ဝိပဿနာအားထုတ်ပါ။

0


သူငယ်ချင်း-
 မင်းဒီစာကို ဖတ်နေရချိန်မှာ ၀ိပဿနာကမ္မဌာန်း အလုပ်ကို အားထုတ်ဖို့ စဉ်းစားနေချိန် ဖြစ်ချင်ဖြစ် နေမှာပါ။ ဒါမှ မဟုတ် အားထုတ်ခဲ့ပြီးဖြစ်ချင်ဖြစ်နေမှာပါ။

အခုအချိန်ဆိုတာက နေရာအနှံမှာ ၀ိပဿနာ တရားရိပ်သာတွေ၊ ဆရာတော်တွေ အသီးသီးက တရားထိုင်သင့်ကြောင်း ဟောကြားနေကြသလိုပဲ၊ ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ် လူတိုင်းလိုလို တရားထိုင်ဖို့ကို စဉ်းစားနေကြပါပြီ။ အဲဒီအထဲမှာ မင်းလည်းတစ်ယောက်အပါအ၀င်ဖြစ်မယ်လို့ ကိုယ်ယုံကြည်တယ်။

မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ အကာလိကော အချိန်အခါ မရွေး၊ လက်ငင်း အကျိုးပေးတတ်ပါတယ်။ ကိုယ်တိုင် ခံစား အားထုတ်သိမြင် ဆိုက်ရောက်နိုင်တဲ့ ဧဟိပဿိကော ဆိုတဲ့ ဂုဏ်တော်နဲ့လည်း ပြည့်စုံပါတယ်။ လူမျိုးမရွေး ဘာသာမရွေး ကိုယ်တိုင် လက်တွေ့တရားထိုင်ပြီးတော့မှ မိမိရဲ့ စိတ်သန္တာန်မှာ ရုပ်ခန္ဓာမှာ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း သိခွင့်ရတာ၊ ရနိုင်တာ ဗုဒ္ဓရဲ့ ဓမ္မပါ။ မြတ်စွာဘုရားဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်ကတည်း က ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့တဲ့ လူသာမာန်ကနေ သဗ္ဗညုတ အသိဥာဏ်ထူးကို ထိုးထွင်းသိမြင်တော်မူခဲ့တဲ့ တရားရှင်လူစစ်စစ်ပါ။ ဘယ်တန်ခိုးရှင်ရဲ့ တမန်တော်၊ လူဝင်စားမှ မဟုတ်ပါဘူး။ သူဟောကြားခဲ့တဲ့တရားတွေ ကလည်း ရုပ်ခန္ဓာ စိတ်အစဉ်မှာ ဖြစ်ပျက်နေတာ၊ ခံစားနေရတာတွေမှ လွတ်ငြိမ်းကြောင်းအမှန် သစ္စာတရားတွေပါပဲ။ နာမည်ကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက နောင်အနာဂတ်မှာ လက်တွေ့သိပ္ပံနည်းကျ အစမ်းသပ်ခံနိုင်မှာ ဗုဒ္ဓ၀ါဒသာပဲရှိပါတယ်လို့ ပြောခဲ့ပါတယ်။

တို့တစ်တွေရဲ့ ဘိုးဘွားတွေ လက်ထက်မှာ တုန်းကဆိုရင် တရားထိုင်တာ လူသာမာန်တွေရဲ့ အလုပ်မဟုတ်ဘူး။  ဘုန်းတော်ကြီးတွေ အဘိုးအဘွားတွေ လုပ်တဲ့အလုပ်လို့ ယူဆထားခဲ့ကြတာ မဟုတ်လား။ တရားထိုင်တယ်ဆိုရင်ပဲ အထူးအဆန်းအလုပ်ကြီးတစ်ခုကို လုပ်နေတယ်လို့ တအံ့တသြဖြစ်နေကြတဲ့ခေတ်လေ။ ဒါပေမဲ့ အခု အချိန်မှာတော့ အားလုံးပြောင်းပြန်ဖြစ်သွားပါပြီ။ အသက်အရွယ်ငယ်ရွယ်စဉ်အခါ ကျန်းမာစဉ်အခါ၊ ဥာဏ်ထက်စဉ်အခါမှာ ခန္ဓာဥာဏ်ရောက်တရားတွေကို  ကျိုးစားအားထုတ်သင့်တယ်ဆိုတယ်အကြောင်း အားလုံးသဘောပေါက်ကုန်ကြပြီ။ တရားရိပ်သာ သွားတယ်ဆိုတာ လူတန်းစားမရွေး ၊ အသက်အရွယ်မေ၇ွး လုပ်တဲ့ အလုပ်တစ်ခုဖြစ်လာပြီလေ။ ဆရာတော်တွေရဲ့ အဆုံးအမနဲ့ သတိပဌာန်တရားတော်ဆိုတာ အချိန် နေရာမရွေး သတိနဲ့ ကျင့်ကြံနေထိုင်ရတဲ့ တရားဆိုတာ ကိုလည်း လက်ခံလာကြပီလေ။ ဒါကြောင့် သင်္ကြန်လို အချိန်မျိုးတွေဆိုရင် တရားစခန်းတွေမှာ လူအပြည့်ဖြစ်နေတာပေါ့။

ကိုယ်မှတ်မိဖတ်မိတာလေး ပြောပြအုန်းမယ် လယ်တီဆရာတော်ဘုရားကြီးသက်ရှိထင်ရှားရှိစဉ်က ကင်းဝန်မင်းကြီး ဦးကောင်းက ပင့်ဖိတ်ပြီး တရားနာ၊ ဆွမ်းကပ်တယ်တဲ့၊ တရားဟောအပြီးမှာ ကင်းဝန်မင်းကြီး က ငိုသတဲ့ ဘာဖြစ်လို့လည်းဆိုတော့ ဒီလို ၀ိပဿနာတရားတွေကို ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းကြီး နာကြားမသွားရတာကို စိတ်မကောင်းဖြစ်လို့တဲ့။ ဒါလောက်ဆိုရင် မင်းစဉ်းစားကြည့်လို့ရပြီးပေါ့နော်။ ကိုယ်တို့ အခုရောက်ရှိနေတဲ့ အချိန်ဟာ ဘယ်လောက်တောင် ကံကောင်းတဲ့ အချိန်လဲဆိုတာ။

မြတ်စွာဘုရားသာသနာတော် ထွန်းလင်းခိုက်၊ ကလျာဏမိတ္တကောင်းနဲ့ကြုံကြိုက်ခိုက် အခွင့်သာဆဲမှာ မဂ်ဖိုလ်တရားထူးများ ရအောင် အားထုတ်ခြင်းဖြင့် မတုန်မလှုပ်သက်ဝင်ယုံကြည်သူများအဖြစ် ရှိနေသင့်တယ်။ 

သူငယ်ချင်းရေ....ဆရာတော်တစ်ပါးအဆုံးအမလေးကိုလည်း ပြောပြအုန်းမယ်နော်။

သင်ကိုယ်သင် မေးကြည့်ပါတဲ့။
ဗုဒ္ဓမြတ်စွာဘုရားအပေါ် ဘယ်လောက်ယုံကြည်နေပါသလဲ၊ ယုံကြည်ပြီး ဘယ်လောက်လေးစားပြီးကာ ဗုဒ္ဓဝေယျာဝစ္စကို ဘယ်လိုနေ့စဉ်ကုသိုလ်ယူခဲ့ပါသလဲ။ ရိုသေလေးစားမှုက ဘယ်လောက်ထိ ရှိပါသလဲ။တရားတော်အပေါ်ကျတော့ရော ဘယ်လောက်ယုံကြည်သလဲ။

သူများပြောလို့စမ်းတ၀ါးဝါးလျောက်လုပ်နေတာလား။ဟိုလုပ်ရင်ကောင်းမယ်၊ သည်ဟာလုပ်ရင်ကောင်းမယ် ။ ဘယ်အသားတော့မစားဘူး။ မီးလွတ်စားရမယ်။ အဓိဋ္ဌာန်ဝင်ကြည့် စသည်ဖြင့်ပြောတာတွေ ယုံကြည် နေပြီလား။တကယ်ယုံကြည်လို့လုပ်ခဲ့တာ အောင်မြင်နေပြီလား။

ဝိပဿနာတရားက အားလုံးအဆင်ပြေတယ်။ ကျန်းမာရေးကောင်းတယ်၊ စိတ်သောကတွေ ကင်းဝေးပြီး ငြိမ်းချမ်းအေးမြမှုတွေပေးတယ်လို့ ပြောကြလျှင် အဲဒီဝိပဿနာ ကိုရော တစ်နေ့မှာ အချိန်ဘယ်လောက် ယုံကြည်စွာ လုပ်ဖူးသလဲ။

သံဃာတော်တွေကိုရော ဘယ်လောက် ယုံကြည်စွာ ကြည်ညိုတတ်ပြီလဲ။

သဒ္ဓါတရားအပြည့်နဲ့ ဘယ်လိုအလှူတွေ ပေးခဲ့သလဲ။ လှူပြီးတဲ့နောက်ရော စေတနာတွေပျက်လို့ ယုံကြည်မှုတွေ လွဲခဲ့ပြီလား စသဖြင့် မိမိတို့က ပုထုဇဉ်များပီပီ ယုံကြည်မှုသဒ္ဓါတရားကို နေ့စဉ် ဆန်းစစ်နိုင်ပါစေ လို့ တိုက်တွန်းထားတယ်။

ကိုယ်ကတော့ ကိုယ်မှတ်ဥာဏ်ထဲမှာရှိတာတွေကို မင်းကို ရင်းရင်းနှီးနှီးပြောပြရင်းနဲ့ တရားထိုင်ဖို့ တိုက်တွန်းတာပါကွာ။ ကိုယ်ချစ်တဲ့သူငယ်ချင်း ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ ၀ိပဿနာဘာဝနာအလုပ်ကို ငယ်ရွယ်စဉ်မှာ စတင်လုပ်ပြီး တစ်ဘ၀လုံးသယ်သွားနိုင်ပါစေ မေတ္တာပို့ဆုတောင်းလိုက်ပါတယ်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ီDid You Know

0


တရားထိုင်ခြင်းကြောင့် ဦးနှောက်အပြောင်းအလဲဖြစ်နိုင်

တရားထိုင်တာကြောင့် စိတ်အေးချမ်းမှု ရရှိစေတာနဲ့ စိတ်ပြေလျော့မှုတွေရရှိစေတယ်ဆိုတာ သိရှိကြပီးပြီလို့ထင်ပါတယ်။
တရားထိုင်တာကြောင့် ဦးနှောက်တွင်းမှ Grey Matter တွေပါပြောင်းလဲ မှုရှိတယ်ဆိုတာ  သင်သိပါရဲ့လား။ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ ရှစ်ပတ်ကြာတရားထိုင်သူတွေဟာ မှတ်ဥာဏ်၊ စိတ်ဖိစီးမှု၊ သင်ကြားမှု စာနာမှုတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းနေရာမှာ သိသိသာသာပြောင်းလဲမှု ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် သင်ယူမှုနဲ့ မှတ်ဥာဏ်တိုးတက်လာအောင် စိုးရိမ်မှုနဲ့ ဖိစီးမှုတွေ လျော့ကျသွားအောင် နေ့စဉ် မိနစ် ၃၀ခန့်တရားသင့်ပါတယ်။

(ဒေါက်တာခင်မိုးမိုး ၂၀၁၁ခုနှစ် အာရောဂျံမဂ္ဂဇင်း)

Cell ပျက်စီးမှုနည်းအောင် တရားထိုင်ပါ။

သုံးနှစ် အသက်ပိုရှည်နိုင်ပါတယ်။

ပုံမှန်တရားထိုင် (ခါးမတ်မတ်ထားပြီး ထိုင်ကာ ၀င်လေထွက်လေအပေါ် အာရုံထားတာ)ကို နေ့စဉ် ၁၀မိနစ်ခန့် ပြုလုပ်သူတွေဟာ သုံးလအကြာမှာ ခန္ဓာကိုယ် Cellတွေ ပျက်စီးမှုမရှိ အောင် ကာကွယ်ပေးတဲ့ တယ်အိုမီးယားတွေ မြင့်တက်လာပြီး အသက်ပိုရှည်ရှည် နေနိုင်တယ်လို့ သိရပါတယ်။

အသက်ရှည်ခြင်းလှျှိုဝှက်ချက်။

တရားထိုင်ဖို့ ငြိမ်သက်နေစဉ်မှာ အကောင်းမြင်တဲ့ အတွေး ပြောင်းလဲသွားပြီး စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်စွမ်းမြင့်တက်လာပါတယ်။ စိတ်ဖိစီးမှုကို တာရှည်ခံရတာကြောင့် ခန္ဓာကိုယ်မှ တယ်အိုမီးယား ထွက်ရှိမှု နှောင်းနှေးသွားပြီး  Cell ကျန်းမာရေး ထိခိုက်တတ်လို့ပါ။

(ဒေါက်တာခင်မိုးမိုး ၂၀၁၁ခုနှစ် အာရောဂျံမဂ္ဂဇင်း)

ကျန်းမာရေး ရှုထောင့်မှ တရားထိုင်ခြင်းနှင့် ကျန်းမာရေး အကြောင်းကို တိုတိုနဲ့လိုရင်းလေး ဖတ်မိရတဲ့ အခါ မှာ ဒီပိုစ့်လေးရေးဖို့ဖြစ်လာပါတယ်။ ဆက်လက်ပီး ဘာသာရေး ရှုထောင့်မှ ကြည့်ရအောင်နော်။

မြတ်စွာ ဘုရားရှင်က ......

သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂ သံယုတ်၊ အပ္ပမာဒသုတ်တွင် ကောသလဘုရင်က မြတ်စွာဘုရားရှင်ကို-  အရှင်ဘုရား ပစ္စုပ္ပန်သံသရာ အကျိုးစီးပွား နှစ်မျိုးးကို ပြီးစီး ပြည့်စုံစေနိုင်သော တရာ (၁)မျိုး ရှိပါသလား ဘုရားဟု မေးလျောက်ပါတယ်။ ဗုဒ္ဓဘုရားရှင်က ဤပစ္စုပ္ပန် ဘ၀၌ အကျိုးစီးပွား နှင့် နောက်သံသရာ ဘ၀များ၌ အကျိုးစီးပွား နှစ်မျိုးလုံး ကို ရရှိနိုင် ပြီးစီး ပြည့်စုံနိုင်သည့် တစ်မျိုးတည်းသော အကြောင်းတရားသည် အပ္ပမာဒ သတိတရားပင်ဖြစ်သည်။ ခြေဖြင့်သွားကြသော သတ္တ၀ါအားလုံးတို့၏ ခြေရာတွင့် ဆင်၏ ခြေရာသည် အကြီးဆုံးဖြစ်သည်။ အခြားသတ္တ၀ါများ၏ ခြေရာများသည် ဆင်၏ ခြေရာကိုကျော်လွန်ပြီး မနိုင်နိုင်သဖြင့် ဆင်ခြေရာကို အကြီးဆုံးအမြတ်ဆုံး ဖြစ်သည် ဟု ပြောဆိုနိုင်သလို အပ္ပမာဒ သတိတရားသည်လည်း ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးစီးပွား ကို ရရှိခံစား ရနိုင်သော တရားဖြစ်သည်။ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ အဆင်းလှခြင်း၊ နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ မြင့်မြတ်သောအမျိုး၌ ဖြစ်ရခြင်းဟူသော နှစ်သက် ပျော်ရွှင် ဘွယ်ရာများကို အလိုရှိသူသည် အပ္ပမာဒ သတိတရားကို ပွားများ အားထုတ်သင့်၏။ စသည်ဖြင့် ပသေနဒီ ကောသလဘုရင်အား ဟောကြားတော်မူခဲ့ပါသည်။

လူ့ဘ၀ရခိုက် ဗုဒ္ဓသာသနာတော်နှင့် လည်းကြုံတွေ့ခိုက်မှာ ဗုဒ္ဓဘုရားရှင်၏ အပ္ပမာဒ သတိပဌာန်တရား မိမိတို့ သန္တာန်၌တည်ရှိနေစေရန် ကြိုးစားအားထုတ်လျှင်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန် လောကီ လောကုတ္တရာ အကျိုးစီးပွားကို အမှန်တကယ် ရရှိခံစား နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေး ရှုထောင့်ကရော ၊ ဘာသာရေး ရှုထောင့်ကပါ ရေးသားတင်ပြလိုက်ရပါတယ်။

ညခင်း 
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

တရားအသိ လူမျက်စိ

3

တရားအသိ လူမျက်စိ

ဘုရားလက်ထက်က ဝေသာလီမြို့မှာ ထေရိကာဆိုတဲ့ အိမ်ရှင်မကလေးတစ်ယောက်ရှိတယ်။ ရုပ်အဆင်းလဲလှတယ် ပစ္စည်းဥစ္စာလဲရှိတယ်။ အမျိုးလည်းမြတ်တယ်။ အထူးအားဖြင့်တော့ ရတနာ သုံးပါ ကျေးဇူးကြောင့် ထည်ဝါခံ့ညား လေးနက်မှုနဲ့ ပြည်စုံတယ်။ သမာဓိစွမ်းအားနဲ့ စိတ်ဓာတ်စွမ်းအားကြံ့ခိုင်အောင် ငြိမ်းအေးအောင် နေတတ်တယ်။ ရှုပ်ထွေးလေးလံလှတဲ့ အိမ်ထောင်ရေး ၀န်ထုပ်ကို သမာဓိစွမ်းအားနဲ့ ရှင်းလင်း ပေါ့ပါးစွာ ထမ်းဆောင်တတ်တယ်။ တရား ကျေးဇူးတွေ နဲ့ တပန်းသာနေတာပေါ့။ သူ့ရဲ့ အိမ်ထောင်ရေး လမ်းစဉ်ဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းပေါ်ကို ရောက်နေတယ်။ ပူလောင်ရှုပ်ထွေး လေးလံလှတဲ့ အိမ်မှုကိစ္စ တာဝန်ဆိုတာ ငါ့ဦးနောက် အသိဥာဏ် တစ်ခုတည်းနဲ့ ထမ်းလို့မနိုင်ဘူး။ အင်အားအလွန်ကောင်းတဲ့ ရတနာသုံးပါး စွမ်းအားနဲ့ ထမ်းမှ နိုင်မှာလို့ ပြတ်သားတဲ့ ခံယူချက်ထားတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရတနာသုံးပါး ဦးထိပ်ထားပြီး သမာဓိ ထူထောင်တယ်။ တရားနာကြား လေ့လာဖူးတော့ ၀ိပဿနာလဲနှလုံးသွင်း ဆင်ခြင်ပွားများတတ်တယ်။

(၁)ဒါန
(၂) သရဏဂုံ
(၃) ငါးပါးသီလ
(၄) မေတ္တာ
(၅) အနိစ္စာနုပဿနာ

အဲဒီငါးမျိုးကို နေ့စဉ်အိမ်ထဲမှာ နေရင်း ရအောင်စုတယ်။ မနက်အိပ်ရာထတာနဲ့ သရဏဂုံ သီလကယူထားပြီးသား၊  ဘုရား၊ ရေ၊ ပန်း၊ ဆီမီးကပ်လှူတာ အစ မိသားစုအချင်းချင်း ကျွေးတာအဆုံး အလှူကိုလဲ လေးလေးနက်နက် လုပ်တယ်။ မေတ္တာကို သတိရတိုင်းပို့တယ်။ ထမင်းဟင်းချက်တော့မယ်ဆိုရင်လဲ ဤစားဖွယ်အမယ်မယ်ကို စားသုံးကြတဲ့ မိသားစုတွေ ချမ်းသာကြပါစေလို့ မေတ္တာပွားလေ့ရှိတယ်။ ထမင်းဟင်းချက်ရင်းတောင်မှ သိတတ်တဲ့ စိတ်နဲ့ သိစရာ ထမင်းဟင်းအာရုံကို ပိုင်းခြားပြီး သမာဓိရအောင် စူးစိုက်ချက်တယ်။ အိမ်အလုပ်တွေကို စိတ်ကူးပေါက်သလို ရှုပ်ယှက်ခတ် မလုပ်ဘဲ သတိနဲ့ အကွက်ချ စဉ်တန်းပြီး ဒါပြီးရင် ဒါလုပ်မယ်။ ဒီအလုပ်လုပ်နေချိန်မှာ ဒါနရနိုင်ရင် ဒါနယူထားလိုက်တယ်။ သီလရနိုင်တဲ့နေရာမှာ သီလယူထားလိုက်မယ်။ သမာဓိရနိုင်တဲ့ နေရာမှာ သမာဓိယူထားလိုက်မယ်။ မေတ္တာရနိုင်တဲ့ နေရာဆိုရင် မေတ္တာပွားပေးမယ်။ ၀ိပဿနာရနိုင်တဲ့ နေရာကျတော့လဲ ၀ိပဿနာ ယူလိုက်မယ်လို့ မှန်ကန်တဲ့ စိတ်ထားလေးနဲ့ ကျိုးစားဆောင်ရွက်တယ်။

တနေ့တော့ ဟင်းချက်ရင်း ရေပူမီးပူ ကြောင့် လန်းဆန်းလတ်ဆတ်နေတဲ့ ဟင်းရွက်တွေ ကျက်သွားကြပုံ ပြောင်းလဲသွားကြပုံကို ဥာဏ်နဲ့ ကြည့်ရင်း ခန္ဓာဘက်ဥာဏ်လှည့်ပြီး စူးစိုက်ကြည့်လိုက်တယ်။ မိမိခန္ဓာမှာ သင်္ခါရ အပူဒဏ်ကြောင့် ရုပ်နာမ်တွေ ရင့်ကျက်ပြောင်းလဲနေပုံကို သမာဓိဥာဏ်နဲ့ စူးစိုက်ပွားများလိုက်တာ ၀ိပဿနာဥာဏ်ရင့်ပြီး အနာဂါမ်ဖြစ်သွားတယ်။ ထမင်းဟင်းချက်ရင်း စိတ်ဓာတ်ကိုပါ ရင့်ကျက်သွားအောင် ချက်တတ်တယ်ပေါ့။ အမှိုက်ထဲက ရွှေထုပ်ကောက်တယ်လို့လည်း ဆိုနိုင်တာပဲ။ မကြာမီ သူ့ခင်ပွန်းထံ ခွင့်တောင်းပြီး သာသနာဝင် ဘိက္ခုနီ ပြုလိုက်တယ်။ တရားဆက်အားထုတ်လိုက်တော့ ရဟန္တာဖြစ်သွားပါတယ်။

အာရုံနဲ့ စိတ်စွမ်းအားများ သဘာဝအရှိအတိုင်း သိမြင်နိုင်အောင် ပညာက အလင်းရောင်ပေးရပါတယ်။ အရှိကို အရှိအတိုင်း သိနိုင်တာကို ပညာလို့လည်းခေါ်ပါတယ်။ နေ့စဉ်လုပ်နေကျဖြစ်တဲ့ စားဝတ်နေရေး။ စီးပွားရေး၊ လူမှုရေး၊ အလုပ်တွေကို သတိနဲ့ အကွက်ချ တန်းစီပြီး ၀ီရိယနဲ့ စနစ်တကျ ဆောင်ရွက်သွားရင် သမာဓိကလေးတွေ အဆင့်ဆင့် ပေါ်လာကြမယ်ဆိုတာ ဒီ ဇာတ်ေ တ်ာလေးက သက်သေပြနေပြီးနော်။ သတိနဲ့ ၀ီရိယတွဲပေးကာ စိတ်ကြည်လင် သန့်စင်စွာနဲ့ နေ့စဉ်အိမ်ထဲမှာ နေရင်း ၊ အလုပ်လုပ်ရင်း ကုသိုလ် အစုနဲ့ တကွ သံသရာမှလွတ်ရာ အေးငြိမ်းတဲ့ နိဗ္ဗာန်ရအောင် အထောက်အပံ့ကောင်းတွေ ရအောင်စုကြပါစို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

သနားစရာ အကောင်းဆုံးလူ

2


သနားစရာ အကောင်းဆုံးလူ
လူအများစုသည် ဒေ၀ဒတ်ကို အဆိုးဆုံး လူတစ်ယောက်၊ မုန်းစရာ အကောင်းဆုံး လူတစ်ယောက် ဟု ဧကန်သတ်မှတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် မေတ္တာ၊ ကရုဏာရှင် မြတ်စွာဘုရားနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည့် အရှင် သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ဆန့်ကျင်သူတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားရှင်ကမူ ဒေ၀ဒတ်ကို အလွန်သနားပေလိမ့်မည်။ သနားစရာ အကောင်းဆုံး လူတစ်ယောက်ဟု ရှုမြင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူ၊နတ်၊ ဗြဟ္မာ ၊သတ္တ၀ါတို့ မြတ်စွာဘုရားကို ကိုးကွယ်ရာ၊ အားကိုးရာ အဖြစ်ကြည်ညိုလေးစားချင်ကြရန်အတွက် လူမိုက် အလုပ်တွေကို လွန်ကျူးလုပ်ပြကာ အ၀ီစိသို့သွားရောက် ဒုက္ခခံ နေရသော ကြောင့် ဖြစ်သည်။

 လူ၏ မူလ သဘာဝစိတ်ဓာတ်ဟာ အမှောင်ထုကိုလွှမ်းမိုးနေပြီး ငါးပါးအာရုံ ကာမဂုဏ်တရားတို့နှင့် မွေ့ရော်ပျော်ပါး နေသောစိတ်ဓာတ်ဖြစ်သည်။  ထို့ကြောင့် အမှောင်ထုကို ဖယ်ရှားပြီး မိမိစိတ်ကို အမှောင်ထုမှ ဖယ်ရှားနိုင်ရန် အောက်ပါ အသိဥာဏ်သုံးမျိုး ရှိရမည်ဖြစ်ပါသည်။

၁။ လောကထဲ၌ နေထိုင်စဉ် လူမှာ အမှားအမှန်၊ အဆိုအကောင်း၊ ဆင်းရဲချမ်းသာကို ခွဲခြားသိမြင်တတ်သော အသိဥာဏ်ရှိဖို့လို၏။
၂။ အဆိုးအကောင်း  လောကဓံတရားများနှင့် တွေ့ကြုံရသောအခါ စိတ်သောကမဖြစ်ရအောင် ဆင်ခြင်ပွားများ တတ်သော အသိဥာဏ်ရှိဖို့လို၏
၃။ ကာမဂုဏ်ကိုစက်ဆုပ်၍ လောကမှ လွတ်မြောက်လိုသောအခါ မှန်ကန်သော ကျင့်စဉ်တရားကို စိစစ်ရှာဖွေ တတ်သော အသိဥာဏ်ရှိဖို့လို၏။

ထိုအသိဥာဏ်သုံးမျိုးကို လောကသားထဲ မှ ဘယ်ပုဂ္ဂိုလ်က ပေးစွမ်းနိုင်မည်ထင်ပါသနည်း။  မသိမှု အ၀ိဇ္ဖာ၊ သဘာဝ ရုပ်နာမ်တရားတို့အပေါ် အမြင်မှားအသိမှားမှု ဒိဌိ၊ အာရုံငါးပါး ကာမဂုဏ်တရားကို လိုလားမှု ကာမတဏှာ၊  ဒီ တရားသုံးမျိုးသာ လူသားတွေ စိတ်ထဲမှာ အမြဲလွမ်းမိုးနေခြင်းကြောင့် ယင်းတရားသုံးမျိုးကိုဖယ်ရှားနိုင်ဖို့ရာ အထက်ပါ အသိဥာဏ်သုံးမျိုးကို ဗုဒ္ဒမြတ်စွာမှ တစ်ပါး အခြားမည်သူမှ မပေးစွမ်းနိုင်ပေ။ ဗုဒ္ဓတရားတော်များကသာ လျှင် ယင်းအသိဥာဏ်များကို ရနိုင်မည်ဖြစ်ပါတယ်။ ထို့ ကြောင့် အဆိုပါ အသိဥာဏ် သုံးမျိုးရနိုင်ရေးအတွက် လူသားတိုင်း ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာသင့်ပေသည်။

တောတောင်ကိုဖြတ်လျက် ကားလမ်းဖောက်သောအခါ မူလရှိနေတဲ့ ကျောက်တုံးကျောက်ဆောင်များ တောချုံသစ်ပင်များကို ရှေးဦးစွာ သုတ်သင်ရှင်းလင်းရ၏။ ထို့သို့သုတ်သင်ရှင်းလင်းပြီးမှ လမ်းချောဖြစ်အောင် မြေချောမြေဖို့ စသည်တို့ကိုပြုလုပ်ရ၏။ ထိုသို့လမ်းချောဖြစ်မှသာ ယင်းလမ်းပေါ်၌ကားများပြေးဆွဲကြရသည်။ ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာပြိးနောက် ယင်းတရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းသည် ကားလမ်းချော၌ ကားများပြေးဆွဲကြသည်နှင့်တူ၏။

ဒီပိုစ့်လေးဖြစ်ပေါ်လာပုံကတော့ 
 
စာရေးသူ ရဲ့ စာမရိုက်ခြင်ခြင်း၊ အာရုံစိုက်ရ့ခြင်း၊တွေးတောရခြင်းတို့ကို ပြုလုပ်ရမှာ အတော်လေးကို စိတ်ပျက်မိနေချိန်မှာ ကလျာဏမိတ္တမိတ်ဆွေကောင်း  တို့၏ တရားဓမ္မများကို တတ်နိုင်သလောက် တတ်သိသလောက်လေး ဖြန့်ဝေပေးစေချင်သော  စေတနာ  တိုက်တွန်း နှိုးဆော်ချက် တို့ကြောင့်ဖြစ်ပေါ်လာရခြင်းပါ။ လောကသားများသည် ကာမဂုဏ်ကို ချမ်းသာထင်လျက် အာရုံထဲမှာ နစ်မြုပ်ကာ တစ်ဘ၀ပြိး တစ်ဘ၀ သံသရာရေစီးကြောင်းမှာ မျောပါစီးနေကြသည်။ဒီအထဲမှာလည်း စာရေးသူလည်း သံသရာခရီးသွားဖြစ်တဲ့အတွက်ကြောင့် ငါးပါးအာရုံ တွေနဲ့ မျောနေခြင်းဖြစ်သည်။  

လူ့ဘ၀သည်ကောင်းမှုများကုသိုလ်ပြုလုပ်၍ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သလို မကောင်းမှုအကုသိုလ်လုပ်၍အောက်ဆုံးအထိရောက်အောင် ပြုလုပ်နိုင်သော ဘုံဘ၀ဖြစ်ပေသည်။သို့ဖြစ်၍ ရခဲလှစွာသော လူ့ဘ၀လေးမှာ သာသနာနဲ့တွေ့ကြုံနေခိုက် ပြုလုပ်သင့်သည်ကောင်းမှုများကို နေ့စဉ်ပြုလုပ်ကာ တန်ဖိုးရှိသောလူ့တစ်ယောက်အဖြစ်တန်ဖိုးရှိသောလူ့ဘ၀ကို အသုံးချနိုင်အောင် ကြိုးစားကြပါစို့လို့တိုက်တွန်းရေးသားလိုက်ရပါသည်။

ညခင်း
တရားအစစ်အမှန်ချစ် နှစ်ခြိုက် ကျင့်သုံးနိုင်ကြပါစေ။ (၂၄.၂.၂၀၁၂)

ကောင်းဆိုးနှစ်မျိုးခွဲခြားပါ။

1

ကောင်းဆိုးနှစ်မျိုး ခွဲခြားပါ.....

ဗုဒ္ဓကသည် သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါအားလုံး ဆေးကြောသုတ်သင်ပေးမယ်။ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနသို့ ပို့ဆောင်ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးခဲ့ပါဘူး။ 

တစ်စုံတစ်ယောက်ရဲ့ အပြစ်တွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိ ဗုဒ္ဓမှာမရှိပါဘူး၊ တကယ်စင်စစ်တော့ တစ်စုံတစ်ယောက်သည် အခြား တစုံတစ်ယောက် သန့်ရှင်း အောင်လဲ လုပ်မပေးနိုင်ပါဘူး ညစ်နွမ်းအောင်လဲ လုပ်နိုင်ပါဘူး။မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တစ်ယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဆန်းစစ်မှု ၀ိဘဇ္ဇအခွင့်အလမ်းနှင့်ပတ်သက်၍ကေသမုတ္တိသုတ် တော်လာ ကာလာမအမျိုးသားတို့အား မြတ်ဗုဒ္ဓသည့် အမှန်တရားစိစစ်လက်ခံနိုင်ရေး စဉ်းစား တွေးတောကြံဆနိုင်ရန်  အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။

ဗုဒ္ဓရဲ့ စကားကြီး(၁၀)ခွန်း

ကာလာမတို့-
၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကားကြားရုံမျှနဲ့လဲ ၀ါဒတစ်ခု လက်မခံလိုက်နဲ့ဦး။


၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံ အားလုံးလဲ မှန်တယ်လို့ သိမ်းကျုံးလက်မခံလိုက်နဲ့ဦ်း။

၃။ သူတစ်ပါးပြောတိုင်းလဲ မစုံစမ်းမဆင်ခြင်ပဲ လက်မခံလိုက်နဲ့ဦး။

၎။ စာနဲ့ရေးထားတိုင်းလည်း အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။ 

၅။ မိမိတွေးတောကြံဆ လို့ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေ အားလုံးမှန်ပြီ လို့ လက်မခံလိုက်နဲ့ဦး။

၆။ မှီရာ နည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။

၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတစ်ယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။

၉။ ထင်ရှား ကျော်ကြား လူအများ လေးစားတဲ့ ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။

၁၀။ ငါတို့လေးစားတဲ့ ငါတို့ ဆရာစကား ဆိုပြီး တော့လဲ အပြီးသတ် လက်မခံလိုက်နဲ့အုန်း။ 
 
*ကာလာမတို့ … ဤတရားတို့ကား စက်ဆုပ်ဖွယ်တရားတို့ပါတကား၊ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား၊ ဤအကျင့်တို့ကား သူတော်ကောင်းများကဲ့ရဲသော အကျင့်ပါတကားလို့ သင်တို့ကိုယ်တိုင် ဥာဏ်နဲ့ သိနိုင်ကြသားပဲ။

အဲဒီလို သိတဲ့အခါ အဲဒီ မကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ၊ ပယ်လိုက်ကြပေါ့။

ကာလာမတို့ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့်သာ ဤအကျင့်တရားတို့ကား အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိသူတော်ကောင်းများ ချီးမွမ်းအပ်သော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့သိနိုင်ကြသားပဲ၊ကိုယ်ပိုင် ထားသော စိတ်၊ စေတသိတ်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည် သတ္တိတွေကို အသုံးချလိုက်ကြပါ။

ထိုသို့ဟောကြားခဲ့ပါတယ်။ သုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းဟောကြားချက်များသည် ဘာသာရေးမှာ မျက်စိမှိတ်လမ်းလွဲ နေတဲ့ ပုဂ္ဂိုလ်တွေ မျက်စိပွင့်စေတဲ့ စွမ်းအားတစ်မျိုးဖြစ်ပါတယ်။ ကိုးကွယ် ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွ လာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

                                                                                      ကေသမုတ္တိသုတ်၊ မဟာဝဂ်၊
                                                                        အဂုင်္တ္တရနိကာယ၊ တိကနိပါတ်ပါဠိတော်
ညခင်း
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers