ဖြူစင်သော စိတ်ထားဖြင့်သာ

1

ဖြူစင်သော  စိတ်ထားဖြင့်သာ

စိတ်ကောင်းသည် မြင့်မြတ်သည်ထက် မြင့်မြတ်အောင် ပြုလုပ်တတ်၏။ မိဘဆွေမျိုးများကသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။

စိတ်ယုတ်မာသည် ယုတ်ညံ့သည်ထက်  ယုတ်ညံအောင် ပြုလုပ်တတ်သည်။ ခိုးသူ၊ ရန်သူအချင်းချင်းသော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။  (ဓမ္မပဒ)

 လူတို့သည် စည်းစိမ်ဥစ္စာတို့ကို လိုလားတောင့်တတတ်ကြ၏။ ရာထူးအရှိန်အ၀ါ သြဇာအာဏာကိုလည်း လိုလားတောင့်တတတ်ကြ၏။ မြတ်နိုးတန်ဖိုးထားတတ်ကြပါ၏။ သို့တစေ ဓနဥစ္စာ၊ ရာထူးအရှိန်အ၀ါ၊ ဂုဏ်အကျော်အစောတို့ထက် ပိုမို့၍ လိုလားတောင်တအပ်၊ မြတ်နိုးတန်ဖိုးထားအပ် သောအရာ တစ်ခုကိုမူ အများအားဖြင့် မေ့လျော့နေတတ်ကြပါ၏။ ယင်းအရာကား ဖြူစင်မွန်မြတ်သော စိတ်ထားပင်ဖြစ်ပါသည်။

ပစ္စည်းဥစ္စာ၊ ဂုဏ်ရှိန်အ၀ါတို့သည် ဘ၀၌ လိုအပ်ပါ၏။ ပြည့်စုံနိင်သမျှ ပြည့်စုံနိုင် လျှင် ကောင်းပါ၏။ သို့သော် ယင်းအရာတို့ ပြည့်စုံပါလျက်၊ ကောင်းမွန်ဖြူစင်သော စိတ်နှလုံး မရှိသော် ပစ္စုပ္ပန် သံသရာ နှစ်ဖြာတွင် စိတ်အေးဖွယ် မရှိချေ။ အေးချမ်းဖြူစင်သော စိတ်ထားကို မမွေးမြူနိုင်လျင် အတက်လောကဓံ၏ ဒဏ်ကို ရေရှည်တွင် ကျော်လွှားနိုင်ဖို့ မလွယ်ပေ။

သို့ဖြစ်သောကြောင့် မိမိခုံမင်လိုချင်သော ဥစ္စာ၊ အကျော်အစော ဂုဏ်ဒြပ်တို့ကို ရှာဖွေရာ၌ စိတ်နှလုံးကို အထိအခိုက် မခံစေသင့်။ အပွန်းအပဲ မခံစေသင့်၊ ဖြူစင်ဖြောင့်မတ်သော စိတ်နှလုံးဖြင့်သာ မိမိလိုချင်သော အရာကို ရအောင်ယူပါ။ မိမိလိုချင်သော ဘ၀ပုံသဏ္ဍာန်ကို ပုံဖော်ဖန်တီးပါ။ ဖြူစင်ရိုးသားသော စိတ်ထားရင်းခံဖြင့် ရှာဖွေရရှိသော စည်းစိမ်ချမ်းသာ၊ ကျော်ကြားမှုနှင့် ဂုဏ်အရှိန်အ၀ါတို့၌ အကုသိုလ်ဓာတ် စွန်းထင်း ပေကျံခြင်းမရှိ။ ပကတိ သန့်ရှင်းစင်ကြယ်၏။

ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိရာတွင် မနောကံက ဦးဆောင်သူဖြစ်၏။ စိတ်ထားဖြူလျင် ၀စီကံဖြူသည် ၊ ကာယကံဖြူသည။၊ စိတ်ထားအေးချမ်း လျှင် ၀စီကံအေးချမ်းသည်၊ ကာယကံအေးချမ်းသည်။ ဖြူစင်ကောင်းမွန်သော စိတ်ထားရင်းခံလျှင် ၀စီကံမှု၊ ကာယကံမှုများ ဖြူစင်ကောင်းမွန်လျက်၊ ဖြူစင်ကောင်းမွန်သော ဘ၀ကောင်း၊ ဘ၀မွန်တစ်ခုကို ပုံဖော်တည်ဆောက်သွားပေလိမ့်မည်။ သို့ဖြစ်၍ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ၊ အရာရာမှာ ဖြူစင်သော စိတ်ထားဖြင့်သာ ဆောင်ရွက်သင့်ကြောင်း တိပိဋကဓရ အရှင် သူမင်္ဂလာလင်္ကာရ ဆရာတော်ကြီးက ဤသို့ သြ၀ါဒချီးမြှင့် တော်မူခဲ့ပါသည်။

ဖြူစင်သော စိတ်ထားဖြင့် ဆောင်ရွက်သမျှ အေးမြသောအကျိုးကို ရရှိမည်။ မဖြူစင်သော စိတ်ထားဖြင့် ဆောင်ရွက်လျှင် နောင်အချိန်တွင် အပူအပင်များ ၀င်လာမည်မှာ သေချာပါသည်။ သို့အတွက် အရာရာမှာ ဖြူစင်သော စိတ်ထားဖြင့် ဆောင်ရွက်ကြစေချင်ပါသည်။


အပ္ပမာဒ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။ စာရေးသူ-မင်းနန် (မော်ကျွှန်း)

တရားအစစ် အမှန်ချစ် နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

1 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers