အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

1


 အရှင်ဝိစိတ္တ (မနာပဒါယီ) ဘလော့မှ ကူးယူဖော်ပြပါသည်။

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.. အိပ်ရာကနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် ကုသိုလ်ဖြစ်တဲ့အချိန်က များသလား၊ အကုသိုလ်ဖြစ်တဲ့အချိန်က များသလား သိနိုင်ပါတယ်။ ကုသိုလ်စိတ် မဖြစ်တဲ့အချိန်ဟာ အကုသိုလ်စိတ်တွေ ဖြစ်နေနိုင်တဲ့အတွက် အကုသိုလ်စိတ်မဖြစ်အောင် ကြိုးစားနေထိုင်သွားကြဖို့ လိုပါတယ်။

တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်မဖြစ်အောင် နေတတ်ဖို့အရေးကြီးပါတယ်။ အကုသိုလ်မဖြစ်အောင် နေထိုင်ဖို့အတွက်က အကုသိုလ်မဖြစ်အောင်မြင်တတ် တွေးတတ်ဖို့လိုပါတယ်။ အကုသိုလ်မဖြစ်အောင် မြင်တတ်ဖို့က အကောင်းမြင်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်မှ အကောင်းတွေး တတ်မှာပါ။ အကောင်းတွေးတတ်တာဟာ အကုသိုလ်မဖြစ်အောင် တွေးလိုက်တာပါ။ လောကမှာ ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တ၀ါတွေကို ကြည့်ကြည့်လိုက်ပါ။ အလုံးစုံပြည့်စုံတဲ့ ပုဂ္ဂိုလ်ရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ အဲလို မပြည့်စုံတဲ့ သူတွေဖြစ်နေတဲ့အတွက် သူတို့ရဲ့အားနည်းချက်တွေ ချို့ယွင်းချက်တွေကိုကြည့်ရင် အပြစ်တွေကိုပဲ တွေ့ရမှာပါ။ အပြစ်တွေကိုကြည့်မိတာနဲ့ နောက်ဆက်တွဲအဖြစ် အကုသိုလ်ဖြစ် စရာတွေပဲ တွေ့လာရမှာပါ။ အဲဒီအခါ အကုသိုလ်စိတ်တွေလည်း မခေါ်ဘဲဝင်လာတော့တာပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုပဲကြည့်ကြည့် အကုသိုလ်မဖြစ်အောင် ကြည့်တတ်ဖို့လိုပါတယ်။ တစ်နည်းပြောရရင် အကောင်းဘက်က မြင်တတ်၊ ကြည့်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်ဖို့ဆိုတာက ဘယ်သူ့ကိုပဲတွေ့တွေ့ ကောင်းတာလေးတွေကို ရှာဖွေစဉ်းစား မြင်တတ်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ လိုက်နာကျင့်ကြံ တတ်ရပါမယ်။

ဘုန်းဘုန်းတို့ ဖတ်ရှုလေ့လာဖူးတဲ့ စာပေတွေအရ အကုသိုလ်မဖြစ်အောင် ဆက်ဆံနည်းလေးတွေ၊ တွေးနည်းလေးတွေ ရှိပါတယ်။ အဲဒီနည်းလေးတွေကို ကြည့်ပြီး အကုသိုလ်မဖြစ်အောင် လေ့ကျင့်ကြည့်ပါ။ ဒီသဘောတွေအရ…
* လူပုဂ္ဂိုလ်တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေဟာ နှုတ်ထွက်စကား ကြမ်းတမ်းပေမယ့် စိတ်ထားအရမ်းကောင်းတာကို တွေ့ရတတ်ပါတယ်။ အဲလိုသူမျိုးကို သူတို့ရဲ့ အပြောအဆိုကြမ်းတမ်းမှုကို မကြည့်ဘဲ “အော်…သူဟာ အပြောအဆိုကြမ်းတမ်းပေမယ့် စိတ်ထားလေးတော့ ကောင်းရှာသားပဲ”လို့ အကောင်းဘက်ကတွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
*အချို့ကျတော့ အပြောအဆိုအရမ်းကောင်းပြီး အရမ်းနူးညံ့သိမ်မွေ့တတ်ကြပေမယ့် စိတ်ထားယုတ်ညံ့ပါတယ်။ အဲဒီလိုသူမျိုးကျတော့လည်း “သူဟာ စိတ်ဓာတ်မကောင်းပေမယ့် အပြောအဆိုတော့ ညင်သာနူးညံ့ပါလား”လို့ တွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
*အချို့ကျတော့ အပြောအဆိုလည်း မကောင်း၊ စိတ်ထားလည်း ယုတ်ညံ့တတ်ကြပေမယ့် တစ်ခါတစ်ရံ အနည်းငယ်ကောင်းတာလေးတွေ ရှိတတ်ပါတယ်။ အဲလိုသူမျိုးကိုလည်း သူ့ရဲ့ ကောင်းကွက်အနည်းငယ်လေး ကိုပဲ ရှာကြံပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
*အချို့ကျတော့ အပြောအဆိုလည်းမကောင်း၊ စိတ်ထားလည်း မကောင်း၊ တစ်ခါတစ်ရံလည်း ကောင်းကွက်ဆို ဘာမှကို ရှာမရတာတွေ ရှိပါတယ်။ အဲလိုလူမျိုးကျတော့ ဘာမှမဖြစ်အောင် ဥပေက္ခာသာ ပြုနိုင်အောင် ကြိုးစားရပါမယ်။ ဥပေက္ခာပြုတာဟာ ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် ကြိုးစားတာပါ။

ဒါကြောင့်…တစ်နေ့တစ်နေ့ ကုန်ဆုံးရတဲ့အချိန်လေးတွေမှာ အကုသိုလ်စိတ်တွေ မများရအောင် အကောင်းမြင်တတ်အောင်၊ အကောင်းတွေးတတ်အောင် လေ့ကျင့်ပြီး ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ကုသိုလ် အကုသိုလ်တို့အကျိုးပေးရာ၌ စည်းစနစ်ရှိပုံ

3

ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာ၌ စည်းစနစ် ရှိပုံကို...မလ္လိကာမိဖုရား မေးလျှောက်၍ ဗုဒ္ဓမြတ်စွာ ဖြေတော်မူခဲ့ပါတယ်။

အမေး(၁)။
   မြတ်စွာဘုရား...ဤလောက၌ တချို့မိန်းမသည် ရုပ်လည်းမချော..ဥစ္စာလည်းမပေါ...သြဇာ အာဏာလည်း မရှိပါ။ ဤသို့ သုံးမျိုးလုံး မကောင်းခြင်း၏ အကြောင်းအရင်းကား အဘယ်ပါနည်း... မေးလျောက်ခဲ့ပါတယ်။

မြတ်စွာဘုရာ
က မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
 (၁) ဒေါသကြီး၏...သူများက နည်းနည်းပါးပါး မခံချင်စရာ ပြောလျှင် သူက စိတ်ဆိုး၍ မပြီးနိုင်အောင် ဖြစ်သည်။ နေရာတိုင်းမှာ မနှစ်သက် မကျေနပ်သော  အမူအရာကို ပြတတ်၏။
(၂) စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းမရှိ။
(၃) ကိုယ်ထက်သာလျှင် မနာလိုတတ်သော (ဣဿာ)စိတ်ရှိ၏။ထိုမိန်းမသည် နောက်ဘ၀၌ ဒေါသကြီးသောကြောင့် ရုပ်ဆိုး၏။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း မရှိသောကြောင့် ဥစ္စာပစ္စည်းမွဲ ၍ ဆင်းရဲရ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သောကြောင့် သြဇာအာဏာနည်း သူဖြစ်ရလေသည်။

အမေး(၂)။
   မြတ်စွာဘုရား....ဤလောက၌ တချို့မိန်းမသည် ရုပ်မချောပါ၊ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာရှိပါသည်။ ဤသို့ တစ်မျိုးမကောင်း၍ နှစ်မျိုးကောင်းခြင်း ၏ အကြောင်းရင်းကာ အဘယ်ပါနည်း...ဟု မေးလျောက်ပြန်ပါတယ်။

မြတ်စွာဘုရားက
မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
(၁) ဒေါသကြီး၏။
(၂) စွန်ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၏။
(၃) ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ အရုပ်ဆိုး၏ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာကား ရှိလေသည်။

အမေး(၃)။
မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏။ သို့သော် စည်းစိမ်ဥစ္စာလည်း မရှိ၊ သြဇာအာဏာလည်း မရှိပါ၊ ဤသို့ တစ်မျိုးကောင်း ၍ နှစ်မျိုး မကောင်းခြင်း၏ အကြောင်း အရင်းကာ အဘယ်နည်း ...ဟုမေးလျောက်လေတယ်။

မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
ဒေါသမကြီးတတ်၊ သို့သော် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ်လည်းရှိ၏။ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော်၏။ သို့သော် ပစ္စည်း ဥစ္စာမွဲ၍ ဆင်းရဲသည့်အပြင် သြဇာအာဏာလည်း မရှိတတ်ချေ။

အမေး(၄)။
မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏ ဥစ္စာလည်းပေါပါ၏ သြဇာ အာဏာလည်း ရှိပါ၏၊ ဤသို့ သုံးမျိုးလုံး ကောင်းခြင်း၏ အကြောင်းကား အဘယ်ပါနည်း ဟု မေးလျောက်လေသည်။

မြတ်စွာဘုရားက
မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် ဒေါသလည်း မကြီး..စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ လည်းရှိ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သော စိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘ၀၌ ရုပ်ချော ဥစ္စာပေါ၍ သြဇာ အာဏာရှိသူ ဖြစ်နိုင်လေသည်။

ထိုတရားတော်ကို ကြားနာရသော မလ္လိကာ မိဖုရားသည် ယနေ့မှစပြီး ဒေါသမကြီးသူ၊ စွန့်ကြဲပေးကမ်း လှူဒါန်း လေ့ရှိသူ၊ ကိုယ်ထက်သာလျှင် မနာလိုသော ဣဿာစိတ် မရှိသူ ဖြစ်ပါတော့မည်ဟု လျောက်ထားလေသည်။

 ဒေါသကြီးသူဟာ ဒီဘ၀မှာပဲ ဒေါသဖြစ်တုန်း အရုပ်ဆိုးနေသလို နောက်ဘ၀မှာလည်း အရုပ်ဆိုးတော့တာပဲ၊ ဒေါသ မကြီးတဲ့သူကတော့ ဒီဘ၀မှာ အမြဲ စိတ်ကြည်လင်နေ သလို နောက်ဘ၀မှာလည်း ရုပ်အဆင်းပါ ကြည်လင် လှပနေမယ်။မပေးမကမ်း မလှူဒါန်းသူ ဟာလည်း ယခုဘ၀မှာ နှမြောနေတဲ့အတွက် နောက်ဘ၀မှာ နှမြောစရာ မရှိအောင်ကို မွဲတော့မှာပါ။ပေးကမ်းစွန့်ကြဲသူကတော့ နောက်ဘ၀မှာ ပေးလို့မကုန်အောင်ကို ပေါတော့မှာပါ။ ကိုယ်ထက်သာသူ ကို မနာလိုတတ်သူများက တော့ နောက်ဘ၀မှာ သြဇာအာဏာ မရှိတော့ပဲ သူ့စကားကို ဘယ်သူမှ နာလိုသူမရှိတော့ဘူး။ မနာလိုစိတ် မရှိသူကတော့  နောက်ဘ၀မှာ သူ့စကားကို အားလုံးက နာလိုကြလို့ သြဇာအာဏာပြည့်ဝနိုင်တယ်လို့ မြတ်စွာ ဘုရားက ဟောကြားခဲ့ပါတယ်။

ဒါကြောင့် ဒေါသ မကြီးကြဖို့၊ စွန့်ကြဲ ပေးကမ်းကြဖို့၊ ကိုယ်ထက်သာသူကို တော်ပါပေတယ်၊ ရှေးကုသိုလ်ကောင်းပါပေတယ်ယခုဘ၀လဲ လုံ့လ ၀ီရိယကောင်းပါပေတယ် လို့ ချီးမွမ်းနိုင်ကြမှသာ၊ နောက်ဘ၀မှာ ဥစ္စာပေါ ရုပ်ချောပြီး သြဇာအာဏာရှိသူဖြစ်နိုင်မှာပါ။ အစဉ်မပြတ် သတိတရား လက်ကိုင်ထား၍ ကြိုးစားအားထုတ်နိုင်ကြစေပါစေ။

ညခင်း

သိကြားမင်း လောက်ဖြစ်ရတဲ့အကြောင်း

2

သိကြားမင်းကြီးက လည်း နတ်သက် ကြွေသေရမှာကို သိရစဉ်ခဏ သေပြီးရင် ဘာဖြစ်မလည်း ဆိုတာ ကြည့်လိုက်တဲ့အခါ ချေးတွင်းကြီးမှာ လောက်ကြီးဖြစ်ရမှာပါလား၊ လောက်ဘ၀ အကုသိုလ်ကံ ကုန်ရင်ဘာဖြစ်မလည်း ဆက်ကြည့်လိုက်တဲ့အခါ ဗာရာဏသီပြည်မှာ မင်းဧကရာဇ် ဧကန်ဖြစ်မယ် လို့တွေ့ပါတယ်။ ဒီတော့မှ တော်ပါသေးရဲ့ ဒါပေမဲ့ လောက်ဘ၀ ရပြီးမှ ရှင်ဘုရင်ဖြစ်မှာ။ သည်တော့ လောက်ဘ၀ မြန်မြန်သေမှ ဘုရင်မြန်မြန်ဖြစ်မယ်။ လောက်ဘ၀ရောက်ရင် မြန်မြန်သေအောင် သတ်မယ့်လူ ရှာထားမှဆိုပြီး သိကြားမင်းကြီး လူ့ပြည်ဆင်းလာတယ်။ တောထဲမှာ မုဆိုးကြီးတစ်ယောက်နဲ့ တွေ့ပါလေရော။ ဒီတော့ အကြောင်းစုံ ပြောပြ အကူအညီတောင်းတာပေါ့။
အဲဒီ လောက်ကြီးကို သတ်ပေးစမ်းပါ။ မြန်မြန်သာ သတ်လိုက်ပါ၊ သတ်ခအဖြစ် ကျုပ်ဘုရင်ဖြစ်ရင် အသင်မုဆိုးကို အမတ်ကြီးခန့်ပါမယ့်လို့ သိကြားမင်းက ကတိပြုခဲ့ပါတယ်။ ဒီလိုနဲ့ သိကြားမင်းကြီးလည်း သေပါလေရော။ ပြောခဲ့တဲ့အတိုင်း အိမ်သာကျင်းထဲမှာ လောက်မင်းကြီး ဖြစ်နေရှာပြီ။ ဒါပေမဲ့ မုဆိုးကြီးက လာမသတ်ဘူး မသတ်ရက်လို့ မဟုတ်ပါဘူး။ မေ့နေလို့၊ သတ်ရမှာမေ့နေလို့၊ လောက်မင်းကြီးလည်း လောက်ဖြစ်ခါစတော့ မုဆိုးကြီးလာသတ်မှာကို မျှော်ပါသေးတယ်။ ဒါပေမဲ့ ကြာတော့ သူလည်း မုဆိုးကြီးကို မေ့သွားပြီ။ သူ့ဘ၀ သူပျော်နေပြီ။ လောက်မင်းကြီးပဲ လောက်မလေးတွေနဲ့ သိကြားမင်းစည်းစိမ်နဲ့တောင် မလဲနိုင်တော့တာထင်ပါရဲ့။ ဗာရာဏသီပြည်မှာ ဘုရင်ဖြစ်မယ့်ဘ၀ကို မေ့နေနိုင်လောက်အောင် လောက်ဘ၀မှာ ပျော်နေပြီ။ 
သို့သော်...တော်တော်ကြာတော့ မုဆိုးကြိးလည်း သတိရကာ လောက်မင်းကြီးရှိရာ ရောက်လာတယ်။ အိမ်သာကျင်းဝက အောက်ငုံကြည့်ပြီး လောက်မင်းကြီးကို သတ်ဖို့ ကြိုးစားတယ်။ ဒီတော့ လောက်မင်းကြီးက မေးတာပေါ့။
သင်ဘာအတွက် ငါကို သတ်မှာလဲ
သင်မေ့နေပြီလား၊ သင်သိကြားမင်း ဘ၀က လာခဲ့တယ်။ သင်နဲ့ ကတိတွေထားခဲ့ကြတယ်လေလို့ သတိပေးပါတယ်။
အကျိုးအကြောင်းပြောပြပြီး သတ်မယ်လုပ်တော့ လောက်ကြီးက ဘုရင်မဖြစ်ချင်နေပါကွာ၊ ငါ့ဘ၀နဲ့ ငါပျော်နေပါပြီ၊ ရှိပါစေတော့... တဲ့ ဒီအတိုင်းပြောပြီး ချေးတွင်းကြီးထဲ ငုပ်သွားလိုက်တာ ပေါ်ကိုမလာတော့ဘူးတဲ့။
ဒီပုံပြင်ကို ကြည့်ရင် သေရမှာကို နတ်သိကြားလည်း ကြောက်တယ်။ ချေးထဲက လောက်လည်းကြောက်တယ်။ နေခွင့်ရ ဘ၀ကလေးမှာ တဏှာနဲ့ ပျော်နေကြတယ်။ လောက်မင်းကြီးဟာ ဘုရင်ဖြစ်ကိန်း ပါလာပေမဲ့ လောက်ဘ၀အပေါ်မှာ သာယာနေတော့ ဘုရင်ဧကရာဇ် မဖြစ်တော့ဘူး။ ပြိးတော့ သိကြားမင်း ဘ၀ စုတေချိန်မှာ သာသနာပ ကာလ ဖြစ်တဲ့အတွက် ဘုရားနဲ့မကြုံ၊ တရားနဲ့လည်း မဆုံ၊ သရဏဂုံဆိုတဲ့ ထောက်၇ာတည်ရာ မရတဲ့အတွက် လောက်ဘ၀ ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ယခု လက်ရှိကျမ တို့သည် မြတ်စွာဘုရား၏ သာသာနာတော်နှင့်လည်း ကြုံတွေ့နေတယ်၊ တရားတော်များကို လက်ဆင့်ကမ်း ပေးနေတဲ့ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း ဆည်းကပ် ခွင့်ရနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒီလို အချိန်မျိုး အခွင့်ကောင်း အခါကောင်းနဲ့ ကြုံကြိုက်နေရတဲ့ အချိန်မျိုးမှာမှ ဘ၀တဏှာ ၀ဲအောဂထဲမှာဘဲ  မေ့မြောနေပြီး ရုန်းမထွက်နိုင်ရင်တော့ သိကြားမင်း လောက် ဖြစ်ရသလို ဘ၀သံသရာ နွံထဲမှာ တ၀ဲလည်လည် ဖြစ်နေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ရခဲလှသော လူ့ဘ၀မှာ ရသမျှ အချိန်လေးမှာ တန်ဖိုးရှိရှိ အသုံးချတတ်ရန် အလွန်ရေးကြီးကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


တရားသော အနိုင်ယူနည်း

1

အနိုင်ယူလိုမှုသည် ပုထုဇဉ်သတ္တ၀ါ အားလုံး၌ပင်ရှိသော သဘာဝဖြစ်သည်။ အနိုင်ယူရာတွင် တရားသော အနိုင်ယူလိုမှုနှင့် မတရားသော အနိုင်ယူလိုမှုဟု နှစ်မျိုးရှိပါတယ်။ မတရားသော အနိုင်ယူလိုမှုကိုကား လုံးဝရှောင်ရှားသင့် ပြီး တရားသော အနိုင်ယူနည်းဖြင့် အနိုင်ရရန်ကြိုးစားသင့်ပေသည်။

တရားသောအနိုင်ယူနည်းများကို မြတ်စွာဘုရား...ဓမ္မပဒပါဋ္ဌိတော် ကောဓ၀ဂ်၌ ဥတ္တရာဥပါသိကာမ ကိုအကြောင်းပြုကာ  ဟောကြားတော် မူခဲ့ပါတယ်။ ဟောကြားရခြင်း အကြောင်းအရာ အကျဉ်းချုပ်မှာ- ဥတ္တရာသည် သောတာပန်ဖြစ်ပါလျက် အယူမတူသူ သူဌေးသား တစ်ဦးနှင့် လက်ထပ်ခဲ့ရသဖြင့် လက်ထပ်ပြီးနောက် ၀ါတွင်းသုံးလနီးပါးမျှ ဘုရားအမှူးရှိသော သံဃာတော်များကို ဖူးမြှော်ခွင့်၊ တရားနာခွင့်၊ဒါနပြုခွင့်၊ ဥပုသ်စောင့်ခွင့် မရ ရှာ၍ စိတ်ဆင်းရဲလှသောကြောင့် ပုဏ္ဏ မည်သောဖခင်ထံ အကြောင်းကြားရာ ဖခင်က သိရိမာအမည်ရှိသော ပြည့်တန်ဆာကို သမီးကိုယ်စား သမက်သူဌေးအား အလုပ်အကျွေးပြုစေ၍ သမီးဖြစ်သူအား စိတ်တိုင်းကျ ကုသိုလ်ပြုလုပ်နိုင်ရန် စီစဉ်ပေးလေသည်။ ဖခင်စီစဉ်ပေးလို့ ဘုရားအမှူးရှိသော သံဃာတော်တွေကို ၁၅ရက်တိုင်တိုင် ဖူးမျှော်ခွင့် တရားနာခွင့်၊ ဆွမ်းကပ်ခွင့် စသည့် ကုသိုလ်ကောင်းမှုတွေ လုပ်ခွင့်ရပြီး ပျော်မွေ့နေလေတယ်။

ဥတ္တရာ ဥပါသိကာမလေး ကုသိုလ်နဲ့ ပျော်မွေ့နေသည့် ၁၄ရက်တာကာလ အတွင်း ခင်ပွန်းသူဌးလေးက သတိရ၍ ဥတ္တရာ ဘာများလုပ်နေပါလိမ့် လို့တွေးကာ တိုက်အပေါ်ထပ် ပြတင်းပေါက်က လှမ်းကြည့်လိုက်ရာ ဘုရားအမှုးထားသော သံဃာတော်တွေအတွက် ဆွမ်းကပ်နိုင်ရေး ချွေးတလုံးလုံးနဲ့ အခြွေအရံများကို စီမံနေသည်ကို မြင်သွားပါတယ်။ ဤမျှလောက်ပြည့်စုံနေသော နေရာမှာ စည်းစိမ်ကိုမခံစားပဲ ကြည်နှုးစွာလှည့်လည်နေသည်ဟုတွေးကား သရော်ပြုံးပြုံးပြီး ဖယ်ခွာလေတယ်။

ထိုအချိန် သူဌေးအနီးရပ်နေတဲ့ ခေတ္တ အငှားမယား သီရိမာကလည်း သူဌေးကဲ့သို့ ပြုံးပြီး ၁၄ရက်တာကာလ သူဌေးကတော် အယောင်ဆောင်ဖြင့်နေခဲ့ရသည့်အတွက် သူကိုယ်သူ သဌေးကတော်အထင်ရောက်ပြီး ဥတ္တရာ အပေါ် ရန်ငြိုးဖွဲပြီး မီးဖိုချောင်မှာ မုန့်ကြော်ရာမှ ပွက်ပွက်ဆူနေသော ထောပတ်ပူကို ဇွန်းဖြင့်ခပ်ယူလျက် ဥတ္တရာ ကိုလောင်းရန် သွားလေသည်။

မိမိကိုထောပတ်ပူဖြင့်လောင်းရန်လာနေသော သိရိမာကို ဥတ္တရာက ငါ၏သူငယ်ချင်းမ ဖြစ်သော သိရိမာ သည် ငါအပေါ်ကျေးဇူးရှိခဲပေပြီ၊ သူ့ကျေးဇူးကိုထောက်လျင် စကြ၀ဋ္ဌာကြီးသည် အလွန်ကျဉ်းသည်၊ ဗြဟ္မာပြည်ကြီးသည် အလွန်နိမ့်သွားပေမည်။ သူငယ်ချင်းမ ကျေးဇူးတရားသည်သာ ကြီးကျယ် မြင့်မြတ် ပေသည်။ သူငယ်ချင်းကို အမှီရ၍ အလှူလှူခွင့်၊ တရားနာခွင့် ရခဲ့ပေပြီ။ သူငယ်ချင်းမအပေါ် အမျက် ထွက်မိလျင် ဤထောပတ်သည် ငါ့ကိုလောင်ပါစေ၊ အမျက်မထွက်လျှင်ကား မလောင်စေသား ဟု မေတ္တာပွားလိုက်ရာ သိရိမာက ဥတ္တရာ ထိပ်ထက်မှ လောင်းလိုက်ရာ ပွက်ပွက်ဆူနေသော ထောပတ်သည် ရေအေးပမာ အေးမြကာသွားလေသည်။

ထိုအခါ သိရိမာသည် သူလောင်းလိုက်သော ထောပတ်က အေးနေသည်ဟု ယူဆကာ နောက်တစ်ကြိမ်ထပ်လောင်ရန် ကြိုးစားလေရာ၊ ဥတ္တရာ၏တပည့်မအပေါင်းက -၀ိုင်းအုံရိုက်နှက်မှုကို ခံရကာ မြေမှာလဲကျရရှာလေသည်။ သူ့၏တပည့်မများကို တားမြစ်ကာ အကြိမ်တစ်ရာချက်ထားသော ဆီဖြင့်လိမ်းကျံ ပေကာ ယုယစွာပြုစုရှာပါသည်။ ထိုအခါမှ သိရိမာ သည် နောင်တရခါ ဥတ္တရာအား သည်းခံရန် တောင်းပန်လေတော့သည်။

ထိုအခါမှာ ဥတ္တရာက ငါသည်ဖခင်ရှိသော သမီးဖြစ်၍ ဖခင်သည်းခံမှ ငါသည်းခံနိုင်မည် ဟုပြောရာ သိရိမာအနေဖြင့် ဥတ္တရာဖခင် သူဌေးကြီးကိုတောင်းပန်ပေးပါမည်ဟုပြောလေသည်။

ဥတ္တရာက ပုဏ္ဏသူဌေးကြီးသည် ငါ့အတွက် ၀ဋ်ကိုဖြစ်စေသောဖခင်ဖြစ်၏။ ၀ဋ်မှ ကျွတ်လွတ်မှုကိုဖြစ်စေသော ဖခင်ဖြစ်သော ဘုရားရှင်က သည်းခံမှ ငါသည်းခံမည်ဟုပြောလိုက်ရာ သိရိမာက သူမမှာ ဘုရားရှင်နှင့် အကျွမ်းတ၀င်မရှိသေးဟုပြန်ပြော သဖြင့် အကျွမ်းဝင်အောင် ကျွန်မလုပ်ပေးမည်။

နက်ဖြန်ခါ ဘုရားရှင်သည် ရဟန်းသံဃာတော်များနှင့်အတူ ကြွာလာမည်၊ ရနိုင်သမျှ ပူဇော်သက္ကာရတို့ကို ယူကာ ဤနေရာသို့ ၀င်လာကာ ဘုရားရှင်ကို တောင်းပန်ပါဟု ပြောကြားလိုက်သည်။

ပြောကြားသည့်အတိုင်း ဆွမ်းကပ်ပြီးနောက် ဘုရှားရှင်၏ ခြေတော်ရင်းဝပ်စင်းကာ တောင်းပန်စကား နှင့်တကွ ဖြစ်ခဲ့ပုံအလုံးစုံကို လျောက်ထားသည့်အခါ ဘုရားရှင်သည် ဥတ္တရာ အား သာဓုခေါ်တော်မူကာ အမျက်သမားကိုဤသို့ မေတ္တာတရားဖြင့် အနိုင်ယူသင့်ကြောင်း အစချီကာ.....

၁။ အမျက်ထွက်သူကို အမျက်ဖြင့် တုံ့ပြန်မှုမပေးပဲ မေတ္တာ ရေအေးဖြင့်သာ အနိုင်ယူရမည်။
၂။ သူတော်ကောင်း သဘောမရှိသူ ယုတ်မာသူကို သူတော်ကောင်းစိတ်ဓာတ်ဖြင့် အနိုင်ယူရမည်။
၃။ အကြမ်းစား မစ္ဆရိယရှိသူကို (၀န်တိုလွန်းသူ)ကို စွန့်ကြဲပေးကမ်းခြင်းဖြင့် အနိုင်ယူရမည်။
၎။ လိမ်ညာကောက်ကျစ်သူကို မှန်မှန်ကန်ကန်ပြော ကြားခြင်း။

သစ္စာစကားဖြင့် အနိုင်ယူရမည်- ဟု အောင်နိုင်ရန် မှန်ကန်သော နည်းလေးမျိုးကို ဟောကြားတော်မူခဲ့ပါသည်။
ဥတ္တရာ ဥပါသိကာမလေး၏ တရားသဖြင့် အနိုင်ယူမှုသည် ဘုရားသာဓုခေါ်သည့် လေးစားအတုယူဖွယ် အနိုင်ယူမှုပင်ဖြစ်ပေသည်။

ဥတ္တရာ နှင့် သိရိမာ တို့၏ အကြောင်းကို အခြေခံပြီး  မေတ္တာတရားဖြင့် အနိုင်ယူနည်းအား မြတ်စွာဘုရား ဟောကြားခဲ့မှုကို သိရပြိးနောက်...မိမိတို့ ဘ၀သက်တမ်းတစ်လျောက် မိနစ်စက္ကန့်နှင့်အမျှ ပြောင်းလည်းနေသော စိတ်အစဉ်ကိုထိန်းချုပ်ကာ မတရားသော အနိုင်ယူလိုမှုကိုကား လုံးဝရှောင်ရှားသင့် ပြီး တရားသော အနိုင်ယူနည်းဖြင့် အနိုင်ရရန်ကြိုးစားသင့်ကြောင်း မျှဝေလိုက်ရပါတယ်။

ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။

ညခင်း

9-1.2011

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers