ရောင်းတယ် ၀ယ်တယ်

5


မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ဈေးသည်အမျိုးသမီး လေးယောက်ရှိပါတယ်။ သူတို့လေးယောက်မှာ လင်ယောက်ျားနဲ့ သားသမီးတွေလည်း ကိုယ်စီ ရှိကြပါတယ်။ သူတို့ဟာ ပျားရည်၊ ထောပတ်၊ဆန်၊ဆီ၊ဆား စတဲ့ ကုန်ပစ္စည်းတွေ ရောင်းပြီး လင်ယောက်ျားနဲ့ သားသမီးတွေကို လုပ်ကျွေး နေကြတာပေါ့။

ဒီလိုရောင်းချမှု လုပ်ရာမှာ အလေးခိုး၊ ဈေးတင်၊ စဉ်းလဲကောက်ကျစ်စွာ ရောင်းချခြင်းအမှုကိုပြုခဲ့ပါကြတယ်။ ဒီလိုနဲ့တိုးတက်သွားပြီး စီးပွားရေးအဆင်ပြေနေဆဲကာလမှာပဲ ဈေးသည်အမျိုးသမီး လေးယောက်ဟာ အကြောင်းမယ်မယ်ရရ မရှိဘဲနဲ့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြပါသတဲ့။

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုရင် မြို့ကျုံးရဲ့အပြင်ဘက် နားမှာ ပြိတ္တာမ တွေသွားဖြစ်ပါသတဲ့။ ဒီတော့ လူပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျားလေးယောက်က သူတို့ဇနီးတွေကို လွမ်းဆွေးတမ်းတ မနေကြပါဘူး။ ကွယ်လွန်ပြီးမကြာခင်မှာပဲ ယခင်ဇနီးဟောင်းတွေထက် ချောတဲ့ငယ်တဲ့ ဇနီးအသစ်ကလေးတွေကို ယူလိုက်ကြသတဲ့။ ပြီးတော့ ဇနီးဟောင်းရှာဖွေထားတဲ့ ပစ္စည်းတွေ နဲ့ ပျော်ပျော်ပါးပါး ခံစားသုံးဆောင် နေကြပါတယ်။ ဒါကို ပြိတ္တာဖြစ်နေတဲ့ ဈေးသည်မိန်းမလေးယောက်က သိပြီး လုပ်ရက်လေခြင်းဆိုပြီး စိတ်ဆင်းရဲကြတာပေါ့။

ဒါကြောင့် ကျုံအပြင်ဘက်ကနေ မြို့ထဲကလူတွေကြားအောင် အသံဆိုးကြီးတွေနဲ့ လှမ်းလှမ်းအော်ပါတော့တယ်။ ငါတို့ ဟာ လိမ်လည်ကောက်ကျစ်ပြီးဈေးရောင်းခဲ့တဲ့အတွက် ပြိတ္တာမ တွေဖြစ်နေရတယ်။ ငါတို့ရှာခဲ့တဲ့ ပစ္စည်းတွေကိုတော့ ခင်ပွန်းဟောင်းတွေက နောက်မိန်းမတွေနဲ့ ခံစားပျော်ပါးနေကြတယ်။ ဥစ္စာပစ္စည်းရှာခဲ့တဲ့ ငါတို့မှာတော့ ကိုယ်ရှာတာ ကိုယ်မသုံးဆောင်ရဘဲ ဆင်းရဲဒုက္ခမျိုးစုံ ကြုံနေရတယ် လို့အော်ကြပါတယ်။

အဲလိုညည ဆို ကျုံးအပြင်ဘက်ကနေ အော်အော်နေတော့ မြို့ထဲကလူတွေက လန့်ကုန်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားအမှုးပြုတဲ့ သံဃာတွေကို ပင့်ပြီး ဆွမ်းကပ် ပြီး လျှောက်ထားကြတာပေါ့။ ဒီတော့မြတ်စွာဘုရားက ဒါယကာတို့ ဒီအသံက သင်တို့ကို အန္တရာယ်ပြုမယ့်အသံတွေမဟုတ်ပါဘူး၊ ပြိတ္တာမလေးယောက် ဆင်းရဲခြင်းတွေ နှိပ်စက်နေလို့ အော်နေကြတာပါ...လို့ မိန့်တော်မူပြီး ဖြစ်ကြောင်း ကုန်စင်ကို မြတ်စွာဘုရားက ပြန်ဟောပြပါတယ်။

မြတ်စွာဘုရားက တဆက်တည်း သစ္စာလေးပါးကို ဆက်လက်ဟောကြားခဲ့ရာ တရားအဆုံးမှာ တရားနာပရိသတ်တွေ သောတာပတ္တိဖိုလ်စတဲ့ တရားထူးတွေ ရသွားကြပါတယ်။

အထက်က ပုံဝတ္တုလေး အတိုင်း ငွေရဖို့ အဓိက၊ ပစ္စည်းဥစ္စာရဖို့အဓိက၊ ရာထူးအာဏာရဖို့အဓိက၊ အောင်မြင်ကျော်ကြားဖို့ အဓိက အဲဒီလို့ နှလုံးသွင်းပြီး မသမာတဲ့နည်း စဉ်းလဲကောက်ကျစ်တဲ့နည်း ဒုစရိုက်နည်းတွေနဲ့ စီးပွားရှာကြရင်ဖြင့် သေရင် ပြိတ္တာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အပါယ်ငရဲကျမှာပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ပန်းတိုင်အစစ်က ပစ္စည်းဝတ္တုတွေ ရာထူးတွေ မဟုတ်ပါဘူး။ ပန်းတိုင်အစစ်က နိဗ္ဗာန်ပါ။ တကယ်လို့ နိဗ္ဗာန်မရသေးရင်တောင် ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်း လေးနေသွားရဖို့က အဓိကပါ။ ပြိတ္တာဖြစ်စေတဲ့ စီးပွားရှာနည်းတွေကိုတော့ အထူးရှောင်ဖို့ အရေးကြီးပါတယ်။

မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများ ကိုယ့်နောက်ပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


5 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers