အသုံးချတတ်သူ

5

လူမရောက်တဲ့နေရာမှာ ရေကန်ရှိတယ်။ ရေကြည်လင်တယ် ၊ အေးတယ်၊ ချိုတယ်၊ ရေလှိုင်းထတဲ့အခါ ဖြူတယ်၊ ဆိပ်ကမ်းကောင်းတယ်၊ ပျော်စရာကောင်းတယ်၊ အဲဒီရေကို လူတွေ မခပ်ကြရ၊ မသောက်ကြရ၊ ရေ မချိုးကြရ ။ ရေနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှ မလုပ်ကြရ၊ အဲဒီရေဟာ အသုံးမ၀င်ဘဲ ကုန်ခန်းသွားတယ်။
အဲဒီလိုပါပဲ၊

လူညံ့ (မသူတော်) တွေဟာ ဥစ္စာအကောင်းစားတွေကို ရပြီး ကိုယ့်ကိုယ်ကိုရော ကိုယ့်မိဘ၊ ကိုယ့်သားသမီး၊ ဇနီး ၊ကျွန်၊ အလုပ်သမား၊ မိတ်ဆွေအပေါင်းအဖော်တွေကိုပါ ချမ်းသာအောင် မလုပ်၊ နတ်ပြည်ရောက်ကြောင်း အလှူမပေး၊ မင်း၊ သူခိုး၊ မီး၊ ရေ၊ အမွေခံသားဆိုး၊ သမီးဆိုးတွေထဲ က တစ်ခုခုက ဖျက်ဆီးတယ်။ ။ အသုံးမ၀င်ဘဲ ပျက်စီးကုန်ခန်းသွားတယ်။

သူတော်ကောင်းတွေရဲ့ ပစ္စည်းတွေကတော့ ရွာ၊ နိဂုံးအနီးက အသုံးဝင်တဲ့ ရေကန်နဲတူတယ်။ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အသုံးဝင်တယ်။ ကောင်းမှုပြုတယ်။ ရန်သူမျိုးငါးပါး အဖျက်ဆီးမခံရ။ (သံယုတ်ပါဠိ၊ ပ၊ ၉၀)

ပစ္စည်းဥစ္စာတွေကို ကိုယ့်မှာရော ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာပါ ချမ်းသာ ပွားအောင် ဆောင်ရွက်တတ်ရပါတယ်။ ဘ၀သံသရာအတွက် ရိက္ခာဖြစ်အောင် ကုသိုလ်ထုပ်ကို လည်း ထုပ်ယူ တတ်ရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဓမ္မရာမ ရဟန်းတော်ကလေး

9

ဘုရားရှင် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးတော်မူနေစဉ် တစ်နေ့မှာ ချစ်သားတို့ ယနေ့မှစ၍ လေးလလွန်မြောက်သောအခါ ငါဘုရား ပရိနိဗ္ဗာန်စံတော့မယ် လို့ မိန့်ကြားတော်မူပါတယ်။

ဒီအခါ အနယ်နယ်အရပ်ရပ်တို့မှ ရဟန်းတော်များဟာ ဘုရားရှင်ထံ စုရုံးလာကြပြီး ဘုရားရှင်ရဲ့ အနားက မခွဲမခွာနေကြပါတယ်။ ပုထုဇဉ်ရဟန်းများကလည်း ငိုကြွေးကြပါတယ်။ အဲဒီအချိန်မှာ ဓမ္မရာမ ဆိုတဲ့ ရဟန်းတစ်ပါးကတော့ ခေတ္တခဏသာ ငိုကြွေးပြီး၊ တစ်ပါးတည်း ဆိတ်ကွယ်ရာနေရာမှာ သွားရောက် နေထိုင်ပါသတဲ့။ ဒီအခါ အခြားရဟန်းတော်များက ဓမ္မာရာမ ဟာနေစိမ့်တယ်။ တခြားမှာခွဲခွာပြီးနေတယ် ရယ်လို့ မကျေမနပ် ဖြစ်ကြပါသတဲ့။ ဒါနဲ့ အဲဒီရဟန်းများက ဓမ္မာရာမကို ဘုရားရှင်ထံဆွဲခေါ်သွား ကြပြီး အရှင်ဘုရားအပေါ်နည်းနည်းကလေးမျှ ချစ်ခင်မှုမရှိပါ၊ ဆိတ်ကွယ်ရာမှာတစ်ပါးတည်း ပုန်းအောင်း လို့သာနေပါတယ်။ တပည့်တော်တို့ စည်းဝေးတိုင်ပင်ရာသို့လည်း ဘယ်တော့မှသူမလာပါဘူး လို့တိုင်ကြား လျှောက်ထားကြပါသတဲ့။

ဒီအခါ ဘုရားရှင်က ရဟန်းများပြောကြားကြတဲ့အတိုင်း ဟုတ်မှန်ပါရဲ့လား လို့မေးတော်မူပါတယ်။ ရဟန်းငယ်က မှန်ပါတယ် အရှင်ဘုရား လို့ လျှောက်ထားတဲ့အခါ ဘုရားရှင်က ဘာကြောင့် ဒီလိုနေရတာလဲ လို့ ထပ်မံပြီး အမေးရှိတော်မူပါတယ်။

ဒီအခါ ရဟန်းငယ်က မှန်လှပါ အရှင်မြတ်ဘုရား၊ အရှင်မြတ်ဘုရားဟာ နောင်လေးလရှိရင် ပရိနိဗ္ဗာန် စံတော့မယ်။ တပည့်တော် မှာလည်း အာသဝေါမကုန်သေးလို့ ရဟန္တာမဖြစ်သေး၊ ဒီအတိုင်းနေ လို့ တော့မဖြစ်ချေဘူး။ ဘုရားရှင်သက်တော်ထင်ရှားရှိချိန်မှာ သဒ္ဓါဝီရိယထားပြီး ကြိုးစားပါလျှင် တရားဓမ္မများကို နှလုံးသွင်းကား ဆိတ်ငြိမ်ရာမှာ တရားအားထုတ်နေပါတယ်ဘုရား လို့လျှောက်ထားပါသတဲ့။

ဒီအခါ ဘုရားရှင်က သာဓု သုံးကြိမ်ခေါ်တော်မူပြီး ရဟန်းများအား ချစ်သားတို့ ငါဘုရားအား ချစ်ခင်ကြတယ်ဆိုရင် ဓမ္မရာမလို ကျင့်ကြံနေထိုင်ကြ၊ ပန်းနံ့သာ စတဲ့ ပစ္စည်းလေးပါးနဲ့ ပူဇော်တာဟာ ငါဘုရားကို ချစ်မြတ်နိုးရာ ၊ ပူဇော်ရာ မရာက်ဘူး။ လောကုတ္တရာတရားကိုးပါးဆိုတဲ့ ငါဘုရား အဆုံးအမ အတိုင်း နှလုံးသွင်း နေထိုင်အားထုတ်ကြမှသာလျှင် ငါဘုရားကို ချစ်မြတ် နိုးရာ၊ ပူဇော်ရာမည်တယ်..လို့ မိန့်ကြားတော်မူပါတယ်။

ဒါကြောင့် ဘုရားကိုချစ်ရင် တရားကိုလည်း ချစ်ရမယ်။ တရားတော်အတိုင်း လိုက်နာနေထိုင်ကြရမယ်။ တရားကိုပူဇော်ခြင်းဟာ ဘုရားကို ပူဇော်ခြင်းဖြစ်တဲ့အတွက် ဘုရားကိုပူဇော်တဲ့အနေနဲ့ တရားကိုကျင့်ကြံပွားများ အားထုတ်ကြရပါလိမ့်မည်။ အလှူတို့တွင် တရားအလှူဟာ အမြတ်ဆုံး ဆိုတဲ့အတိုင်း အမြတ်ဆုံးသော တရားအလှူကြီးကိုပြုကြရပါလိမ့်မည်။ ကျင့်ကြံပွားများအားထုတ်ကြရပါလိမ့်မယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ။

သတိ...မရယ်ရ

5







မြန်မာကာတွန်းလေးတွေ
www.myanmartoons.co.cc မှ ကူးယူဖော်ပြပါသည်။


အားလုံးပြုံးပျော်နိုင်ကြပါစေ။

လူထဲက လူတစ်ယောက်ပါဘုရား

6


တစ်ခါသော် ဘိုးတော်ဦးဝိုင်းနှင့် မိဖုရားခေါင်ကြီးတို့သည် ဧရာဝတီမြစ်ကမ်းရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရား သို့ သွားရောက်ဖူးမြှော်ရာ ဦးပေါ်ဦးသည် ပါရှိ၍ လာလေသည်။

ဤတွင် ပျော်ရွှင်လိုသောကြောင့် အပျော်တော်ဝန် ဦးပေါ်ဦးအား ခေါ်တော်မူလျက် ဧရာဝတီမြစ်ရေပြင်ကို လက်ညှိုးထိုးပြပြီး... နင်ဒီမြစ်ကို ဟိုဘက်ရောက်အောင် ကူးနိုင်ပါ့မလား ဟုမေးတော်မူလေ၏။

ထိုအခါ ဦးပေါ်ဦးက သွက်လက်စွာဖြင့် မှန်လှပါ...သည်မျှကျယ်သောမြစ်ကို မဆိုထားနှင့် သည့်ထက် ကျယ်သော မြစ်ကိုပင် ကူးနိုင်ပါကြောင်း ဟု လျှောက်တင်လိုက်လေသည်။

ဒါဖြင့် ကူးပြစမ်းဟု မိန့်တော်မူလိုက်သောအခါ ဦးပေါ်ဦးသည် ရုတ်တရက် ထိုင်ရာမှ ထပြီး ပုဆိုးကို ခါးတောင်းကျိုက်ကာ မြစ်ကမ်းသို့ ဆင်းသွားလေသည်။
ဘုရင်နှင့်တကွ ပရိသတ်အပေါင်းသည်လည်း ဦးပေါ်ဦး တကယ်ပင် ရေကူးတော့မည်ဟု ယုံမှတ်ကာ အာရုံစုလျှက် ကြည့်ရှုနေကြလေသည်။

ဦးပေါ်ဦးသည် ရေစပ်တွင် အထက်သို့ပြေးလိုက် အောက်သို့ပြေးလိုက်ဖြင့် အတန်ကြာစွာလုပ်နေရာမှ ဘိုးတော် ဦးဝိုင်းက မင်းချင်းတစ်ယောက်ကို လွှတ်၍ ခေါ်လိုက်လေသည်။

ပေါ်ဦး ၊ နင်ဟိုဘက်ကမ်း ကူးမလို့ဆို....မှန်လှပါ ကူးမလို့ ပါဘုရား.....
ဒါဖြင့်ကူးလေဟယ်၊ ဘာကြောင့် ဟိုပြေး သည်ပြေးလုပ်နေတာလဲ.....
လှေရှာနေတာပါဘုရား...
ဘယ့်နှယ့်မောင်မင်း....
လှေရှာနေတာပါဘုရား...
အခု နင်ပြောတုန်းကတော့ ဒီမြစ်လောက် မဆိုထားနဲ့ ဒီထက်ကျယ်တဲ့မြစ်ရေကိုတောင်မှ မောင်မင်းကူးနိုင် တယ်ဆို....
မှန်လှပါ လှေနဲ့သာ ကူးနိုင်တာပါ ဘုရား...
ဟဲ့ ....နင်လိုတော့ လူတိုင်းကူးနိုင်တာပေါ့ ဟဲ့....ဟု ဘုရင်ကြီးက မိန့်တော်မူလေသည်။

ထိုအခါ ဦးပေါ်ဦးက
မှန်လှပါ ၊ ကျွန်တော်မျိုး ငပေါ်ဦးလဲ လူထဲက လူတစ်ယောက်သာဖြစ်လို့ သူများနည်းတူသာ ကူးနိုင်ကြောင်းပါဘုရား ဟု လျှောက်တင်လိုက်လေရာ ဘုရင် မိဖုရားနှင့်တကွ အားလုံးသော ပရိသတ် တို့မှာ ရယ်ကြရလေသည်။

အားလုံးပြုံးပျော်နိုင်ပါစေ။

မသေခင်က

2

မသေခင်က ကြိုတင်တရားရှာ

မည်မျှဥစ္စာ ချမ်းသာပါ သေခါ မွဲ၍သေရမည်။
မမွဲခင်ပင် ချမ်းသာစဉ်
ကြိုတင်တရားရှာရမည်။

မည်မျှစားစာ စားနိုင်ပါ သေခါ ငတ်၍သေရမည်။
မငတ်ခင်ပင် စားနိုင်စဉ်
ကြိုတင် တရားရှုရမည်။

ဆဒ္ဒါန်ဆင်ပမာရှိပါ သေခါ အားကုန်သေရမည်။
အားမကုန်ခင် အားရှိစဉ်
ကြိုတင် တရားရှုရမည်။

စကားမည်မျှပြောကောင်းကြ သေက အ ၍သေရမည်။
မအခင်ပင် ပြောနိုင်စဉ်
ကြိုတင် တရားရှုရမည်။

နတ်သို့ပမာ လှလေပါ သေခါ ရုပ်ဆိုးသေရမည်။
ရုပ်မဆိုးခင် လှပစဉ်ကြိုတင်တရားရှုရမည်။
ချစ်သူမည်မျှ များပြားကြ သေက မုန်းခံသေရမည်။
မမုန်းခင်ပင် ချစ်ခင်စဉ်
ကြိုတင် တရားရှုရမည်။

....................................................................။..............................................................

လျင်စွာ နိဗ္ဗာန်ရောက်ကြောင်း

အအိပ်နည်းပါး စားနည်းပါး
စကား နည်းပါးကြရမည်။

နိုးချိန်မှတည့် အိပ်ချိန်ထိ
သတိ မပြတ် ရှုရမည်။

ထွက်လေ တိုးမှု သတိပြု
ရုပ်ဟု ရှုပွားရပေမည်။

ဝင်လေ အေးမှု သတိပြု
ရုပ်ဟု ရှုပွားရပေမည်။

ရင်၌ တိုးတုန် လှုပ်နှင့်ခုန်
အကုန် ရုပ်ဟု ရှုရမည်။

ထိုင်ခိုက် ထိတာ ပူအေးတာ
တင်းတာ ရုပ်ဟု ရှုရမည်။

ကြွခိုက်သောအခါ လေးတင်းနာ
လျော့တာ ရုပ်ဟု ရှုရမည်။

လှမ်းခိုက်အခါ ပေါ့တင်းနာ
ပေါ့တာ ရုပ်ဟုရှုရမည်။

ချခိုက်အခါ ပူအေးနာ
တင်းတာ ရုပ်ဟုရှုရမည်။

အိပ်ခိုက်အခါ ထိုင်နည်းသာ
ထင်ရာ ရုပ်ဟုရှုရမည်။

ရပ်ခိုက်အခါ တင်းတောင့်တာ
ထိန်းတာ ရုပ်ဟုရှုရမည်။

လျောင်း ထိုင် ရပ်သွား မရပ်နား
ထင်ရာ ရုပ်နာမ် ရှုရမည်။

ဒွာရာ ခြောက်တန် ပေါ် ရုပ်နာမ်
အမှန်သိရှိ ရှုရမည်။

သတိပညာ မြဲယှဉ်ကာ
ထင်ရာ ရုပ်နာမ်ရှုရမည်။

ကိုယ်နှင့် အသက် မငဲ့ ကွက်
ရက်ရက်စက်စက် ရှုရမည်။

ထိုကဲ့သို့သာ ရှုသူမှာ
ထင်စွာ နိဗ္ဗာန်ရောက်ပေမည်။

ဓမ္မဒူတ အရှင်ပညိဿရ ရေးသားသော ဓမ္မဒူတ ဆရာတော်ကြီးများ ဟောကြားတော်မူသော လမ်းညွန် တရားဆောင်ပုဒ်များ ဖြစ်ပါသည်။ ဖတ်မှတ်ဆောင်ထား ပွားများ အားထုတ်နိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ထူးတဲ့ တမန်တော်

3

ရှေးအခါက....
ဗာရာဏသီပြည်မှာ ဘောဇနသုဒ္ဓိ မင်းနန်းစံနေတယ်။

အဲဒီမင်းဟာ စားတော်ထမင်းအုပ်ကို အဖိုးတစ်သိန်းထိုက်အောင် ပြင်ဆင်စေတယ်။ သူဟာ ရှေးဘုန်းရှေးကံကောင်းလို့ ဒီလိုအဖိုးတစ်သိန်းထိုက်တဲ့ ပွဲတော်အုပ်ကို သုံးဆောင်နေနိုင်တာဖြစ်ကြောင်း လူတွေ တွေ့မြင် အားကျလာစေချင်တယ်။ အဲဒီအခါမှ လူတွေ အားကျပြီး ဘုရင်လို ဘုန်းကံကောင်းလာအောင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လာလိမ့်မယ်လို့ မျှော်လင့်ပြီး.....

နန်းတော်ရှေ့မှာ မဏ္ဍာပ်ထိုးကာ အလှအပတွေ တန်ဆာဆင်ပြီး ထီးဖြူမိုး ရာဇပလ္လင်ပေါ်မှာ ရွှေခွက်နဲ့ အဖိုးတစ်သိန်းထိုက်အောင် ပြင်ဆင်ထားတဲ့ စားတော်အုပ်ကို စားသုံးပြတယ်။ဘေးမှာလည်း ခြွေရံ ခစားတွေနဲ့ပေါ့။

အဲဒီအချိန် လူတစ်ယောက်က မင်းကြီးစားသောက်နေတာကိုကြည့်ပြီး သာရေယိုလာတယ်။ စားချင်စိတ်တွေ ထိန်းချုပ်မရတော့ဘူး။ ဖြစ်ချင်ရာဖြစ်ပစေ ဘုရင်စားတဲ့ ထမင်းတစ်လုပ်စားရအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးအကြံထုတ်ပါတယ်။

အဲဒီယောက်ျားဟာ လက်နှစ်ဖက်ကိုမြှောက်ပြီး-

ကျွန်ုပ်ဟာ တမန်တော်ဖြစ်ပါတယ်။
ဟုဆိုကာ မင်းကြီးစားတော်ခေါ်တာကို ကြည့်နေတဲ့ လူကြားထဲတိုးဝင်သွားတယ်။ တခြားတိုင်းပြည်တစ်ပြည်က စေလွှတ်လိုက်တဲ့ တမန်တော်ထင်လို့ လူတွေက လမ်းဖယ်ပေးကြတယ်။ အဲနောက် လျင်မြန်စွာ မင်းကြီးနား တိုးကပ်သွားကာ မင်းကြီးရဲ့စားတော်ခွက်ကို နှိုက် ၊ထမင်းအုပ်ကို လုယူကာ စားသောက်လိုက်တယ်။

အတင့်ရဲလွန်းစွာ ၀င်ရောက်နှောက်ယှက်တဲ့ ထိုလုလင်ဦးခေါင်းကိုဖြတ်သတ်မယ်ဆို ပြီး အစောင့်အကြပ်တွေက သန်လျက်နဲ့မိုးထားကြတယ်။ ဒါကိုမင်းကြီးက မသတ်ဖို့တားပြီး ဆက်သာစားရန် ပြောပြီး ထိုင်ကြည့်နေတယ်။ ၀လင်အောင် သုံးဆောင်စေတယ်။ပြီးမှ မင်းကြီးက စုံစမ်းမေးမြန်းကြည့်ပါတယ်။

သင်ဟာ တမန်တော်လို့ ဆိုတယ်။ ဘယ်တိုင်းပြည် ဘယ်နိုင်ငံက ဘယ်လိုကိစ္စမျိုးဆောင်ရွက်ဖို့ စေလွှတ် လိုက်တာလဲ...

မှန်လှပါ ....အရှင်မင်းကြီး ၊ ဗိုက်ရဲ့ စေခိုင်းချက်အရ ရောက်လာရတဲ့ ၀မ်းဗိုက်ရဲ့ တမန်တော် ဖြစ်ပါတယ်။

ဟေ...မကြားစဖူး ထူးကဲလှချည်းလား ၀မ်းဗိုက်ရဲ့တမန်တော်ဆိုတာကို ထင်လင်းအောင် လျှောက်တင်စမ်းပါဦး...

သည်းခံပါ အရှင်မင်းကြီး၊ သတ္တ၀ါမှန်သမျှတို့ဟာ ၀မ်းဗိုက်အတွက် လိုအပ်တဲ့အာဟာရ ရရှိ အောင်နေ့ရောညဥ့်ပါ၊ အခါမလပ်၊ ရှာဖွေကြံဆနေကြရပါတယ်။ ၀မ်းဗိုက်ရဲ့ အလိုနိုင်ငံကို လိုက်ပါနေကြရပါတယ်။ ကျွန်ုပ်လည်း ၀မ်းဗိုက်ရဲ့ တမန်တော်ဖြစ်ပါတယ်။ ၀မ်းဗိုက်က စားချင်တဲ့ တပ်မက်စိတ်ကြောင့် ဣနြေ္ဒပင် မဆယ်နိုင်ခဲ့ပါဘူး။ ငါ့ဝမ်းပူဆာ မနေသာဆိုသလို ၀မ်းဝဖို့အရေး အသက်ပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ် ဘုရား။

ယောက်ျားရဲ့လျှောက်တင်သံကို နားထောင်ပြီးတဲ့အခါ မင်းကြီးက...
သင်လျှောက်ထားတဲ့စကားမှန်ကန်ပါပေတယ်။ သတ္တ၀ါတိုင်း ၀မ်းဗိုက်ရဲ့ တမန်တော်များဖြစ်ကြတယ်။ စားလိုသော တဏှာက စေခိုင်းသမျှကို လုပ်နေကြသူများ ဖြစ်ပေတယ်။ နှစ်သက်စရာကောင်းတဲ့စကားလို့ ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ချီးကြူးပြီး စည်းစိမ်ဥစ္စာတွေ ချီးမြှောက်လိုက်ပါတယ်။

ထိုသို့သော တဏှာရဲ့ စေခိုင်းမှုကြောင့် ၀မ်းဝဖို့အရေး လုပ်ကိုင်စားသောက်ရာတွင် ဗုဒ္ဓဘာသာဝင် များအနေဖြင့် သီလအစု ငါးခုသော တရားတို့ကို ခါးဝတ်ပုဆိုးလို စွဲပြီး မြဲကြရပါမည်။ ဗုဒ္ဓဘာသာဝင်တို့ မပြုလုပ်သင့်သည့် ၀မ်းကျောင်းမှုတို့ကို လည်း မြတ်စွာဘုရားက....

၁။ လက်နက်ရောင်းဝယ် ကုန်သွယ်ခြင်း။
၂။ လူကိုရောင်းဝယ်ကုန်သွယ်ခြင်း။
၃။ သားငါးကို ရောင်းဝယ်ကုန်သွယ်ခြင်း။
၎။ ဘိန်းအရက် စသော မူးယစ်စာတို့ကို ရောင်းဝယ်ကုန်သွယ်ခြင်း။
၅။ အဆိပ်ကို ရောင်းဝယ်ကုန်သွယ်ခြင်း။


ဟုညွန်ပြ ဟောတော်မူထားပေရာ
ငါ ဗုဒ္ဓဘာသာဝင် ဟူသော မွန်မြတ်သော စိတ်ထားဖြင့် ဤမိစ္ဆာကုန်သွယ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး တရားသော ကုန်သွယ်ခြင်း ၊ တရားသော အမှုတို့ဖြင့် အသက်မွေး ၀မ်းစာရှာကြရပေမည်။



ရွှင်လန်းချမ်းမြေ့ကြပါစေ။

လူ့အဖြစ်ကိုရဖို့ တကယ်မလွယ်

4

အပါယ်လေးပါးသို့ ကျရောက်သွားသော လူမိုက်တစ်ယောက် လူ့ဘ၀ပြန်ရဖို့မှာ မဖြစ်နိုင်ဟု ဆိုရ လောက်အောင် အခွင့်အရေး နည်းပါးလှသည်။ ထို့ကြောင့် ကိစ္ဆော မနုဿပဋိလာဘော = လူ့အဖြစ်ကိုရဖို့ တကယ်မလွယ် ဟု မြတ်စွာဘုရားက ဟောတော် မူခဲ့ ခြင်းဖြစ်သည်။
ကိစ္ဆော မနုဿပဋိလာဘော အစချီသော ဒေသနာတော်ကို ဧရကပတ္တနဂါးမင်းကြီး ကို အကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သည်။

ဧရကပတ္တနဂါးမင်းကြီး ဆိုသည်မှာ ကဿပမြတ်စွာဘုရား လက်ထက်တော်က တောရဆောက်တည်၍ အနှစ်နှစ်သောင်းတိုင် ရဟန်းတရား အားထုတ်ခဲ့သော မထေရ်ကြီးဖြစ်သည်။ ဤမျှကြာအောင် ရဟန်းတရား အားထုတ်ပါလျက် တရားထူးမရပဲ အပါယ်သို့လားရသည်မှာ ငယ်စဉ်က လှေဖြင့် ခရီးသွားရင်း ကမ်းနား၌ ပေါက်လျက်ရှိသည် ပြိတ်မြက်ရွက်ကို ဆွဲဖြတ်မိသည့် ပါစိတ်အာပတ်အပေါ် စွဲလမ်းမှုကြောင့် နဂါး ဟူသော တိရိစ္ဆာန်ဘ၀သို့ ရောက်ရခြင်းဖြစ်လေသည်။ (မြက်ကိုဖြတ်မိသည့်အတွက် တိရစ္ဆာန်ဖြစ်ရခြင်းမဟုတ်ပါ၊ အပြစ်အပေါ် စွဲလမ်းမှု၊ ငါဖြင့် ဒေသနာမကြားရသေးဘူး ငါ အာပတ်တန်းလန်းနဲ့ သေရတော့မယ်ဆိုပြီး စွဲလမ်းတဲ့စိတ်ကြောင့် )

ထိုမထေရ်ကြီး နဂါးဘ၀သို့ ရောက်ရသည့် အချိန်မှစ၍ စိတ်ချမ်းသာ မှုမရခဲ့ဘဲ၊ လူ့ဘ၀ကို ပြန်ရချင်ပါလျက်နှင့် ဘုရားနှစ်ဆူတို့၏အကြား ကာလကြီးတစ်ခုလုံးကြာ ခဲ့ရသည်။ ဘုရားနှစ်ဆူတို့၏ အကြားကာလဆိုသည်မှာ လည်း နည်းလှသော ကာလမဟုတ်။ ကဿပ ဘုရားပွင်ရာ နှစ်သောင်းတမ်းကာလမှ အနှစ်တစ်ရာလျှင် တစ်နှစ်ကျ လျော့သည့် နှုန်းဖြင့် ဆုတ်လာရာ ဆယ်နှစ်တမ်းသို့ရောက်ရ၏။ ထိုဆယ်နှစ်တမ်းမှ တစ်ဖန်ပြန်တက်ခါ အသင်္ချေတမ်း သို့ရောက်ရ၏။ ထိုအသေင်္ချတမ်းမှ ပြန်ဆုတ်လာပြန်ရာ အနှစ်တစ်ရာတမ်း သို့အရောက် ဗုဒ္ဓ ဂေါထမပွင့်တော်မူခဲ့လေသည်။ ဤမျှကြာသောကာလကြီးဖြစ်သည်။

ထိုမထေရ်ကြီးသည် နဂါးဘ၀သို့ရောက်ပြီးချိန်မှစ၍တရားနာခွင့် ဘုရားဖူးခွင့်လည်း မရခဲ့ပေ။ ဗုဒ္ဓဂေါတမ နှင့် တွေ့ရမှသာ ထိုအခွင့်အရေး နှစ်ရပ်ရရှိခြင်းဖြစ်သည်။ ဂေါတမမြတ်စွာဘုရားအား သူ၏ လျှောက်ထားချက်မှာ သနားဖွယ်ကောင်းလှ၏။

မြတ်စွာဘုရား၊ တပည့်တော်သည် အရှင်ဘုရားလိုဘုရားတစ်ဆူ၏ တပည့် ရဟန်းကြီးပါ ၊ အနှစ်နှစ်သောင်းတိုင် ရဟန်းတရားကို အားထုတ်ခဲ့ပါတယ်။ ထိုအနှစ်နှစ်သောင်းအားထုတ်ခဲ့သော ရဟန်းတရားက တပည့်တော်ကို အပါယ်မှ ကယ်မထုတ်နိုင်ပါ၊ မပြောပလောက်သော ပြိတ်မြက်ရွက်ကို ဖြတ်မိသည့် အာပတ်ကို အမှီပြုပြီး အဟိတ်ပဋိသန္ဓေဖြင့် နဂါးကြီး ဖြစ်ခဲ့ပါတယ်။ ဘုရားနှစ်ဆူတို့၏ အကြား ကာလကြီးတစ်လျှောက်လုံး လူ့ဘ၀ကို မရခဲ့ပါ။ တရားနာခွင့် မရခဲ့ပါ။ ဘုရားဖူးခွင့် မရခဲ့ပါ ဟု လျှောက်ထားလေသည်။

ထိုလျှောက်ထားချက်ကို အခြေခံ၍ မြတ်စွာ ဘုရားရှင်က-

လူအဖြစ်ကို ရဖို့မလွယ်၊ သတ္တ၀ါတို့၏ သက်ရှင်ရေးလည်း မလွယ်၊ သူတော်ကောင်း တရားကို နာယူဖို့လည်း မလွယ်၊ ဘုရားရှင်တို့ ပွင့်ပေါ်ဖို့လည်း မလွယ်။

ဟုဟောတော်မူရာ သူနှင့်အတူ တရားနာကြသော လူပုဂ္ဂိုလ်တို့ ကျွတ်တမ်းဝင်ကြရကုန်၏။ နဂါးမင်းကြီးမှာ သက်တော်ထင်ရှား ဘုရားကိုယ်တော်မြတ်ကြီးကို ဖူးတွေ့ရ၊ မိမိကို အကြောင်းပြုသော တရားကို နာကြား ရပါလျက် အဟိတ်တိရစ္ဆာန်ဖြစ်နေရသည့်အတွက် တရားထူးမရပဲ ဖြစ်ရရှာလေသည်။ ဖြစ်ရချက်နာလှ၏။ နောင်အခါ မည်မျှကြာအောင် အပါယ်လေးပါး၌ နစ်မွန်းရှာနေဦးမည် မသိနိုင်အောင်ဖြစ်ရလေသည်။

ဤနဂါးကြီးကဲသို့ အဖြစ်ဆိုးမျိုး နှင့် မကြုံကြရလေအောင် သီလကို လုံခြုံရေး အလေးပေးထိန်သိမ်းစောင့်ရှောက် ကြရပေမည်။ သို့မှ အပါယ်ဘေးက လွတ်ပြီး အထက်မဂ်ဖိုလ် တက်လှမ်းနိုင်ကြပေမည်။

သီလမစင်၊ ကျင့်လျှင်ဘ၀နာ၊ အရာမရောက်၊
ရေမှောက်သဲပြင်၊ ပမာသွင်၊ အစဉ်သတိပြု။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

ရာထူးကျသောနတ်များ

9


၃၃ယောက်သော နတ်သားများ စုပေါင်းအုပ်ချုပ်ကြသောကြောင့် တာဝတိသာ ဟုခေါ်သည်။ နတ်ပြည် သည် လူသက်တမ်းနှင့်တွက်လျှင် နှစ်ပေါင်း သုံးကုဋေ နှင့် အနှစ်ခြောက်သန်း အသက်ရှည်သည်။ ထိုနတ်ပြည်ကို ဦးမာဃ နှင့်တကွ သူငယ်ချင်း ၃၃ယောက် မရောက်ခင်က အရက်သမားနတ်သားများ အုပ်ချုပ်ကြသည်။

ထိုအချိန်တွင် လူအဖြစ် နှင့် သာရှိနေကြသေးသော ဦးမာဃနှင့် တကွ အပေါင်းအဖော်များသည် သာသနာတွင်း မဟုတ်သဖြင့် ဘုရား ရဟန္တာတို့၏ အဆုံးအမကို မရသော်လည်း ကောင်းမည်အကျိုးရှိမည် ထင်ရသော ဝေယျာဝစ္စအလုပ်များကို ကြိုးစားလုပ်ဆောင်ကြသည်။

တံတားဆောက်ခြင်း၊ လမ်းဖောက်ခြင်း၊ ဇရပ်တည်ခြင်း၊ ရေကန်တူးခြင်း၊ မိဘကိုလုပ်ကျွေးပြုခြင်း၊ အမျက်ဒေါသ မထွက်ခြင်း၊ မေတ္တာထားခြင်း စသည်တို့ကို ဦးမာဃနှင့်အဖွဲ့မှ မှန်းဆလုပ်ဆောင်ခဲ့ကြသည်။

ထိုကုသိုလ်များကြောင့် ၃၃ယောက်လုံး တာဝတိသာနတ်ပြည်သို့ရောက်ကြလေသည်။ထိုအခါ မူးရှုးနေကြသော လက်ရှိအရက်သမား နတ်များက မကျေနပ်ကြ။ ထို့ကြောင့် တစ်နေ့တွင် အကောက်ဥာဏ်ဖြင့် ဦးမာဃတို့ အဖွဲ့ကို မိတ်ဆုံစားသောက်ပွဲတစ်ခု ပြုလုပ်ပြီး လာရောက်စားသောက်ရန် ဖိတ်ကြားလိုက်သည်။

စားသောက်ပွဲတွင် အရက်များကိုပါ တည်ခင်းဧည့်ခံထားသည်။ ဦးမာဃတို့အဖွဲ့ အရက်သောက်မိပြီး မူးသွား လျှင် အားလုံးကို ကြိုးတုပ်ပြီး နတ်ပြည်မှ ကန်ချရန် ကြံစည်ထားခြင်းဖြစ်သည်။

သူ၏အကြံအစည်ကား ပိရိကောင်းမွန်ပါ၏ သူတို့က အရက်ကိုမူးအောင်မသောက်ပဲ ဦးမာဃတို့အဖွဲ့ သောက်ချင်လာအောင်နည်းနည်းသာ ဟန်လုပ်သောက်မည်ဟု တိုင်ပင်ထားကြ၏။ ဖိတ်ကြားလိုက်သည့်အတိုင်း ဦးမာဃတို့အဖွဲ့ရောက်လာကြသောအခါ ဟန်ဆောင်နည်းနည်းလေးသောက်ရာမှ မတင်းတိမ်နိုင်ဘဲ အများကြီး သောက်မိကြပြီး မူးလဲကုန်ကြ၏။

ထိုအခါ အရက်ကိုလုံးလုံးမသောက်ကြသော ဦးမာဃတို့အဖွဲ့က ထိုအရက်မှုးသမား နတ်သားများကို ကြိုးတုပ်ပြီး ကန်ချလိုက်ရာ ယခုအခေါ် အသုရာပြည်အထိ ကျသွားကြလေ၏။ သူတို့သည် အမူးပြေသောအခါတွင်မှ သူတို့ အမှားကို သိလိုက်ကြ၏။ ထိုအခါကျမှာ အရက်ကို ဘယ်တော့မှ မသောက်ကြတော့ပေ။

တာဝတိသာပြည်တွင် ကသစ်ပန်းပင်ရှိသည်။ အသူရာပြည်တွင် သခွပ်ပင်ရှိ၏။ သခွပ်ပန်းနံ့ကို ရတိုင်း တာဝတိသာကို ပြန်လည်အမှတ်ရသဖြင့် စစ်တက်တိုက်လေ့ရှိသည်။ တစ်ခါမှ အနိုင်မတိုက်နိုင်ကြပေ။

နတ်များသည် ၀ီရိယဖြင့် ဘာတစ်ခုမှ ရှာစရာမလိုဘဲ ကုသိုလ်အကျိုးကို သက်သာစွာ ခံစားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လူများကား ကုသိုလ်၊ ၀ီရိယ နှစ်မျိုးလုံးဖြင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သေရည်ကိုသောက်မိသဖြင့် နတ်များပင် ရာထူးကျပြီး အဆင့်အတန်းနိမ့်သေးရာ ကုသိုလ်၊ ၀ီရိယ ၂မျိုးလုံးကို အမှီပြုကြရသော လူသားများ သေရည်သောက်မိလျှင် ထိုထက်ပို၍.................


သေရည်သောက်လင့်၊
သင့်မသင့်၌၊ ရေးခွင်မသိ၊
ပျင်းရိမိုက်ရှုး၊ ကျေးဇူးမဆပ်၊
ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊
အကုသိုလ်ကို ၊ မငြိုလွယ်စွာ၊
ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဝါဆိုလပြည့် အခါတော်နေ့ ကဗျာများ

5



သန္ဓေ တောထွက် ၊ ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊ အောက်မေ့ ဤလေးဖြာ။


သန္ဓေယူသောနေ့
၁။ နတ်ဗြဟ္မာပေါင်း၊ ခွင့်တောင်းကြလေ၊
လောင်းတော်နတ်မင်း ၊ သက်ဆင်းစုတေ။
မယ်တော်ဝမ်းတိုက်၊ ကိန်းပိုက်သန္ဓေ၊
ဝါဆိုလ ၊ ပုဏ္ဏ ဒိဝသေ။


တောထွက်သောနေ့
၂။ နိမိတ်လေးဆင့်၊ ဘေးဖြင့်ထင်လေ၊
ယသော်ခင်လေး၊ ရင်သွေးရဝေ။
မငဲ့ကွက်လို့၊ တောထွက်တုံချေ၊
ဝါဆိုလ၊ ပုဏ္ဏ ဒိဝသေ။

ဓမ္မစကြာဟောသောနေ့
၃။ မိဂဒါတော၊ သာမောမြိုင်ခြေ၊
ပဉ္စ၀ဂ်အား ၊ မြတ်ဖျား စိန္တေ။
ဓမ္မစက်သုတ်၊ မြွက်ထုတ်လှစ်ခြွေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

တန်းခိုးပြာဋိကာ ပြသောနေ့
၎။ ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊
အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။
အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကျမနှင့်အကြိုက်ဆုံးအစားအစာ

3


ညီမငယ် မချစ်ရ (ငယ်) က ကျမနှင့်အကြိုက်ဆုံးအစားအစာ ဆိုပြီးတက်ဂ် ပိုစ့်လေး ရေးခိုင်းတယ်။ အကြိုက်တွေ ကအားကြီးပါပဲ။ သေချာတာကတော့ ညခင်း ဂျီးမများတတ်ဘူး ရောက်ရာအရပ်မှာ ရတာနဲ့စားတတ်ပါတယ်။ စားလို့ရတာအကုန်စား ဆိုတာမျိုးပေါ့.... ဒါပေမဲ့ အကောင်းတော့ ကြိုက်တတ်ပါတယ်။ အချိန်ခါမလပ်...ပါးစပ်နဲ့ အစားပြတ်တယ် မရှိအောင် စဉ်းစားပြီး စားတယ်။သူငယ်ချင်းတွေကဆို... ဆိုက်က္ကား မကာအောင် ၀လာ အုံးမယ်လို့ ပြောကြတယ်။

ကဲစပြောမယ်နော်...
ညခင်း ဘိုးဘိုးက ရှမ်း နဲနဲစပ် ပါတယ် ...ညခင်းဆိုရင်တော့ ၁၀ပြားလောက်တော့ရှိမယ်ထင်တယ်။ အဲတော့ ရှမ်းအစားအစာဆို အကုန်ကြိုက်ပါတယ်။ နောက် တရုတ်အစားအစာ... အဲဒါလည်း စားကောင်းတာပဲနော့။ တရုတ်လူမျိုးက ကောင်းပေ့ ဆိုတာမျိုးကို စားတာကိုး။ ကုလားအစားအစာ...အဲ ဒါတော့ သိပ်မကြိုက်ဘူး။ နောက်..မြန်မာ ထမင်းဟင်း... နေ့တိုင်းစားတော့ စားနေတာပေါ့။ ညနေရုံးကပြန်တဲ့အချိန် ထမင်းစားစောင့် တတ်တဲ့ ဖွားကို သနားလို့ ဟန်ဆောင်ပန်းဆောင်စားခဲ့ရတဲ့နေ့တွေလည်းမနည်းဘူး။

အဲ...နောက်ရှိသေးတယ်။ အချို အလွန်ကြိုက်ပါတယ်။ ဘယ်မုန့်ဖြစ်ဖြစ် ချိုနေရင်ကောင်းနေတာပဲ။ညခင်း အစ်မက ဆို အမြဲပြောပါတယ်။ အချိုကြိုက်လွန်းလို့တဲ့..လွှစာမှုန့်ကို သကြားဖြူးပြီးကြော်ကျွေးရင် စားမလားတဲ့။ နောက်....ပင်လယ်စာ လည်း ကြိုက်တာပဲ။ အသီးထဲ မှာဆိုရင်တော့ ထောပတ်သီး၊မင်းဂွတ်သီး၊ ဒူးရင်းသီးနဲ့ပန်းသစ်တော်အကြိုက်ဆုံးပါ။ကော်ဖီ နဲ့ လက်ဖက် ကတော့ နေ့တိုင်းလိုလို ...စားဖြစ်ပါတယ်။

ဒီပုံတွေကတော့ အခု ပိုစ့်တင်ရင်း လတ်တလော စားချင်လာတဲ့ ပုံလေးတွေပေါ့...။




ကဲ ညီမ ငယ်ရေ တီလေး အကြိုက်တွေတော့ သိပြီ...၀ယ်ကျွေးပေတော့....:P တီလေး အလုပ်ရှုပ်နေလို့ ရေးပေးတာ နောက်ကျနေတာနော်။ စိတ်မဆိုးနဲ့။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

Happy Birthday (For Lamin)

7

Perfect Birthday

On your birthday I wish you much pleasure and joy;
I hope all of your wishes come true.
May each hour and minute be filled with delight,
And your birthday be perfect for you!


နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers