Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

အရှိုက်ခက်

0



ဝေးကွာပြီဆိုတဲ့ အသိ ရင်မှာရှိလည်း မသိစိတ်ရဲ့ အမှတ် ရင်မှာဟပ်လျှက် ဆိုးနှောင့်ဗျာဗွေ စောင့်လေမိ၏။ ရှေးဟောင်း စကား မပယ်ရှားဘဲ ကြားယောင် မိတာ အငိုလွယ်ကာ အရှိုက်ခက်၏ လက်တွေခံစားသိရငြားသော် မရှိုက်မိ ခင် ထွက်ပြေးချင်၏။ စိတ်အစဉ် နဲ့လက်တွေဘ၀ ဟပ်စပ်မရတာ ငါပြောခဲ့စဉ်က နင်ရယ်မောခဲ့ ဇွတ်မှိတ်လို့ ငါယုံကြည်ခိုက် လက်တွေ့ ဆိုတဲ့ ဘ၀ ဆိုက်ရောက်လာတော့ ဆိုခဲ့ဘူးတဲ့ သစ္စာ ထားခဲ့ဘူးတဲ့ မေတ္တာ ဘာနဲ့ကုစား လို့ နေခဲ့ရမလဲ ချစ်သူ...။

နှောင်းတစ်နေ့

0

မျှော်လင့်ဖူးသားပဲလေ

ဘာမှဖြစ်မလာတော့လည်း

ဘယ်သူကိုမှ မပြစ်မတင်နိုင်ပါဘူး....


ယုံကြည်ဖူးသားပဲလေ

ပြိုလဲသွားတော့လည်း

ဘယ်လို မှမတတ်နိုင်ပါဘူး.....


တပ်မက်ခုံမင်ဖူးသားပဲလေ

အချိန်တွေအများကြီး မစတေးနိုင်တာတော့

ခွင့်လွတ်နားလည်ပေးပါ.....


ကြားဖူးသားပဲလေ

အခွင့်အရေးဆိုတာဟာ တံခါးနှစ်ခါမခေါက်ဘူးတဲ့

ခုမှပဲ.......သဘောပေါက်တော့တယ် ..




ဥပါဒါန်

0

မလွမ်းချင်လည်း…
စိတ်တွင်ခဏ၊ သတိရသော်
တ သ ဖိုလှိုက်၊ လွမ်းမိလိုက်၏။
မတွေးချင်သော်လည်း…
အိပ်စဉ်အိပ်ဆဲ၊ အိပ်ခက်စွဲသော်
ရင်ထဲခိုက်ခိုက်၊ တွေးမိလိုက်၏၊
စိတ်လက်ပေါ့ပါး ၊ အချိန်များတွင်
နှုတ်ဖျားတီးတိုး၊ အသံပျိုး
တေးချိုတစ်ပိုဒ်၊ သီမိလိုက်လျှင်
စိတ် တွင်မုန်တိုင်း၊ ကဆုန်စိုင်းသည်
တစ်ပိုင်းတစ်စ၊ ရပ်ခဲ့ရ၏။
စိတ်လိုလက်ရ ၊ တစ်ခဏတွင်
လက်မှလင်္ကာ၊ သီမိပါလည်း
ကဗျာတစ်ကြောင်း၊ သူ့အကြောင်းမို့
လက်ညောင်းအောင်မျှ၊ မရေးရခင်
ရသမဖွဲ့၊ တန့်ရပ်ခဲ့၏။

ပန်းပျိုးလက်

1

မေတ္တာမိုး
ပန်းပျိုးလက်သာ ၊ဖြစ်လိုပါ၏၊
မေတ္တာညှိုး
ပန်းချိုးလက်လျှင်၊ မဖြစ်ချင်ပါ။
ကျေးငှက်ပေါင်စုံ၊ ချမ်းမြေ့လှုံကြ
ရိပ်မြုံတင့်မော၊ သာပြန့်ပြောသည့်
သစ်တောဘ၀၊ ဖြစ်လိုလှ၏။
နိုင်ရာစားသည့်“
ကျားရဲမင်းမူ၊ သွေးပွက်ဆူစွ
ဘေးထူထပ်သော၊ ရန်ထူပြောသည့်
တောရိုင်းအသွင်၊ မဖြစ်ချင်ပါ။
လောကလှုပ်နိုး၊ အလှပျိုးသည့်
မိုးမုတ်သုံသာ၊ ဖြစ်လိုပါ၏။
ချောင်းမြစ်လျှံဖြိုး၊ ဆည်တာကျိုးသည့်
ဖျက်မိုးအသွင်၊ မဖြစ်ချင်ပါ။
ပန်းနံ့သင်းကြည်၊ မွှေးပျံ့စည်သည်
လေပြည်ညင်းသာ၊ ဖြစ်လိုပါ၏။
တွေ့ရာခုတ်ပိုင်း၊ တိုက်ခတ်ရိုင်းသည့်
မုန်တိုင်းအသွင်၊ မဖြစ်ချင်ပါ။
လောကအကျိုး
သယ်ပိုးထမ်းရွက်၊ ပန်းပျိုးလက်ဖြင့်
ပျော့ပြောင်းညှင်သာ၊ ကံစီရာသို့
လွင့်မျောစီးရင်း၊အားသစ်မွေးရင်း
နောက်မဆုတ်တမ်းလှမ်းချင်သူ။






မင်းသိနိုင်မှလား

0

စိတ်ညစ်တယ် --

ဒီစကားတွေ ရင်မှာတော့

မရေတွက်နိုင်အောင် ရွှတ်နေမိတယ်...

စာရွှက်ပေါ်မှာရေးချဖို့  ခံစားချက်မရှိတဲ့

ဒီနေ့  စိတ်ညစ်တယ်ဆိုတာကို

အကြိမ်ပေါင်းများစွာရေးနေမိတယ်

ငါစိတ်ညစ်နေတယ်

မင်းသိနိုင်မှလား

ငါကုစားနေတဲ့  စိတ်ညစ်မှုတွေ ဒီနေ့ 

ဗလပွနဲ့ပြန်ရနေတယ်

ဘယ်တော့ ပျော်ရွှင်မှာ ငါကိုငါမေးနေမိတာ

ငါမယုံကြည်တဲ့အရာတွေ

မျှော်လင့်ခြင်းတွေက

ငါပြောခဲ့တဲ့စကားတွေက အလကားလား

ငါဘယ်သူကို ယုံကြည်ရမှာလဲ

ငါ သိပ်မုန်းတဲ့ စရိုက်

မင်းသိအောင် ပြောပြခဲ့

အကြိမ်တိုင်းမရေတွက်နိုင်ဘူး

မင်းနားလည်ပေးတယ်ဆို

ငါဘ၀နဲ့  အမှောင်ဆုံး အချိန်တွေကိုတောင်

ငါ မင်းရှေ့မှာ ဒူးထောက်ပြောခဲ့ဘူးတာ

ငါဘယ်လိုထပ်ပြီးယုံကြည်ရမှာလဲ

ပြောပြရမှာလဲ၊ပြောပြရဲမှာလဲ

ငါ စိတ်ညစ်နေရင် အမြဲအားပေးနေမယ်တဲ့

မင်းရဲ့စကားသံတွေ

အခုတော့ဘာတွေ လဲ

မင်း ယုံကြည်ထားတာဘာလဲ

ဝေးလွင့်ခြင်း

ငါစိတ်ညစ်တယ်

ငါစိတ်ညစ်တယ်

ငါစိတ်ညစ်တယ်....။




အဆိပ်သင့် ပျားရည်

0

……………အဲဒီနေ့
နှစ်လုံးသားက စည်းချက် မမှန်
ရင်ခုန်သံတွေမြန်လို့
ချန်ထားခဲ့ရမှာတောင် နှမြောတယ်။
သူ့ရဲ့ အပြုံး တစ်ပွင့်
ကြွေအလွင့်မှာ
တစ်ကမ္ဘာလုံးက ပန်းတွေ
ပွင့်ကုန်ပြီထင်ရဲ့။
ငါ နားလည်လိုက်ပါတယ်။
သူ့ အပြုံး အောက်မှာ
ငါ့ မာနတွေ ကြွေကျမယ် ဆိုတာ
ငါ့ အတ္တတွေ မြေခမယ် ဆိုတာ
ငါ့ နှလုံးသားက အဖြေ ပြမယ် ဆိုတာ
ဘယ်အချိန်မှာ ဘယ်လို မုန်းမုန်း
အခု သူ့အပြုံးမှာ
တစ်ဘ၀လုံး အတွက်
အရှုံးပေးလိုက်ရတယ်။
သူ့ရဲ့ အပြုံး တစ်လွှာဟာ
ငါ့ နှလုံးသား ကမ္ဘာမှာ
လမင်း တစ်ရာ သာစေမှာကို
အသေအချာ သိလိုက်ရတယ်
အဲဒီ နေ့မှာပေါ့။
ငါ ကြောက်တာ တစ်ခုက
သူ့ရဲ့ အပြုံး အောက်မှာ
အိပ်မက် ပျောက်သူတွေ
ဘယ်လောက် များပြီလဲ ဆိုတာ။
ဒါပေမဲ့လည်းကွယ်….
နှလုံးသား ကွဲကြေ
မျက်ရည်တွေ ဝေလည်း
ငါ ဒူးထောက်နေတယ်
သူ့ အပြုံးတွေ အတွက်။

ငါ့အိမ်မက်

0

အနားသတ် မရှိတဲ့ အပြာရောင် ကောင်းကင်မှာ
ငှက်တစ်ကောင်လို ပျံလိုက်ချင်တယ်….
အဆုံးမရှိတဲ့ ပင်လယ်ပြင်မှာ
ငါးတစ်ကောင်လို ကူးခတ်ချင်တယ်….
တူညီမှု မရှိတဲ့ ဘ၀မှာ
အရာရာတိုင်းကို ပေးဆပ်ချင်တယ်….
ဒါပေမဲ့လည်း
ပိုင်ဆိုင်မှု ဆိုတာ ခပ်ဝေးဝေးမှာ ထင်ပါရဲ့…..။

စိတ်လိုအင်

0

သံသယတွေရဲ့ ခင်မင်မှု
ပူလောင်မှုကြားက မကျေနပ်ခြင်း
နွေးထွေးခြင်းမဲ့တဲ့ ဒီချစ်ခြင်း
ရမ္မက်ပါတဲ့ မျှော်လင့်ခြင်း
အတ္တဆန်တဲ့ တွေးတောခြင်း
ကဗျာမဆန်တဲ့ ရိုးသားခြင်း
ယုံကြည်ချက်မရှိတဲ့ စကားလုံး
အဓိပ္ပါယ်မဲ့တဲ့ အနာဂတ်
ယုတ်တိမရှိတဲ့ ပစ္စုပ္ပန်
မေ့လို့ မရတဲ့ အတိတ်
ကာရံမသိတဲ့ ကဗျာစပ်ခြင်း
ကိုယ်တိုင်မသိတဲ့ လောက
ကျောခိုင်းချင်တဲ့ ငါဆန္ဓ
ရန်လို နေတဲ့  ဒီဘဝ

ရက်စက်သူသို့

0


အလှမဲ့တဲ့နေ့ရက်

အရောင်ပြယ် ချစ်ခြင်းနဲ့အတူ

ရက်စက်ခြင်းကို ပေးတဲ့

အသဲခွဲတဲ့ ကြင်နာသူ။


ဝေးသွားမှာ ငါသိတယ်

ဘယ်ဆီမှာ ဆုံခွင့်ရမှာလဲ

စိတ်ကူးတွေနဲ့ မျှော်ငေးနေတဲ့

ငါ..အချစ်နဲ့ ဒီနေ့စွဲတွေ

ငါတွေး ဆွေးမိမှာကြောက်ခဲ့သေးတယ်။


ဟားဟား....ရီရသေးတယ်

"နားလည်ပေးပါဆိုတဲ့

ကြင်နာသံပါ ဖျော့တွဲ့ဟန်နဲ့ 

ကျွန်မစိတ်တွေ ရှုပ်ထွေးကျေးဇူးပြုပြီး

ခဏဝေးဝေး တစ်ယောက်ထဲနေပါရစေတဲ့"

သနားမှုနဲ့ ငဲ့ညှာ ယုံကြည်မှုကို အချိန်ပေးပြီး

ငါဘေးက စောင့်ကြည့်နေခဲ့တယ်။


မင်းကတော့ဒီလိုမဟုတ် ယုံကြည်မှုကို ခြေခင်း

အချစ်တွေကို ချနင်းပြီး

ငါရင်ကိုဖယ် နောက်တစ်ယောက်နောက်

ကောက်ကောက်ပါခဲ့တယ်။


ရင်မှာခါးသီး နာကျင်ခြင်းနဲ့အတူ

မင်း ပုံရိပ်တွေကို မေ့ပစ်

ငါနှလုံးသားကို ပဲ့ကိုင်ရင်း

ငါလျှောက်တဲ့လမ်း ဘ၀ကြမ်းကြမ်းမှာ

ရွံ့ ရှာစိုးထိတ် မင်းလိုစရိုက်မျိုး

နောက်နောင် မမြင်တွေ့လို ဘုရားရှေ့မှာ ဒူးထောက်

တောင်းဆုပန်တယ် ...မိန်းကလေး

တွေ့ခဲ့သည်ရှိ ရင်ကို အစိမ်းခွဲ

ငါနှလုံးသားကို ဖောက်ထုတ် မီးသဂြိုဟ်ပစ်မယ်။ ((လမင်း))

ရင်ထဲက ခံစားချက်တစ်ခုလေးပါ ဘာရယ်တော့ မရည်ရွယ်ပါဘူး.တိုက်ဆိုင်မှုလေးတစ်ခုကို
အကြောင်းပြုပြီး ကဗျာလေးအဖြစ် ဖန်ဆင်းထားပါတယ်။ကဗျာလေးလိုပဲ ခံစားပေးပါလို့တောင်းဆိုပါတယ်။


ကော်ဖီလွမ်းသူ

0

အက်စ်ပရက်ဆို သောက်မလား…
ကာပူချီနို သောက်မလား…
လက်တဲ့ သောက်မလား….
ကယ်ဖင်းဓာတ်ပါနေတာမို့
ဘာပဲသောက်သောက် စွဲမက်နေတယ်…
ကော်ဖီကို စွဲစွဲလန်း သောက်ရင် မကောင်းဘူးဆိုတဲ့
ချစ်သူရဲ့ စွဲမက်စရာ စကားလေးကြောင့်
ကော်ဖီရဲ့ ဝေးဝေးမှာ
တိတ်ဆိတ်စွာနေနေပါပြီ…။

အပျိုကြီး ကျွန်မ

2

ညခင်းရဲ့ သူငယ်ချင်းတို့ရေ….တူလေး လမင်း ပေးပိုလာပါတဲ့ သီးချင်းလေး တစ်ပုဒ် အကြောင်းပြောပြဦးမယ်နော်..…အမှန်တော့ ညခင်းကို နာနာလေး ဆော်ချင်တာလဲ ပါတာပေါ့နော်…။ တစ်တစ်တူး တီးဝိုင်းက မိုးမိုး (ရေး၊ ဆို)ထားတဲ့ သီးချင်းလေးကို ပို့ပေးပြီး နှိပ်ကွပ်ပါတယ်..… ငယ်ချစ်ဦးနဲ့ ဝေးခဲ့လို့…ဘာညာကွိကွပေါ့လေ။အမလေး အသက်၄၀ လောက်သာ ရောက်ရင် ဘယ်လို တွယ် မလဲ မသိဘူး…ခံပေဦးတော့ ညခင်းရေ…။ သီချင်းစာသားလေးကို ဖတ်ကြည့်ဦး။
******အသက်လေးဆယ်……လူတွေမေးတယ်….ဘယ်တော့များမှ စားရမှာလဲ….. ဟန်ဆောင်ရပြီ….လူတွေမသိအောင်….အပြုံးလေးနဲ့…လိမ်ရပြီ…။ရာသီတွေ……..အချိန်တွေလဲ…. မြူလို …တရွှေ့ရွှေ့ ကူးပြောင်ဲးနေပြီ…စွန့်ပစ်သွားခဲ့ …တာအချိန်ကြာပြီ… စွန့်ပစ်ခဲ့တဲ့ ငယ်ချစ်ဦးရေ …အစဉ်သာ…. ရင်မှာ အမြဲသာ…..ဘာမှမပြောင်းလဲဘူး…ချစ်မေတ္တာတွေ…. ယုံနိုင်မလားနော်…ကိုယ် အချစ်ဆုံးရေ……………….ဒီချိန်ထိ.. မင်းသာ ..မင်းဘဲ ….အချစ်ရေ******။
ကဲကောင်းသေးလား….။ငယ်ချစ်ဦးပစ်သွားလို့
တဲ့အဲတော့ ညခင်းကလဲ ကဗျာပြန်ရေးတာပေါ့။ဖတ်ကြည့်နော်…။

အပျိုကြီး ကျွန်မ
နှစ်ကိုယ် မနီးပေမဲ့
အို- ငိုလို့ ညည်းမနေပါဘူး
ဝေဒနာ ရင်မှာ သိမ်းပါလို့
ခပ်စိမ်းစိမ်းနေခဲ့တယ်။
ခင်မင်သူ လူအရင်းတွေက
အပျင်းပြေ လှောင်ပြောင်ရယ်ကြ
ယောင်လည်လည် အပျိုကြီး….ပါတဲ့
စပ်ဖြီး ပြီတီတီနဲ့
မထီတရီ သည်မျက်လုံးတွေက
ပြုံးလှောင်ကြကွယ်။
အပျိုကြီး ကျွန်မမှာတော့
တစ်ကိုယ်တည်း ဘ၀ပေမဲ့
အသည်းကတော့ မငယ် မငယ်
တကယ့် တကယ်တော့ အားမာန်ခဲ။
ဘ၀လမ်းမှာဖြင့်
ခရောင်းမြေတွင် လေသရမ်းပါလို့
လှိုင်းကြမ်းလေထန်ပေမင့်
ရေဆန်ကို ရွက်ကုန်ဖွင့်ကာ
အညာ အကြေ မကျန် တက်စုံလွင့်နိုင်ငဲ့
ရင့်ကျက်ကြည်ကြည်လင်နဲ့
ထီမထင် အပျိုကြီးပါဟဲ့
တစ်ကိုယ်တည်း ဖော်မလိုပါဘူး
ပျော်သလို ဘ၀ခရီးမပန်းကာ
(ကွယ်) လှမ်းခဲ့သည်ပဲ။ ။
ဘ၀တူအပျိုကြီးများသို့………..။


အိမ်မက်အပိုဒ်ခွဲ (၂)

0

ငါ့ ရင်ထဲက
လတစ်စင်းကို အတင်းထိုးပေးနေတာတောင်
မီးအိမ်တစ်ခုကို လက်ညိုးထိုးပြီး
ပူစာနေတဲ့ ကောင်မလေးရေ….
ငါ့ မာနနဲ့ သိက္ခာကို
လမ်းခင်းပြီး မင်းဆီလာတာတောင်
လှည့်မကြည့်ဘူး….(လုပ်ရက်တယ်နော်)
ဆားမခတ်တဲ့ ဟင်းတခွက်လို
အချစ်မပါတဲ့ ဘ၀တစ်ခုကို
ပေါ့ပျက်ပျက်ဘဲ စားသုံးချင်လာတယ်….
ဒီတစ်ခါတော့ ငါ့ကိုငါ
မောင်းပြန်တင်ပြီး
ခပ်ဟဟ တော့ရီချင်မိတယ်….
ငါ ဆုတောင်းပါတယ်….
ငါ့ ရင်ထဲမှာ နေကြတ်တဲ့နေ့ 
မရောက်ပါစေနဲ့  ။

အိမ်မက်အပိုဒ်ခွဲ (၁)

0

အိမ်မက်အပိုဒ်ခွဲ (၁)
ကောင်မလေးရေ….
နှစ် ဟာ တစ် ရဲ့ နောက်မှာနေပေမဲ့
တန်ဖိုးပိုကြီးတယ်ဆိုတာ
အခုထိမင်းမသိသေးဘူးနော်….
ငါ့ ရင်ခွင်ကို
သာလာယံ ဇရပ်သာသာ
ခဏတာ မခိုအောင်းချင်ပါနဲ့ ကွာ….
ငါ မဟုတ်တဲ့ သူ အတွက်
ဘာမှမဟုတ်ပေမဲ့
ဘ၀နဲ့ ချီထားတဲ့ ငါ့အတွက်
နဲနဲတော့ စဉ်းစားပေးပါနော်….
ငါ့ မှာ….
အားငယ်ဝမ်းနည်းမူတွေကို
ကျိတ်မှိတ်ဝါးမျိုပြီး (အဟာရတစ်ခုလို)
အလုံးစုံ ပျော်ရွှင်ရမဲ့ နေရက်ဆီကို
လက်ချိုးရေနေတာ
မင်းသိပါစေကွာ ။


ပေါ့ကျနဲ့ ဂိတ်ဆုံး လမ်းခွဲ

0

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာ ဆိုတော့
မင်း
ဒီအကြောင်းမပြောနဲ့ကွာ……

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
မင်း
ပြောလေကဲလေ မပြောတော့နဲ့ ဆိုနေမှ….
ကောင်းတော့ မကောင်းလှဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
မင်း…
ငါရှိတဲ့နေရာ ၀င်မလာရင်ကောင်းမယ်…..

ကောင်းတော့ မကောင်းဘူးပေါ့
ဒီလိုပြောမှ ရမှာဆိုတော့
ဟေ့
မင်းကို ငါ…………။
ဒီလိုနဲ့
အဲဒီနေ့က
သူက ပေါ့ကျ**
ကျွန်တော်က ဂိတ်ဆုံး***
သူကလည်း ခပ်တုံးတုံး
ကျွန်တော်ကလည်း ခပ်မုန်းမုန်း
သူက ဂဏန်းတစ်လုံးနဲ့
အဖျင်းစကား….
ကျွန်တော်က စာတစ်လုံးနဲ့
တင်းထား….
သူရင်းထားတာက ဗလာ
ကျွန်တော်ရင်းထားတာက ကဗျာ
ဘယ်မှာ အဆီအငေါ်တည့်မှာလဲ…။ ။
……………………………………………………..။ ။……………………………………………….
**ပေါ့ကျ လက်ဖက်ရည်ဖျော်နည်းတစ်မျိုး။
***ဂိတ်ဆုံး လက်ဖက်ရည်ဖျော်နည်းတစ်မျိုး။

ဖြေပါ

0


ချစ်သူ.......


ထားရစ်ခဲ့ လိမ့်မယ်လို့

မတွေးမိလို့လည်း

အသည်းနင့်အောင်

ဖြူစင်စွာ ချစ်ခဲ့မိတာ။

ရက်စက်လိမ့်မယ်လို့ 

မထင်မိလို့လည်း

ချစ်သူစကားကို

ရိုးသားစွာ ယုံကြည်နေခဲ့မိတာ

ရိုးအတဲ့ သူတစ်ယောက်မို့ 

လှည့်စားရက်တာလား ချစ်သူရယ်။


အနာတရ လိပ်ပြာ

0

ကျွန်တော့်မှာ
လောင်ကျွမ်းခြင်း တစ်ဝက်
အက်ကွဲခြင်းတစ်ဝက်နဲ့
အချစ်ကို တပ်မက်ဆာလောင်ခဲ့ဖူးတဲ့
ဒဏ်ရာရ နှလုံးသားလေး ပဲရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
အိမ်မက်တွေပျောက်ဆုံးသွားတဲ့
နံရံပါးပါးတစ်ချပ်ရှိတယ်
တုံဆိုင်းရပ်တန့်နေတဲ့
သက်ငြိမ် ပင်လယ်ရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
သတိတရ ဖိတ်ခေါ်ခြင်းမရှိဘဲ
တ၀ဲဝဲလည်လာတဲ့ အတိတ်ရှိတယ်။
စိတ်သွေးကို ရိုင်းကြွစေတဲ့
နွေမုန်တိုင်းရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
မ၀တ်ချင်ဘဲ ၀တ်လိုက်ရတဲ့
မာနမဲ့ ၀တ်စုံတစ်စုံရှိတယ်
လမင်းမရှိတဲ့ ညတွေမှာ
လရောင်လွမ်းတဲ့ ဝေဒနာရှိတယ်
ဘယ်လိုမှ အဆင်မပြေဘူး….။
ကျွန်တော့်မှာ
လွမ်းဆွတ်ပဲ့တင်သံ မရှိဘူး….
ဂီတနဲ့ ခြယ်မှုန်းထားတဲ့
ပန်ချီကားမရှိဘူး…
ဆည်းဆာဆီ
ငေးရီဖို့ရာ တောင်ပံတွေ မရှိဘူး….။
ကျွန်တော့်မှာ
လက်ရုံးနဲ့ ဆောက်တည်ထားတဲ့
အသက်ရှုသံ ပဲရှိတယ်
ဘယ်လိုမှအဆင်မပြေဘူး….။

ကွန်ပျူတာစက်တွက်ပြပါ။

0

ရင်တွင်းအရှိ
လူမိမခံ နောက်ပြန်လှည့်ပြေး
ဘာကြောင့်များလဲ……။
မယုံတဲ့ လိပ်ပြာ
ရင်မှာ ပုန်းရှက်
ဘာကြောင့်များလဲ……။
တွယ်ရာမဲ့ရင်ခုန်သံ
မြန်မြန်ရွှေ့လျား
ဘာကြောင့်များလဲ……။
မှန်နေတဲ့ ခြေလှမ်းများ
အလိုလိုတုံနှေးသွား
ဘာကြောင့်များလဲ……။
စကားပြောတတ်တဲ့ နှုတ်ခမ်း ကလေးများ
အားစေးထည့်ထား
ဘာကြောင့်များလဲ……။
အထီးကျန်ည
စိတ္တဇ နဲ့မိုးလင်း
ဘာကြောင့်များလဲ……။
လောကတစ်ခုထဲက
ဘ၀နှစ်ခု အစွန်းနှစ်ဖက်
ကွာဟချက်ကို
ဒြပ်မဲ့ ကြိုးတစ်ချောင်းနဲ့ ဆက်
အဖြေထွက်အောင်
ကွန်ပျူတာ စက်တွက်ပြပါ……။

မျက်နှာများသူ

0

နေ့အခါ လမရှိခိုက်
နေသာလိုက်စဉ် လကို မေ့လျော့
နေရောင်ခြည်မှာ ဒီကမ္ဘာ က
ပျော်မွေ့လျက်ပါ။
ညအခါ နေမရှိခိုက်
လသာလိုက်စဉ် နေကို မေ့လျော့
လရောင်အောက်မှာ ဒီကမ္ဘာက
ကြည်နှုးလျက်ပါ။
နေလည်းမသာ လလည်းမသာ
ကြယ်ကလေးတွေသာ လင်းကြစဉ်
နေရော လပါ မေ့လို့
မှုန်ပျပျ ကြယ်ရောင်မှာ ပဲ
ဒီကမ္ဘာက သာယာလျက်ပါ။
ဒီကမ္ဘာက
နေနဲ့လည်း ပျော်မွေ့
လနဲ့လည်း ကြည်နှုး
ကြယ်နဲ့လည်း သာယာတော့
တစ်ချုံကွယ် တစ်မယ်မေ့တဲ့
မျက်နှာများတဲ့ ချစ်သူလို ဖြစ်နေပြီ…။

ဝန်ခံခြင်း

0

အချစ်ရဲ့ ဂုဏ် အစုံကို ခံစားမိတဲ့ အခါ
မင့်အနားကို ကိုယ်ကပ်ခဲ့….။
အချစ်ရဲ့ ဂုဏ် အစုံကြောင့် ၀မ်းနည်းတဲ့ အခါ
မင်းအပါးက ကိုယ်ထွက်ပြေးခဲ့….။
အချစ်ရဲ့ ဂုဏ် အစုံကို အံ့သြမိတဲ့ အခါ
ကိုယ် ငြိမ်သက်စွာ သတိရှိနေ…။
အချစ်ရဲ့ ဂုဏ် အစုံကြောင့် နာကျင်ရတဲ့အခါ
နူးညံ့မှု ကို ကိုယ် ငဲ့လင့်မိ….။
အချစ်ရဲ့ ဂုဏ် အစုံကို ရူံးနိမ့်တဲ့ အခါ…..
…………………………………………….။
အချစ်ရဲ့ ဂုဏ် အစုံ ဖြင့် စွန့်လွတ်တဲ့ အခါ…..
……………………………………………..။
ညခင်းရဲ့ မောင်လေး တစ်ဦး ရေးပေးတဲ့ ကဗျာလေးပါ…။ အောက်ဆုံး ၂ကြောင်းကို တော့ သား မသိတော့ ပါဘူးတဲ့…မမကြီး ဆက်…စပ်လိုက်ပါတဲ့။ ဒီတိုင်းထားလိုက်တာ ပါဘဲကောင်းပါတယ်နော့်။ ဇာတ်သိမ်းပိုင်း ဆို တာ အလွမ်းတွေ နဲ့ နာကြည်းချက်တွေနဲ့ ဇာတ်သိမ်းလို့ ကောင်းဘူးနော်…ကြည့်ရတဲ့ လူလဲ ရင်မောတယ်…။
အားလုံးဘဲ ပျော်ရွင်ဖွယ် ဒီဇင်ဘာ လ လေးဖြစ်ပါစေ။

မိန်းမလှရဲ့စွန့်စားခန်း

0

ရင်ခုန်သံချင်း ခင်းတာမို့  ဒီစစ်ပွဲမှာ...

ဓားလှံတွေ မလိုပါဘူး ။

လောကမှာ အချစ်တတ်ဆုံး သူ တဲ့ ...

အဲဒါ ဘယ်သူဖြစ်မလဲ

အင်း ...... ဒါ ဟာ မိန်းမလှ တစ်ယောက်ရဲ့

စွန့် စားခန်းလို့ ခေါ်ချင် ခေါ်နိုင်တယ် ။

ကဲ .....ထကြည့်စမ်း

မနက်ခင်းဆီမှာ ပြတင်းတံခါး ဖွင့်လိုက်

အပြုံးတွေ ဆွေးဆွေးရဲရဲပွင့်လို့  ရင်ဖွင့်ကြိုနေတဲ့

နှင်းဆီလမ်းပေါ်

သူမ ....တစ်လှမ်းချင်း လျှောက်လာပြီ။

အမှောင်ထုရဲ့ လန့် နေကြ အသံဟာ ရုတ်ချည်းဆွံ့အ...

လိပ်ပြာ ကကြိုးနဲ့  ဆည်းဆာသစ်ကို ပျိုးခဲ့တယ်။

ပြီးတော့ ....

သူမ နှုတ်ခမ်းဆီက တိုးတိုးညှင်းညှင်း....

အရင်လို ဆောင်းရာသီ အလွမ်းနဲ့ ငါ့ကို

ဒီတစ်ခါရင်နွေ့ နဲ့  နွေးစေလိမ့်မယ်တဲ့


လွန်ခဲ့တဲ့ နှစ်နှစ်ယောက်က သူငယ်ချင်းတစ်ယောက်ပေးထားတဲ့ကဗျာလေးပါခေါင်းစဉ်တော့
မသီတော့ဘူး ..ရေးတာကတော့ ကဗျာကြီး ထင်တယ်ခေါင်းစဉ်ကိုယ်ဖာသာတပ်လိုက်ပါတယ်
ဟီး ဟီး …ဖိုင်တွေ လျှောက်လှန်ရင်းတွေ့လိုက်လို့  ပြန်တင်ပေးလိုက်ပါတယ်

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers