သနားစရာ အကောင်းဆုံးလူ

2


သနားစရာ အကောင်းဆုံးလူ
လူအများစုသည် ဒေ၀ဒတ်ကို အဆိုးဆုံး လူတစ်ယောက်၊ မုန်းစရာ အကောင်းဆုံး လူတစ်ယောက် ဟု ဧကန်သတ်မှတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် မေတ္တာ၊ ကရုဏာရှင် မြတ်စွာဘုရားနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည့် အရှင် သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ဆန့်ကျင်သူတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားရှင်ကမူ ဒေ၀ဒတ်ကို အလွန်သနားပေလိမ့်မည်။ သနားစရာ အကောင်းဆုံး လူတစ်ယောက်ဟု ရှုမြင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူ၊နတ်၊ ဗြဟ္မာ ၊သတ္တ၀ါတို့ မြတ်စွာဘုရားကို ကိုးကွယ်ရာ၊ အားကိုးရာ အဖြစ်ကြည်ညိုလေးစားချင်ကြရန်အတွက် လူမိုက် အလုပ်တွေကို လွန်ကျူးလုပ်ပြကာ အ၀ီစိသို့သွားရောက် ဒုက္ခခံ နေရသော ကြောင့် ဖြစ်သည်။

 လူ၏ မူလ သဘာဝစိတ်ဓာတ်ဟာ အမှောင်ထုကိုလွှမ်းမိုးနေပြီး ငါးပါးအာရုံ ကာမဂုဏ်တရားတို့နှင့် မွေ့ရော်ပျော်ပါး နေသောစိတ်ဓာတ်ဖြစ်သည်။  ထို့ကြောင့် အမှောင်ထုကို ဖယ်ရှားပြီး မိမိစိတ်ကို အမှောင်ထုမှ ဖယ်ရှားနိုင်ရန် အောက်ပါ အသိဥာဏ်သုံးမျိုး ရှိရမည်ဖြစ်ပါသည်။

၁။ လောကထဲ၌ နေထိုင်စဉ် လူမှာ အမှားအမှန်၊ အဆိုအကောင်း၊ ဆင်းရဲချမ်းသာကို ခွဲခြားသိမြင်တတ်သော အသိဥာဏ်ရှိဖို့လို၏။
၂။ အဆိုးအကောင်း  လောကဓံတရားများနှင့် တွေ့ကြုံရသောအခါ စိတ်သောကမဖြစ်ရအောင် ဆင်ခြင်ပွားများ တတ်သော အသိဥာဏ်ရှိဖို့လို၏
၃။ ကာမဂုဏ်ကိုစက်ဆုပ်၍ လောကမှ လွတ်မြောက်လိုသောအခါ မှန်ကန်သော ကျင့်စဉ်တရားကို စိစစ်ရှာဖွေ တတ်သော အသိဥာဏ်ရှိဖို့လို၏။

ထိုအသိဥာဏ်သုံးမျိုးကို လောကသားထဲ မှ ဘယ်ပုဂ္ဂိုလ်က ပေးစွမ်းနိုင်မည်ထင်ပါသနည်း။  မသိမှု အ၀ိဇ္ဖာ၊ သဘာဝ ရုပ်နာမ်တရားတို့အပေါ် အမြင်မှားအသိမှားမှု ဒိဌိ၊ အာရုံငါးပါး ကာမဂုဏ်တရားကို လိုလားမှု ကာမတဏှာ၊  ဒီ တရားသုံးမျိုးသာ လူသားတွေ စိတ်ထဲမှာ အမြဲလွမ်းမိုးနေခြင်းကြောင့် ယင်းတရားသုံးမျိုးကိုဖယ်ရှားနိုင်ဖို့ရာ အထက်ပါ အသိဥာဏ်သုံးမျိုးကို ဗုဒ္ဒမြတ်စွာမှ တစ်ပါး အခြားမည်သူမှ မပေးစွမ်းနိုင်ပေ။ ဗုဒ္ဓတရားတော်များကသာ လျှင် ယင်းအသိဥာဏ်များကို ရနိုင်မည်ဖြစ်ပါတယ်။ ထို့ ကြောင့် အဆိုပါ အသိဥာဏ် သုံးမျိုးရနိုင်ရေးအတွက် လူသားတိုင်း ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာသင့်ပေသည်။

တောတောင်ကိုဖြတ်လျက် ကားလမ်းဖောက်သောအခါ မူလရှိနေတဲ့ ကျောက်တုံးကျောက်ဆောင်များ တောချုံသစ်ပင်များကို ရှေးဦးစွာ သုတ်သင်ရှင်းလင်းရ၏။ ထို့သို့သုတ်သင်ရှင်းလင်းပြီးမှ လမ်းချောဖြစ်အောင် မြေချောမြေဖို့ စသည်တို့ကိုပြုလုပ်ရ၏။ ထိုသို့လမ်းချောဖြစ်မှသာ ယင်းလမ်းပေါ်၌ကားများပြေးဆွဲကြရသည်။ ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာပြိးနောက် ယင်းတရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းသည် ကားလမ်းချော၌ ကားများပြေးဆွဲကြသည်နှင့်တူ၏။

ဒီပိုစ့်လေးဖြစ်ပေါ်လာပုံကတော့ 
 
စာရေးသူ ရဲ့ စာမရိုက်ခြင်ခြင်း၊ အာရုံစိုက်ရ့ခြင်း၊တွေးတောရခြင်းတို့ကို ပြုလုပ်ရမှာ အတော်လေးကို စိတ်ပျက်မိနေချိန်မှာ ကလျာဏမိတ္တမိတ်ဆွေကောင်း  တို့၏ တရားဓမ္မများကို တတ်နိုင်သလောက် တတ်သိသလောက်လေး ဖြန့်ဝေပေးစေချင်သော  စေတနာ  တိုက်တွန်း နှိုးဆော်ချက် တို့ကြောင့်ဖြစ်ပေါ်လာရခြင်းပါ။ လောကသားများသည် ကာမဂုဏ်ကို ချမ်းသာထင်လျက် အာရုံထဲမှာ နစ်မြုပ်ကာ တစ်ဘ၀ပြိး တစ်ဘ၀ သံသရာရေစီးကြောင်းမှာ မျောပါစီးနေကြသည်။ဒီအထဲမှာလည်း စာရေးသူလည်း သံသရာခရီးသွားဖြစ်တဲ့အတွက်ကြောင့် ငါးပါးအာရုံ တွေနဲ့ မျောနေခြင်းဖြစ်သည်။  

လူ့ဘ၀သည်ကောင်းမှုများကုသိုလ်ပြုလုပ်၍ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သလို မကောင်းမှုအကုသိုလ်လုပ်၍အောက်ဆုံးအထိရောက်အောင် ပြုလုပ်နိုင်သော ဘုံဘ၀ဖြစ်ပေသည်။သို့ဖြစ်၍ ရခဲလှစွာသော လူ့ဘ၀လေးမှာ သာသနာနဲ့တွေ့ကြုံနေခိုက် ပြုလုပ်သင့်သည်ကောင်းမှုများကို နေ့စဉ်ပြုလုပ်ကာ တန်ဖိုးရှိသောလူ့တစ်ယောက်အဖြစ်တန်ဖိုးရှိသောလူ့ဘ၀ကို အသုံးချနိုင်အောင် ကြိုးစားကြပါစို့လို့တိုက်တွန်းရေးသားလိုက်ရပါသည်။

ညခင်း
တရားအစစ်အမှန်ချစ် နှစ်ခြိုက် ကျင့်သုံးနိုင်ကြပါစေ။ (၂၄.၂.၂၀၁၂)

2 - Comment:

  • February 28, 2012 at 8:14 AM
    Anonymous :

    ဒေ၀ဒတ်ဟာသနားစရာကောင်းသူမဟုတ်ပါ။

    အဘယ်ကြောင့်ဆိုသော် ရဟန်းတပါးဖြစ်ပြီး
    သာမာန်လူသားတယောက်လောက်တောင်
    စိတ်နှစ်လုံးသားပြည့်ဝသူမဟုတ်ပါ။ ထို့ အပြင်
    ဘုရားရှင်ကိုလူအများကြည့်ညိုစေရန် လူမိုက်
    လုပ်ပြခဲ့ခြင်းမဟုတ်ပါ။
    သူလိုချင်တာမရ၍ ဘုရားရှင်ကို လောက၌
    မရှိစေလိုသောစိတ်ယုတ်မာဖြင့် သေကြောင်း
    ကြံစည်ခဲ့သော သာသနာ့သမိုင်းကို အလွန်ပင်
    အရုပ်ဆိုးအကျဉ်းတန်စေခဲ့သော ပုဂ္ဂိုလ်ဖြစ်၏။
    လောက၌အမြင့်မြတ်ဆုံးသောမြတ်စွာဘုရားရှင်ကို
    လုပ်ကြံသောသူလောက် အယုတ်ညံ့ဆုံးသူ
    ရှိမည်မထင်ပါ။

  • March 4, 2012 at 12:18 AM

    ဟုတ်ကဲ့....

    ကျမဆိုလိုသည့်အကြောင်းက စာအားဖြင့် ရောထွေးသွားသလားတော့မသိဘူး....ဆိုလိုတာက တော့....(မြတ်စွာဘုရားရှင်ကမူ ဒေ၀ဒတ်ကို အလွန်သနားပေလိမ့်မည်။ သနားစရာ အကောင်းဆုံး လူတစ်ယောက်ဟု ရှုမြင်ပေလိမ့်မည်။)မြတ်စွာဘုရား ဂရုဏာရှင်ကြီးဖြစ်တဲ့အတွက် သနားစရာ အကောင်းဆုံးလူ အဖြစ် တွေးမြင်မှာကို ဆိုလိုတာပါ။ အခုလိုကော်မန့်ပေးတာကိုကျေးဇူးတင်ပါတယ်။ အမှားပါရင်ပြုပြင်လို့ရတာပေါ.

    ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers