ကြံတန်ဖိုးနှင့် ကုသိုလ်အဖို့

6


ဝိပဿီမြတ်စွာဘုရား ပွင့်တော်မမူမီ သာသနာပ ကာလက ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။

တစ်နေ့တော့ ညီဖြစ်သူက ကြံခင်းကို သွားပါတယ်။ အပြန်ကျတော့ အိမ်မှာကျန်ခဲ့တဲ့ အစ်ကိုအတွက် တစ်ချောင်း၊ သူ့အတွက် တစ်ချောင်းဆိုပြီး ကြံနှစ်ချောင်းခုတ်ခဲ့ပါတယ်။

သူတို့ခေတ်က ကြံကို စက်နဲ့ကြိတ်စရာမလိုပါဘူး၊ ကြံပင်ကို အရင်းကပဲဖြစ်ဖြစ်၊ အဖျားကပဲဖြစ်ဖြစ် မြှောက်လိုက်ရင် ကြံရည်တွေ ထွက်ကြလာပါတယ်။ဒါကြောင့် ညီဖြစ်သူက ကြံရည်တွေ အပြင်ထွက်မကျ အောင် ဖြတ်ထားတဲ့ အရင်းပိုင်းကို သစ်ရွက်နဲ့အုပ်ချည်ချည်ပြီး ယူခဲ့ပါတယ်။

ဒီလိုနဲ့ကြံပင်နှစ်ချောင်းကို ယူလာရင်း လမ်းမှာ ပစ္စေက ဗုဒ္ဓါအရှင်မြတ်တစ်ပါးနဲ့တွေ့ပါတယ်။ ညီဖြစ်သူက အရှင်မြတ်ကို ခေတ္တထိုင်ခိုင်းပြီး သပိတ်ထဲကို ပါလာတဲ့ ကြံနှစ်ချောင်းထဲက တစ်ချောင်းကို စိုက်ချလိုက်ပါတယ်။ ဒီတော့ ကြံရည်တွေ သပိတ်ထဲကို ကျလာပါတယ်။

ပစ္စေကဗုဒ္ဓါအရှင်မြတ်ကလည်း နေရာမှာတင် ထိုင်လျက် ဘုဉ်းပေးပါတယ်။ အရှင်မြတ်တစ်ခါတည်း ဘုဉ်းပေးတာကို ကြည့်ပြီး သဒ္ဓါတရားတွေ ပိုဖြစ်သွားပါတယ်။ ဒါကြောင့် အစ်ကိုဖြစ်သူရဲ့ ကြံချောင်းကို ကိုင်းရင်း အစ်ကို့အနေနဲ့ ကြံတန်ဖိုးကို ယူချင်ယူ၊ ဒါမှ မဟုတ် ကုသိုလ်အဖို့ကို ယူချင်ယူ အစ်ကို့ရဲ့ကြံချောင်းကိုလည်း လှူလိုက်တော့မယ် လို့ တွေးပြီး အစ်ကိုလုပ်သူရဲ့ ကြံချောင်းကိုပါ လောင်းထည့်ပြီး လှူလိုက်ပါတယ်။

ဒါပေမဲ့ ပစ္စေက ဗုဒ္ဓါအရှင်မြတ်က ပထမ ကြံချောင်းနဲ့တင် ပြည့်စုံသွားပြီဆိုတော့ ဒုတိယကြံချောင်းကိုတော့ အခြားပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေအတွက် အလှူခံလိုက်ပါတယ်။

ညီဖြစ်သူလည်း အရှင်မြတ်ကို ရှိခိုးဦးချပြီး ဘုရားတပည့်တော်သည် ဤကြံရည် လှူဒါန်းရသော ကုသိုလ်ကောင်းမှုကြောင့် နတ်ပြည် လူ့ပြည်တို့၌ စည်းစိမ်ကို ခံစားစံစား သုံးဆောင်ပြီးလျှင် အဆုံးဘ၀နောက်ကာလ၌အရှင်မြတ်သိတဲ့ တရားကိုသာ ရရပါလို၏ လို့ ဆုတောင်းလိုက်ပါတယ်။

အရှင်မြတ်ကလည်း သင်ဆုတောင်းတဲ့ ဆု အတိုင်းပြည့်စေလို့ ဆုပြန်ပေးလိုက်ပါတယ်။

နောက်တော့ အရှင်မြတ်လည်းကောင်းကင်ခရီးနဲ့ ပြန်ကြွသွားပါတယ်။ ကောင်းကင်ခရီးနဲ့ကြွသွားတဲ့ အရှင်မြတ်ကိုကြည့်ပြီး ညီဖြစ်သူက ပိုပြီး သဒ္ဓါတရားတွေ ဖြစ်သွားရပြန်ပါတယ်။

အိမ်ရောက်တော့ အစ်ကိုဖြစ်သူကို အကြောင်းစုံပြောပြပြီး ကြံဖိုးကို ယူမလား၊ ကုသိုလ်အဖို့ကို ယူမလားလို့မေးပါတယ်။ အစ်ကိုဖြစ်သူကလည်း နေပါဦး အရှင်မြတ်အကြောင်းကို သေချာပြောပြပါဦးလို့မေးပါတယ်။

ဒီတော့ညီဖြစ်သူက အစ်ကိုရယ်အရှင်မြတ်က ကပ်တဲ့ကြံရည်ကို နေရာမှာတင်ထိုင်ပြီးဘုဉ်းပေးတယ်။ အစ်ကို့အတွက် လှူတဲ့ကြံရည်ကို အခြားပစ္စေကဗုဒ္ဓါအရှင်မြတ်တွေအတွက် အလှူခံပြီး ကောင်းကင်ခရီးနဲ့ပြန်ကြွသွားတယ် အစ်ကိုရလို့ ရှင်းပြပါတယ်။

အစ်ကိုဖြစ်သူက သူ့အတွက်လှူတဲ့ကြံရည်ကို အခြားပစ္စေကဗုဒ္ဓါအရှင်မြတ်တွေ ဘုဉ်းပေးဖို့ယူသွားတာရယ်၊ ကောင်းကင်ခရီးနဲ့ကြွသွားတာရယ်ကို ကြားလိုက်ရတော့ တစ်ကိုယ်လုံးပီတိတွေဖြစ်သွားပါတယ်။ ဒါကြောင့် လက်အုပ်လေးချီးပြီး ဤသို့ လှူဒါန်းရသော ကုသိုလ်ကြောင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သိအပ်သော တရားထူးကိုသာရရပါလို၏ လို့ ဆုတောင်းလိုက်ပါတယ်။

ညီအစ်ကိုနှစ်ယောက် ကုသိုလ်ပြုပြီးဆုတောင်းတဲ့နေရာမှာ ညီက လူ့စည်းစိမ် နတ်စည်းစိမ်ရယ် နိဗ္ဗာန်ရယ်ဆုတောင်းပါတယ်။ အစ်ကိုကတော့ နိဗ္ဗာန်တစ်ခုပဲဆုတောင်းပါတယ်။ ညီကတော့ အပိုအဆစ်လောကီဆုလေးပါ တွဲတောင်းပါတယ်။ ဆုတောင်းကွာတော့ အကျိုးပေးလည်းကွာပါတယ်။ အစ်ကိုဖြစ်သူက ၀ိပဿီမြတ်စွာဘုရားလက်ထက်မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်ရပြီး ရဟန္တာဖြစ်သွားပါတယ်။ ညီဖြစ်သူကတော့ သူ့ဆုတောင်းအတိုင်း လူ့နတ်စည်းစိမ်တေါ အပြည့်အ၀ခံစားပြီး ဂေါတမ ဘုရားလက်ထက်ကျမှ အရဟတ္တဖိုလ်ရသွားပါတယ်။

ဒီပုံဝတ္တုလေး ကိုဖတ်ရခြင်းအားဖြင့် သက်ရှိတစ်စုံတစ်ယောက်ဟာ သက်ရှိတစ်စုံတစ်ယောက်အတွက် ကုသိုလ်ပြုပေးလို့ရတယ်ဆိုတာ သိရပါတယ်။ ကိုယ်ကြည်ညိုလေးစားတဲ့ ကျေးဇူးများတဲ့ ချစ်ခင်ရတဲ့ တစ်စုံတစ်ယောက်အတွက် ကုသိုလ်ပြုပေးမယ် ဆိုရင် ဟိုတစ်ဖက်သားမှာ ကုသိုလ်တွေ ရသွားပါတယ်။ သိအောင်လည်း ၀မ်းမြောက်အောင်လည်း ပြောပြဖို့လိုပါတယ်။ ဒါမှလည်း တဖက်သားမှာ ကုသိုလ်တွေဖြစ်မှာပါ။ ဥပမာ- ကိုယ် ခရီးဝေးတစ်ခုသွားမယ် ရောက်တဲ့အရပ်မှာ ကိုယ်အမေအတွက် အမေ့နာမည်နဲက ကုသိုလ်ကောင်းမှုလေးတွေပြုခဲ့မယ်။ အိမ်ပြန်ရောက်တဲ့အခါ လှူဒါန်းထားတဲ့ အလှူခံဖြတ်ပိုင်းလေးကိုပြပြီး အမေ့အတွက် လှူခဲ့ပါတယ်။သာဓုခေါ် ဆုတောင်းပါလို့ ပြောပြမယ်  ဆိုရင် လည်း ကိုယ့်မိဘအတွက်ကျေးဇူးဆပ်ခြင်းတစ်မျိုးပါ။ ဒီလိုပါပဲ...

ကိုယ်သံယောဇဉ်ရှိတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့မှာ ငါးဈေးတန်းက သတ်တော့မယ် ငါးအရှင် လတ်လတ်တွေကို ၀ယ်ပြီး မြစ်ချောင်းတစ်ခုခုမှာ ဘေးမဲ့လွှတ်ပေးမယ်ဆိုရင်လည်း သူငယ်ချင်းမိတ်ဆွေ အတွက် ထူးခြားတဲ့ ဇီဝိတဒါန မွေးနေ့လက်ဆောင် ကောင်းတစ်ခုပါပဲ။

ပစ္စည်းဝတ္တုကိုပေးတာက ဒီဘ၀အတွက်ပါ၊ ကုသိုလ်ပြုပေးတာက သံသရာတစ်လျှောက်လုံးအတွက်ပါ။ အမှန်တကယ် သံယောဇဉ်ရှိတယ်၊ အကျိုးလိုလားတယ်ဆိုရင် ပစ္စည်းဝတ္တုတင်မကဘဲ ကုသိုလ်လေးတွေပါ ပြုပြုပေးတာက အကောင်းဆုံးလက်ဆောင်တစ်ခုပါ။

ဆုတောင်းရာတွင်လည်း နိဗ္ဗာန်တစ်ခုပဲ ဆုတောင်းသူနဲ့၊ နိဗ္ဗာန်နဲ့ အတူ လောကီအကျိုးကိုပါ တွဲဖက် ဆုတောင်းသူတို့ရဲ့ ကွာဟချက် ၊ မြန်မြန်ရစေတဲ့ဆုတောင်းနဲ့ နှေးနှေးရစေတဲ့ ဆုတောင်းတို့ ရဲ့ကွာခြားချက်ကို သိရပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

6 - Comment:

  • October 1, 2009 at 6:04 AM

    သူငယ်ချင်း၊ညီအကိုများကို ချစ်ခင်တယ် ဆိုရင် ဒီလိုဒါနမျိုးဖြင့် ကုသိုလ်ပေးတာ အကောင်းဆုံးပါ တင်ပြပေးတဲ့ညခင်းလည်း ဆွေမျိုးတွေ မိတ်ဆွေအားလုံးအတွက် အများကြီးကုသိုလ်လုပ်ပေးနိုင်ပါစေ

  • October 1, 2009 at 11:23 AM

    ကုသိုလ်မှ ဖြစ်တည်သော ပီတိကို ပွားများခြင်းဖြင့်...။ တွေးမိသွားတယ်။ ကျေးဇူးပါ။

  • October 1, 2009 at 5:59 PM
    Anonymous :

    အဝေးရောက် ဆွေမျိုးမိတ်ဆွေများအတွက် အကောင်းဆုံး နည်းလမ်းလေးပါလား သူတော်ကောင်းတွေ လုပ်ခဲ့တော့ ကျနော်တို့လည်းလုပ်သင့်တာပေါ့၊

    ရးတဲ့သူလည်း လုပ်နိုင်ပါစေ၊
    ဖတ်သူများအားလုံးလည်း လုပ်နိုင်ပါစေ။

    ကျေးဇူးပါ သာဓု ၃

  • October 2, 2009 at 12:33 PM

    ညခင်းတို့ တူဝရီးလည်း ကုသိုလ်တွေအများကြီးရပါစေ။ အကျိုးရှိတဲ့ပိုစ့်လေးတွေဖတ်ရတာ ကြည်နူးစရာပါပဲ။ အဆင်ပြေပျော်ရွှင်ကြပါစေ။

  • October 2, 2009 at 12:36 PM

    ကြံတန်ဖိုးထက် ကုသိုလ်အဖို့ ကပိုသလို၊ ဒီပိုစ့်လေးရေး သားရခြင်းထက် ၊ ကုသိုလ်တွေရတာက ပိုပါတယ်။ အဆင်ပြေပျော်ရွှင်ကြပါစေ

  • October 3, 2009 at 9:05 AM

    မှတ်သားစရာပိုစ့်ကောင်းလေးတစ်ခုပါပဲဗျာ... အများသူငါတွေ သိသင့်တဲ့အကြောင်းရာကောင်းလေးပါပဲ..
    အစ်မတစ်ယောက်.. သီတင်းကျွတ်လပြည့်နေ့မှာ အများသူငါကို တရားတွေဖြန့်ဝေနိုင်သလို မိမိကိုယ်တိုင်လည်း ကျင့်ကြံလိုက်နာရင်းဖြင့် အစ်မရည်မှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေဗျာ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ... အစ်မ..။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers