ညောင်စေ့လောက် လှူပေမဲ့ ညောင်ပင်လောက်

2

 [ညောင်စေ့လောက် လှူပေမဲ့ ညောင်ပင်လောက် အကျိုးများတယ် ဆိုတဲ့ စကား]

ညောင်စေ့လောက် လှူပေမဲ့ ညောင်ပင်လောက် အကျိုးများတယ်....ဆိုတာ စေတနာကိုပြောတာပါ...ပစ္စည်းက နည်းပေမဲ့ စေတနာက ကြီးရင် ဒါနအကျိုးပေးသည်လည်းကြီးတယ်။ စေတနာဆိုတာ မိမိပိုင် ပစ္စည်းဥစ္စာ အပေါ်မှာ တွယ်တာခြင်းမရှိပဲ လွတ်လွတ်လပ်လပ် စွန့်လွတ်လိုက်ရလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်တာကို ဆိုလိုတာပါ။ တချို့က ကြီးကြီးကျယ်ကျယ်လှူတယ်၊ မလှူခင်ကရော လှူတုန်းရော စေတနာထက်သန်တယ်၊ ၀မ်းမြောက်တယ်၊ ဒါပေမဲ့ လှူပြီးမှ ငါလှူတာများသွားပီ ထင်တယ် ဆိုပြီး ၀မ်းမမြောက်တော့ဘူး၊ နှမြောသလို ဖြစ်နေတယ်။ အဲဒီ လိုဖြစ်ရင်လည်း အကျိုးမရဘူးပါဘူး။

သီရိလင်္ကာက ဒုဌဂါမဏိ အဘယမင်းဟာ စုတေခါနီးမှာ မဟာစေတီတော်ကြီးကို တည်ခဲ့တယ်။ အဲဒီ ဒါနဟာ အလွန် ကြီးကျယ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဒါနအတွက် သူသိပ်ပြီး ၀မ်းမမြောက်ဘူးတဲ့၊  ဘယ်ဒါနကို ပိုပြီးဝမ်းမြောက်လည်းဆိုရင် သူစစ်ရှုံးတုန်းက တောထဲမှာ ဆွမ်းတစ်နပ်စာကို လှူခဲ့ဖူးတယ်။ အဲဒီ ဒါနကို သာပြီး ၀မ်းမြောက်တဲ့အတွက် ဒီဆွမ်း ကုသိုလ်ကြောင့်ပဲ တုသိတာ နတ်ပြည်ကိုရောက်ရတယ်။ ဆိုလိုတာကတော့ အလှူဝတ္တုထက် စေတနာထက်သန်မှုဟာ ပိုပြီး အရေးကြီးတယ်ဆိုတာ သတိပြုဖို့ပါပဲ။

အလှူဒါနပြုတဲ့အခါ စေတနာကို ပဓာနထားသင့်ပါတယ်။

တောင်မြို့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ...စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်း မျိုးပြုတ်အောင် ချုပ်ပျောက်ကြသည်မဟုတ်၊ နောင်အခါ အကျိုးပေးရန် မိမိတို့ သတ္တိကိုမြုပ်နှံ၍ချုပ်သွားကြသည်လို့ ရေးတော်မူခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအနေနဲ့ နေ့စဉ်နှင့်အမျှ ဒါန သီလ ဘာဝနာကို လိုက်နာကျင့်သုံးနေကြသူများသာ ဖြစ်ပါတယ်။ သို့သော် ဘ၀အခြေအနေအရ ထိုက်သင့်သလောက် လေးသာ လှူဒါန်း နိုင်သူများ စိတ်ပျက်အားငယ်စိတ် များမ၀င်ကြစေရန် ရည်ရွယ်၍ရေးသားလိုက်ရပါတယ်။

ညခင်း
တရားအစစ် အမှန်ချစ် နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

[သံဃိက ပစ္စည်း]

0

ယနေ့...ဖတ်မိတဲ့ စာအုပ်လေးထဲက သင်ခန်းစာ

[သံဃိက ပစ္စည်း]

ဤဘဒ္ဒကပ်ကမ္ဘာမှ ပြန်ရေတွက်သော် ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ ဖုဿဘုရားရှင် ပေါ်ထွန်းခဲ့သည်။ ဖုဿဘုရားရှင်၏ အဖေတူ အမေကွဲ ညီ ၃-ယောက်တို့သည် အကိုဖြစ်သော ဖုဿဘုရားရှင်ကို လုပ်ကျွေးပြုစုရန် ဖခင်မင်းမြတ်ထံမှ ခွင့်ရကြ၏။ ၄င်းတို့သည် ( ဗိမ္ဗိသာရမင်းအလောင်း ) မင်းချင်းယောက်ျားအား ဘဏ္ဍာစိုးခန့်၍ မိမိတို့ ရဟန်းဝတ်သည့် ၃-လအတွင်း ဘုရားရှင်နှင့်တကွ သံဃာတော်များကို လုပ်ကျွေးပြုစုရန် ငွေများအပ်နှံကြသည်။

ဘဏ္ဍာစိုးလည်း ၄င်း၏မယားနှင့် ဆွေမျိုးမိတ်သင်္ဂဟတို့ကို ခေါ်ယူ၍ ဘုရားရှင်နှင့် သံဃာတော်များအတွက် ဆွမ်းနှင့်ဆွမ်းဟင်းများ ချက်ပြုတ်လုပ်ကိုင်စေ၏။ ဝေယျာဝစ္စအဖွဲ့တွင် မရိုးသားသူ တစုလည်း ရှိသည်။ ထိုသူတို့သည် ကိုယ်ကျိုးအတွက် လှူဖွယ်ပစ္စည်းများကို ခိုးယူ စားသောက်ကြပြီး ဆွမ်း ဆွမ်းဟင်းအတွက် သိုလှောင်ထားသော ပစ္စည်းများနှင့် ဆွမ်းစားဇရပ်ကို မီးတိုက်လိုက်ကြ၏။

၎င်းတို့ သေလွန်သည်ရှိသော် ကိုးဆယ့်နှစ်ကမ္ဘာပတ်လုံး ငရဲ၌ ကျင်လည်ကြရကုန်၏။ ထိုမှနောက် ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ကဿပမြတ်စွာဘုရားလက်ထက်တော်အခါတွင် ပြိတ္တာဘုံ၌ ဖြစ်ကြရ၏။ ထိုပြိတ္တာတို့သည် ကဿပမြတ်စွာဘုရားအား မိမိတို့ အစာအစားရ၊ ရေမသောက်ရ၍ ပြိတ္တာဘ၀မှ ဘယ်တော့မှ လွတ်ပါမည်နည်း-ဟု လျှောက်ထားရာ ဂေါတမဘုရားလက်ထက် သင်တို့ဆွေမျိုးတော်သော ဗိမ္ဗိသာရမင်း အမျှပေးမှ သင်တို့ ပြိတ္တာဘ၀မှ လွတ်မြောက်ကြမည်ဖြစ်ကြောင်း မိန့်တော်မူသည်။

ဂေါတမဘုရားရှင်လက်ထက်တော်တွင် ဖုဿဘုရားရှင်လက်ထက်က ဘဏ္ဍာစိုး လုပ်ခဲ့သော ဗိမ္ဗိသာရမင်းက အမျှအတန်းဝေမှ ပြိတ္တာဘ၀က ကျွတ်လွတ်ကြရ၏။ ဤဖြစ်ရပ်ကို သင်ခန်းစာယူသင့်သည်။

သူစိလောမဘီလူးနဲ့ ခရလောမ ဘီလူးတို့သည် မိမိတို့၏ အမွေးများက မိမိတို့ကို နှိပ်စက်သည့်ဒဏ်ကို ခံစားနေရပေသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ  ထိုဘီလူး နှစ်ကောင်သည် တချိန်က ဘုရားသာသနာတော်၌ ရဟန်းနှစ်ပါးဖြစ်ခဲ့သည်။ ထိုရဟန်းတော်နှစ်ပါးတွင် တစ်ပါးသောရဟန်းသည် သံဃိက ကျောင်းပေါ်၌ ချွေးစိုစိုဖြင့် အမှတ်မထင် နံရံကို မှီခဲ့ခြင်းကြောင့် ၄င်း၊ အခြားရဟန်းတော် တစ်ပါးသည်း သံဃိကအခင်းကို ခြေမဆေးဘဲ နင်းမိခဲ့ခြင်းကြောင့် ၄င်း၊ ဘီလူးဖြစ်သောဘ၀၌ ယခုကဲ့သို့ အပြစ်ဒဏ်ကို ခံစားရခြင်းဖြစ်ပါသည်။

မိမိသည် ဖတ်လက်စ စာအုပ်ကိုချ၍ စဉ်းစားမိသည်မှာ  သံဃာပစ္စည်းသည် မရိုမသေ သုံးစွဲပါက သံဃာတော်များပင် အပြစ်ကြီးစွာ ခံစားရသည်ကိုတွေ့ရသည်။ သံဃာ့ ပစ္စည်းကို မရိုမသေပြုခြင်း ကိုယ့်အကျိုးအတွက် သုံးစွဲခြင်းတို့ကြောင့် ဗိမ္ဗိသာရမင်းကြီး၏ ဆွေတော်မျိုးတော်များ ဘုရားနှစ်ဆူကြား ငရဲခံစားရခြင်း ပြိတ္တာဖြစ်ရခြင်းတို့ကို တွေ့ရပေသည်။ ထိုအကြောင်းအရာများကို အကျဉ်းချုပ်ကြည့်သော် မည်သူမဆို သံဃိက ပစ္စည်းကို အလွဲသုံးစား မိမိထင်ရာ လုပ်လျှင် ဒုက္ခရောက်မည်ကို သတိပြုမိလေသည်။ ကံကြမ္မာသည် ဘုရင့်ဆွေမျိုး ဘုရားသားတော် ဟူ၍ မျက်နှာသာပေးမည် မဟုတ်ပေ။သာသနိက ပစ္စည်းများနှင့် ဆက်စပ်နေသူတိုင်း သတိပြုရမည်ဟု ကောက်ချက်ချမိသည်။

ကပ္ပိယ/၀န်ထမ်းများ သတိပြုရန်

၁. ဘုရားပစ္စည်း ငရဲမီး သုံးနည်းအလွန်ခက်။
၂။ သံဃာပစ္စည်း အဆိပ်သီး စားနည်းအလွန်ခက်။
၃။ စားသုံးမိလျှင် တငင်ငင် သေလျှင်အလွန်ခက်။
၎။ ငရဲသို့ကျ ၀ဋ်ဒုက္ခ လွတ်ပြန်ရဖို့ခက်။
၅။ ငရဲဘ၀ လွန်ပြန်က ပြိတ္တာဘုံသို့ဆက်။
၆။ပြိတ္တာဘ၀ လွန်ပြန်က လူ့ဘုံရောက်ဖို့ခက်။
၇။ လူ့ဘုံရောက်လာ သာသနာ ကြုံရပြန်ဖို့ခက်။
၈။ သာသနာအတွင်း ကြုံကြိုက်လျှင်း ကျင့်ခြင်းသာ လို့ခက်။
၉။ ဘုရားသခင် ဥာဏ်တော်ရှင် ဖူးမြင်ရဖို့ခက်။
၁၀။ အရိယသံဃာ ပေါ်သောအခါ လှူဒါန်းရဖို့ခက်။

ညခင်း

တရားအစစ် အမှန်ချစ် နှစ်ခြိုက် ကျင့်သုံးနိုင်ပါစေ။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

သရဏဂုံ စွမ်းအားထုံ

0

 သရဏဂုံ စွမ်းအားထုံ

*တရားလုံးစုံ၊ အကုန်သိမြင်၊ ဘုရားရှင်ကို၊ ကြည်လင်လေးမြတ်၊ ရိုသေညွတ်၊ ဆည်းကပ်ပါ၏ ဘုရား။

*ဆင်းရဲကင်းပျောက်၊ ချမ်းသာရောက်အောင်၊ စွမ်းဆောင်တတ်ငြား၊ မြတ်တရားကို၊ လေးစားချစ်ခင်၊ ကြည်လင် လေးမြတ် ရိုသေညွတ်၊ ဆည်းကပ်ပါ၏ ဘုရား။

*ကောင်းစွာကျင့်ငြား၊ ရှစ်ပါးသံဃာ၊ အရိယာကို၊ကောင်းစွာလေးမြတ်၊ ရိုသေညွတ် ၊ဆည်းကပ်ပါ၏ ဘုရား။

သရဏဂုံ သုံးပါးဆိုတာ သာသနာနဲ့ တွေ့ကြုံတုန်းသာ သုံးခွင့်ရတဲ့ အထက်တန်းစား ပုဂ္ဂိုလ်များရဲ့ သီးခြားစွမ်းအင် ရတနာကောင်းဖြစ်ပါတယ်။သရဏဂုံဟာ မအားပေမယ့် ပစ္စည်းဥစ္စာ မရှိပေမယ့် သဒ္ဓါပညာရှိသူတိုင်း နေ့စဉ်ရယူနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။

ဘုရားလက်ထက်တော်က တိသရဏဂမနိယ ဆိုတဲ့အရှင်မြတ်တစ်ပါး ရှိတယ်။ သူဟာလွန်ခဲ့တဲ့ ၉၁ ကမ္ဘာအထက် အမျိုးသားတစ်ဦးဖြစ်စဉ် အရှင်နိသဘ အမည်ရှိတဲ့ အဂ္ဂသာဝကကြီးထံ သရဏဂုံ ဆောက်တည်ခဲ့တယ်။ အပါယ် ဒုဂ္ဂတိ ကြောက်လွန်းလို့ သဒ္ဓါပညာလဲ ထက်သန်တာမို့ သရဏဂုံ ရာသက်ပန်မြဲခဲ့တယ်။ အပါယ်ကို လုံးဝမရောက်ခဲ့တော့ဘူး။ သရဏဂုံစွမ်းအားကြောင့်ပေါ့။ သမာဓိအား ကောင်းကောင်း ဥာဏ်ထက်ထက် နဲ့အများလေးစားသူ တင့်တယ်လှပသူဖြစ်ခဲ့ ပြီး သုဂတိဘ၀ကောင်းမှာ အထက်တန်းက ချည်းပဲ ကျင်လည်ခဲ့ရတယ်တဲ့။ ယခု ဂေါတမမြတ်စွာဘုရား သာသနာမှာ ၇နှစ်သားအရွယ်ကလေးနဲ့ ရဟန္တာဖြစ်ခဲ့ရတယ်။

မြတ်စွာဘုရား သာသနာ့လမ်းစဉ်ဆိုတာ ကိုးကွယ်ရုံသက်သက်မဟုတ်ဘူး။ လက်တွေ့ကျင့်သုံးရတဲ့ လက်တွေ့လမ်းစဉ်ပါ။ ဇွတ်မှိတ်ပြီးတော့လဲ အယုံမခိုင်းပါဘူး၊ ပညာနဲ့လဲ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ် စီစစ်နိုင်ခွင့်ရှိပါတယ်။ သရဏဂုံဟာ သဒ္ဓါပညာရှိသူတိုင်း နေ့စဉ်ရယူနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။အဲလို ရတနာသုံးပါးရဲ့ အားကိုးလောက်တဲ့ ဂုဏ်စွမ်းရည်တွေကို အာရုံယူပြီး ကိုးကွယ်ဆည်းကပ်ကြမှာဖြစ်ပါတယ်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အခက်ကြုံနေတဲ့ ကြံတောနတ်

0

ရှေးအခါတုန်းက ရှင်သာရိပုတ္တရာ အရှင်မြတ် ခရီးစဉ် ကြွတဲ့အခါက ကြံတောကြီးကို အစိုးရတဲ့ နတ်က ဒီလိုလျောက်သတဲ့။ သူဟာသည်ကြံတောကြီးကို အစိုးရတဲ့ နတ်ဖြစ်ပါတယ်။  သည်ကြံတောကြီး အစိုရပေမဲ့ ငါ့ကြံတော ငါပိုင်တာပဲ ဆိုပြီး သုံးဖို့ စွဲဖို့ ယူဖို့ ၀င်လာတဲ့အခါမှာ မ၀င်နိုင်ဘူးတဲ့။ သူဝင်လာတယ်ဆိုရင် ပဲ ကြံရွက်၊ ကြံလက်တွေ ဆီးပြီး အတင်း ထိုးခုတ်ကြသတဲ့။ အဲသည်တော့ သည်နတ်ဟာ အထဲကို မ၀င်နိုင်ဘူး ပေါ့။ သူ့ကြံတော တော့ကြံတောပဲ ဒါပေမဲ့ ရှေးက ကုသိုလ်ကြောင့် ယူလို့တော့မရဘူးတဲ့။

အရှင်မြတ်ကြွလာတော့မှ  ဘုရားတပည့်တော် သည်ကြံတောမှ ကြံများယူမရတဲ့အကြောင်း အသုံးပြုမရနိုင်တဲ့ အကြောင်း အတင်းထိုးခုတ်ကြတဲ့ အကြောင်း လျောက်တဲ့အခါ အရှင်မြတ်က အခုလိုဖြစ်ရတာဟာ ရှေးဘ၀က  သေသေချာချာ သဒ္ဓါတရားနဲ့ကုသိုလ်ကို မပြုခဲ့လို့ဖြစ်တာလို့ မိန့်တော်မူပါတယ်။

ဘယ်လိုလဲ ဆိုရင် သူကကြံစည်းကြီးကို ထမ်းလာတဲ့အခါမှာ သူငယ်တွေက မြင်တော့ ၀ိုင်းပြီး တောင်းကြတာ ။ သူက မပေးချင်ဘူးတဲ့ မပေးချင်တော့ ဘယ်နှယ့်လုပ်သလဲဆိုရင်  ကြံစည်းကြီးကို မပေးရအောင် အတင်းပြေးတာပေါ့။ အဲဒီလို နဲ့ ကလေးတွေက နောက်က လိုက်တယ် ကြံတပိုင်းပေးပါ ခင်ဗျာ၊ ကြံတပိုင်းပေးပါခင်ဗျာနဲ့ ကလေးတွေက နောက်က လိုက် သူက ရှေ့က ထမ်းပြေးနဲ့ ပေါ။ ကလေးတွေက တောင်းလေ သူက ပြေးလေပဲတဲ့။ နောက်ကျတော့ ပြေးရင်းပြေးရင်းနဲ့ လွတ်အောင်လည်း မပြေးနိုင်းဘူးတဲ့။ အဲတော့ မှ နောက်ပြန်ထိုးပစ်ပြီး ပေးခဲ့တာတဲ့။ တသက်လုံး ဒီကုသိုလ်အပြင် ဘာကုသိုလ်မှလည်း မလုပ်ခဲ့ဘူး တဲ့။ ကလေးတွေ တောင်းတော့မှ မတတ်သာတော့မှ မပေးချင်ပဲ ပေးခဲ့တာ ၊ နောက်ဆုံး ရှောင်မရလို့ ပေးတော့လည်း ကြံစည်းကြီးကို စိတ်တိုတိုနဲ့ နောက်ပြန် ပစ်ပေးခဲ့တာပါ။

ဒါကြောင့် အခုလို လာဖြစ်တာပါတဲ့။  သူက အဲဒီလို အရှင်မြတ်ကို မေးလျောက်တော့မှ အရှင်မြတ်က ဒီလို ထပ်မံမိန့်တော်မူပါတယ်။  အသင့်အား ကြံရွက်တွေက မထိုးခုတ်စေချင်ရင် နောက်ပြန်ဝင်လို့ မိန့်တော်မူသတဲ့။ အဲသည်လို ၀င်တော့မှ ကြံရွက်တွေက ဘာမှ မလုပ်တော့ဘူးတဲ့။ သည်တော့မှ သူလိုချင်တာ ယူလိုရသတဲ့။ အဲသည်လို ယူလို့ရတဲ့ ကြံတွေကို အရှင်မြတ်အား  သေသေချာချာ ဆက်ကပ်လှူဒါန်း လိုက်တော့မှ အခုနလို နောက်ပြန်မဟုတ်တော့ဘဲ ရှေ့တည်တည့်က ၀င်လို့ ရသွားသတဲ့။

ဒီ ဇာတ်လမ်းလေး ဖတ်ပြီး ဟာသရသ က မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာတာပဲနော်။ ကုသိုလ်…စေတနာကံလေးက မပေးချင်ပဲ ပေးခဲ့တာတောင် အကျိုးပေးတယ်နော်။  လိုလိုချင်ချင် ရက်ရက်ရောရော ပေးကမ်းလှူဒါန်း ခဲ့ရင်တော့ ဘယ်လောက်အကျိုးပေးမလဲ မသိဘူ်း။ နေ့စဉ်ပြုသမျှ တွေထဲမှာ စေတနာဖြင့် ပြုသောအလုပ်၊ စေတနာဖြင့် ပေးသောအလုပ် အားလုံးကို သတိလေးနဲ့ ပြုကြရမှာ ဖြစ်ပါတယ်။ တချက်လေးတိမ်းစောင်းသွား ရင်တော့ ဖြင့်…..

ညခင်း
ညခင်း တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ပေါ့ပေါ့တန်တန်..လုပ်မိသောအခါ...

0

ဘုရားလက်ထက်တော်တုန်းက ရဟန်းတစ်ပါးက ဒီကနေ့ တပည့်တော်ရဲ့ နောက်ကြောင်းပြန်တရား ဟောမယ် ဘုရား…ကြွတော်မူကြပါ။ ဒီလိုဖိတ်တယ်…ဘုရှားရှင်ကိုယ်တော်မြတ်ကြီး သတင်းသုံးတော်မူတဲ့ ကျောင်းတိုက်ကြီးတွေမှာ တရားဓမ္မာရုံးကြီးတွေဆိုတာရှိတယ်… တခါတခါမှာ အဲဒီလိုပဲ ကိုယ်နောက်ကြောင်းလေးတွေပြန်ပြန်ဟောမယ်ဘုရား ဆိုတဲ့အခါမှာ ဘေးက ကိုယ်တော်တွေက ၀ိုင်းအုံးလိုလာကြတယ်…နာကြတယ်…သူတို့တွေက တရားအားထုတ်လို့ လေးမဂ်လေးဖိုလ်ရ အဘိဥာဉ်တန်းခိုးတွေပါရတော့ ကိုယ်နောက်ကြောင်းတွေ ပြန်မြင်ကြသတဲ့ ….

ဒီကနေ့ပဲလည်း ဒီကိုယ်တော်က ကြေညာနေပြီး…တပည့်တော်ရဲ့ နောက်ကြောင်းကိုပြန်ပြောင်း ဟောမယ်…ကြွတော်မူကြပါ ဆိုတော့ အသီးသီး ဓမ္မာရုံထဲ ၀င်လာကြတာ ကိုယ်တော်တွေ မနည်းဘူးတဲ့…တရားဟော့မဲ့ကိုယ်တော်က မခေပါဘူးတဲ့ အသိတိ သာဝက၀င်ပဲ အသိတိဆိုတာ ၈၀ လို့ အဓိပ္ပါယ်ရတယ်…ဘုရားကိုယ်တော်မြတ်ကြီးရဲ့ လက်ဝဲတော်က ၄၀ လက်ရာတော်က ၄၀ တစ်ခါတလေ အပြည့်အစုံ သတင်းစုံပြီဆိုရင်…အဲသလိုပဲ…မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး လက်ယာတော်ဲဘက်က ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးအမှုပြုပြီး တန်းလိုက်တာအပါး၄၀ လက်ဝဲဘက်က ရှင်မောဂလာန် ကိုယ်တော်မြတ်ကြီး အမှုးပြုပြီး စဉ်တန်းလိုက်တာ အပါး ၄၀ ဟိုဘက်၄၀ ဒီဘက် ၄၀ တန်းလိုက်တာ အသီတိ ၈၀ ရှိတဲ့သတဲ့။

အခုဒီကိုယ်တော်က အသိတိ အပါး၈၀ ထဲပါဝင်တဲ့ ကိုယ်တော်ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရဲ့ အပါး ၈၀ရှိတဲ့အနက် ၃၉ ပါးမြောက်ပေါ့။ မောဂါရာဇ ရဟန်း လိုအမည်တွင်ပါတယ်။ သူဘာလုပ်တတ်လည်းဆိုရင် သင်္ကန်းကို ဟောင်းဟောင်းနွမ်းနွမ်းဝတ်တတ်တာတဲ့။ သင်္ကန်းတို့ဘာတို့ အသစ်ရရင် သူမ၀တ်ဘူး သူက အဟောင်းပဲ ၀တ်သတဲ့ အသစ်ဆိုရင် သူရတဲ့ ဥစ္စာ သူများကို ပေးသတဲ့။ အရှင်ဘုရား အဟောင်းအနွမ်းလေးများရှိရင် ပေးပါ။ စွန့်ပါ လို့ ပြောသတဲ့။ ဒီကိုယ်တော်က အကုန်လုံး ဟောင်းဟောင်းနွမ်းနွမ်းစုတ်စုတ်ပြတ်ပြတ်တွေကြီး ၀တ်တတ်တယ်၊ နေတတ်တယ်၊ ထိုင်တတ်တယ်တဲ့။ အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူ့ကို ဧတဒ် ဘွဲ့ထူးတောင်ပေးသတဲ့ ငါဘုရား သာသနာတွင်းမှာ သင်္ကန်းကို စုတ်စုတ်ပြတ်ပြတ်ဝတ်တတ်တဲ့နေရာမှာ သူကအသာဆုံးတဲ့။ အဲဒီလိုဘွဲ့ပေးသတဲ့။ သူ့မှာ အသစ်တွေရှိရင် မ၀တ်တတ်ဘူး၊ သူများပေးအသစ်တွေပေးပြီး သူများ အဟောင်းတွေတောင်းတာတဲ့နော်။

တရားဟောမယ် ဆိုပြီး ကိုယ်တော်တွေစုံတာနဲ့ တရားပွဲစပါတယ်။တပည့်တော်က ဟိုးလွန်လေပြီးသော အတိတ်ကာလတုန်းက တပည့်တော် သူဆင်းရဲကလေးပါဘုရား ဟို အတိတ်ကာလ ကဿပဘုရားရှင်လက်ထက်က သူဆင်းရဲလေးပါဘုရား။ ဆင်းရဲတဲ့သူတစ်ယောက်ပါ ဆင်းရဲတော့ ဇရပ်မှာ နေရတယ်ဘုရား။ အဲဒီဇရပ်မှာပဲ နေထိုင်ပြီး ချက်ပြုတ် စားသောက် ဒီလိုနေလာခဲ့တာတဲ့။ အဲဒီလိုနဲ့ စားသောက်နေလာခဲ့တာကြာတော့ ဇရပ်ဟာ ညစ်နွမ်းသွားတာပေါ့။ ချက်ပြုတ်စားတဲ့ ဆီအိုးတွေဘာတွေနဲ့ ဆိုတော့ မှိုင်းတွေတက်ပြီး ဇရပ်ကြီးတစ်ခုလုံး ညစ်ထေးထေးကြီးဖြစ်နေတယ်တဲ့။ အဲဒါနဲ့ ဒါကြီးလည်း မကောင်းတော့ပါဘူး ဒီဥစ္စာကြီး မီးရှို့ပစ်လိုက်မယ် တတ်နိုင်တဲ့သူက အသစ်ဆောက်လိမ့်မယ်ပေါ့။ သူ့စိတ်ကူးနဲ့ အဲဒီ ဇရပ်ကိုမီးရှို့ ပစ်လိုက်တယ်တဲ့။

 သူ့ပါသူနေ အကောင်းသားနဲ့နော်။ အဲဒီ ဟာက ဒုက္ခများသွားတာ သံဃိက ဇရပ်လည်းဆိုတော့ အပြစ်ကြီးတာကိုး။ အဲဒီ အပြစ်ကြောင့်တဲ့ အဲဒီဘ၀က သေတော့ ဒီပုဂ္ဂိုလ် အ၀ီစိကျရတယ်…နစ်နာလိုက်တာနော်။ ဆင်းရဲတဲ့ အထဲ အသိဥာဏ်က မွဲ အသိဥာဏ်က မွဲတော့ ထင်ရာလျောက်လုပ်မိတာ.။အခု ဒုက္ခတွေများကုန်ပြီ အ၀ီစိကျသတဲ့။အ၀ီစိမှာ ဒုက္ခတွေခံရပြီး အဲဒီကလွတ်တော့ အပါယ်လေးဘုံရောက်ပါတယ်။ ပြိတ္တာဘ၀ရောက်ပြီး အငတ်ငတ်အပြတ်ပြတ်တွေနဲ့ ပြိတ္တာဘ၀မှာလည်း ဘ၀ပေါင်း ၅၀၀။ အဲဒီဘ၀က လွတ်ပြန်တော့ လူ့ဘ၀တော့ ရောက်ပါရဲ့။ ခြေလက်အင်္ဂါ မစုံတဲ့ ဘ၀တွင် ဖြစ်ရပြန်သတဲ့။ လူဘ၀တွင်လည်း ကိုယ်လက်အင်္ဂါမစုံတဲ့ ဘ၀ ၅၀၀တဲ့။ နစ်နာလိုက်တာနော်။ လုပ်တုန်းကတော့ တစ်ကြိမ်တစ်ခါ ခံရတော့ အကြိမ် ၁၀၀ မကဘူးနော်။


မိမိတို့ကျူးလွန်ထားသော မကောင်းမှုအကုသိုလ် အညစ်အကျေးများသည် တစ်နေ့တွင် ဧကန်မုချဆိုက်ရောက်လာမည်။ကောင်းကင်မှာပြေးပုန်းသော်လည်းမလွတ်၊ မြေအောက်လှိုဏ်ခေါင်း တွင်ဝင်ပုန်းလည်းလွတ်လမ်းမရှိ၊ ရေထဲသို့ပြေးဝင်လဲ လွတ်စရာအကြောင်းမရှိ၊ တောင်ကုန်းပေါ်ပြေးတက်လည်း လွတ်ရိုးထုံးစံမရှိပေ။ ကိုယ်ပြုတဲ့ ကံ ကိုယ်ထံပြန် ခံစံကြရမည် လို့ ဒါကြောင့်လည်း ဆိုခဲ့ကြတာနော်။ ဘ၀ဘ၀ပေါင်းများစွာက ပီးခဲ့တာတွေတော့ မသိနိုင်တော့ဘူးပေါ့ ရှေ့ဆက်ရမဲ့ ခရီးလမ်းတွေမှာတော့  မသိလို့မှားတာတွေ သိသိချည်းနဲ့ မှားတာတွေ မရှိအောင် အသိဥာဏ်ဦးစီးပြီး နေထိုင်ကြရမှာ ဖြစ်ကြောင်း ဒီဇာတ်လမ်းလေးက သက်သေပြုနေပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers