နှစ်သက်မိတဲ့ကဗျာလေးများနှင့် အမြင်
ကျမ…ပထမဆုံးကဗျာလေးများနှင့် စတင်ထိတွေ့ခဲ့သည်မှာ အမှတ်တရအားဖြင့် ၁၉၉၃ ခုနှစ်နွေဦးရာသီမှာ ဖြစ်ပါတယ်။ထိုစဉ်က နွေရာသီကျောင်းပိတ်ရက်ဖြစ်လို့ စာပေမျိုးစုံ၊ မဂ္ဂဇင်းမျိုးစုံ စာရေးစရာမျိုး စုံဖတ်ရှုခဲ့ရာ မထင်မှတ်ဘဲ ကဗျာလေးများကို စွဲငြိသွားခဲ့မိပါတယ်။ ကဗျာလဲ ရေးတတ်ချင်ခဲ့မိပါတယ်။ ပထမဆုံးကဗျာလေးကတော့…..
မိုးပေါ်မှာ ကြယ်တစ်လုံး
တိမ်ဖုံးပါလို့ လမသာ
သာတဲ့အခါသာပါလိမ့်မယ်
နတ်ဒေ၀ါသူဖန်ဆင်း
ဖိုးရွှေလမင်း
ဒီကဗျာလေးကတော့ ငယ်စဉ်ကတဲက မေမေရဲ့ ရေရွတ်သံလေးနဲ့ ရင်းနှီးခဲ့ရတာပါ။ ကဗျာလေးမှန်း သိခဲ့ပါဘူး။ အဲဒီနောက် ဆရာမင်းသုဝဏ်ရဲ့ သပြေညိုကဗျာလေး….
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြည်မှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းရယ်က
လန်းလျက်ပါကို။
မြန်မာလည်းဆန်၊ အညာလည်းဆန်သည်။ သပြေညို ရွှေဘိုပန်းဆိုသည့်တင်စားပုံလှ၍ စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါသည်။ ပြီးတော့ ကျမတို့ငယ်ငယ် သူငယ်နှပ်စား မူလတန်းကျောင်းသား ဘ၀က သံပြိုင်သီဆိုဘူးခဲ့ကြတာ॥အားလုံးလည်းသီဆိုဘူးကြပါတယ်။ သပြေသီးကောက်ကဗျာလေးပါ ဆိုဘူးတာမှ ဟန်တွေ ပန်တွေနှင့်ပေါ့။ သံပြိုင်သီကျူးရတိုင်း အတိုင်းမသိပျော်ရွင်ခဲ့ရပါတယ်။
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်
ခရာဆူးချုံ တောနက်ထဲက
မျှောနက်မည်းကြီးတွယ်တတ်တယ်။
မျှောနက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင်ကြောက်ဘူးကွယ်။
တို့လဲ ကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထာခဲ့မယ်။
အနက်အဓိပ္ပါယ်လေးမှာ ရိုးစင်းလွယ်ကူ၍ရွတ်ဆိုသီဆိုလို့အင်မတန်ကောင်းခဲ့ပါတယ်။ ကျေးလက် တောရွာသဘာဝ၊မြန်မာ စရိုက်ဓလေ့နှင့် ကိုက်ညီပြီး ကလေးတို့ခံစားချက်ကိုနှိုးဆော်နိုင်သည်။
နောက်ထပ်ကြိုက်နှစ်သက်ခဲ့ဘူးတဲ့ကဗျာလေးကတော့….
ပျဉ်းမငုတ်တို
စစ်ကိုလည်းကြုံ၊ ခြ အုံ့လည်းဖြစ်
ဓားထစ်လည်းခံ
လေပြင်းခိုက်၍ ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်၊
ရွက်ဟောင်းညှာကြွေ၊
ရွက်သစ်ဝေ၍
လေပြည်ထဲတွင်
ငယ်ရုပ်ဆင်သည်
အသင်
ယောင်္ကျားကောင်းတကား။
ပျဉ်းမငုတ်တို့သည် စစ်ဘေးစစ်ဒဏ်ကိုလည်းခံခဲ့ရသည်။ လူသားတို့၏ ဓားဖြင့်ခုတ်ထစ်ခြင်းကိုလည်းံ ခဲ့ရသည်။ခြစားဒဏ်၊ ရာသီဥတုတို့၏ပြောင်လဲတိုက်ခိုက်မှုဒဏ်ကိုလည်းခံခဲ့ရသည်။သို့တိုင်အောင် အရှုံးမပေးပဲ ယောင်္ကျားကောင်းပီသစွာဖြင့် နွေသစ်လောင်းချိန်တွင် ရွက်နုဝေနိုင်ခဲ့သေးသည်။ ယောင်္ကျားကောင်းယောင်္ကျားမြတ်တို့၏ ခံနိုင်ရည်သတ္တိ နှင့်အညံ့မခံစိတ်ကိုဖော်ကျူးထား ၍အလွန်နှစ်ခြိုက်မိခဲ့တယ်။
ဒီကဗျာလေးတွေကို အပျော်သဘောဖတ်ဖြစ်ခဲ့ခြင်းမှ ရရှိလာတဲ့ အကျိုးကျေးဇူး၊ ကဗျာဆရာအပေါ် အမြင် နဲ့ခံစားမှုလေးတွေကတော့….
လောကတွင် အဖြစ်ရှိသလို အပျက်ရှိတယ်။ အပျက်ရှိသလို အဖြစ်ရှိတယ်။ အဲလိုဘဲ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ ဖျက်ဆီးတဲ့လူရှိသလို တည်ဆောက်တဲ့လူရှိတယ်။ တည်ဆောက်သူရဲ့ဆန္ဒ္စကဘာလဲဆိုတော့ လောကကြီးကိုသာယာစေချင်တယ်။ ၀ပြောစေချင်တယ်။ ငြိမ်း ချမ်းစေချင်တယ်။ ဒါကြောင့်သာယာဝပြောအောင်သူတို့တတ်နိုင်တဲ့ဘက်ကသူ့တို့စိတ်ကူးအရ ကြိုးပမ်းဆောင်ရွက်ကြပါတယ်။
လယ်သမားတွေက စိုက်ကျပျိုးကျ ရိတ်သိမ်းကြနဲ့လောကကြီးကို ထမင်းကျွေးကြတယ်။
ဗိုင်းဝါသမားတွေက လောကကို ၀တ်ရုံပေးကြတယ်။
သမားတွေကလည်း ဆေးဝါးမန္တရားတွေနဲ့လောကကို ကုစားစောင်မကြတယ်။
တရားဓမ္မသတ်နားလည်သူတွေကလည်းငြိမ်းချမ်းမှုကိုစောင့်ရှောက်ကြတယ်။
အဲဒီလိုလောကကြီးရဲ့ သာယာဝပြောမှုငြိမ်းချမ်းမှုတွေကို လိုလားပြီးကြိုးစားဆောင်ရွက် နေသူများထဲတွင် ကဗျာဆရာများလည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ကဗျာဆရာရဲ့စေတနာ ကဘာလဲ ဆိုတော့ လူတွေရဲ့စိတ်ထားကို တစ်ဖက်သတ် မဖြစ်စေဘဲ ဟိုဘက်ဒီဘက်မျှတတဲ့ အလယ် အလတ်စိတ်ထားမှုမျိုး ဖြစ်ပြီး လောကကို သာယာဝပြော အေးချမ်းစည်ပင်အောင်ဖန်တီးမယ့်အင်အား ကြီးတစ်ခု ဖြစ်လာအောင်ဖန်တီးချင်တာပဲဖြစ်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးများကို ဖတ်ပြီ့း ဒီလိုခံစားချက်လေးများဖြစ်မိပါတယ်…။
ညခင်း
နေ့အိပ်မက်တော့ ဆရာဇော်ဂျီ့ကဗျာတွေပိုကြိုက်တယ်... ဆရာမင်းသုဝဏ်ကဗျာတွေလည်း ကြိုက်ပါတယ်...
ကဗျာလေးတွေ တင်ပေးတော့ ဖတ်ဖူးတာတွေ ပြန်သတိရသွားလို့ ကျေးဇူးနော်
ကမ္ဘာပေါ်မှာ ရှိတဲ့ အရာရာတိုင်းဟာ ကမ္ဘာလောက ကြီးကို တနည်းနည်းနဲ့ ဒါမှမဟုတ် သူ့နည်း သူ့ဟန်နဲ့ အလှဆင် နေကြပါတယ်။ ရှုမြင်သူရဲ့ တန်ဖိုးထားတတ်မှုစိတ်က ဒီနေရာမှာ အရေးပါ လာမယ် ထင်မိပါတယ်။ ကဗျာတွေဟာ ဒီအလှတွေထဲက အလှတရား တစ်ခုခုကို ပြချင်တာလို့ မြင်မိတယ်။ တစ်ခုထက်လဲ ပိုချင် ပိုနိုင်တယ်။ သေချာတာကတော့ ကဗျာအများစု (ဆိုးညစ်မှုကို ဖွဲ့ဆိုသည်များမှ လွဲ၍..) ဟာ အနှစ်သာရ အလှတရား တစ်ခုခု ပေါင်းစပ် ပါဝင်နေတယ် ဆိုတာပါပဲ။
ကဗျာကောင်းလေးတွေ ခံစားသွားပါတယ်ဗျာ