ဗုဒ္ဓဘုရားရှင်ဆီမှာ ဆေးရှိတယ်…တဲ့။

5

ဘုရားရှင် လက်ထက်တော်က-
ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် ဆင်းရဲသူမလေးတစ်ယောက်ရှိခဲ့ပါတယ်။ သူ့ဘ၀အကြောင်းကံ ဖန်လာပုံဆန်းကြယ်လေတော့ ကုဋေကြွယ်သူဌေးမဘ၀ ရောက်ခဲ့ပုံက ဒီလိုပါ။

သူတို့မြို့မှာ ကုဋေလေးဆယ်ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူဌေးကြီးရဲ့ နောက်ခံအကြောင်း အတိတ်ကုသိုလ် မစင်ကြယ်လို့ပဲထင်ပါရဲ့။ သူ့မှာရှိသမျှ ရွှေ၊ ငွေတွေအားလုံးဟာ မီးသွေးခဲတွေ ဖြစ်ကုန်ပါရော တဲ့။ ရှိရှိသမျှတွေ မီးသွေးခဲဖြစ်ကုန်တယ်ဆိုတော့ ခမျာ ဘယ်လောက်သောက ရောက်ရှာမလဲ။ ဒါကို မမြင်ရက်တဲ့ မိတ်ဆွေတစ်ယောက် က ဒီလိုအကြံပေးတယ်။

ခင်ဗျား မီးသွေးခဲတွေ ဈေးထဲသွားပုံထား၊ မီးသွေးခဲတွေကို…. ဟာ….ရွှေတွေ၊ ငွေတွေ ဟေ့လို့ ပြောရင် ခင်ဗျားနဲ့ ကံစပ်တယ်။ သူက အမှန်မြင်လို့ အမှန်ဘ၀ ပြန်ရောက်အောင် လုပ်ပေးမယ့်သူပဲ။ အဲဒီလူဟာ ယောက်ျားများဖြစ်ခဲ့ရင် ရွှေငွေတွေ တစ်ဝက်ပေးပြီး ကျေးဇူးဆပ်လိုက်ပါ။ မိန်းမဖြစ်ခဲ့ရင်တော့ သားနဲ့ပေးစား၊ ချွေးမအဖြစ် မြှောက်စားလိုက်ပါ...။

ဈေးအတွင်းသွားလာသူတွေရှုပ်ရှက်ခတ်နေချိန်မှာပဲ။ သူ့မီးသွေးပုံကြီးကို ဘယ်သူမှ ရွှေ၊ ငွေလို့ မပြောဘူး။ အဲဒီမှာ ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် သူဆင်းရဲမလေး ကတော့….ဟယ်…ရွှေပုံကြီးတော့၊ ငွေပုံကြီးတော့် တဲ့၊ တအံတသြ အာမေဋိတ်ပြုရှာတယ်။ သူဌေးကြီးလည်း အလွန်အမင်းအံ့သြခြင်းဖြစ်ကာ ဟဲ့ ဘယ်မလဲ…ရွှေတွေ ငွေတွေ လို့မေးတာပေါ့။ ဒီမှာလေ ဒီမှာ… ကိသာဂေါတမီရဲ့ လက်ထဲမှာ မီးသွေးခဲတွေဟာ ပကတိ ရွှေတွေငွေတွေပြန်ဖြစ်လာတာကို သူဌေးကြီးမြင်တွေ့ရတယ်။ ဒါနဲ့ သူဌေးကြီးလည်း ကိသာဂေါတမီကို အိမ်ခေါ်သွားပြီး သားနဲ့ပေးစား ချွေးမ အဖြစ်မြှောက်စားတော့တယ်။

လူဆိုတာ ပြည့်စုံလာတဲ့အခါ တောင့်တမှုတွေ ပိုများလာတတ်ပါတယ်။ ကိသာဂေါတမီ လည်း ကုဋေကြွယ်သူဌေးမ ဖြစ်လာခါမှ သားဆုကို တောင့်တတယ်။ တောင့်တတဲ့အတိုင်းလည်း သားကလေးရပါတယ်။ သားကလေးကြီးရင် ဘယ်လို… ဘယ်နှယ့် …တောင့်တမျှော်လင့်စိတ်တွေ မဆုံးခင်မှာပဲ သားကလေး ဆုံးသွားရှာတယ်။ မပီကလာ တီတီတာတာ ချစ်စရာကောင်းတဲ့ အချိန်မှာ သားကလေးဆုံးရလေခြင်းနော်။ ကိသာဂေါတမီကတော့ သားကလေး သေတယ် ဆိုတာကို ယုံကို မယုံဘူး။ သူ့သားကို သင်္ချိုင်း အပို့အခံပါဘူး။ သားကလေး အိပ်ပျော်နေတာပါ ၊ သေတယ် ဆိုရင်တောင် ပြန်ရှင်အောင် အသက်သွင်းပေးကြပါလို့ ဆေးဆရာကြီး တွေကို ပူဆာပါတယ်။ သားဆုံးပေမယ့် အမေ့သောက မဆုံးသေးပါဘူး သားကဖြင့် ပုပ်ပွလာပြီ မြင်လို့ တောင် မကောင်းတောပါ့ဘူး၊ ဒီမှာ ဆေးဆရာကြီး တစ်ဦးက အကြံပေးပါတယ်။

ဗုဒ္ဓဘုရားရှင်ဆီမှာ ဆေးရှိတယ်…တဲ့။

ကိသာဂေါတမီလည်း လူးလဲငိုယိုပြီး ဘုရားရှင်ဆီ ဆေးသွားတောင်းတာပေါ့။ ဘုရားရှင်က လူမသေဖူးတဲ့အိမ်က မုန့်ညင်းစေ့ရှာခဲ့၊ ဆေးဖော်ပေးမယ်တဲ့။ ဒါနဲ့ ကိသာဂေါတမီလည်း တငိုငိုတယိုယိုနဲ့ လူမသေဖူးတဲ့ အိမ်က မုန့်ညင်းစေ့ရှာသတဲ့။ မြို့လုံးသာ နှံ့တယ် မသေဖူးတဲ့အိမ် မတွေ့ပါ။ ဒီမှာ ကိသာဂေါတမီ သတိဝင်လာပါပြီ။ သြော်ငါ့သားလေး မှ ရွေးပြီးသေရတာ မဟုတ်ပါလား။ လူဆိုတာ သေမျိုးချည်းပါလား တဲ့။ ဒါနဲ့ ပုပ်ပွနေတဲ့ သားကလေးကိုလည်း သင်္ချိုင်းပို့ခဲ့ပြီး ဘုရားရှင်ထံမှောက် ပြန်ရောက်လာပါတယ်။ ဤတွင်ဘုရားရှင်က....

ကြီးစွာသောရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို တိုက်ယူ၍သွားသကဲ့သို့ ထိုအတူ သေမင်းသည် လွန်စွာမေ့လျော့၍ ကပ်ငြိစိတ်ရှိသော သတ္တ၀ါတို့ကို ခေါ်ဆောင်၍သွားလေ၏ ဟူသော ဒေသနာတော်ကို ဟောကြားတော်မူလေသည်။

ထိုဒေသနာအဆုံးတွင် ကိသာဂေါတမီ သောတပန် ဖြစ်လေသည်။ ဒါကြောင့် မြတ်စွာဘုရားက စိုးရိမ်ပူဆွေးရသော သောက၊ ငိုကြွေးရသော ပရိဒေ၀တို့ မှ ကျော်လွန်ရန်အလိုငှာ သတိဖြင့် ရှုမှတ်ရ သောလမ်းသည် တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းတည်းလို့ ဟောကြားခဲ့ပါတယ်။

သောကဆိုတဲ့ စိုးရိမ်ပူဆွေးရခြင်း၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးရခြင်း တို့မှာ ဒီခန္ဓာရနေသ၍ကာလ ပတ်လုံး ဘယ်သူမှ မကင်းနိုင်ကြပါ။ အဲဒီလို မကင်းနိုင်ကြ သော်လည်း သောကပရိဒေ၀တွေကို ကျော်လွန်နိုင်တဲ့ နည်းကောင်းလမ်းမှန် ကိုရှာကြရမှာဖြစ်ပါတယ်။အတ္တနယ်ပယ်မှာ ကျင်လည်နေသရွေ့တော့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေ ကပ်ပြီးနှိပ်စက်တာခံနေရမှာပဲ။ ဒီဒုက္ခတွေက လွတ်မြောက်ရာကို သွားချင်ကြတယ်ဆိုရင်တော့ အပ္ပမာဒ လက်နက် အသင့် ရှိကြရမှာဖြစ်ပါတယ်။ သတိ၊ အသိ၊ ၀ီရိယ ဆိုတာကတော့ ဒီလက်နက်ကို ထက်သထက် ထက်အောင် သွေးပေးနေတာတွေပါပဲ…


အရှုးပမာ
ဝိပဿနာ ကင်းက မိုက်မောဟ
အရှုးထ၍နေလေသည်။
ခန္ဓာအနိစ္စ ယူနိစ္စ အရှုးထ၍နေလေသည်။
ခန္ဓာဒုက္ခ ယူသုခ အရှုးထ၍နေလေသည်။
ခန္ဓာအနတ္တ ယူအတ္တ အရှုးထ၍နေလေသည်။
ခန္ဓာအသုဘ ယူသုဘ အရှုးထ၍နေလေသည်။
မှတ်မှား သိမှား အယူမှား
အမှား သုံးမှား ရှိလေသည်။
ဝိပဿနာရှုက တစ်ခဏ
အရှုးထ ပျောက်ကင်းရလေသည်။
ဝိပဿနာ မပါ မဂ် မလာ
အရှုးသာ ထ၍နေလေသည်။
ဝိပဿနာပါမှ မဂ်လာရ
အရှုးထ ပျောက်ကင်းရလေသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

5 - Comment:

  • October 23, 2009 at 7:59 AM

    ဖတ်ဖူးပေမယ့်.. စိတ်ဝင်တစားပဲ ဆုံးအောင် ပြန်ဖတ်သွားမိတယ်.. ဒီလို ဘာသာရေးအကြောင်းတွေကို ရေးတာ ကျေးဇူးတင်ပါတယ်ဗျာ..

  • October 23, 2009 at 10:08 AM

    ဒီပို့စ်လေး အတွက်လဲ ကျေးဇူးတင်တယ်နော်....

  • October 23, 2009 at 11:17 PM
    Anonymous :

    တရားတော်အတွက် ကျးဇူးတင်ပါတယ်

    ဘဝသံသရာမှာ ဒီလိုအဖြစ်ဆိုးတွေ
    ဘယ်လောက်များ ကြုံခဲ့ဆုံခဲ့ရပြီ မသိဘူး
    နောက်ဆုံးဘဝ တရားထူးရမဲ့သူတောင်
    ဒီလောက်အဖြစ်ဆိုးတာ

    လိမ်လိမ်မာမာနေပါတော့မယ်လေ၊ ဒီ

  • October 24, 2009 at 6:01 AM

    တရားတော်ကို လာဖတ်ပါတယ် သံဝေဂရစေတဲ့ဗုဒ္ဓတရားတော်များထဲမှာ ဒီသာဓက လေးက အရမ်းကို ထိရောက်တဲ့အတွက်.. အမြဲမှတ်မိနေပါတယ်....

  • October 26, 2009 at 10:30 PM

    ဒါလေးကို ကြားဖူးတယ် မမ ...ဒါပေမယ့် ဘယ်တရားဟောလိုက်တယ် ဆိုတာ မသိဘူး.... ခုမှ သိသွားတယ်... ကျေးဇူးနော်....
    နောက်လည်း အချိန်ရတိုင်း လာမယ်နော်.... :)

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers