ကဿပ မြတ်စွာဘု၇ား လက်ထက် မင်းသားတစ်ယောက်သည် မိတ်ဆွေကောင်းနှင့် ပေါင်းသင်းမိသဖြင့် သတိ သံဝေဂဖြစ်၍ သာသနာတော်၌ ရဟန်းပြုပြီးလျှင် ပရိယတ် တရားတော်များကို သင်ယူရာ ပရိယတ္တိ ဗဟုသုတနှင့် ပြည့်ဝကုံလုံသော ရဟန်းတော်ဖြစ်လာ၏။ သို့သော် အမျိုးမာန် နှင့် ဗဟုသုတမာန် ခက်ထန်ကြီးမားသောကြောင့် မိမိကိုယ်ကို ၀ါကြွားပြောဆိုကာ သူတစ်ပါးကို ရှုတ်ချပြောဆိုလေ့ရှိ၏။ မိမိကိုယ်ကိုနှိမ့်ချခြင်း နိဝါတ တရားကို နားမလည်သူဖြစ်သည်။
ဂေါတမ မြတ်စွာဘုရား လက်ထက်တော်သို့ ရောက်သောအခါ ထိုရဟန်းသည် သူ၏ ထိုမနှိမ့်ချမှု မာနကြီးမှု အကုသိုလ်ကံကြောင့် အယုတ်ဆုံး အနိမ့်ဆုံး အမျိုးဖြစ်သည့် သုဿာန်စောင့် စဏ္ဍာလအမျိုး၌ဖြစ်ရ၏။ အမည်မှာ သုပ္ပိယဖြစ်၏။
နောင်အခါ သောပါကမထေရ်ထံမှ တရားနာရ ၍ ရဟန်းပြုပြီးလျှင် တရားအားထုတ်ရာ ရဟန္တာဖြစ်သွား၏။ မနှိမ့်ချမှု မောက်မာထောင်လွားမှု မာန အကုသိုလ်သည် ရဟန္တာဖြစ်မည့် ဘ၀အထိလိုက်၍ ဆိုးကျိုးကိုပေးနိုင်ပါသည်။
အမျိုးဂုဏ်၊ ပစ္စည်းဥစ္စာ၊ ပညာအရည်အချင်း၊ ရာထူးဂုဏ်ရှိန် စသည်ဖြင့် တမျိုးမျိုးကြောင့်ဖြစ်စေ မိမိကိုယ်ကို အဟုတ်ကြီး... အတော်ကြီးထင်မှတ်ကာ မာန်မာနခက်ထန်နေသူသည် နှိမ့်ချခြင်း နိဝါတ မင်္ဂလာ မရှိပေ။ ထိုသို့နိဝါတ နှိမ့်ချခြင်း မင်္ဂလာ မရှိသူသည် သိမ်မွေ့နှုးညံပျော့ပျောင်းမှု မရှိသဖြင့် မချမ်းသာနိုင်ပေ။ အမြဲတစေ စိတ်ရော ကိုယ်ပါ ခက်ထန်ကြမ်းတမ်း မောက်မာရိုင်းစိုင်း နေမည်သာဖြစ်ပြီး ပူလောင်နေသူသာ ဖြစ်၏။
ထို့ကြောင့် အပူ၏ ဆန့်ကျင်ဘက် အအေးတရား နှိမ့်ချခြင်း နိဝါတ မင်္ဂလာသည် မုချ လိုလားအပ်သည့် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ နှိမ့်ချစိတ်ထားရှိသူသာ ရိုသေထိုက်သူကို ရိုသေ ကိုင်းရှိုင်းလေ့ရှိပေသည်။
မာန်ထောင်လွှားက၊ မျိုးယုတ်ရ၊ နှိမ့်ချ မျိုးမြတ်သည်။ နှိမ့်ချသူမှာ၊ စဉ်မကွာ၊ မင်္ဂလာရှိပေသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
မာန က တော်တော် ဆိုးတယ် နော် :)