ဖို့သုံးဖို့

4



အန၀ဇ္ဖာနိ ကမ္မာနိ ၊ ဧတံမင်္ဂလမုတ္တမံ
အပြစ်ကင်းသောအလုပ်တို့ကို ပြုလုပ်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။
(သန့်စင်ပြစ်မျိုး လူထုအကျိုး၊ သယ်ပိုးဆောင်ရွက်စေ။)

အပြစ်ကင်းတဲ့အလုပ်ဆိုတာ လောကပြစ်၊ ဓမ္မပြစ်၊ ပစ္စုပ္ပန်ပြစ်၊ သံသရာပြစ် ကင်းတဲ့အလုပ်တွေပါ။ အပြစ်ကင်းတဲ့အလုပ်ဟာ ဥပုသ်ဆောက်တည်ခြင်း၊ ကိုယ့်ဝန်းကျင်မှာ ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ရဟန်း၊ လူ ၊ တိရိစ္ဆာန်တို့ နားခိုဖို့ သစ်ပင်စိုက်ခြင်း၊ ဥယျာဉ်တည်ခြင်း၊ လမ်းပြင်ခြင်း၊ တံတားခင်းခြင်း၊ ရေတွင်း ရေကန်များတူးခြင်း စတဲ့ အများစိတ်ချမ်းသာစေမဲ့ ပရဟိတလုပ်ငန်းတွေဖြစ်တယ်လို့အဋ္ဌကထာမှာ ဖွင့်ဆိုထားပါတယ်။

လူတိုင်း ခန္ဓာကိုယ်ကြီး ရထားကြတာဖြစ်လို့ ခန္ဓာတောင်းဆိုချက်တွေဖြစ်တဲ့ စားဖို့၊ ၀တ်ဖို့၊ နေဖို့ ဖို့သုံးဖို့ကို မဖြစ်မနေ ရှာကြရမှာပါ။ အဲဒီလို ရှာဖွေကြတဲ့အခါ အပြစ်ကင်းတဲ့ ရှာဖွေမှုမျိုးတွေ ဖြစ်နေဖို့လိုပါတယ်။ ကိုယ်က အပြစ်မကင်းတဲ့အလုပ်တွေကို တစ်ယောက်ထဲ သိမ်းကြုံးလုပ်၊ သုံးဆောင်တော့ မိသားစုတစ်စုလုံး ၊သံသရာမှာအပြစ်ခံရတော့ ကိုယ်တစ်ယောက်ထဲ ဆိုရင် နေရာမကျပါဘူး။ ပြုခဲ့တဲ့ကံတွေဟာ အလကားမနေပါဘူး၊ ပြုပြီးတာနဲ့ ကံဆိုတာမြောက်သွားတာပါ။ ကံမြောက်သွားတာနဲ့ ကံရဲ့အကျိုးတွေက လာတော့မှာပါ။

ဒီအကြောင်းလေးကို ကိံဆန္ဒဇာတ် (ငါးရာငါးဆယ်ဇာတ် ၀တ္ထု)မှသက်သေပြသွားပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းမှာ အမှုတွေကို ဆုံးဖြတ်ပေးတဲ့ တရားသူကြီးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ လာဘ်စားတာပါပဲ။ ဒါပေမဲ့ တရားသူကြီးကသာ လာဘ်စားတာ ဘုရင်မင်းမြတ်ကတော့ ဥပုသ်သီလကို ကိုယ်တိုင် ဆောက်တည်သလို သူရဲ့ မူးမတ်ငယ်သားတွေကိုလည်း ဆောက်တည်စေပါတယ်။

တစ်နေ့မနက်ခင်းတစ်ခုမှာ တရားသူကြီးဟာ အမှုတစ်ခုကို လာဘ်စားခဲ့ပြီး ဘုရင့်ဆီ အခစားဝင်လာပါတယ်။ ညီလာခံသဘင်မှာ ဘုရင်မင်းမြတ်က တိုင်းရေးပြည်ရာကိစ္စတွေ မဆွေးနွေးခင် သူ့ရဲ့ မူးမတ်တွေကို ဒီနေ့ ဥပုသ်ဆောက်တည်ဖြစ်လား ဆိုတဲ့မေးခွန်းကို အရင်မေးနေပါတယ်။ မူးမတ်တွေကလည်းဆောက်တည်ဖြစ်ပါတယ် ဘုရားပေါ့။ တကယ်လည်း ဆောက်တည် သူတွေပါ။

တရားသူကြီးဝင်လာတော့လည်း ဘုရင်က ဒီနေ့ဥပုသ်ဆောက်ဖြစ်လား လို့မေးပါတယ်။ တရားသူကြီးကလည်း မူးမတ်တွေဖြေတဲ့အတိုင်း ဆောက်တည်ဖြစ်ပါတယ်ဘုရားလို့ ပြောပါတယ်။ တရားသူကြီးညာတာကို ပုရောဟိတ်ပုဏ္ဏား တစ်ယောက်က ကောင်းကောင်းသိပါတယ။ ဒါကြောင့် ညီလာခံသဘင်ပြီးလို့ အပြင်ရောက်တဲ့အခါ ဒီနေ့ ဥပုသ်မဆောက်ဖြစ်ဖူးမဟုတ်လား လို့ ပုဏ္ဏား မေးပါတယ်။ ဒီတော့ တရားသူကြီးက ဟုတ်တယ် ငါမဆောက်တည်ဖြစ်ဘူး၊ မနက်က အပြစ်မကင်းတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီညမှာတော့ ခံတွင်းကို ဆေးပြီး ညစာမစားပဲ ဥပုသ်ဆောက်တည်မယ်။ ဒါဆို ငါ့အတွက် ဥပုသ်တစ်ဝက်တော့ ရမှာပဲလို့ ပြန်ပြောလိုက်ပါသတဲ့။

တရားသူကြီးဟာ ပြောတဲ့အတိုင်းပဲ အိမ်ရောက်တော့ ဥပုသ်ဆောက်တည်ပါတယ်။ ဒီလိုနဲ့ မနက်ရောက်တော့ ဥပုသ်အမြဲဆောက်လေ့ရှိတဲ့ အမျိုးသမီးတစ်ယောက်က အမှုလာအပ်ပါတယ်။ အမှုအကြောင်း ပြောကြဆိုတကြ ရင်းနဲ့ မွန်းတည့်ခါနီး ရောက်သွားရောဆိုပါတော့။ ဒီတော့ အမှုလာအပ်တဲ့ အမျိုးသမီးက ခံတွင်းဆေးဖို့ပြင်ပါတယ်။ သူတို့ခေတ်က ခံတွင်းဆေးပြီးမှ ဥပုသ်ဆောက်တည်လေ့ ရှိတယ်။ အဲဒီ အချိန်မှာပဲ တရားသူကြီးကို သရက်သီးတွေ လာကန်တော့ပါတယ်။ တရားသူကြီးကလည်း လာကန်တော့တဲ့ သရက်သီးတွေနဲ့ပဲ ဒီသရက်သီးစားလိုက်ပြီး ဥပုသ်ဆောက်ပါလို့ ပြောပြီးပေးလှူလိုက်တယ်။

ဒီလိုနဲ့ သက်တမ်းကုန်ဆုံးတဲ့အခါကျတော့ တရားသူကြီးက စုတေရော ဆိုပါတော့။စုတေတော့ ဘယ်မှာသွားဖြစ်သလဲဆိုတော့ သရက်ဥယျာဉ်ကြီးတစ်ခုမှာ နတ်သားအဖြစ် ရွှေဗိမာန်ကြီးနဲ့ ထင်ရှားစွာ သွားဖြစ်ပါသတဲ့။ အခြံအရံနတ်သမီးတွေကလည်း တစ်သောင်းခြောက်ထောင် တောင် ရှိပါသတဲ့။

နတ်တဖြစ်လဲ တရားသူကြီးဟာ ညဘက်မှာသာ နတ်စည်းစိမ်ကို ခံစားနေရပေမယ့် မနက် အရုဏ်တက်တာနဲ့ နတ်အသွင်နဲ့ နတ်စည်းစိမ်တွေကယ်ပျောက်ပြိး ဝေမာနိကပြိတ္တာ ဖြစ်သွားတော့ပါတယ်။ပြိတ္တာဖြစ်သွားတော့ စားရမဲ့သောက်ရမဲ့ ဘ၀နဲ့ ကိုယ့်ရဲ့အသားကို ပြန်စားနေရပါတယ်။ ကိုယ့်အသား ကိုယ်ပြန်စားနေရတာဆိုတော့ သွေးသံတရွဲရွဲနဲ့ တစ်ချိန်လုံး အော်ဟစ် ငိုကြွေးနေရပါတယ်။

ကံအကြောင်းအကျိုးတွေ ပြန်ကြည့်တော့ ဥပုသ်ဆောက်တည်သူအမျိုးသမီးကို သရက်သီးလှူခဲ့တဲ့အတွက် သရက်ဥယျာဉ်ကြီးရတာပါ။ လာဘ်စားခဲ့တဲ့အတွက် နေ့မှာ ပြိတ္တာဖြစ်ရတာပါတဲ့။ ဥပုသ်တစ်ဝက်ဆောက်တည်ခဲ့တဲ့အတွက် ညဥ့်မှာ နတ်စည်းစိမ် ခံစားရတာပါတဲ့။

ကိုယ်ပြုကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း ဆိုတာလိုပဲ ကိုပြုသောကံ ကိုယ်ဆီ ပြန်ရောက်လာမှာ မလွဲဧကန်ဖြစ်ပါသည်၊ ကောင်ကင်မှာ ပြသာဒ်ကြီးတည်ပြီ ပုန်းအောင်၍လဲ မလွတ်ပါ၊ သမုဒ္ဒရာအလယ် ပြသာဒ်ကြီးတည်ပြီး ခိုအောင်လဲ မလွတ်ပါ၊ တောင်ခေါင်းမှာ ပုန်းအောင်း၍လဲ ရှောင်လွဲ၍မရပါ။ မိမိသွားရာ အရိပ်ပမာ တကောက်ကောက် လိုက်ပါနေမှာ၊ အကျိုးပေးချိန်မကျသေး၍သာ မီးခဲ ပြာဖုံးထားသလို အကျိုးပေးချိန်ရောက်က ကိုယ်ပြုကံက ထပြီး လောင်ကြွမ်းမှာ အမှန်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ကိုယ့်နောက် အရိပ်ပမာပါမည့် ကောင်းကံတွေကို များများပြုပြီး မကောင်းကံတွေကိုတော့ ဝေးဝေးက ရှောင်နိုင်ကြရန် ဤ၀တ္ထုဇာတ်ကြောင်းလေးက ကျွန်မတို့ တတွေကို ပြောပြနေခြင်းသာ ဖြစ်ပါတော့သတည်း။ ။



ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

အပ္ပမာဒ မြတ်ဓမ္မ

2

၁။ ရွှေငွေ ထိန်တောက်၊ စိန်ကျောက်လယ်တုံ၊
သူ့အိမ်ကြီးနှင့်- ထိန်ညီးအာရုံ၊
နိစ္စထားတော့-မောက်ကြွားမော်ပုံ၊
အဆုံးကျ-လုံးဝပျက်ပြားကုန်။

၂။ ပျိုပျိုတုန်းက- ကိုယ်လုံးနေပုံ၊
အချောအလှ-ပြောပြမကုန်၊
အသက်ကြီးတော့- မျက်ချီးတွေပုံ၊
ခါးကကိုင်း-နားထိုင်းမျက်စိမှုံ။

၃။ တဖုံနွဲတော့-စုံတွဲပျော်ပုံ၊
ဖြစ်တဲ့ဖြစ်ဟဲ့-ချစ်တဲ့အာရုံ၊
အချစ်ကြီးတော့ -ပစ္စည်းတွေကုန်၊
အယူသီး-ပူမီးတောက်လောင်ပုံ။

၎။ နှစ်ခြိုက်နှစ်ခြိုက်-ချစ်လိုက်အတူ၊
ကမ္ဘာပျက်ပြုန်း-မက်မဆုံးနိုင်သူ၊
အခြေတင်းတော့-သေမင်းဆောင်ယူ၊
သူ့စိတ်ထဲ-ထိတ်ခနဲလှိုက်လှိုက်ဆူ။

၅။ ရုပ်ရှင်ဇာတ်ပွဲ-မဲမဲမှောင်မှောင်၊
သူ့ထက်ငါသွား-ရှေ့နားရောက်အောင်၊
မကြောက်မရှက်- မျက်ခွက်ပြောင်ပြောင်၊
သန်းခေါင်ချင်း-အလင်းမငိုက်ပေါင်။

၆။ ဥပုသ်စောင့်သွား-တရားနာသော်၊
ဘိတ်ဆုံးနောက်နား-ထောင်ကြားကမြှော်၊
မျက်တောင်စင်းလို့-ငိုက်ရင်းအိပ်ပျော်၊
တရားဆုံး-တုံးလုံးစက်တော်ခေါ်။

၇။ လူမှန်ကဖြင့်-မကျပါယ်ရွာ၊
လူလိုကြည့်ရှု-သိမှုလွယ်တာ၊
သတိမထား-တရားဖယ်ခွာ၊
လူဖြစ်ရှုံး-နစ်အုံးအပါယ်ရွာ။

၈။ မှန်တာသိလို့-မှန်ကြံကြံ၊
မှန်ကြံကြံလို့-မှန်သံထွက်၊
မှန်သံထွက်လို့-မှန်ဘက်ပါ၊
မှန်ဘက်ပါလို့ မှန်တာလုပ်၊
သေတော့ ၀ဋ်တွေပြုတ်။

၉။ မှားတာသိလို့ မှားကြံကြံ၊
မှားကြံကြံလို့ မှားသံထွက်၊
မှားသံထွက်လို့ မှားဘက်ပါ၊
မှားဘက်ပါလို့ မှားတာလုပ်၊
သေတော့ အပါယ်မြုပ်။ (သဲအင်းဂူ ကမ္မဋ္ဌာန်းသံပေါက်)

ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကောင်းကွက်ကိုရှာမေတ္တာ

1

ဓမ္မပီယဆရာတော်(မေတ္တာဥယျာဉ်) ရေးသားဆုံးမအပ်သော

ကောင်းကွက်ကိုရှာမေတ္တာ

တရားတော်အား ဓမ္မဒါနအဖြစ် ပြန်လည် မျှဝေပါတယ်။


မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကို လိုလားတတ်သောသဘောရှိ၏။ အများအကျိုးဆောင်တတ်၏၊ စိတ်ထဲ၌ ခိုးလိုးခုလု မကျေနပ်မှု မှန်သမျှကို ပြေပျောက် စေ၍ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူ ရှိစေ၏။ မေတ္တာဖြစ်ဖို့အတွက် အနီးကပ်ဆုံး အလိုအပ်ဆုံး အကြောင်းတရားကား သူတစ်ပါး၏ အကျိုးစီးပွားဖြစ်၏၊ မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကိုသာ အာရုံပြု၏၊ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်လွန်းသူအဖို့ မေတ္တာမဖြစ်နိုင်၊ ကိုယ်ကျိုးစီးပွား အလေးထားသူသည် ကိုယ်ကျိုးကိုယ်စီးပွားကို လုံးပမ်းရ၊ ကာကွယ်နှင့် အလုပ်ရှုပ်နေသဖြင့် သူ့ကျိုးသူ့စီးပွားအတွက် အချိန်မပေးနိုင်တော့။

မေတ္တာကို အချစ်ဟုမြန်မာမှုပြုကြ၏၊ အမှန်က မေတ္တာဟူသည် ကိုယ်ကျိုးမဖက် သူ့အကျိုးသက်သက်ကိုသာ လိုလားတတ်သော သဘောရှိ၏၊ သူကျိုး ကိုယ့်ကျိုး အပြန်အလှန် မျှော်ကိုးလျှင် မေတ္တာမဟုတ်၊ ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခြင်း သည်သာဖြစ်၏၊ သူ့ဘက်က အခြေအနေကောင်းမှ မေတ္တာထားနိုင်ခြင်း၊ မေတ္တာတုံ့ပြန် နိုင်ခြင်းသည်လည်း အမှန်က မေတ္တာမဟုတ်၊ အရောင်းအ၀ယ်လုပ်ခြင်း သာဖြစ်၏။ မေတ္တာ၌ အယူမရှိ အယူမပါ ၊ အပေးသာရှိ၏။

စာရေးဆရာတို့သည် စာဖတ်သူကို ပေးချင်လို့သာ ရေးနေကြခြင်းဖြစ်၏၊ ၀ါသနာအရဟုလည်း ဆိုနိုင်၏၊ စာမူခကို မျှော်လင့်ပြီး ရေးနေကြသည်မဟုတ်၊ ကိုယ်သိ တာ၊ ကိုတတ်တာလေးတွေကို ပေးချင်လို့ ဝေချင်လို့ မျှချင်လို့ အတိုင်းအတာတစ်ခု အထိ ကောင်းကျိုးသက်ရောက်မှု ရှိစေချင်လို့ ရေးနေခြင်းသာ ဖြစ်၏၊ စိတ်မကုန်ခင် အထိတော့ ရေးနေကြဦးမည်သာ ဖြစ်၏။ တစ်ချို့ စိတ်ကုန်သော ဆရာ့ဆ၇ာကြီးတွေ ကတော့ မရေးတော့ဘဲ ဘေးထွက်ထိုင်နေကြ၏၊ စာရေးဆရာတစ်ယောက်အဖို့ စာရေးနေရသော အချိန်သည် စိတ်အကြည်လင်ဆုံအချိန်၊ စိတ်ချမ်းသာမှု အရှိဆုံး အချိန် ဖြစ်၏။

မေတ္တာဟူသည် အစိုဓာတ်ဖြစ်၏၊ အစေးဓာတ်ရှိ၏၊ အအေးဓာတ်ရှိ၏၊ ယင်းအစိုဓာတ်၊ အစေးဓာတ်၊ အအေးဓာတ်ဖြင့် သက်ရှိသတ္တ၀ါ တစ်ဦးဦးအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို မေတ္တာဟု ခေါ်၏။ မေတ္တာက စူပါဂလူးကဲ့သို့ ကပ်အား အလွန်ကောင်း၏၊ မည်သူနှင့်မည်ဝှာတော့ အစေးမကပ်ကြ အစေးမကူးကြဟု ပြော ကြ၏၊ မေတ္တာပျက်နေခြင်းကြောင့်ဖြစ်၏၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာမထားနိုင်ကြ သဖြင့် အစေးမကပ်၊ အစေးမကူးခြင်းသာ ဖြစ်သည်။

မိသားစုဝင်တွေ စည်းစည်းလုံးလုံး ရှိရ၏၊ ညီအစ်ကိုမောင်နှမတွေ စည်းစည်း လုံးလုံးရှိရ၏၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည် စသည့် လူ့အဖွဲ့အစည်းအားလုံး စည်းစည်း လုံးလုံး ရှိရ၏၊ စည်းစည်းလုံးလုံး ရှိဖို့ မေတ္တာအစိုဓာတ်၊ မေတ္တာအစေးဓာတ် အဓိက လိုအပ်ပါသည်။ စည်းလုံးဟူသည် ပါးစပ်နှင့် စည်းလုံး၍မရ၊ မေတ္တာနှင့်သာ စည်းလုံး၍ ရနိုင်သည်။

စည်းလုံးဖို့အတွက် ချစ်ကြည်မှုလိုသည်၊ ချစ်ကြည်မှုအတွက် ညီညွတ်မှုလိုသည်၊ ညီညွတ်ဖို့အတွက် မျှတဖို့လိုသည်၊ မျှတမှ ညီညွတ်မည်၊ ညီညွတ်မှ ချစ်ကြည်မည်၊ ချစ်ကြည်မှ စည်းလုံးမည်၊ မိဘနှင့်သားသမီး၊ လူကြီးနှင့် လူငယ်အားလုံး မျှမျှတတ အသက်ရှင်သန်ကြဖို့ အရေးတကြီးလိုအပ်ကြောင်း “သမဇိဝိတသမ္ပဒါ”ဟု ဘုရားမိန့် တော်မူခဲ့သည်။

မေတ္တာသည် အလိုအပ်ဆုံးဖြစ်သောကြောင့် မေတ္တာသည် အလွယ်ကူဆုံးဖြစ် သောကြောင့် ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာကို ရှေ့ဆုံးမှ ထား၍ ဟောခဲ့သည်၊ ပြဿနာအထွေထွေတို့သည် ယင်းမေတ္တာ မထားနိုင်ကြခြင်းကြောင့်ဖြစ်၏၊ ရှေးလူကြီး သူမတို့ကတော့ ကောင်းကွက်ကိုရှာ မေတ္တာဟု ဆိုမိန့်ခဲ့ကြသည်။

လောက၌ အကောင်းဆုံးပါ ဟူသော လူပုဂ္ဂိုလ်ရှားသလို အဆိုးဆုံးပါဟူသော လူပုဂ္ဂိုလ်လည်း ရှိမည်မဟုတ်ပေ၊ လူကောင်းအမည်ခံပုဂ္ဂိုလ်တွေမှာ အားနည်းချက် ၊ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက် ရှိနိုင်သလို၊ လူဆိုးဟု သတ်မှတ်ခံရသော ပုဂ္ဂိုလ်မှာလည်း တစ်ကွက်ကောင်းတော့ရှိတတ်ပါသည်။ မေတ္တာဟူသည် ကောင်းကွက် ကို ရှာဖွေ၍၊ ရှာကြံ၍၊ ရှုမြင်၍၊ ကျေနပ်၍ ပျော့ကွက်၊ ဟာကွက်၊ ညံ့ကွက်၊ ဆိုးကွက်တို့ ကို ဥပေက္ခာပြုလိုက်ခြင်းပင် ဖြစ်သည်။

ကမ္ဘားအေး ဂန္ဓာရုံ တိပိဋကဆရာတော် သက်ရှိထင်ရှားရှိစဉ် ခရီးဝေးမှ ပြန်လာ ကာစတုန်းက မှတ်မှတ်ရရ အမိန့်ရှိခဲ့ဖူးသည်၊ ၀က်လက် မစိုးရိမ်ဆရာတော် ဦးတိဿ ရေးသော လင်္ကာကို ရွတ်ပြပြီး ရှင်းပြသည်၊ လင်္ကာလေးက “ ချင်းချင်းဆက်ဆံ သည်း ညည်းခံ အမှန်လိုအပ်သည်၊ ကျေးဇူးမကင်း ပြစ်မကင်း ချင်းချင်းရှိတတ်သည်၊ ကျေးဇူးမျှော်မြင် ပြစ်မတင် ကြည်လင်ချမ်းမြေ့သည်၊ ချမ်းသာလိုရာ များသူငါ မေတ္တာခန္တီ ရှိရမည်”ဟူ၍ ဖြစ်သည်။

မိသားစုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း၊ ဆွေမျိုးအချင်း ချင်း၊ လိုဖော်ကိုင်ဖက်အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်း၊ အနေအထားအမျိုမျိုး၊ အယူ အဆအမျိုးမျိုးနှင့် ပြောဆိုလုပ်ကိုင် ဆက်ဆံကြရာတွင် တစ်ဘောတည်း ဖြစ်ဖို့ရာ မလွယ်ကူ၊ စိတ်တွေ၊ ဆန္ဒတွေ၊ အယူအဆတွေ၊ ယုံကြည်ချက်တွေ တူညီဖို့ဆိုတာ မဖြစ်နိုင်၊ ထိုအခါ ၀ိရောဓိတွေ၊ ပဋိပက္ခတွေ ရှိလာလိမ့်မည်၊ ၀ိရောဓိတို့၊ ပဋိပက္ခတို့ ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ဟုသာ နှလုံးသွင်းရမည်၊ ရေးကြီးခွင်ကျယ် အလုပ်ကြီးတစ်ခု သဖွယ် အချိန်ပေး၊ အချိန်ဖြုန်းနေဖို့ မဟုတ်။

အချင်းချင်းတွေကြားမှာ လိုအပ်တာက စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံလို့ ဆိုသည့်အတိုင်း စိတ်ရှည်ကြဖို့၊ စိတ်ရှည်ရာမှာလည်း ဇွဲရှိရှိနှင့် စိတ်ရှည်ကြဖို့၊ အချင်း ချင်း သည်းညည်းခံကြဖို့ အလွန်ပင် လိုအပ်လှပါသည်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ကျေးဇူးလည်းမကင်းကြ၊ အပြစ်လည်းမကင်းကြ၊ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး၊ သူ့အပြစ်၊ ကိုယ့်အပြစ်၊ အချင်းချင်းအပေါ်မှာ အပြန်အလှန်ရှိကြသည်။

စိတ်ရှည်စွာ၊ သည်းခံစွာ၊ နားလည်မှုရှိစွာ၊ သဘောထားကြီးစွာ၊ အမြှော်အမြင် ကြီးစွာဖြင့် သူ့ကျေးဇူးတွေကို ဆင်ခြင်ပွားများလျက် ဖြစ်ပေါ်လာတတ်သော သူ့အပြစ် တွေကို သူ့ကျေးဇူးတွေနှင့် အစားထိုး ဖုံးကွယ်ချေဖျက်၍ သည်းခံနိုင်ကြ၊ ခွင့်လွှတ်နိုင် ကြလျှင် လောကကြီးက နေသာထိုင်သာ၊ နေပျော်ထိုင်ပျော် ရှိပါလိမ့်မည်၊ ကြည်ကြည်သာသာ၊ ချမ်းချမ်းမြေ့မြေ့ ရှိပါလိမ့်မည်၊ မိမိတို့ ချမ်းချမ်းသာသာ နေချင် သပဆိုလျှင်တော့ မေတ္တာခန္တီရှိမှသာ ဖြစ်မည်။

ကိလေသာခေါင်းပါးစေတတ်သော အကျင့်ကို “ ဓုတင်အကျင့်”ဟု ခေါ်၏၊ ဓုတင် အကျင့် တစ်ဆယ့်သုံးပါး ရှိ၏။ ထိုအထဲတွင် ‘ပံသုကူလဓုတင်’ ဟု ရှိသည်၊ ပံသုက မြေမှုန့်၊ ကုလက လိမ်းကျံနေခြင်း၊ ပေကျံနေခြင်းဟု အဓိပ္ပါယ်ထွက်သည်၊ ပံသုကူလ ဓုတင်ဆောင်သော ရဟန်းသည် သုသာန်တစ်စ သင်္ချိုင်းဝ၊ လမ်းဆုံလမ်းမ လမ်းလေးခွ တို့မှ တွေ့ရာ အ၀တ်စုတ်တွေကို ကောက်ယူပြီး မကောင်းသော အပိုင်းအစ လေးတွေ ကို ခြေထောက်တစ်ဖက်နှင့် ဖိနင်းဖဲ့ဆုတ်ပစ်၊ ကောင်းသော အပိုင်းအစလေး တွေကို ဖြတ်တောက်ယူ၊ တစ်ထွာတစ်မိုက်ရှိ ထိုအစလေးတွေကို စပ်ချုပ်၊ ဆေးဆိုးပြီး ၀တ်ရုံ ရသည်၊ ပံသုကူဓူတင်ဆောင် မထေရ်သည် အ၀တ်စုတ်တွေမှ မကောင်းတာလေး တွေပယ်ပြီး၊ ကောင်းတာလေးတွေ ဖြတ်တောက်ယူသကဲ့သို့ အချင်းချင်း ပေါင်းသင်း ဆက်ဆံသည့်နေရာမှာလည်း မကောင်းကွက်တွေကို ဖယ်ထားပြီး ကောင်းကွက်လေး တွေကြည့်ကာ ပေါင်းသင်းရမည်ဟု စာကဆိုသည်။

သန္တုဋ္ဌီပရမံ ဓနံ- တင်းတိမ်ရောင့်ရဲခြင်းသည် အမြတ်ဆုံးဥစ္စာဟု ဘုရားဟော သည်၊ ဥစ္စာဟူသည် ချမ်းသာဖို့ဖြစ်သည်၊ ရွှေရှိလျှင် ချမ်းသာသည်၊ ငွေရှိလျှင် ချမ်းသာ သည်၊ အခြားစည်းစိမ်ဥစ္စာရှိလျှင်လည်း ချမ်းသာသည်၊သို့ရာတွင် ထိုလောကီရွှေငွေ စည်းစိမ်ဥစ္စာတို့က ပေးသော ချမ်းသာကား ပူစပ်ပူလောင် ချမ်းသာမျိုး ဖြစ်သည်၊ တကယ့် ငြိမ်းငြိမ်းအေးအေးနှင့် ချမ်းသာသော ချမ်းသာကတော့ တင်းတိမ် ရောင့်ရဲနိုင်မှု ဖြစ်သည်။

ပညာတွေ၊ ဥစ္စာတွေ ရှာရမည်၊ ရသင့်သလောက်၊ ရနိုင်သလောက်၊ ကြိုးကြိုးစား စားရှာရမည်၊ သို့သော် လောဘတွေ အလွန့်အလွန်ကြီးစွာ မတော်မတရား ၀ိသမ လောဘတွေနှင့် မရှာနှင့်၊ ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့်ရှာပြီး ရတာနှင့်၊ ရှိတာနှင့် ကျေနပ်ရမည်၊ တင်းတိမ်ရမည်၊ ရောင့်ရဲရမည်၊ သန္တုဋ္ဌီဟူသည် ထိုအဓိပ္ပါယ် ဖြစ်သည်။

ပေါင်းသင်းဆက်ဆံကြသည့် နေရာမှာလည်း ကိုယ့်အလိုကျတော့ ဖြစ်မည် မဟုတ်၊ ကိုယ့်စိတ်တိုင်းကျတော့ ဖြစ်မည်မဟုတ်၊ မတူတာတွေခွဲ၊ တူတာတွေတွဲပြီး အလုပ်လုပ်လို့ အလုပ်ဖြစ်လျှင် ကျေနပ်ရတော့မည်၊ သို့ဆိုလျှင် အဆင်ပြေပါသည်၊ ထိုကောင်းကွက်လေးတွေကို ရှာကြံ ရွေးချယ်ပြီး ကျေနပ်စွာလက်ခံ၍ အလုပ်လုပ်လျှင် အလုပ်ဖြစ်ပါလိမ့်မည်၊ မေတ္တာဟူသည် ကောင်းကွက်ကိုရှာဖွေတွေ့ရှိ ကျေနပ်စွာဖြင့် နေတတ်လာခြင်းပင် ဖြစ်သည်။

ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ရဟန်းခံအလှူတော်မင်္ဂလာ

1

၈.၃.၂၀၁၀ (တနင်္လာနေ့)တွင် ပုသိမ်မြို့ရေကြည်မင်္ဂလာကျောင်းတိုက် ၌ ဒုလ္လဘရဟန်းခံ အလှူတော်မင်္ဂလာကို ကွယ်လွန်သူ ဦးဘစိန်အား ရည်စူး၍ ဇနီးဒေါ်တင်တင်အေး မိသားစု တို့မှ မြေးဖြစ်သူ မောင်လမင်းအား သာသနာဘောင်သို့ရောက်အောင် ချီးမြှင့်ခဲ့ပါတယ်။



ဒုလ္လဘ

ယနေ့ မြန်မာနိုင်ငံ တောရော မြိုပါ နေရာအနှံ့အပြား မှာ နွေရာသီကျောင်းပိတ်ရက်ပဲဖြစ်ဖြစ်၊ သင်္ကြန် ရုံးတွေပိတ်ရက်တွေမှာပဲ ဖြစ်ဖြစ်၊ ဘုန်းတော်ကြီးကျောင်းတွေမှာ သားရှင်ပြု၊ ရဟန်းခံ၊ သမီး နားသ၊ သီလရှင်ဝတ်ပေးခြင်း စသည့် မင်္ဂလာများကို အကြောင်းပြု၍ အလှူကြီးတန်းကြီးတွေနဲ့ စည်ကားလျက်ရှိပါသည်။ ထိုရှင်ပြု ရဟန်းခံပွဲကို ဒုလ္လဘ ရဟန်းပြုပွဲလို့လဲ ခေါ်ဝေါ်ကြသည်။ ဒုလ္လဘဆိုသည်မှာ ရခဲ၏၊ ရဘို့ရန်မလွယ်ကူ၊ လူအနဲစုသာ ရနိုင်၏ စသည်အားဖြင့် အဓိပ္ပါယ်အမျိုးအမျိုးဖွင့်ဆိုနိုင်သည်။ လိုရင်းကတော့ တန်ဘိုးကြီးလို့ ရနိုင်ခဲခြင်းပင်ဖြစ်ပါသည်။ တန်ဘိုးဆိုသည်မှာ ရဟန်းဘ၀ရဲ့တန်ဘိုးနှင့် ထိုဘ၀ကိုရနိုင်ဘို့ ပိုင်ဆိုင်ရသည် ရှေးဘုန်းရှေးကံများပါသည်။ ဘယ်လိုတန်ဘိုးတွေနှင့် ရခဲလှတယ်ဆိုတာ ဆက်ပြောကြရအောင်နော်

ဒုလ္လဘ တရား ငါးပါး
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ

နံပါတ် (၄) ရဟန်းအဖြစ်ကို ရခြင်းသည် ခက်ခဲ၏ ရခဲ၏၊ ဘုန်းရှိကံရှိ သူတွေသာလျင် ရဟန်းအဖြစ်ကို ရနိုင်သည်။ ဘုရားပွင့်မှ ဘုရားသားတော် ရဟန်းများပေါ်ပေါက်လာနိုင်၏။ ထိုရဟန်းတော်များရှိမှသာလျင် ရဟန်းအသစ်တပါးအားချီးမြှောက်ရန် အနီးကပ်ကြည့်ရှုစောင့်ရှောက်မည့် ဥပဇ္ဈာယ်ဆရာ၊ ရဟန်းခံရာဝယ် ပါဝင်မည့် ကာရက သံဃာ၊ အနုသာသက၊ ညတ်ကမ္မ၀ါစာဆရာ စသည်များရနိုင်ပါသည်။

ရဟန်းသစ်ကိုယ်တိုင်ကလဲ ပြည့်စုံရမည့် ဂုဏ်ရည်များလိုအပ်ပါသည်။

ထိုဂုဏ်ရည်တို့မှာ---
ရဟန်းလောင်းသည် ယောက်ျားစစ် ဖြစ်ရခြင်း၊
အသက် ၂၀-ပြည့်ရခြင်း၊
တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊
ပဉ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။ ခြေလက်အင်္ဂါ ပြည့်စုံရခြင်း၊ အနူနာ၊ တီဘီစသော ရောဂါမျိုးများကင်းစင်ရခြင်း စသည်များအပြင် အခြား သိမ်နှင့်ပတ်သက်သသည့် လိုအပ်ချက်များရှိပါသေးသည်။ ဥပမာ- ဉတ္တိအနုဿာဝနတို့အရ ဉတ်ကမ္မ၀ါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။
သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။
ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။ ဤသို့အားဖြင့်ရဟန်းမဖြစ်မီ ပြည့်စုံနေရမည့် ဂုဏ်ရည်များအပြင် ရဟန်းဖြစ်ပြီးသော် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ များစွာရှိနေပါသေးသည်။ ထို့ကြောင့် ရဟန်းဘ၀သည် လွယ်ကူသည်ဟူ၍ မည်သူမျှ မတွေးရဲ့ကြပေ။

ရဟန်းတော်များအား ထောက်ပံ့ခွင့်

ရဟန်းအဖြစ်ကို မဆိုထားဘဲ ရှင်ရဟန်းတို့အား ထောက်ပံ့ခွင့်ရခြင်းသည်ပင် ဘုန်းရှိ ကံရှိသူတွေအတွက်သာ ဖြစ်ပါသည်။ မိထွေးတော် ဂေါတမီက သူ၏ဘ၀သံသရာ ဖြစ်စဉ်ကို ပြန်ကြည့်လိုက်သောအခါ ရဟန်းတော်များအား ချီးမြောက်ခွင့်ရခြင်းသည် နှစ်ဘ၀ပဲရှိသည်ဟု မြတ်ဗုဒ္ဓအား လျှောက်ဖူးသည်၊ တစ်ဘ၀က ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား ပစ္စည်းလေးပါး ထောက်ပံ့ခွင့်ရခဲ့၊ ဒုတိယဘ၀မှာ တော့ ဘုရားရဲ့ မိထွေး(အမေ) အဖြစ်နဲ့ စောင့်ရှောက်ခွင့်ရသည်။

တပည့်တော်တို့ မိန်းမသားဘ၀မှာ ဘုရင့်အမေ၊ မိဘုရားဆိုတဲ့ အမည်ထူးတွေကတော့ ရဘို့ရန် မခဲရင်းပါဘူးဘုရား၊ ဒါပေမဲ့ဘုရား ရဟန်းမယ်တော်၊ ကိုရင့်မယ်တော် ရဟန်းအမဆိုတဲ့ ဘွဲ့ထူးတွေကတော့ အလွန့်အလွန်ကို ရခဲလှပါတယ်ဘုရား။(မိထွေးတော်ဂေါတမီ လျှောက်ခန်း)။မိထွေးတော်ဂေါတမီကို အားကျကာ ဗုဒ္ဓဘာသာဝင်များသည် စာသင်တိုက်ကြီးတွေမှ စာတော်သော ကိုရင်များကို ပစ္စည်းလေးပါး ထောက်ပံ့ခြင်း၊ ရဟန်းခံပေးခြင်းများ ပြုလုပ်ကြသည့်အပြင် ကိုယ့်ရဲ့ ရင်သွေးများ၊ သွေးသားတော်စပ် တူ၊ မြေးစသည်များကို ရဟန်းဘောင်ရောက်အောင် ထောက်ပံ့ပေးကြသည်။

ကိုယ့်ရဲ့ ရင်သွေးများ သွေးသားတော်စပ်သူများအား ရခဲသည့်ဘ၀ကို ရစေခြင်းသည်လည်း မိဘတိုင်းစေတနာ မေတ္တာတွေဖြစ်ပါသည်။ ထိုကဲ့သို့သော စေတနာမေတ္တာများဖြင့် ချီးမြှင့်ပေးခဲ့သော ပုသိမ်မြို့ ရေကြည် မင်္ဂလာ ကျောင်းတိုက်မှ သံဃာတော်များအားလုံး၊ သင်္ကန်းပရိက္ခရာအလှူရှင် ဘုန်းဘုန်း ၊ ညခင်းနှင့် လမင်း တို့၏ အဖွား ရဟန်းဒကာမကြီး ဒေါ်တင်တင်အေး တို့အားကျေးဇူး တင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါတယ်။ ပြုပြုသမျှကုသိုလ် အဖို့ဘာဂကိုလည်း ညခင်းတို့နဲ့ ထပ်တူထပ်မျှရကြစေရန် သာဓုခေါ်ကြပါကုန်။

ညခင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ။

အနှောင်အဖွဲ့

3



ဗုဒ္ဓရှင်တော်မြတ် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သတင်းသုံးတော်မူစဉ် သံဃာတော်အရှင်မြတ်တို့ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏။ ဆွမ်းခံကြွစဉ် သံဃာတော်များမြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို မြတ်စွာဘုရားအား လျှောက်ထားကြလေသည်။

မြတ်စွာဘုရား၊ ပသေနဒီ ကောသလ၏ စစ်သည်တော်တို့သည် အပြစ်ရှိသော ရာဇ၀တ်သားများအား အချို့သောသူများကို ကြိုးဖြင့်တုပ်နှောင်ထားသည်။ အချို့ကို လက်ထိပ်ခတ်ထားသည်။ သံခြေချဉ်းတို့ဖြင့် ချုပ်နှောင်ထားသည်ကို တွေ့ရပါသည် ဘုရားဟု လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ထိုလျောက်ထားချက် ကိုအကြောင်းပြု၍-

ချစ်သားတို့ ၊သစ်သားဖြင့် ပြုလုပ်ထားသော အချုပ်အနှောင်ကို၎င်း၊ လျှော်ကြိုးဖြင့်ပြုလုပ်ထားသော အချုပ်အနှောင်ကို ၄င်း၊ သံဖြင့်ဆောက်လုပ်ထားသော သံလှောင်အိမ်ကို ၄င်း ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့မပြောဆိုကြကုန်။

ရွှေ၊ ငွေ၊ စိန်၊ကျောက်၊ ပတ္တမြားတို့ကို ၄င်း၊ သားသမီး ဇနီးမယားကို ၄င်း၊ အလွန်အမင်း ချစ်ခင်နှစ်သက်အပ်၏။ ငဲ့ကွက်ခြင်းလည်းရှိ၏။ အပါယ်ငရဲကို ပို့ဆောင်တတ်သော အလွန်ပင်ဖြေရခက်သော ၊ ငဲ့ကွက်သော သံယောဇဉ်ကို ရုန်းထွက်ဖို့ အလွန်ခက်သော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ (သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ဗန္ဓနသုတ်)

မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း ပုထုဇဉ်တို့မှာ.ကိစ္စများမြောင် လူတို့ဘောင် ဟုဆိုရလောက်အောင် လူ့ဘောင် လူလောက မှာ အိမ်ထောင်ရေး ကိစ္စ၊ သားသမီးကိစ္စ၊ မြေးကိစ္စ၊ ဇနီးကိစ္စ၊ ရပ်ရွာကိစ္စ၊ ဆွေမျိုးကိစ္စ ၊စားသောက်ရေးကိစ္စ၊ နေထိုင်ရေးကိစ္စ စသော ကိစ္စများဖြင့် ရှုပ်ထွေးနေတတ်ကြသည်။ ထိုကိစ္စများ ဖြင့်ဝိုင်း၍ ရစ်ပတ်ခံနေရသဖြင့် ရှောင်၍မလွတ်၊ ရုန်း၍မရ၊ ဖြေလို့မပြေနိုင် အနှောင်အဖွဲ့ဖြင့် ချုပ်နှောင်ခံနေရသည်။

သံယောဇဉ် အနှောင်အဖွဲ့ ဟူသည်မှာ ကျားကြီး ၊ ခြေရာကြီး ကျားငယ် ခြေရာငယ် ဆိုသည့်စကားအတိုင်း စည်းစိမ် ဥစ္စာများလေ ပို၍ အနှောင်အဖွဲ့ခံရလေ၊ ထင်ရှားကျော်ကြားခြင်း၊ အခြွေရံများခြင်း သည်လည်း အနှောင်အဖွဲ့များခြင်းဖြစ်လေရာ ရုန်းထွက်ဖို့ လွန်စွာခဲယဉ်းလှပါတယ်။

ထိုကဲ့သို့အမှားကို အမှန်၊ အမှန်ကို အမှားဟု ဝေခွဲမရ၊ အ၀ိဇ္ဖာ တိမ်သလ္လာဖုံးပြီး စုံလုံးကန်းနေသော တဏှာအချုပ်ထောင်တွင် ဒုက္ခခံနေကြရသော ပုထုဇဉ်လူသားတို့ဆုတောင်းဆုယူမှားကြပုံကို ဦးပုညသည် ဆဒ္ဒန်ဆင်မင်းဝတ္ထု အစတွင်...အခုကာလ ပုထုဇဉ်တို့ကလည်း နိဗ္ဗာန်ကို လက်လွတ်၍ ၀ဋ်ကိုသာတောင့်တသည်။ ခုလူများ လက္ခဏာ၊ ဘုရားဟောဒေသနာနှင့်၊ စက္က၀ါလေသု ကွာဝေးသည့်အမှုကြောင့်....ဟု တရားမသိ၍ အမှားသံသရာလည်နေသော လောကီလူသားတို့အား အားမလို အားမရ အပြစ်တင်ထားသည်။

ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် အဆုံးတွင်တော့...၀ဋ်ချမ်းသာကို တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား သေလိုက်လား၊ တစ်မွှားမွှားနှင့် ၊ အလျားလိုက်မျော၊ဆင်းရဲ့၍မောကြလိမ့်မည်၊ သဘောထား ကြီးကြပါစေကုန်... ဟု နှိုးဆော် သတိပေး ရေးသားခဲ့သည်။

ဒါကြောင့် သံသရာမှ လွတ်မြောက်အောင် ကြိုးစား၍ မိမိအားရစ်ပတ်လာမည့် ကိလေသာ အနှောင်အဖွဲ့ဘေးကို အမြဲမပြတ် ကြည့်ရှုရမည်။ ရုန်းထွက်နိုင်သောအခါ လွတ်အောင်ရုန်းထွက်ပြီး သူတော်ကောင်းတရားဖြင့် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers