ထင်းခွေမကြုံရေခပ်ကြုံ

6

တစ်ခါတုန်းက ဥတ္တရာပထတိုင်းသား တစ်ယောက်ဟာ ခရီးတစ်ခုထွက်ခဲ့ပါတယ်။ ခရီးသွားနေတုန်းမှာ နေကသိပ်ပူတော့ ရေကလည်း ဆာလာပါတယ်။ ဒါကြောင့် နီးရာသစ်ပင်ရိပ်အောက်ကို ၀င်နားလိုက်ပါတယ်။ သစ်ပင်အောက်မှာ သူ့လိုပဲ သာဝတ္တိပြည်သား လူစိမ်းတစ်ယောက်ကလည်း ကွမ်းဝါးရင်း နေပူခိုပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ကြိုရောက်နေတဲ့ လူစိမ်းကို ရေတောင်းလိုက်ပါတယ်။

မိတ်ဆွေရယ် ရေလေးဘာလေးမပါဘူးလား၊ ပါရင် နည်းနည်း လောက်ပေးစမ်းပါ၊ ရေသိပ်ဆာနေလို့ပါ… မပါဘူး......ဒါဖြစ်ရင်လည်း မိတ်ဆွေရယ် ၊ ရေဆာလွန်းလို့ ကွမ်းလေးတစ်ယာ လောက်ပေးပါ......... အိုး…ဒီအတိုင်းတော့ ဘယ်ရမလဲ၊ လေးအသပြာပေးရမယ်....ရပါတယ် လေးအသပြာပေးပါ့မယ်

ပြောပြီး လေးအသပြာကို ထုတ်ပေးလိုက်ပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ရေဆာပြေအဖြစ် ကွမ်းကို ၀ါးပါတော့တယ်။တကယ်တော့ ကွမ်းတစ်ယာဟာ လေးအသပြာ မတန်ပါဘူး၊ လိုနေမှန်းသိလို့ ပုံမှန်ဈေးထက်အဆများစွာ တင်ရောင်းလိုက်တာ ပါ။

အမောပြေတော့ ကိုယ့်ခရီးကိုယ် ဆက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလတွေကြာသွားရောပဲ ဆိုပါတော့။တစ်နေ့သောအခါမှာတော့ ပင်လယ်ပြင်မှာ ခရီးထွက်ရင်း သူတို့နှစ်ဦးဟာ သင်္ဘောတစ်စီးမှာ ပြန်ဆုံကြပြန်ပါတယ်။

တစ်နေရာအရောက်မှာတော့ စီးလာတဲ့သင်္ဘောက မှောက်သွားပါလေရော၊ ခရီးသည်တွေဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ကူးနေကြပါတယ်။ ဥတ္တရာပထတိုင်းသားကတော့ ကံကောင်းစွာ ပျဉ်ချပ် တစ်ခုကိုရလိုက်ပါတယ်။

ရလာတဲ့ ပျဉ်ချပ်နဲ့ ကူးရင်း သူနဲ့ခပ်လှမ်းလှမ်းမှာ ယက်ကန်ယက်ကန်နဲ့ ရေထဲနစ်လုနစ်ခင် ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့ တစ်ချိန်က သူ့ကို ကွမ်းတစ်ယာကို လေးအသပြာနဲ့ရောင်းခဲ့တဲ့သူပါ။

ဒီတော့ ဥတ္တရာပထ တိုင်းသားက…

ဒီမိတ်ဆွေဟာ ငါ ရေငတ်နေတုန်းက ကွမ်းတစ်ယာရောင်းဖူးတယ် ။ ကျေးဇူးရှိခဲ့ဖူးတဲ့ မိတ်ဆွေပဲ ဆိုပြီး သူ့ရဲ့ပျဉ်ချပ်ကို ထိုးပေးလိုက်ပါတော့တယ်။

ဒီသီဟိုဋ္ဌ် ၀တ္တုလေးကို ဖတ်ရင်း ရင်ထဲမှာ ထင်းခွေမကြုံရေခပ်ကြုံ ဆိုတာလေး သတိရမိပါတယ်။ ဒါအပြင် သူတစ်ထူးရဲ့ အပြစ်ကို မမြင်ပဲ ကျေးဇူး ကိုသာ ထင်ရှားစွာမှတ်သားထားသူရဲ့ သူတော်ကောင်းစိတ်ဓာတ်ကို လေးစားမိသွားပါတယ်။ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီ ပတ်လည် နေခဲ့ရိုးမှန်ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြန်တွေ့ကြလိမ့်မယ်တဲ့။ အချစ်ဝတ္တုဆရာရေးဆရာတွေက သိပ္ပံသဘာဝ နဲ့ ယှဉ်ရေးကြတာ ကိုဖတ်ဖူးပါတယ်။

ကံကြမ္မာသဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန်မှာ တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ။ အဲဒီလို မျက်နှာချင်းဆိုင် ပြန်လည် ဆုံကြရတဲ့အခါ ဘယ်လိုမျက်နှာတွေ နဲ့ ဆုံကြမလဲ…ခွဲခွာခြင်း ဝေးကွာခြင်းတွေနဲ့ တစ်နေ့တစ်ချိန် ကံအားလျော်စွာ ပြန်ဆုံကြရင်ဖြင့်…အပြုံးတွေနဲ့ နှုတ်ဆက်နိုင်ဖို့ လိုပါတယ်။
သူတော်ကောင်း
စိတ်ထားရှည်ကာ မကြွားဝါ
ထိုဟာ သူတော်ကောင်း
မပြင်း ဒေါသ မာန်မာန
ကင်းက သူတော်ကောင်း
ကျေးဇူးသိမြင် ပြန်ဆပ်လျှင်
ခေါ်တွင် သူတော်ကောင်း
ဂုဏ်ပြိုင် တုပ မပြုက
ခေါ်ရ သူတော်ကောင်း
ကိုယ်ကျိုးကိုသာ မရှာတာ
ထိုဟာ သူတော်ကောင်း
သူ့အပြစ်များ မပြောငြား
ခေါ်ငြား သူတော်ကောင်း
သူ့အပြစ်များ မှတ်မထား
ခေါ်ငြား သူတော်ကောင်း
မကောင်းမှု၌ မနှစ်ခြိုက်
ခေါ်ထိုက် သူတော်ကောင်း
ကောင်းမှုမြင်ဟာ ကြည်ဝမ်းသာ
ထိုဟာ သူတော်ကောင်း
သည်းခံများစွာ အရာရာ
ထိုဟာ သူတော်ကောင်း
ဂုဏ်နှစ်များစွာ ရှိလေတာ
ပြောငှာ မကုန်တောင်း။ ။
(ဓမ္မဒူတ ဆရာတော်ကြီး ဟောကြားသောတရားဆောင်ပုဒ်များ)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

6 - Comment:

  • November 19, 2009 at 7:21 PM

    ဆရာတော်ကြီးရဲ့ ဆုံးမစာကိုဖတ်လိုက်တော့ ကျွန်တော်သူတော်ကောင်းမဟုတ်ဘူး.. မဟုတ်တဲ့အပြင် သူတော်ဆိုးများဖြစ်နေမလားမသိဘူး.... ပြင်ဦးမှပဲ.. ခုနက လူလိုစိတ်ထားကတော့ တကယ့်ကိုရှားပါတယ်.. ကျွန်တော်သာဆို လက်စားချေစိတ်ပြင်းနေမလားပဲ...း(..

  • November 19, 2009 at 8:53 PM
    C :

    ၂၀၀၉ ခုနှစ်အတွင်းမှာ ရေးတဲ့ ၁၁၁ ခုမြောက် စာမျက်နှာကို ဖတ်သွားပါတယ်
    သူတော်ကောင်းတွေရဲ့လုပ်ရပ် အံသြစရာပါပဲ အတုယူသင့်ပါတယ်။

    ကျေူဇူးပါပဲ။

  • November 19, 2009 at 10:25 PM

    သူတော်ကောင်းလိုနေနိုင်အောင် အများကြီးလိုပါသေးတယ် လို့ ကိုယ့်ကိုယ် ဝေဖန်သုံးသပ်မိပါတယ်. :)

  • November 20, 2009 at 4:16 AM

    သူတော်ကောင်း
    စိတ်ထားရှည်ကာ မကြွားဝါ
    ထိုဟာ သူတော်ကောင်း
    မပြင်း ဒေါသ မာန်မာန
    ကင်းက သူတော်ကောင်း
    ကျေးဇူးသိမြင် ပြန်ဆပ်လျှင်
    ခေါ်တွင် သူတော်ကောင်း
    ဂုဏ်ပြိုင် တုပ မပြုက
    ခေါ်ရ သူတော်ကောင်း
    ကိုယ်ကျိုးကိုသာ မရှာတာ
    ထိုဟာ သူတော်ကောင်း
    သူ့အပြစ်များ မပြောငြား
    ခေါ်ငြား သူတော်ကောင်း
    သူ့အပြစ်များ မှတ်မထား
    ခေါ်ငြား သူတော်ကောင်း
    မကောင်းမှု၌ မနှစ်ခြိုက်
    ခေါ်ထိုက် သူတော်ကောင်း
    ကောင်းမှုမြင်ဟာ ကြည်ဝမ်းသာ
    ထိုဟာ သူတော်ကောင်း
    သည်းခံများစွာ အရာရာ
    ထိုဟာ သူတော်ကောင်း
    ဂုဏ်နှစ်များစွာ ရှိလေတာ
    ပြောငှာ မကုန်တောင်း။ ။

    ဒီစာသားလေးကြိုက်မိပါတယ်အစ်မရေ.. ကူးယူသွားပါတယ်..။
    ကျေးဇူးပါ..။

  • November 21, 2009 at 8:45 AM

    ကျောက်စိုင် ကျောက်သားလို..သူတော်ကောင်းတွေရဲ့ စိတ်အစဉ်က ကြည်လင်ခိုင်မာနေသလိုပဲ..ဥပမာပေးထားတဲ့ ဇာတ်လမ်းလေးက အထင်းသးဖော်ပြနေတယ်။ မှတ်သားနာယူသွားပါတယ်ဗျာ

  • December 3, 2009 at 4:28 AM
    Anonymous :

    သိပ်ကောင်းတဲ့.. ဇာတ်လမ်းလေးပါ...
    အဲဒီလို.. စိတ်ထားနိုင်အောင်... ကြိုးစားဆဲပါ...

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers