သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစ အချစ်က

9

 လောကီလူသားများက အချစ်ရှိမှ ဘ၀လှပသည်၊ သာယာစိုပြည်သည် ကြည်နှုးချမ်းမြေ့ရသည် စသည် အမြင်တွေရှိကြတယ်။ အဲဒီအမြင်အတိုင်း အချစ်ကို နှလုံးသား၌ အမြတ်တနိုး တန်ဖိုးထား၍သိမ်းပိုက်ထားချင်တယ်။ သိမ်းပိုက်၍လည်း ထားတတ်ကြတယ်။ ဒါကြောင့်လည်း အချစ်ဆိုသည့် စကားလုံးလေးက အလှပဆုံး၊ အပြောချင်ဆုံး၊ အကြားချင်ဆုံး ၊ နားဝင်ချိုဆုံး စကား တစ်လုံး အဖြစ် အမြစ်တွယ်ရှင်သန် နေတာပေါ့နော်။လောကီလူသားများ အဖို့ အချစ်နယ်တွင် ပြဿာနာဆိုးတစ်စုံ တစ်ခု မတွေ့ကြုံ မခံစားရသေးသူဖြစ်ခဲ့ပါမူ အချစ်သည် သုခလို့ပင် ထင်မှတ်နေမှာဖြစ်ပါတယ်။

အရိယာနယ်တွင်မှာတော့
အချစ်ကို သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်ဟူရှုမြင်ကြတယ်။ အရိယာတို့က အချစ်ကို ချစ်သမျှ ဒုက္ခ၊ အချစ်များသလောက် ဒုက္ခတွေများလှပေတယ်လို့ မိန့်ဆိုကြတယ်။

သို့ရာတွင် လောကီနယ်သားများပင် လျှင် အစဉ်ထာဝရ အချစ်သည် သုခဖြစ်နိုင်မဖြစ်နိုင် မြတ်စွာဘုရား ဟောညွန်ပြထားသည့် သာဓကလေးတွေရှိပါတယ်။

သာဝတ္တိမြို့မှာ ပစ္စည်းဥစ္စာချမ်းသာသည့် သူကြွယ်တစ်ဦး မှာ တစ်ဦးတည်းသောသားကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန် သွားတော့ သူကြွယ်က သုဿာန်မှာ ငါ့သားကလေး ဘယ်မှာလဲ၊ ငါ့တစ်ဦးသော သားလေး ဘယ်မှာလဲ လို့ အော်ဟစ်တမ်းတပြီး သုဿာန်မှထွက်ပီး ခြေဦးတည်ရာ  သွားလေရာ ဗုဒ္ဓအရှင်ရှိရာ ဇေတ၀န်ကျောင်းတော်ရောက်သွားပါတယ်။ ဘုရားရှင်က မေးမြန်းတဲ့အခါ...တစ်ဦးတည်းသေားသားလေး ဆုံးပါးသွားလို့ သုဿာန်မှ အော်ဟစ်ပြီး ခြေဦးတည်ရာထွက်လာရင်း ဒီကိုရောက်လာခြင်းဖြစ်ကြောင်းပြောပါတယ်။

ဘုရားရှင်က ဒီကိစ္စဟာ ဒီသဘာဝအတိုင်းဖြစ်ရမယ် သူကြွယ်၊ ပူဆွေးခြင်း၊ ငိုကြွေခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူလောင်ခြင်း၊ ဒါတွေဟာ အချစ်ကြောင့်ဖြစ်ရတာပဲ။ အတိုးချုံးပြောရရင် သောကနဲ့ ပရိဒေ၀ရဲ အမွန်အစ အချစ်ကပေါ့ သူကြွယ် လို့မိန့်ကြားပါတယ်။

ထိုအခါမှာသူကြွယ်က အရှင် ဂေါတမရယ်၊ ကြည်နှုးချမ်းမြေ့ခြင်းရဲ့ အမွန်အစ အချစ်ကလို့ပဲ ဖြစ်နိုင်ပါတယ်။ ငါ့အရှင် ၀ါဒကို ကျွှန်ုပ်လက်မခံနိုင်ပါဘူး....သူကြွယ်ဟာ သူကိုယ်တိုင် သောက ပရိဒေ၀ကို ခံစားနေရပါလျက် ဘုရားရှင်၏ ၀ါဒကိုလက်မခံဘဲဇွတ်ငြင်းပယ်ကာ နေရာမှ ရုတ်ခြည်းထကာ ဖယ်ခွာ သွားပါတယ်။

ဒီလိုနဲ့ကြွေအန်ကစားသမားတွေ ဆီရောက်တော့ စကားများနှီးနှောရင်း မြတ်စွာဘုရားနဲ့တွေ့ခဲ့ပီး သူ့ဝါဒနဲ့ မြတ်စွာဘုရား ဟောကြားတဲ့ သောကနဲ့ပရိဒေ၀ရဲ့အမွန်အစ အချစ်က ဆိုတာကို လက်မခံနိုင်ကြောင်း ၊ ကြည်နှုးချမ်းမြေ့ခြင်းရဲ့ အမွန်အစဟာ အချစ်ကလို့ ဂေါတမရဲ့ဝါဒ ကို ပယ်ချခဲ့ကြောင်း၊ အချစ်ကြောင့်ခံစားရတဲ့ ကြည်နှုးချမ်းမြေ့မှု၊ မြတ်နိုးမှု၊ လေးစားမှု ၊ ဖေးမကူညီမှု ဒီအချစ်ဆိုတဲ့အရသာကို မိတ်ဆွေတို့လည်း ခံစားနေကြရမှာပဲ ကျွှန်ုပ်လည်း ခံစားရတာတွေများပါပီ ဂေါတမ ဗုဒ္ဓက ကတော့ ဒီအချစ်အရသာကို ခံစားရဖူးဟန်မူးဘူး ဒါကြောင့် ဒီလိုပြောတာ ဟု... စကားချင်းနှီးနှောတဲ့အခါ မိတ်ဆွေတွေက လည်းထောက်ခံပါတယ် ။

သူကြွယ်ဟာ သူ့ဝါဒကို လောင်းကစားသမားများ၏ ထောက်ခံမြှောက်ပင်မှုဖြင့် အကြီးအကျယ်ဝင်မြင့်ပီး မြို့တစ်မြို့လုံး လှည့်လည်၍ ကြွားလေတော့တယ်။အဲဒီ ၀ါဒနှစ်ခုဟာ တစ်မြို့လုံးပျံ့နှံသွားပီး နန်းတော်အတွင်း ကောသလမင်းကြီးထံ အထိပင် ရောက်သွားလေတော့တယ်။

ကောသလမင်းကြီးကတော့ တိုင်းကြီးနှစ်တိုင်းကို အုပ်ချုပ်စိုးစံပီး မှူကြီးမတ်ရာ မိဖုရားကြီးငယ်တို့နဲ့ သာယာစိုပြည်နေချိန်မို့ ဘုရားရှင်ရဲ့ဝါဒကိုလက်ခံခြင်းမရှိ၊ သူကြွယ်ဝါဒကိုသာ နှစ်သက်လက်ခံ၏။ ဘုရားရှင်ရဲ့ဝါဒကို ခိုးလို့ခုလုဖြစ်နေတာပေါ့။ ဒါကြောင့် မလ္လိကာမိဖုရားကြီးကို ခေါ်ကာ မိန့်တော်မူ၏..

နှမတော် မလ္လိကာ...နှမတော်ရဲ့ ဂေါတမဗုဒ္ဓက သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစ အချစ်က လိုပြောတယ်ဆိုပဲ...
ဘုရားရှင်ဟောရင် မှန်မှာပေါ့ဘုရား...
ဒီမိဖုရား သူ့ဆရာပြောသမျှ အကုန်ဇွတ်မှိတ်ယုံတော့တာပဲ
ဘုရားဟောလို့မှန်တယ်လို့ပြောလိုရင်း မဟုတ်ပါ။ မှန်လို့ ဘုရားဟောတယ်လို့ ပြောလိုရင်းပါ..

ဘာပဲပြောပြော ဟုတ်ကိုမဟုတ်နိုင်ဘူး ...သူ့ဆရာပြောတိုင်း အမှန်ချည်းပဲထင်နေတာ ဟု ဒေါထသဖြင့် မလ္လိကာမိဖုရားကိုမောင်းထုတ်လေတယ်။ မလ္လိကာကမူ ပညာရှိ သူတော်ကောင်းပီပီ ယဉ်ကျေးသိမ်မွေ့စွာ ထပြန်ခဲ့တယ်။ မိမိနန်းဆောင်ကိုရောက်တဲ့အခါမှ နာဠိဇင်္ယပုဏားကို ဘုရားရှင်ဆီလွတ်ပြီး ငါ့ ဘုရားရှင်ရဲ့ ခြေတော်ကို ဦးခိုက်ကြောင်း၊ အရှင်ဘုရား အနေနဲ့ သောကနဲ့ပရိဒေ၀ ရဲ့အမွန်အစ အချစ်ကလို့ ဟောတယ်ဆိုတာ မှန်ရဲ့လားလို့မေးလျောက်ပေးရန်သင်ကြားပီး ဘုရားရှင်ထံလွတ်ပါတယ်။

ပုဏားလည်း အမိန်တော်ကိုနာခံမှတ်သားပီး ဇေတ၀န်ကျောင်းကိုသွားလေတယ်။ မလ္လိကာမိဖုရား မေးလျောက်ခိုင်းတဲ့အတိုင်း  ဘုရားရှင်ဟောတယ်ဆိုတာ မှန်ရဲ့လားလို့မေးလျောက်ပါတယ်။
ပုဏား ငါဒီအတိုင်း ဟောကြားထားပါတယ်။ ဒါဖြင့် တပည့်တော်ကို သာဓကလေးနဲ့ ဖြေရှင်းမိန့်သနားပါလို့ လျောက်ထားပါတယ်။

ပုဏားအား  ဟိုရှေးယခင်က ဒီသာဝတ္ထိမြို့လေးမှာပဲ အမျိုးသမီးလေး တစ်ယောက်ဟာ သူ့အမေသေသွားပါတယ် ဒါကြောင့် ရှုးသွပ်ပီး ငါ့အမေဘယ်မှာလဲ၊ ငါ့အမေရှာပေးကြ၊ ငါ့အမေခေါ်ပေးကြလို့ တစ်လမ်းဝင်တစ်လမ်းထွက် ငိုကြွေးမြည်တမ်းနေပါတယ်။ ဒါအချစ်ကြောင့်ဖြစ်ရတဲ့ သောက ပူဆွေးမှုနဲ့ ပရိဒေ၀ ငိုကြွေးမှုပေါ့ ပုဏား။

ဘုရားရှင်သည် အဖေသေသူ၊ သားသေသူ၊သမီးသေသူ၊ အစ်ကိုသေသူ၊ နှမသေသူ၊ မယားသေသူ၊ လင်သေသူ စသည့် သာဓကပေါင်းများစွာနှင့် ဟောကြားဖြေရှင်းပေးတော်မူပါတယ်။ နိဂုံးအနေဖြင့် ဒီ သာဝတ္ထိမြို့မှာပဲ ချစ်သူနှစ်ဦးရှိပါတယ် တစ်ဦးနှင့်တစ်ဦး သိပ်ချစ်မြတ်နိုးကြသတဲ့။ သူတို့ ချစ်မြတ်နိုးကြပေမယ့် အမျိုးသမီးလေးရဲ့ မိဘတွေက သူ့သမီးကို ဒီအမျိုးသားလေးနဲ့ သဘောမတူကြဘူး၊ ဒါကြောင့် သမီးကိုတခြားအမျိုးသားနဲ့ပေးစားဖို့ စီစဉ်ကြပါတယ်။ အမျိုးသမီးလေးက အမျိုးသားသစ်ကိုမချစ်ဘူး။ ဒီလိုနဲ့ ချစ်သူနှစ်ဦး တိတ်တဆိတ်ချိန်းတွေ့၊ ပွေ့ပိုက်ငိုကြွေးကြ နောက်ဆုံး အမျိုးသားလေးက ငါတို့ ဒီဘ၀မပေါင်းရ၊ နောက်ဘ၀ကျမှ ပေါင်းကြမယ်လို့ပြောပီး အမျိုးသမီးလေးကို နှစ်ပိုင်းဖြတ်သတ်၊ သူ့ကိုယ်သူလည်း ရင်ခွဲပြီး သေပွဲဝင်လိုက်ပါတယ်။ ပုဏားလည်း ဘုရားရှင်ရဲ့သာဓကတွေ နဲ့ဖြေရှင်းပေးမှုကို နှစ်သက်စွာနဲ့ နန်းတွင်းကိုပြန်လာခဲ့ပြီး မိဖုရားကြီးကို အကြောင်းစုံရှင်းပြ လိုက်ပါတယ်။

မိဖုရားကြီးက တော့ အချစ်ကိစ္စ ဘဘာဝကျကျသိရပြီမို့၊ ဘုရင်မင်းမြတ်ထံ အလျင်အမြန်ဝင်သွားလေ၏။
နှမတော်လျောက်တင် ပါရစေဘုရား အချစ်ကိစ္စပါဘုရား..လာပြန်ပီလားဒီအချစ်လို့ ငြိုငြင်တာပေါ့။ မပြေလည်သေးတော့လည်းလာရမှာပေါ့ဘုရား မောင်တော်အနေနဲ့ ၀ဇီရီသတိုသမီးလေးကို သိပ်ချစ်မြတ်နိုးတယ်မဟုတ်လားဘုရား...ဟာ သိပ်ချစ်မြတ်နိုးတာပေါ့။ အဲဒိ သတို့သမီးလေး များ မပြောကောင်းမဆိုကောင်း သေသွားခဲ့ရင် ဒါမှမဟုတ် တစ်စုံတစ်ခုသို့ ဖောက်ပြန်သွားခဲ့ရင် ဘယ်လိုခံစားရပါမလဲဘုရား။ ရန်စနေပီနော်...မိဖုရားက...ကိုယ်ချင်းစာပီး သိသာစေရန် ညွန်ပြချင်တဲ့ သဘောပါ။

မောင်တော်အနေနဲ့ ပူဆွေါ်ငိုကြွေးရုံတင်မက အသက်နဲ့ ခန္ဓာကိုယ်တောင်ပြိုကွဲသွားနိုင်တယ်နှမတော်...
ပြီးတော့ ၀ါဘခတ္ထိယ မင်းသမီကိုလည်းချစ်တယ်မဟုတ်လားဘုရား...သိပ်ချစ်တာပေါ့

အကယ်၍များ သူလည်း သေသွားခဲ့ရင် ၀ဇိရီဖြစ်ရင် ခံစားရသလို ခံစားရမှာပဲပေါ့။

စစ်သူကြီး ၀ိဋဋူဘ၊နောက် ကာသိတိုင်း ကောသလတိုင်း  သက်ရှိသက်မဲ့တွေနဲ့ ဥပမာပေးပြန်တယ်။ နောက်ပီး နှမတော်ကိုရော ချစ်မြတ်နိုးပါလေစ။  ဒါဖြင့်နှမတော်သေသွားခဲ့ရင်ရော လို့မေးပြန်တယ်...မောင်တော်ပါ လိုက်သေမယ်ထင်ပါရဲ့...ကောသလမင်းကြီး မင်းသား အက်ရှင်နဲ့ပြောမှာ ပေါ့ နော်...:)

မောင်တောင်ဘုရားသိမြင်တော်မူ ပူဇော်ထူးကိုခံတော်မူထိုက် တရားအလုံးစုံကို ကိုယ်တိုင်မှန်စွာ သိတော်တူတဲ့ ဘုရားရှင်ဟာ ဒါတွေကို ရည်ရွယ်ပြီး သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစအချစ်ကလို့ ဟောတော်မူတာပါ ဘုရား ...လို့လျောက်တင်ပါတယ်။

အဲဒီတော့မှ ထူးကဲပေစွ၊ အံ့ဖွယ်ရှိပေစွ၊ ထူးချွန်ထက်မြက်မှန်ကန်လေးနက်တဲ့ ဥာဏ်အမြင်ရှိပေစွ၊ ခံတွင်းဆေးပြီး အ၀တ်ကို လက်ကန်တော့တင်၍ မြတ်စွာဘုရားရှိရာအရပ်သို့ လက်အုပ်ချီကာ အရဟံဂုဏ်ရှင်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်အား မြတ်မြတ်နိုးနိုးရှိခိုး ပါ၏ဟု သုံးကြိမ်ရွတ်ပူဇော်ပြီး  သုံးကြိမ်ဦးတိုက် ပါတယ်။

ကဲ...သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစ အချစ်က ဆိုတာ ငြင်းစရာ မရှိလောက်အောင်ကို ပြည့်စုံ လုံလောက် သွားပြီနော်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

စိတ်ညစ်ရင် ရေချိုးပါတဲ့

2

စိတ်ညစ်ရင် ရေချိုးပါ။
by ရဝေနွယ်- အင်းမ

လက္ခဏာတော်မှ တစ်ဆင့်


လက္ခီယတီတိ လက္ခဏံ။
လက္ခီယတေ ဧတေနာတိ လက္ခဏံ။

မှတ်သားအပ်လို့ လက္ခဏာ လို့ခေါ်ပါတယ်။ လက်မှာပါလို့ လက္ခဏာ။ ခြေမှာပါရင် ခြေခဏာ အဲဒီလို မဟုတ်ပါဘူး။ ဘယ်နားပါပါ၊ အမှတ်အသားကိုသာ လက္ခဏာလို့ ခေါ်တာပါ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှာ ယောက်ျားမြတ်တို့ရဲ့ လက္ခဏာ (မဟာပုရိသလက္ခဏာ) ၃၂- ပါး ရှိပါတယ်။ လက္ခဏာတော်ကြီး ၃၂- ပါးလို့ ခေါ်ပါတယ်။ လက္ခဏာတော်ငယ် ၈ဝ- ရှိပါတယ်။ မဟာပုရိသ လက္ခဏာနဲ့ ပြည့်စုံတဲ့သူဟာ လူ့ဘဝမှာနေရင် စကြဝတေးမင်း၊ ရဟန်းပြုရင် ဘုရားစင်စစ် ဧကန်ဖြစ်ပါတယ်။

စကြဝတေးမင်းလက္ခဏာပါတိုင်း စကြဝတေးမင်း ဖြစ်ပါသလား။ (စက်လက္ခဏာနှင့် ပြည့်စုံပေမယ့် ညောင်ရမ်းမင်းသားလေးဟာ စကြဝတေးမင်း မဖြစ်ခဲ့ပါဘူး။) စကြဝတေးမင်းကျင့်ဝတ်ကို ကျင့်မှသာ စကြာရတနာ ဖြစ်ပေါ်ပြီး စကြဝတေးမင်း ဖြစ်ပါတယ်။ (စကြဝတေးမင်း ကျင့်ဝတ်ကို ပါထိကဝဂ် - စက္ကဝတ္တိသုတ် မြန်မာပြန် - ၅၁ ၌ ဖတ်ရှုနိုင်ပါသည်။) ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်လည်း ဘုရားဖြစ်ကြောင်း ကျင့်စဉ်တို့ကို ကျင့်တော်မူပြီးမှသာ ဘုရားဖြစ်တော်မူပါတယ်။

ဒါ့ကြောင့် လက္ခဏာဆိုတာ အတိတ်ကံရဲ့ အမှတ်အသားမျှသာ ဖြစ်ပါတယ်။ အဲဒီကံရဲ့ ကောင်းကျိုး ပြည့်စုံဖို့၊ မကောင်းကျိုးများ ပျောက်ပျက်ဖို့ကတော့ ပစ္စုပ္ပန်ကံတွေနဲ့ ဖြည့်တန်ဖြည့်၊ ဖျောက်တန်ဖျောက် ရမှာပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံ ပြောင်းရင် လက္ခဏာများလည်း ပြောင်းတတ်တဲ့ သဘောရှိတယ်လို့ (လက်ဖ၀ါးပေါ်က) အမှတ်အသားတွေကို ယုံကြည်လွန်းသူများ သတိထားမိစေချင်ပါတယ်။

လက္ခဏာဆိုတာ အကြောင်းတရားမဟုတ်ပါဘူး။ ကံသည်သာလျှင် အကြောင်းတရား ဖြစ်ပါတယ်။ အကြောင်းကံတရားများကို ဆည်းပူးခဲ့လို့ လက္ခဏာတွေ ပေါ်လာပြီး အဲဒီလက္ခဏာရှိတဲ့သူများ ခံစားရတဲ့ အကျိုးတရားတွေကို ခံစားရတာပါ။ ကောင်းကျိုးလက္ခဏာတွေကို ဗုဒ္ဓရှင်တော်ရဲ့ မဟာလက္ခဏာတော်ကြီးများနဲ့ တွဲစပ်ပြီး သဘောလောက် ဖော်ပြချင်ပါတယ်။

ကုသိုလ်ကောင်းမှုနဲ့၊ ကျင့်ဝတ်တရားတွေကို ဝတ်မပြတ်ပုံမှန် လုပ်ဆောင်ခဲ့လို့ (၁) ခြေဖဝါးတော် ညီညာပြီး ရန်သူတွေက မပိတ်ပင် မတားဆီးနိုင်ပါဘူး။

လူအများကို ဘေးကင်းအောင် တရားနှင့်အညီ စောင့်ရှောက်ခြင်း၊ လှူဒါန်းရာမှာ စုံစုံလင်လင် အခြံအရံများနဲ့ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့လို့ (၂) ခြေဖဝါးအပြင်မှာ စက်လက္ခဏာတော် ဖြစ်ပေါ်ပြီး အခြံအရံ များပါတယ်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပြီး သတ္တဝါတွေကို သနားကာ အစီးအပွား လိုလားစောင့်ရှောက်ခဲ့လို့ (၃) ရှည်သော ဖနောင့်ရှိ။ (၄) ရှည်သော ခြေချောင်း၊ လက်ချောင်းရှိ။ (၅) ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိပြီး သူတစ်ပါးက မသတ်ဖြတ်နိုင်ဘဲ အသက်ရှည်ပါတယ်။

စားကောင်း သောက်ဖွယ်တွေ လှူဒါန်းခဲ့လို့ (၆) လက်ဖမိုး-၂ ခု၊ ခြေဖမိုး-၂ ခု၊ ပခုံး-၂ ခု၊ လည်ကုပ်- ၁ ခု အားဖြင့် အရပ်(၇)ပါး အသားပြည့်ဖြိုးပြီး မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ ရရှိပါတယ်။

လူအများကို သင်္ဂဟတရားလေးပါးနဲ့ ချီးမြှောက်ခဲ့လို့ (၇) နူးညံ့သော။ (၈) ညီညာသော လက်ခြေရှိပြီး ညီညွတ်သော ပရိသတ် ရှိပါတယ်။

(ကိုယ့်လက်အောက်ငယ်သားတွေ မညီညွတ်ရင်လည်း အလွန်စိတ်ပျက်စရာကောင်း ပါတယ်။ သင်္ဂဟတရားလေးပါးဆိုတာက ပေးသင့်သူကိုပေး၊ ချိုချိုသာသာပြောသင့်သူကို ချိုချိုသာသာပြော၊ အကျိုးဆောင်ပေးသင့်သူကို အကျိုးဆောင်ပေး၊ ကိုယ်နဲ့ထပ်တူထားသင့်သူကို ထပ်တူထားခြင်းတို့ပါပဲ။ ဒါဆို ညီညွတ်သော ပရိသတ်ကို ရရှိမှာ ဖြစ်ပါတယ်။)

အကျိုးရှိတဲ့စကား၊ တရားစကားတို့ကို ပြောခဲ့၊ တရားအလှူကို လှူခဲ့လို့ (၉) မြင့်သော ဖမျက်ရှိ။ (၁၀) လက်ျာရစ်လည်ကာ အထက်သို့ ကော့တက်နေတဲ့ မွေးညှင်းတော်ရှိပြီး အကြီးဆုံး၊ အမြတ်ဆုံး၊ အချီးမွမ်းအပ်ဆုံးသူ ဖြစ်ရပါတယ်။

အတတ်ပညာတို့ကို လွယ်ကူလျင်မြန်စွာ တတ်မြောက်အောင် သေသေချာချာ သင်ကြားပို့ချပေးခဲ့လို့ (၁၁) ပြေပြစ်သော မြင်းခေါင်းတော်ရှိပြီး ပစ္စည်းပရိက္ခရာနဲ့ ပရိတ်သတ်လေးပါး လျင်မြန်စွာ ရရှိပါတယ်။

ပညာရှိတို့ထံ ချဉ်းကပ်ပြီး သိလိုရာကို အဖန်ဖန် မေးမြန်းခဲ့လို့ (၁၂) အသားအရေ ချောမွေ့ပြီး ပညာဉာဏ် ကြီးပါတယ်။ ပညာအရာမှာ သာသူမပြောနဲ့၊ တူသူတောင် မရှိပါဘူး။

ဒေါသမထွက်ခဲ့၊ ဒေါသကို ထင်ရှားမပြခဲ့၊ ရန်ငြိုးမဖွဲ့ခဲ့ / နူးညံ့သိမ်မွေ့တဲ့ အဝတ်တန်ဆာတွေကို လှူဒါန်းခဲ့လို့ (၁၃) ရွှေအဆင်း အသားအရေရှိပြီး ထူးကဲလွန်မြတ်တဲ့ အဝတ်သင်္ကန်း၊ အခင်းတို့ကို ရလွယ်ပါတယ်။ ကောင်းမှုတွေလည်းပဲ မပျက်မစီး တည်ရှိပါတယ်။

ကွဲကွာနေသူတွေကို ပေါင်းဆုံစေ/ ညီညွတ်စေခဲ့လို့ (၁၄) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ် ရှိပြီး စကားကို လိုက်နာတဲ့ တပည့်သာဝကများစွာ ရှိပါတယ်။

ပုဂ္ဂိုလ်ကိုလိုက်၍ ဂုဏ်နဲ့လျော်စွာ ထိုက်ထိုက်တန်တန် ပေးလှူခဲ့လို့ (၁၅) ပညောင်ပင်ကဲ့သို့ ဝန်းသောကိုယ် ရှိကာ (ပုအိုင့်အိုင့်/ ရှည်မျောမျော မဟုတ်ဘဲ လက်နှစ်ဘက်ဘေးကို ဆန့်ထုတ်ထားတဲ့ အကျယ် အတိုင်းအတာနဲ့ လက်ကို အပေါ်ဆန့်ထားရင် ရှိမယ့် အမြင့်အတိုင်းအတာ ညီမျှ)။ (၁၆) မကိုင်း မညွတ် (မကုန်း) ရဘဲ လက်ဝါးပြင်ဖြင့် ပဆစ်ဒူးတို့ကို သုံးသပ်နိုင်ပြီး သဒ္ဓါသီလစတဲ့ သူတော်ဥစ္စာများနဲ့ ပြည့်စုံပါတယ်။ အမြတ်ဆုံး အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် ဆိုတဲ့ ဥစ္စာကို ရရှိပါတယ်။

လူအများရဲ့ အကျိုးစီးပွါးကို လိုလားခဲ့လို့ (၁၇) ခြင်္သေ့မင်းရဲ့ ရှေ့ပိုင်းကိုယ်နဲ့ တူတဲ့ ကိုယ်ရှိ။ (၁၈) လက်ပြင် နှစ်ခုအကြား ပြည့်ဖြိုးတဲ့ အသားရှိ။ (၁၉) ညီညာလုံးဝန်းတဲ့ လည်တိုင်ရှိပြီး သဒ္ဓါသီလ စတာတွေကနေ မဆုတ်ယုတ်၊ သဗ္ဗညုတဉာဏ်မှ မဆုတ်ယုတ်ပါဘူး။

သတ္တဝါတွေကို မညှင်းဆဲခဲ့လို့ (၂၀) အရသာကို ဆောင်နိုင်တဲ့ အလွန်ကောင်းမြတ်တဲ့ အကြောရှိပြီး အနာရောဂါ ကင်းပါတယ်။ ဝမ်းမီးနဲ့ ပြည့်စုံပါတယ်။

ဒေါသနဲ့ မျက်လုံးပြူးပြီး မကြည့်ခဲ့၊ မျက်စောင်း မထိုးခဲ့/ ရိုးဖြောင့်စွာ မေတ္တာဖြင့်သာ ကြည့်ခဲ့လို့ (၂၁) အလွန်ညိုသော မျက်လုံးရှိ။ (၂၂) နွားငယ်ရဲ့ မျက်တောင်နဲ့တူတဲ့ မျက်တောင်ရှိပြီး သတ္တဝါအများရဲ့ နှစ်သက် ကြည်ညိုဖူးမြော်ခြင်းကို ခံရပါတယ်။

ကုသိုလ်ကောင်းမှုတို့ကို ခေါင်းဆောင်ပြီး ပြုခဲ့လို့ (၂၃) သင်းကျစ်ဆင်ထားသကဲ့သို့သော ဦးခေါင်းရှိပြီး ဗုဒ္ဓအလိုကိုလိုက်တဲ့၊ အဆုံးအမကို လိုက်နာတဲ့ ဝေနေယျ များစွာရှိပါတယ်။

မှန်သောစကားတစ်မျိုးတည်းကိုသာ ပြောခဲ့လို့ ၊ သူများကို မလှည့်စားခဲ့လို့ (၂၄) မွေးညှင်းတစ်တွင်းမှာ မွေးညှင်တစ်ပင်သာရှိ။ (၂၅) မျက်မှောင်နှစ်ခုကြား ဖြူစင်တဲ့ ဥဏ္ဏလုံ မွေးရှင်တော်ရှိပြီး သတ္တဝါအများဟာ ဗုဒ္ဓအလိုကိုသာ လိုက်ရပါတယ်။

ဂုံးမတိုက်ခဲ့၊ ညီညွတ်ခြင်းကို အားပေးခဲ့လို့ (၂၆) လေးဆယ်သော။ (၂၇) မကြဲသောသွားရှိပြီး သူများ မဖြိုခွဲနိုင်တဲ့/ အဆုံးအမကို ခိုင်မြဲစွာ လိုက်နာတဲ့ ပရိသတ် ရှိပါတယ်။

ကြမ်းသောစကားကို မပြောခဲ့၊ နူးညံ့ချိုသာ နားဝင်ချိုအောင် ပြောခဲ့လို့ (၂၈) ကြီးမားရှည်လျား နူးညံ့တဲ့ လျှာတော် ရှိ။ (၂၉) ဗြဟ္မာ့အသံနှင့် တူတဲ့ အသံရှိပြီး ဘုရားရှင်ရဲ့ စကားဟာ အောင်မြင်ပါတယ်။ ဘုရားရှင်ရဲ့ စကားကို နာယူလက်ခံကြပါတယ်။

အကျိုးမရှိ ပြိန်ဖျင်းတဲ့စကားကို မပြောခဲ့၊ အကျိုးရှိတဲ့ စကားကိုသာ ပြောခဲ့လို့ (၃၀) ခြင်္သေ့မေးနဲ့တူသေတဲ့ မေးရှိပြီး အတွင်းအပ ရန်သူတွေ မဖျက်ဆီးနိုင်ပါဘူး။

အသက်မွေးမှုစင်ကြယ်ခဲ့လို့ (စဉ်းလဲ ကောက်ကျစ်၊ ခေါင်းပုံဖြတ် မတရားသဖြင့် ဖြတ်လမ်းက အသက်မမွေးခဲ့လို့) (၃၁) ညီညွတ်တဲ့ သွားတွေရှိ။ (၃၂) အလွန် ဖြူစင်တဲ့ စွယ်တော်လေးဆူရှိပြီး မကောင်းမှု ကိလေသာကင်းတဲ့ စင်ကြယ်တဲ့ အခြံအရံ ရှိပါတယ်။

အကြောင်းအကျိုးများသာ ဆက်စပ်ဖြစ် ပေါ်နေသော သံသရာမှာ မှန်ကန်တဲ့ အကြောင်း အကျိုးကို သိမြင်ဖို့အရေးကြီးပါတယ်။ ကိုယ်အလိုရှိတဲ့အရာတွေ မရရှိခြင်း (အကျိုးချို့တဲ့နေခြင်း)ဟာ အကြောင်းချို့တဲ့ခဲ့လို့ပါပဲ။ အဲဒါကို ဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့ အပြစ်တင်မနေဘဲ အဲဒီ ချို့တဲ့ခဲ့တဲ့ အကြောင်းတွေကို ပြည့်စုံအောင် ကြိုးစားလိုက်မယ်ဆိုရင် ကိုယ်အလိုရှိတဲ့ အကျိုးတွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။ အကျိုးကို မျှော်မျှော် မမျှော်မျှော် အကြောင်းကိုပြုရင် အကျိုးက ရမှာသေချာပါတယ်။ အကျိုးကို မျှော်ခြင်း မမျှော်ခြင်းကတော့ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ အခု ရေးခဲ့တာလေးတွေဟာ ကြောင်းကျိုးအမှန်ကို မြင်သိတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံဉာဏ်ဖြစ်ပါတယ်။ ဒီဉာဏ်ကို အခြေခံ၊ တစ်ဆင့်ထက်တစ်ဆင့်မြင့်တဲ့ ဉာဏ်တွေရအောင်လုပ်ပြီး အမြင့်ဆုံး နိဗ္ဗာန်ရအောင် ကြိုးစားကြရမှာပါ...။

http://dhammayanantmm.blogspot.com/ မှ ကူးယူဖော်ပြပါသည်။


Ways to Clean the Mind (စိတ်ညစ်ရင် ရေချိုးပါ။) by Rawengwe (Inn Ma) (ရဝေနွယ်- အင်းမ)
http://www.myshwemandalay.com

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မေတ္တာ နှလုံး ကိုယ်စီသုံး....

1

 ကောသမ္ဗီပြည် ဥတေနမင်းမှာ သာမာဝတီ၊ မာဂဏ္ဌီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရား ၃ယောက်ရှိပါတယ်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညိုသူဖြစ်ပါတယ်။ မာဂဏ္ဌီကတော့ မိဖုရားမဖြစ်ခင် ကတည်းက ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဌေးမလေးဖြစ်ပါတယ်။ ထို့ကြောင့်မြတ်စွာဘုရားကို ကြည်ညိုသူ သာမာဝတီအား မာဂဏ္ဌီက အမြဲအပြစ်ရှာနေသူဖြစ်ပါတယ်။ သာမာဝတီကတော့ မေတ္တာတရား အထူးပွားများနေသူဖြစ်ပါတယ်။ ဥတေနမင်းကတော့ မိဖုရား၃ယောက် တို့၏ အဆောင်များဝယ် တစ်လှည့်စီစံစားကာ စောင်းတီးဝါသနာပါသော ဘုရင်တစ်ဦးဖြစ်ပေတယ်။

အခါတစ်ပါးမှာ သာမာဝတီထံ အဆောင်တော်ကူးရန် နီးလေသောအခါ မာဂဏ္ဌီသည် သူ့ဘထွေးထံမှ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကိုဖြေစေလျက် စောင်း ခွက်တွင်းသို့ သွင်းထားလေတယ်။ နောက်ပီိးု ပန်းကုံးနဲ့ ပိတ်ဆို့ပြီး ဘုရင့်ထံသွား၍ အိမ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင် မကူဖို့ရန် မိန်းမဥာဏ်ဖြင့် သံတော်ဦးတင်လေတယ်။ ဘုရင်က ဂရုမစိုက်ပဲ သာမာဝတီဆောင် သို့ကူးလေရာ၊ စိတ်မချဟန်ဖြင့် နောက်ကအတင်းလိုက်သွားလေတယ။်

အဆောင်တော်ရောက်လို့ ဆက်သတဲ့ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်လဲလျောင်းသည့်အခါ မယောင်မလည်နှင့်သူပိတ်ဆို့ထားတဲ့ ပန်းကုးံကို နုတ်လိုက်လေတယ်။ ထိုအခါထည့်ထားတဲ့ မြွေသည် အလွန်စိတ်ဆိုနေရကာ ရှုးခနဲထွက်ခါ ဘုရင့်ဦးခေါင်း အနီးသို့ရောက်လေတယ်။ ထိုအခါ အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်လည်း သူ့စကားကို နားမထောင်သဖြင့် ယခုလိုဖြစ်ရသည်ဟု အပြစ်တင်လေတယ်။

ဥတေနမင်းလည်း မာဂဏ္ဌီ စီစဉ်သမျှကို မသိပဲ လွန်စွာထိတ်လန့်ပြီး မျက်မာန်ရှပြီး ကိုင်နေကျလေးကိုတင်ကာ သာမာဝတီတို့အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးပါတယ်။ မေတ္တာတရားကို အထူးပွားများသူ သာမာဝတီကတော့ သူ၏ မောင်းမမိဿံများကို  အမိတို့...မောင်တော်မင်းမြတ်နှင့် မာဂဏ္ဌီတို့အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြဖို့။ ယခုလို အခါမျိုးမှာ မေတ္တာမှ တစ်ပါးအားကိုးစရာ မရှိပေဘူး။ အမိတို့ပွားများနေကျ ဖြစ်သော မေတ္တာကိုသာ ကြိုးစားပြီးပွားများကြပါလို့ သြ၀ါဒပေးရှာတယ်။

ဤသို့တိုက်တွန်းလေတဲ့အခါ ပင်ကိုယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် အသက်ဘေးကို အရေးတကြီးမစဉ်းစားပဲ မေတ္တာကိုသာ ပွားကြလေသည်။ ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားတဲ့မြားကို တစ်အားကုန် ပစ်လွတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြားအရှိန် ရှေ့မတိုးပဲ ပစ်သူထံ မြားပြန်၍ ခလေသော်အခါ ဥတေနမင်း သတိရပြီး မိဖုရားခြေရင်း ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေတယ်။

ဒီဇာတ်တော်မှာ မာဂဏ္ဌီက....သာမာဝတီ အပေါ် ကိုယ်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဥာဏ်ဆင်ရတောသာ  မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြင့် လုပ်ကြံခြင်းကို ပြုလုပ်ခဲ့တယ်။ ဥတေနမင်း ကတော့ မြွေကို မြင်ရသည်ကစပြီး ဒေါသစိတ်မွန်ကာ မြားပြန်လာတော့မှာ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်တွေဖြစ်ရပြန်တယ်။ မင်းတွေရဲ့ အာဃာတ တရားကြီးမားတာကို လည်းတွေ့ရပါတယ်။ မောင်းမများနဲ့ သာမာဝတီမှာတော့ ရန်သူအပေါ်၌ပင် မေတ္တာစိတ်ထားနိုင်တာကို တွေ့ရပါတယ်။

နည်းယူမှတ်သားဖွယ်ကတော့ ယခုကာလ သူတော်ကောင်းစိတ် ဖြင့် အမြင့်တန်းကိုမှန်းထားမယ်ဆိုရင်ဖြင့် သာမာဝတီ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ် မတော်မတရား  ဣဿာမစ္ဆရိယများကိုပင် လက်တုန့်မပြန်ပဲ ရန်မမူမိစေပဲ မိမိစိတ်ကိုသာ ကောင်းသည်ထက်ကောင်းအောင် ပြုပြင်ကြရမှာ ဖြစ်ပါတယ်။ အကျိုးဆောင်ခွင့် ကြုံလာလျှင်လည်း မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါ ဆောင်လျက် အဖိုးတန်လှတဲ့  မေတ္တာလက်နက်ကို အချက်ကျကျသုံးစွဲသင့်ကြောင်း ဒီဇာတ်တော်လေးက သက်သေပြလျက်ရှိပါတယ်။

  မေတ္တာ ဟူသည်မှာ တစ်ယောက်ယောက်အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက် ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟု မှတ်သား ရပါတယ်။

မေတ္တာသည် ရေနှင့်တူ၏၊ ဒေါသသည် မီးနှင့်တူ၏။ ရေများလေ မီးငြိမ်းလေ။ ထို့ကြောင့် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြောင်း သင်ခန်းစာရပါတယ်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အညစ်အစုပြုတ်မှ အနှစ်ဥပုသ်ရပါတယ်။

0

အညစ်စုပြုတ်မှ အနှစ်ဥပုသ်ရပါတယ်။

မလွန်ကျူးပါဘူးလို့
ကတိပြုထားတဲ့
သိက္ခာရှစ်ခုကို
မကျိုးမပေါက်အောင်
စောင့်ထိန်းနိုင်ရုံနဲ့ 
ဥပုသ်ရဲ့အဓိပ္ပါယ်
မပြည့်စုံသေးပါဘူး။

ကိုယ်ရဲ့စိတ်ဝတ်စုံမှာ 
ပေကျံကပ်ငြိနေတဲ့
ဓာတ်ဆိုးဓာတ်ညံ့
အညစ်အကြေးတွေ၊
ဓာတ်ပုပ်ဓာတ်ယုတ်
အနံအစော်တွေကို
လွင့်စဉ်ကင်းပသွားအောင်
ဖယ်ရှားရှင်းလင်းနိုင်မှ
ဥပုသ်ရဲ့အဓိပ္ပါယ်
ပြည့်စုံပါတယ်။
 စာသံပေသံနဲကပြောရရင်တော့
စိတ်မှာ
ကိလေသာကင်းအောင် လုပ်နိုင်မှ
ဥပုသ်ရပါတယ်။
သိက္ခာပုဒ်ရှစ်ခု မကျိုးပေမယ့်
ကိုယ်စိတ်ကိုယ်
ကိလေသာကင်းအောင်
မလုပ်နိုင်ရင်
ဥပုသ်မရပါဘူး။
တကယ်လို့ရခဲ့ရင်တောင်မှ
ခပ်ညံ့ညံ့ဥပုသ်ပဲ
ဖြစ်ပါလိမ့်မယ်။
အဆင့်မြင့်ဥပုသ်တော့
မဖြစ်နိုင်ပါဘူး။      
အရှင်ဆန္ဓာဓိက (စိတ်အားဖြည့်ဓမ္မပန်းပွင့်)

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers