မြတ်စွာဘုရား၏ ဂုဏ်တော် ဘုန်းတော်များကို ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ဘုန်းတော်၆ပါး အကြောင်းကို ရေးသားလိုက်ရပါတယ်။
ဘုန်းတော် ခြောက်ပါးဆိုတာ (၁) ဣဿရိယဘုန်းတော် (၂)ဓမ္မဘုန်းတော် (၃)ယသဘုန်းတော် (၄) သိရီဘုန်းတော် (၅)ကာမဘုန်းတော် (၆) ပယတ္တဘုန်းတော်တို့ပဲဖြစ်ပါတယ်။
အဲဒီအထဲမှာ ဣဿရိယဘုန်းတော်ဆိုတာက ဘုရားရှင် အလိုရှိတော်မူတဲ့အတိုင်း ဖန်ဆင်းတော်မူ လိုရာကို ဖန်ဆင်းနိုင်တဲ့ ၊ အစိုးရတော်မူခြင်း အနက်ကိုဆောင်တဲ့ ဘုန်းတော်ပါပဲ။
ဣဿရိယဘုန်းတော်တစ်ခုတည်းက အစွမ်းသတ္တိအားဖြင့် ရှစ်မျိုးသက်ရောက်ပြန်ရော။ အဏိမာဘုန်းတော်၊ လဃိမာ ဘုန်းတော် ၊ မဟိတာ ဘုန်းတော်၊ ပတ္တိ ဘုန်းတော်၊ ပါကမ္မ ဘုန်းတော်၊ ဣသိတာ ဘုန်းတော်၊ ၀သိတာ ဘုန်းတော်နဲ့ ယတ္တကာမာဝသာယိတာ ဘုန်းတော်ဆိုပြီး ဘုန်းတော် ရှစ်မျိုးပါတယ်။
ပထမဆုံး အဏိမာ ဘုန်းတော်ဆိုတာ ကြည်ညိုကြည့်ရအောင်နော်။
အဏိမာဘုန်းတော် ဆိုတာ မြတ်စွာဘုရားဟာ ဘယ်လို ဖန်ဆင်းနိုင်သလဲ၊ ဘယ်လောက်ဖန်ဆင်းနိုင်သလဲ ဆိုရင်၊ အလိုတော်ရှိရင် မိမိရဲ့ ကိုယ်တော်ကို အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းတော်မူပြီး ပရိက္ခရာ ရှစ်ပါးနှင့်တကွ မုန်ညင်းစေ့အတွင်းမှာတောင် စင်္ကြံ ကြွတော်မူနိုင်တယ်။ ဒါကို စဉ်းစားရလွယ်အောင် ဥပမာပြုရင် အလွန်သေးငယ်တဲ့ မှန်ကလေးတစ်ချပ်ကို ထောင်ကြည့်ရင် အဲဒီ မှန်ကလေးထဲမှာ လမ်းပေါ်မှာပြေးသွားနေတဲ့ ကားတွေ၊ လူတွေ ၊တိုက်တာတွေ အားလုံးကိုမြင်ရသလို မုန့်ညင်းစေ့ထဲမှာ မြတ်စွာဘုရား စင်္ကြံသွားနေတာကို မြင်ကြရတယ်။ နောက်ပြီး ဒီနေရာမှာ ရှိနေပါလျက် အနီးအနားကလူတွေ မမြင်စေလိုရင် ကိုယ်တော်ကို ကွယ်ပျောက် သွားအောင် ကိုယ်ဖျောက်ပစ်လို့လည်းရတယ်။ ဒီအကြောင်းက တော့ ဗကဗြဟ္မာကြီး ၀တ္တုမှာ အထင်အရှားတွေ့ရတယ်။
အဲဒီ ၀တ္ထုထဲမှာ သူ့ကိုသူ တန်ခိုးကြီးဆုံး၊ အမြဲတည်နေတော်မူတဲ့ ဖန်ဆင်းရှင်လို့ ထင်နေတဲ့ ဗြဟ္မာကြီး ဗက ကို မြတ်စွာဘုရားက ကိုယ်ပျောက်တဲ့ နည်းနဲ့ ချွေခွတ်တော်မူခဲ့တယ်။ မြတ်စွာဘုရားဟာ အယူလွဲမှားနေတဲ့ ဗကဗြဟ္မာကြီး အကြောင်းကို ကြားတော်မူတဲ့အခါ ဗြဟ္မာပြည်ကို ကြွတော်မူပြီး ဗြဟ္မာပရိသတ်များ အလယ်မှာပဲ ဗြဟ္မာကြီးကို အသင်သည် ရှေ့နောက် အလုံးစုံကို မသိနိုင်ပါဘူး လို့ ခပ်နှိပ်နှိပ်စကားကို ဆိုတော်မူလိုက်တဲ့အခါ ဗြဟ္မာကြီးက ရှက်ပြီး ကြံမိကြံရာ ဖြစ်ပြီး အသင်ရဟန်း အား အကျွန်ုပ်ရဲ့ တန်ခိုးကို သိရအောင် ကိုယ်ဖျောက်ကြမယ် လို့ပြောပြီး ကိုယ်ဖျောက်ပြဖို့ ကြိုးစားပါတယ်။ မြတ်စွာဘုရားရှေ့မှောက်ကျတော့ ဗြဟ္မာကြီးက ကိုယ်ဖျောက်ပြလို့ မရတော့ဘူး၊ ဒီမှာတင် ဗြဟ္မာကြီးလည်း ဟိုပုန်းဒီပုန်းလုပ်ဖို့ ကြိုးစားပါတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ ကိုယ်ကို ဖျောက်လို့မရတာနဲ့ အရှက်ကွဲသွားပါတယ်။
မြတ်စွာဘုရားက ကဲ သင် ဗြဟ္မာကြီး ကိုယ်ဖျောက်လို့မရရင် ငါဖျောက်ပြမယ် လို့မိန့်တော်မူပြီး ကိုယ်ဖျောက်ပြ လိုက်တာ ပျောက်သွာပါတယ်။ ပရိသတ်တွေက မြတ်စွာဘုရား တခြားများ ကြွသွားသလား ထင်မှာစိုးလို့ အသံပေးပြီး ဂါထာရွတ်ကာ တရားဟောတော်မူတယ်။ တရားအဆုံးမှာ ဗြဟ္မာတစ်သောင်းလောက် မဂ်ဖိုလ်ကို ရသွားပါတယ်။ အဲဒီလို သေးငယ်အောင် လုပ်တာ ကိုယ်ပျောက်အောင်လုပ်နိုင်တဲ့ ဘုန်းတော်ကို အဏိမာ ဘုန်းတော်လို့ ခေါ်ပါတယ်။
ဗုဒ္ဓဘာသာဟာ အလွန်နက်နဲ့ ကျယ်ပြန်တဲ့ ဘာသာဖြစ်ပါတယ်။ သိစရာတွေ အလွန်များပါတယ်။ ဒါတွေကို သာမာန် ဥာဏ်နှင့်လည်း အကုန်အစင် မသိနိုင်ပါဘူး ထိုးထွင်းသိမြင်နိုင်တဲ့ ဥာဏ် ရအောင်လည်း ကျင့်ကြံ အားထုတ်ရမှာဖြစ်ပါတယ်။ဗုဒ္ဒဘာသာအကြောင်းကို ကျကျနနသိထားမှ ဘာသာခြားတွေနဲ့ပြောဆိုတဲ့အခါ ပြည့်ပြည့်စုံစုံပြောပြနိုင်မယ်။ ပြီးတော့ ကိုယ်တိုင်းလည်း ပြည့်ပြည့်စုံစုံသိမှ ပိုပြီးကြည်ညိုနိုင်မယ် လို့ပြောပြီး မြတ်စွာဘုရားရဲဘုန်းတော်အကြောင်း ရေးပေးပါလို့တောင်းဆိုတဲ့ ညခင်းရဲ့သူငယ်ချင်းအတွက် သိသလောက် မျှဝေလိုက်ပါတယ်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။