မျက်လုံးချင်းဆုံ

2



တစ်ခါတုန်းက မဒ္ဒ၀မင်းကြီးရဲ့ မိဖုရားနဲ့ ပုရောဟိတ်ကြီးရဲ့ သားငယ်တို့ နန်းတော်ထဲမှာ မျက်လုံးချင်းဆုံမိကြပါတယ်။ ထိုအခိုက်အတန့်အတွင်းမှာပဲ နှစ်ယောက်လုံး သံယောဇဉ်ဖြစ်သွားကြပါသတဲ့။

ပုရောဟိတ်သားဟာ အိမ်ပြန်ရောက်တော့ ထမင်းမစားပဲ အိပ်ရာထဲပဲ နေနေတော့တယ်။ ကြာလာရင် ဒီစိတ်နဲ့သေမှာဖြစ်တဲ့အတွက် ဖခင် ပုရောဟိတ်ကြီးက ဘုရင်ကြီးကို အရဲစွန့်ပြီးလျောက်ပါတယ်။

ဘုရင်ကြီးက (၇)ရက်ယူစေ၊ (၇)ရက်ပြည့်ရင် ပြန်ပေး ပါဆိုပြီး မိဖုရားကို ပေးလိုက်ပါတယ်။ ဒါပေမဲ့ (၇)ရက်စေ့တော့ ပုရောဟိတ်သားနဲ့ မိဖုရားငယ်တို့ ထွက်ပြေးသွားကြလေတယ်။

ဒီတော့ ဖခင် ပုရောဟိတ်ကြီးက အရဲစွန့်ပြီး ဘုရင်ကြီးကို လျောက်ရပြန်တာပေါ့။ အဲဒီအခါမှာတော့ ဘုရင်ကြီးခမျာ မစားနိုင်မအိပ်နိုင်ဖြစ်ပြီး သွေးအန် ၊သွေးဝမ်းသွားခြင်းတွေဖြစ်လာတယ်။

ဒီအချိန်မှာ ဘု၇ားအလောင်းက သေနကအမတ်၊ ရှင်သာရိပုတ္တရာလောင်းက ပက္ကုသအမတ်၊ ရှင်မောဂ္ဂလ္လာန်လောင်းက အာယုရ အမတ် ဖြစ်နေပါတယ်။

အမတ်သုံးယောက်ဟာ သူတို့ဘုရင်ကြီးရဲ့ အချစ်ရောဂါကို ကုစားဖို့အတွက် နန်းရင်ပြင်မှာ သံလျက်မျိုတဲ့ မျက်လှည့်ပွဲတစ်ခုကို စီစဉ်လိုက်ပါတယ်။ ဘုရင်ကြီးက သံလျက်မျိုတာကို ကြည့်ပြီး အံ့သြနေပါတယ်။

ဒါနဲ့ဘုရင်က အာယုရအမတ်ကို မေးပါတယ်။ လောကမှာ သံလျက်မျိုတာထက် ခက်တာရှိလား။

ရှိတယ်ဘုရား၊ မိမိမြတ်နိုးချစ်ခင်တဲ့ အရာကို ပေးမယ် လို့ကြံစည်တာဟာ သံလျက်မျိုတာထက် ခက်ပါတယ်ဘုရား။

ဒီတော့ဘုရင်ကြီးက ဘယ်လိုတွေးလည်းဆိုရင် အင်းးး..ငါက ငါမြတ်နိုးတဲ့ မိဖုရားကို ပေးမယ်လို့ကြံခဲ့တာပဲ။ ခက်ခဲတဲ့အရာကို လုပ်ခဲ့ပါလား လို့ တွေးမိပြိး စိတ်နည်းနည်း သက်သာသွားပါတယ်။

နောက် ပက္ကုသ အမတ်ဘက်ကိုလှည့်ပြီး မေးပြန်တယ်။....ပက္ကုသ..ဒီထက် ခက်ခဲတာ ရှိသေးလား။

ရှိပါတယ်ဘုရား၊ ကြံစည်ရုံမကပဲ ပေးမယ်လို့ နှုတ်က ပြောလိုက်တာပါဘုရား။ ဒီတော့ ဘုရင်ကြီးက အင်းးး...ငါက မိဖုရားကို ပေးမယ်လို့ ပြောခဲ့ပါလား၊ ခက်ခဲတဲ့အလုပ်ကိုလုပ်ခဲ့ပါလား လို့တွေးပြီး စိတ်သောက နည်းနည်းလျော့သွားပြန်ပါတယ်။

နောက် ပက္ကုသအမတ်ဘက်လှည့်ပြိး ထပ်မေးလိုက်ပြန်တယ်။ ပက္ကုသ...ဒီထက်ခက်ခဲတာ ရှိသေးလား။

ရှိပါသေးတယ်၊ ပေးမယ်လို့ပြောပြီး အမှန်တကယ်ကို ပေးဖြစ်လိုက်နိုင်တာက ပိုခက်ခဲပါတယ်ဘုရား။ ဘုရင်ကြီးကလည်း....အင်းးး...ငါ မိဖုရားကို ပေးမယ်လို့ ပြောပြီး အမှန်တကယ်ကို ပေးလိုက်နိုင်ပါ့လား ဆိုပြီး သောကတွေ လျော့သွားပြန်ပါတယ်။

ဘုရင်ကြီးက သေနက အမတ်ဘက်ကိုလှည့် ပြီး ဒီထက်ခက်ခဲတာ ရှိသေးလား လို့မေးပြန်ပါတယ်။

သေနက အမတ်ကလည်း အရှင်မင်းကြီး ...လူတွေဟာ ပေးမိတာကို ပြန်တွေးပြီး နောင်တဖြစ်တတ်ပါတယ်။ အဲဒီ နောင်တကို မဖြစ်အောင် မိမိစိတ်ကို ထိန်းချုပ် စောင့်စည်းနိုင် တာက ပိုခက်ခဲပါတယ်ဘုရားလို့ လျောက်လေတယ်။

သေနက အမတ်ရဲ့စကားကို ကြားလိုက်ရတဲ့ အခါမှာတော့ ဘုရင်ကြီးက သတိဥာဏ်တွေ ပြန်ဝင်သွားပါတော့တယ်။

ဒီ ဇာတ်ဝတ္တုလေးကို ကြည့်ချင်းအားဖြင့် လူဟာ ပြဿနာ တစ်ခုခုနဲ့ ကြုံတွေ့လာရင် ကိုယ့်ပါကိုယ်ဖြေရှင်းနိုင်စွမ်း မရှိလောက်အောင် တွေဝေမိန်းမောတတ်ပါတယ်။ သိခဲ့တဲ့ တရားတွေကိုလည်း အာရုံမပြုနိုင်တော့ပါဘူး။ ဒီတော့ အမှားအယွင်းတွေ ပြုမိသွားတတ်ပါတယ်။ ပါရမီရှင် တွေတောင် တွေဝေမိန်းမော အမှားအယွင်းတွေ ပြုမိသွားတာ ရှိခဲ့ဖူးပါတယ်။ အဲဒီ အခါမျိုးမှာ ကိုယ့်ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ပညာရှိ မိတ်ကောင်းဆွေကောင်းတွေ အများကြီးလိုအပ်ပါတယ်။

ဒါအပြင် ပုထုဇဉ်လူသားတွေ အချင်းချင်း ချစ်တာ သိပ်မဆန်းပါဘူး။ လောက သဘာဝ တစ်ခုပါ။ ဒါပေမဲ့ အချစ်မှာ အပြစ်သင့်တဲ့ အချစ်နဲ့ အပြစ်မသင့်တဲ့ အချစ် ဆိုတာ ရှိတဲ့အတွက် အပြစ်သင့်တဲ့ အချစ်မဖြစ်ဖို့အရေးကြီးပါတယ်။

ကာမရောဂါ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ ဆေးမရှိ တည့်၊ မိမိပညာ ၊သတိသာလျှင် ၊ မဟာသြဓ၊ ဆေးမည်စွာရှင့် လို့ မာဃဒေ၀မှာ စပ်ဆိုထားပါတယ်။ ကုရာ နတ္ထိဆေး မရှိပါဘူးတဲ့။ မိမိပညာသတိ သာလျှင် အကောင်းဆုံးဆေးဖြစ်ပါတယ်။ ထို့ကြောင့် ပညာသတိ အမြဲရှိကြစေရန်...ထိုက်သင့်တဲ့စာပေ၊ ထိုက်သင့်တဲ့ တရားများနာရပါ့မယ်။ ဖတ်ထားနာ ထားတဲ့ တရားတွေထဲက မိမိရဲ့ ပညာသတိ ကို ပြန်နှိုက်ယူကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


2 - Comment:

  • May 29, 2010 at 6:31 AM

    မှတ်သား စရာ ကောင်း တာ မို့...အသိသံဝေဂ ယူ ဖတ် မှတ် သွားပါတယ်။

    ဒီဘဝ မှာ....
    ကျွန်တော် တော့ ဒီ လို မျိုး ခံ စား ဖို့ ဘယ် တော့ မှ မဖြစ် နိုင် ပေါင်.. ၊ အိမ် က မိန်း မ ကို ဘယ် သူ က မှ လာ အ လှူ မ ခံ ကြ ဘူး လေ။ :(

    ပျော် ရွှင် ချမ်း မြေ့ ကြည် သာ အေး မြ နိုင် ကြပါစေ။
    with reps;

  • May 29, 2010 at 12:10 PM

    အကျိုးများစေတဲ့စာလေးတွေ အသိပေးတရားလေးတွေ လာရောက်နှလုံးသွင်းသွားပါတယ်အစ်မရေ..။
    အင်မတန် အကျိုးများပါပေတယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers