သိကြားမင်း လောက်ဖြစ်ရတဲ့အကြောင်း

2

သိကြားမင်းကြီးက လည်း နတ်သက် ကြွေသေရမှာကို သိရစဉ်ခဏ သေပြီးရင် ဘာဖြစ်မလည်း ဆိုတာ ကြည့်လိုက်တဲ့အခါ ချေးတွင်းကြီးမှာ လောက်ကြီးဖြစ်ရမှာပါလား၊ လောက်ဘ၀ အကုသိုလ်ကံ ကုန်ရင်ဘာဖြစ်မလည်း ဆက်ကြည့်လိုက်တဲ့အခါ ဗာရာဏသီပြည်မှာ မင်းဧကရာဇ် ဧကန်ဖြစ်မယ် လို့တွေ့ပါတယ်။ ဒီတော့မှ တော်ပါသေးရဲ့ ဒါပေမဲ့ လောက်ဘ၀ ရပြီးမှ ရှင်ဘုရင်ဖြစ်မှာ။ သည်တော့ လောက်ဘ၀ မြန်မြန်သေမှ ဘုရင်မြန်မြန်ဖြစ်မယ်။ လောက်ဘ၀ရောက်ရင် မြန်မြန်သေအောင် သတ်မယ့်လူ ရှာထားမှဆိုပြီး သိကြားမင်းကြီး လူ့ပြည်ဆင်းလာတယ်။ တောထဲမှာ မုဆိုးကြီးတစ်ယောက်နဲ့ တွေ့ပါလေရော။ ဒီတော့ အကြောင်းစုံ ပြောပြ အကူအညီတောင်းတာပေါ့။
အဲဒီ လောက်ကြီးကို သတ်ပေးစမ်းပါ။ မြန်မြန်သာ သတ်လိုက်ပါ၊ သတ်ခအဖြစ် ကျုပ်ဘုရင်ဖြစ်ရင် အသင်မုဆိုးကို အမတ်ကြီးခန့်ပါမယ့်လို့ သိကြားမင်းက ကတိပြုခဲ့ပါတယ်။ ဒီလိုနဲ့ သိကြားမင်းကြီးလည်း သေပါလေရော။ ပြောခဲ့တဲ့အတိုင်း အိမ်သာကျင်းထဲမှာ လောက်မင်းကြီး ဖြစ်နေရှာပြီ။ ဒါပေမဲ့ မုဆိုးကြီးက လာမသတ်ဘူး မသတ်ရက်လို့ မဟုတ်ပါဘူး။ မေ့နေလို့၊ သတ်ရမှာမေ့နေလို့၊ လောက်မင်းကြီးလည်း လောက်ဖြစ်ခါစတော့ မုဆိုးကြီးလာသတ်မှာကို မျှော်ပါသေးတယ်။ ဒါပေမဲ့ ကြာတော့ သူလည်း မုဆိုးကြီးကို မေ့သွားပြီ။ သူ့ဘ၀ သူပျော်နေပြီ။ လောက်မင်းကြီးပဲ လောက်မလေးတွေနဲ့ သိကြားမင်းစည်းစိမ်နဲ့တောင် မလဲနိုင်တော့တာထင်ပါရဲ့။ ဗာရာဏသီပြည်မှာ ဘုရင်ဖြစ်မယ့်ဘ၀ကို မေ့နေနိုင်လောက်အောင် လောက်ဘ၀မှာ ပျော်နေပြီ။ 
သို့သော်...တော်တော်ကြာတော့ မုဆိုးကြိးလည်း သတိရကာ လောက်မင်းကြီးရှိရာ ရောက်လာတယ်။ အိမ်သာကျင်းဝက အောက်ငုံကြည့်ပြီး လောက်မင်းကြီးကို သတ်ဖို့ ကြိုးစားတယ်။ ဒီတော့ လောက်မင်းကြီးက မေးတာပေါ့။
သင်ဘာအတွက် ငါကို သတ်မှာလဲ
သင်မေ့နေပြီလား၊ သင်သိကြားမင်း ဘ၀က လာခဲ့တယ်။ သင်နဲ့ ကတိတွေထားခဲ့ကြတယ်လေလို့ သတိပေးပါတယ်။
အကျိုးအကြောင်းပြောပြပြီး သတ်မယ်လုပ်တော့ လောက်ကြီးက ဘုရင်မဖြစ်ချင်နေပါကွာ၊ ငါ့ဘ၀နဲ့ ငါပျော်နေပါပြီ၊ ရှိပါစေတော့... တဲ့ ဒီအတိုင်းပြောပြီး ချေးတွင်းကြီးထဲ ငုပ်သွားလိုက်တာ ပေါ်ကိုမလာတော့ဘူးတဲ့။
ဒီပုံပြင်ကို ကြည့်ရင် သေရမှာကို နတ်သိကြားလည်း ကြောက်တယ်။ ချေးထဲက လောက်လည်းကြောက်တယ်။ နေခွင့်ရ ဘ၀ကလေးမှာ တဏှာနဲ့ ပျော်နေကြတယ်။ လောက်မင်းကြီးဟာ ဘုရင်ဖြစ်ကိန်း ပါလာပေမဲ့ လောက်ဘ၀အပေါ်မှာ သာယာနေတော့ ဘုရင်ဧကရာဇ် မဖြစ်တော့ဘူး။ ပြိးတော့ သိကြားမင်း ဘ၀ စုတေချိန်မှာ သာသနာပ ကာလ ဖြစ်တဲ့အတွက် ဘုရားနဲ့မကြုံ၊ တရားနဲ့လည်း မဆုံ၊ သရဏဂုံဆိုတဲ့ ထောက်၇ာတည်ရာ မရတဲ့အတွက် လောက်ဘ၀ ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။ ယခု လက်ရှိကျမ တို့သည် မြတ်စွာဘုရား၏ သာသာနာတော်နှင့်လည်း ကြုံတွေ့နေတယ်၊ တရားတော်များကို လက်ဆင့်ကမ်း ပေးနေတဲ့ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း ဆည်းကပ် ခွင့်ရနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒီလို အချိန်မျိုး အခွင့်ကောင်း အခါကောင်းနဲ့ ကြုံကြိုက်နေရတဲ့ အချိန်မျိုးမှာမှ ဘ၀တဏှာ ၀ဲအောဂထဲမှာဘဲ  မေ့မြောနေပြီး ရုန်းမထွက်နိုင်ရင်တော့ သိကြားမင်း လောက် ဖြစ်ရသလို ဘ၀သံသရာ နွံထဲမှာ တ၀ဲလည်လည် ဖြစ်နေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ရခဲလှသော လူ့ဘ၀မှာ ရသမျှ အချိန်လေးမှာ တန်ဖိုးရှိရှိ အသုံးချတတ်ရန် အလွန်ရေးကြီးကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


2 - Comment:

  • January 18, 2011 at 12:55 AM

    အတော်ကို ကြောက်စရာကောင်းတဲ့ ကိလေသာတဏှာပါလား

  • January 18, 2011 at 11:32 AM
    Anonymous :

    အင်းဟုတ်တယ် တကယ်ကြောက်ဖို့ကောင်းတယ် ဘယ်တောကို ထွက်ရမလဲမသိဘူး စဉ်စားနေတာ ဒီဒုက္ခတွေက ကင်းဝေအောင်... အော် ဘဝ ဘဝ..စာအရေးသားကောင်းတယ် အသက်ငယ်ငယ် ရွယ်ရွယ်လေးနဲ့ တရားဘာဝနာကို လိုက်စားတယ် သာဓုခေါ်စရာပါ.. ဆုတောင်းပေးပါတယ် ဆိုင်ကယ်သူခိုး ဘေးရန်မှ ဒီတစ်ခါဆို ...........

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers