တရားအသိ လူမျက်စိ
ဘုရားလက်ထက်က ဝေသာလီမြို့မှာ ထေရိကာဆိုတဲ့ အိမ်ရှင်မကလေးတစ်ယောက်ရှိတယ်။ ရုပ်အဆင်းလဲလှတယ် ပစ္စည်းဥစ္စာလဲရှိတယ်။ အမျိုးလည်းမြတ်တယ်။ အထူးအားဖြင့်တော့ ရတနာ သုံးပါ ကျေးဇူးကြောင့် ထည်ဝါခံ့ညား လေးနက်မှုနဲ့ ပြည်စုံတယ်။ သမာဓိစွမ်းအားနဲ့ စိတ်ဓာတ်စွမ်းအားကြံ့ခိုင်အောင် ငြိမ်းအေးအောင် နေတတ်တယ်။ ရှုပ်ထွေးလေးလံလှတဲ့ အိမ်ထောင်ရေး ၀န်ထုပ်ကို သမာဓိစွမ်းအားနဲ့ ရှင်းလင်း ပေါ့ပါးစွာ ထမ်းဆောင်တတ်တယ်။ တရား ကျေးဇူးတွေ နဲ့ တပန်းသာနေတာပေါ့။ သူ့ရဲ့ အိမ်ထောင်ရေး လမ်းစဉ်ဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းပေါ်ကို ရောက်နေတယ်။ ပူလောင်ရှုပ်ထွေး လေးလံလှတဲ့ အိမ်မှုကိစ္စ တာဝန်ဆိုတာ ငါ့ဦးနောက် အသိဥာဏ် တစ်ခုတည်းနဲ့ ထမ်းလို့မနိုင်ဘူး။ အင်အားအလွန်ကောင်းတဲ့ ရတနာသုံးပါး စွမ်းအားနဲ့ ထမ်းမှ နိုင်မှာလို့ ပြတ်သားတဲ့ ခံယူချက်ထားတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရတနာသုံးပါး ဦးထိပ်ထားပြီး သမာဓိ ထူထောင်တယ်။ တရားနာကြား လေ့လာဖူးတော့ ၀ိပဿနာလဲနှလုံးသွင်း ဆင်ခြင်ပွားများတတ်တယ်။
(၁)ဒါန
(၂) သရဏဂုံ
(၃) ငါးပါးသီလ
(၄) မေတ္တာ
(၅) အနိစ္စာနုပဿနာ
အဲဒီငါးမျိုးကို နေ့စဉ်အိမ်ထဲမှာ နေရင်း ရအောင်စုတယ်။ မနက်အိပ်ရာထတာနဲ့ သရဏဂုံ သီလကယူထားပြီးသား၊ ဘုရား၊ ရေ၊ ပန်း၊ ဆီမီးကပ်လှူတာ အစ မိသားစုအချင်းချင်း ကျွေးတာအဆုံး အလှူကိုလဲ လေးလေးနက်နက် လုပ်တယ်။ မေတ္တာကို သတိရတိုင်းပို့တယ်။ ထမင်းဟင်းချက်တော့မယ်ဆိုရင်လဲ ဤစားဖွယ်အမယ်မယ်ကို စားသုံးကြတဲ့ မိသားစုတွေ ချမ်းသာကြပါစေလို့ မေတ္တာပွားလေ့ရှိတယ်။ ထမင်းဟင်းချက်ရင်းတောင်မှ သိတတ်တဲ့ စိတ်နဲ့ သိစရာ ထမင်းဟင်းအာရုံကို ပိုင်းခြားပြီး သမာဓိရအောင် စူးစိုက်ချက်တယ်။ အိမ်အလုပ်တွေကို စိတ်ကူးပေါက်သလို ရှုပ်ယှက်ခတ် မလုပ်ဘဲ သတိနဲ့ အကွက်ချ စဉ်တန်းပြီး ဒါပြီးရင် ဒါလုပ်မယ်။ ဒီအလုပ်လုပ်နေချိန်မှာ ဒါနရနိုင်ရင် ဒါနယူထားလိုက်တယ်။ သီလရနိုင်တဲ့နေရာမှာ သီလယူထားလိုက်မယ်။ သမာဓိရနိုင်တဲ့ နေရာမှာ သမာဓိယူထားလိုက်မယ်။ မေတ္တာရနိုင်တဲ့ နေရာဆိုရင် မေတ္တာပွားပေးမယ်။ ၀ိပဿနာရနိုင်တဲ့ နေရာကျတော့လဲ ၀ိပဿနာ ယူလိုက်မယ်လို့ မှန်ကန်တဲ့ စိတ်ထားလေးနဲ့ ကျိုးစားဆောင်ရွက်တယ်။
တနေ့တော့ ဟင်းချက်ရင်း ရေပူမီးပူ ကြောင့် လန်းဆန်းလတ်ဆတ်နေတဲ့ ဟင်းရွက်တွေ ကျက်သွားကြပုံ ပြောင်းလဲသွားကြပုံကို ဥာဏ်နဲ့ ကြည့်ရင်း ခန္ဓာဘက်ဥာဏ်လှည့်ပြီး စူးစိုက်ကြည့်လိုက်တယ်။ မိမိခန္ဓာမှာ သင်္ခါရ အပူဒဏ်ကြောင့် ရုပ်နာမ်တွေ ရင့်ကျက်ပြောင်းလဲနေပုံကို သမာဓိဥာဏ်နဲ့ စူးစိုက်ပွားများလိုက်တာ ၀ိပဿနာဥာဏ်ရင့်ပြီး အနာဂါမ်ဖြစ်သွားတယ်။ ထမင်းဟင်းချက်ရင်း စိတ်ဓာတ်ကိုပါ ရင့်ကျက်သွားအောင် ချက်တတ်တယ်ပေါ့။ အမှိုက်ထဲက ရွှေထုပ်ကောက်တယ်လို့လည်း ဆိုနိုင်တာပဲ။ မကြာမီ သူ့ခင်ပွန်းထံ ခွင့်တောင်းပြီး သာသနာဝင် ဘိက္ခုနီ ပြုလိုက်တယ်။ တရားဆက်အားထုတ်လိုက်တော့ ရဟန္တာဖြစ်သွားပါတယ်။
အာရုံနဲ့ စိတ်စွမ်းအားများ သဘာဝအရှိအတိုင်း သိမြင်နိုင်အောင် ပညာက အလင်းရောင်ပေးရပါတယ်။ အရှိကို အရှိအတိုင်း သိနိုင်တာကို ပညာလို့လည်းခေါ်ပါတယ်။ နေ့စဉ်လုပ်နေကျဖြစ်တဲ့ စားဝတ်နေရေး။ စီးပွားရေး၊ လူမှုရေး၊ အလုပ်တွေကို သတိနဲ့ အကွက်ချ တန်းစီပြီး ၀ီရိယနဲ့ စနစ်တကျ ဆောင်ရွက်သွားရင် သမာဓိကလေးတွေ အဆင့်ဆင့် ပေါ်လာကြမယ်ဆိုတာ ဒီ ဇာတ်ေ တ်ာလေးက သက်သေပြနေပြီးနော်။ သတိနဲ့ ၀ီရိယတွဲပေးကာ စိတ်ကြည်လင် သန့်စင်စွာနဲ့ နေ့စဉ်အိမ်ထဲမှာ နေရင်း ၊ အလုပ်လုပ်ရင်း ကုသိုလ် အစုနဲ့ တကွ သံသရာမှလွတ်ရာ အေးငြိမ်းတဲ့ နိဗ္ဗာန်ရအောင် အထောက်အပံ့ကောင်းတွေ ရအောင်စုကြပါစို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
ဖတ်ရှုသွားပါတယ် ဒကာမ ရွှင်လန်းချမ်းမြပါစေ
မှန်လှပါ...ကျေးဇူးတင်ပါတယ်ဘုရား။ အရှင်ဘုရားလည်း ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ။
ဘာပဲလုပ်လုပ်..တရားအသိလေးနဲ့
မြင်တတ်တဲ့ဥာဏ်လေးရှိရင်..
အရာအားလုံးအေးချမ်းသွားတတ်တဲ့
သာဓကလေးပါဘဲ..။
မှတ်သား၊နာယူသွားပါတယ်.....။
ပျော်ရွှင်ချမ်းမြေ့ပါစေ...
ချစ်ခင်လျှက်
ရန်ကုန်သူ