အချစ်သုံးမျိုး

6



မေတ္တာအကြောင်းလေးကို ပိုစ့်တစ်ခု အနေနဲ့ ဖြန့်ဝေပါရစေ။ ရေးသားသူကတော့ ဆရာတော် ရဝေနွယ်(အင်းမ) ဖြစ်ပါတယ်။ မြင်မြတ်သူတို့ရဲ့အလုပ် စာအုပ်လေးကို ဖတ်ရင်းမှ မိမိနှင့် အတူ ညခင်းရဲ့လမင်း ရဲ့ သူငယ်ချင်း အပေါင်းအသင်းများလည်း မိသားစုချင်း၊ ချစ်သူချင်း၊ နေ့စဉ်ထိတွေ့နေရသော လူမှုပတ်ဝန်းကျင် အတွင်း မေတ္တာတရားရှေ့ထားကာ နေထိုင်ပြောဆိုနိုင်ရေး အတွက် ရည်ရွယ်ကာ ရေးသားလိုက်ရပါတယ်။

မေတ္တာဖြစ်ပုံ၊ စနစ်ကုန်၊
စုံစုံဘယ်သို့ ပြောမည်နည်း။
မိမိအပေါ် ၊ သူ-မတော်လည်း၊
သူတော်မြတ်ဖျား၊ လောင်းဘုရားတို့၊
သူများပြစ်ဆာ၊ မရှုပါဘဲ၊
ကိုယ်သာ သူ့ကျိုး၊ ဆောင်သယ်ပိုး၊
ရိုးရိုးမေတ္တာပွားသတည်း။


မေတ္တာဟူသည် သူတစ်ပါးကို ကြီးပွားစေလို၊ ချမ်းသာစေလိုသော သဘောတည်း။ ထို့ကြောင့် မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးက မတော်မတရား ပြုထားစေကာမူ ထိုသူ၏ အပြစ်အနာအဆာကို (လက်စားချေမည်ဟု) မရှုတော့ဘဲ အကြောင်းကိစ္စပေါ်လာလျှင် ကိုယ်ကသာ သူ့အကျိုးကိုဆောင်ရွက်ကြလေသည်။ (အရှင်ဇနကာဘိဝံသ၊ ရုပ်စုံဗုဒ္ဓ၀င် အမေးအဖြေ၊ နှာ-၃၀)

မေတ္တာဆိုတဲ့ ပါဋ္ဌိအနက်ကို ချစ်ခြင်းလို့ အနက်ပြန်ကြပါတယ်။

အချစ်က သုံးမျိုးရှိပါတယ်။

၁။ ချစ်သူအချစ်ရယ်။
၂။ မိသားစုအချစ်ရယ်။
၃။ ပါရမီ အချစ်ရယ်။


ချစ်သူအချစ်ဆိုတာက မိန်းမယောက်ျား အပြန်အလှန်ချစ်ကြတဲ့အချစ်ပါ။

မိသားစုအချစ်ဆိုတာက မိဘနဲ့သားသမီး၊ ညီနဲ့ အစ်ကို၊ မောင်နဲ့နှမ စသည်တို့ မိသားစု အိမ်သားအချင်းချင်း ချစ်ကြတဲ့ အချစ်ပါ။

ပါရမီအချစ်ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှု ကို လိုလားတဲ့ အချစ်ပါ။
ပါရီမီ အချစ်ဟာ သူတစ်ပါးအကျိုးကို ငဲ့ပါတယ်။ မိမိအကျိုး ကို မငဲ့ပါဘူး၊ ကိုယ်က သူကို ပါရမီအချစ်နဲ့ချစ်ဖြစ်နေရင် သူကြီးပွားစေချင်တယ်။ အောင်မြင်စေချင်တယ်။ အစစအရာရာအဆင်ပြေ စေချင်တယ်။ သူ့ဆီက ဘာတုံပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါ- ပါရမီအချစ်ရဲ့ သဘောတွေပါ။

အကြောင်းတစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့ အခါမှာ ကိုယ်ကလည်းသူကို ပါရမီအချစ်နဲ့ ချစ်မယ်၊ သူကလည်း ကိုယ့်ကို ပါရမီ အချစ်နဲက ချစ်မယ်ဆိုရင် နှစ်ဦးလုံး ရဲ့ခင်မင်မှုဟာ အစဉ်အမြဲခိုင်မြဲနေတော့မှာပါ၊ တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့ အတွက်လည်း ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်း ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန် ထိတောင် ကျေးဇူးပြုနေတော့တာပါ။

ဒီလိုပဲ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာဖြစ်သလို ချစ်သူအချင်းချင်း မိသားစု အချင်းချင်းမှာလည်းမှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေ တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။

မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူတွေကို ထိုင်ပြီး ပွားနေတာနဲ့တင် မလုံလောက်ပါဘူး၊ ထိုင်ပြီးပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ပြောရရင် မနောကံ မေတ္တာပါ။ ပွားမေတ္တာနဲ့အတူ ထားမေတ္တာကိုလည်း ကျင့်သုံး နိုင်ရပါမယ်။သူတစ်ပါး အကျိုးရှိစေမဲ့ စကားလေးတွေ ၊ အလုပ်ကလေးတွေ ပြုလုပ်ပေးတာတွေပါ။ ကံအနေနဲ့ပြောရင်တော့ ၀စီကံမေတ္တာ နဲ့ ကာယကံ မေတ္တာပါ။

သတ္တ၀ါအားလုံး ပါရမီ အချစ်တွေနဲ့ပဲ ချစ်နေနိုင်ဖို့ ဆိုတာ တော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ မဖြစ်နိုင်သူတွေ ကြားထဲမှာ ချစ်တဲ့ စာဖတ်သူ တစ်ယောက်ကတော့ ဖြစ်နိုင်သူ တစ်ယောက်ဖြစ်နိုင်အောင် ကြိုးစားရပါမယ်လို့ ရေးသားထားပါတယ်။
သိမှတ်ကျင့်ကြံနိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

6 - Comment:

  • February 16, 2010 at 6:50 AM

    ဖတ်လိုက်ရတာ
    တကယ်ကို တန်ဖိုးရှိတဲ့
    ပို့စ်တစ်ပုဒ်ပါပဲ ...

  • February 16, 2010 at 7:16 AM

    တကယ်ကောင်းလိုက်တာ ညခင်းရေ.... ဘ၀ဆိုတဲ့ နှောင်ကြိုးထဲမှာ အမျိုးမျိုးအဖုံဖုံ ကနေကြရတဲ့ လူသားတွေမှာ မိသားစုအချစ်.. ချစ်သူအချစ်တွေက နေရာယူထားပေမယ့် တနေ့သော အချိန်မှာ ပါရမီအချစ်ဆိုတာအရေးကြီးဆုံးဖြစ်မှန်း နားလည်သဘောပေါက်လာတတ်ကြပါတယ်လေ.... ငယ်စဉ်ကတည်းက နားလည်ကျင့်သုံးဖို့ဆိုတာ ဒီလို တိုက်တွန်းတဲ့စာလေးတွေ ရှိသင့်သလို ဖတ်ရှုတတ်တဲ့ ညဉ်လေးတွေရှိပါမှ အသိတရားတိုးပွားမယ်လို့ ကျွန်တော်ထင်ပါတယ်.... ညခင်းရဲ့ အခုလို ပါရမီ အချစ်နဲ့ ဖြန့်ပေးတာကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျာ.....

  • February 16, 2010 at 7:43 AM

    အစ်မရေ.. ပါရမီအချစ်ရဲ့သတ္တိလေးကို မှတ်သားသွားပါတယ်..
    လူသားတွေအားလုံး ပါရမီအချစ်နဲ့ချစ်ပြီး ပါရမီဖြည့်ဖက်ကောင်းတွေ ဖြစ်နိုင်ကြပါစေဗျာ..။

  • February 16, 2010 at 10:24 PM

    စိတ်ကိုပြည့်စုံသွားစေတဲ့ ပို့စ်လေးပါ...

    ပါရမီအချစ်သာ တကယ်ထားနိုင်ရင် ကျန်တာတွေက သူ့အလိုလိုကို ဖြစ်သွားမှာပါဗျာ...

    အကျိုးရှိတဲ့ ပို့စ်လေးပါ...

  • February 17, 2010 at 6:43 AM

    ပါရမီအချစ်နဲ့ ၂ ဖက်စလုံး အပြန်အလှန်ချစ်နိုင်ရင် အကောင်းဆုံးပေါ့. . .
    ညခင်းလည်း ပါရမီအချစ်တွေနဲ့ ချစ်နိုင်ပါစေ...

  • February 19, 2010 at 12:56 PM

    မရေ....
    ပါရမီအချစ်လေးတဲ့လား။။။။။
    အားလုံးပဲ ပါရမီအချစ်လေးတွေနဲ့ချစ်ပြီး ပါရမီဖြည့်ဖက်ကောင်းဖြစ်ကြရင် သိပ်ကောင်းမှာပဲနော်။
    အရမ်းကောင်းတဲ့ ပိုစ့်လေးပဲ။ ဖတ်လိုက်ရလို့ ကျေးဇူးတင်မိတယ် တကယ်ပါ။
    အဆင်ပြေပျော်ရွှင်ပါစေနော်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers