ဂေါတမမြတ်စွာဘုရား မပွင့်မီ ပဏ္ဌတိုင်း၊ ဧရကစ္ဆမြို့ ၌ ဓနပါလမည်သော သူဌေးတစ်ဦးရှိခဲ့ပါတယ်။ ငွေအသပြာ လှည်းအစီး ၈၀ တိုက်မျှရှိ၍ ရွှေစင်ပုလဲကျောက်မျက်ရတနာများ မရေမတွက်နိုင်အောင် များပြားချမ်းသာပါတယ်။ သို့ရာတွင် သူဌေးကြီးသည် လွန်စွာမှ ကပ်စေးနဲတွန့်တိုတတ်ပါတယ်။ ဣဿာမစ္ဆရိယတရားကြောင့် ကိုယ်တိုင် မလှူဒါန်းသည့်အပြင် သူတစ်ပါး လှူဒါန်းထားသော ရေတွင်း၊ ရေကန်၊ ရေအိုးစင်နှင့် ခင်းထားသော လမ်းတံတားတို့ကိုပင် ကိုယ်တိုင်လည်းဖျက်ဆီး သူတစ်ပါးကိုလည်း ဖျက်ဆီးခိုင်းခဲ့ပါတယ်။
ထိုသူဌေးကြီး သေလွန်ပြီးတဲ့နောက် ပြိတ္တာဘ၀ ရောက်ရှိသွားရာ ၅၅နှစ်တာကြာသည်အထိ လုံးဝရေမသောက်ရ၊ အစာမစားခဲ့ရပါ။
သာဝတ္ထိပြည်သား ကုန်သည် ၅၀၀ တို့သည် ခရီးသွားရင်း မြစ်ချောင်း တစ်ခုဘေး၌ စခန်းချနေစဉ် ဓနပါလသူဌေးတစ်ဖြစ်လဲ ပြိတ္တာကြီး၏ ရေငတ်၊ အစာငတ်သဖြင့် ညည်းညူသံကို ကြားကြရသည်။ ကုန်သည်များမှ ပြိတ္တာကြီးကို သွားရောက်မေးမြန်းသည့်အခါ အစာမစား၊ ရေမသောက်ရပါသဖြင့် ဒုက္ခခံစားနေရကြောင်းနှင့် သူဌေးဘ၀က ပိတ်ပင်တားဆီးခဲ့သည်များကို ပြောပြပြီး သူကဲ့သို့မဖြစ်စေရန် တရားချခဲ့ပါတယ်။
လှည်းသား၅၀၀ တို့လည်း တစ်နေကုန်ရေခပ်၍ ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ ရေများလောင်းထည့်ကြပါတယ်။ သို့သော် ပြိတ္တာကြီး၏ ပါးစပ်မှာ အပ်နဖားပေါက်မျှသာရှိသဖြင့် ပါးစပ်အတွင်းသို့ ရေလောင်း ထည့်သော်လည်း ရေမရောက်ဘဲ အာခေါင်စွတ်ရုံသာရှိသည်ဟု ဆိုပါတယ်။ ပြိတ္တာကြီးက အသနားခံသည်မှာ သူကိုယ်တိုင်ပြိတ္တာဖြစ်နေ၍ မလှူဒါန်းနိုင်သောကြောင့် သူ့ကိုယ်စား ဘုရား၊ ရဟန္တာ ၊ လူပုဂ္ဂိုလ်တို့အား လှူဒါန်းပေးကမ်ဲးပီး အမျှအတန်းပေးဝေပေးပါရန် မေတ္တာရပ်ခံခဲ့သဖြင့် လှည်းသားတို့က ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေသော မြတ်စွာဘုရားအား လှူဖွယ် ၀တ္တုများလှူဒါန်းပြီး ကောင်းမှုအတွက် အမျှအတန်းပေးဝေစေသည့်အခါမှ ပြိတ္တာကြီးမှာ အစားရေစာများ ပြန်လည် မှီဝဲသုံးစွဲရကြောင်း သိရှိရပါတယ်။ ထိုအချိန်အခါမှစ၍ အလှူအတန်းပြုလုပ်သည့်အခါတွင် အမျှအတန်းပေးဝေသည့် အလေ့အထလည်းဖြစ်ပေါ်လာကြောင်းမှတ်သား သိရှိရပါသည်။
ဒီသာဓကလေးကိုကြည့်မည်ဆိုပါက ဣဿာမစ္ဆရိယ မနာလိုဝန်တိုမှု အကုသိုလ်အကြောင်းတရားများကြောင့် ဒုက္ခအဖုံဖုံတွေ့ကြုံခံစားရပုံကို လည်းကောင်း ပိတ်ဆို့တာများလာပ့ါက နောင်သံသရာတွင် ကိုယ်တိုင် ပြိတ္တာဖြစ်တတ်သည်ကိုလည်းကောင်း ထင်းရှားစွာတွေ့ရပါတယ်။ထို့ကြောင့် ဣဿာမစ္ဆရိယတရားများကို မိမိတို့စိတ်ဝယ် နည်းပါးပျောက်ကွယ်အောင် ကြိုးစားရပါမည်။ ဒီတရားကြောင့်ပိတ်ပင်တားဆီးသည့် မကောင်းမှုများ ပြုလုပ်ခဲ့မိလျှင် သံသရာ၏ တစ်ကွေ့ကွေ့၊ တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် ဤမကောင်းမှုအတွက် တန်ရာတန်ကြေးပြန်လည် ပေးဆပ်ကြရမည် မှာ မုချမသွေပဲဖြစ်ပါတယ်။ သံသရာအတွင်းလည်ပတ်နေကြရသည့် ပုထုဇဉ်လူသားများသည် မကောင်းမှုကိလေသာ များဖြင့် ကင်းကွာ၍မရနိုင်သောကြောင့် မကောင်းမှုရော ကောင်းမှုရော ပြုလုပ်နေမိကြမည်ဖြစ်ပါတယ်။ သို့သော်အချိန်မနှောင်းသေးပါ။ အသိတရား၊ သတိတရား၊ သဒ္ဓါတရား များလက်ကိုင်ထားပြီး ဒါန၊ သီလ၊ သမထ၊ ဘာဝနာတရားများကို အားထုတ်ကျင့်ကြံ ပြီး တစ်ဘ၀ထက် တစ်ဘ၀ ပါရမီရင့်သန်လာအောင် ကြိုးစားအားထုတ်ကြဖို့ရန်သာလိုပါသည်။ ကြိုးစားအားထုတ်ကြပါစို့ဟုလည်း ရေးသား တိုက်တွန်း လိုက်ရပါတယ်....

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
0 - Comment:
Post a Comment