စွန့်ရက်ခဲ့သူ

5

မြို့တစ်မြို့မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ယောက်ရှိခဲ့ပါသတဲ့။ ထိုဆရာကြီးထံတွင် ပိဂုင်္တ္တရ လုလင်အမည်ရှိ တပည့်တစ်ယောက်ရှိရာ ပညာပြည့်စုံလို့ သူ့ရပ်သူရွာ ပြန်တော့မဲ့အခါ တပည့်အား သမီးနှင့်လက်ဆက် ထိမ်းမြားပေး၍ ချီးမြှောက်ပါတယ်။ ဒိသာပါမောက္ခရဲ့သမီးက အလွန်ချောမောလှပတဲ့အပြင် လိမ္မာရေးခြား လည်းရှိအိမ်တွင်းမှုကိစ္စများကိုလည်းကောင်းစွာဆောင်ရွက်တတ် ၊လူအများနဲ့ ဆက်ဆံတဲ့ အခါလည်း ပြေပြေပြစ်ပြစ်ရှိလှပါတယ်။ ဒါပေမဲ့ ပိဂုင်္တ္တရလုလင်က ဆရာကြီးရဲ့ သမီးကိုတစ်ခါမှ မေတ္တာသက်ဝင် ချစ်ခင်ခြင်းမရှိခဲ့ပါဘူး ။ ဒါပေမဲ့မယူချင်ဘူးလို့လည်းမငြင်းခဲ့ဘူး။

ဒီလိုနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။ အကြင်လင်မယားဖြစ်ပေမဲ့ ပိဂုင်္တ္တရ လုလင်သည် သူ့အနား မိန်းကလေး ၀င်အိပ် တယ်ဆိုရင်ပဲ ချက်ချင်းအောက်ကိုဆင်းပြီး အိပ်ပါတယ်။ ဒီတော့လိမ္မာယဉ်ကျေးတဲ့ မိန်းကလေးက သူ့ခင်ပွန်းနဲ့အတူ အောက်ဘက်ကိုဆင်းအိပ် ပါတယ်။ အော်.ငါက ရွာခံပဲ သူဘာများ ဖြစ်နေမလဲ လို့တွေးပြီ...ပေါ့။ အဲဒီတော့ ပိဂုင်္တ္တရ လုလင်ကရှင်းပါတယ်။ တစ်ခါတည်း မြေကြီးပေါ်အထိဆင်းပြီး မြေကြီးပေါ်မှာပဲ လှဲအိပ်က ရော တဲ့။

မိန်းကလေးက ဘုန်းကံကြီးမားပြီး လုလင်ပိဂုင်္တ္တရက ဘုန်းကံနည်းပါးတဲ့အတွက် အဲသလို ဖြစ်ရတာပေါ့လေ။ အဲသလိုနဲ့(၇)ရက်ပြည့်တော့ သူတို့မောင်နှံဟာ လုလင်ရဲ့ရွာကိုပြန်ကြတော့တာပေါ့။ လမ်းခရီးမှာလည်း ချစ်ခင်ခြင်းမရှိခဲ့ပါဘူး။ ထမင်းစားတော့လည်း ကိုယ့်အိုးနဲ့ကိုယ်ချက်စားကြပါသတဲ့။တည်းခိုဖို့ ဇရပ်တွေ့ရင် လည်း မိန်းကလေးက ဇရပ်ပေါ်မှာအိပ်ရင် ယောက်ျားလေးက ဇရပ်အောက်မြေပေါ်မှာ အိပ်ပါသတဲ့။ လမ်းတစ်လျောက် ပိဂုင်္တ္တရ က မိန်းကလေးအနားကို မသီ နိုင်ဘဲ အမြဲအောက်ကျနောက်ကျစွာ နေခဲ့ပါသတဲ့ (ဒါကလည်း သူ့ရဲ့ရွေးချယ်မှုနဲ့သူပဲ ဖြစ်ပါတယ်။)

အဲလိုနဲ့လာလိုက်တာ ပိဂုင်္တ္တရရဲ့ရွာနားအနီး အသီးတွေအပြည့်နဲ့ ရေသဖန်းပင်အနီးရောက်တော့ ဆာလောင် လွန်းတာနဲ့ ပိဂုင်္တ္တရ က သစ်ပင်ပေါ်တက်ပြီး အသီးတွေကို ဆွတ်စားပါတော့တယ်။ မိန်းကလေးခမျာမှာတော့ အပင်အောက်ကနေ တမော့မော့ပေါ့။ ပြီးတော့မှ အရဲစွန့်ပြီး အရှင် ကျွန်မကိုလည်း ခူးပေးစေလိုပါတယ်လို့ ပြောလိုက်ပါတယ်။ ပိဂုင်္တ္တရလည်း တလမ်းလုံးသူမကြိုက်ဘဲ ကပ်ပါလာသော မိန်းကလေးကို ချစ်လာရမယ့် အစားပိုပိုမုန်းလာတာဆိုတော့ ခူးမပေးနိုင်ပါဘူး။ စားချင်ရင် နင့်ဘာသာနင်တက်ပြီး ခူးစားပါလား လို့ပြောပါ တယ်။မိန်းကလေးခမျာ ပိဂုင်္တ္တရ သစ်ပင်ပေါ်ဆင်အောင် စောင့်ပြီးမှ သဖန်းပင် ပေါ်တက်ပြီး သဖန်းသီးခူးစား ရရှာပါတယ်။ ထိုအခါ အပင်ပေါ်မှာ အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး သစ်ပင်အောက်ခြေပတ်လည်မှာ ဆူးတွေနဲ့ ကာရံထားခဲ့ပြီး သူတို့ရွာရှိရာဘက်ကို ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးပါလေ တော့တယ်။ (အံ့စရာအဖြစ်ပါပဲ။)

မိန်းကလေးခမျာ သဖန်းပင်ပေါ်မှာ နေစောင်းတဲ့အထိ ထိုင်နေရရှာတယ်။ နေစောင်းလာတော့ ဥယျာဥကစားထွက်လာတဲ့ ၀ိဒေဟရာဇ်မင်းကြီးဟာ ရွှေနန်းတော်အပြန် လမ်းဘေး သဖန်းပင်အနီးကို ရောက်လာပါတယ်။ သစ်ပင်ပေါ်မှာ မိန်းကလေးတစ်ယောက်တည်း ထိုင်နေတာမြင်တော့ အလွန်ချောမော တဲ့မိန်းမလေး ထူးထူးဆန်းဆန်းသစ်ပင်ပေါ် ရောက်နေတယ် ချစ်ခင်စိတ်တွေဖြစ်ပေါ်ပြီး...မင်းချင်းတွေကို သွားမေးကြစမ်း ဟု အမိန့် ပေးလိုက်ပါတယ်။ အဲဒီတော့ မိန်းကလေးရဲ့အကြောင်းစုံကိုသိပြီး မင်းကြီးက အလွန်ချစ်ခင်ကာနန်းတော်ကိုခေါ်သွားပြီး မိဖုရားခေါင်ကြီးရာထူးနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ အမည်ကလည်း ဥဒုမ္ဗရဒေ၀ီလို့ တွင်သွားပါတယ်။ သဖန်းဒေ၀ီ ရှင်သဖန်းပေါ့။

ဇာတ်လမ်းက ဆုံးသေဘူး…ရှာရှည်တယ်မထင်နဲ့နော်.။ဒီလိုနဲ့ မိဖုရားရှင်သဖန်း နဲ့ဝိဒေဟရာဇ်မင်းကြီး တို့ဟာ တစ်နေ့မှာဆင်စီးပြီး ခရီးသွားပါတယ်။ မင်းကြီးသွားတဲ့လမ်းကို ပြင်ဆင်ဖို့ရာ သူရပ်ကွက်နဲ့ သူတာဝန်ယူကြတဲ့အထဲမှာ ပိဂုင်္တ္တရလုလင် နေတဲ့ရွာရောက်တဲ့အခါ ခါးတောင်းကို မြှောင်အောင်ကျိုက်ကာ ပေါက်တူးတစ်ချောင်းနဲ့လမ်းပြင်နေတာကို ရှင်သဖန်းမြင်တဲ့အခါမှာ သူ့ကို ရက်ရက်စက်စက် မျက်ကွယ် ပြုသွားတဲ့ သူ့ကိုမြင်တာနဲ့ အဖေပေးစားတုန်းက မငြင်းဝံ့ဘဲ ငါ့ကိုရက်စက်ခဲ့တဲ့ သူ အခုတော့လည်း ငါတို့ သွားမယ့်လမ်းကို ပြင်နေရပြီးမဟုတ်လားလို့ မိန်းကလေးတို့သဘာဝ မှတ်ကရောဟယ်လို့ တွေးမိပြီး မစောင့်စည်း နိုင်ဘဲ ရယ်မောလိုက်ပါတယ်။

ဘုရင်ကြီးက ရှင်သဖန်း ဘာကြောင့်ဒီလောက် ရယ်ရသလဲလို့မေးတော့ နန်တော်ရောက်မှပြောပါရစေဟုဆိုကာ နန်းတော်ရောက်လို့ အကြောင်းစုံပြောတဲ့အခါ ဘုရင်ကြီးက မယုံကြည်ပါဘူး။ ပိဂုင်္တ္တရ ကို အခု ထိမမေ့နိုင်လို့ မြင်တာနဲ့ ၀မ်းသာလို့ရယ်တယ်၊ တခြားတစ်ပါးသောသူကိုမြင်လို့ ရယ်တာလားလို့တွေးပြီး မိဖုရားကို သန်လျက် တရွယ်ရွယ်လုပ်နေပါသတဲ့။ မိဖုရားက ပညာရှိတစ်ယောက်ကို မေးကြည့်ပါဦး။ သူမကို တကယ်ပစ်ထားခဲ့တာပါ။ အဘယ်မှာ စွဲလမ်းပါ့မလဲ စသည်ဖြင့်အသနားခံ တဲ့အခါ သေနက အမတ်ကြီး ကို ဘုရင်ကအကျိုးအကြောင်းပြောပြီးမေးတော့ ဒီလောက်လှတဲ့ မိန်းမကို ရခဲ့တဲ့သူတစ်ယောက်က ပစ်ထားခဲ့တယ် ဆိုတာ ဖြစ်နိုင်ပါမလားလို့မေးခဲ့တာပါ။ မဖြစ်နိုင် ပါဘူးလို့ပြန်လည်းလျောက်တင်ပါတယ်။ အဲဒီတော့ ရှင်သဖန်း ကုတ်ပေါ်ကို သန်လျက်ဝဲတော့တာပေါ့။ နောက်တစ်ယောက်ကို မေးပါဦး လို့လျောက်တင်ပြန်ပါတယ်။ အဲဒီအခါမှာ မဟောသဓအမတ်ကို မေးပြန်ပါတယ်။

မဟောသဓ က ဘုရားအလောင်းပညာရှိသုခမိန်ကိုး ဒီတော့ အရှင်မင်းကြီး လောကဟာ လျှိုဝှက်ဆန်းကြယ် တယ်။ သာမန်ဆိုရင် မိန်းမလှတစ်ယောက်ကို လိုချင်ကြမှပါပဲ။ ဒါပေမဲ့ သိပ်ပြီးဘုန်းကံမြင့်နေမယ်၊ သူ့ကိုအခွင့်သာလို့ရတဲ့သူက ဘုန်းကံမွဲသူ ၊သူယုတ်မာတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ မိန်းမလှကို မယူရဲတာနဲ့ပဲပစ်ထားခဲ့မှာပါပဲလို့မဟောသဓကဖြေပါတယ်။အဲတော့မှမင်းကြီးက မိဖုရားကို ခွင့်လွတ် တော်မူခဲ့သတဲ့.။

ဥဒုမ္ဗရဒေ၀ီရဲ့ဇာတ်ကြောင်းဟာ အလွန် စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ အခုခေတ်မှာလည်း မိန်းကလေးက သိပ်လှပေမဲ့၊ သိပ်တော်ပေမဲ့ ယောက်ျားလေးက ပြစ်ခွာသွားရက်တယ်ဆိုတဲ့ ဇာတ်လမ်းတွေ အများကြီးပါပဲ။ အဲဒီလိုပဲ ယောင်္ကျားလေးက သိပ်တော်မယ်၊ မိန်းကလေးကိုလည်း အလွန်မြတ်နိုးမယ်၊ ဒါတောင်မှ မိန်းကလေးက ပစ်ခွာသွားရက်တယ်ဆိုတဲ့ ဇာတ်လမ်းတွေ၊ နောက် အိမ်ထောင်ရက်သားကျ ကလေးတွေရပြီးမှ ပစ်ခွာထားရက်တယ် ဆိုတာတွေ မရေတွက်နိုင်ဘူးပေါ့။ အဲသလိုအဖြစ်မျိုးတွေ ကို နားလည်မလည်နိုင်၊ ခံရချက်ကလည်း မသက်သာနိုင် တဲ့အတွက် ထားရစ်ခံရသူတို့အဖို့ အလွန်စိတ်ဆင်းရဲတတ်ကြပါတယ်။

ဒါပေမဲ့ ဒီလိုကိစ္စမျိုးတွေဟာ ဟိုးရှေးရှေးကာလ ကတည်းကရှိခဲ့ဖူးပါတယ်။ အရေးကြီးတာ က ကိုယ့်ဘက်က သီလလုံခြုံနေဖို့ပါပဲ။ သီလနဲ့ပြည့်စုံသူဟာ ရဲရင့်ပါတယ်။ ဘယ်လိုအဖြစ်မျိုးနဲ့တိုးသည်ဖြစ်စေ ဇာတ်သိမ်း ကျတော့ ကောင်းတတ်ပါတယ်။ အဲဒီတော့ ဒီဇာတ်တော်ဖတ်ပြီး ထားခဲ့ရက်တယ် ဆိုတဲ့ခံစားချက်နဲ့ မသက်မသာဖြစ်နေရင် အဲဒီစိတ်ကို သြော်.....ကံအား ဥာဏ်အား ဘုန်းကံအား မတူရှာလို့ သွားရှာတယ်။ ငါတို့တော့ ငါတို့ရဲ့ ကံအား ဥာဏ်အား ဘုန်းကံအားကို ပို၍သာဖြည့်ရပေဦးမယ်လို့ တွေးတော လိုက်စေချင်ပါတယ်။

အဲဒါမှ မိဖုရား ရှင်သဖန်းလို ဆင်ပေါ်ကနေပြီး ရယ်လို့ရမှာပေါ့။ အဲ…ဒါတောင်မှ အတောင် ၂၀ ၀တ် မင်းယောက်ျားတွေ များတော့ သဖန်းပင်ပေါ်တင်နေတာကို ဆင်နဲ့ယှဉ်ပြီး အရယူခဲ့သေးရဲ့ ရယ်မိတာ လောက်နဲ့ ကုပ်ပေါ် သန်လျက်တင်ပြီး စစ်ချင်သေးတယ်။ အင်း တွေးစရာ တောစရာတွေက တယ်များ … သပေါ့နော်။



(ဇာတ်ကြီး ၁၀ဘွဲ့ မဟောသဓာဇာတ်တော်ကြီး ဥဒုမ္ဗရဒေ၀ီ)


ရွှင်လန်းချမ်းမြေ့ကြပါစေ။

5 - Comment:

  • June 29, 2009 at 8:24 AM

    ဖတ်လို့ကောင်းတယ်ဒကာမကြီးညခင်းရေ...

    ကံတရားတွေရဲ့ဆန်းကျယ်မှုတွေက စဉ်းစားလို့ လိုက်မမှီနိုင်အောင်ပါပဲ၊

    တချို့အရာများဟာ ဘုန်းကံကြီးသူတို့အတွက်သာဆိုတာ ဟုတ်ပါတယ်။

    ကုပ်ပေါ် သန်လျက်ဝဲတာကတော့ အ၀ှါကြောင့်နေမှာပါလေ။

    ဆုံးမစာများ မြောက်များစွာ ရေးသားနိုင်ပါစေ...


    မိသားစုစိတ်ချမ်းသာကြပါစေ...

  • June 29, 2009 at 8:29 AM

    "မိန်းကလေးက ဇရပ်ပေါ်မှာအိပ်ရင် ယောက်ျားလေးက ဇရပ်အောက်မြေပေါ်မှာ အိပ်ပါသတဲ့။ လမ်းတစ်လျောက် ပိဂုင်္တ္တရ က မိန်းကလေးအနားကို မသီ နိုင်ဘဲ အမြဲအောက်ကျနောက်ကျစွာ နေခဲ့ပါသတဲ့ "

    * ယောက်ျားစစ်စစ်တွေအတွက်တော့ ဒီဇတ်တော်ဟာ
    သိက္ခာကျစရာပဲဗျ ။ ကျွန်တော့အမြင်ပြောရရင်တော့ဗျာ
    ပိဂုင်္တ္တရ ဆိုတဲ့သူဟာ ယောက်ျားပီသမှုမရှိသူ ၊ ဦးနှောက်မရှိသူ ၊ အရည်အချင်းမရှိသူလို့  ပြောချင်ပါတယ် ။

    မချစ်မနှစ်သက်တော့လို့ ထားခဲ့ခြင်းဟာ မိန်းကလေးက
    ဘုန်းကံမြင့်မားနေလို့  မဟုတ်ပါဘူး ။ ရေစက်မပါကြလို့ 
    ဖြစ်ပါတယ် ။

    အမှန်က .. ဆရာကြီးသမီးကို ကျွန်တော်မကြိုက်ဘူးပေါ့ဗျာ ။ ယောက်ျားပဲ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ၊ ပြတ်ပြတ်သားသားပေါ့ဗျာ ။

    ခုတော့ သမိုင်းမှာတင်ကျန်ခဲ့တဲ့ ယောက်ျားဖျင်းတစ်ယောက်အဖြစ် မိန်းမတွေပြောစရာဖြစ်ကျန်ခဲ့တာပေါ့ဗျာ ။

  • June 29, 2009 at 10:16 AM

    ဘာဘဲဖြစ်ဖြစ် အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်လို့ဘဲ ထင်ပါတယ် :)
    မဟော်သဓာရဲ့အလျှောက်ကောင်းမှု့ကြောင့် ဥဒုမ္ဗရဒေဝ
    သက်သာသွားသည်လို့ဘဲ မြင်ပါတယ် :D

  • June 30, 2009 at 12:02 AM

    (သာမန်ဆိုရင် မိန်းမလှတစ်ယောက်ကို လိုချင်ကြမှပါပဲ။ ဒါပေမဲ့ သိပ်ပြီးဘုန်းကံမြင့်နေမယ်၊ သူ့ကိုအခွင့်သာလို့ရတဲ့သူက ဘုန်းကံမွဲသူ တစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ မိန်းမလှကို မယူရဲတာနဲ့ပဲပစ်ထားခဲ့မှာပါပဲလို့မဟောသဓကဖြေပါတယ်။)

    မဟောသဓာ ဖြေတာပါရှင် သမီးမပါဘူး။... ဟဟ ဆော်မဲ့သူတွေ မလာသေးခင် လစ်မှ။

  • June 30, 2009 at 12:09 AM

    ကျွန်မအထင်ကတော့ ဒီလိုပြည့်စုံတဲ့မိန်းကလေး ကိုမလိုချင်တဲ့လူမရှိပါဘူး တော်၂များ၂ပေါ့နော် ဒါကို သူက ပစ်ထားတယ်ဆိုတာ အကြောင်းကိုရှာလိုက်တော့ ဒီမိန်းကလေးဟာ သူနဲ့မထိုက်တန်လို့ထင်ပါတယ် ပြီးတော့သူမကြိုက်ရင်လည်း ငြင်းနိုင်ပါတယ် လူကြီးတွေပြောဘူးတာတော့ တန်ရာတန်ရာရတယ်ဆိုတဲ့ စကားတော့အမြဲကြားဘူးတယ် (သူ့အိုးသူ့ဆန်တန်ရုံ) ဆိုတာကိုပေါ့ ဒီစကားကိုကြည့်ပြီး ပိဂုင်္တ္တရက ဒီမိန်းကလေးနဲ့မတန်ဘူးဆိုတာကို ပိုကောက်ချက်ချနိုင်ပါတယ်.
    (အမှားပါရင် ခွင့်လွှတ်ကြပါ)
    ပန်းကဗျာ

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers