ဖို့သုံးဖို့

4



အန၀ဇ္ဖာနိ ကမ္မာနိ ၊ ဧတံမင်္ဂလမုတ္တမံ
အပြစ်ကင်းသောအလုပ်တို့ကို ပြုလုပ်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။
(သန့်စင်ပြစ်မျိုး လူထုအကျိုး၊ သယ်ပိုးဆောင်ရွက်စေ။)

အပြစ်ကင်းတဲ့အလုပ်ဆိုတာ လောကပြစ်၊ ဓမ္မပြစ်၊ ပစ္စုပ္ပန်ပြစ်၊ သံသရာပြစ် ကင်းတဲ့အလုပ်တွေပါ။ အပြစ်ကင်းတဲ့အလုပ်ဟာ ဥပုသ်ဆောက်တည်ခြင်း၊ ကိုယ့်ဝန်းကျင်မှာ ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ရဟန်း၊ လူ ၊ တိရိစ္ဆာန်တို့ နားခိုဖို့ သစ်ပင်စိုက်ခြင်း၊ ဥယျာဉ်တည်ခြင်း၊ လမ်းပြင်ခြင်း၊ တံတားခင်းခြင်း၊ ရေတွင်း ရေကန်များတူးခြင်း စတဲ့ အများစိတ်ချမ်းသာစေမဲ့ ပရဟိတလုပ်ငန်းတွေဖြစ်တယ်လို့အဋ္ဌကထာမှာ ဖွင့်ဆိုထားပါတယ်။

လူတိုင်း ခန္ဓာကိုယ်ကြီး ရထားကြတာဖြစ်လို့ ခန္ဓာတောင်းဆိုချက်တွေဖြစ်တဲ့ စားဖို့၊ ၀တ်ဖို့၊ နေဖို့ ဖို့သုံးဖို့ကို မဖြစ်မနေ ရှာကြရမှာပါ။ အဲဒီလို ရှာဖွေကြတဲ့အခါ အပြစ်ကင်းတဲ့ ရှာဖွေမှုမျိုးတွေ ဖြစ်နေဖို့လိုပါတယ်။ ကိုယ်က အပြစ်မကင်းတဲ့အလုပ်တွေကို တစ်ယောက်ထဲ သိမ်းကြုံးလုပ်၊ သုံးဆောင်တော့ မိသားစုတစ်စုလုံး ၊သံသရာမှာအပြစ်ခံရတော့ ကိုယ်တစ်ယောက်ထဲ ဆိုရင် နေရာမကျပါဘူး။ ပြုခဲ့တဲ့ကံတွေဟာ အလကားမနေပါဘူး၊ ပြုပြီးတာနဲ့ ကံဆိုတာမြောက်သွားတာပါ။ ကံမြောက်သွားတာနဲ့ ကံရဲ့အကျိုးတွေက လာတော့မှာပါ။

ဒီအကြောင်းလေးကို ကိံဆန္ဒဇာတ် (ငါးရာငါးဆယ်ဇာတ် ၀တ္ထု)မှသက်သေပြသွားပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းမှာ အမှုတွေကို ဆုံးဖြတ်ပေးတဲ့ တရားသူကြီးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ လာဘ်စားတာပါပဲ။ ဒါပေမဲ့ တရားသူကြီးကသာ လာဘ်စားတာ ဘုရင်မင်းမြတ်ကတော့ ဥပုသ်သီလကို ကိုယ်တိုင် ဆောက်တည်သလို သူရဲ့ မူးမတ်ငယ်သားတွေကိုလည်း ဆောက်တည်စေပါတယ်။

တစ်နေ့မနက်ခင်းတစ်ခုမှာ တရားသူကြီးဟာ အမှုတစ်ခုကို လာဘ်စားခဲ့ပြီး ဘုရင့်ဆီ အခစားဝင်လာပါတယ်။ ညီလာခံသဘင်မှာ ဘုရင်မင်းမြတ်က တိုင်းရေးပြည်ရာကိစ္စတွေ မဆွေးနွေးခင် သူ့ရဲ့ မူးမတ်တွေကို ဒီနေ့ ဥပုသ်ဆောက်တည်ဖြစ်လား ဆိုတဲ့မေးခွန်းကို အရင်မေးနေပါတယ်။ မူးမတ်တွေကလည်းဆောက်တည်ဖြစ်ပါတယ် ဘုရားပေါ့။ တကယ်လည်း ဆောက်တည် သူတွေပါ။

တရားသူကြီးဝင်လာတော့လည်း ဘုရင်က ဒီနေ့ဥပုသ်ဆောက်ဖြစ်လား လို့မေးပါတယ်။ တရားသူကြီးကလည်း မူးမတ်တွေဖြေတဲ့အတိုင်း ဆောက်တည်ဖြစ်ပါတယ်ဘုရားလို့ ပြောပါတယ်။ တရားသူကြီးညာတာကို ပုရောဟိတ်ပုဏ္ဏား တစ်ယောက်က ကောင်းကောင်းသိပါတယ။ ဒါကြောင့် ညီလာခံသဘင်ပြီးလို့ အပြင်ရောက်တဲ့အခါ ဒီနေ့ ဥပုသ်မဆောက်ဖြစ်ဖူးမဟုတ်လား လို့ ပုဏ္ဏား မေးပါတယ်။ ဒီတော့ တရားသူကြီးက ဟုတ်တယ် ငါမဆောက်တည်ဖြစ်ဘူး၊ မနက်က အပြစ်မကင်းတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီညမှာတော့ ခံတွင်းကို ဆေးပြီး ညစာမစားပဲ ဥပုသ်ဆောက်တည်မယ်။ ဒါဆို ငါ့အတွက် ဥပုသ်တစ်ဝက်တော့ ရမှာပဲလို့ ပြန်ပြောလိုက်ပါသတဲ့။

တရားသူကြီးဟာ ပြောတဲ့အတိုင်းပဲ အိမ်ရောက်တော့ ဥပုသ်ဆောက်တည်ပါတယ်။ ဒီလိုနဲ့ မနက်ရောက်တော့ ဥပုသ်အမြဲဆောက်လေ့ရှိတဲ့ အမျိုးသမီးတစ်ယောက်က အမှုလာအပ်ပါတယ်။ အမှုအကြောင်း ပြောကြဆိုတကြ ရင်းနဲ့ မွန်းတည့်ခါနီး ရောက်သွားရောဆိုပါတော့။ ဒီတော့ အမှုလာအပ်တဲ့ အမျိုးသမီးက ခံတွင်းဆေးဖို့ပြင်ပါတယ်။ သူတို့ခေတ်က ခံတွင်းဆေးပြီးမှ ဥပုသ်ဆောက်တည်လေ့ ရှိတယ်။ အဲဒီ အချိန်မှာပဲ တရားသူကြီးကို သရက်သီးတွေ လာကန်တော့ပါတယ်။ တရားသူကြီးကလည်း လာကန်တော့တဲ့ သရက်သီးတွေနဲ့ပဲ ဒီသရက်သီးစားလိုက်ပြီး ဥပုသ်ဆောက်ပါလို့ ပြောပြီးပေးလှူလိုက်တယ်။

ဒီလိုနဲ့ သက်တမ်းကုန်ဆုံးတဲ့အခါကျတော့ တရားသူကြီးက စုတေရော ဆိုပါတော့။စုတေတော့ ဘယ်မှာသွားဖြစ်သလဲဆိုတော့ သရက်ဥယျာဉ်ကြီးတစ်ခုမှာ နတ်သားအဖြစ် ရွှေဗိမာန်ကြီးနဲ့ ထင်ရှားစွာ သွားဖြစ်ပါသတဲ့။ အခြံအရံနတ်သမီးတွေကလည်း တစ်သောင်းခြောက်ထောင် တောင် ရှိပါသတဲ့။

နတ်တဖြစ်လဲ တရားသူကြီးဟာ ညဘက်မှာသာ နတ်စည်းစိမ်ကို ခံစားနေရပေမယ့် မနက် အရုဏ်တက်တာနဲ့ နတ်အသွင်နဲ့ နတ်စည်းစိမ်တွေကယ်ပျောက်ပြိး ဝေမာနိကပြိတ္တာ ဖြစ်သွားတော့ပါတယ်။ပြိတ္တာဖြစ်သွားတော့ စားရမဲ့သောက်ရမဲ့ ဘ၀နဲ့ ကိုယ့်ရဲ့အသားကို ပြန်စားနေရပါတယ်။ ကိုယ့်အသား ကိုယ်ပြန်စားနေရတာဆိုတော့ သွေးသံတရွဲရွဲနဲ့ တစ်ချိန်လုံး အော်ဟစ် ငိုကြွေးနေရပါတယ်။

ကံအကြောင်းအကျိုးတွေ ပြန်ကြည့်တော့ ဥပုသ်ဆောက်တည်သူအမျိုးသမီးကို သရက်သီးလှူခဲ့တဲ့အတွက် သရက်ဥယျာဉ်ကြီးရတာပါ။ လာဘ်စားခဲ့တဲ့အတွက် နေ့မှာ ပြိတ္တာဖြစ်ရတာပါတဲ့။ ဥပုသ်တစ်ဝက်ဆောက်တည်ခဲ့တဲ့အတွက် ညဥ့်မှာ နတ်စည်းစိမ် ခံစားရတာပါတဲ့။

ကိုယ်ပြုကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း ဆိုတာလိုပဲ ကိုပြုသောကံ ကိုယ်ဆီ ပြန်ရောက်လာမှာ မလွဲဧကန်ဖြစ်ပါသည်၊ ကောင်ကင်မှာ ပြသာဒ်ကြီးတည်ပြီ ပုန်းအောင်၍လဲ မလွတ်ပါ၊ သမုဒ္ဒရာအလယ် ပြသာဒ်ကြီးတည်ပြီး ခိုအောင်လဲ မလွတ်ပါ၊ တောင်ခေါင်းမှာ ပုန်းအောင်း၍လဲ ရှောင်လွဲ၍မရပါ။ မိမိသွားရာ အရိပ်ပမာ တကောက်ကောက် လိုက်ပါနေမှာ၊ အကျိုးပေးချိန်မကျသေး၍သာ မီးခဲ ပြာဖုံးထားသလို အကျိုးပေးချိန်ရောက်က ကိုယ်ပြုကံက ထပြီး လောင်ကြွမ်းမှာ အမှန်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ကိုယ့်နောက် အရိပ်ပမာပါမည့် ကောင်းကံတွေကို များများပြုပြီး မကောင်းကံတွေကိုတော့ ဝေးဝေးက ရှောင်နိုင်ကြရန် ဤ၀တ္ထုဇာတ်ကြောင်းလေးက ကျွန်မတို့ တတွေကို ပြောပြနေခြင်းသာ ဖြစ်ပါတော့သတည်း။ ။



ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

4 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers