ညခင်းရဲ့လမင်း ဘလော့(၂)နှစ်ပြည့်

19

ညခင်းရဲ့ လမင်းဘလော့ ရဲ့ အမှတ်တရ နေ့လေး ကြရောက်လာပြန်ပါပြီ။
Feb2/2008 နေ့မှာဘလော့စတင်ခဲ့တာ (၂)ပြည့်မြောက်ပြီဖြစ်ပါတယ်။
ဘလော့ကို နေ့စဉ် လာလည် စာဖတ်ကြ သောမောင်နှမများ၊ ဘလော့လေး၏ လိုအပ်တာများ ညွှန်ပြပေးတဲ့ ညီအကိုမောင်နှများ၊ ဆုတောင်းပေးကြသော မောင်နှမများ၊ ကိုလည်း ကျေးဇူး တင်ပါတယ်။ အဆုံးအမများပေးကြသော ဘုန်းဘုန်းများကိုလည်း ဘလော့အမှတ်ရနေ့လေး မှာ ဦးချကန်တော့ရင်း ကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်။ ညခင်း နှင့် လမင်း တို့ဖတ်မှတ်ထားသမျှများကို ဆက်လက်ဖြန့်ဝေ ဒါနပြုနိုင်အောင် ကျိုးစားပါ့မယ်ရှင့်...။

ဘလော့မွေးနေ့လေးမှာ လက်ဆောင်လေးတွေ ဝေမယ်နော်။
ဘလော့နှစ်ပတ်လည် အတွက် မုန့်ကျွေးခိုင်းတဲ့သူတွေ အတွက် ညခင်း ချက်ပြုတ်နေပါတယ်။ :P



ညခင်း အလုပ်ရှုပ်နေတဲ့ကြားက ဘလော့၂နှစ်သက်တမ်းပြည့် အထိမ်းအမှတ်ပို့စ်လေးကို ဖြစ်သလို ရေးရပေမဲ့ အရမ်းပျော်နေပါတယ်။ ညခင်းလိုပဲ အားလုံးသော မောင်နှမများလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ပျော်ရွှင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



မစင်ပုပ် ငရဲ

5


မြတ်စွာဘုရား ဗာရာဏသီပြည် မိဂဒါဝုန်ကျောင်း မှာစံမြန်းကန်းဝပ်တော်မူစဉ် နန္ဒိယ သတို့သားသည် ပေးကမ်းလှူဒါန်းခြင်း ရတနာသုံးပါကို အလေးထားခြင်း၊ သံဃာတော်တို့အား အလုပ်အကျွေးပြု ခြင်း အလေ့ရှိ၏။

ထိုသတို့သား၏ မိဘများက အိမ်နီးချင်း ရေ၀တီ သတို့သမီးနှင့် ပေးစားလိုတယ်။ သို့သော် မိန်းကလေးသည် သဒ္ဒါတရားမရှိ၊ ပေးကမ်းလှူဒါန်းခြင်းအလေ့ မရှိ။ ထို့ကြောင့် နန္ဒိယက ရေ၀တီကို အလိုမရှိပေ။မိခင် ကတော့ သဘောတူတဲ့အတွက် ချစ်သမီး...ရေ၀တီ သံဃာတော်တွေ ကြွလာတဲ့အခါ သံဃာတော်တွေ ကိုရှိခိုး၊ သပိတ်ကိုယူ၊ သောက်ရေကို စစ်ပြီးမှကပ်၊ ဆွမ်းစားပြီးတဲ့ သပိတ်ကိုဆေး၊ အဲဒါမှ ငါ့သားက မင်းကို နှစ်သက်မှာကွဲ့ ...ဟုပြောပြီး သား သဘောကျစေရေး လိမ္မာလာစေရန် ရေ၀တီအား ဆောင်ရွက်စေပါတယ်။ ရေ၀တီကလည်းလိုက်နာဆောင်ရွက်လေတယ်။

ထို့နောက်မိခင်က ကလေးမလေး ရေ၀တီလိမ်မာသွားပါပြီ ဟုပြောပြီး နိန္ဒိယ သတို့သားနှင့် ထိမ်းမြား လက်ထပ် ပေးလိုက်တယ်။ လက်ထပ်ပြီးလျှင် နန္ဒိယက ဇနီးရေ၀တီအား... ရဟန်းသံဃာတော်များနဲ့ မိဘများကို အလုပ်အကျွေးလုပ်ဖို့ မမေ့နဲ့ အလေးအနက်ထားပြီးကူညီရမယ်ဟု ပြောထားပါတယ်။ ရေ၀တီကလည်း ဒီအတွက်စိတ်ချပါမောင်ကြီး ဟု ကတိပေးသည်။ နောက်ရက်အနည်းငယ် ခင်ပွန်းသည်အလိုကျ လုပ်ဆောင် ပေးလေသည်။

သား၂ယောက်မွေးဖွားလာသောအချိန်တွင်ကား မိဘများလည်းကွယ်လွန်သွားကြပြီဖြစ်လို့ အိမ်ဂေဟာမှာ ရေ၀တီ တစ်မိန့်တစ်သံ အာဏာရလာတယ်။ နန္ဒိယကား အလှူဒါနပြုခြင်းအမှု၌သာ နှစ်လိုသူဖြစ်လို့ ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ပေးလှူ ဆက်ကပ်လှူဒါန်းမြဲသာရှိခဲ့တယ်။ နန္ဒိယမှာ...ဣသိပနကျောင်းတိုက်က တိုက်ခန်းလေးခန်း တန်ဆာဆင်ပြီး ၀တ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး မြတ်စွာဘုရား၏ လက်တော်၌ အလှူရေစက်ကို သွန်းချအပ်နှင်းလေသည် ။ ထိုအခါ တာဝတိံသာနတ်ပြည်၌ အနံအလျားတစ်ဆယ် ယုဇနာရှိသော နတ်ဗိမာန်ပြဿဒ်ပေါ်ပေါက်လာလေ၏။

ထိုအခြင်းအရာကို အရှင်မဟာမောဂ္ဂလာန်က မြတ်စွာဘုရားကို လူလောက ၌ အသက်တည်နေစဉ် အချိန်ကာလ မှာပင် နတ်ဘုံ ဗိမာန်ပေါ်ပေါက်နေပါသလား တင်လျောက် ပါတယ်။ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်၌ နန္ဒိယ၏ ဘုံ ပြဿဒ်ကြီးကို သင်မြင်ခဲ့ပြီ မဟုတ်လော့ဟုပြောကြားပြီး...အကျိုးတရားများကို ဆက်လက်ဟောကြားတော်မူပါတယ်။

ချစ်သားရဟန်းတို့ ရပ်ဝေးတစ်နေရာက ပြန်ရောက်လာသော ထိုယောက်ျားကို ဆွေမျိုးမိတ်ဆွေများက အလွန်နှစ်သက်တတ်ကြကုန်၏၊ ထို့နည်းတူပင် လူလောက၌ ကောင်းမှုကုသိုလ်ပြုပြီး သူတို တမလွန်သို့လား သည်ရှိသော ချစ်သော ဆွေမျိုးမိတ်ဆွေများကဲ့သို့သော သူ၏ကောင်းမှုကုသိုလ်တို့က သူ့အား ဆီးကြို၍ခံယူရကုန်၏။

ထိုတရားကို နာရသော နိန္ဒိယသည် အလှူဒါနကို မပြတ်မစဲ ထပ်ခါတလဲလဲ လှူ၍သာနေလေသည်။ တစ်နေ့တော့ ကုန်သွယ်မှုခရီးတစ်ခု သွားရမည်ဖြစ်လို့ ဇနီးရေ၀တီအား.... ငါခရီးသွားနေခိုက် သံဃာတော်များကို မပြတ်ပေးလှူပါ၊ ခိုကိုးရာမဲ့သူတို့ကိုလည်း ထမင်းဟင်း အစပေးကမ်းစွန့်ကြဲပါ။ အလှူဒါန အလုပ်ကို မမေ့မလျော့ပါနဲ့ လို့ မှာကြားခဲ့သည်။

ရေ၀တီသည်ကား ၃၊ ၄ရက် သာသံဃာတော်တို့အား ပေးလှူ၏။ခိုကိုးရာမဲ့ ဆင်းရဲသူတို့အားလည်း ပေးကမ်းစွန်ကြဲခြင်းမပြုတော့ပေ။ မလှူမဖြစ် လှူရလျှင်ကား ရေ၀တီသည် ရဟန်းသံဃာတော်တို့အား ဆန်ကွဲ ထမင်းနှင့် ပုန်းရည်ဟင်းတို့ကို သာ ကပ်လှူ၏။ ရဟန်းသံဃာတော်တို့ စားရာနေရာသို့ သွားကာ ငါးအရိုးအမဲရိုးများနှင့် ထမင်းဖတ်များကို ပြန့်ကြဲစေကာ...လူအများကို ညွန်ပြပြီး အပြစ်ပြပါတယ်။

နိန္ဒိယလည်း ခရီမှပြန်ရောက်လာသောအခါ ရေ၀တီ၏ မဟုတ်မမှန်လုပ်ရပ်များကို သိရလေပြီး အိမ်မှ နှင်ထုတ်လိုက်လေသည်။ ထို့နောက် ဆက်လက်ပြီးလှူဒါန်းမှုများကိုပြုလုပ်ပါတယ်။ ထိုအခါ နန္ဒိယမိတ်ဆွေများ က ရေ၀တီကိုခေါ်ဆောင်လာပြီး တောင်းပန်၍ပြန်အပ်လေသည်။ နန္ဒိယ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ အသင့်ပေါ်ပေါက်နေသော ဘုံဗိမာန်၌ နတ်သားဖြစ်လေတော့တယ်။

ရေ၀တီကတော့ နန္ဒိယကွယ်လွန်တဲ့အခါ ယခင်လှူဒါန်းခဲ့သော အလှူဒါနများကို ဖြတ်တောက်ပစ်လိုက် ပြီး ဒီရဟန်းတွေကြောင့် ငါ့ စီးပွားဥစ္စာတွေ ယုတ်လျော့ရတာ ဟုပြောကာ ဆဲဆိုသည်အထိပြုမှုလာ၏ အချိန်တိုင်း မြည်တွန်တောက်တီးကာ အပြစ်ပြု၍နေရာ ဝေဿ၀ဏ်နတ်မင်းကြီးမှာ မနေသာတော့။ဘီလူးနှစ်ယောက်ကို ဆင့်ခေါ်ကာ ကဲ ဗာရာဏသီပြည်က ရေ၀တီမိန်းမယုတ်ဆီ သွားကြစမ်း ဒီနေ့က စလို့ ၇ရက်မြောက်တဲ့နေ့မှာ အသက်ရှင်လျှက်မှာပဲ ဖမ်းခေါ်ပြီး ငရဲဘုံမှာ ပစ်ချမယ်ဟေ့လို့ ကြွေးကြော်ခိုင်းပါတယ်။

ဘီလူးတို့ကြွေးကြော်သံကို ကြားရသူ လူအပေါင်းတို့မှာ အလွန်တုန်လှုပ်ချောက်ခြားကြကုန်၏။ ရေ၀တီက ပြဿဒ်အထက်သို့တက်၍ တံခါးကိုပိတ်ပြီးနေလေသည်။၇ရက်မြောက်သောနေ့တွင်ကား ဘီလူကြီးနှစ်ယောက် ရောက်ရှိလာပြီး မကောင်းမှုအကုသိုလ်တွေများလွန်းတဲ့ မိန်းမယုတ် ရေ၀တီ၊ နင်ဟာ အပါယ်တံခါးပွင့်နေတဲ့ မိန်းမပဲ၊ ကယ်ပါယူပါ တစာစာအော်နေရတဲ့ ငရဲဘုံကို နင်ရောက်ရမယ်...အခုထလော့ ဟု ဆိုပြီး လူအများအသိတရားရစေခြင်းငှာ ဗာရာဏသီပြည်လမ်းကို ဖြတ်ကာ ဆွဲခေါ်သွားလေသည်။

ထို့နောက် တာဝတိံသာနတ်ပြည် ဘုံဗိမာန်ခြေရင်းမှာချထားလိုက်သည်။ရတနာခုနှစ်ပါး စီခြယ်ထားသော ချောမောလှပသော နတ်သမီးအပေါင်း ၀န်းရံနေသော ဘုံဗိမာန်ဟာဘယ်သူနေရာလည်း ဟု ရေ၀တီ မေးမြန်းလေရာ ဘီလူးကြီးများက... ဒီဘုံဗိမာန်သည် လူပြည်လူ့ရွာမှာ အလှူဒါနတွေ အစဉ်မပြတ်ပြုခဲ့သော နန္ဒိယ ပိုင်ရှုင်ဖြစ်၏ ဟုပြောပြလိုက်လေသည်။

ထိုအခါ ရေ၀တီက ကျွန်မဟာ နန္ဒိယရဲ့ ဇနီးမယားပါ ဒါကြောင့် ဒီ ဘုံဗိမာန်ကြီးမှာနေပါရစေ ငရဲကိုသွားဖို့ နေနေသာသာ မမြင်ဝံ့မကြားဝံ့ပါဘူး ဟုပြောလေသည်။ သင်ဟာ မကောင်းမှုဒုစရိုက်တွေများလွန်းတဲ့ မိန်းမယုတ်ဖြစ်တယ်။ ကုသိုလ်ကောင်းမှုတွေ မပြုဘူး၊ ၀န်တိုစဉ်းလဲတယ်။ ကောက်ကျစ်တယ်၊ သူတစ်ပါးကို ချုပ်ချယ်လွန်းတယ်။ နတ်ပြည်မှာ နေလို့မရဘူး ငရဲပြည်သာနင်နေရာ ဟုပြောကာ ငရဲထိန်းနှစ်ယောက် လက်သို့ ရေ၀တီကိုလွဲပေးလိုက်တယ်။ ထိုငရဲထိန်းတို့က မစင်ကျင်းများဖြင့်ပုပ်စပ်နေသော ဂူတငရဲသို့ ပို့ဆောင်ရန်ခေါ်သွားကြလေတယ်။

ထိုစဉ် ရေ၀တီက...ဂူတမစင်ငရဲကိုမခေါ်ကြပါနဲ့ ခင်ပွန်းဘုံဗိမာန်မှာပဲနေပါရစေတောင်းပန်ပြန်တယ်။ သို့သော်မရပေ။ ငရဲထိန်းတွေ နဲ့ အတူရှိနေတဲ့ ဘီလူကြီး တို့က ဒါဟာ ကျင်ကြီးကျင်ငယ်တွေ အမြဲမပြတ်စီးဆင်းနေတဲ့ ငရဲပဲ။ အသူတရာနက်တယ်၊ သံသာဝက ဂူတငရဲလို့ခေါ်တယ်။ အဲဒီ မစင်ကျင်းထဲမှာ နှစ်ပေါင်းတစ်ထောင်ကျခံရမယ် လို့ ရှင်းပြတယ်။

သို့တိုင်ရေ၀တီက မလျော့သေးဘဲ...ကျွန်မက ဘာတွေလုပ်ခဲ့လို့လဲ၊ ကိုယ်နဲ့နှုတ်နဲ့စိတ်နဲ့ ဘယ်လိုမကောင်းမှုပြုလုပ်ခဲ့သလဲ ၊ သင်တို့ မြင်ခဲ့မိပါသလား ဟုစောဒကတက်ပြန်တယ်။ ထိုအခါ ဘီလူးကြီးတို့က ရေ၀တီပြုခဲ့သော မကောင်းမှုများကိုထောက်ပြ၏။ လိမ်လည်လှည့်စား သည့် မကောင်းမှုများကြောင့် မစင်ကျင်းကြီးများ၌ နစ်မြုပ်ပြီးပြန်ပေါ်လာပြန်လျင် လက်ပေါ်လျှင် လက်၊ ခြေပေါ်လျင်ခြေ၊ နှာခေါင်း၊နား မည်သည့် အစိတ်အပိုင်း ပေါ်လာသည်ဖြစ်စေ ဖြတ်တောက်ခြင်းခံရဦးမည်။ သုံးဂါဝုတ်ရှိ ကျီးမည်းကြီးများ၏ ထိုးဆိတ်ခြင်းကိုခံရမည်ဟုပြော၏ ။

ရေ၀တီသည် ငိုကြွေး၍တောင်းပန်သော်လည်း သင်ပြုခဲ့သော မကောင်းမှုတွေက ဆွဲခေါ်နေလို့ ငါတို့လည်း သင့်ကိုပြန်ပို့လို့မရတော့ဘူး ဟုပြောပြလေသည်။ သူမ၏ မကောင်းမှုများကို သိမြင်ကာ နောင်ကိုကောင်းမှုကုသိုလ်များပြုလုပ်ပါမည်။ လိမ်လည်လှည့်စားမှုများ မပြုတော့ သီလမြဲပါတော့မည်ဟု ပြောနေစဉ်မှာပဲ မစင်ပုပ် ငရဲသို့ ပစ်ချခြင်းခံရလေတော့၏။ ထို ဂူတငရဲမှာ သူမသည် နှစ်ပေါင်း တစ်ထောင်ခံခဲ့ ရလေသည်။ ဂူတငရဲမှ လွတ်၍လာသောလည်း ဥဿဒငရဲ၌ဆက်လက်ခံရပြန်၏ မကောင်းမှုကုသိုလ်ကံများ ကုန်မှ ထိုငရဲမှ လွတ်ရလေ၏။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



ဒီဘူတာမှာခဏလေးရပ်မှာ

6



"ဒီဘူတာမှာခဏလေးရပ်မှာ"


ဘ၀ခန္ဓာ ၊သံသရာ၊ မောင်းလာရထားတွဲ။
လူ၏ ဘူတာ၊ ဆိုက်ရောက်လာ၊ ရပ်မှာခဏပဲ။
ကိုယ်ပိုင်ဥစ္စာ၊တင်စရာ၊ မီရာမိအောင်ဆွဲ။
ကိုယ်လက်မှတ်မှာ၊ တစ်စောင်သာ၊ ဖြတ်ပါသတိစွဲ။
အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်အားရှိမြဲ။

(တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော်)

တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော်၏ ဆုံးမစာ လင်္ဏာလေး အဓိပ္ပါယ်မှာ စဉ်းစားလေ နက်နဲလေဖြစ်ပါတယ်။ လူဘ၀တစ်သက် ဆိုတာ ဘူတာတစ်ခုမှာ မီးရထားတွဲထဲဝင်ပြီး ခဏဆိုက်ရောက်နေတာနဲ့တူပါတယ်။ အ၀ိဇ္ဖာ တဏှာ ကိလေသာ အပူမီးတွေ နဲ့ ခန္ဓာသံသရာ မီးရထားကြီး ခုတ်မောင်းလာခဲ့တာ ကြာပါပြီ။ ခုတ်မောင်းခဲ့စဉ်တလျောက်မှာလည်း တိမ်မှောက် လမ်းချော် ဒုက္ခအဖုံဖုံနဲ့ လူဘ၀ ဘူတာမှာ ခဏတာ ဆိုက်ရောက်နေချိန်ပါ်။

ခဏတာ ရထားရပ်ချိန်လေးမှာ ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့ ခွင့်ရနေတာ ဖြစ်လို့ ကိုယ့်နောက်ပါမဲ့ ဒါနသီလ ဘာဝနာ ရိက္ခာထုပ်တွေ စုဆောင်းကြရမယ်။ အို၊ နာ၊ သေ ဥသြ ဆွဲပြီး လူဘ၀ဘူတာမှ မထွက်မီ သတိဥာဏ်ဦးဆောင်ကာ မှန်ကန်တဲ့အသိရောပြီး မိအောင်ဆွဲကာ အမြန်တင်ရမှာ ဖြစ်တယ်။ ပေါ့ဆ အေးစက်စက်လုပ်ရင်တော့ ဟိုဟာကျန် ဒီဟာကျန် နဲ့ နစ်နာဆုံးရှုံးမှုတွေရမှာဖြစ်တယ်။ အသိတရားတွေ ပွင့်လင်းလာရပါတယ်။

"တွေ့ရသူတွေကို နှုတ်ဆက်ထားခဲ့ပါ"

တိမ်တိုက်ပမာ၊ သံသရာ၊ တွေ့လာ တစ်ခဏ။
လေကြောင့်ကွဲကွာ၊ ပျက်ရရှာ၊ လျင်စွာပျောက်သွားကြ။
အပူနုတ်ကာ၊ အေးတာကိုဆက်၊ ရှေ့ကိုတက်၊ နှုတ်ဆက်သူတွေ စိတ်အေးရ။

လူဘ၀ဘူတာခဏတွေ့ရသူအားလုံး ကောင်းကင်မှာရှိတဲ့ တိမ်တိုက်ကြီးတွေနဲက တကယ်တူပြန်ပါတယ်တဲ့။ တိမ်တွေဟာ လေကြောင့် ပေါင်းစုမိသွားလိုက်၊ ပေါင်းစုံနေတဲ့ တိမ်တွေဟာ လေကြောင့် ကွဲသွားကြနဲ့။ လေ၏ပြုပြင်ချယ်လှယ်ဖန်တီးသမျှခံနေရတာပါ။ ဘ၀သံသရာသည်လည်း ဒီအတိုင်းပါပဲ။

လူဘ၀ ဘူတာ ခဏရောက်ခိုက် သားအမိ၊ သားအဖ၊ ညီအစ်ကိုမောင်နှမ၊ ညီအစ်မ၊ ဇနီး ၊ခင်ပွန်း၊ သတင်းသုံးဖော် စတဲ့ ဆွေမျိုး မိတ်ဆေတွေ ခဏပေါင်းဆုံမိကြတယ်။ ကံဆိုတဲ့ လေက ပေါင်းဆုံပေးတာပါ။ ကန့်သတ်ချိန်စေ့တော့ ပေါင်းဆုံရာက သေကွဲရှင်ကွဲ တစ်မျိုးမျိုးနဲ့ ကွဲရပြန်တယ်။ ဘယ်သူနဲ့ ဘယ်လိုတွေ့တွေ ခဏတာပါ။ လူ့ဘ၀ဘူတာက မီးရထားထွက်တာနဲ့ အားလုံးခွဲခွာကြမှာပါ။ခွဲခွာသူရော ကျန်ရစ်သူပါ ဒါန သီလ ဘာဝနာတွေ ကို ကျိုးစားအားထုတ်မှသာလျင် စိတ်အေးလက်အေး နှုတ်ဆက်နိုင်မှာဖြစ်တယ်။

တရားအသိတွေ တိုတိုနဲ့လိုရင်း ထိမိအောင် ဟောကြားပြသပေး သော တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော် ၏ ဥဏ်တော်အား ချီးကျူး ဂုဏ်ပြုရင်း ဓမ္မမိတ်ဆွေများ အားမျှဝေပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း







မန္တာန်ရှင်

2

မြတ်စွာဘုရားဟာ သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေထိုင်ချိန် ဖြစ်ပါတယ်။

ရာဇဂြိုလ်ပြည်မှာ ၀င်္ဂီသ ဆိုတဲ့ ပုဏ္ဏားတစ်ယောက်ရှိခဲ့တယ်။ ၀င်္ဂီသဟာ ဗေဒင်သုံးပုံကို တတ်ကျွမ်းတဲ့အပြင် ဆ၀ သီသဆိုတဲ့မန္တာန် ကိုလည်း သင်ကြားတတ်မြောက်ထားတယ်။ ဆ၀သီသ မန္တာန်ထူးဆိုတာက အဲဒီ မန္တာန်ကိုရွတ်ဆိုပြီး၊ သေသွားသူရဲ့ ဦးခေါင်းခွံကို တီးခေါက်ကြည့်လိုက်ရင်၊ သေသွားတဲ့သူဟာ ဘယ်နေရာ ဘုံဌာနမှာ ရောက်နေတယ်ဆိုတာ သိနိုင်တယ်။

ဝင်္ဂင်္ီသပုဏ္ဏားနဲ့ အခြား ပုဏ္ဏား တွေဟာ နယ်တကာလှည့်ပြီးအခကြေးလေငွေယူကာ သေသွားသူ ဘယ်ရောက် နေပြီ ဆိုတာကိုဟောပြောကြရင်း သာဝတ္တိပြည်ကိုရောက်လာခဲ့ကြတယ်။ အဲဒီ အချိန်မှာ သာဝတ္တိပြည်သူပြည်သားတွေဟာ ပန်းတွေ အမွှေးနံ့သာတွေလက်မှာကိုင်ပြီး ဘုရားဖူးတရားနာရန် ဇေတ၀န်ကျောင်းတော်ကို သွားနေကြတယ်။ ပုဏ္ဏားတွေကမြင်တော့…မင်းတို့ဘယ်ကိုသွားကြမှာတုန်း လို့မေးပါတယ်။ မြတ်စွာဘုရားထံသွားပြီး တရားနာကြမလို့ ပြောပါတယ်။ ထိုအခါ မင်းတို့ မြတ်စွာဘုရားဆီသွားလို့ ဘာအကျိုးရှိမှာလဲ ဒီလောကကြီးမှာ ငါတို့ဆရာ ၀င်္ဂီသလောက်တော်တဲ့လူ မရှိဘူးကွာ …ငါတို့ဆရာက သေပြီးတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းခွံကို တီးခေါင်ကြည့်ရင် အဲဒီလူ သေပြီးတဲ့နောက် ဘယ်ဘ၀ကိုရောက်နေတယ် ဆိုတာ ပြောပြနိုင်စွမ်းရှိတယ်။ မေးစမ်းကြည့်ကြမလား လို့ ပုဏ္ဏားတို့က ပြောပါတယ်။

မင်းတို့ဆရာ ၀င်္ဂီသရဲ့ပညာဟာ စာမဖွဲ့လောက်ပါဘူး၊ ငါတို့ရဲ့ မြတ်စွာဘုရားရှင်က သုံးလောကမှာ အတုမရှိတဲ့ အမြတ်ဆုံးသော တစ်ဆူတည်းသော ဘုရားကွ လို့ အပြိုင်အဆိုင် ငြင်းခုန်ကြပါတယ်။ ပုဏ္ဏားတွေကလည်း သူတို့ဆရာနဲ့ မြတ်စွာဘုရား ဘယ်သူက ပိုပြီး အံ့သြစရာကောင်းတယ်ဆိုတာ သိရအောင် ယှဉ်ပြိုင်မယ်ဆိုပြီး ဇေတ၀န်ကျောင်းတော်ကိုရောက်ရှိလာကြတယ်။

မြတ်စွာဘုရားဟာ ပုဏ္ဏားတွေ ရောက်လာမယ်ဆိုတာ ကိုကြိုတင်သိမြင်ထားတယ်။ ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ နတ်ဘုံ ရောက်ရှိနေသူတွေရဲ့ ဦးခေါင်းခွံ့လေးခုနဲ့နိဗ္ဗာန်စံဝင်ပြီး ဖြစ်တဲ့ ရဟန္တာတစ်ပါးရဲ့ ဦးခေါင်းခွံတစ်ခု၊ စုစုပေါင်း ဦးခေါင်းခွံ ၅ခုကို တန်းစီထားကာ အသင့်စောင့်နေတယ်။

ပုဏ္ဏားတွေ ဇေတ၀န်ကျောင်းတော်ကို ရောက်လာတဲ့ အခါမှာ မြတ်စွာဘုရားက- အသင် ၀င်္ဂီသ သင်ဟာ မန္တာန် ကို ရွတ်ဖတ်ပြီး၊ သေသူရဲ့ ဦးခေါင်းခွံကို တီးခေါက်ကြည့်ရင် အဲဒီလူဘယ်ဘ၀ ရောက်နေတယ်ဆိုတာကို သိနိုင်တယ်ဆို…မေးကြည့်လိုက်တယ်။ သိနိုင်ပါတယ် အရှင်ဘုရား

ဒီလိုဆိုရင် ဒီဦးခေါင်းခွံပိုင်ရှင် ဟာဘယ်ဘ၀ကိုရောက်နေသလဲ ဆိုကာ အမှတ်တစ်ဦးခေါင်းခွံကို ညွန်ပြလိုက်တယ်။ ၀င်္ဂီသဟာ မန္တာန်ကို ရွတ်ဖတ်ပြီးတဲ့နောက်ဦးခေါင်းခွံကိုတီးခေါက်ကြည့်လိုက် တယ်။ နောက်ပြီး ဒီ ဦးခေါင်းခွံပိုင်ရှင်ဟာ ငရဲဘုံမှာဖြစ်နေပါတယ် လို့ လျောက်ထားလိုက်ပါတယ်။ မှန်ပါပေတယ် ၀င်္ဂီသ မြတ်စွာဘုရားချီးကျုးလိုက်တယ်။

အဲဒီနောက် ဦးခေါင်းခွံ အမှတ် နှစ်၊ သုံး၊ လေး တို့လည်း တိရစ္ဆာန်ဘုံမှာ၊ လူ့ဘုံမှာ၊ နတ်ဘုံမှာ ဆိုပြီး အသီးသီး မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့တယ်။ ၀င်္ဂီသနဲ့ ပုဏ္ဏားအဖော်တွေက သူတို့ဆရာရဲ့ ပညာစွမ်းကို ပရိသတ်အလယ် ဖော်ပြနိုင်တယ် ဆိုပြီး ကျေနပ်နေကြတယ်။

မြတ်စွာဘုရားသခင်က နောက်ဆုံးကျန်ရှိနေတဲ့ အမှတ်ငါး ဦးခေါင်းခွံကို စစ်ဆေးခိုင်းလိုက်တယ်။ ထုံးစံအတိုင်းစစ်ဆေးကြည့်တဲ့အခါ ရောက်နေတဲ့ ဘုံဘ၀ကို ကြည့်လို့မမြင်ဖြစ်နေတယ်။ မန္တာန်ကို အားတင်းပြီး အကြိမ်ကြိမ် ရွတ်၊ ဦးခေါင်းခွံ့ကို အကြိမ်ကြိမ်တီးခေါက်ပြန်တယ်။ ဘယ်လို ရွတ်ရွတ် လားရာဘုံဘ၀ကို မမြင်ဖြစ်နေပါတော့တယ်။

အကြပ်အတည်းကျရောက်နေတဲ့ ၀င်္ဂီသကိုကြည့်ပြီး မြတ်စွာဘုရားက ..ကြည့်လို့ မမြင်နိုင်တော့ဘူးလား လို့မေးကြည့် တယ်။ မှန်လှပါ တပည့်တော် မသိနိုင်တော့ပါဘုရား အဲဒီ အခါ မြတ်စွာဘုရားက-

ငါ့အနေနဲ့တော့ သိနေတယ်။ ဒီ ဦးခေါင်းခွံပိုင်ရှင်ဟာ လားရာရောက်ရမဲ့ ဘုံဘ၀မရှိတော့ ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အာသဝေါကုန်ခန်းပြီး ရဟန္တာတစ်ပါးရဲ့ ဦးခေါင်းခွံဖြစ်တယ်။ ရဟန္တာပုဂ္ဂိုလ်ဆို တာ ဘ၀သစ်ထပ်မဖြစ်တော့ဘူး။ ဘ၀ကင်းပြတ်သွားပြီး ဒါကြောင့် သင်မသိနိုင်တာ ဖြစ်တယ် ၀င်္ဂီသ လို့ရှင်းပြတော်မူလိုက်တယ်။ဒီလို အဖြစ်မျိုး သိနိုင်တဲ့ မန္တာန်ကို တပည့်တော်အား သင်ကြားပေးပါ… ၀င်္ဂီသ ထပ်မံလျောက်ထားလိုက်တယ်။ ရဟန်းမဟုတ်တဲ့သူကို ငါ သင်ကြားပေးလို့ မရနိုင်ပါဘူး …

အဲဒီ အခါမှာ မန္တာန် သင်ယူချင်တဲ့ ၀င်္ဂီသဟာ မြတ်စွာဘုရားထံ ရဟန်းပြုလိုက်တယ်။ မြတ်စွာဘုရား သင်ကြား ပေးတဲ့ ကမ္မဋ္ဌာန်းတရားကို ကြိုးပမ်းစီးဖြန်းလိုက်တဲ့အခါ ၀င်္ဂီသပုဏ္ဏားဟာ သုံးရက်အတွင်း ရဟန္တာ အဖြစ် ရောက်ရှိ သွားခဲ့ ရတယ်။ သူလိုချင်တဲ့ မန္တာန်ထက် နှိုင်းချိန်လို့ မရနိုင်အောင် အဆပေါင်း များစွာ သာလွန်တဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ကို ရရှိသွားခဲ့ရပါတယ်။

ဤဇာတ်ကြောင်းသည် လောကမှာ ဘယ်လောက်ပဲ ၀င်္ဂီသ ကဲ့သို့ လောကီပညာတွေ တက်ကျွမ်းပေမဲ့ လောကုတ္တရာ အသိဖြစ်တဲ့ မဂ်သိ ဖိုလ်သိတို့သာလျင် အမြတ်ဆုံးဖြစ်သည်ဟူ၍၄င်း၊ ကိလေသာကုန် သူတို့သည် အိုနာသေတို့ စုဝေးရာ နောက်ထပ် လားရာ ဘုံဘ၀မရှိတော့ကြောင်းကို၎င်း။ ထက်မြတ်သော ဥာဏ်ပညာရှိသူတွေအတွက် လောကီပညာတွေ အပြင် လောကုတ္တရာပညာများကိုပါ လိုက်စားလျင် လျင်မြန်စွာ အကျိုးများမည်ဖြစ်ကြောင်းကို ၄င်း သင်္ခန်းစာရရှိပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


ရှင်ဘုရင် ဘုရားဖူးသော ဥပမာ။

3


အခါတစ်ပါးသော် သင်္ဂဇာ ဆရာတော်ဘုရားသည် ရွှေတိဂုံစေတီတော်၏ အရှေ့ဘက်၊ ကြားတောရကျောင်းတိုက် အခွန်ဝန်မင်း ဇရပ်၌ ခေတ္တ သီတင်းသုံးရင်း ရဟန်းရှင်လူပြည်သူအပေါင်းအား တရားရေအေး တိုက်ကျွေးတော်မူလျက် ရှိလေသည်။

တပည့်တော်တို့၏ ဇရပ်သို့လည်း ကြွရောက်သီတင်းသုံးပြီး တရား ဓမ္မဟောပြတော်မူပါဦး ဘုရား။
ဝန်ထောက်မင်း ဦးအုံးက သဒ္ဓါကြည်ညိုစွာဖြင့် လျှောက်ထားပင့်ဖိတ်လေသည်။ Justify Full
သို့နှင့် ဆရာတော်လည်း ဦးအုံး၏ ဇရပ်သို့ လိုက်ကြွတော်မူလေသည်။ ရောက်သည်နှင့်....

ဝန်ထောက်မင်း ဇရပ်ဖြင့် ရောက်လာပေါ့၊ ဥပမာ တင်ရရင် ဖြင့် ရှင်ဘုရင် ဘုရားဖူးတာလိုလည်း မလုပ်ကြနဲ့ကွယ် ဟူ၍ မိန့်တော်မူလေသည်။

ဆရာတော်ရဲ့ ဥပမာအတိတ်စကားကို မိန့်ကြားတော်မူပါဦး ဟု လျောက်ထားတောင်းပန် လေသည်။

ရှင်ဘုရင် ဘုရားဖူးတာပြောရမှာဖြင့် အညာသီဟတော နန်းတော်ရောက်စေ....လို့ဆိုလိုက်တာပဲ။ သူကဖြင့် တစ်ခါမျှ ထွက်၍ မဖူးဘူး၊ ခုလည်း ၀န်ထောက်မင်း ဦးအုံးက သင်္ဂဇာဆရာတော် ဇရပ်ပေါ်ရောက်စေ ဆိုတာပဲ မဟုတ်လား ၀န်ထောက်မင်းရဲ့ .... ဆရာတော်က မိန့်တော်မူသည်။

ဝန်ထောက်မင်းဦးအုံးလည်း ပြုံး၍ နေလေသည်။

ဆရာတော် ၏ ဆိုလိုရင်းမှာ ဤသို့လျှင် သဘောအနက် ဆောင်ပါသည်။

လူများမှာ "ဃရာဝါသော ဗဟုကိစ္စော" ဟူ၍ ပါဠိလာရှိသည် နှင့်အညီ ကိစ္စအတန်တန်များပြားရကား ဆရာတော်ကိုသာ အရောက်ပင့်သည်။ သူဖြင့် ဆရာတော်ထံမှောက် တစ်ခေါက်မျှ မရောက် တရားနာ မလာဟု ဆိုလိုခြင်းဖြစ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


ကောင်းကင်က နေ နဲ့လ

4



သာဝတ္တိပြည်ရှိ သူဌေးကြီး အဒိန္နပုဗ္ဗကတို့ ဇနီးမောင်နှံတွင် မဋ္ဌကုဏ္ဍလီအမည်ရသော သားတစ်ယောက်ရှိ၏ တစ်ဦးတည်းသောသားမို့ အရိပ်တကြည့်ကြည့်နှင့်ချစ်မ၀ ပါ။ ချစ်မ၀ခင်ရောဂါဝင်၍ သေဆုံးကွယ်လွန် လေသည်။ အချစ်သည်းသော ဖခင်ကြီးမှာ လွန်စွာ ပူဆွေးဝမ်းနည်းရတော့သည်။


သားဖြစ်သူ ငယ်ငယ်ရွယ်ရွယ်သေရသည်မှာ အသေအချာ စစ်ကြည့်လျှင် သူ့ ပယောဂမကင်းပါ၊ ရောဂါနုစဉ်ငွေကုန်မည်စိုး၍ တတ်ကျွမ်းသူ ဆေးဆရာများ နှင့် အသေအချာ မကုခဲ့ ဆေးမြီးတိုများကိုသာ သုံးစွဲပြီး လက်တည့်စမ်းတိုက်ကျွေးခဲ့သည်။ သားကိုချစ်သော်လည်း ပစ္စည်းဥစ္စာ ကိုချစ်စိတ်က လွန်ကဲခဲ့၍ ယခုတော့နောင်တ ရနေရပြီး ရင်နှစ်သည်းချာ သားရတနာလောက်မည်သည့် အရာမှ တန်ဖိုးမရှိဟု သဘောပေါက်ချိန်တွင် သားက မရှိရှာတော့။

ပူလောင်မှုသောကများ ပျောက်လိုပျောက်ငြား သားကိုးမြုပ်နှံရာ သချိ င်္ုင်းသို့ နေ့စဉ်သွား၍ တမ်းတ ငိုကြွေး သော် လည်း ပူဆွေးသောကများ တိုးလို့သာလာ၏၊

မဋ္ဌကုဏ္ဍလီကား ဘ၀သစ်တွင် နတ်သားဖြစ်နေလေသည်။ ဘ၀တစ်လျှောက်လုံး နှမျောလွန်းသူ ဖခင်ကြီး အုပ်ထိန်းမှုအောက်တွင် ကိုယ်စိတ်နှစ်ပါးဆင်းရဲ ခဲ့ရသော်လည်း သေခါနီးတွင် မဟာ ကရုဏာတော်နှင့် အိမ်ရှေ့သို့ ကြွလာတော်မူသော မြတ်စွာဘုရားကို သေအံ့မူးမူးတွင် ဖူးမြင်လိုက်ရသည်။ ကြည်ညိုစိတ်ဖြင့် ဘုရားရှင်ကို အာရုံယူရင်း ဘ၀ကူးခဲ့သောကြောင့် တာဝတိံသာနတ်ပြည်သို့ရောက်၏။ နတ်စည်းစိမ် ချမ်းသာတို့နှင့် ပြည့်စုံ နေပေမဲ့ နေခဲ့ရာ ဘ၀ဟောင်းလူလောကကို သတိတရပြန်ကြည့် တဲ့အခါ ဖခင်ကြီး ၏ ဖြည်မဆည်နိုင်သော သောကကို တွေ့မြင်လေသည်။ မိမိကိုအကြောင်းပြု၍ ဖြစ်ပေါ်နေသော ဖခင်ကြီး၏ သောက ကိုဖြေဖျောက်ပေးလို၏။ ထို့ကြောင့် ဖခင်ငိုကြွေးရာ မလမ်းမကမ်း တစ်နေရာတွင် မဋ္ဌကုဏ္ဍလ အသွင်ဖြင့် ရှိုက်ကြီး တငင် ငိုကြွေးလေသည်။

ယနေ့မှ ထူးထူးခြားခြား လာငိုနေသူမှာ သားဖြစ်သူ မဋ္ဌကုဏ္ဍလနှင့်တူနေသဖြင့် သားကဲ့သို့ ချစ်မိသောကြောင့် ငိုနေသည်ကို မကြည့်ရက်နိုင် သူငယ်ဘာကြောင့် ဒီလောက်တောင်ငိုနေ တာလဲဟု သနား ကရုဏာဖြင့် မေးလေသည်။

မဖြစ်နိုင်သည်ကို ဖြစ်ချင်နေသော ဖခင်ကြီးကို တရားပြရန်အတွက် အကွက်ဝင်လေပြီ။ ဖခင်… ကျွန်ုပ်မှာ ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ရွှေရထားတစ်စင်းရှိပါတယ်။ ဒါပေမဲ့ ဘီးနှစ်ဖက် မရှိပါ။ သင့်တော်တဲ့ ဘီး တစ်စုံကို မယူနိုင်သောကြောင့် စိတ်ဆင်းရဲပြီးငိုကြွေးတာပါ ဟု ပြောလေသည်။

ချစ်သား လူငယ်..ရွှေဘီး၊ ပတ္တမြားဘီး၊ ငွေဘီး နှစ်သက်ရာကို ပြောပါ၊ သင် အလိုရှိရာကို ကျွန်ုပ်ပိုင်သော ပစ္စည်းတို့နဲ့ လဲလှယ်ကာ ရပါစေ့မယ်။ မငိုပါနဲ့ လို့ သနားစိတ် ချစ်စိတ်အရင်းခံကာ ပြောရှာပါတယ်။

ဖခင်…ကျွန်ုပ်ရဲ့ ရွှေရထား အတွက် ဘီးလုပ်ရန် သင်တော်သည်မှာ ကောင်းကင်က လနဲ့ နေသာဖြစ်ပါတယ်။ လမင်းနဲ့ နေမင်းကိုသာ ဘီးအဖြစ် တပ်ချင်ပါတယ်။ ရယူတပ်ဆင်ပေးပါဟု တမင်တကာပင် မဖြစ်နိုင်မှန်း သိလျှက်နဲ့ ပြောပါတယ်။

ချစ်သား. လူငယ်…အလိုမရှိအပ် မတောင့်တ အပ်သည်ကို တောင့်တလိုချင်ဖြစ်ချင်သော သင်သည် လူမိုက်စင်စစ်ဖြစ်နေပြီ၊ သင်ငို၍ သေချင်သေသွားလိမ့်မည် နေ လကို တော့ ဘီးတပ် မရနိုင်ပါ။ အဒိန္နပုဗ္ဗသည် သူတစ်ပါး အမှားကို သဘောပေါက်နားလည်နိုင်သော်လည်း ကိုယ့်အမှားကို မူ မဆင်ခြင်နိုင်ခြေ။

ဖခင် ..သင်ရော ကျွန်ုပ်ပါ ငိုကြွေး နေကြသူများဖြစ်နေကြပါတယ်။ ကျွန်ုပ်လိုချင်နေတဲ့ နေလ က ထင်ထင်ရှားရှား တွေ့မြင်ပြီး တောင့်တ ငိုတာပါ၊ ဖခင်ကတော့ တွေ့မြင်ရခြင်းပင် မရှိတဲ့ သားကို တောင့်တငိုနေပါတယ်။ အမြင်ရှိကိုလိုချင်သူနဲ့ မမြင်မရှိသူကို လိုချင်သူ နှစ်ယောက် ဘယ်သူက ပိုမိုက်ပါသလဲ…. မဋ္ဌကုဏ္ဍလီစကား သည် အပိုအလိုမရှိ အတိအကျ အမှန်တရားကို ညွန်ပြနိုင်၏။ အသိဥာဏ် မနည်းသော ဖခင်ဖြစ်သူသည် ဖြတ်ခနဲ့ အမှန်ကို မြင်သိလိုက်ပြီး သတိသံဝေဂရကာ မိမိက မိုက်သည်ဟု ဆိုသူထက်ပင် ပို၍မိုက်မဲနေပါလား ဟု သိမြင်သွားတော့သည်။ သောကများ ကင်းပြီး စိတ်တွေကြည်လင်သွားတဲ့ ငါ့ဟာ ကုသိုလ်ကောင်းမှုလုပ်ငန်းများကို ကြိုးစားအားထုတ်ပါတော့မယ် ဟု ပြောဆိုကာ သူ့သက်တမ်းတလျှောက်လုံး ကုသိုလ် ကောင်းမှုများ ကြိုးစားအားထုတ်ကာ ကောင်းရာ သုဂတိသို့လားလေတော့သည်။

သောကသည် ပျားရည်လို မချိုမြိန်ပါ၊ လူ့ဘ၀၏ အစဉ်အလာအရ ချစ်ခင်သူများ ချစ်မြတ်နိုးသူသော အရာဝတ္ထုများနှင့် ကွဲကွာရသောအခါ သို့မဟုတ် ခွဲခွာရသောအခါတွင် အချစ်ကြီးသလောက် ဒုက္ခရောက်ရတော့၏။ ထို့ကြောင့် သောကဖြစ်စရာနှင့် ကြုံချိန်တွင် ထွက်ပေါက်မပိတ်ရန် ရည်သန်၍ ဗုဒ္ဓစာပေလာ သောကရှင်တို့ ရင်ဆိုင်လွတ်မြောက် သွားပုံများကို တင်ပြလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

သရဏဂုံရေစင်

5

ရှေးက...
ရောဟနရွာ လဲမှို့ကုန်သည်မှာ ဒတ္ထမည်တဲ့ နွားလားကြီးတစ်ကောင်ရှိတယ်။ ဒီနွားကြီးဟာ အခြား နွားတစ်ကောင်နဲ့ တွဲပြီး လဲမှို့ လှည်းကြီးကို ရုန်းကာ သူ့သခင်ကို အလုပ်ကျွေးပြုခဲ့ရှာတယ်။ တစ်နေ့မှာ ထုံးစံအတိုင်း လဲမှို့အရောင်းထွက်ကြရာ ရွာအနီး ရွှံနွံဗွက်ကြီးအတွင်း ဒတ္ထကြီးခမျာ နစ်မြုပ်သွားတော့တယ်။ ချော့လိုက်ခြောက်လိုက်နဲ့ ရုန်းခိုင်းပေမဲ့ ဘယ်လိုမှ မရုန်းနိုင်ရှာပါဘူး။ ကုန်သည်ကြီးကတော့ အမျိုးမျိုး ဆဲရေးတိုင်းထွာ ရိုက်နှက် ၍ ဒတ္ထကြီးကို ရွှံနွံထဲပစ်ထားလျက်က အခြားသောနွားတစ်ကောင်ကို အစားထိုးလျက် ခရီးဆက်သွား လေတယ်။

ဒတ္ထကြီးခမျာ အမောဖောက်နေရာက မသေရုံ အားသွင်းလျက် အသက်ကိုမျှဉ်းမျှဉ်းရှုကာ ရွှံဗွက်ထဲ ၀ပ်နေရှာပါတယ်။ ဒါကိုသိတဲ့ အိုးကုန်သည်ကြီးက အိုးလုပ်ရာမှာ အောက်ခံဖျာအဖြစ် အသုံးပြုဖို့ ဒတ္ထကြီးရဲ့ သားရေတွေကို အရှင်လတ်လတ် ခွာလှီးယူသွားပါတော့တယ်။ ဒီသတင်းကြားတဲ့စောင်းသမားလေးက စောင်းကြိုး လုပ်ဖို့ဆိုပြီး သွေးသံရဲရဲနွားကြီးရဲ့ အသားထဲက အကြောအမျှင်လေးတွေကို ဓားနဲ့ခွဲပြီး ဆွဲထုတ်ယူသွားပြန်ပါတယ်။ မုဆိုးကြီးတစ်ဦးကလည်း သူ့ခွေးတွေ အားပြည့်စေဖို့ နွားကြီးရဲ့ ပေါင်သားတွေလှီးကာ ကျွေးမွေးပြန်သတဲ့။

နွားကြီးဒတ္ထ မသေမှကပင် လောကငရဲခံနေရရှာပါတယ်။ အဲဒီ အချိန်မှာ ကိဋိဂီရိတောင်ကနေ စူဠတိဿမထေရ် ဟာ မမြင်ရက်၊ ကရုဏာသက်လေသဖြင့် သပိတ်ဖြင့် ရေကိုယူကာ တိုက်ကျွေးရှာတယ်။ နွားကြီးအမောသက်သာလာချိန်မှာတော့....

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

ရွတ်ဖတ်ပေးပြန်ပါတယ်။ နွားကြီး ဟာ စူဠတိဿမထေရ် သရဏဂုံ ရွတ်ဖတ်နေသံကို နာခံလျက် စုတေသွားတော့ရာ တာဝတိံသာနတ်ပြည်မှာ နတ်သားဘ၀ ရောက်သွားပါတော့သတဲ့။

နတ်ဖြစ်သွားတာနဲ့ မိမိ ဘယ်ဘ၀ကလာခဲ့သလဲ၊ ဘာကြောင့် နတ်ဘ၀ရသလဲဆိုတာ စဉ်းစားကာ နတ်မျက်စိနဲ့ကြည့်လိုက်တော့...

လူပြည်မှာ သူ့အလောင်းကြီးကို ခွေးစား၊ ကျီးစားရှိနေဆဲကို မြင်ရတယ်။ရွှံနွံဗွက်ထဲ နစ်တာကအစ အိုးသည်၊ စောင်းသမား၊ မုဆိုးတို့ နှိပ်စက်ကြပုံအလယ်၊ စူဠတိဿမထေရ် ကယ်တင်ပုံအဆုံး အလုံးစုံပြန်မြင်လာတယ်။ ဒါနဲ့ ညရောက်တော့ နတ်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါ ကို ထွန်းတောက်စေလျက်က စူဠတိဿမထေရ်ကို သွားကန်တော့တယ်။ မထေရ်က သိပေမယ့် သင်ဘယ်သူလဲ အမေးရှိတယ်။

တပည့်တော် နွားဘ၀မှ ဖြစ်ရသော ဒတ္ထနတ်သားပါဘုရား....သင်ငါ့ထံ ဘာကိစ္စ ငါ့ထံလာသလဲ

နတ်သားက အရှင်ဘုရား သနားသဖြင့် ချီးမြှင့်သော သရဏဂုံ စိတ်တည်သဖြင့် တာဝတိံသာရောက်ခဲ့ပုံ၊ အကယ်၍သာ သရဏဂုံသာ မက သီလပါ ခံယူခွင့်ပါလျင် အထက် ယာမာ၊ တုသိတာ အထိ ရောက်နိုင်ပါ၏ ဘုရားလို့ လျှောက်ကြားကာ ပျောက်သွားပါတော့တယ်။

သရဏဂုံသုံးပါးရဲ့ ဂုဏ်ကျေးဇူးဟာ လူကိုမဆိုထားနှင့် နွားသော်မှ အကျိုးခံစားခွင့်ရပုံကို သီဟိုဠ်ခေတ် သာသနာဝင်ဇာတ်လမ်းတစ်ပုဒ်က သက်သေပြနေပါတယ်။ ဗုဒ္ဓဘာသာ ၀င်မှန်သမျှကတော့ သြကာသ ကန်တော့ချိုးဆိုရာတွင် သရဏဂုံဆောက်တည်ပြီး သီလ ခံယူလေ့ရှိကြပါတယ်။ သရဏဂုံ ဆောက်တည်တယ်ဆိုတာ တစ်နေ့ တစ်ရက်၊ တစ်ထိုင်တည်း ကိစ္စ မဟုတ်ပါဘူး။ တစ်ဘ၀လုံး တစ်သံသရာလုံး နိဗ္ဗာန် မရောက်မချင်း သရဏဂုံပွားနေရမှာပါ။ထို့ကြောင့်“ဘုရား, တရား, သံဃာ” ဟူသော သရဏဂုံသုံးပါးအား ဆည်းကပ်ြခင်းအား အစထား၍ တရားဓမ္မတို့ကို ကျင့်ကြံပွားများကာ နိဗ္ဗာန်အား မျက်မှောက်ပြုနိုင် အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်း ကုသိုလ်ယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


နတ်သဘင် အစည်းအဝေးသို့

5

နတ်သဘင် အစည်းအဝေးသို့ သွားနေသော ဘုမ္မစိုးနတ် မောင်နှမသုံးဦးအား ရှင်သံကိစ္စမထေရ်သည် သူ၏ တန်ခိုးတော်ဖြင့် လူထွက်ချင်သော ရဟန်းတော်လေးအား မြင်စေသည်။

ရှေ့ဆုံးမှ ဘုမ္မစိုးနတ်မင်းသည် ကိုယ်ရောင်ကိုယ်ဝါ ထည်ဝါစွာဖြင့် ဆင်ယာဉ် ကို စီး၍ ကြွပါတယ်။ ဒုတိယ ဘုမ္မစိုးနတ်မင်းလည်း တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် အဿတိုရ်မြင်း ကိုစီး၍ ကြွပါတယ်။ နောက်ဆုံးမှ နတ်သမီးသည် ရွှေထမ်းစင် ပေါ်တွင်စံမြန်းလျက် နတ်သဘင်အစီးအဝေးသို အသီးသီးကြွမြန်း ကြလေ တယ်။ထိုနတ်သုံးပါးကိုမြင်တွေ့ရသည်မှာ လွန်ကျက်သရေရှိပါတယ်။

ထို နတ်သုံးပါးနောက်တွင်တော့ ပြိတ္တာနှစ်ဦး သည် တစ်ဦးနှင့် တစ်ဦး တင်းပုတ်နှင့် ရိုက်နှက် နေကြသည်။ ထိုသို့ တင်းပုတ်နှင့် ရိုက်နှက်နေကြသဖြင့် ဖြစ်ပေါ်လာသော အဖုအပိန့်များကို ထိုးဖောက်၍ ယိုစီးကျလာသော သွေးများ၊ပြည်ဖုများ ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လုယက်စားသောက် ကြရသည်။ ပြီးလျှင် ရှေ့မှသွားနေသော နတ် ၃ပါးနောက်မှ အပြေးအလွှားလိုက်ကြသွားကြလေသည်။

ရဟန်းတော်ကလေးဟာ နတ်သုံးပါးနှင့် ပြိတ္တာနှစ်ဦးကို မြင်တွေ့သောအခါ လွန်စွာ အံ့သြ ထိတ်လန့်သွားပါတယ်။ အဲဒီအခါ ရှင်သံကိစ္စမထေရ်က ငါ့ရှင်.....မြင်သလား..။ မြင်ပါတယ်....ဘုရား။ ဒါဆို ဒီ ငါးဦး ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေကို သင်မေးမြန်းပါ လို့ပြောပါတယ်။

ရဟန်းတော်လေးလည်း အသင် ရုက္ခစိုး၊ ဘုမ္မစိုးနတ်မင်းတို့....သင်တို့ဟာ တင်တယ်လှပပြီး ဆင်မြင်း ရွှေဝေါတွေရဲ့ အပေါ်မှာ စီးခွင့်ရတယ်။ နောက်က ပြိတ္တာနှစ်ဦးကတော့ တစ်ဦးနဲ့ တစ်ဦး ရိုက်နှက်ပြီး ထွက်လာတဲ့သွေးပြည်တွေကို စားနေရတယ်။ အဲဒါ ဘယ်လို အကုသိုလ်ကြောင့်လဲ ပြောပြပါဦး လို့မေးပါတယ်။

နတ်သုံးပါးက...
အရှင်ဘုရား၊ ဘာကြောင့်ဆိုဆာ အနောက်မှာပါလာတဲ့ ပြိတ္တာနှစ်ဦး ကိုသာမေးပါတော့ဘုရား။ ဒီအခါ ရဟန်ငယ်လည်း ပြိတ္တာနှစ်ဦးထံချဉ်းကပ်ပြီး မေးမြန်းပါတယ်။

အသင်တို့ သင်တို့ဟာ ရုပ်ရည် ရှုပကာယလည်း ကြောက်စရာကောင်းလှပါတယ်။ သင်တို့ကိုကြည့်ရတာလည်း ဆာလောင်မွတ်သိပ်နေပုံရတယ်။ တင်းပုတ်နဲ့ ရိုက်နှက်ပြီး သွေးပြည်ပုပ်တွေကို စားကြရင်း အရှေ့ကသွားနေတဲ့ ဘုမ္မစိုးနတ် သုံးပါးနောက်က အပြေးအလွှားလိုက်နေရတယ်။ သင်တို့ရဲ့ အကုသိုလ်ဟာ ကြီးမားလိုက်တာ၊ ဘယ်လိုအကုသိုလ်တွေများလုပ်ခဲ့သလဲ...။ ရှေ့က နတ်သုံးပါးကတော့ သင်တို့နဲ့ဆန်ကျင်ဘက်ပါပဲ။ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ ဆင်ယာဉ်၊ မြင်းယာဉ်၊ ရွှေထမ်းစင်တို့နဲ့ သွားခွင့်ရကြတယ်။ အဘယ်သို့သော ကုသိုလ်တွေပြုခဲ့ပါသလဲ....။

ပြိတ္တာတစ်ဦးက
အရှင်ဘုရား တပည့်တော်တို့ဟာ အရှင်ဘုရားရဲ့ ဦးလေး နဲ့ အဒေါ် တော်စပ်ပါတယ်။ အရှေ့က သွားနေတဲ့ ဘုမ္မစိုးနတ်သုံးပါဟာ တပည့်တော်ရဲ့သားသမီးတွေပါ။ အကျွန်ပ်တို့ အိမ်ပြိုကျတဲ့အတွက် မိသားစုအားလုံး သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

အကျွန်ုပ်တို့ရဲ့သားကြီးဟာ မိတ်ဆွေဖြစ်သူ ဥပါသကာရဲ့ကျေးဇူးကြောင့် ဗုဒ္ဓဘုရားနဲ့သံဃာတော်များကို ဆွမ်းလောင်းလှူခဲ့တယ်၊ တရားတော်ကို မပြတ်နာကြားပြီး တရားရဲ့အဆုံးအမမှာပျော်မွေ့နေခဲ့တယ်။ သားငယ်သမီးငယ်တို့ဟာလည်း အစ်ကိုကြီးရဲ့ ကျေးဇူးနဲ့ အလှူဒါန ကောင်းမှုကုသိုလ်တွေပြုခဲ့တယ်။ ဒါကြောင့် ဘုမ္မစိုးနတ်ဘ၀ကို ရပြီးစည်းစိမ်ချမ်းသာ ကိုခံစားရတယ်။

အကျွန်ုပ်တို့ လင်မယားကတော့ မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိတဲ့အတွက် အလှူဒါနမရှိ၊ ကောင်းမှုကုသိုလ် မရှိတဲ့အတွက် ပြိတ္တာ ဘ၀သို့ ရောက်ခဲ့ရပါတယ်ဘုရား...။

ရဟန်းတော်လေးလည်း ပြိတ္တာတို့စကားကို ကြားရသောအခါ လွန်စွာ ထိတ်လန့် သံဝေဂရ သွားသည်။ ရေပွက်ပမာ ခဏတာ လူဘ၀လေးမှာ ငါဟာ လူထွက်ဖို့ကြိုးစားခဲ့တယ်။ ငါမှားခဲ့တယ်။ တရားကိုကြိုးစားအားထုတ် တော့မယ် ဟုဆုံးဖြတ်ကာ အရှင် သံကိစ္စမထေရ်ကို ရှိခိုးတောင်းပန်ပြီး မြတ်သော အကျင့်ကို ကျင့်ပါတော့မယ်ဘုရား ကမ္မဌာန်းတရားပေးသနားတော်မူပါဘုရား ဟု လျောက်ထားပါတယ်။ ရဟန်းတော်လေးဟာ တရားကို ကြိုးစားအားထုတ်ရာ ရဟန္တာအရှင်မြတ်ဘ၀သို့ရခဲ့ပါတယ်။

ထိုပုံဝတ္တုလေးကိုဖတ်ရခြင်းအားဖြင့်.... ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ဗုဒ္ဓအဆုံးအမတော်များကို လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။ ရခဲလှ သော လူ့ဘ၀တွင် ဒါန သီလ ဘာဝနာ တို့ကို ဖြည့်ကျင့် ဆည်းပူးပြီး သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ် ရပါမည်။ ဘုရားရှင်၏ သာသနာတော်နှင့်လည်း ကြုံတွေ့နေခိုက်...တရားတော်များကိုလည်း နာကြားကြရသည့် ရခဲလှသော ရေပွက်ပမာဘ၀ အခိုက်အတန့် လေး တွင် ဘုရားရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာသင့်သည်။

အနှစ်သုံးပါး
ပစ္စည်းဥစ္စာ၊ အနှစ်ရှာ၊ ပြုပါ ဒါန မှတ်
မိမိခန္ဓာ၊ အနှစ်ရှာ၊ စောင့်ပါ သီလ မှတ်
အသက်ဇီဝါ၊ အနှစ်ရှာ၊ ဘာဝနာ ဟုမှတ်
လှူပါ၊ စောင့်ပါ၊ ပွားများပါ သုံးဖြာ အနှစ်မှတ်
(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး)

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

မိတ်ဆွေစစ် ဥပါသကာ

2

တရားဟော ပုလ္လင်ပေါ်မှာ တရားဟောနေ သော အရှင်မြတ်သံကိစ္စသည် ကြည်ညိုဖွယ် ရုပ်ဆင်းသဏ္ဌာန်နှင့် ပြည့်စုံပြီး ဟောပြသော တရားများမှာလည်း စိတ်ဘ၀င်ကို နှစ်သက်သဘောကျ စေသည်။ ထိုတရားကို လာရောက်နာယူသူများထဲတွင် မိစ္ဆာဒိဋ္ဌိ အယူရှိသူနှင့် သူ၏ သူငယ်ချင်း ဥပါသကာတို့လည်းပါဝင်ပေJustify Fullသည်။ ဥပါသကာမှာ အရှင်မြတ်အား ထိခြင်းငါးဖြာဖြင့် ကန်တောပေမဲ့ အရှင်မြတ်၏ တရားများကို နှစ်သက်သော်လည်း မိစ္ဆာဒိဋ္ဌိအယူရှိသော သူမှာ လက်အုပ်ချီကန်တော့ရန် ၀န်လေးနေမိသည်။

အဆွေ -ကန်တော့လိုက်ပါ၊ ဒါဟာ သာသနာတော်မှာ တန်ခိုးကြီးတဲ့ အရှင်သံကိစ္စ မထေရ်ပဲ လို့ ဥပါသကာ သတိပေးသည်။ သိုသော်သူမကန်တော့ပါ။

ငါလိုမြင့်မြတ်တဲ့ ပုဏ္ဏား မျိုးနွယ်က ဂေါတမရဲ့ တပည့်ရဟန်း ကို မကန်တော့နိုင်ဘူး ဟု ပြန်ဖြေပါတယ်။ ဥပါသကာလည်း ထပ်မံမတိုက်တွန်းတော့ပါ။ တရားပွဲအပြီးမှာ သူတို့ပြန်ခဲ့ကြပါတယ်။ အပြန်လမ်းမှာတော့

အဆွေ- သင်ဟာ ဂေါတမ ဘုရားကို ကြည်ညိုသူမဟုတ်ပေမယ့် တရားတော်တွေကို အမြဲနာကြားနေသူဖြစ်တယ်။ သံဃာတော်တွေ ဟောကြားတဲ့ တရားတော်တွေကို သင် နှစ်သက်သလား လို့မေးပါတယ်ငါနှစ်သက်ပါတယ်။

ဒါဖြင့် နေ့စဉ် ရဟန်းတစ်ပါးအတွက် ဆွမ်းဝတ်ပြုပါလား လို့ တိုက်တွန်းပါတယ်။ သိုသော်

အဆွေ -ငါတို့ဟာ ပုဏ္ဏားမျိုးနွယ်တွေပါ၊ သာကီဝင်နွယ်ဖွား ဘုရားနဲ့ ရဟန်းတွေကို ဆွမ်းဝတ်ပြုတဲ့အလုပ် ဟာ ငါတို့ ပုဏ္ဏားတွေရဲ့အလုပ်မဟုတ်ဘူး

ဥပါသကာသည် မိတ်ဆွေ စစ်ပီသသူဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓဘုရားရှင်အား သက်ဝင်ယုံကြည်မှုမရှိသော ပုဏ္ဏားမျိုးနွယ်အား အလှူဒါန ပြုချင်အောင် ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။

အဆွေ- ရဟန်းတော်တွေကို အသင်လှူချင်တဲ့ ဆန္ဒမရှိရင် မလှူပါနဲ့၊ ဒါပေမယ့် အကျွန်ကိုတော့ ထမင်းလက်တစ်ဆုပ် ပေးပါလား၊ အသင်ပေးတဲ့ ထမင်းလက်တစ်ဆုပ်ကို အကျွန်က တစ်ဆင့် ရဟန်းတွေကို လှူပေးပါမယ်။ထိုအခါ ဥပါသကာ၏ စကားကိုတော့ သူလက်ခံလိုက်သည်။

ကောင်းပြီ ၊ ဂေါတမနဲ့ သူ့ရဲ့ရဟန်းတွေကို ငါ့လက်နဲ့ မလှူရရင် ကျေနပ်တယ်။ သင့်ကို ထမင်း လက်တစ်ဆုပ်ပေးမယ်။ အဲဒီ ထမင်းကိုသင် စားချင်စား၊ ရဟန်းတွေကို ပေးချင်ပေး ၊သင့်သဘော အတိုင်းပြုမူနိုင်ပါတယ်လို့ပြောပြီး ဥပါသကာလက်ထဲသို့ ထမင်း တစ်ဆုပ် ပေးခဲ့ပါတယ်။ ဥပါသကာမှ ထိုထမင်းအား သံဃာတော်တစ်ပါးကို ပေးလှူခဲ့သည်။

ထို့နောက် အရင်ကတည်းက တရားတော်များကိုကြည်ညိုစိတ် နှင့်အတူ ဆွမ်းဘုဉ်း ပေးနေသော ရဟန်းတော် ၏ ဣနြေ္ဒကိုကြည်ညိုလာကာ မိစ္ဆာဒိဋ္ဌိအယူကိုစွန့်ပြီး ဗုဒ္ဓဘာသာ အဖြစ်သို့ ကူးပြောင်းခဲ့လေသည်။ ရဟန်းတော်များကို ကန်တော့ခြင်းနှင့်အတူ ဆွမ်းဝတ် မပြတ်ပြုခဲ့ပါတယ်။ သူ ဗုဒ္ဓဘာသာဖြစ်ခဲ့ခြင်းကြောင့် ညီ နှင့်ညီမ ဖြစ်သူတို့သည်လည်း မြတ်စွာဘုရားသာသနာ ကိုသက်ဝင် ယုံကြည့်သော ဗုဒ္ဓဘာသာဝင် ဖြစ်လာပါတော့တယ်။ မိဘနှစ်ပါးကတော့ မိစ္ဆာဒိဋ္ဌိ အယူမှ မပြောင်းလဲခဲ့ပေ။

ထိုဇာတ်လမ်းလေး ကိုကြည့်ခြင်းအား ဖြင့် ဥပါသကာ လို မိတ်ဆွေ စစ် အမှန်တစ်ကယ်လိုအပ်ပါတယ်။ မိစ္ဆာဒိဋ္ဌိ အယူရှိသူ ၏ လှူဒါန်းခဲ့သော...ဒါန အကျိုးကိုတော့ နောက်ပိုစ့်တစ်ခုမှာ ဆက်ပြောပြပါမယ်။ အခုတော့ မိတ်ဆွေ စစ်အကြောင်းကို မှတ်သားရသလောက် ပြောပြရရင်-

မိတ်ဆွေစစ်(၄)ယောက်
(က) ကျေးဇူးပြုသော မိတ်ဆွေစစ်
၁။ မေ့လျှော့သူကို စောင့်ရှောက်တတ်ခြင်း၊
၂။ မေ့လျှော့သူ၏ စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်ခြင်း၊
၃။ ကြောက်ရွံ့နေသူ၏ အားကိုးအားထားရာဖြစ်ခြင်း၊
၎။ ပြုဖွယ်ကိစ္စရှိလာလျှင် လိုအပ်သည်ထက်နှစ်ဆကူညီခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ကျေးဇူးပြုသောမိတ်ဆွေစစ် ဟုခေါ်သည်။

(ခ) ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ်
၁။ သူ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို မိမိအားသာ ပြောခြင်း၊
၂။ မိမိ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို သူတစ်ပါးအား မပြောကြားဘဲနှုတ်လုံခြင်း၊
၃။ အခက်အခဲ ဘေးအန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိကိုစွန့်ပစ်မသွားခြင်း၊
၎။ မိမိအကျိုးအတွက် အသက်ကိုပင် စွန့်နိုင်သူဖြစ်ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ဆင်းရဲအတူချမ်းသာအမျှ မိတ်ဆွေစစ်ဟုခေါ်သည်။

(ဂ) အကျိုးစီးပွား ပြောကြားသော မိတ်ဆွေစစ်
၁။ မကောင်းမှု မပြုရန် တားမြစ်သူ၊
၂။ကောင်းမှုပြုရန် မတားမြစ်သူ၊
၃။ မကြားဘူးသေးသော သိမ်မွေ့နက်နဲသည့် အကြောင်းအရာကို ပြောကြားသူ၊
၎။ နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်းလမ်းမှန် ညွှန်ပြပြောဆိုသူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အကျိုးစီးပွား ပြောကြားသော မိတ်ဆွေစစ် ဟုခေါ်သည်။

(ဃ) စောင့်ရှောက်သောမိတ်ဆွေစစ်
၁။ မိမိ၏ ဆုတ်ယုတ်ပျက်စီးမှုကို မနှစ်သက်သူ၊
၂။ မိမိ၏ တိုးတက်ကြီးပွားမှုကိုသာ နှစ်သက်သူ၊
၃။ မိမိအကြောင်း မကောင်းပြောသူကို တားမြစ်သူ၊
၎။ မိမိ၏ ဂုဏ်ကျေးဇူးပြောဆိုသူကို ချီးမွမ်းသူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို စောင့်ရှောက်သောမိတ်ဆွေစစ် ဟုခေါ်ပါတယ်။

မိတ်ဆွေစစ်တို့ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ မိတ်ဆွေများ ရရှိနိုင်ကြပါစေ။

်ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers