နံနက်ခင်းကို ဘယ်သို့ ထမယ်

12

ညီငယ် /ညီမငယ် ဖြစ်တဲ့ လမင်းငယ်၂၀၂၈ ရဲ့ နံနက်ခင်းကို ဘယ်သို့ ထမယ်...ရေးပေးပါဆိုလို့ ရေးပေးလိုက်ပါတယ်။

ညီရေ အစ်ကိုရေးမဲ့ခေါင်းစဉ်လေးက နံနက်ချိန်ခါတေးသံသာလို့ အမည်ပေးမယ်နော်။ ၅၂၈ မေတ္တာတွေ နဲ့ ထုံမွှန်းနေတဲ့ တီလေး ညခင်း နဲ့ တူလေးဖြစ်တဲ့ အစ်ကို လမင်းတို့ရဲ့ တေးသံလေးပေါ့...။

ညဘက်ဆို တော်တော်နဲ့ မအိပ်ဖြစ်တဲ့ ကျနော် မနက်စောစောထဖို့ဆိုတာ တော်တော်လေးပျင်းပါတယ်။ အဲဒီတော့ စောစော ကျောင်းသွားရမဲ့နေ့တွေနဲ့ အပြင်သွားစရာ ရှိတဲ့အခါတွေမှာ...တီလေးညခင်းကိုမေးလ်ပို့လိုက်တယ်။ တီလေးရေ မနက်ကြရင် စောစောနိုးပါ။ ....နာရီ။ ကျောင်းရော ဈေးကိုပါ သွားစရာရှိတယ်...။....အိုကေ...ဒါဆို မနိုးမှာ မပူရတော့ဘူး...။

နောက်တနေ့ နံနက်ရောက်တော့...ကျနော်NOKIA N95-8Gb(ကပ်ကြွား) ဖုန်းလေးမှ အသံမည်လာပါပြီ.....။
~~~I used to call you my girl~~I used to call you my friend ~~~I used to call you the love ~~~The love that I never had ~~When I think of you ~~I don't know what to do ~~When will I see you again
~~
အားးးးးး....ဘာလဲကွာ....အိပ်ချင်မူးတူးနဲ့ကြည့်လိုက်ပါတယ်။ အော်... တီလေး ရှိက....

(တူလေး ထတော့ ၊ သွားစရာ ရှိတယ်ဆို...ထသင့်ပြီ ၊ မျက်နှာသစ် ၊သွားတိုက်တဲ့....) ဖုန်းမက်စ်ဆေ့ လေးကိုဖတ်အပြီး...မျက်တောင်လေး အပိတ်....ဟီးးး (အိပ်ပျော်သွားပြန်ရော)

ဖုန်းသံကြားပြန်ပြီ...ဒုတိယ မြောက်
( ဟာ... ချီးထုတ် ...ထတော့၊နောက်ကျနေဦးမယ်။ လိမ်မာတယ်။ ထထ) ဟုတ်လို့ တော့ ယောင်အော်မိ သားလားပဲ...ထုံစံအတိုင်း (အိပ်...........)

တတိယခါ မြောက်မှာတော့...
(ဟဲ ခွေးစုတ်၊ ထဖို့ပြောနေတာ ၁၅မိနစ်ရှိပြီ...။ ထမလား မထဘူးလား၊ ဒီတစ်ခါပဲနိုးတော့မယ်နော်၊ ဒီမှာ အလုပ်လုပ်နေတာ အားတာ မဟုတ်ဘူး။ တင်းလာပြီတဲ့။မထရင် ချီးပန်းပါစေဟာ)
တေးသံက သာတယ်နော်... ဟီး။

အင်းးးးး...ထမှ မနက်ချိန်ခါ တေးသံသာက နောက် တစ်ချိန်ဆို ခွေးစုတ်ကနေ...လဒစုတ် ဖြစ်တော့မလားမသိဘူး။ အဲဒါနဲ့ ကွန်ပျူတာကိုခြေမနဲ့လှမ်းဖွင့်ပြီး ဂျီတော့ဝင်လိုက်တော့ အသင့်စောင့်နေတဲ့ တီလေးညခင်းကိုတွေ့ပါတယ်။ ထပြီ ထပြီ ဆိပြီးသူသိတာမှ မဟုတ်တာ ၁၅မိနစ်လောက် တော့အသာလေးပြန်ကွေး ခဏတော့ထပ် နှပ်လိုက်တာပေါ့။ ရှုးတိုးတိုးနော်။ အဲလိုလုပ်လုပ်နေတာ တီည မသိဘူး...။

ဂျီတော့ကနေလည်း လှမ်းပြီး ချက်ကင်လုပ်သေးတယ်။ ထပြီလားတဲ့။ ရက်စ် လိုပြောတာ အိပ်ရာထဲကဆိုတော့ စာလုံးပေါင်းမှားသွားတယ်။ ဟင်းးးး...ညာနေပြန်ပြီ...တဲ့။ အဲလိုမှန်း တီညခင်းကလည်းသိမှတော့...သွားရမဲ့အချိန်ထက် နာရီဝက် ကြိုပြီး နိုးလေ့ရှိတယ်။ ဒါကတော့ စောစောလေး ကျောင်းသွားရမဲ့နေ့တွေ့ပေါ့။

ကျောင်းမသွားရတဲ့ နေ့တွေဆိုရင်တာ့ အိပ်ရေးဝမှ ထဖြစ်တယ်။....ကဲ...ညီရေ ဒါကတော့ အစ်ကိုရဲ့ လက်ရှိ မနက်နိုးထချိန်လေးပေါ့။
~~I used to call you my girl~~I used to call you my friend ~~
I used to call you the love ~~The love that I never had ~~When I think of you ~~~~I don't know what to do ~~When will I see you again
~~


ပျော်ရွှင်ကြပါစေ...

လမင်း

နေ့ရွှေ့သူ၏ ဘ၀နိဂုံး

5

ရှေးသရောအခါ ဘာအသုံးကျသလဲ အမည်ခံ ဒိတ်စကြိတ်ကြီး တခုရှိလေသည်။ ယင်း ဒိစကြိတ်ကြီးကို ဖြတ်သန်းစီးဆင်းသွားသော ဖြစ်ချင်ရာဖြစ်ပါစေ အမည်ခံ မြစ်ကြီးတစ်ခုရှိလေသည်။ ယင်းမြစ်ကြီးမှ နံဘေးသို့ ခွဲထွက်စီးဆင်းသွားသော နှေးကန်ခြင်း အမည်ခံ မြစ်လက်တက်ကလေး တစ်ခုရှိလေသည်။

ယင်းမြစ်လက်တက်ကလေး ၏ ကမ်းပါးတစ်လျှောက်တွင် ခဏစောင့်ပါဦး အမည်ခံ ပန်းပင်များ အသီးအပွင့် စုံလင်စွာဖြင့် ပေါက်ရောက်လျက်ရှိသည်။ ထိုပန်းပင်များမှ အငုံအဖူးအပွင့်များသည် တခါတခါမှလုပ်တာပေါ့ အမည်ခံ အမွှေးအကြိုင်အနံများကို တပျံ့ပျံ့ လွှတ်လျှက်ရှိသည်။ ယင်းပြင် ထင်သလိုနေတာပေါ့ အမည်ခံ မြက်ပင်ကလေးများလည်း ပေါက်ရောက်လျက်ရှိသည်။

ထိုမြစ်လက်တက်ကလေး၏ လက်ယာဘက် ကမ်းပါးပေါ်တွင် သမ်းဝေခြင်း အမည်ခံမြို့တစ်မြို့ရှိလေသည်။ ယင်းမြို့၌ မောပန်းခြင်း အမည်ခံ လူမျိုး နေထိုင်လျက်ရှိသည်။ ထိုမြို့အတွင်း၌ ဘယ်သူ ဘာပြောပြော ဘာဂရုစိုက်ရမှာလဲ အမည်ခံ အိမ်တဆောင်ရှိလေသည်။ ထိုအိမ်၏ ပိုင်ရှင် မှာ နေ့ရွှေ့တာပေါ့ အမည်ခံ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။

ယင်းပုဂ္ဂိုလ်ကြီးအား အလုပ်လုပ်ရန် ပြောဆိုသောအခါ နက်ဖြန်မှ လုပ်တာပေါ့ ဟု ပြန်ပြောလေ့ရှိသည်။ ထိုကဲ့သို့ ပြောဆိုယင်းပင် တနေ့ထက်တနေ့ အချိန်နောက်ကျသွားရလေတော့သည်။ နောက်ဆုံး၌ သူ၏ ထံမှ အချိန်အားလုံးကို ခိုးယူသွားခြင်းခံရ၏။ မကြာမီ သူခိုးခိုးခံရကြောင်း လူများ ကြားသိရကား ကြွေးရှင်အားလုံးက ရှိသမျှပစ္စည်းတို့ကို ကြွေးအဖြစ်သိမ်းယူကြပြန်လေသည်။

ယင်းပုဂ္ဂုလ်ကြီးမှာ သေသည်အထိ ဆင်းရဲ၏ ။ မသေမီ တခါတရံတောင်စားရ၏။ တစ်ခါတရံ ငှားစားရ၏။ တခါတရံ ခိုးယူစားခြင်းဖြင့် အသက်မွေးရလေသည်။

အဆွေ ၊ ဤ ပုဂ္ဂိုလ်မျိုး လိုဖြစ်ချင်သလော့.....။ တဲ့....။ မဖြစ်လိုက...ယခုအလုပ်ကို ယခုလုပ်၊ အချိန်မရွှေ့နှင့်...တဲ့။


ပျော်ရွှင်ကြပါစေ...
ညခင်း

ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ် ၈၀ % လျော့ချနည်း

5

ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။ ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကို ပြောပြဖို့ကျတော့ အချိန်သိပ်မပေးတတ်ကြဘူး။
ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင် ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါမယ်။

၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။

၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပါ။

၃။ အသားမစားပါနဲ့။

၎။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။

၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့ လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။

၆။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။

၇။ နေပူထဲမှာ အကြာကြီးမနေပါနဲ့။

၈။ လျှပ်စစ်ဓာတ်ကြိုးတွေအောက် ဒါမှမဟုတ် ဓာတ်ကြိုးတွေနဲ့နီးနီးမှာ ၊ ဓာတ်အားပေးစက်ရုံနဲ့ နီးနီးမှာ နေထိုင်တာမျိုး မလုပ်ပါနဲ့ လျှပ်စစ်အသုံးအဆာင် ပစ္စည်းတွေနဲ့ သိပ်ကပ်ပြီး ထိုင်တာ၊ အိပ်တာ တွေ မလုပ်ပါနဲ့။

၉။ အရသာ ထူးကဲစေတဲ့ ထပ်ဖြည့် ပစ္စည်းတွေ အများကြီးပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။

၁၀။ ကိုယ်အလေးချိန် ကိုထိန်းပါ။

၁၁။ အရက်ကို အနည်းဆုံးဖြစ်အောင်လျှော့သောက်ပါ။

၁၂။ အသားငါး ကျပ်တင်၊ ဆားနယ်၊ ဆားစိမ် ဒါမှမဟုတ် မီးကင်တွေ မစားပါနဲ့။

ဒီအချက်လေးတွေ တတ်နိုင်သမျှရှောင်ကြည့်ကြရအောင်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါ။ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ကံစိတ်ဥတုအဟာရ ညီမျှစွာနေထိုင်တတ်ဖို့လည်းလိုပါတယ်။ဒါအပြင် အသက်ကို ဥာဏ်စောင့်တဲ့အတွက် သတိပြုဆင်ခြင်ကြည့်ရအောင်နော်။


ပျော်ရွှင်ကြပါစေ...
ညခင်း

ဝါသနာအိမ်မက်လေး

9

ဝါသနာ အကြောင်းလေး ကို...ကိုဝင်းဇော် တက်ဂ်လို့ မပန်းကဗျာ ကလည်း တက်ဂ် တက်ဂ် နဲ့ စက်သေနတ်ပစ်သလို ပစ်လိုက်တာ ညခင်း ရဲ့ လမင်း တက်ဂ် ထဲပါသွားတယ်။ ၀ါသနာလေးအကြောင်းဆိုတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခင်လို့ တက်ဂ်တာ တက်ဂ်သာ တတ်ဂ်...။ ညခင်းလည်း ဘယ်သူတွေကို ဒုက္ခပေးရင် ကောင်းမလဲ စဉ်းစားရင်း...ညခင်း ရဲ့ ၀ါသနာက ဒီလို့.......... ကျမ ၀ါသနာ ကို အိမ်မက် နှင့် နှိုင်းယှဉ်ပြောပါရစေ... ဘာလို့လဲ ဆိုတာ ဆက်ဖတ်ပါနော်...

ကျမငယ်စဉ်က ၀ါသနာ ၊ရည်ရွယ်ချက်များဟာ သက်တန့်ကြီးတစ်ခုပမာ အရောင်အသွေး စုံလင်တောက်ပခဲ့ တယ်။ မျှော်လင့်ချက်အနာဂတ်များကိုလည်း လှမ်းမျှော်ပျော်ရွှင်ရင်း၊ ရင်ခုန်တက်ကြွခဲ့ဖူးတယ်။

ကျမ မူလတန်းကျောင်းသူအရွယ်တုန်းက ကျမရဲ့ ၀ါသနာမှာ ကျောင်းဆရာမ တစ်ယောက်ဖြစ်ချင်ခဲ့ပါသည်။ ကျောင်းမှ ဆရာမများကို အားကျသောကြောင့်ဖြစ်သည်။ ကျောင်းမှ အိမ်သို့ပြန်ရောက်ချိန်....ဒါမှမဟုတ် ကျောင်းအားရက်များတွင် ကျမ မညည်းစတမ်း ကစားခဲ့သော ကစားနည်းတစ်မျိုးတည်းမှာ ဆရာမ လုပ်တမ်းကစားနည်းဖြစ်၏။

မေမေ ၏ ထဘီများထဲမှာ အစိမ်းရောင်ထဘီကို ဖွေရှာကာ ခါးမှာ ပတ်လျှက်...မျက်နှာသုတ်ပ၀ါရှည်ကြီးကို ဆံပင်ရှည် ကြီးသဖွယ်ဖြစ်အောင် ခေါင်းမှာ စည်း၍ နောက်ကျောဘက်မှာ ဖားလျားချကာ ဆံပင် တယမ်းယမ်းနှင့်ပေါ့... (ကျမ ငယ်ငယ်က သိပ်ချစ်ရသော ဆရာမ မအိ မှာ ဆံပင်အရှည်ကြီးနှင့်ဖြစ်သည်။ ပေါင်လယ်ကျော်ကျော် တံခေါက်ခွက်ထိပင် ရှည်လျားလှပါသည်။) ကြိမ်လုံးတယမ်းယမ်းနှင့်ကြမ်းပြင်ကို တဖြန်းဖြန်း ရိုက်လေ့ရှိသောကြောင့် ကျမကို ဘွား နှင့် ဘ အမြဲဆူလေ့ရှိသည်။

အိမ်မှ အဖေ၊အမေ ၊ဘိုး၊ ဘွားတို့၏ စာအုပ်စာတမ်းများပျောက်လျှင်...ဘယ်နေရာမှာမှ ခက်ခက်ခဲခဲ ရှာဖွေစရာ မလို၊ ကျမ ရဲ့ လွယ်အိတ်ကြီးထဲမှာ လာရှာလျှင် အကုန်တွေ့ရမည်။ တွေ့သမျှစာအုပ်တွေ၊ ကတ်ထူဖုံးတွေမှန်သမျှ ကျမ၏ လွယ်အိတ်ကြီးထဲ ထိုးသိပ်ထည့်ကာ တပည့်တွေ ရဲ့ စာအုပ်အဖြစ် အမှတ်တွေခြစ်ပေး၊ ကောင်း ၊ သင့်၊ ညံ့ မှတ်ချက်တွေ ပေးရတာလည်းအမောပင်၊ ကျမ၏ တပည့်များကတော့ အရုပ်မျိုးစုံဖြစ်ခဲ့သည်။ ဆရာမလုပ်နေရသော ဘ၀ကို ကျမ ထမင်းမေ့ဟင်းမေ့ မက်မော ပျော်ရွှင်ခဲ့ဖူးပါလေသည်။

ကျမ အလယ်တန်း ၊အထက်တန်းကျောင်းသူဘ၀ရောက်တော့ ၀ါသနာကို မဖြစ်မနေ လုပ်မည်ဟု စိတ်အားထက်သန်လာခဲ့တယ်။ ကျမ ၁၀တန်းစာမေးပွဲ အောင်စာရင်း ထွက်တဲ့နေ့ကတော့ အပျော်ဆုံးပေါ့။ ငါ့ရည်ရွယ်ချက် နဲ့ ၀ါသနာ ကို အကောင်အထည်ဖော်နိုင်တော့မည်။ ပန်းတိုင်ရောက်တော့မည်ပေါ့။ ဒါပေမဲ့ ကြာကြာ မပျော်ခဲ့ရပါဘူး။ ဆရာဖြစ်သင်တန်း ဖောင်ဖြည့်ရန် ယူလာသည့်နေ့မှာပဲ ဘိုးနှင့်ဘွားတို့၏ တနယ်တကျေးသို့ တစ်ယောက်ထည်းမလွှတ်နိုင် ဟူသည့် အကြောင်းပြချက်နဲ့ ၀ါသနာကို စွန့်လွှတ်ခဲ့ရပါသည်။ သင်တန်းပြီးဆုံးလျှင် စေလိုရာစေ နှင့် မည်သည့်နေရာတွင်မဆို တာဝန်ထမ်းဆောင်ရမည် ဟူသောကြောင့်ဖြစ်ပါသည်။ ငယ်သေးတဲ့အတွက် စိတ်မချနိုင်သော.... မိဘ မေတ္တာစေတနာကို အသိမှတ်ပြုရင်း...၀ါသနာကို ချိုးနှိမ်ခဲ့ပါတယ်။ ထပ်မံပြီး ဘွဲရ တဲ့ နှစ်တွင်လည်း အကောင်အထည်ဖော်ဖို့ကျိုးစားပါသေးသည်။ ကျမ ဆရာမဖြစ်ဖို့ ကံမပါလာခဲ့။ အလုပ် နှင့် ၀ါသနာ ထပ်တူမကျခဲ့ရပါ။

ဒါကြောင့် ကျမ ၏ ၀ါသနာ များကို အိမ်မက် နှင့် နှိုင်းယှဉ်ရခြင်းပါ။ အိမ်မက်တွေလိုပင် ကလေးဘ၀က၀ါသနာ နှင့် ရည်ရွယ်ချက်သည်...အရောင်တွေ ၀ိုးတိုးဝါးတားသာမြင်မက်လျက် ကိုယ်မက်သည့်အိမ်မက် ကိုပင် ဘာသာမပြန်နိုင်၊ ပျောက်ဆုံးသွားခဲ့ရသည်။ အခုတော့ ၀ါသနာ ဆိုတာ ကိရိယာတန်ဆာပလာ မစုံလင်လို့ မောင်းနှင်ချင်လျက် ပင် မောင်းနှင်လို့ မရခဲ့သော ယာဉ်မျိုးဖြစ်ခဲ့ရတယ်။... ထိုယာဉ်အပျက်ကို တော့...ဂိုဒေါင်တစ်လုံးထဲ တွင် စုပြီး....သိမ်းထားလိုက်ပါပြီ။ လွှင့်ပစ်လို့ မရတာကြောင့်ပါ။


ညခင်း....ဘယ်သူကို မှ မတက်ဂ် ဖူးသေးဘူး ပြန်တက်ဂ်ချင်တယ်နော်....ရေးပေးမှာလာ;????? ညခင်းတို့ ဘလော့ကို အမြဲလာနေကြ မောင်နှမတွေ....စဉ်းစားလိုက်တော့ တချို့ က တက်ဂ် ခံထားရပြီးပြီ။ ကျန်တဲ့လူ....ဟဲ ဟဲ


ဝလုံးလေးဝိုင်းအောင်လေ့ကျင့်နေတဲ့...............မောင်သစ်ဆင်း (http://walonewinewine.blogspot.com)

မချစ်ရဆိုပေမဲ့.. ညခင်း ချစ်တဲ့ ညီမငယ်....................... မချစ်ရ (http://machitya.blogspot.com)

နက်မကောင်းတဲ့ ကြားက တက်ဂ်ရတာ အားနာပါတယ်။ နက်ကောင်းမှရေးပေးပါရန်..။


ချစ်ခင်လေးစားလျှက်...
ညခင်း

သင် နဲ့ သင့်ချစ်သူကြားက သံယောဇဉ် ကြိုး

2


သင် နဲ့ သင့်ချစ်သူကြားက သံယောဇဉ် ကြိုးကို ပိုမိုခိုင်မာစေတဲ့ စမ်းသပ်ချက်ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်ကို ဖြစ်နိုင်ရင် သင့်ချစ်သူနဲ့အတူတူ ဖြေဆိုကြည့်ပါ။ ချစ်သူမရှိသေးသူတွေကတော့ ခင်ရတဲ့သူငယ်ချင်း၊ ဆွေမျိုးနဲ့ ဖြေဆိုကြည့်ပါ။ တနည်းအားဖြင့် မိမိအနေနဲ့ နောင်ကို သံယောဇဉ် ပိုထားချင်သူနဲ့ အတူတွဲပြီး ဖြေကြည့်ပါ။

ဒီ စမ်းသပ်ချက်မှာ အောက်ပါမေးခွန်းသုံးခုကို ဖြေပေးထားရပါမယ်။

a. ကျွန်တော်/မဟာ တစ်ယောက်တည်း (......................)
မိမိကိုယ်တိုင် တစ်ဦးတည်း လုပ်ချင်တဲ့အကြောင်း အရာ ။

b. ကျွန်တော်/မဟာ မင်းနဲ့ (ချစ်သူ (သို့) တစ်ဦးဦးနဲ့) နှစ်ယောက် အတူတူ (....................)
ချစ်သူနဲ့နှစ်ဦးသား အတူတူ လုပ်ချင်တဲ့ အကြောင်းအရာ၊

c. ကျွန်တော်/မဟာ အားလုံးနဲ့ အတူတူ (...................)
ခင်မင်သူ သူငယ်ချင်း၊ မိတ်ဆွေ မိသားစုတွေ နဲ့အတူတူ လုပ်ချင်တဲ့အကြောင်းအရာ ကို စဉ်းစားပြီးဖြည့်ပေးရမှာ ဖြစ်ပါတယ်။

a.b.c မေးခွန်းသုံးခုမှာ. နောက်ဆုံးကွက်လပ်ကို ဘယ်လိုစာကြောင်းတွေနဲ့ အဆုံးသပ်မလဲဆိုတာကို ဖြည့်ပေးရပါမယ်။

သင့်ဖြည့်ခဲ့တဲ့ အကြောင်းအရာက သင့်စိတ်ထဲမှာ ရှိတဲ့ခံစားချက်အမှန်တွေကို ဖော်ညွှန်းပါတယ်။

(a)အဖြေ... ဥပမာအားဖြင့် ကျွန်တော်/မ ဟာ တစ်ယောက်တည်း မနက်စာကို စားတယ်လို့ စာကြောင်းကို အဆုံးသတ်ခဲ့ရင် နံနက်ခင်းချိန်ကို အေးအေးဆေးဆေး အချိန်ကုန်လွန်စေပြီး ခန္ဒ္စာကိုယ်အတွက် အားအင်ဖြစ်စေ တဲ့ အစားအစာကို စားသောက်တယ်လို့ ဖြေဆိုတဲ့အတွက် သင်ဟာ သင့်ရဲ့တစ်နေတာကို ဘ၀အတွက် အကျိုး ရှိရှိ အသုံးချဖို့ စဉ်းစားနေသူဖြစ်ပါတယ်။

တစ်ယောက်တည်း သီချင်းနားထောင်တယ်လို့ဖြေခဲ့တဲ့သူဆိုရင် တေးဂီတ၊တွေ သီချင်းသံတွေက သင့်ရဲ့ဘ၀ အတွက်မရှိမဖြစ်လိုအပ်တဲ့အရာလို့ ထင်မြင်ထားသူပါ။

တစ်ယောက်တည်း လျှောက်လည်မယ်လို့ ဖြေဆိုထားသူကတော့ အလည်အပတ်သွားခြင်း အပန်းဖြေခြင်းတွေ ဟာ ဘ၀အတွက် အရေးကြီးတယ်လို့ ယူဆသူဖြစ်ပြီး၊လည်ပတ်သွားလာနေခြင်းအားဖြင့် လူတွေနဲ့ ထိတွေ့ ဆက်ဆံပေါင်းသင်းရတာဟာ အနှစ်သာရ ရှိတဲ့ ဘ၀လို့ခံယူသူဖြစ်ပါတယ်။ စသည်ဖြင့် သင့်အဖြေမှာ ပါရှိတဲ့ အကြောင်းအရာဟာ သင့်ဘ၀အတွက် အရေးပါတဲ့ လှုပ်ရှားမှုကို ဖော်ပြပါတယ်။

(b) အဖြေ.... ကျွန်တော်/မ ဟာ မင်းနဲ့အတူတူ.............ဆိုတဲ့ နောက်ဆက်စကားစုက ဖော်ညွန်းတာက အခုလောလောဆယ်မှာ သင့် အချစ်ရေးမှာ အလိုအပ်ဆုံးလို့ ခံစားနေရတဲ့အရာကို ထင်ဟပ် ဖော်ညွှန်းပါတယ်။

ဥပမာ... နှစ်ယောက်အတူတူ အချစ်သက်သေထူမယ်၊လို့ ထည်ခဲ့ရင် ချစ်သူနဲ့ကိုယ်နဲ့ကြားက အချစ်ရေးမှာ စိတ်ပူပန်နေရတဲ့အရာက နှစ်ဦးသားကြားမှာ အချစ်တွေ အေးစက်နေတယ်လို့ခံစားနေရတယ်လို့ ဖော်ပြ ပါတယ်။

သို့မဟုတ်.. နှစ်ယောက်တူတူ စားသောက်ဖို့သွားကြမယ်၊အဲလိုဖြေခဲ့ရင် ချစ်သူနဲ့အတူတူ တစ်နေရာရာမှာ အေးအေးဆေးဆေး သွားပြီး စားသောက်ချင်စိတ် ရှိပြီး အဲဒီလို စားသောက်ဖို့ အခွင့်အရေးမရှိသေးတာကို ဖော်ပြပါတယ်။နှစ်ဦးသား အေးအေးဆေးဆေး တွေ့ကြဖို့အချိန်တွေ လိုအပ်နေတယ်လို့လည်း ခံစားနေရပါတယ်။ ရင်းရင်းနှီးနှီးဆက်ဆံရေး လိုအပ်နေတာကို စိတ်ပူနေပါတယ်လို့ ဖြေထွက်တယ်။

(c) အဖြေ....မှာဖြည့်စွက်ခဲ့တဲ့ စကားစုကတော့ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တဲ့ နည်းလမ်းကို ဖော်ညွန်းပေးပါတယ်။

အားလုံးနဲ့ ပျော်ပျော်ပါးပါး ဆူညံအော်ဟစ်ပစ်ချင်သူ ၊ တစ်နေရာရာ သွားချင်သူ စသဖြင့် အဖြေတွေအားလုံးဟာ မိမိရဲ့စိတ်ထွက်ပေါက်ကို ဖွင့်ပေးချင်တဲ့ နည်းလမ်းတွေကို ဖော်ပြတာ ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်ကို ချစ်သူနဲ့ နှစ်ယောက်အတူတူ (သို့) ခင်မင်သူ နှစ်ယောက် အတူတူ ဖြေကြည့်ခြင်းအားဖြင့် သူ့ရင်ထဲက ခံစားချက်တွေကို နားလည်ပြီး သူလိုအပ်နေတာကို ကိုယ်က ဖြည့်စွက် နိုင်အောင်ကြိုးစားရင်း နှစ်ဦးကြားက သံယောဇဉ်ကြိုးပိုပြီး ခိုင်ခိုင်ချည်နှောင်ထားဖို့ အခွင့်အရေး ရှိလာမှာပါ။ အားလုံး ပျော်ပျော် ရွှင်ရွှင်နဲ့ ဒီစမ်းသပ်ချက်လေးကို ဖြေဆိုကြည့်နိုင်ပါစေ။


ချစ်ခင်လေးစားလျှက်...
ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers