ဝါသနာအိမ်မက်လေး

9

ဝါသနာ အကြောင်းလေး ကို...ကိုဝင်းဇော် တက်ဂ်လို့ မပန်းကဗျာ ကလည်း တက်ဂ် တက်ဂ် နဲ့ စက်သေနတ်ပစ်သလို ပစ်လိုက်တာ ညခင်း ရဲ့ လမင်း တက်ဂ် ထဲပါသွားတယ်။ ၀ါသနာလေးအကြောင်းဆိုတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခင်လို့ တက်ဂ်တာ တက်ဂ်သာ တတ်ဂ်...။ ညခင်းလည်း ဘယ်သူတွေကို ဒုက္ခပေးရင် ကောင်းမလဲ စဉ်းစားရင်း...ညခင်း ရဲ့ ၀ါသနာက ဒီလို့.......... ကျမ ၀ါသနာ ကို အိမ်မက် နှင့် နှိုင်းယှဉ်ပြောပါရစေ... ဘာလို့လဲ ဆိုတာ ဆက်ဖတ်ပါနော်...

ကျမငယ်စဉ်က ၀ါသနာ ၊ရည်ရွယ်ချက်များဟာ သက်တန့်ကြီးတစ်ခုပမာ အရောင်အသွေး စုံလင်တောက်ပခဲ့ တယ်။ မျှော်လင့်ချက်အနာဂတ်များကိုလည်း လှမ်းမျှော်ပျော်ရွှင်ရင်း၊ ရင်ခုန်တက်ကြွခဲ့ဖူးတယ်။

ကျမ မူလတန်းကျောင်းသူအရွယ်တုန်းက ကျမရဲ့ ၀ါသနာမှာ ကျောင်းဆရာမ တစ်ယောက်ဖြစ်ချင်ခဲ့ပါသည်။ ကျောင်းမှ ဆရာမများကို အားကျသောကြောင့်ဖြစ်သည်။ ကျောင်းမှ အိမ်သို့ပြန်ရောက်ချိန်....ဒါမှမဟုတ် ကျောင်းအားရက်များတွင် ကျမ မညည်းစတမ်း ကစားခဲ့သော ကစားနည်းတစ်မျိုးတည်းမှာ ဆရာမ လုပ်တမ်းကစားနည်းဖြစ်၏။

မေမေ ၏ ထဘီများထဲမှာ အစိမ်းရောင်ထဘီကို ဖွေရှာကာ ခါးမှာ ပတ်လျှက်...မျက်နှာသုတ်ပ၀ါရှည်ကြီးကို ဆံပင်ရှည် ကြီးသဖွယ်ဖြစ်အောင် ခေါင်းမှာ စည်း၍ နောက်ကျောဘက်မှာ ဖားလျားချကာ ဆံပင် တယမ်းယမ်းနှင့်ပေါ့... (ကျမ ငယ်ငယ်က သိပ်ချစ်ရသော ဆရာမ မအိ မှာ ဆံပင်အရှည်ကြီးနှင့်ဖြစ်သည်။ ပေါင်လယ်ကျော်ကျော် တံခေါက်ခွက်ထိပင် ရှည်လျားလှပါသည်။) ကြိမ်လုံးတယမ်းယမ်းနှင့်ကြမ်းပြင်ကို တဖြန်းဖြန်း ရိုက်လေ့ရှိသောကြောင့် ကျမကို ဘွား နှင့် ဘ အမြဲဆူလေ့ရှိသည်။

အိမ်မှ အဖေ၊အမေ ၊ဘိုး၊ ဘွားတို့၏ စာအုပ်စာတမ်းများပျောက်လျှင်...ဘယ်နေရာမှာမှ ခက်ခက်ခဲခဲ ရှာဖွေစရာ မလို၊ ကျမ ရဲ့ လွယ်အိတ်ကြီးထဲမှာ လာရှာလျှင် အကုန်တွေ့ရမည်။ တွေ့သမျှစာအုပ်တွေ၊ ကတ်ထူဖုံးတွေမှန်သမျှ ကျမ၏ လွယ်အိတ်ကြီးထဲ ထိုးသိပ်ထည့်ကာ တပည့်တွေ ရဲ့ စာအုပ်အဖြစ် အမှတ်တွေခြစ်ပေး၊ ကောင်း ၊ သင့်၊ ညံ့ မှတ်ချက်တွေ ပေးရတာလည်းအမောပင်၊ ကျမ၏ တပည့်များကတော့ အရုပ်မျိုးစုံဖြစ်ခဲ့သည်။ ဆရာမလုပ်နေရသော ဘ၀ကို ကျမ ထမင်းမေ့ဟင်းမေ့ မက်မော ပျော်ရွှင်ခဲ့ဖူးပါလေသည်။

ကျမ အလယ်တန်း ၊အထက်တန်းကျောင်းသူဘ၀ရောက်တော့ ၀ါသနာကို မဖြစ်မနေ လုပ်မည်ဟု စိတ်အားထက်သန်လာခဲ့တယ်။ ကျမ ၁၀တန်းစာမေးပွဲ အောင်စာရင်း ထွက်တဲ့နေ့ကတော့ အပျော်ဆုံးပေါ့။ ငါ့ရည်ရွယ်ချက် နဲ့ ၀ါသနာ ကို အကောင်အထည်ဖော်နိုင်တော့မည်။ ပန်းတိုင်ရောက်တော့မည်ပေါ့။ ဒါပေမဲ့ ကြာကြာ မပျော်ခဲ့ရပါဘူး။ ဆရာဖြစ်သင်တန်း ဖောင်ဖြည့်ရန် ယူလာသည့်နေ့မှာပဲ ဘိုးနှင့်ဘွားတို့၏ တနယ်တကျေးသို့ တစ်ယောက်ထည်းမလွှတ်နိုင် ဟူသည့် အကြောင်းပြချက်နဲ့ ၀ါသနာကို စွန့်လွှတ်ခဲ့ရပါသည်။ သင်တန်းပြီးဆုံးလျှင် စေလိုရာစေ နှင့် မည်သည့်နေရာတွင်မဆို တာဝန်ထမ်းဆောင်ရမည် ဟူသောကြောင့်ဖြစ်ပါသည်။ ငယ်သေးတဲ့အတွက် စိတ်မချနိုင်သော.... မိဘ မေတ္တာစေတနာကို အသိမှတ်ပြုရင်း...၀ါသနာကို ချိုးနှိမ်ခဲ့ပါတယ်။ ထပ်မံပြီး ဘွဲရ တဲ့ နှစ်တွင်လည်း အကောင်အထည်ဖော်ဖို့ကျိုးစားပါသေးသည်။ ကျမ ဆရာမဖြစ်ဖို့ ကံမပါလာခဲ့။ အလုပ် နှင့် ၀ါသနာ ထပ်တူမကျခဲ့ရပါ။

ဒါကြောင့် ကျမ ၏ ၀ါသနာ များကို အိမ်မက် နှင့် နှိုင်းယှဉ်ရခြင်းပါ။ အိမ်မက်တွေလိုပင် ကလေးဘ၀က၀ါသနာ နှင့် ရည်ရွယ်ချက်သည်...အရောင်တွေ ၀ိုးတိုးဝါးတားသာမြင်မက်လျက် ကိုယ်မက်သည့်အိမ်မက် ကိုပင် ဘာသာမပြန်နိုင်၊ ပျောက်ဆုံးသွားခဲ့ရသည်။ အခုတော့ ၀ါသနာ ဆိုတာ ကိရိယာတန်ဆာပလာ မစုံလင်လို့ မောင်းနှင်ချင်လျက် ပင် မောင်းနှင်လို့ မရခဲ့သော ယာဉ်မျိုးဖြစ်ခဲ့ရတယ်။... ထိုယာဉ်အပျက်ကို တော့...ဂိုဒေါင်တစ်လုံးထဲ တွင် စုပြီး....သိမ်းထားလိုက်ပါပြီ။ လွှင့်ပစ်လို့ မရတာကြောင့်ပါ။


ညခင်း....ဘယ်သူကို မှ မတက်ဂ် ဖူးသေးဘူး ပြန်တက်ဂ်ချင်တယ်နော်....ရေးပေးမှာလာ;????? ညခင်းတို့ ဘလော့ကို အမြဲလာနေကြ မောင်နှမတွေ....စဉ်းစားလိုက်တော့ တချို့ က တက်ဂ် ခံထားရပြီးပြီ။ ကျန်တဲ့လူ....ဟဲ ဟဲ


ဝလုံးလေးဝိုင်းအောင်လေ့ကျင့်နေတဲ့...............မောင်သစ်ဆင်း (http://walonewinewine.blogspot.com)

မချစ်ရဆိုပေမဲ့.. ညခင်း ချစ်တဲ့ ညီမငယ်....................... မချစ်ရ (http://machitya.blogspot.com)

နက်မကောင်းတဲ့ ကြားက တက်ဂ်ရတာ အားနာပါတယ်။ နက်ကောင်းမှရေးပေးပါရန်..။


ချစ်ခင်လေးစားလျှက်...
ညခင်း

9 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers