ဗြဟ္မစိုရ်တရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာ ဆိုတဲ့ ဒီတရားလေးပါးပါဘဲ။ မြတ်သော အကျင့် မြတ်သောနေထိုင်ရေးတရားလို့ ဆိုလိုပါတယ်။
ဒီ၎ပါးထဲက မုဒိတာ ဆိုတာ ကိုယ့်အထက်ကလူတွေ ကိုယ်ထက်ပြည့်စုံတဲ့ ချမ်းသာတဲ့လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေ ၀မ်းမြောက်ဝမ်းသာနဲ့ နှလုံးသွင်းနိုင်တဲ့ သဘောကို ဆိုလိုတာပါ။ ဒါပေမဲ့ ကိုယ်ထက်သာ မနာလို ဆိုတဲ့ စကားပုံအတိုင်း အများအားဖြင့် သတ္တ၀ါတွေ မှာကိုယ့်ထက် သာတာကိုမြင်ရ ကြားရ သိရယင် မျက်မုန်း ကျိုးမှု မနာလိုမှုတွေ ဖြစ်တတ်ပါတယ်။ အဲဒီ မနာလိုမှုဟာ မုဒိတာရဲ့ ဆန့်ကျင်ဘက် ရန်သူပါဘဲ။ အကုသိုလ်ပွားတဲ့သဘောပါ။ သူက မျက်မှောက်ဘ၀မှာလဲ မကောင်းကျိုးတွေ ကိုပေးတတ်တယ်။ နောင်တမလွန်မှာလဲ အပါယ်ဆင်းရဲ သံသရာဆင်းရဲတွေ ပေးတယ်ဆိုတာ ဒီ ဥပမာလေးများက သက်သေပြနေပါတယ်။
ဘုရားလက်ထက်တော် ကာလက ကောသမ္ဗီပြည်မှာ ဃောသက ဆိုတဲ့ ကျောင်းဒကာ သူဋ္ဌေးတစ်ဦး ရှိခဲ့တယ်။ ငယ်စဉ်တုန်းက သူကိုမွေးတဲ့ သူဋ္ဌေးကြီးက သားရင်းကလေးရလာတဲ့အခါ ဃောသကသူငယ်ကို မလိုလားတာနဲ့ ၆ကြိမ်တိုင်တိုင် သေရာသေကြောင်းကြံစည်ပြုလုပ်တယ်။ ဒါပေမဲ့ သေကံမရောက် သက်မပျောက်ဆိုတာ လိုပဲ သူ့မှာ သေဖို့ရာ ကံက မပါတဲ့အတွက် သေဘေးမှ လွတ်ခဲ့တယ်။ အဲဒီ ၆ကြိမ် ထဲမှာ တစ်ကြိမ်ကတော့ အိုးဖုတ်တဲ့ ဖိုကြီးထဲမှာထည့်ပြီး မီးဖုတ်လိုက်ဖို့ အိုးထိန်းသည်ထံ ဃောသကသူငယ်ကို စေလွတ်လိုက်တယ်။ လမ်းခုလပ်မှာ သူဋ္ဌေကြီးရဲ့သားအရင်းက ခုံညင်းထိုးကစားပေးဖို့ တောင်းပန်တယ်။ ဖခင်က အိုးထိန်းသည်ထံ စေလွှတ်လိုက်တဲ့အကြောင်းပြောတော့ အဲဒီ သူဋ္ဌေးသား အရင်းက ခုံညင်းသာ နိုင်အောင် ထိုးရစ်ပါ။ သူသွားပေးပါမယ်ဆိုပြီး အိုးထိန်းသည်ထံသွားတယ်။ အိုးထိန်းသည်ကလဲ အဲဒီ သူငယ်ဟာ ဃောသက ဘဲထင်ပြီး သူဋ္ဌေးကြီး ရဲ့အမိန့်အတိုင်း အိုးဖိုထဲထည့်ပြီး မီးဖုတ်လိုက်တယ်။ အဲဒီအကြောင်းကို သူဋ္ဌေးကြီး သိရတဲ့အခါ အလွန်အကဲ စိတ်ဆင်းရဲ ဒုက္ခရောက်ရရှာတယ်။ စိတ်နှလုံး ပူပန်ပြီး ရောဂါဝေဒနာ အကြီးအကျယ်စွဲကပ်ခံရတယ်။ အဲဒီ ရောဂါနဲ့ဘဲ နောက်ဆုံးမှာ သေသွားရရှာတယ်။ ဒါလဲ မနာလိုမှုရဲ့ ကောင်းကျိုးဘဲ။
ဒါကြောင့် သူများ မနာလို ကိုယ်အကျိုးမရှိ လို့ ပြောစမှတ်ပြုကြတယ်။
တစ်ခါက ဘုန်းကြီးကျောင်း တစ်ခုမှာ ဖိုးသူတော် တစ်ယောက်ရှိသတဲ့။ အဲဒီ ဖိုးသူတော်က သူများ မနာလို ကိုယ်အကျိုးမရှိ ဆိုတဲ့ ဒီစကားပုံကလေးကို မကြာခဏ ရွတ်ဆိုပြီး တရားနှလုံးသွင်းနေသတဲ့ အဲဒီ ကျောင်းမှာ ကိုးကွယ်ပြီး သွားလာဝင်ထွက်နေတဲ့ ဒကာမကြီး တစ်ယောက် ဖိုးသူတော်ရွတ်ဆိုနေတဲ့ စကားကို ခဏ ခဏကြားရတော့ သူ့စောင်းပြီးရွတ်ဆို နေတယ်လို့ ထင်ပြီး ဖိုးသူတော်အပေါ် ရန်ငြိုးဖွဲ့သွားပါတယ်။ ဒါနဲ့ ဒီ ဒကာမကြီးက မုန့်ထဲမှာ အဆိပ်ထည့်ပြီး ဖိုးသူတော်ကို လှုသတဲ့ ဖိုးသူတော်က လဲ မရစဖူး အထူးရတဲ့ မုန့်ဘဲလို့ အလေးအမြတ်ပြုပြီး ဘုရားမှာ ဆွမ်းတော်ကပ်လိုက်သတဲ့၊ မုန့်လှုတဲ့ ဒကာမကြီးရဲ့ သားကလဲ အဲဒီကျောင်းမှာ ကျောင်းသားအဖြစ်နဲ့ နေတဲ့အတွက် အဲဒီ ကျောင်းသားက ဆွမ်းတော်ကပ်ထားတဲ့ အဲဒီမုန့်ကို ကောက်ပြီး စားမိလို့ အဆိပ်သင့်ပြီး သေရှာသတဲ့။ ဒီတော့ မုန့်လှူတဲ့ ဒကာမကြီးက ဖိုးသူတော်မသေဘဲ သူ့သား သေနေတာကိုတွေ့ရတဲ့ အတွက် (သူများ မနာလို ကိုယ်အကျိုးမရှိ) ဆိုတဲ့ ဖိုးသူတော် ကမ္မဋ္ဌာန်း ကိုသဘောပေါက်ပြီး ဦးသူတော် ကမ္မဋ္ဌာန်း ငါ့ကိုရမ်း ဖြန်းဖြန်းကွဲလေပြီ လို့ မြည်တမ်းကိုကြွေးရှာသတဲ့။
ယခုပြောခဲ့တာတွေဟာ မုဒိတာကိုပွားစေမည့် ပုဂ္ဂိုလ်မှာ မုဒိတာရဲ့ဆန့်ကျင်ဘက်ရန်သူဖြစ်တဲ့ ဣဿာဆိုတဲ့ မနာလိုမှုကို အပြစ်မြင်ပြီး မုဒိတာကို ပွားစေနိုင်ဖို့ သာဓကတွေဖြစ်ပါတယ်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
မေတ္တာ ၊ဂရုဏာ ၊ ဥပက္ခာ ..ထားတတ်ကြပါတယ် ..
ကိုယ့်ထက်သာတဲ့သူတွေကို မုဒိတာထားဖို့ ကြတော့
သိပ်မထားတတ်ကြ၊ မထားချင်ကြဘူးနော် ..
ဟုတ်တယ်နော် အားလုံး မုဒိတာ ထားနိုင် ရင် တော့ အကောင်းဆုံးပါ...