ပျံနေတဲ့ကျီး နှင့် ကရွတ်ခွေ
5
ဝါကျွတ်အခါမှာ မြတ်စွာဘုရားထံကို အနယ်နယ်အရပ်ရပ်က လာရောက်ကြည်ညိုဖူးမြော်ကြတဲ့ ရဟန်းတော်တွေဟာ အတွေ့အကြုံမျိုးစုံ ကိုလျှောက်ထားကြပါတယ်။
ရဟန်းတော်တွေ...မြတ်စွာဘုရားကို ဖူးဖို့လာရင်း ရွာတစ်ရွာကို ရောက်ပါတယ်...ရွာသားများက ဆွမ်းဖိတ်ပြီး မွန်းမတည့်မီ ဆွမ်းကပ်နိုင်အောင် ဆွမ်းချက်ကြပါတယ်။ ဆွမ်းချက်ရာမှာ မီးရှိန်မြင့်တော့ မီးတောက်က စားဖိုဆောင် ကိုစွဲလောင်ပါတော့တယ်။ အဲဒီနောက် စားဖိုဆောင် က ပစ္စည်းတွေပါမီးကူးရာ ကရွတ်ခွေတစ်ခုကို မီးလောင်ပါတယ်။ မီးလောင်တဲ့အခါ လေဟပ်တော့ ကရွတ်ခွေက အထက်ကိုပျံတက်သွားပါတယ်။ အဲနောက်...မီးလောင်နေတဲ့ ကရွတ်ခွေဟာ ကောင်းကင်မှာ ပျံနေတဲ့ကျီး ကိုတည့်တည့်ဝင်တိုးပြီး မီးကွင်းစွပ်သလို ဖြစ်ကာ ကျီးလည်း မီးလောင်ပြီး သေရှာပါတယ်။ မီးလောင်နေတဲ့ ကရွတ်ခွေနဲ့ကောင်းကင်မှာ ပျံနေတဲ့ကျီး ဘယ်လိုမှ မနီးစပ်ပါဘူး။ အဲလို ထူးခြားတဲ့ အကြောင်းကို မြတ်စွာဘုရားကို လျှောက်ထားကြပါတယ်။
မြတ်စွာဘုရားသခင်က လျှောက်ထားကြသူများကို အကြောင်းအကျိုးဆက်စပ်ပြီး ဖြေဆိုတော်မူပါတယ်။ ကျီးမဖြစ်ခင် ဘ၀တုန်းက လူဖြစ်ခဲ့ပါသတဲ့။ အဲဒီ လူက လယ်သမားဖြစ်ပါတယ်။ သူ့မှာ နွားကပ်တစ်ကောင်ရှိပါတယ်။ သူဟာ သူ့နွားကို ခိုင်းလို့မရတိုင်း အမြဲတစေစိတ်ဆိုးနေပါတယ်။ နွားက သွားရင်းနဲ့ဝပ်ချပြီး ပေနေတာ စတဲ့ နွားကပ် နွားဖဲ့များလုပ်တဲ့ အလုပ်မျိုးကို လုပ်လေ့ရှိပါသတဲ့။
အဲဒီတော့ စိတ်ဆိုးလွန်းတာကြောင့် လယ်သမားဟာ ကောက်ရိုးကို ကျစ်ပြီးနွားလည်ပင်းမှာ ပတ်ပါတယ်။ ပြီးတော့ မီးရှို့လိုက်တော့ နွားဟာမီးလောင်ပြီး သေရပါတယ်။ လယ်သမားကတော့ အဲဒီ ဘ၀မှာ သေတဲ့အခါ ငရဲကိုကျပါတယ်။ အဲဒီနောက် သူ့နွားကို သူမီးရှို့ခဲ့တဲ့အတိုင်း ကျီးဘ၀မှာ အကြိမ်၇ကြိမ် မီးလောင်တဲ့ ကရွတ်ခွေစွပ်ပြီး သေရပါတယ်တဲ့။ သူ့အကုသိုလ်အရှိန်မကုန်မချင်း အဲဒီလိုသေနေရဦးမှာပါပဲ။
ကျီးဖြစ်ပါလျှက် ကောင်းကင်မှာ ပျံနေပါလျက် သူ့အကုသိုလ်က သူ့ကိုတူသောအကျိုးပေးတဲ့အနေနဲ့ လည်ပင်း မီးကွင်းစွပ် ခြင်းပါ။ ဒီလိုသေရတာဟာ ဘယ်သူ့အပြစ်ကြောင့်မှ မဟုတ်ပါဘူး၊ သူ့အပြစ်ကြောင့်သာ သူခံရတာပါပဲလို့ မြတ်စွာဘုရားက ရှင်းလင်းပြတော်မူပါတယ်။
အဲဒီလို မြတ်စွာဘုရားက ရှင်းလင်းဟောပြောတာကို နာကြားရတဲ့သူများဟာ သူ့ပါရမီအခံအတိုင်း အကျွတ်တရားရကြပါတယ်။ သံဝေဂဥာဏ်များရကြပါတယ်။ ရဟန်းတစ်ပါးက ကြောက်စရာကောင်းလှ ပါတယ်ဘုရား။ ၀ဋ်ဆိုတာ ကောင်းကင်မှာနေနေ၊ ရေထဲမှာနေနေ၊ မြေပြင်ပေါ်မှာပဲနေနေ ပြေးလို့လည်း မလွတ်နိုင်ပါကလား ဘုရားလို့ လျှောက်ထားပါသတဲ့။
မြတ်စွာဘုရားကလည်း ချစ်သား လူတွေဟာ မိမိကိုယ်တိုင် ကျူးလွန်ထားတဲ့အပြစ်များက လွတ်အောင် ပုန်းရှောင်ဖို့ နေစရာမရှိဘူးလို့ မိန့်တော်မူခဲ့ပါတယ်။
လူတစ်ယောက်ဟာ လာဘ် ရတာ မရတာ၊ ကျော်စောသတင်း ရှိတာ မရှိတာ၊ ကဲ့ရဲ့ခြင်းခံရတာ၊ ချီးမွမ်းခြင်းခံရတာ၊ ဆင်းရဲခြင်းခံရတာ၊ ချမ်းသာတာ စတဲ့ လောကဓံတွေကို ခံစားရတဲ့အခါမှာ ဘယ်သူမပြု၊ မိမိမှု ဆိုတာ သိလိုက်ရပါ့မယ်။ အဲလိုသိလိုက်ရင်ဖြင့် နောက်ထပ်အမှား ကျူးလွန်ဖို့ အလားအလာနည်းသွား နိုင်ပါတယ်။နို့မဟုတ်ရင်ဖြင့် ဒါ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့် ငါပြန်လုပ်လိုက်ရင် ဘ၀ပျက်သွားမယ် စသည်ဖြင့် ကာယကံမြောက် ဘာမှမလုပ်ရသေးရင်တောင် မနောကံနဲ့ ၀စီကံအမှားများကို ကျူးလွန်မိဖို့ အလွန်လွယ်ကူပါတယ်။ တကယ်တော့ ကိုယ့်မှာ အရင်က အမှားတွေကြောင့် ဒုက္ခရောက်နေရပြီ၊ ဒီအထဲကနေမှ ထပ်မံမှားပြန်ရင် သံသရာမှာ လည်လို့လည်း ဆုံးမှာမဟုတ်တော့ပါဘူး၊ အရင့်အရင်က ၀ဋ်တွေ မကျေခင် နောက်ထပ်အမှားများလုပ်ကာ ၀ဋ်အသစ်တွေ စုမိပြန်ဦးမယ် ဆိုရင် နစ်မွန်းသည်ထက် နစ်မွန်းရမှာ သေချာပါတော့တယ်။
~~~~~~~~~~တရားမကြွယ်၊ အထုပ်ငယ်၊ အပါယ်ကြောက်ရသည်။~~~~~~~~~~~ (ယောဆရာတော်ဘုရားရဲ့သံပေါက်)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း
5 - Comment:
  • December 9, 2009 at 2:08 AM
  • December 9, 2009 at 6:48 AM
    သမုဒ္ဒရာ အလယ် ပြဿာဒ်တည်ပြီး ခိုအောင်းလဲ မလွတ်နိုင် ( န သမုဒ္ဒမဇ္စျေ)၊ ကောင်းကင်ပေါ်မှာ ခိုအောင်းလဲ မလွတ်နိုင် (န အန္တလိက္ခေ)စသည်အားဖြင့် ဘယ်နေရာ ရောက်ရောက် ဘယ်နာမည်နှင့်ပဲဖြစ်ဖြစ် ကံအကြွေးကိုတော့ မလွဲဧကန် တာဝန်ယူကြမှာပါ။
  • December 9, 2009 at 9:34 AM
    ဟုတ်တယ် တီတီ နေ့အိပ်မက်ဆို အဲဒီ ကျီးကန်းပုံပြင် စကြားဖူးတုန်းက ကိုယ်တစ်နေ့တစ်နေ့လုပ်နေတာတွေထဲမှာ မကောင်းတာတွေ ဘယ်နှစ်ရာခိုင်နှုန်းတောင်ပါနေလဲဆိုပြီး သေချာတွေးမိသွားတာ
  • December 9, 2009 at 3:43 PM
    Anonymous :
    ဒီလို မေးကြည့်မိတယ်
    ဒီစာ ဖတ်ပြီး
    ဒီတိုင်း ဖြစ်ချင်သလားလို့.... ဟင့်အင်း
    ဒီလို ဖြစ်ချင်ပါဘူးတဲ့
    ဒီတော့ ကောင်းတာတွေ ကျင့်မှာလားဆိုတော့
    ဒီက စဉ်းစားဦးမယ်တဲ့။ မလွယ်။
    ဒီ
  • December 17, 2009 at 11:12 PM
    နေ့အိပ်မက်ပြောသလိုပဲ.... :)
    ခက်တော့လည်း ခက်တယ်.... :)
နှုတ်ခွန်းဆက်ရန်....
လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။
Followers