ခန္တီတရား၊ သည်းခံငြား

1



ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။


ငါးရာ့ငါးဆယ် သရဘင်္ဂရဇတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်းသရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာမေးပါတယ်။

ရှင်ရသေ့...လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတစ်ခါမျှ မစိုးရိမ်ရသလဲ။

ဘယ်တရားကို ပယ်ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ။

လောကမှာ ဘယ်သူပြောဆိုတဲ့ ၊ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ။

ဒီတော့ သရဘင်္ဂဂရသေ့က-

လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင် တစ်ရံတစ်ခါမျှ မစိုးရိမ်ရတော့ဘူး။

ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။

ကိုယ်ထက်သာတဲ့သူ၊ ကိုယ်နဲ့တန်းတူသူ၊ ကိုယ်အောက်နိမ့်တဲ့သူတို့ရဲ့ ကြမ်းကြုတ်တဲ့စကားကို သည်းခံရမယ်။ အဲဒိလို သည်းခံခြင်းကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေပြောဆိုကြတယ်။

ဘုရားအလောင်းရဲ့ အဖြေစကားကြားတော့ သိကြားမင်းက မေးခွန်းထပ်မေးပြန်ပါတယ်။

ရှင်ရသေ့ရယ်၊ လောကမှာ ကိုယ်နဲ့တန်းတူ၊ ကိုယ်ထက်မြတ်တဲ့သူနှစ်ယောက်ရဲ့ ကြမ်းကြုတ်တဲ့စကားကို သည်းခံရတာတော့ ညည်းခံနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အောက်နိမ့်သူရဲ့ ကြမ်းကြုတ်တဲ့စကားကိုတော့ ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ။

ဘုရားအလောင်းတော်ကလည်း ပြန်ဖြေပေးပါတယ်။

ကိုယ်ထက်မြတ်တဲ့သူရဲ့ ကြမ်းကြုတ်တဲ့စကားကို သည်းခံတာက ကြောက်လို့သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူသူရဲ့စကားကို သည်းခံတာကျတော့ တကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက်သာအောင် ကြံစည်အားထုတ်ပြုလုပ်သွားမယ့် အပြစ်ကိုမြင်လို့ သည်းခံတာ။ ဒီသည်းခံခြင်း နှစ်မျိုးက မြတ်တဲ့ သည်းခံခြင်းတော့မဟုတ်ဘူး၊ ကိုယ့်အောက်နိမ့်တဲ့သူရဲ့ စကားကို သည်းခံနိုင်မှ အမြတ်ဆုံးသည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ် လို့ ပြန်ဖြေပေးလိုက်ပါတယ်။

ဒေါသကို ပြေပျောက်စေနိုင်သော သည်းခံခြင်းတရား ကိုလက်ကိုင်ထားနိုင်ရန် မှာ အမှန်ပင်မလွယ်ကူပါ။ သို့သော် သည်းခံခြင်းကို ချက်ခြင်းမဖြည့်ကျင့် နိုင်သေးရင်တောင် ဖြစ်ပေါ်လာတဲ့ ဒေါသကို ထိန်းနိုင်ရပါမယ်။ ဒေါသဖြစ်လာတဲ့အခါ ဒေါသရဲ့ ဆိုးကျိုးလေးကို ဆင်ခြင်နေလိုက်မယ်ဆိုရင်လည်း ဒေါသက လျော့သွားပါလိမ့်မယ်။အာရုံဆိုးတစ်ခုခုကို တစ်ယောက်ယောက်က ဖန်တီးလာတဲ့အခါ ငါ ခန္တီပါရမီဖြည့်ဖို့အတွက် ဖန်တီးပေးနေတာ ဘာပဲပြောပြော ငါ့ကို ပါရမီဖြည့်ပေးနေသူပဲလို့ ဆင်ခြင်နှလုံးသွင်းလိုက်ရင်လည်း သည်းခံဖို့အတွက် တရားအသိ အားတွေ ၀င်လာပါလိမ့်မယ်။

ဝိပဿနာသဘောနဲ့ ကြည့်လိုက်ရင်လည်း လောကမှာ ဘာမှမမြဲပါဘူး၊ သူလည်းမမြဲပါဘူး ကိုယ်လည်း မမြဲပါဘူး၊ မမြဲတာကို မမြဲဘူးလို့ ၀ိပဿနာသဘောနဲ့ သိလိုက်ပါ။


မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဒေါသအပြစ် လင်္ကာလေးရှိပါတယ်။

ရုပ်ရည်ဆင်းပျက်၊ အိပ်စက်မပျော်၊
ကျိုးသော်မရ၊ ဘောဂခြွေရွေ၊
မိတ်ဆွေပျက်ပြား၊ အပါယ်လား၊
ခုနှစ်ပါးကောဓ အပြစ်တည်း။

လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့် ဒေါသမထွက်စိတ်မပျက် သက်သက်အနာခံသတည်း။

ဒေါသများပြေပျောက်စေရန် ဆရာတော်ဘုရား၏ ဒေါသအပြစ် လင်္ကာလေးကို အလွတ်ရအောင်ကျက်မှတ်၍ လိုက်နာကြည့်ရအောင်နော်။


ညခင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ။

1 - Comment:

  • May 19, 2010 at 11:59 PM

    အမြဲတမ်းသည်းခံနိုင်အောင် ကြိုးစားပါတယ် တစ်ခါတစ်လေတော့လည်း ပုထုဇဉ်ဆိုတော့ အမှားတွေ လုပ်မိတယ် ခုလို ဖတ်ခွင့်ရတာကျေးဇူးတင်ပါတယ် မမညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers