အပ္ပမာဒမင်္ဂလာ

4

အပ္ပမာဒေါစ ဓမ္မေသု
ဧတံမင်္ဂလမုတ္တမံ။
ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
လုပ်ကိုင်ပြောကြားသတိထား၊
တရားမမေ့စေ။

မင်္ဂလာ (၃၈)ပါးထဲမှာ အပ္ပမာဒမင်္ဂလာ က အဓိကအကျဆုံး မင်္ဂလာဖြစ်သလို ဗုဒ္ဓဘာသာဝင် တစ်ယောက်မှာ မဖြစ်မနေရှိရမယ့် မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ဒီမင်္ဂလာဟာ ပစ္စုပ္ပန် အကျိုးတင်မကပဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အထိရောက်အောင် ပို့ ပေးမယ့် မင်္ဂလာဖြစ်ပါတယ်။အပ္ပမာဒမင်္ဂလာရဲ့ လိုရင်းက အစစအရာရာသတိနဲ့နေဖို့ပါ သတိပဋ္ဌာန် ၀ိဿနာတရားနဲ့ နေဖို့ပါ။

သတိနဲ့ ဘယ်လိုနေမလဲ…

ကိုယ့်ဘ၀ ရဲ့ တစ်နေ့တာ လှုပ်ရှားမှုပုံရိပ်များကို အာရုံပြုကြည့်လိုက်ပါ။
လူတစ်ယောက်ရဲ့တစ်နေ့တာမှာ ပထမဆုံး တွေ့ကြုံလိုက်ရမယ့် အမူအရာက အိပ်ရာက နိုးလိုက်တာပါ။ ဒီတော့ အဲဒီ နိုးတာလေးကို ဘယ်လိုလုပ်ရမလဲဆိုတော့ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ် မှာ နိုးရင်နိုးတယ်နိုးတယ် လို့ သိနေလိုက်ပါ တဲ့။ နိုးတဲ့စိတ်လေးကို အာရုံပြုပြီး နိုးတယ်နိုးတယ်လို့ မိနစ်ပိုင်းလောက်မှတ်နေလိုက်ရပါမယ်။ ထချင်တယ် ဆိုရင်လည်း ထချင်တယ် ထချင်တယ် လို့မှတ်နေလိုက်ပါ။ ဒီအပြုအမူဟာ ဘ၀ရဲ့တစ်နေ့တာကို သတိပဋ္ဌာန် ၀ိပဿနာ နဲ့ဖွင့်လိုက်တာပါ။

ထို့အတူ တစ်နေတာအတွင်း လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှ (ကိုယ်အမူအရာ စိတ်အမူအရာ) ပြုတိုင်း ပြုတိုင်း ဖြစ်တိုင်း ဖြစ်တိုင်း နောက်မှာ အသိစိတ်လေး က လိုက်လိုက် သိနေရမှာ ဖြစ်ပါတယ်။

ထို့နောက် တစ်နေ့တာကုန်ဆုံးလို့ ညအိပ်တဲ့အခါမှာလည်း အမှတ်သတိလေးနဲ့ အိပ်ရပါမယ်။အိပ်ရာပေါ်မှာ လှဲအိပ်နေတဲ့အခါ နှာသီးဖျားလေး ဆီကို စိတ်ပို့လိုက်ပြီး ၀င်တယ် ထွက်တယ် ပဲမှတ်မှတ်၊ ဒါမှမဟုတ် ၀မ်းဗိုက်ဆီ ကို စိတ်ကို ပို့လိုက်ပြီး ဖောင်းတယ် ပိန်တယ် ပဲမှတ်မှတ် နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားပြီး အိပ်သင့်ပါတယ်။ ဒါဟာ ဘ၀တစ်နေ့တာရဲ့အဆုံးကို ၀ိပဿနာနဲ့ ပဲပြန်ပိတ်လိုက်တာပါ။

တရားအားထုတ်တယ်ဆိုတာ ဘုရားရှေ့မှာ တင်ပလ္လင်ခွေထိုင်မျက်စိမှိတ်အားထုတ်နေမှ အားထုတ်တာ မဟုတ်ပါဘူး။ သွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ စားဆဲ သောက်ဆဲ ပြောဆဲ ၀တ်ဆဲ စွန့်ဆဲ စတဲ့အမူအရာ တွေမှာ အမှတ်သတိပါနေရင်လည်း သတိလေးနဲ့ ပြုနေရင်လည်း တရားအားထုတ်နေတာပါပဲ။

ထို့ကြောင့် အပ္ပမာဒမင်္ဂလာ နှင့် အညီနေထိုင်ခြင်းဟာ ပစ္စုပ္ပန် အကျိုးတင်မကပဲ ဗုဒ္ဓဘာသာဝင်တွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်အထိရောက်အောင် ပို့ ပေးမယ့် မင်္ဂလာဖြစ်လို့ မမေ့လျော့သော သတိလေးနဲ့နေကြပါစို့လို့ တိုက်တွန်းရင်း… ကုသိုလ်ယူပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

4 - Comment:

  • August 27, 2009 at 4:04 AM

    မမေ့မလျော့သောတရားနဲ့ညီအောင်ကြိုးစားနေထိုင်ပါ့မယ် မျှဝေပေးသော ညခင်းလည်း အေးချမ်းပါစေ.

  • August 27, 2009 at 6:46 AM
    Anonymous :

    ကုသိုလ်တရားကိုမမေ့အောင်ကြိုးစားနာယူပါမယ်ဗျာ
    အခုလိုလေး ပို့စ်အဖြစ်တင်ပေးတဲ့အတွက်လည်းကျေးဇူးပါဘဲ
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

  • August 27, 2009 at 2:16 PM

    ကောင်းတယ် ကောင်းတယ်...

    ဘုန်းကြီးတွေကပဲ ဟောရ ပြောရဖြစ်နေတာ...
    ဒကာဒကာမတွေ ရေးတာတွေ့ရတော့ ဝမ်းသာတယ်...
    ဘုန်းတော်ကြီးတွေ ဟောတဲ့အတိုင်း...
    ရေးနေတဲ့သူလည်း ကျင့်မှန်း သိရတယ်...
    သူတစ်ပါးတွေကို ကျင့်ဖို့လည်း တိုက်တွန်းပေးနေတယ်...

    သာဓုခေါ်ဆိုသွားပါတယ်...

    ဆင်းရဲဒုက္ခ ကင်းဝေးကြပါစေ...
    ဦးလောကနာထ
    ၈.၂၇.၂၀၀၉

  • August 28, 2009 at 7:10 AM
    Anonymous :

    မှတ်သားသွားပါတယ်ဗျား။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers