျယ်ဝန်းဝန်း ဟောနေသည်ဖြစ်စေ လိုရင်းက ဤသုံးမျိုးသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုသုံးမျိုးသို့ သတ္တ၀ါများ၏ ဓလေ့စရိုက်များအရ ချဉ်းကပ်ပုံ အမျိုးမျိုး ကွဲပြားသဖြင့် သူ့နည်း၊ ကိုယ်နည်းများအဖြစ် တွေ့မြင်နေရခြင်း ဖြစ်ပါသည်။ အရှင်ကုမာရကဿပ ဟောကြားခဲ့သောတရားများက ဤသုတ်တော်တွင် ရှည်လျားစွာ ပါဝင်နေပါသည်။ ထိုတရားများကို မဖော်ပြတော့ပါ။ အကျယ်ဖတ်ရှုလိုပါက ဒီဃနိကာယ်၊ မဟာဝဂ်၊ ပါယာသိသုတ်ကို ကြည့်ရှုနိုင်ပါသည်။

စာဖတ်သူများ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဗဟုသုတ၊ မြတ်စွာဘုရားခေတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာ လှုပ်ရှားခဲ့ပုံများ၊ သာသနာပြုခဲ့ကြပုံများ…စသော သုတများကို ရရှိကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

မြို့စားကြီး ပါယာသိနှင့် တမလွန်ဘ၀ပြဿနာ….ဤနေရာတွင် ပြီးပါပြီ…

http://www.ashinkusala.com/ အရှင်ကုသလသာမိ (ပျော်ဘွယ်) ဘလော့မှ ကူးယူဖော်ပြပါသည်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၆)

0


အရှင်ကုမာရကဿပ၏ ဥပမာ (၁၁)

ထိုကဲ့သို့ မြို့စားကြီး၏ မထင်မှတ်သောစကားကို ကြားလိုက်ရသောအခါ အရှင်ကုမာရကဿပက အောက်ပါဥပမာဖြင့် ခပ်နာနာ နှိပ်ကွပ်လိုက်သည်။

“မြို့စားကြီး သင် လှည်းသမားနှစ်ဦး ပုံပြင်ကို ကြားဖူးသလား။ လှည်းသမားခေါင်းဆောင်နှစ်ဦး ရှိတယ်။ တစ်ဦးစီမှာ နောက်လိုက်လှည်းသမား ၅၀၀-စီ ရှိကြတယ်။ တစ်ဦးက ဆင်ခြင်ဉာဏ်ရှိတယ်။ ပါးပါးနပ်နပ် လုပ်ဆောင်တတ်တယ်။ အခြားတစ်ဦးကတော့ ဆင်ခြင်ဉာဏ်မရှိဘူး၊ မိုက်မိုက်မဲမဲ လုပ်ဆောင်တတ်တယ်။ တစ်နေ့မှာ တစ်ရက်တည်း ခရီးအတူသွားရဖို့ ဖြစ်လာတယ်။ အဲဒီတော့ ပထမလှည်းသမားက စဉ်းစားတယ်။ “လှည်းအစီး ၁၀၀၀-လုံး ခရီးအတူ သွားလို့တော့ မဖြစ်နိုင်ဘူး။ အစားအသောက်၊ ရေ…စတဲ့ အခက်အခဲတွေ ဖြစ်နိုင်တယ်”ပေါ့။ အဲဒီတော့ သူတို့ နှစ်ဦး ညှိနှိုင်းကြတယ်။ ဘယ်သူအရင် ခရီးထွက်မလဲပေါ့။ အဲဒီတော့ ဆင်ခြင်ဉာဏ်နည်းတဲ့ ဒုတိယလှည်းသမားက “ငါ အရင်သွားရင် သူများ မစားရသေးတဲ့ ဟင်းသီးဟင်းရွက်တွေ စားရမယ်။ ငါတို့ နွားတွေကလည်း သူများနွားတွေ မစားရသေးတဲ့ ကောင်းပေ့ဆိုတဲ့ ဦးဦးဖျားဖျား မြတ်တွေကို စားရမယ်။ မပျက်မစီးဖြစ်နေတဲ့ လမ်းတွေနဲ့လည်း သွားရမယ်။ ဟိုရောက်ရင်လည်း အခြားကုန်သည်တွေ မရှိသေးတဲ့အတွက် ကုန်ပစ္စည်းတွေကို စိတ်ကြိုက်ဈေးခေါ်နိုင်တယ်”လို့ စဉ်းစားပြီး “ကျွန်ုပ်အရင် သွားမယ်”လို့ ပြောလိုက်တယ်။

ဒီတော့ ပထမလှည်းသမားက စိတ်ထဲမှာ အတော်ကျေနပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတွေးတာက “ဒုတိယအဖွဲ့အနေနဲ့ သွားလို့ရှိရင် ပထမသွားထားတဲ့ လှည်းသမားတွေ ခူးစားထားတဲ့ ဟင်းသီးဟင်းရွက်ပင်တွေက တို့သွားချိန်ရောက်ရင် အညွန့်လေးတွေ ပေါက်နေမယ်။ တို့က ဟင်းသီးဟင်းရွက် အညွန့်လေးတွေသာ စားရမယ်။ ငါတို့ နွားတွေလည်း ပထမနွားတွေ စားထားတဲ့မြတ်ပင်ကပေါက်လာတဲ့ မြတ်နုလေးတွေကို စားရမယ်။ ပထမသွားသူတွေက ရေမရှိတဲ့အရပ်မှာ ရေကန်တွေ တူးထားခဲ့မှာဖြစ်လို့ ရေအတွက် ပူစရာမလိုဘူး။ ပျက်စီးနေတဲ့ လမ်းတွေကို ဖို့သွားကြမယ်၊ ပြင်သွားကြမယ်။ ဒီတော့ လမ်းတွေကလည်း ညီညာနေလိမ့်မယ်။ နောက်ပြီး ကုန်သည်တွေနဲ့ ဈေးစကားပြောရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ အခုတော့ ပထမလှည်းသမားတွေ ထားသွားခဲ့တဲ့ ဈေးနှုန်းအတိုင်း ငါတို့ ရောင်းနိုင်ကြလိမ့်မယ်”လို့ တွေးထားတာမို့လို့ပါ။

တစ်နေ့တော့ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားက အရင်ခရီးစသွားတယ်။ ကန္တာရအလယ်ကို ရောက်တော့ ဘီလူးတွေက လှည်းသမားဟန်ဆောင်၊ မိုးရေတွေ စိုရွှဲနေတဲ့ပုံ ဖန်ဆင်းပြီး လှည်းသမားတွေကို ရေတွေ သွန်ပစ်ဖို့ ရှေ့မှာ မိုးတွေ ရွာနေလို့ ရေတွေပေါကြောင်း ဖြားယောင်းကြပါတယ်။ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားဟာ တပည့်တွေကို ရေတွေသွန်ပစ်ဖို့ ပြောလိုက်ပါတယ်။ ရှေ့ကို သွားရင်းနဲ့ ရေပြတ်လပ်ပြီး ဘီလူးတွေက အလွယ်တကူ စားသောက်လိုက်ကြပါတယ်။

ဒုတိယသွားတဲ့ ဆင်ခြင်ဉာဏ်ရှိတဲ့လှည်းသမားကတော့ ရက်အနည်းငယ် ခွာပြီး နောက်ကနေ ခရီးထွက်ပါတယ်။ ကန္တာရအလယ်ရောက်တော့ ဘီလူးတွေက အထက်ပါနည်းအတိုင်း ဖြားယောင်းကြပါတယ်။ ဒီတော့ လှည်းမှူးက စဉ်းစားပါတယ်။ ကန္တာရအလယ်မှာ မိုးရွာတယ်၊ ရေရှိတယ်ဆိုတာ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ အရိပ်လည်း မထွက်ကြဘူး။ ဧကန္တ ဒီလူတွေဟာ လူစင်စစ်မဟုတ်ဘဲ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ ပြီးတော့ “ရေတွေကို သူ့အမိန့်မရဘဲ သွန်မပစ်ရ”လို့လည်း အမိန့်ထုတ်လိုက်ပါတယ်။ ဒီတော့ တပည့်လှည်းသမားတွေက စောဒက တက်ကြတယ်။ “ရေအိုးတွေ သယ်ပြီး ခရီးသွားရတာ ပင်ပန်းတယ်။ သူတို့ကြည့်ရတာ ရှေ့မှာ တကယ်ပဲ ရေရှိပုံရတယ်။ အ၀တ်တွေကလည်း စိုနေတယ်။ လှည်းဘီးတွေမှာလည်း ရွှံ့တွေ ပေကျံနေတယ်။ ကြာပန်းတွေတောင် ကိုင်လို့။ ဒီတော့ ရေတွေကို သွန်ပစ်သင့်တယ်”လို့ လှည်းမှူးကို ပြောပါတယ်။ ဒီတော့ လှည်းမှူးက အစည်းအဝေးတစ်ခု လုပ်ပါတယ်။

“ကန္တာရအလယ်မှာ မိုးရွာတယ်လို့ ကြားဖူးတဲ့သူ ဘယ်သူ ရှိသလဲ”

“ဘယ်သူမှ မကြားဖူးကြပါ”

“မိုးသက်လေပြင်းအနံ့ကို ဘယ်အရပ်လောက်ကနေ မြင်ရတယ်လို့ ကြားဖူးသလဲ”

“တစ်ယူဇနာလောက်နေ မြင်ရပါတယ်”

“ကဲ အခု မိုးသားတိမ်လိပ်တွေကို ဘယ်သူမြင်ရသလဲ”

“ဘယ်သူမှ မမြင်ပါ”

“နောက်ပြီး လျှပ်စီးလျပ်တာကို ဘယ်အရပ်လောက်ကနေ မြင်ရသလဲ”

“၄ ယူဇနာ၊ ၅ ယူဇနာလောက်နေ မြင်ရပါတယ်”

“အခု လျှပ်စီးလျပ်တာကို မြင်တဲ့သူရှိလား”

“မရှိပါဘူး”

“နောက် မိုးကြိုးပစ်သံကို ဘယ်အရပ်လောက်ကနေ ကြားရတတ်သလဲ”

“၃ ယူဇနာ၊ ၄ ယူဇနာလောက်ကနေ ကြားရတတ်ပါတယ်”

“ကဲ အခု မိုးကြိုးပစ်သံကို ကြားမိတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ”

“တစ်ယောက်မှ မရှိပါ လှည်းမှူးကြီး”

အထက်ပါအတိုင်း ယုတ္တိကျကျ ဉာဏ်ပညာပါပါနဲ့ သုံးသပ်ပြောဆိုပြပြီး ရေတွေကို သွန်မပစ်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ ဒီတော့ ဘီလူးတွေ စားတာကို မခံခဲ့ကြရဘူး။

ဒီတော့ မြို့စားကြီး လမ်းမှန်ပေါ်ကို ဉာဏ်ပညာရှိရှိနဲ့ လျှောက်လှမ်းတဲ့သူဟာ သူကိုယ်တိုင်လည်း ချမ်းသာရတယ်၊ သူ့ကို မှီခိုနေတဲ့သူတွေကို ချမ်းသာစေတယ်။ သင်ကတော့ အဆင်ဉာဏ်ကင်းမဲ့ပြီး လမ်းမှားကို ဆက်လျှောက်နေရင် ပထမသွားတဲ့ ဆင်ခြင်မဲ့တဲ့ လှည်းသမားလိုပဲ ဖြစ်တော့မယ်။ သင်ကိုယ်တိုင်အတွက်လည်း မကောင်းဘူး။ သင့်ကို မှီခိုကိုးစားနေသူတွေလည်း မကောင်းဘူး။ အဲဒီတော့ သင့်ရဲ့ မိုက်မဲတဲ့ အယူအဆကြီးတွေကို ပြောင်းလိုက်ပါတော့လား”

ထိုကဲ့သို့ အရှင်ကုမာရကဿပက ခပ်ပြင်းပြင်း စကားလုံးများဖြင့် ပြောလိုက်သော်လည်း မြို့စားကြီးက သူ့အယူအဆကို မပြောင်းနိုင်ကြောင်း၊ အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ ဥပမာအသစ်၊ သုတေသနအသစ်များဖြင့် ပြန်လှန်ငြင်းခုံခြင်းကား မပြုလုပ်တော့ပေ။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၂)

ထိုကဲ့သို့ ညင်ညင်သာသာဆိုလိုက်၊ ပြင်းပြင်းထန်ထန်ပြောလိုက်ဖြင့် မည်သို့မျှ ပြောမရသောအခါ အရှင်ကုမာရကဿပက ထိုဥပမာများထက် ပိုမိုပြင်းထန်သော ဥပမာဖြင့် ထပ်မံပြောဆိုခဲ့သည်။

“မြို့စားကြီး သင်လုပ်ပုံက မစင်ထုပ်သယ်သူလို ဖြစ်နေပြီ”

“ဘယ်လိုကြောင့် ကျွန်ုပ်က မစင်ထုပ်သယ်သူနဲ့ တူရမှာလဲ”

“ပြောပြမယ် မြို့စားကြီး နားထောင်၊ တစ်ခါက အမျိုးသားတစ်ဦးဟာ ၀က်တွေကို မွေးပြီး စီးပွားလုပ်တယ်။ တစ်နေ့တော့ အခြားမြို့ကို ခရီးသွားတယ်။ တစ်နေရာရောက်တော့ နေရာအနှံ့အပြားမှာ မစင်ခြောက်တွေကို တွေ့ရတယ်။ ဒါနဲ့ ဒီမစင်ခြောက်တွေကို ငါ ၀က်စာလုပ်ရရင်ကောင်းမှာပဲလို့ တွေးပြီး အပေါ်ရုံအ၀တ်ကိုဖြန့်ပြီး မစင်ခြောက်တွေကို သယ်သွားသွားပါတယ်။
တစ်နေရာရောက်တော့ မထင်မှတ်ဘဲ မိုးကြီးသည်းထန်စွာ ရွာချလိုက်ပါတယ်။ ဒီတော့ ထိုအမျိုးသားခေါင်းပေါ်မှာ ရွက်ထားတဲ့ မစင်တွေက အရည်ပျော်ပြီး တစ်ကိုယ်လုံးကို မစင်တွေ ပေလူးကုန်ပါတယ်။ လမ်းမှာတွေ့တဲ့ အခြားသူတွေက -ဒီလူ ရူးများနေရော့သလား၊ မစင်ထုပ်ကြီးကို ညစ်ပတ်ပေရေစွာနဲ့ ထမ်းလာတယ်-လို့ ပြောကြတယ်။ အဲဒီအခါ ထိုအမျိုးသားက - ငါက ရူးနေတာ မဟုတ်ဘူး။ သင်တို့ကသာ ရူးနေတာ။ ငါက ဒီမစင်ခြောက်တွေကို ၀က်စာလုပ်မလို့ သယ်လာတာ-လို့ ပြောပါတယ်။
မြို့စားကြီး သင်ဟာလည်း ဒီအမျိုးသားလိုပဲ။ ကိုယ့်အတွက် ဘာအကျိုးမှ မရှိနိုင်တဲ့ ဒီအယူအဆမှားတွေကို အရှက်မရှိ သယ်လာနေသေးတယ်”ဟု နှိပ်ကွပ်လေသည်။

ထိုဥပမာဖြင့် ပြောသော်လည်း အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များ (သူများတွေ ကဲ့ရဲ့မှာစိုးလို့၊ အရှင့်ကို အရှုံးမပေးချင်လို့ စသည်)ဖြင့် သူ့အယူအဆများကို မပြောင်းနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၃)

အရှင်ကုမာရကဿပသည် နောက်ထပ် ဥပမာတစ်ခုဖြင့် မြို့စားကြီးကို ဆိုပြန်လေသည်။

“မြို့စားကြီး သင်ဟာ မသမာနည်းနဲ့ ကစားတဲ့ ညစ်ပတ်တဲ့ အန်ကစားသမားနဲ့ တူနေပြီ”

“ဘယ်လိုဖြစ်လို့လဲ”

“ပြောပြမယ် နားထောင်၊ တစ်ခါက အန်ကစားပွဲကြီးတစ်ခုရှိတယ်။ အန်ကစားသမားတွေထဲမှာ ကစားသမားတစ်ဦးဟာ ရှုံးနိုင်တဲ့အန်ကို ပါးစပ်ထဲ မျိုမျိုပြီး ကစားတယ်။ အဲဒီလို ညစ်ပတ်ပြီးကစားတော့ သူကချည်းပဲ နိုင်နေတယ်။ ဒါကို ရိပ်မိတဲ့သူတစ်ဦးက သူ ပါးစပ်ထဲမျိုတာကို တွေ့သွားတယ်။ အဲဒီတော့ အန်တွေကို အဆိပ်လိမ်းပြီးတော့ ကစားတယ်။ ဒီအခါမှာ ညစ်ပတ်တဲ့အန်သမားဟာ အန်တွေကို မျိုပြန်တယ်။ ထိုအခါ အဆိပ်သုတ်လိမ်းသူ အန်သမားက - အဆွေ သင်ဟာ ရှုံးမည့်အန်ကို မျိုမျိုပြီး ကစားတယ်။ အဲဒီအန်တွေမှာ အဆိပ်တွေ လိမ်းထားတာကို သင်က မသိဘူး။ ယုတ်မာညစ်ပတ်တဲ့အန်သမား အန်တွေကို မျိုပါအုံး၊ ထပ်ထပ်မျိုပါအုံး၊ သင်ဟာ အဆိပ်ဒဏ်ရာနဲ့ ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်-လို့ ပြောပါတယ်။

မြို့စားကြီး သင်ဟာလည်း အဲဒီညစ်ပတ်တဲ့ အန်သမားလိုပဲ မကောင်းတဲ့အယူအဆတွေကို မျိုမိနေပြီ။ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့လား”ဟု တိုက်တွန်းပြန်လေသည်။

ထိုကဲ့သို့ ခပ်နာနာ ခပ်ပြင်းပြင်း ဥပမာများဖြင့် နှိပ်ကွပ်ပါသော်လည်း မြို့စားကြီးမှာ အပြုံးမပျက်။ မပြောင်းလဲနိုင်ကြောင်းသာ ထပ်ပြောဆိုနေခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်....
http://www.ashinkusala.com/အရှင်ကုသလသာမိ (ပျော်ဘွယ်)မှကူးယူဖော်ပြပါသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၅)

1

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၅)


အရှင်ကုမာရကဿပ၏ ဥပမာ (၈)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ထင်လွယ်မြင်လွယ်တဲ့ ဥပမာတစ်ခု ပြောပြမယ်။ အေးနေတဲ့ သံခဲနဲ့ ရဲရဲတောက်နေအောင် ပူနေတဲ့ သံခဲ … ဘယ်ဟာက ပိုလေးသလဲ”

“အေးနေတဲ့ သံခဲက လေးပါတယ်”

“ဟုတ်တယ်။ သံခဲဟာ အပူဓာတ်နဲ့လေဓာတ် ပေါင်းလိုက်ရင် ပေါ့တယ်။ အပူဓာတ်၊ လေဓာတ်မရှိတော့ရင် အလေးချိန်က များသွားတယ်။ ဒီသဘောတရားလိုပဲ သက်ရှိ ခန္ဓာကိုယ်ဟာ အသက်၊ ကိုယ်ငွေ့နဲ့ ၀ိညာဏ်(စိတ်)ပေါင်းလိုက်ရင် ပေါ့နေတယ်။ အဲဒါတွေ မရှိတော့ရင် လေးသွားတယ်။ အသက်မရှိလို့ လေးသွားတာနဲ့ နောက်ဘ၀မရှိတာ ဘယ်လိုမှ မဆက်စပ်ဘူး မြို့စားကြီး။ ဒီတော့ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့”

“မပြောင်းနိုင်ပါဘူး အရှင်၊ ကျွန်ုပ်မှာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၆)

“ရှေ့တုန်းကလိုပဲ။ သေဒဏ်အပြစ်ပေးခံရတဲ့ သူခိုးကို အသား၊ အရိုး၊ အကြော၊ ရိုးတွင်းချဉ်ဆီ တစ်ခုမှ မပျက်စီးအောင် သတ်ဖို့ ပြောလိုက်တယ်။ သေတော့မယ့်ဆဲဆဲဖြစ်တဲ့အခါမှာ လေးဘက်လေးတန် ၀ိုင်းကြည့်တယ်။ အသက်ထွက်တာကိုများ မြင်ရမလားလို့၊ အသက်ထွက်တာကို မတွေ့ရပါဘူး။ ဒါနဲ့ ပက်လက်လှန်ခိုင်းတယ်၊ ဘယ်ညာလှည့်ခိုင်းတယ်၊ မျိုးစုံ လှည့်ထားပြီး စောင့်ကြည့်ပါတယ်။ အသက်ထွက်သွားတာကိုတော့ မမြင်ရပါဘူး။ ဒါနဲ့ တုတ်နဲ့ ရိုက်ခိုင်းတယ်၊ ထုခိုင်းတယ်။ မတွေ့ဘူး။ နောက်ပြီး သူ့မှာက မျက်စိလည်း ရှိနေပါလျှက် မမြင်တော့ဘူး၊ နားလည်းရှိပါလျှက် မကြားတော့ဘူး။ …. သူ့ရဲ့ အာရုံငါးပါးက ပသာဒတွေ ရှိနေပါလျှက် ဘာမှ အလုပ်မလုပ်တော့ဘူး။ ဆိုလိုတာက သူအသက်ထွက်တာကို လုံးဝမတွေ့ရတာပါပဲ။ ဒါကြောင့် ရှေ့နောက်ဘ၀တွေမှာ ပြေးလွှားကျင်လည်တတ်တဲ့ အသက်ဆိုတာ မရှိဘူး။ ဒီတော့ နောက်ဘ၀ဆိုတာလည်း မရှိတော့ဘူးပေါ့”

အရှင်ကုမာရကဿပ၏ ဥပမာ (၉)

“မြို့စားကြီး သင့်သုတေသနကလည်း နားလည်တဲ့သူတွေအတွက် ရယ်စရာ ဖြစ်နေပြီ။ သင့်အဖြစ်က ခရုသင်းအသံကို လိုက်ရှာနေတဲ့သူတွေနဲ့ တူနေပြီ”

“ဘယ်လိုများလဲ အရှင်၊ ခရုသင်းအသံကို ဘယ်လို ရှာတာလဲ”

“သင့်ကို ပြောပြမယ်။ ပညာရှိတဲ့သူတွေဟာ ဥပမာနဲ့ ပြောရင် နားလည်ကြတယ်”

“ဟုတ်ပါပြီ အရှင်၊ ပြောမှာသာ ပြောပါ”

ဤနေရာတွင် “ပညာရှိတဲ့သူတွေဟာ ဥပမာနဲ့ ပြောရင် နားလည်ကြတယ်”ဟူသော စကားမှာ မြို့စားကြီးကို အနည်းငယ် ထည့်သောစကားဟု နားလည်မိသည်။ ယနေ့ခေတ် စကားပြောရာတွင် “မင်းကို ဒီလောက်ပြောနေတာ နားလည်သင့်တယ်။ အသိဉာဏ်ရှိသူတွေဟာ ဒီလောက်ပြောရင် သဘောပေါက်တယ်”ဆိုသော လေသံမျိုး ဖြစ်သည်ဟု ထင်သည်။ အရှင်ကုမာရကဿပသည် ဤစကားမျိုးကို နေရာတိုင်းတွင် ထည့်မပြောဘဲ အချို့နေရာများတွင်သာ ထည့်သုံးသွားသည်ကို တွေ့ရသည်။

“တစ်ခါက အမျိုးသားတစ်ဦးဟာ တောရွာတစ်ခုကို ရောက်သွားတယ်။ သူနဲ့အတူ ခရုသင်းလေးလဲ ပါသွားတယ်။ ခရုသင်းမှုတ်တော့ ရွာသားတွေ ၀ိုင်းနားထောင်ကြတယ်။ တစ်နေ့ကျတော့ ခရုသင်းကို ဘေးမှာ ချထားတယ်။ ရွာသားတွေက စဉ်းစားတယ်။ ဒီလောက် အသံသာယာနေတာ ဘာလေးဘာလိမ့်။ အဲဒီတော့ မေးတယ်။ ဒါ ဘာလေးလဲပေါ့။ အမျိုးသားကလည်း ဒါ ခရုသင်းခေါ်တယ်။ အသံသာသာလေး ထွက်နေတာလည်း ဒီခရုသင်းပဲလို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ရွာသားတွေဟာ ခရုသင်းကို ပက်လက်ချထားကြည့်တယ်၊ မှောက်ခုံထားကြည့်တယ်၊ ဘယ်ညာစောင်းကြည့်တယ်၊ တုတ်နဲ့ရိုက်ကြည့်တယ်၊ ဓားနဲ့ခုတ်ကြည့်တယ်၊ ..အို ခရုသင်း အသံထွက်ပါလော့၊ အသံထွက်ပါလော့-လို့ ပြောကြည့်တယ်။ အသံက ထွက်မလာဘူး…
အဲဒီတော့ အမျိုးသားက စဉ်းစားတယ် - ဒီရွာသားတွေဟာ တော်တော်မိုက်မဲကြပါလား၊ ခရုသင်းအသံကိုများ ဘာဖြစ်လို့ လိုက်ရှာနေကြပါလိမ့်-လို့ပေါ့။ အဲဒီလို စဉ်းစားပြီး ခရုသင်းကို ကောက်ယူ၊ မှုတ်ပြလိုက်ပြီး ထွက်သွားခဲ့တယ်။

နောက်ပိုင်းတော့ ရွာသားတွေဟာ -အော် ခရုသင်းဆိုတာ မှုတ်သူရယ်၊ မှုတ်ခြင်းရယ်၊ လေရယ် သုံးမျိုးပေါင်းမှ အသံမြည်တာပါလား-လို့ သဘောပေါက်လာခဲ့ကြတယ်။ မြို့စားကြီး သင်ဟာလည်း ဒီရွာသားတွေလိုပါပဲလား။ ခန္ဓာကိုယ်ဆိုတာ အသက်၊ ကိုယ်ငွေ့နဲ့ ၀ိညာဏ်တို့ပေါင်းတဲ့အခါ အာရုံငါးပါးက အသက်ဝင်လာတယ်။ လှုပ်ရှားလာတယ်။ အဲဒီသုံးခု မရှိတော့ဘူးဆိုရင် ဘာအသက်ဝင်မှု၊ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ဒီတော့ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့”

“မပြောင်းနိုင်ပါဘူး အရှင်။ ကျွန်ုပ် သုတေသနတွေ လုပ်ထားတာ ရှိပါသေးတယ်”

“ကဲ ရှိသေးရင်လည်း ပြောပါ”

မြို့စားကြီး၏ သုတေသန (၇)

“အထက်မှာ ဆိုခဲ့သလိုပဲ။ သေဒဏ်ပေးခံရတဲ့ သူခိုးကို အရေထူတွေ ခွါတယ်၊ အသက်ဆိုတဲ့ကောင်ကို မတွေ့ဘူး။ အရေပါးတွေ ခွါတယ်၊ မတွေ့၊ အသားတွေ လှီးတယ်၊ မတွေ့၊ အရိုးတွေကို တစ်စစီ ပိုင်းကြည့်တယ်၊ ချဉ်ဆီတွေ ထုတ်ကြည့်တယ်၊ ဘာအသက်မှ မတွေ့ဘူး။ ဒီလောက်ရှာနေတာတောင် မတွေ့မှတော့ မရှိလို့ပေါ့”

မြို့စားကြီး လက်ထက် သေဒဏ်အပေးခံရသူများမှာ မသက်သာလှပါ။ မြို့စားကြီး၏ သုတေသနခန်းထဲ ရောက်သွားရသည်ချည်း ဖြစ်ပေလိမ့်မည်။ ကြံကြံဖန်ဖန်လည်း လုပ်တတ်ပါပေတယ်ဟု တွေးမိပါသည်။ ဤနေရာတွင် အရေးကြီးသောအရာတစ်ခု ရှိပါသည်။ မြို့စားကြီးလုပ်နေသည့်ပုံမှာ ဟိန္ဒူဝါဒအဆိုများကို ကန့်ကွက်ဖို့ ဖြစ်ပုံရပါတယ်။ ဟိန္ဒူဝါဒအရ “လူ့ခန္ဓာကိုယ်ထဲတွင် ဟိုဘ၀သည်ဘ၀ ပြေးသွားတတ်သော အတ္တ-၀ိညာဏ်-အသက်ကောင်ကလေး ရှိနေသည်၊ ခန္ဓာကိုယ် ပျက်စီးသော်လည်း ထိုအကောင်ကလေးက မပျက်မစီး အမြဲတည်နေသည်”ဟု ဆိုသည်။ ထိုအဆိုကို မှားကြောင်း သက်သေပြနေသည်ဟု ထင်မိသည်။ ဗုဒ္ဓ၀ါဒအရကား အသက်ကောင်လေးကြောင့် နောက်ဘ၀စသည် ပြေးလွှားနေခြင်း မဟုတ်ပေ။ သတ္တ၀ါတို့ ပြုခဲ့သမျှ အကောင်းအဆိုးကံများ၏ သတ္တိ(အဟုန်)အတိုင်း သံသရာတွင် ပြေးလွှားကျင်လည်နေကြရခြင်း ဖြစ်သည်။ ထိုကဲ့သို့ မတူညီသော်လည်း ဗုဒ္ဓ၀ါဒက နောက်ဘ၀စသည်ကို လက်ခံထားသည်ဖြစ်ရာ သွယ်ဝိုက်ပြီး ဆက်စပ်သကဲ့သို့ ဖြစ်နေရလေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၀)

“မြို့စားကြီး သင် ဘယ်လောက် အဆင်အခြင် မဲ့တယ်ဆိုတာကို သဘောပေါက်ပါတော့။ သင်ဟာ မီးလုပ်ကျွေးတဲ့ရသေ့ရဲ့ မွေးစားသားလိုပဲ မိုက်မဲလိုက်တာ”

“ဘယ်လို မီးလုပ်ကျွေးတဲ့ရသေ့လဲ”

“တောအုပ်တစ်ခုမှာ မီးလုပ်ကျွေးတဲ့ ရသေ့တစ်ပါးရှိတယ်။ တစ်နေ့မှာ တောထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးတစ်ယောက်ကို ကောက်ယူမွေးစားလိုက်တယ်။ တစ်နေ့မှာ မြို့ကို တက်ပြီး လုပ်စရာကိစ္စပေါ်လာတယ်။ ဒီတော့ သူ့သားကို - ချစ်သား…ဖခင်မြို့ကို သွားစရာရှိတယ်။ ဒီတော့ မီးကို မငြိမ်းအောင် လုပ်ထားပါ။ ရော့ ဒီမှာ ပဲခွပ်(ပုဆိန်ကဲ့သို့ ထင်းခွဲစရာလက်နက်)၊ ဒီမှာ ထင်း၊ ဒီမှာ မီးပွတ်ခုံ…ဒါတွေနဲ့ မီးကို မငြိမ်းအောင် စောင့်ရှောက်ပါ-ဆိုပြီး ထားခဲ့ပါတယ်။ ရသေ့ကြီးသွားပြီးနောက်မှာ ကလေးက ဆော့ကစားရင်း မီးက ငြိမ်းသွားတယ်။ ဒါနဲ့ မီးမွှေးမယ်ဆိုတော့ မီးက ရှာလို့ မတွေ့ဘူး။ ဒီတော့ ကလေးက စဉ်းစားတယ်။ - ရသေ့ကြီးက မီးမငြိမ်းအောင် ဒါတွေကို ပေးခဲ့တယ်၊ ဒါတွေထဲမှာ မီးရှိမှာ သေချာတယ်-လို့ တွေးပြီး မီးပွတ်ခုံကို ပဲခွပ်နဲ့ အစိတ်စိတ်အမွှာမွှာ ခွဲပါတယ်၊ နောက်ဆုံးမရတော့ မီးပွတ်ခုံကို အမှုန့်ဖြစ်အောင် ထောင်းပါတော့တယ်။ ဘယ်လို ခွဲခွဲ မီးကိုတော့ မရခဲ့ပါဘူး။ ရသေ့ကြီး ပြန်ရောက်လာတော့ မီးကလည်း ငြိမ်းနေပြီ။ မီးပွတ်အစုံကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီ။ -တော်တော် မိုက်မဲတဲ့ ကလေးပါလား၊ မသိတတ်လေတကား -လို့ ရသေ့ကြီးက စဉ်းစားပါတယ်။

စဉ်းစားပြီး - ချစ်သား မသိတတ်၊ မလိမ္မာသော လူမိုက်တွေဟာ မီးကို ရှာကြတယ်။ ပညာရှိပြီး တတ်သိနားလည်သူတွေကတော့ မီးကို မရှာကြဘူး-လို့ ဆိုပါတယ်။

မြို့စားကြီး ဒီဥပမာလိုပဲ သင့်အနေနဲ့လည်း အဆင်ခြင်ကင်းမဲ့စွာ အသက်ကို ရှာနေလိုက်တာ။ သင့်အယူအဆတွေကို စွန့်လွှတ်လိုက်ပါတော့”

အထက်ပါ စကားရပ်များတွင် မီးကိုလုပ်ကျွေးသော ရသေ့ဆိုသည်မှာ ထိုခေတ်အခါက အိန္ဒိယတွင် မီးကို တစ်သက်တာလုံး မငြိမ်းအောင် လေ့ကျင့်အားထုတ်ကြသော ရသေ့များ ဖြစ်ပါသည်။ သူတို့သည် မီးကို တစ်သက်လုံး မငြိမ်းစေဘဲ မီးနတ်ကို ပူဇော်ကြခြင်း ဖြစ်သည်။ တစ်ဖန် အရှင်ကုမာရကဿပစကားတွင် မြို့စားကြီးကို ခပ်နာနာပြောလိုက်သော စကားများကိုလည်း တွေ့လာရသည်။

အရှင်ကုမာရကဿပက အထက်ပါအတိုင်း ပြောလိုက်သောအခါ မြို့စားကြီးက သူ့တွင် သုတေသနတွေ လုပ်ထားကြောင်း၊ ထိုသုတေသနတွေကြောင့် သူ့အယူအဆကို မပြောင်းနိုင်ကြောင်းကား မပြောတော့ပါ။ သို့ရာတွင် မြို့စားကြီးက….
“အရှင်ကုမာရကဿပ … သင် ဘယ်လိုပြောပြော ကျွန်ုပ်ကတော့ ဒီအယူအဆကို မစွန့်နိုင်ပါဘူး”

“ဘယ်လို ဖြစ်လို့လဲ မြို့စားကြီး”

“ကျွန်ုပ် တမလွန်ဘ၀မရှိဘူးလို့ ယူဆတာ၊ ကုသိုလ်အကုသိုလ် အကျိုးမရှိလို့ ယူဆတာတွေကို ပသေနဒီကောသလမင်းကြီးလည်း သိတယ်။ အခြားတိုင်းတစ်ပါး မင်းတွေလည်း သိတယ်။ ဒါကြောင့် ဒီအယူကို မစွန့်နိုင်ပါဘူး။ နောက်ပြီးတော့ ကျွန်ုပ်ယူဆသလို ယူဆနေသူတွေ အများကြီးရှိတယ်။ ကျွန်ုပ်က ဒီအယူကို စွန့်လိုက်ရင် -မြို့စားကြီးတော့ အယူပြောင်းသွားပြီ၊ မှားနေတဲ့အယူကို ယူမိသွားပြီ-လို့ အပြစ်တင်ကြလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်ုပ်အယူအဆကို မပြောင်းနိုင်ပါဘူး။

နောက်ပြီး အရှင့်စကားတွေကို အန်တုချင်သေးတယ်၊ အရှင်နဲ့ ပြိုင်ဘက်ဖြစ်ချင်သေးတယ်။ ဒါကြောင့်လည်း ကျွန်ုပ်အယူအဆတွေကို မစွန့်နိုင်ပါဘူး”ဟု ဆိုလေသည်။

မြို့စားကြီး ပြောလိုက်သော ဤစကားများကို သဘောကျမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ် လူ့ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ကျွန်ုပ်တို့ ကိုယ်တိုင်သော်လည်းကောင်း ထိုကဲ့သို့ သဘောထားလေးများ ရှိနေတတ်သောကြောင့် ဖြစ်ပါသည်။ တခါတရံ တစ်ဖက်လူ ပြောလိုက်သောစကားများမှာ သဘာဝကျသည်၊ မှန်သည်။ သို့ရာတွင် အများအလယ်တွင် လွယ်လွယ်အရှုံးပေးလိုက်သူဟု ကင်ပွန်းတပ်ခံရမှာ ကြောက်သဖြင့် ပေခံနေတတ်ကြပါသည်။ တစ်ဖက်လူကို အရှုံးမပေးချင်သဖြင့်လည်း မျက်စိမှတ်ငြင်းဆိုနေတတ်ကြပါသည်။ ဤသည်မှာ လူ့သဘာဝတစ်မျိုးဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလွန်အကျွံ “ဘူး”ခံနေလျှင်ကား ကောင်းသည့်သဘောထားတော့ မဟုတ်ပါလေ။

ဆက်လက်ဖော်ပြပါမည်....
http://www.ashinkusala.com/အရှင်ကုသလသာမိ (ပျော်ဘွယ်)မှကူးယူဖော်ပြပါသည်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၄)

2

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၄)
http://www.ashinkusala.com/အရှင် ကုသလသာမိ (ပျော်ဘွယ်) မှ ကူးယူဖော်ပြပါသည်။
မြို့စားကြီး၏ သုတေသန (၄)

သေတဗျမြို့သူမြို့သားများ တဖြည်းဖြည်း ပိုမို စည်ကားလာသည်။ မြို့စားကြီးနှင့်အရှင်ကုမာရကဿပတို့ အယူအဆရေးရာများ အပြိုင်အဆိုင် ပြောဆိုနေကြောင်း သေတဗျမြို့နယ်တစ်ဝိုက်ကို တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ များပြားလှသော ပရိသတ်များမှာ ဆူညံမှုမရှိဘဲ တိတ်ဆိတ်စွာ နားစိုက်နေခဲ့ကြလေသည်။ တိတ်ဆိတ်မှုများထဲမှ ပါယာသိမြို့စားကြီး၏ သြဇာပြည့်ဝသော အသံက ပေါ်ထွက်လာခဲ့ပြန်သည်။

“အရှင်..ကျွန်ုပ်အယူအဆကို မပြောင်းနိုင်သေးပါ။ ကျွန်ုပ်လေ့လာထားသည်များ ရှိပါသေးတယ်။ တစ်ခါက သေဒဏ်အပေးခံရတဲ့ သူခိုးတစ်ယောက်ကို စဉ်းအိုးထဲမှာ ထည့်၊ စဉ်းအိုးကို အလုံပိတ်ပြီး အပြင်ကနေ မီးတိုက်ခိုင်းပါတယ်။ မီးတိုက်နေတဲ့အချိန်မှာ ကျွန်ုပ်က အပြင်ကနေ စောင့်ကြည့်နေပါတယ်။ အဲဒီစဉ်းအိုးထဲကနေ အသက်ဆိုတဲ့ အကောင် ထွက်သွားတာကို မမြင်မတွေ့ရပါဘူး။ ဒါကြောင့် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ပြနေတာပါပဲ”

ဤနေရာတွင် အသက်ဆိုတဲ့အကောင် ထွက်သွားတာကို မတွေ့ရဘူးဆိုသော စကားသည် ထိုခေတ်အခါက လူအများစု ယုံကြည်နေသော အတ္တ၀ါဒ အငွေ့အသက်ပင် ဖြစ်သည်ဟု ထင်ပါသည်။ အတ္တ၀ါဒအရ အတ္တဟူသော အကောင်ကလေး၊ ၀ိညာဏ်ကလေးသည် သတ္တ၀ါသေသည့်အခါ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်နေသည်ဟု ယုံကြည်ကြသည်။ ထိုအတ္တဟူသောအကောင်ကို တွေ့လျှင် “နောက်ဘ၀ရှိတယ်၊ နောက်ဘ၀ကို ကူးတယ်”ဟု ယုံကြည်နိုင်စရာ ရှိပါသည်။ ထို့ကြောင့် မြို့စားကြီးအနေဖြင့် “အတ္တ၊ အသက်၊ ၀ိညာဏ်ဟူသော ကူးတတ်သောအရာမရှိလျှင် အကူးခံရနိုင်သော တမလွန်ဘ၀မရှိ”ဟု ဆုံးဖြတ်ကောက်ချက်ချလိုက်ပုံ ရပါသည်။

သို့ရာတွင် အရှင်ကုမာရကဿပကား ဤပွိုင့်(ပါယာသိမြို့စားကြီး၏အားနည်းချက်)ကို ထောက်ပြဝေဖန်ခြင်း မပြုခဲ့ပါ။ အခြားဥပမာတစ်မျိုးဖြင့် ပြောပြခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၇)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောအုံးမယ်။ သင် ကြိုက်သလို ဖြေပါ”

“ကောင်းပါပြီ၊ မေးပါ”

“သင် အိပ်တဲ့အခါ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်တွေ၊ ရေကန်တွေနဲ့ အခြားကြည်နူးစရာလေးတွေကို အိပ်မက်ဖူးသလား”
“မက်ဖူးပါတယ်၊ တစ်နေ့က ဥယျာဉ်ထဲမှာ မောင်းမမိဿံအခြွေအရံတွေနဲ့ ဥယျာဉ်ထဲမှာ နေတုန်း အိပ်မက်မက်တာကို အမှတ်ရပါတယ်”

“သင် အိပ်မက်နေတဲ့အချိန်မှာ အခြွေအရံတွေဟာ သင့်ဘေးမှာ ရှိနေသလား”

“ရှိပါတယ်”

“သင့်ဘေးမှာ ရှိနေတဲ့ အခြွေအရံတွေဟာ သင့် အသက်ထွက်သွားတာ၊ ၀င်သွားတာကို မြင်ရသလား”

“မမြင်ရပါဘူး”

“ဒီလိုဆိုရင် သင်ပြောတဲ့ သူခိုးအသက်ထွက်တာကိုလည်း ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ၊ မြို့စားကြီး … သင့်အယူအဆကို ပြောင်းပါတော့”

“မပြောင်းနိုင်ပါဘူး။ ဒီဥပမာလောက်နဲ့ ကျွန်ုပ်အယူအဆကြီးကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ကျွန်ုပ်မှာ ပြောစရာအကြောင်းတွေ ရှိပါသေးတယ်”

အရှင်ကုမာရကဿပ၏ ဤဥပမာသည်လည်း မြို့စားကြီးကို မဆွဲဆောင်နိုင်ခဲ့ပါ။ အမှန်အားဖြင့်လည်း အလွန်လေးနက်သော ဥပမာမဟုတ်သေးဟု ထင်မိသည်။ အရှင်ကုမာရကဿပအနေဖြင့် “အိပ်မက်မက်ခြင်းဟူသည် အသက်က အပြင်သို့ ထွက်ပြီး အိပ်မက်နယ်ထဲသို့ သွားရောက်ခြင်းဟု ဆိုလိုနေရော့သလား”ဟုပင် သံသယဖြစ်မိပါသည်။ အမှန်အားဖြင့် အိပ်မက်မက်ခြင်းဟူသည်မှာ အသက်က အပြင်သို့ ထွက်သည် မဟုတ်ပါ။ အိပ်မက်မက်သူ၏ စိတ်အစဉ်တွင် ထင်မြင်မိခြင်းပင် ဖြစ်ပါသည်။

အိပ်မက်ခြင်းအကြောင်းများ

ဤနေရာ၌ သမ္မောဟ၀ိနောဒနီအဋ္ဌကထာနှင့် မဟာနိဒ္ဒေသပါဠိတော် လာ အိပ်မက်မက်ခြင်း အကြောင်း ၆-ပါးကို ဗဟုသုတအဖြစ် ဖော်ပြလိုသည်။ ၎င်းတို့မှာ
(၁) လေဓါတ်ပျက်၍ မက်ခြင်း (၀ါတိက)
(၂) သည်းခြေပျက်၍မက်ခြင်း (ပိတ္တိက)
(၃) သလိပ်ပျက်၍မက်ခြင်း (သေမှိက)
(၄) နတ်တို့ လှည့်ပတ်၍မက်ခြင်း (ဒေ၀တူပ သံဟရတ)
(၅) လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း (သမုဒါစိဏ္ဏတ)
(၆) ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း (ပုဗ္ဗနိမိတ္တ) တို့ဖြစ်ပါသည်။ မိမိတို့ မြင်မက်တတ်သောအိပ်မက်များကို ဂရုစိုက်ကြည့်နိုင်ပါသည်။
အိပ်မက်ကိုလည်း ရဟန္တာများ မမြင်မက်ကြတော့ပါ။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာတွင် အိပ်မက်သောအချိန်ကို စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်။

အိပ်မက်မက်ချိန်

အများအားဖြင့် “အိပ်မက် ဘယ်အချိန်မှာ မက်သလဲ”ဟု မေးလျှင် “အိပ်မက်ပါဆို အိပ်နေတဲ့အချိန်မှာ မက်တာပေါ့”ဟု ဖြေကြပေလိမ့်မည်။ အထက်ပါ ကျမ်းဂန်အဆိုအရ မဟုတ်ပါ။ အိပ်နေသောအချိန်မှာ အိပ်မက်မက်သည် မဟုတ်။ ပျော်တစ်ဝက် နိုးတစ်ဝက်၊ သို့မဟုတ် အိပ်မပျော်တပျော် အချိန်တွင် အိပ်မက်ပါသည်။ “မျောက်အိပ်ခြင်းနှင့်တူသော အိပ်ခြင်းမျိုး ရှိနေချိန်တွင် အိပ်မက်သည်”ဟု ဆိုထားသည်။ ခေတ်သစ်သုတေသနသမားများ လေ့လာကြည့်ကြပါကုန်။ ဤနေရာတွင်ကား အိပ်မက်အကြောင်း အဓိက ပြောလိုရင်းမဟုတ်၍ ဤမျှသာ။ ဆိုလိုသည်မှာ အိပ်မက်သည် အရှင်ကုမာရကဿပပြောသကဲ့သို့ အသက်က ၀င်လိုက်ထွက်လိုက် မဟုတ်သည်ကို ဝေဖန်တင်ပြလိုရင်း ဖြစ်ပါသည်။

မြို့စားကြီး၏ သုတေသန (၅)

“အရှင်… အကျွန်ုပ် သုတေသနလုပ်ကြည့်ထားတာ ရှိပါသေးတယ်။ သေဒဏ်ပေးခံရတဲ့ သူခိုးကို ခန္ဓာကိုယ်ကို တစ်ခုမှ အပျက်အစီး မဖြစ်စေဘဲ၊ နည်းနည်းမှ မပွန်းမပဲ့စေဘဲ သတ်ခိုင်းပါတယ်။ ပြီးတော့ အလေးချိန်ကို ချိန်ကြည့်ပါတယ်။ အဲဒီလို ချိန်ကြည့်တော့ မသေခင် (အသက်မထွက်ခင်)က ခန္ဓာကိုယ်က သေပြီးနောက် (အသက်ထွက်ပြီးနောက်) ခန္ဓာကိုယ်ထက် ပိုပေါ့နေတယ်။ သေပြီး(အသက်ထွက်ပြီး)ခန္ဓာကိုယ်က အလေးချိန် အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ တမလွန်ဘ၀ဆိုတာ မရှိဘူး”

သာမန်ဖတ်ကြည့်ရင် နားမလည်နိုင်စရာ ဖြစ်နေသည်။ ခန္ဓာကိုယ်အလေးချိန် များသွားခြင်းနှင့် ပေါ့နေခြင်းဖြင့် အဘယ့်ကြောင့် တမလွန်ဘ၀မရှိဟု ယူဆလိုက်ရသနည်း။ မြို့စားကြီး ယူဆပုံမှာ ဤသို့ ဖြစ်ပါသည်။

“မသေခင်က လူ့ခန္ဓာသည် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသည်။ သေသောအခါ ခန္ဓာကိုယ် တစ်မျိုးသာရှိပြီး အသက်က မရှိတော့ပါ။ သို့ဖြစ်၍ လေးမည့်လေးလျှင် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသော အနေအထားက လေးရပေမည်။ အသက်မရှိတော့သော ခန္ဓာကိုယ်က အလေးချိန် ပိုများစရာ အကြောင်းမရှိချေ။ သို့ဖြစ်၍ ဟိုဘ၀ သည်ဘ၀ ပြေးလွှားကျင်လည်တတ်သော အသက်ကောင်ဟူ၍ မရှိ။ ဟိုဘ၀ သည်ဘ၀ပြေးသွားတတ်သော အသက်ကောင်ဟူ၍ မရှိလျှင် ရှေ့ဘ၀၊ နောက်ဘ၀ဟူ၍လည်း ရှိမည်မဟုတ်”ဟု ကောက်ချက်ချလိုက်ပုံ ရပါသည်။

မြို့စားကြီး၏အတွေးအခေါ်များမှာ ဗုဒ္ဓ၀ါဒသဘောတရားနှင့် အလွန်းဝေးနေပြီး မိမိ ထင်ရာမြင်ရာ တွေးခေါ်ထားချက်များပေါ်တွင် အခြေခံနေသည်ဟု ဆိုရပေမည်။ မည်သို့ဆိုစေ မြို့စားကြီး၏ သူများပြောတိုင်း မယုံတတ်သော စရိုက်နှင့် လက်တွေ့ကျမှ ယုံကြည်တတ်သောစိတ်ဓာတ်မျိုးကိုကား ချီးကျူးရမည်သာ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်....

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၃)

0


http://www.ashinkusala.com/အရှင်ကုသလသာမိ (ပျော်ဘွယ်) မှ ကူးယူဖော်ပြပါသည်။    
 
အရှင်ကုမာရကဿပ၏ ဥပမာ (၃)


“ကဲ…မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်၊ ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”
ဤတွင် “ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”ဟူသော စကားကို သတိပြုစေချင်ပါသည်။ ရှေ့က ဥပမာပေးတော့မည့်အခါမျိုးတွင် ဤစကားရပ်မပါခဲ့ပါ။ တစ်နည်းအားဖြင့် အနည်းငယ် မခံချင်အောင် ထည့်လိုက်သောစကားဖြစ်သည်ဟု ထင်သည်။

“အမိန့်ရှိပါ”

“ယောက်ျားတစ်ယောက်ဟာ မစင်တွင်းထဲကို ကျသွားခဲ့တယ် ဆိုပါစို့။ သူ့ကို မစင်တွင်းကနေ ထုတ်ပြီး အကြိမ်ကြိမ် အထပ်ထပ် ရေချိုးပေးမယ်။ အမွှေးနံ့သာတွေနဲ့ လိမ်းကျံပေးမယ်။ ၀တ်ကောင်းစားလှတွေ ဆင်ယင်ပေးမယ်။ ပြီးတာနဲ့ ပြသာဒ်ကြီးအထက်မှာ စားကောင်းသောက်ဖွယ်တွေ၊ လောကီစည်းစိမ်တွေ ခံစားဖို့ အဆင်သင့်လုပ်ထားတဲ့ဆီကို ခေါ်သွားပြီး ကာမဂုဏ်တွေ ခံစားစေမယ်။ အဲဒီအချိန်မှာ အဲဒီယောက်ျားဟာ မစင်တွင်းကို ပြန်သွားလိုတဲ့ စိတ်ဆန္ဒ ရှိအုံးမလား”

“မစင်တွင်းဆိုတာ ညစ်ပတ်စုတ်ပဲ့တဲ့နေရာပဲ။ အခုနေနေရတာက စင်ကြယ်သန့်ရှင်းပြီး ခံစားစရာ ကာမဂုဏ်အာရုံတွေ ပြည့်နေတဲ့နေရာဖြစ်တော့ မစင်တွင်း ပြန်သွားချင်တဲ့စိတ် ဘယ်လိုလုပ် ရှိတော့မလဲ”

“ဟုတ်တယ်၊ မြို့စားကြီး..ဒီဥပမာလိုပဲ ကောင်းရာကောင်းကျိုးတွေ လုပ်ဆောင်ပြီး နတ်ပြည်ရောက်သွားတဲ့သူဆိုတာလည်း ဒီလိုပဲပေါ့။ လူ့အဖြစ်ဆိုတာ နတ်တွေအတွက်တော့ ရွံရှာဖွယ်ဖြစ်တယ်၊ ညစ်ညမ်းတယ်။ ဒါကြောင့် နတ်ပြည်ကနေ သင့်ဆီလာပြီး ဘယ်လိုလုပ် ပြန်လာပြောချင်စိတ် ရှိပါတော့မလဲ၊ ဒါကြောင့် သင့်အယူအဆကို ပြောင်းလိုက်ပါတော့။ တမလွန်ဘ၀ရှိတယ်လို့ ယုံကြည်လိုက်စမ်းပါ”
“တမလွန်ဘ၀ရှိတယ်လို့ မယုံကြည်နိုင်ပါ။ ကျွန်ုပ်မှာ အကြောင်းပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၃)

ဤနေရာတွင် ပြောကြားသော မြို့စားကြီး၏စကားမှာ ရှေ့တွင် ဆိုခဲ့သောစကားနှင့် သိပ်မထူးခြားလှပါ။ ရှေ့စကားရပ်တွင် ကောင်းမှုကုသိုလ်များ လုပ်ဆောင်ပြီး သေသူသည် နတ်ပြည်သို့ ရောက်နိုင်သည်ဟု ဆိုသော်လည်း သူနတ်ပြည်ရောက်ကြောင်း သတင်းစကား ပြန်မပြောလာသည်ကို ပြောခဲ့သည်။ ဤတွင်ကား ကောင်းမှုကုသိုလ်များ လုပ်လျှင် အချို့ရဟန်းများက တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဟု ဆိုသည်။ နတ်ပြည်ဟူသော သာမညစကားရပ်နှင့် တာဝတိံသာဟူသော ၀ိသေသစကားရပ်သာ ကွာခြားပါသည်။ ထုံးစံအတိုင်း ထို့ကြောင့် တမလွန်ဘ၀မရှိဟု ယူဆကြောင်း အရှင်ကုမာရကဿပကို ပြောခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၄)

ယင်းသို့ ပြောကြားချက်ကို အရှင်ကုမာရကဿပက အောက်ပါအတိုင်း ဆက်လက်ရှင်းပြသည်။ ဆွေးနွေးချက်များက တဖြည်းဖြည်း လေးလေးနက်နက် ဖြစ်လာခဲ့သည်။

“မြို့စားကြီး… ဒီလိုဆိုရင် သင်နားလည်အောင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်အကြောင်းကို သင် ဘယ်လောက် သိသလဲ”

“မသိပါဘူး”

“သင် မသိရင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်ဆိုတာ အဲဒီမှာ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ဆိုရင် နှစ် ၁၀၀-ရှိတယ်။ အဲဒီတော့ တာဝတိံသာကို ရောက်သွားတဲ့သူဟာ ငါတော့ ၂-ရက်၊ ၃-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်အုံးမယ်။ ပြီးမှ လူ့ပြည်က ပါယာသိမြို့စားကြီးဆီ သွားပြီး အကြောင်းကြားလိုက်မယ်လို့ စိတ်ကူးပြီး ၂-ရက်၊ ၃-ရက် စည်းစိမ်ခံစားပြီး သင့်ဆီ လာပြောလို့ ဖြစ်ပါ့မလား”

“မဖြစ်ပါဘူး။ သူ ၁-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်ရင် ကျွန်ုပ်က သေလွန်ပြီး ဖြစ်နေပါလိမ့်မယ်”

“ဒီလို သိရင် တမလွန်ဘ၀မရှိဆိုတဲ့ အယူအဆကို စွန့်လွှတ်လိုက်ပါတော့”

“မစွန့်လွှတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှင်က တာဝတိံသာနတ်တွေရဲ့ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ နှစ် ၁၀၀-ရှိတယ်လို့ ပြောနေတယ်။ အဲဒါလို ရှိတယ်လို့ ဘယ်သူက ပြောတာလဲ။ သူများပြောတိုင်း မယုံတတ်ပါ။ လက်တွေ့ဖြစ်မှသာ ယုံပါမယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၅)

“အော် သင်က လက်တွေ့ပြမှ လက်တွေ့သိမှသာ အရှိတရားကို လက်ခံမယ်ဆိုတဲ့သဘောလား”

“ဟုတ်ပါတယ်… ကျွန်ုပ်က ကိုယ်တိုင် ယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံမျိုးရှိမှ လက်ခံတတ်ပါတယ်”

“ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ အမိဝမ်းထဲမှာကတည်းက ကန်းနေတဲ့ သူတစ်ယောက်ရှိတယ်ဆိုပါစို့။ သူဟာ လောကကြီးထဲရောက်လာတော့ အဖြူ၊ အနီ၊ အစိမ်း…စသည်ကို ဘာမှန်း မသိနိုင်တော့ဘူး။ မြင်နိုင်စွမ်းကလည်း သူ့မှာ မရှိဘူး။ တစ်နေ့တော့ တစ်ယောက်ယောက် ဒါက အနီရောင်၊ ဒါက အပြာရောင်လို့ လာပြောမယ်။ အဲဒီအချိန်မှာ သူက အနီဆိုတာ မရှိပါဘူး၊ အပြာဆိုတာ မရှိပါဘူးလို့ ပြောမယ်။ သင်လက်ခံမလား”

“လက်မခံပါဘူး။ အနီ..အပြာအရောင်တွေဟာ တကယ်ရှိနေတာပဲ”

“အေး…ဒီလိုဆိုရင် သင်ဟာ ၀မ်းတွင်းကန်းပဲ။ သင်ဟာ သင့်မျက်စိနဲ့ မမြင်ရတိုင်း မရှိဘူးလို့ ပြောနေတယ်။ ဒါဟာ ၀မ်းတွင်းကန်းသူနဲ့ ဘာမှ မထူးခြားဘူး။ နတ်ပြည်ဗြဟ္မာ့ပြည်ဆိုတာတွေဟာ မံသစက္ခုဆိုတဲ့ သာမန်မျက်စိနဲ့ မြင်ရတာတွေ မဟုတ်ဘူး။ ထိုက်သင့်တဲ့ အကျင့်တွေကို ကျင့်ပြီး ဒိဗ္ဗစက္ခုလို့ဆိုတဲ့ အရာအားလုံးကို အတားအဆီးမရှိ မြင်နိုင်တဲ့ မျက်စိနဲ့မှသာ တွေ့မြင်နိုင်တာ ဖြစ်တယ်။ သင်ဟာ ၀မ်းတွင်းကန်းလို မပြောပါနဲ့လား။ သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

တမလွန်ဘ၀ပြဿနာစကားဝိုင်းက အနည်းငယ် ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့သည်။ အရှင်ကုမာရကဿပကလည်း စကားလုံးခပ်ပြင်းပြင်းများဖြင့် ဥပမာများ တန်ဆာဆင်ကာ ပြောသည်။ မြို့စားကြီးကလည်း အားမနာတမ်း တုန့်ပြန်ပြောဆိုသည်။ အရှင်ကုမာရက အထက်ပါအတိုင်း ပြောကြားသည့်အခါ မြို့စားကြီးက အောက်ပါအတိုင်း ဆက်လက် ချေပသည်။

မြို့စားကြီး၏ ချေပချက်

“အရှင်က ဒီလိုပြောရင် ကျွန်ုပ်ကလည်း ပြောစရာ ရှိပါတယ်။ အရှင်တို့ ရဟန်းတွေ အကျင့်သီလတွေကို စောင့်ထိန်းကြတယ်။ ကောင်းမှုတွေ အများကြီး ပြုကြတယ်။ သေလို့ ရှိရင် ဒီဘ၀ထက် အစစအရာရာ သာလွန်တဲ့ နတ်ပြည်ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်ပေါ့။ အဲဒီလို ရောက်ပြီး နတ်စည်းစိမ်ဗြဟ္မာမင်းစည်းစိမ်တွေ ခံစားလို့ ရတယ်ပေါ့။ ဒီလို ပိုမိုကောင်းမြတ်တဲ့ နတ်စည်းစိမ်ဗြဟ္မာ့စည်းစိမ်တွေ ခံစားရမယ်မှန်း ကျိန်းသေ သိတယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြပါလား။ အရှင်တို့ ဒီလောက် သေချာနေမှတော့ လူ့ဘ၀ရဲ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတာတွေကို စွန့်လိုက်ကြပါလား၊ မသေချာလို့ ကိုယ်ကိုကိုယ် သတ်မသေရဲကြတာပေါ့။ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ လွယ်လွယ်လေးပါ။ အဆိပ်သောက်ပြီးလည်း သေနိုင်တယ်။ ဓားနဲ့ကိုယ့်ကိုကိုယ် ခုတ်ပြီးတော့လည်း သေနိုင်တယ်၊ ကြိုးဆွဲချပြီးလည်း သေနိုင်တယ်။ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့လည်း သေနိုင်တာပဲ။ အခု အရှင်တို့ သမဏတွေထဲက ဘယ်သူတွေ အဲဒီလို သတ်မသေကြတာလဲ။ နတ်ပြည်ဗြဟ္မာ့ပြည်ရောက် မရောက် သေသေချာချာ မသိလို့သာ မသေကြတာပေါ့။ ဒါကြောင့်ပဲ ကျွန်ုပ်က တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ယုံကြည်နေတာပါ”

မြို့စားကြီး၏ ဤသို့သော ပြောဆိုချက်နှင့် ခပ်ဆင်ဆင် စကားမျိုးကို ရှရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းလ်ကလည်း ပြောဆိုဖူးလေသည်။ သူက “ဂေါတမဗုဒ္ဓဟာ လောကကြီးဟာ ဒုက္ခသစ္စာအတုံးအခဲကြီးလို့လည်း ပြောသေးတယ်။ ကိုယ့်ကိုကိုယ်ကျတော့ သတ်မသေဘူး”ဟု ဆိုသည်။ သူ့စကားအတိုင်းပင် တော်လ်စတွိုင်းသည် နောင်အခါ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့လေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၆)

“သင်က ဒီပြောတော့ ဥပမာတစ်ခု ထပ်ပြောရတာပေါ့။ ယောက်ျားတစ်ဦးမှာ မယား ၂-ယောက်ရှိတယ်။ မယားတစ်ယောက်မှာက ၁၀-နှစ်၊ ၁၂-နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ နောက်မယားတစ်ယောက်မှာက ကိုယ်ဝန်လွယ်ထားရတယ်။ တစ်နေ့မှာ သားလေးက အမွေပေးဖို့ ပြောလာတယ်။ သားလေးကို အမွေပေးလိုက်ရင် ကိုယ်ဝန်သည်မိခင်မှာ ဘာခံစားခွင့်မှ မရှိတော့ဘူး။ သားရဲ့ မိခင်တစ်ယောက်ပဲ ခံစားခွင့်ရှိတယ်။ အဲဒီတော့ ကိုယ်ဝန်သည်မိခင်က -သူ ကလေးမွေးပြီးတဲ့အထိ စောင့်ပါအုံး၊ သားလေးမွေးရင် အမွေကို တစ်ယောက်တစ်ဝက်စီ ခွဲယူရမယ်။ သမီးမွေးခဲ့ရင် သားလေးရဲ့ အခိုင်းအစေအဖြစ် ပေးမယ်-လို့ ဆိုပါတယ်။ ဒါပေမယ့် သားဖြစ်သူက အမွေကို အခုပဲ ပေးဖို့ အတင်းပြောနေတယ်။ ဒါနဲ့ ကိုယ်ဝန်သည်မိခင်ဟာ ဓားနဲ့မိမိဗိုက်ကို ခွဲပြီးတော့ သားလေးလား၊ သမီးလေးလား ကြည့်တယ်။ ဒါပေမယ့် မွေးဖွားချိန်ကို မစောင့်နိုင်ဘဲ ဒီလိုလုပ်လိုက်တော့ ဒီဓားဒဏ်ရာနဲ့ပဲ သေဆုံးသွားရတယ်”

“တော်တော်အသိဉာဏ်မရှိတဲ့ အမျိုးသမီးလို့ ဆိုရမှာပေါ့”

“ဟုတ်တယ်။ အသိဉာဏ်မရှိတဲ့ အမျိုးသမီးပဲ။ ဒါပေမယ့် ငါတို့ ရဟန်းတွေဟာ နောက်ဘ၀မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့အခြေအနေရှိနေတာကို သိပေမယ့် အချိန်အခါကို သိလို့ ကိုယ့်ကိုကိုယ် သတ်မသေကြဘူး။ မိမိတို့ ရရှိထားတဲ့ အသိဉာဏ်ပညာနဲ့ လူ့လောကကောင်းကျိုးတွေ အများကြီး သယ်ပိုးပေးတယ်။ အချိန်အခါစေ့လို့ (သေချိန်တန်လို့) သေရတဲ့အခြေအနေ၊ အချိန်အခါအထိ စောင့်ကြတယ်။ ဒါကြောင့် သတ်မသေကြတာပါ။ အခုတော့ သင်က အချိန်မစေ့သေးဘဲ ဗိုက်ခွဲတဲ့ အမျိုးသမီးလိုပဲ မိုက်မဲတဲ့အတွေးမျိုးကို တွေးနေတယ်။ မြို့စားကြီး သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

အရှင်ကုမာရကဿပက ထိုကဲ့သို့ ပြောသော်လည်း မြို့စားကြီး ပါယာသိမှာ နည်းနည်းမှ ဖြုံပုံမရဘဲ သူစမ်းသပ်ခဲ့သော သုတေသနများကို ဆက်လက်ပြောကြားခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်.....

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers