Showing posts with label ဟာသလေးတွေ. Show all posts
Showing posts with label ဟာသလေးတွေ. Show all posts

ပုံပြင်ထဲက တောထွက်ကြီး။

8



တစ်ခါတုန်းက တောရွာကျောင်းတစ်ကျောင်းမှာ တောထွက် ကိုယ်တော်ကြီးတစ်ပါးရှိတယ်။ တစ်နေ့မှာ ကျောင်းထိုင်ဆရာတော် မရှိခိုက် အသုဘသရဏဂုံတင် လာပင့်တယ်။ တောထွက်ကိုယ်တော်ကြီးက ရေစက်ချမရ ဘူးတဲ့။ မလွဲမရှောင်သာတော့ လိုက်သွားရတာပေါ့။ ကြွသွားရင်းနဲ့ ရေစက်မချရအောင် ဘယ်လိုလုပ်ရပါ့လို့ စဉ်းစားရင်းလိုက်လာခဲ့တယ်။

သုသာန်ရောက်တော့ ထုံစံအတိုင်း သရဏဂုံတင်သီလ ပေးတာပေါ့။ ဆုပေးရင်း ရှေ့မှာချထားတဲ့ ရေစက်ခွက်ကို မြင်နေရတယ်။ ဒါနဲ့ "ယမဟံ ၀ဒါမိ တံ ၀ဒေထ- ဒကာကြီးရေဆာလိုက်တာဗျာ၊ အဲဒီရေခွက်ကပ်စမ်း လို့. . . " ပြောလိုက်တယ်။

ဒကာတွေမှာလည်း သုသာန် အသုဘချခဏလာတာဆိုတော့ ရေတကောင်းတို့ ဘာတို့ မပါလာဘူးပေါ့။ ရေစက်ချဖို့ ဖန်ခွက်ကလေးနဲ့ ရေပဲပါလာတာ။ မငြင်းသာဘူး။ ကပ်လိုက်ရတာပေါ့။ သီလလည်းပေးပြီးရော ကိုယ်တော်ကြီးက ကဲဒကာတို့ ဒကာတို့လည်း ရေစက်ချဖို့ရေလည်း မရှိတော့ဘူး။ ရေမရှိရင် ရေစက်ချလို့လည်း မဖြစ်တော့ဘူး ဆိုပြီးကျောင်းကို ပြန်လာခဲ့တော့သတဲ့။



ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ခရမ်းသီး ကျွန် မဟုတ်သူ ပေါ်ဦး

27

တစ်ရံသောအခါ အမရပူရရွှေနန်းတော်ရှင် ဘိုးတော်မင်းတရားကြီးသည် ပွဲတော်တည်ရာတွင် မြိန်ရှက်တော်မမူသည်မှာ ကြာပြီဖြစ်၍ ခရမ်းသီးကိုကြော် ၍ပွဲတော်တည်လိုသော ဆန္ဒဖြစ်တော်မူတယ်။ သို့သော် မင်းတရားမှာ သလိပ်ထချောင်းဆိုးသောရောဂါမှာလည်း သက်သာတော်မူခါစ ဖြစ်သဖြင့် အခက်တွေ့နေသည်။ ထို့ကြောင့်အနားရှိတဲ့ အမတ်ကြီးပေါ်ဦး ကိုလှမ်း၍မိန့်တော်မူလိုက်သည်။

ပေါ်ဦး...ငါကိုယ်တော်မြတ် ပွဲတော်တည်ရာမှာ မမြိန်ရှက်တာကြာချေပြီ။ ခရမ်းသီးကိုကြော်ချက်၍ ပွဲတော်တည် ရန် ဆန္ဒရှိလေတယ်။ ဒါပေမဲ့ချောင်းဆိုးမှာကိုလည်း စိုးရိမ်တော်မူတယ်။ ဒီရာသီနဲ့ ကိုက်မကိုက် ချင့်ချိန်ပြီး ပွဲတော်တည်သင့်မတည်သင့် လျှောက်တင်စေ မောင်မင်း...

ထိုကဲ့သို့ ဘိုးတော်မင်း က အမိန့်တော်ရှိလိုက်သည်နှင့် ဦးပေါ်ဦးကလည်း ဥပမာ၊ ဥပမေယျတွေနဲ့ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗိန္ဓောကျမ်းများကို ကိုးကားပြီး ခရမ်းသီးကိုချီးမွမ်းလေသည်။ မင်းကြီး မိန့်တော်မူလိုက်ကတည်းက မင်းကြီး ဆန္ဒကို သိကာ အကြိုက်လိုက်၍ဖြေလေသည်။

ထိုအခါ ဘိုးတော်မင်းတရားကြီးလည်း စားတော်ဝန်ကို ခရမ်းသီးကြော်နှင့်ပွဲတော်တည် လိုကြောင်း မိန့်တော်မူလေသည်။ သို့ဖြင့်ညဥ့်အခါပွဲတော်တည်ရာ ခရမ်းသီးကြော်နှင့် နှစ်သက်အားရစွာ ပွဲတော် တည်တော်မူလေသည်။

ထို့နောက် ညအခါတွင် စက်တော်ခေါ်ရာ၌ လွန်စွာချောင်းဆိုးတော်မူ၍ တစ်ခဏမျှပင် စက်တော်မခေါ်နိုင်ခဲ့ပေ။ ထို့ကြောင့် ခရမ်းသီးပွဲတော်တည်သင့်ကြောင်း လျှောက်သော ဦးပေါ်ဦးအား အလွန်အမျက်ထွက်တော် မူသည်။

နောက်တစ်နေ့ ညီလာခံရောက်တော့ ဟဲ့ ပေါ်ဦး ...မောင်မင်းက သင့်တော်လှပြီဆို၍ ပွဲတော်တည်ရာ တစ်ညလုံးအိပ်မရအောင် ချောင်းဆိုးတော်မူလှတယ်။ မောင်မင်းကို သတ်သင့်လှပြီ မဟုတ်လား ပေါ်ဦး...

မှန်လှပါ ဘုန်းတော်ကြောင့် ထားလျှင်လည်း နေရပါမည်။သတ်လျှင်လည်း သေရပါမည်ဘုရား၊ ယခု ဘုန်းတော်ကျွန် ပေါ်ဦးသည် ရာထူး ဌာနန္တရ နှင့် နေထိုင်စားသောက်ရခြင်းမှာ ခရမ်းသီး က ခန့်ထားသောစည်းစိမ် မဟုတ်ပါ၊ မင်းတရားကြီးက ခန့်အပ် သူကောင်းပြုထားခြင်းသာ ဖြစ်ပါတယ်ဘုရား၊ ဒါကြောင့် ခရမ်းသီး ၏ အလိုမလိုက်ဘဲ ဘုန်းတော်ကျွန်ပီပီ မင်းတရားကြီး အလိုအတိုင်း လျှောက်တင်ခဲ့ရကြောင်း သံတော်ဦးတင်ရပါတယ်ဘုရား...

ကဲကဲ... တော်ပါတော့ ပေါ်ဦးရယ်..မောင်မင်း ဆင်ခြေဆင်လက်တွေကတော့ ကုန်နိုင်ဖွယ် မမြင်ပါဘူး။

ဘိုးတော်မင်းတရားကြီးလည်း ရွှေမျက်နှာတော်ညိုရာမှ ပြုံးတော်မူလျှက် ပြောပြောဆိုဆို မိန့်တော်မူလျှက်နှင့်ပင် အတွင်းဆောင်သို့ ၀င်တော်မူလေသည်။ ညီလာခံတွင် ငြိမ်သက်နေကြသော မှူးမတ်ဗိုလ်ပါ အပေါင်းလည်း ရယ်ပွဲဖွဲ့နိုင်ကြလေသည်။ ဦးပေါ်ဦးကား ဘာမှ မလုပ်သူလို တုံဏှိဘာဝေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ညီတူညီမျှရွှေမန်ကျည်းစေ့

6

တစ်ခါတွင် ဘိုးတော်မင်းတရားကြီသည် တောင်စမုတ်ဆောင်တော်တွင် မှုးမတ်အပေါင်းနှင့် စံနေတော်မူလေသည်။ ထိုအခိုက်တွင် သားတော် သမီးတော် နှင့်တကွ နန်းတွင်းရှိ မောင်းမငယ် တို့ ကစားပျော်ရွှင်စေရန် ရွှေမန်းကျည်းစေ့တို့ကို ရွှေပန်းထိမ်တော် တွင် အပ်နှံထားရာပြီးစီးသဖြင့် မင်းတရားကြီးထံ အပ်နှံဆက်သလေသည်။

ထိုအခါ ဘိုးတော်မင်းတရားကြီးက ရွှေမန်ကျည်းစေ့ ၏ ပုံကို ပကတိမန်းကျည်းစေ့နှင့် ယှဉ်ပြိုင်ကြည့်ရှု၍ ပုံတူလှကြောင်း ပန်းထိမ်ဆရာတို့အား ချီးကျူးတော်မူလေသည်။ ထို့နောက် တစ်ခုသော ရွှေမန်းကျည်းစေ့ကို ဘိုးတော်မင်းတရားကြီးက ရွှေလက်ဖြင့် ကိုင်ဆုပ်ထား၍ နှစ်ခုသော ရွှေမန်းကျည်းစေ့တို့ကို မိဖုရားခေါင်ကြီးအား ကိုင်စေတော်မူသည်။ ညီလာခံတွင်ရှိသော အမတ်ကြီးပေါ်ဦး ကိုခေါ်၍ ပျော်ရွှင် စေသော ငှာ မိန့်တော်မူလေသည်။

ပေါ်ဦး ငါ၏ရွှေလက်တော်၌ ရှိသော ရွှေမန်းကျည်းစေ့နှင့် မိဖုရား၏ လက်တော်တွင်ရှိသော ရွှေမန်းကျည်းစေ့တို့တွင် မည်သူက အရေအတွက်များတော်မူသလဲ မောင်မင်း...

ထိုအခါ အမတ်ကြီးပေါ်ဦးကလည်းေ အဆိုင်မတွပင် ပြန်လည်ဖြေကြားလိုက်သည်မှာ....

မှန်လှပါ ဘုန်းတော်ကြောင့် ညီတူညီမျှပါဘုရား

ဟေ့...ပေါ်ဦး ငါကိုယ်တော်မြတ် လက်တော်တွင် ရွှေမန်းကျည်းစေ့တစ်စေ့သာရှိသည်။ မိဖုရားလက်တော်တွင် နှစ်စေ့ရှိသည်။ ဤသို တစ်စေ့နှင့် နှစ်စေ့ ရှိနေပါလျက် မောင်မင်းက အဘယ်ကြောင့် ညီတူညီမျှဟု ထင်ဘိသလဲ ပေါ်ဦး (မကျေနပ်ဟန်ဖြင့် ထပ်မံမေးမြန်းတော်မူလိုက်သည်။)

မှန်လှပါဘုရား ၊ ဘုန်းတော်ကြောင့် (ပါတော်မူရင်း)နှင့် ရောကြည့်ပါလျှင် တစ်ကိုယ်လျှင် သုံးစေ့စီပင် ညီတူညီမျှပင် ဖြစ်ရကြောင်းပါဘုရား။

ထိုသို့ ဦးပေါ်ဦး၏ လျှောက်ထားချက်ကို ကြားရသောအခါတွင် ဘ၀ရှင်မင်းတရားကြီး၊ မိဖုရားနှင့်တကွ ညီလာခံတွင် ရှိကြသော မှူးမတ်ဗိုလ်ပါအပေါင်း ပရိသတ်တို့မှာ သဘောပေါက်သွာကြ၍ ရယ်မောကြလေသည်။ ဦးပေါ်ဦးသည် အတည်အတံ့ တရားသဘောသို့သာမက ဟာသရသ စကားလင်္ကာများသည်လည်း ဖြေကြားနိုင်ကြောင်း တွေ့ရပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ကျွဲနိုင် နွားနိုင် နိုင်ပါသတဲ့။

9


အလျောက်ကောင်းလျှင် အထောင်းလွတ်သည်.....

ပညာရှင် ပျော်တော်ဆက်ကြီး ဦးပေါ်ဦးသည်လည်း ကြိမ်ဖန်များစွာကပင် အလျှောက်ကောင်းသဖြင့် အထောင်းလွတ်ခဲ့သည်များ ရှိပါသည်။

တစ်နှစ်သော်...
ကျင်းပမြဲဖြစ်သော ရေခင်းသဘင်ခေါ်လှေပြိုင်ပွဲကျင်းပ လေသည်။ ယင်း လှေပြိုင်ပွဲကြီးတွင် မိဖုရားကြီး၏ လောင်းလှေကသာလျှင် နှစ်စဉ်လို အနိုင်ရပါသည်။ ဘိုးတော်ဦးဝိုင်း၏ လှေကား အမြဲရှုံးသည်။ ယင်းကို မင်းကြီးက မခံချင်။ ပြည်သူတို့၏ မထိတထိ စကားတင်း ဆိုစကားများကလည်း မင်းကြီးနားသို့ပေါက်သည်။

ထို့ကြောင့် မင်းကြီးက လှေပြိုင်ပွဲတွင်အနိုင်ရလိုသည်။ ဦးပေါ်ဦးထံ တွင် အကြံကောင်း ဥာဏ်ကောင်း တောင်းအံ့ဟု စိတ်ကူးရကာ

ငါကိုယ်တော်စိတ်ထဲ ... မခံချိတာ တစ်ခုရှိနေတယ်
ပေါ်ဦး...
လှေပြိုင်ပွဲကျင်းပတိုင်း ငါကိုယ်တော်မြတ်ရဲ့ လှေကအရှုံးနဲ့ ပဲရင်ဆိုင်နေရတယ်။ မျက်နှာပန်းမလှ အရှက်ရပေတယ်။

မှန်လှပါ။

သဟာဖြင့်...ငါကိုယ်တော်အနိုင်ရအောင် အဘယ်သို့ပြုရမည်ကို လျှောက်တင်စမ်း ပေါ်ဦး

မှန်လှပါ... ယတြာကောင်းက မင်းလောင်းတောင် ပျောက်ရသည် ဟူသော ဆိုစကားရှိကြောင်းပါ...

မှန်ပေသကွယ်

မှန်လှပါ၊ အရှင် မိဖုရားကြီးလှေကို နိုင်တော်မူလိုလျှင် ကျွန်တော်မျိုးလျှောက်တင်သော လှေတော်မျိုးဖြင့် ပြိုင်စေလျှင် ဧကန်မုချ အနိုင် ရမည်ဖြစ်ကြောင်းပါဘုရား...လို့တင်လျှောက်ပါတယ်။

ဖောင်တော်ဆိပ် တံတား၌ ရေဖောင်ပြုလုပ်၍ ထားသော ပိန်းကောလှေကြီးနှင့် ပြိုင်တော်မူပါဘုရား..

ဟဲ့ပေါ်ဦး ရွှေလောင်းတော် အချင်းချင်းပြိုင်တာတောင် မနိုင်တာကို...ပိန်းကောလှေကြီးနဲ့ ပြိုင်ရမယ်...မင်းဟာ မဟုတ်သေးပါဘူးကွယ်...

ဟုတ်ကြောင်းပါ ဘုရား... ယတြာကောင်းက အင်းစောင်း၍ မှောက်သည့်အပြင် မင်းလောင်းပင် ပျောက်ရသည်ဆိုသောစကား ရှိပါသည် ဘုရား...

မဆီမဆိုင် ပေါ်ဦးရယ် ယတြာနှင့် ငါ့ကိစ္စ ဘယ်လို ဆက်စပ်တုန်း...ကွယ့်

ဆက်စပ်ကြောင်းပါ...ပိန်းကော ဆိုသည်တွင် ပိန်းမှာ...ကြာသပတေးနံ၊ ကောသည်...တနင်္လာနံ ဖြစ်ပါသည်။ ထိုနံနှစ်နံ တို့သည် အန္တော ၊ ဂဗ္ဘေ၊ စရေ ၊ ၀ံသေ ဟူသည်တွင် ဂဗ္ဘေဓာတ်ဖြစ်ကြောင်းပါ ဘုရား...

ဘ၀ရှင် မင်းတရားကြီး ၏ နံတော်သည် တနင်္လာ၊ မင်းထက်မင်း ဖြစ်သောကြောင့် မင်းဟူသည် နံသည် ကြာသပတေးနံ ဖြစ်ပါသည်။ ထိုကြောင့် ဂဗ္ဘေဓာတ်သက်ပင် ဖြစ်ပါသည်ဘုရား မုချနိုင်မည်ဖြစ်ကြောင်းပါ ဘုရား...

ဟုတ်မှလည်း လုပ်ပါ ပေါ်ဦးရယ်

မဖြစ်နိုင်ဟု ထင်ထားပါလျှက်ပေါ်ဦး လျှောက်ထားပုံက သေချာခိုင်မာ နေသဖြင့် ဘိုးတော်ဦးဝိုင်း ၏ စိတ်ထဲ ဇဝေဇ၀ါနှင့် ဟုတ်လိမ့်နိုးနိုး မျှော်ကိုး နိုးကြွလာသည်။

သို့ဖြင့် ပိန်းကောမကြီးကို ယူစေပြီး ဖောင်တော်ဆိပ်တွင် ပြိုင်ရန်အသင့်ချထားစေသည်။

အချက်ပေး ရတာနာငွေမောင်းသံပေါ်ထွက်လာသည်။

မိဖုရားခေါင်ကြီး ၏ ရွှေလောင်းသည် ဟည်းတိုက်ကာ ထွက်ပြီးနောက် ပန်းတိုင်သို့ရောက်သည်။ ပိန်းကောလှေကြီးကား နေရာမရွေ့ သေး။ ရှုံးပြန်လေသည်။

ဘိုးတော်ဘုရား မျက်နှာတော်ညို အလိုတော်မကျဖြစ်လေပြီး ဟဲ့ပေါ်ဦး..မတော်မတရား မောင်မင်းရဲ့စကားကို နားထောင်မိလို့ အရှက်တော်များရလေပြီ။အခုတော့ အနိုင်ရဘို့မဆိုထားနှင့် ထားရင်းနေရာကပင် မရွေ့သေးပါလား။

မင်းတို့ မျက်စောင်း အကြောင်းသုံးပါး ရွေးတတ်သည် မဟုတ်။ သို့သော် ဦပေါ်ဦး စိုးရိမ်ဟန်မရှိ ဆက်ပြီး လျှောက်ထားပြန်လေ သည်။

မှန်လှပါ...ရွှေစိတ်တော် မညိုပါနဲ့ဘုရား ထားရင်းနေရာက မရွေ့ဘဲ နောက်ကျနေလင့်ကစား အရှုံးဟု မခေါ်ဆိုထိုက်ကြောင်းပါ ဘုရား... ဟေ

ဒါလည်းနိုင်ခြင်းများတွင် တစ်ပါးအပါအ၀င် ဖြစ်ကြောင်းပါဘုရား..

သည်မှာ ပေါ်ဦး..ပရိသတ်လူသူအားလုံးက ပိန်းကောလှေကြီးနောက်ကျ၍ ရှုံးတာကို အုတ်အုတ်ကျက်ကျက် ပြက်ရယ်ပြုတာ မမြင်သလော...ပေါ်ဦး။

မှန်လှပါ ပရိသတ်လူသူအားလုံးဟာ အသိအမြင် ဆင်ခြင်တုံတရား နည်းပါလှတာကို သတိတော်မူသင့်ပါသည်ဘုရား၊ သာဓကပုံဆောင်၍လျှောက်တင်လိုပါသည်ဘုရား...

ကျွဲ ၊နွား ၊ ဆင်၊ မြင်းတို့တွင် ကြောက်သော ရှုံးသော ကျွဲ ၊ နွား၊ ဆင်၊ မြင်း၊ တိုက ရှေ့ကပြေးပြီး ၊ နိုင်သော သူတို့က နောက်ကနေ၍ လိုက်ရိုးထုံးစံရှိပါသည် ဘုရား။ ယခုလည်း ရွှေဘုန်းတော်ကြောင့် ပိန်းကောလှေကြီးသည်လည်း နောက်ကနေ၍ လိုက်ခြင်းသည် ကျွဲနိုင်၊ နွားနိုင် နိုင်သည် ဟူ၍မှတ်ယူရမည်ဖြစ်ကြောင်း လျှောက်ထားအပ်ပါသည်ဘုရား...

သည်တွင်မှ ဦးပေါ်ဦး ၏ နိုင်ခြင်းတစ်မျိုးအကြောင်းကို မင်းကြီးနှင့်တစ်ကွ မှူးမတ်ဗိုလ်ပါတို့ ကောင်းစွာသဘောပေါက်သွားပြီး အုတ်အုတ်သောသော ရယ်မောကြတော့သည်။

ဦးပေါ်ဦးမှာ အလျှောက်ကောင်းသဖြင့် အထောင်းလွတ်ခဲ့လေသည်။

ကျွဲနိုင် နွားနိုင် နိုင်ပါသတဲ့။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

နှစ်ကျပ်လောင်း တစ်ကျပ်မြတ်

7

ဗန်းမော်ဆရာတော်ကြီး ဗန်းမော်ရောက်စဉ် တပည့်ဒါယကာတို့မေးသော မေးခွန်းများကို ဖြေဆိုပေးလေသည်။ ရှမ်းတိုင်းရင်းသား သူငယ်ချင်း၂ဦး အား ဗမာလူမျိုးတစ်ယောက် မှ ဆရာတော်မှ မေးခွန်းများကိုမဖြေနိုင်က မုန့်ကျွေးမွေးသည် ဆုချသည်ဟု… ထောင်လွှတ် လိုက်လေ သည်။

အဟုတ်မှတ်၍ ရောက်လာသော ဒကာ၂ဦးကို ဘာကိစ္စရှိ၍ လာကြသတုန်းလို့ ဆရာတော်က မိန့်တော်ရှိရာ…..

ရှမ်းဒါယကာက တပည့်တော်တို့ မေးခွန်းမေးပါမည်။ မဖြေနိုင်က ဘုန်းကြီးက မုန့်ကျွေးပါ။ ဟု…မိမိ လိုချင်သည်ကို ပွင့်ပွင့်လင်းလင်းလျှောက်ထားလေသည်။ ဆရာတော်အနီး အမှုထမ်းဒါယကာ တွေက မဖွယ်မရာ လာလျှောက်သည်ဟုထင်ပြီး ရိုက်နှက်လွတ်ရန် စီမံလှုပ်ရှားကြသည်။

ဟဲ့ ဒါယကာတို့မလုပ်ကြနှင့် တိုင်းရင်းသားလူမျိုးတွေဆိုတာ အလွန်ရိုးသားကြတယ်။ တစ်ယောက်ယောက်က ဂျောက်တွန်းတာ ဖြစ်မှာပါ…သူတို့ပုံက နှစ်ကျပ်လောင်း တစ်ကျပ်မြတ် တဲ့ တော့သားပုံလိုဖြစ်နေတာကိုး ကွဲ့လို့ မိန့်ကြားပြီးပုံပြင်လေးကို မိန့်ကြားပါတယ်။

ဒီလိုကွဲ့ ရှေးတုန်းက တက္ကသိုလ်ပြည်ကြီးက အဌာရသ (၁၈)ရပ်သော အတတ်မျိုးစုံ ကိုသင်ကြားပေးတဲ့ ဒိသာပါမောက္ခဆရာကြီး နဲ့တပည့်လက်သားများ နှင့် တောသားတစ်ဦး တို့ဟာ ခရီးရှည်တစ်ခုကို အတူသွားကြ သတဲ့။

လမ်းနားနေရာ ဇရပ်ရောက်တော့ စကားစမြည်ပြောဆိုကြရင်း ဆရာကြီး၏ တပည့်များက တောသားအား သနားစဖွယ် အသိပညာနည်းသူ လူတုံးလူအ တစ်ယောက် အနေနှင့်မြင်ပြီး ဟေ့ တောသား ဟောဒါ တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီးပဲလို့ ပြောပြသတဲ့….

ရွာသားက …ဟုတ်ကဲ့ဆိုပြီး ခေါင်းငြိမ့်သတဲ့ ။ အဲဒီအခါမှာ ဆရာကြီးကလဲ တောသားကိုကြည့်ပြီး သနားတာနဲ့ သင်သိလိုတာရှိက မေးပါ၊ ကျွန်ုပ်ဖြေပေးပါမယ်လို့ ပြောသတဲ့။

ရွာသားက ဟုတ်ကဲ့…မေးလိုပါတယ်။ ဒါပေမယ့် ရိုးရိုးမမေးလိုပါဘူး၊ ပျော်ပျော်ပါးပါး ကစားတဲ့အနေနဲ့ အလောင်အစားလုပ်ပြီး မေး-ဖြေလုပ်လိုပါတယ် လိုပြောသတဲ့။

အဲဒီအခါ ဆရာကြီးကလဲ-အမယ်တောသားက အလာချည်းဘဲဆိုပြီး ဘယ်လိုများအလောင်း အစား လုပ်မတုန်း….ဆိုတော့ တောသားက ကျွန်တော်က တောသားဆိုတော့ အရင်မေးပါမယ်၊ ကျွန်တော်မေးတာ ဆရာကြီးမဖြေနိုင်လျှင် နှစ်အသပြာ ပေးပါ၊ ပြီးတော့ ဆရာကြီးက ကျွန်တော်ကိုမေးပါ။ ကျွန်တော်က တောသားဆိုတော့ ဆရာကြီးမေးတာ မဖြေနိုင်လျှင် တစ်အသပြာ ပေးရပါမည်။ အဲလို အလောင်းအစား လုပ်ချင်ပါတယ်လို့ ပြောသတဲ့-

ဆရာကြီးကလည်း ဒီတောသား နက်နက်နဲနဲ မေးခွန်းမျိုးတော့မေးတတ်မှာ မဟုတ်ပါဘူးလို့ထင်ပြီး သဘောတူခွင့်ပြုသတဲ့။

အဲဒီအခါတောသားက -လောကမှာ သတ္တ၀ါမျိုးစုံဟာ ကိုယ်အင်္ဂါမျိုးစုံနဲ့ ရှိကြပါတယ်။ ခြေရှစ်ချောင်း၊ လက်လေးချောင်း၊ ဦးခေါင်းချို နှစ်ချောင်းရှိတဲ့ သတ္တ၀ါကို ဘယ်လိုသတ္တ၀ါမျိုး လို့ခေါ်ပါသလဲ ဆရာကြီးလို့ မေးသတဲ့။

ဒိသာပါမောက္ခဆရာကြီးလည်း တောသားရဲ့ မေးခွန်းကို အပြန်ပြန်အလှန်လှန် စဉ်းစားသတဲ့။ မိမိရဲ့ ကျမ်းစာပေစာ အဆောင်အယောင်ကိုလဲ စဉ်းစားပြီး အဖြေကိုရှာသတဲ့ ဒါပေမဲ့တောသား အမေး သတ္တ၀ါအမည်ကို ဘယ်လိုမှ ရှာမရဘူးတဲ့။ ဒီတော့ ဆရာကြီးလည်း ပညာရှိပီပီ မိမိမသိတာကို အသိကြောင်း ၀န်ခံပြီး အလောင်းအစား ကတိအတိုင်း အသပြာနှစ်ပြား ထုတ်ပေးလိုက်ပြီး-

သင်ကော အဲဒီသတ္တ၀ါရဲ့ အမည်ကို သိပါသလား လို့ ပြန်မေးသတဲ့ အဲဒီအခါ တောသားက ကျွန်တော်လည်း မသိပါဘူး ။ ရော့ တစ်သပြာယူပါလို့ပြောပြီး တစ်သပြာ ပြန်ပေးသတဲ့ ကွဲ့။

ပုံပြင်ထဲက အတိုင်းပဲ အခု လာမေးတဲ့တိုင်းရင်းသားတွေကလည်း တောသားလို မေးတဲ့ပုံစံ တွေမို့ ကျက်သရေခန်းထဲက မုန့်သာ ချကျွေးလိုက်ပါကွယ်လို့ မိန့်ကြားလိုက်ပြီး ရှမ်းတိုင်းရင်းသား နှစ်ဦးကို မုန့်များ ချကျွေးပြီး ပြန်လွှတ်လိုက်လေသည်။

အားလုံးပြုံးပျော်နိုင်ကြပါစေ။

ညခင်း

သတိ...မရယ်ရ

5







မြန်မာကာတွန်းလေးတွေ
www.myanmartoons.co.cc မှ ကူးယူဖော်ပြပါသည်။


အားလုံးပြုံးပျော်နိုင်ကြပါစေ။

လူထဲက လူတစ်ယောက်ပါဘုရား

6


တစ်ခါသော် ဘိုးတော်ဦးဝိုင်းနှင့် မိဖုရားခေါင်ကြီးတို့သည် ဧရာဝတီမြစ်ကမ်းရှိ ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရား သို့ သွားရောက်ဖူးမြှော်ရာ ဦးပေါ်ဦးသည် ပါရှိ၍ လာလေသည်။

ဤတွင် ပျော်ရွှင်လိုသောကြောင့် အပျော်တော်ဝန် ဦးပေါ်ဦးအား ခေါ်တော်မူလျက် ဧရာဝတီမြစ်ရေပြင်ကို လက်ညှိုးထိုးပြပြီး... နင်ဒီမြစ်ကို ဟိုဘက်ရောက်အောင် ကူးနိုင်ပါ့မလား ဟုမေးတော်မူလေ၏။

ထိုအခါ ဦးပေါ်ဦးက သွက်လက်စွာဖြင့် မှန်လှပါ...သည်မျှကျယ်သောမြစ်ကို မဆိုထားနှင့် သည့်ထက် ကျယ်သော မြစ်ကိုပင် ကူးနိုင်ပါကြောင်း ဟု လျှောက်တင်လိုက်လေသည်။

ဒါဖြင့် ကူးပြစမ်းဟု မိန့်တော်မူလိုက်သောအခါ ဦးပေါ်ဦးသည် ရုတ်တရက် ထိုင်ရာမှ ထပြီး ပုဆိုးကို ခါးတောင်းကျိုက်ကာ မြစ်ကမ်းသို့ ဆင်းသွားလေသည်။
ဘုရင်နှင့်တကွ ပရိသတ်အပေါင်းသည်လည်း ဦးပေါ်ဦး တကယ်ပင် ရေကူးတော့မည်ဟု ယုံမှတ်ကာ အာရုံစုလျှက် ကြည့်ရှုနေကြလေသည်။

ဦးပေါ်ဦးသည် ရေစပ်တွင် အထက်သို့ပြေးလိုက် အောက်သို့ပြေးလိုက်ဖြင့် အတန်ကြာစွာလုပ်နေရာမှ ဘိုးတော် ဦးဝိုင်းက မင်းချင်းတစ်ယောက်ကို လွှတ်၍ ခေါ်လိုက်လေသည်။

ပေါ်ဦး ၊ နင်ဟိုဘက်ကမ်း ကူးမလို့ဆို....မှန်လှပါ ကူးမလို့ ပါဘုရား.....
ဒါဖြင့်ကူးလေဟယ်၊ ဘာကြောင့် ဟိုပြေး သည်ပြေးလုပ်နေတာလဲ.....
လှေရှာနေတာပါဘုရား...
ဘယ့်နှယ့်မောင်မင်း....
လှေရှာနေတာပါဘုရား...
အခု နင်ပြောတုန်းကတော့ ဒီမြစ်လောက် မဆိုထားနဲ့ ဒီထက်ကျယ်တဲ့မြစ်ရေကိုတောင်မှ မောင်မင်းကူးနိုင် တယ်ဆို....
မှန်လှပါ လှေနဲ့သာ ကူးနိုင်တာပါ ဘုရား...
ဟဲ့ ....နင်လိုတော့ လူတိုင်းကူးနိုင်တာပေါ့ ဟဲ့....ဟု ဘုရင်ကြီးက မိန့်တော်မူလေသည်။

ထိုအခါ ဦးပေါ်ဦးက
မှန်လှပါ ၊ ကျွန်တော်မျိုး ငပေါ်ဦးလဲ လူထဲက လူတစ်ယောက်သာဖြစ်လို့ သူများနည်းတူသာ ကူးနိုင်ကြောင်းပါဘုရား ဟု လျှောက်တင်လိုက်လေရာ ဘုရင် မိဖုရားနှင့်တကွ အားလုံးသော ပရိသတ် တို့မှာ ရယ်ကြရလေသည်။

အားလုံးပြုံးပျော်နိုင်ပါစေ။

ကမ္ဘာပေါ်တွင် စိတ်မချရဆုံးလူသား

5



မေး။ ။ နာဇီ အာဏာရှင်ကြီး အဒေါ့ဖ် ဟစ်တလာ၊ ကွန်ဂို နိုင်ငံ ခေါင်းဆောင်ကြီး အီဒီ အာမင် နှင့် အီရတ် နိုင်ငံ သမ္မတကြီး ဆက်ဒမ် ဟူစိန်တို့ သုံးဦးစလုံး အသက်ရှင်လျှက် သား ခင်ဗျားရှေ့မှာ ရောက်ရှိလာကြပြီ ဆိုပါတော့။ သူတို့နှင့်အတူ ရှေ့နေ တစ်ယောက်လည်း ပါလာသတဲ့။ ခင်ဗျားလက်ထဲမှာလည်း ကျည်ဆန် သုံးထောင့်တည်းသာ ပါတဲ့ သေနတ် တစ်လက်တည်း ကိုင်လျက်သား။ ဘယ်သူတွေကို ခင်ဗျားပစ်သတ်မလဲ ကဲ...။

အဖြေ။ ။ ရှေ့နေ တစ်ယောက်တည်းကို ကျည်ဆန်သုံးထောင့်စလုံး သုံးပြီး ပစ်သတ်လိုက်မယ်။ အဲဒီ တစ်နည်းတည်းသည်သာ စိတ်အချရဆုံးနည်း။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

သိပ္ပံပညာရှင်ရဲ့ မှတ်စု။

8

ညခင်းပြောမယ့်ဟာသလေး...

သိပ္ပံပညာရှင် အရှုးတစ်ယောက်သည် ဖားတစ်ကောင်ကို မြေပြန့်ပေါ်တင်၍ ခုန်စမ်း ဟု အော်၏။

ဖားက ခုန်၏။ (ပညာရှင်က မှတ်စု စာအုပ်ထဲ၌ ဖားတို့သည် ခုန်နိုင်၏ ဟု မှတ်၏။)

ဖား၏ ခြေတစ်ချောင်းကို ဖြတ်၍ ပညာရှင်က ခုန်စမ်းဟု အော်၏။
ဖားက ခုန်၏။ (ပညာရှင်က မှတ်စုစာအုပ်ထဲတွင် ဖားတို့သည် ခြေ၃ချောင်းဖြင့် ခုန်နိုင်၏ ဟု မှတ်၏)

ဖား၏ နောက်ခြေတစ်ချောင်းကို ဖြတ်၍ ပညာရှင်က ခုန်စမ်းဟု အော်၏။
ဖားက ခုန်၏။ (ပညာရှင်က မှတ်စုစာအုပ်ထဲတွင် ဖားတို့သည် ခြေ၂ချောင်းဖြင့် ခုန်နိုင်၏ ဟု မှတ်၏)

ဖား၏ ကျန်ရှိနေသော ခြေထောက်၂ချောင်းမှ တစ်ချောင်းကိုဖြတ်၍ ပညာရှင်က ခုန်စမ်း ဟု အော်၏။
ဖားက ခုန်၏။ (ပညာရှင်က မှတ်စုစာအုပ်ထဲတွင် ဖားတို့သည် ခြေ၁ချောင်းဖြင့် ခုန်နိုင်၏ ဟု မှတ်၏)

ဖား၏ နောက်ဆုံးကျန်ရှိသော ခြေတစ်ချောင်းကိုဖြတ်၍ ပညာရှင်က ခုန်စမ်းဟု အော်၏။
ဖားက မခုန်။ ပညာရှင်က ခုန်စမ်းဟု ခပ်ကျယ်ကျယ် အော်၏။ ဖားက မခုန်။
(ပညာရှင်က မှတ်စုစာအုပ်ထဲ၌ ဖားတို့သည် ခြေထောက် မရှိလျှင် နားလည်းမကြားတော့) ဟုမှတ်ချက်ချ၏။

အာာာာာ .....အော်ပြီး..မရီနဲ့လေ...သိပ္ပံပညာရှင်က...ခုန်ခိုင်းနေဦးမယ်။

အားလုံးပြုံးပျော်နိုင်ကြပါစေ။
ညခင်း

အဖေ email

1

နယူးယောက်မြို့အနီးတွင် အနှစ်၄၀ ကျော်နေထိုင်ခဲ့သော အာရပ်အဘိုးကြီးတစ်ဦးသည် သူ့ခြံထဲ၌ အာလူး နှင့် အခြားဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးလိုစိတ်ပေါက်လာသော်လည်းအသက်ကြီးလွန်း၊ အားနည်းလွန်းသဖြင့် ပါရီ၌ပညာသင်ကြားနေသော သူ့သားထံအောက်ပါ email ပို့လိုက်၏။

ချစ်သား။ ဖေဖေခြံထဲမှာအာလူးစိုက်ချင်သော်လည်းမစိုက်နိုင်တာဖေဖေစိတ်မကောင်းပါ၊သားသာ ဒီမှာရှိရင်မြေကြီးတူးပေးဖော်ရမှာပဲ၊ချစ်သော ဖေဖေ..။

နောက်တစ်နေ့ သားထံမှအောက်ပါ email ပြန်လာ၏။

ချစ်သောဖေဖေခြံမြေကိုမထိပါနဲ့၊ကျွန်တော်အဲဒီမှာဟိုဟာကိုမြုပ်ထားလို့ ချစ်သားကြီး အာမက်။

ညနေ၄နာရီတွင် FBI နှင့် RANGER ဆိုတဲ့သားငယ်နှစ်ယောက်တို့အဘိုးကြီးအိမ်ရောက်လာပြီး၊ ခြံတစ်ခုလုံး တစ်လက်မမကျန်တူးဆွသွား၏။ဘာမျှမတွေ့၍စိတ်ပျက်ပြီးပြန်သွားကြသည်။

နောက်တစ်နေ့သားထံမှ နောက်ထပ် email တစ်စောင်ရောက်လာ၏။

ချစ်သောဖေဖေ အခုလောက်ဆိုခြံမြေတူးဆွပြီးလို့အာလူးစိုက်နိုင်ပြီပေါ့၊ သားအနေနဲ့တော့ ဒီကနေ ဒီလောက်ပဲလုပ်ပေးနိုင်ပါတယ် …ချစ်သားအားမက်..။

အားလုံးပြုံးပျော်နိုင်ကြပါစေ။

ညခင်း

ဦးသက်ထွန်း (အငြိမ်းသားသံအမတ်ကြီး)ကောက်နှုတ်ပြန်ဆိုသည်။နိုင်ငံခြားဟာသများ။

အချစ်ဆိုတာ ဒီလိုပါတဲ့

0

အချစ်ဆိုတာ ဒီလိုပါတဲ့


၎ နှစ်သားလေး ဆမ် နဲ့သူဖခင်တို့ဟာ ဆမ်ရဲ့အမေ ဆယ်လီအတွက် February 14 ရက်နေ့ လက်ဆောင် အနေနဲ့ အသည်းပုံစက္ကူဂျပ်ဗူးလှလှနဲ့ အပြည့်ချောကလက် ချိုချဉ် ဗူးကြီးကို ၀ယ်ပြီး လက်ဆောင်ပေးခဲ့ ကြတယ်။ ရက်အတော်တဲ့အထိ ဆယ်လီက ဒီဗူးကြီးကို မဖောက်မဖွင့်ပဲ တယုတယထားတာပါ။ ဆမ်း ကလေးက ဒီဗူးကြီးထဲက ချိုချဉ်တွေ ချောကလက်တွေကို မျက်စိကျနေရှာတာပေါ့။

တစ်နေ့တော့ ဆမ်က အဲဒီဂျပ်ဗူးကြီးတင်ထားတဲ့ နေရာနားသွားပြီးမော့နေတုန်း သူ့အမေ ဆယ်လီက သားရေ ဒါတွေကို မင်း မမီသေးပါဘူးကွား မင်း မီလာတဲ့တစ်နေ့ မင်းလည်း အပြည့်အ၀ ခံစားဖို့ မေမေခွင့်ပြုမှာပါ လို့ February 14 ရက်နေ့မှာ သူ့ခင်ပွန်းက သူကိုချစ်ဆဲဆိုတာ ရည်ရွယ်ပြီး ဂုဏ်ယူပြောလိုက်တာပေါ့၊ နေ့စဉ် စားသောက်ဆော့ကစားရင်း ထွားနေတဲ့ ဆမ်က ခြေဖျားထောက် လက်မြှောက်ပြီး အသည့်းပုံဗူးကြီးကို ဆတ်ခနဲ မမီမီအောင် ဆွဲချလိုက်ကာ မေမေရေ သားသားမီသွားပြီ အားလုံးအပြည့်အ၀ သားစားလိုက်တော့မယ်နော်.လို့ ပြောရင်း ပြေးထွက်သွားပါလေရော။

အမျိုးတော့အမျိုး ၊ ဒါပေမဲ့ ။

လင်မယား၂ယောက်တောပိုင်းကို ကားမောင်းသွားနေကြတယ်။ ခရီးမိုင် အတော်ရောက်တဲ့အထိ စကားတစ်ခွန်းမှ မဆိုကြပဲ တိတ်တိတ်ဆိတ်ဆိတ် လုပ်လာကြသတဲ့။ အိမ်ကထွက်ကတည်းက အငြင်းအခုန်တစ်ခုခု ဖြစ်လာကြပြီး မလွဲသာလို့သာ ဒီလို ၂ယောက်အတူတွဲပြီး ထွက်လာကြတဲ့ပုံပါပဲ။ တစ်နေရာရောက်တော့ ဆိတ်ခြံ၊ သိုးခြံ၊ နွားခြံတွေနား ရောက်သွားတဲ့အခါ ယောက်ျားလုပ်သူက ဟော..မင်းအမျိုးတွေ နားတောင်ရောက်လာပြီလို့ ငေါ့တော့တော့ ပြောသတဲ့၊ အဲဒီတော့ မိန်းမက ဟုတ်ပါ့..ဟုတ်ပါ့၊ ကျုပ်အမျိုးတွေပါတော်၊ ဒါပေမဲ့ ရှင့်ဘက်က တော်ရတာတွေပါ တော် တဲ့။

အချစ်သည် အရာရာကို ကန်းစေသည်

တကျက်ကျက်ရန်ဖြစ်လို့ မဆုံးတဲ့ ဇနီးခင်ပွန်း ၂ယောက် စကားများကြရင်းပဲ မိန်းမက ရှင်ကျမကို ရှုးနေလား ရှုးနေလား နဲ့ ခဏခဏ ပြောတယ်၊ ကျွန်မက အရှုးပဲ၊ ရှင်မယူခင်က အဲဒါ မသိဘူးလား လို့ ဒေါနဲ့မောနဲ့ ပြောပစ်လိုက်သတဲ့။ ဒီတော့ ယောက်ျားက အဲဒီတုန်းက ငါက ချစ်စိတ်မွှန်နေတာကိုး၊ မင်းဘာဆိုတာ ဘယ်သိမတုံးကွာ လို့ ခပ်မြန်မြန်ပြောလိုက်ပါသတဲ့။

ကံကောင်းသူ

သူငယ်ချင်း ၂ယောက်ကွဲနေကြတာက ပြန်ဆုံတော့ တစ်ယောက်က ဂုဏ်ယူဝင့်ကြွား တဲ့လေသံနဲ့ မင်းသိလား၊ ငါ့မိန်းမ ကတော့ နတ်သမီးလေး တစ်ပါး ပါပဲကွာလို့ ပြောလိုက်တယ်။ ကျန်တဲ့ သူငယ်ချင်း က မင်းသိပ်ကံကောင်းပါလားကွာ၊ ငါ့ အမျိုးသမီးကတော့ ခုထိ သက်ရှိထင်ရှားကြီးပဲ ရှိသေးတာကွ လို့ ပြောပါသတဲ့။

ဆုတောင်းပြည့်သူ

ဆုတောင်းပြည့်တယ်လို့ သတင်းမွှေးတဲ့ ရေတွင်းတစ်တွင်းကို ဇနီးမောင်နှံစုံတွဲ ရောက်လာကြတယ်။ ပထမဆုံးမိန်းမက ရေတွင်းဝနားသွားကာ ကိုယ်ကို ရေတွင်းဘက်နည်နည်းယိုင်ပြီး အာရုံပြု ဆုတောင်းတယ်၊ ပြီးတော့ ငွေအကြွေစေ့ကို ရေတွင်းထဲ ပစ်လိုက်တယ်။

ယောက်ျားအလှည့်ကတော့ သူ ဆုတောင်းပိုပြည့်အောင်လို့ဆိုပြီး ယောက်ျားက ရေတွင်းဘက် ပိုတိုးတယ်၊ ကိုယ်ကိုလည်း ရေတွင်းဘက်ပိုကိုင်းပြီး အာရုံပြုတယ်၊ သူဆုတောင်းပြည့်လိုဇောကြောင့် ငွေအကြွေစေ့တောင် မပစ်ရသေးဘူး။ လူက ရေတွင်းထဲ ပြုတ်ကျသွားပါလေရော၊ ရုတ်တရက် မိန်းမပါးစပ်က ထွက်လာတယ် ဟယ် ငါ့ဆုတောင်း တကယ်ပြည့်တယ်တော့ တဲ့။

အာရုံစူးစိုက်နားထောင်စေချင်ရင်

သင်ပြောသမျှစကားကို သင့်ဇနီး အာရုံစူးစိုက်ပြီး တလေးတစား နားထောင်စေချင်ရင် သင့်စကားကို အိမ်မက်ထဲမှာပဲပြောပါ။ယောက်ျားတစ်ယောက်ဟာ သူ့မိန်းမ ၀င်ထိုင်ဖို့ ကားတံခါးကို ပျူပျူငှာငှာ ဖွင့်ပေးနေတာတွေ့ရင် သေချာတယ်။ အဲဒါ ကားလည်းအသစ်၊ ဒါမှမဟုတ် မိန်းမလည်း အသစ်ဖြစ်လိမ့်မည်။

ချင်း ဖလှယ်လိုက်ပါ။ ဒါပေမဲ့ မချုပ်နှောင်မိပါစေနဲ့…နှလုံးသားတွေ ဟာ ဘ၀ရဲ့ လက်ထဲမှာ သာရှိတယ်…

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ…
ချစ်သူအတွက် ပန်းလေး တစ်ပွင့် …သူ့ကိုယ်စား ပေးပို့ပေးဖို့ တောင်းဆိုလာတဲ့ ညခင်း ရဲ့ မောင်လေး အတွက် ဒီပို့စ်လေး နဲ့ သရော်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားလျှက်

မလိမ်ချင်ဘဲ လိမ်ရတာပါ။

1

သစ်ခုတ်သမားတစ်ယောက် မြစ်ကမ်းနံဘေး တွင် သစ်ခုတ်နေရင်း ပုဆိန်မြစ်ထဲ ပြုတ်ကျသွားသဖြင့် မြစ်စောင့်နတ်ကို ပုဆိန်ပြန်ရအောင် စောင့်ရှောက်ပါရန်တိုင်တည် လေသည်။ သနား ညှာတာတတ် သော မြစ်စောင့်နတ်ပေါ်လာပြီး မြစ်အတွင်းမှ ရွှေ ပုဆိန် တစ်လက်ကို ဆယ်ယူ၍ ဒါမင်းပုဆိန်လား ဟု သစ်ခုတ်သမားကို မေးရာ သစ်ခုတ်သမားက မဟုတ်ကြောင်း ငြင်းဆိုသည်။ ထိုနောက် ငွေပုဆိန်၊ ပြရာ သစ်ခုတ်သမားက သူ့ပုဆိန်မဟုတ်ကြောင်းငြင်းပြန်သည်။
နောက်ဆုံးတွင် ကြေးပုဆိန်ကို ပြသောအခါမှ သစ်ခုတ်သမားက ဟုတ်မှန်ကြောင်းပြောဆိုသည်။ သစ်ခုတ်သမား၏ ရိုးသားမှုကို သဘောကျသော မြစ်စောင့်နတ်က ငွေပုဆိန် နှင့် ရွှေပုဆိန်၊ ကြေးပုဆိန် ၃ခုစလုံးကို ပေးလိုက်လေသည်။
ရက်အတော်ကြာသောအခါ သစ်ခုတ်သမား နှင့် မိန်းမဖြစ်သူ မြစ်ကမ်းနံဘေး တွင် လမ်းလျှောက်လာစဉ် မိန်းမ ဖြစ်သူ မြစ်အတွင်း ပြုတ်ကျသွားရာ သစ်ခုတ်သမားက မြစ်စောင့်နတ်ကို ကယ်တင်ပါရန် တိုင်တည်ပြန်သည်။ မြစ်စောင့်နတ် ပေါ်လာပြီး သစ်ခုတ်သမားအား အိန်ဂျယ်လီနာဂျိုလီကို ပြ၍ ဒါမင်းမိန်းမ လားဟု မေးရာ သစ်ခုတ်သမားက ဟုတ်ပါတယ်ဟု ပြန်ဖြေသဖြင့် မြစ်စောင့်နတ်က မင်းအရင်တစ်ခါတုန်းကတော့ ရိုးရိုးသားသားဖြေရဲ့သားနဲ့ အခု ဘာလို့ လိမ်ရတာလဲ ဟုမေးသည်။
သစ်ခုတ်သမား က ကျွန်တော် အမှန်အတိုင်း ပြောလို့ အရင်တစ်ခါလို လုပ်ရင် မိန်းမသုံးယောက်ယူနေရမှာပေါ့။

တစ်နေ့ဆယ်ခါ

1

တက္ကသိုလ်တွင် ဖြစ်သည်၊ ပါမောက္ခက သင်တန်းပို့ချနေသည်။
***ကြက်ဖဟာ ကြက်မကို တစ်နေ့ဆယ်ခါ ခေါင်းကို ဆိတ်သည်။***
အိမ်ထောင်သည် ကျောင်းသူတစ်ယောက် ထမေးသည်။
***ကျွန်မယောက်ျား ကြာရအောင် အဲဒီစကားကို ပြန်ပြော ပါဦးလား ဆရာ***
ပါမောက္ခက ထပ်ပြောသည်၊ စောစောက ကျောင်းသူ၏ ယောက်ျားက ထပြောသည်။
***ဆရာ ၊ ကြက်ဖဟာ ကြက်မတစ်ကောင်တည်းကိုပဲ တစ်နေ့ဆယ်ကြိမ်ဆိတ်သလား ခင်ဗျာ***
***ဟာ တစ်ကောင်တည်းကို ဘယ်ဟုတ်မလဲ***
***အဲဒါဆို ကျွန်တော့်ဇနီး ကြားရအောင် အဲဒီစကားကို ထပ်ပြောပါဦးဆရာ***

သူရဲကောင်း

0

လူရွယ်က ဓာတ်ပုံဆရာကို ပြောသည်။
***ကျွန်တော့်ကို သူရဲကောင်းပုံစံဖြစ်အောင် ရိုက်ပေးပါ***
ဘယ်လိုရိုက်ရ မှာလဲ ဗျ…..
***ဒီစားပွဲပေါ်မှာ ၀ီစကီပုလင်းကို တင်ထား၊ ဒီပုလင်းကို ကျွန်တော် မကြည့်ဘဲ မျက်နှာလွဲထားမယ်****

အထင်သေးမယ် မကြံနှင့်

1

ဘုရားသခင် လူသားကို ဖန်ဆင်းစဉ်က ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အချင်းချင်းအငြင်းအခုံ ဖြစ်ပွား စကားများခဲ့ ကြလေသည်။
သူတို့ထဲမှာ ဘယ်သူက ဆရာကြီး ဘောစ့် ဖြစ်သနည်း ပေါ့။
ဦးနှောက်က အရင် စ စကားများသည်။
”ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို ငါကထိန်းချုပ်ထားတာကွ၊ ဒါကြောင့် တစ်ကိုယ်လုံးမှာ ငါသာလျှင် ဘော့စ်”
ခြေထောက်က ပြန်ချေပသည်။
”တစ်ကိုယ်လုံး ဘယ်သွားသွား ဘယ်လာလာ ငါက ပို့ဆောင်ပေးတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”
အစာအိမ်က ခုလို အကြောင်းပြသည်။
”မှီဝဲ စားသောက်လိုက်သမျှ အစာရေစာတွေကို ကျေညက်အောင် ငါက ခြေဖျက်ပေတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”
မျက်လုံးတွေကလည်း သူ့ အကြောင်းပြချက်နဲ့သူ။
”ငါတို့သာ မရှိရင် လူဆိုတာ ခိုကိုးရာမဲ့ ဒုက္ဇိတ ဘ၀ရောက်သွားမှာကွ၊ ဒါကြောင့် ငါတို့သာလျှင် ဘောစ့်”
သို့လျှင် နှလုံးသား ၊ လက်များ၊ နားရွက်များနှင့် အဆုတ်များကပါ သူတို့သာလျှင် ဆရာကြီးဖြစ်ထိုက်သည်ဟု အသီးသီး အကြောင်းပြကြ၏။
နောက်ဆုံး စအိုဝ အလှည့် ရောက်သည်။ သူကလည်း ဘော့စ်ရာထူးတွင် ၀င်အရွေးခံသည်။
ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးက စအိုဝအား တ၀ါးဝါး ၀ိုင်းဟားကြသည်။ စအိုဝ မခံမရပ်နိုင် ဖြစ်ပြီး သူ့တာဝန်၊ သူ့လုပ်ငန်း သူ
မထမ်းတော့ ဘဲ ဆန္ဓ္ဇပြ ရပ်ဆိုင်းလိုက်သည်။မကြာပါ။ တစ်ရက် နှစ်ရက် အတွင်းမှာ ဦးနှောက်တစ်ခု လုံး အူကြောင်ကျားဖြစ်စ ပြုလာသည်။
ခြေထောက်တွေ ကောင်းကောင်း လျှောက်လို့မရတော့။
မခိုင်ခန့် ချည့်နဲ့စ ပြုလာသည်။ အစာအိမ် အလုပ်မလုပ်၊ ၀မ်းချုပ်လာသည်။ မျက်လုံးတွေ မမြင်မစမ်း ကန်းချင်လာသည်။
နောက်ဆုံး စအိုဝအား အားလုံးက ၀ိုင်းတောင်ပန်ပြီး ဆရာကြီး အဖြစ် ရွေးကောက် တင်မြှောက်လိုက် ကြရလေသည်။
ဘော့စ် ဖြစ်ဖို့ ဦးနှောက် ကောင်းဖို့မလို၊ စအိုဝ ၏နေ့စဉ်လုပ်ဆောင်ချက်မှန်ကန်ကောင်းမွန်ဖို့သာ လိုသည် ဟူသောစကား မှန်ကန်ကြောင်း ခိုင်လုံဆုံး အထောက်အထားဖြစ်သတည်း။

လူနဲ့ နတ်နဲ့ ဖက်စပ်

0

လူနဲ့ နတ်နဲ့ ဖက်စပ်

ဟို ပုံပြင်လေးကြားဘူးလားမသိဘူးနော်…ဒီလိုပါ…
တစ်ရက်မှာ နတ်နှစ်ပါးက လူတွေအကြောင်း ပြောကြသတဲ့….။
***လူတွေက တို့ထက်သာတယ်ကွ။ ဥာဏ်နီ ဥာဏ်နက်သိပ်များတာ***
***လူပဲကွာ၊ နတ်ထက်တော့ မသာနိုင်ပါဘူး၊***
***မင်း မယုံရင် သွားစမ်းကြည့်ပါလား***ပေါ့။ အဲသလိုပြောတော့ နတ်တစ်ပါးက လူပြည် ဆင်းလာပြီး ရွာအစွန်းမှာ နေတဲ့ လူတစ်ယောက်ကို တွေ့ပြီး ကိုယ်ထင်ပြသတဲ့။ မြင်စေဗျား…. ပေါ့လေ… ။ ဒီတော့ လူက…..
***ခင်ဗျား ဘယ်သူလဲ***
***နတ်ကွ***
***နတ် ဟုတ်လား။ ဘာကိစ္စရှိလို့ လာရတာလဲ***
***ငါ မင်းနဲ့ အလုပ်အတူလုပ်ချင်လို့၊ မင်းဘာလုပ်တတ်သလဲ***
***သစ်ပင်ဆိုက်တတ်တယ်***
***ဒါဆို ငါတို့ ဖက်စပ် လုပ်မယ်။ ငါက ငွေပေးမယ်။ မင်းက လုပ်အားစိုက်။ ရတာ တစ်ယောက်တစ်ဝက်***ဆိုပြီး အလုပ်လုပ်ကြတယ်..။
ဒီတော့လူက ***ကဲ တစ်ယောက်တစ်ဝက်ယူမယ်ဆိုရင် ပြော၊ ခင်ဗျားက မြေကြီးအပေါ်ပိုင်းယူမလား၊ မြေအောက်ပိုင်းယူမလားလို့ မေးတယ်..။ ဒီတော့နတ်က အဲသလို ခွဲမှာ ဆိုရင်တော့ မြေအပေါ်ပိုင်းယူမယ်ပေါ့…။ အဲဒီတော့ လူက မုန်လာဥတွေ စိုက်သတဲ့…။အချိန်တန်လို့ နတ်လည်းရောက်လာရော …အပေါ်ပိုင်းတွေဖြတ်ပေးပြီး သူကတော့ မြေထဲက ဥတွေဖော်ယူသတဲ့။နတ် အတော်အောင့် သွားတာပေါ့…။ ဒီတော့ နောက်တစ်ခါ ထပ်ပြီး လုပ်ဦးမယ်ဆိုသတဲ့…။
ဒီတစ်ခါတော့ နတ်က ငါမြေအောက်ပိုင်း တစ်လှည့်ယူရ လိမ့်မယ်လို့ ရွေးချယ်လိုက်တယ်..။ ဒီတော့ လူက ပန်းမုန်လာတွေချည်း စိုက်သတဲ့..။ အချိန်တန်တော့ လူက အပွင့်တွေခုတ်ယူပြီး နတ်ကို အမြစ်တွေ ပေးလိုက်သတဲ့။ ဒါ လူတွေရဲ့ အတ္တကို သရော်ထားတဲ့ပုံပြင်လေးပါ..။ ညခင်း နဲ့လမင်းမှာ…ဘယ်သူက နတ်လဲ ဘယ်သူက လူလဲ…ပြောပြပေးပါ…….။ သိပ်မပြုံးနဲ့ ပါးရေတွန့်မယ်…ဟီးးး။

ဂွတ်မောနင်း

1

ဟိုး ရှေးရှေးတုန်းက မဟုတ်ပါဘူး… ၂၀၀၅ခုနှစ် အစောပိုင်း ကာလမှာပေါ့။ လိပ်ကြီးတစ်ကောင်ဟာ ရှေးဘုရင်ရဲ့
နန်းတော်ထဲမှာ မနေပါဘူး။ မန္တလေးက နန်းတော်တွင်းထဲမ၀င်ခင်…်ကျုံးဘေးကရေထဲမှာနေသတဲ့။ လိပ်ကြီးဟာ
မနက်တိုင်း ၆ နာရီထတယ်။ ၆နာရီထိုးတာနဲ့ကျုံးထဲကတက်ပြီး ၇၃ လမ်းမ ကြီးအတိုင်း တရွေ့ရွေ့ နဲ့လာလိုက်တာ…
လမ်း ၃၀ ရောက်တော့ မီးပွိုင့်မှာ မီးနီနေတာနဲ့ ကြုံလို့ ရပ်စောင့်ရတယ်…။ မီးနီစောင့်ရင်း ဘေးကိုငဲ့ကြည့်လိုက်တော့
ဟဲလို ကိုပက်ကျိ ပါလား….. အညာက ဆေးရိုး….ကိုလိပ်(စ်) ခင်ဗျားဘယ်သွားမလို့တုန်း…
ကျွန်တော် မိန်းထဲမှာ UFL ပြင်သစ် သွားတတ်မလို့ဗျ …ဟာ အတော်ပဲဗျာ ကျွန်တော် ကိုရီးယားဘာသာတတ်မလို့ပါ….
ခင်ဗျားလမ်းကြုံလိုက်ချင်ရင်ကျောပေါ်တက်လေ….။ အချင်းချင်းတွေပဲ ၅၀၀ ပဲပေးပါ ….လိပ်ကြီးက
ပက်ကျိကိုကျောတင်ပြီး မီးစိမ်းတာနဲ့ တလှမ်းချင်း လာလိုက်တာ ကံဆိုးချင်တော့ ၃၅လမ်းမှာ မီးနီ မိ ပြန်သတဲ့။
လမ်းသွားရင်း မီးနီမိတာလောက် ကံဆိုးတာမရှိဘူး….တောက် တောက်ခေါက်သံကြားလို့တဲ့ ဘေးမှာရပ်နေတဲ့
ခရုက မော့ကြည့်တယ်…. အလို လိပ်ကျောပေါ်မှာ ပက်ကျိပါလား။ ဂွတ်မောနင်း…ကိုလိပ်(စ်)…ကိုပက်(စ်)
(လိပ်နှင့် လိပ်ကျောပေါ်မှ ပက်ကျိကိုပါ တပြိုင်နက် နှုတ်ဆက်ခြင်း။) အလို ကိုခရုပါလား ဘယ်တုန်းဗျ..
ကျွန်တော်လား ဆရာကျော်စွာဝင်းရဲ့ L.C.C.I (UK) သင်တန်းကို သွားမလို့ဗျ သြော်….. နီးတော့ နီသားပဲ
လမ်းကြုံလိုက်ချင် လားလိုက်မယ်ဗျာ…ဒါဖြင့် ၃၀၀ တော့ပေး… ခရုက ဈေးဆစ်တော့ ၂၀၀ နဲ့တည့်သွားတယ်။
ခရု လိပ်ကျောပေါ်ရောက် တော့ ပက်ကျိဘာလှမ်းပြောတယ်ထင်တုန်း။ မြဲမြဲကိုင်ထား ကိုယ့်လူ ဒီလိပ်ကသိပ်မြန်တာ…။

ချဉ်ပေါင်ကို ကာပြန်

0

မင်းတုန်းမင်းလက်ထက် ….သင်္ဂဇာဆရာတော်ဘုရားကြီး သည် တရာဓမ္မ ဟောပြလေတိုင်း ဥပမာ၊စကားပုံပြင် အတုယူမှတ်သားဖွယ်ရာများ ပါလေ့ရှိသည်။ဖတ်မိသမျှလေးကို မျှဝေ ပါရစေ။
ဆရာတော် မော်လမြိုင်မြို့၊ မန်ကျည်းတောကျောင်းတွင် သီးတင်းသုံးနေခိုက် ဖြစ်ပါသည်။
***အရှင်ဘုရား…၊ တပည့်တော်နေအိမ် သို့ မနက်ဖြန် အရုဏ်ဆွမ်းဘုဉ်းပေးရန် ကြွတော်မူပါ ဘုရား….***
၎င်းမြို့နေ သူဆင်းရဲ တစ်ဦးက ဆွမ်းစားပင့်သည်။ ထို့နောက် ဆရာတော်နှင့် စကားလက်ဆုံ ကျနေသည်။
ထိုစဉ် မြို့တွင်းမှ ချမ်းသာ ကြွယ်ဝသော ပွဲစားကြီးတစ်ဦးရောက်လာသည်။
***အရှင်ဘုရား….။နက်ဖြန်နံနက် အရုဏ်တတ်အချိန်တွင် တပည့်တော် ၏ နေအိမ်သို့ ဆွမ်းစား ကြွတော်မူပါဘုရား….***
ဆွမ်းပင့်ချင်း ဆိုင်နေသည်။
ထိုအခါ သင်္ဂဇာ ဆရာတော်ဘုရားက….
***ဆွမ်းပင့်တာချင်းဖြင့် တူနေပြီ…၊ အင်း…ချဉ်ပေါင်ကို ကာပြန်လို့ ၀က်သားထံ ခြေကန်ရုန်း သွားရော့ ကတုံး…. ဆိုတဲ့ ဥပမာလို ဖြစ်နေရော့မလားပဲ….***
ဥပမာလေး အားရှင်းလင်း ဟောကြားပေပါရန် လျှောက်ထားတော့…။
***ဟို……ရှေးက ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ရှိတယ်။ ဘုန်တော်ကြီးကို ကြည်ညိုတဲ့ ဒကာသူ
ဆင်းရဲတစ်ဦးက နက်ဖြန်နံနက် အရုဏ်ဆွမ်းစား ကြွပါလို့ စာလွှာနဲ့ ပင့်တယ်***
ဒီလိုနဲ့ …ဥစ္စာဓန ပြည့်စုံတဲ့ ဒကာ တစ်ဦးက တစ်ဖန် အရုဏ် ဆွမ်းစားကြွပါရန်… စာလွှာနဲ့ ပင့်ပြန်တယ်။
ကျောင်းထိုင်ဘုန်းကြီးက နှစ်ခုစလုံး လက်ခံလိုက်တယ်။ ညဘက်ကျတော့ စဉ်းစား တယ်။ ပထမ ပင့်တဲ့
ဒကာက ဆင်းရဲတယ်။ ချဉ်ပေါင်ကလွဲ လို့ ၀က်၊အမဲ၊ သားငါးချက် နိုင်မှာ မဟုတ်ဘူး။ ဒုတိယ ပင့်တဲ့
ဒကာကတော့ ချမ်းသာတယ်။ ဒီတော့ ဟင်းမျိုးစုံ လိမ့်မယ်။ ငါ….ဘယ်လိုကြံရမလဲ လို့ စဉ်းစားသတဲ့….။
စားချင်ဇော လောဘကြောင့် နောက်ပင့်သူနောက် လိုက်ပြန်လည်း မသင့်လျှော်။ ပထမ ပင့်သူနောက်
လိုက်ကြွပြန်ရင်လည်း ချဉ်ပေါင်နဲ့ ကြုံရတော့မှာ ပဲလို့ စဉ်းစားရင်း ကျိန်းစက်တော်မူတယ်…။
နံနက်အရုဏ်တတ်ချိန်ကျတော့ ဒကာနှစ်ဦးဟာ…တစ်ပြိုင်နက်တည်း ရောက်လာတယ်။ ဆွမ်းစားကြွဖို့
အချိန်တန်ကြောင်း ပင့်လျှောက်တယ်…။
ဒကာတို့ နှစ်ဦးစလုံးဟာ သဒ္ဒါကြည်ညိုစိတ်နဲ့ဖိတ်ကြတယ်။ပထမ ဒကာထံလိုက်ရင် ဒုတိယဒကာ
စိတ်မကောင်းဖြစ်မယ်။ဒီတော့…ဒီလိုလုပ်….
***ငါ့ ဘယ်ညာနှစ်ဖက်ကို တစ်ဖက်စီဆွဲကြ၊ ပါတဲ့သူနောက် ငါလိုက်မယ်လို့ ပြောတော့ ဒကာ နှစ်ဦးလည်း
လက်တစ်ဖက်စီထ ဆွဲကြတယ်..။***
အဲဒီအခါမှာ ဘုန်းကြီးကိုယ်တိုင်က ဒုတိယလူနောက်လိုက်ချင်တော့ ပထမလူဘက် မပါအောင် ခြေကန်ပြီး
ရုန်းသတဲ့…။
ပထမလူ လဲ ဘုန်းကြီးမနောကို သဘောပေါက်ပြီး ကဲ….ဒီလောက်တောင်ဖြစ်လှတာ ဆိုပြီး အားတင်းဆွဲရာ
က ရုတ်တရက် လွှတ်ချလိုက်တယ်။ အရှိန်နဲ့ဆိုတော့ ဘုန်းကြီးကော၊ ဒုတိယ ပင့်တဲ့ ဒကာရော အားလွန်ပြီး
လဲ ပြိုကုန်ရော….
***အဲဒီအခါမှာ ဆင်းရဲတဲ့ ပထမပင့်သူ ဒကာက အားရ၀မ်းသာနဲ့ သီချင်းလေးဆိုပြီး က ရောတဲ့…။***
***ချဉ်ပေါင်ကို ကာပြန်၊ ၀က်သားထံ ခြေကန်ရုန်း၊ သွားရော့ ကတုံး…***
အဲသလို….အားရပါးရ ဆို သတဲ့။
အခုလဲ ဒီလိုဘဲ ဒကာနှစ်ဦးဆုံပြန်ပြီ။ နောက်လူထံ လိုက်ရင် ဖြင့် ၀က်သားဘက် ပါရာကျတော့မယ်။
သည်းခံပေတော့ ဒကာ…။
ဆင်းဆင်းရဲရဲ နဲ့ လှူရတဲ့အထဲ ဆရာတော်နဲ့ လွဲရလေခြင်းလို့ ၀မ်းနည်းစရာ ဖြစ်ပေတော့မယ်။
ဝိနည်းတော်အရ လဲ ပင့်ပြီးတဲ့ ဒကာထံ လိုက်ရပေမယ်…ဒကာတို့…။လို့ ဆို သတဲ့။

ပြုံးစီစီ

1

ဘ၀ကိုခက်ခက်ခဲခဲ ရုန်းကန်းနေရသော သရုပ်ဆောင်တစ်ဦးသည် အလုပ်လိုက်ရှာရင်းဖြင့်
တိရိစ္ဆာန်ဥယျာဉ် တစ်ခုအတွင်း ရောက်လာသည်။ဥယျာဉ် မန်နေဂျာက ပြောသည်။လူတွေ
စိတ်အ၀င်စားဆုံး တိရိစ္ဆာန်တွေထဲက ဂေါ်ရီလာ မျောက်ဝံတစ်ကောင် သေသွားတာမကြာ
သေးဘူး ကွ။ မင်း ဒီမျောက်အရေခွံ ၀တ်စုံကို ၀တ်ပြီး သူ့ဟန်ဆောင်ပေးရင် ငါတစ်ရက်ကို
ဒေါ်လာ ၃၀၀ ပေးမယ်…။သရုပ်ဆောင်က သဘောတူလိုက်ပြီးနောက်…မိနစ် အနည်းငယ်
အတွင်းလာကြည့်သူ ဧည့်သည်တွေ ကို စိတ်ရွှင်လန်းစေ သော မျောက်တစ်ကောင် အဖြစ်
လှောင့်ချိုင့်ထဲ ရောက် သွားသည်။သို့သော်လည်း သိပ်မကြာမီမှာပင် ဧည့်သည်များက
သူ့အပေါ် ငြီးငွေ့သွားကြပြီး ကပ်လျက်လှောင်အိမ်မှ ခြင်္သေ့ ဆီ ရွှေ့သွားကြတယ်…။
ရထားသော အလုပ်သစ်ပြုတ်မသွားစေရန် အန္တရာယ်ကို ထည့်မတွက်တော့ဘဲ…နံရံကို
ကျော်တက်ပြီး ခြင်္သေ့မမီနိုင်သော အမြင့်မှ တန်းကိုခိုနေလိုက်သည်။ သူ့လုပ်ရပ်က
တစ်ဖက်လှောင် အိမ်မှ ခြင်္သေ့ကို စိတ်ဆိုးအောင်ဆွ သလိုဖြစ်သော်နေသည်။ လာကြည့်
သူများလည်း သဘောကျကြသည်။ သရုပ်ဆောင်က ထိုစတန့်ကို နေ့တိုင်း လုပ်ပြရာ
လာကြည့်သူပရိသတ်တို့များ လာသည်။ သူ့မန်နေဂျာက နေ့တွက်ခကို ၅၀၀ ထိတိုး ပေးသည်။
သို့ဖြင့် တစ်ရက်တွင်သရုပ်ဆောင်သည် လက်ဆုပ်ထားရာမှ ပြုတ်၍ ခြင်္သေခြေရင်း သို့ကျ သည်။
သူထအပြေးတွင် ခြင်္သေ့က လှောင်အိမ်ကို ပတ်ချာလည် လှည့်လိုက်လေသည်။ နောက်
ဆုံး သူငယ်သံပါအောင်အော်သည်။ကယ်ကြပါ၊ ကယ်ကြပါ..။ထိုတွင် ခြင်္သေက သူ့ကို
ခုန်အုပ်လိုက်ပြီး ပြောသည်။
တိတ် တိတ် နေ ငတုံးရဲ့ ..ငါတို့ နှစ်ကောင် အလုပ်ပြုတ်သွားမယ်.. တဲ့။

မြန်လွန်းအား ကြီးလို့

0


တစ်နေ့တွင် ပက်ကျိတစ်ကောင်သည် လမ်းသွားရင်း အမှတ်တမဲ့ ဖြင့် လမ်းဖြတ်ကူးရာ ယင်းပက်ကျိအား လိပ်တစ်ကောင်မှ ကျောလယ်အား ဖြတ်နင်းသွား၏။

လိပ်၏ တက်နင်းခြင်းကိုခံရသော ပက်ကျိသည်နေရာတွင်ပင်သတိလစ် လျက်မေ့မြောသွားလေ၏။

ယင်းပက်ကျိအား နီးစပ်ရာဆေးရုံသို အချိန်မီပို့ဆောင်ပေးရာ ပက်ကျိမှာ အသက်မသေပဲ

ပြန်ကောင်းလာ၏။

ဤ တွင်ဒဏ်ရာရသောပက်ကျိအား ဆရာဝန်မှမေးရာ

ဆရာဝန်။ ။" ကဲ ဖြစ်ပုံကို အစကနေပြောပါဦး။ဘယ်လိုဖြစ်သွားတာလဲ။"

ဤတွင် ဒဏ်ရာရသောပက်ကျိမှပြန်ပြောပုံမှာ

ပက်ကျိ။ ။"အမလေး မပြောပါနဲ့တော့ ဆရာရယ်အဖြစ်အပျက်က မြန်လွန်းအား ကြီးလို့ ကျွန်တော် ဘာကိုမှ မမှတ်မိတော့ပါဘူး"

ဟုပြန်ပြောလိုက်လေသည်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers