ဓမ္မရာမ ရဟန်းတော်ကလေး

9

ဘုရားရှင် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးတော်မူနေစဉ် တစ်နေ့မှာ ချစ်သားတို့ ယနေ့မှစ၍ လေးလလွန်မြောက်သောအခါ ငါဘုရား ပရိနိဗ္ဗာန်စံတော့မယ် လို့ မိန့်ကြားတော်မူပါတယ်။

ဒီအခါ အနယ်နယ်အရပ်ရပ်တို့မှ ရဟန်းတော်များဟာ ဘုရားရှင်ထံ စုရုံးလာကြပြီး ဘုရားရှင်ရဲ့ အနားက မခွဲမခွာနေကြပါတယ်။ ပုထုဇဉ်ရဟန်းများကလည်း ငိုကြွေးကြပါတယ်။ အဲဒီအချိန်မှာ ဓမ္မရာမ ဆိုတဲ့ ရဟန်းတစ်ပါးကတော့ ခေတ္တခဏသာ ငိုကြွေးပြီး၊ တစ်ပါးတည်း ဆိတ်ကွယ်ရာနေရာမှာ သွားရောက် နေထိုင်ပါသတဲ့။ ဒီအခါ အခြားရဟန်းတော်များက ဓမ္မာရာမ ဟာနေစိမ့်တယ်။ တခြားမှာခွဲခွာပြီးနေတယ် ရယ်လို့ မကျေမနပ် ဖြစ်ကြပါသတဲ့။ ဒါနဲ့ အဲဒီရဟန်းများက ဓမ္မာရာမကို ဘုရားရှင်ထံဆွဲခေါ်သွား ကြပြီး အရှင်ဘုရားအပေါ်နည်းနည်းကလေးမျှ ချစ်ခင်မှုမရှိပါ၊ ဆိတ်ကွယ်ရာမှာတစ်ပါးတည်း ပုန်းအောင်း လို့သာနေပါတယ်။ တပည့်တော်တို့ စည်းဝေးတိုင်ပင်ရာသို့လည်း ဘယ်တော့မှသူမလာပါဘူး လို့တိုင်ကြား လျှောက်ထားကြပါသတဲ့။

ဒီအခါ ဘုရားရှင်က ရဟန်းများပြောကြားကြတဲ့အတိုင်း ဟုတ်မှန်ပါရဲ့လား လို့မေးတော်မူပါတယ်။ ရဟန်းငယ်က မှန်ပါတယ် အရှင်ဘုရား လို့ လျှောက်ထားတဲ့အခါ ဘုရားရှင်က ဘာကြောင့် ဒီလိုနေရတာလဲ လို့ ထပ်မံပြီး အမေးရှိတော်မူပါတယ်။

ဒီအခါ ရဟန်းငယ်က မှန်လှပါ အရှင်မြတ်ဘုရား၊ အရှင်မြတ်ဘုရားဟာ နောင်လေးလရှိရင် ပရိနိဗ္ဗာန် စံတော့မယ်။ တပည့်တော် မှာလည်း အာသဝေါမကုန်သေးလို့ ရဟန္တာမဖြစ်သေး၊ ဒီအတိုင်းနေ လို့ တော့မဖြစ်ချေဘူး။ ဘုရားရှင်သက်တော်ထင်ရှားရှိချိန်မှာ သဒ္ဓါဝီရိယထားပြီး ကြိုးစားပါလျှင် တရားဓမ္မများကို နှလုံးသွင်းကား ဆိတ်ငြိမ်ရာမှာ တရားအားထုတ်နေပါတယ်ဘုရား လို့လျှောက်ထားပါသတဲ့။

ဒီအခါ ဘုရားရှင်က သာဓု သုံးကြိမ်ခေါ်တော်မူပြီး ရဟန်းများအား ချစ်သားတို့ ငါဘုရားအား ချစ်ခင်ကြတယ်ဆိုရင် ဓမ္မရာမလို ကျင့်ကြံနေထိုင်ကြ၊ ပန်းနံ့သာ စတဲ့ ပစ္စည်းလေးပါးနဲ့ ပူဇော်တာဟာ ငါဘုရားကို ချစ်မြတ်နိုးရာ ၊ ပူဇော်ရာ မရာက်ဘူး။ လောကုတ္တရာတရားကိုးပါးဆိုတဲ့ ငါဘုရား အဆုံးအမ အတိုင်း နှလုံးသွင်း နေထိုင်အားထုတ်ကြမှသာလျှင် ငါဘုရားကို ချစ်မြတ် နိုးရာ၊ ပူဇော်ရာမည်တယ်..လို့ မိန့်ကြားတော်မူပါတယ်။

ဒါကြောင့် ဘုရားကိုချစ်ရင် တရားကိုလည်း ချစ်ရမယ်။ တရားတော်အတိုင်း လိုက်နာနေထိုင်ကြရမယ်။ တရားကိုပူဇော်ခြင်းဟာ ဘုရားကို ပူဇော်ခြင်းဖြစ်တဲ့အတွက် ဘုရားကိုပူဇော်တဲ့အနေနဲ့ တရားကိုကျင့်ကြံပွားများ အားထုတ်ကြရပါလိမ့်မည်။ အလှူတို့တွင် တရားအလှူဟာ အမြတ်ဆုံး ဆိုတဲ့အတိုင်း အမြတ်ဆုံးသော တရားအလှူကြီးကိုပြုကြရပါလိမ့်မည်။ ကျင့်ကြံပွားများအားထုတ်ကြရပါလိမ့်မယ်။



ရွှင်လန်းချမ်းမြေ့ကြပါစေ။

9 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers