Showing posts with label မှတ်ဖွယ်ရာရာ ဗဟုသုတ. Show all posts
Showing posts with label မှတ်ဖွယ်ရာရာ ဗဟုသုတ. Show all posts

အပင်လား၊ အကောင်လား

5

နာယကဂုဏ် (၆)ပါး

၁။ ထကြွ
၂။ နိုးကြား
၃။ သနား
၎။ သည်းခံ
၅။ ဝေဖန်
၆။ ထောက်ရှု ဤခြောက်ခု ကြီးသူနာယက ။

အနာယကဂုဏ်(၆)ပါး

၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

လောကတွင် နာယက ဂုဏ်ခြောက်မျိုး နဲ့ပြည်စုံတဲ့လူတွေ ကိုတွေ့နိုင်သလို့ အနာယက အကျင့် ၆မျိုး ကျင့်ဆောင်တဲ့သူတွေကို လည်း တွေ့လာနိုင်တယ်။ အနာယက အကျင့်ဟာ မည်သူမဆို ကျင့်ဆောင်ဖို့ မသင့်တဲ့ အကျင့်တွေဖြစ်တယ်လို့လည်း ထင်မိပါတယ်။

ပထမအနာယက အကျင့်ကို ကျင့်ဆောင်တဲ့သူရဲ့ အမူအကျင့်တွေဟာ ကဏန်းကောင်(ပုစွန်လုံး)ရဲ့ အမူအကျင့်နဲ့တူတယ်တဲ့။မြင်ဖူးမှာပါ။ ကဏန်းကောင်ဟာ လူတွေကိုတွေ့ရင်လက်မကို ထောင်ထောင် ထောင်ထောင်လုပ်ပြတတ်တယ်။ အဲဒီကဏန်းကောင်ရဲ့ ကျောကုန်းဟာ မာကျောကျောပြောင်ချော်ချော် ဖြစ်နေသလို၊ ဘ၀င်တွေမြင့်၊ စိတ်နေတွေမြင့်၊ မောက်မာပြသူရဲ့ အမူအကျင့်က ကဏန်းကောင်ရဲ့ အမူအကျင့်မျိုးလိုမျိုး နဲ့တူတယ်။ သူသွားတာကိုလည်းကြည့်ဦး ဘယ်တော့မှ အဖြောင့်မသွားဘူး၊ ကောက်တိကောက်ကွေးသွားတယ်။ အနာယက အကျင့်ရှိသူဟာလည်း ဖြောင့်မတ်တဲ့နှလုံးသား၊ စိတ်ထားမရှိဘူး။ နောက်ကနေ လိုက်တော့လည်း ကိုးလို့ကန့်လန့်၊ ယှဉ်သွားနေလည်း မကြာခင် ဘေးဘက်ဖဲ့ထွက်သွားတတ်တယ်။ အဲဒါ ကဏာန်း ကောင်ရဲ့ အမူအကျင့်နဲ့တူတာတဲ့။

ဒုတိယ...အကျင့်ကို ကျင့်ဆောင်တဲ့သူရဲ့ အမူအကျင့်တွေဟာ ပုတ်သင်ကောင် ရဲ့အမူအကျင့်နဲ့တူတယ်။ ပုတ်သင်ကောင်ဟာ ဦးခေါင်းတညိတ်ညိတ်လုပ်နေတတ်တယ်။ ကိုယ့်အကျိုးစီးပွားမပျက်အောင်၊ ကိုယ့်အကျိုးစီးပွား တိုးတက်အောင်၊ တစ်ဖက်က ပြောသမျှကို အလိုက်သင့်ခေါင်းညိတ်တယ် မဟုတ်တာ မမှန်တာတွေ ပြောနေတာဖြစ်နေပါလျက် အလိုက်သင့်ခေါင်းညိတ်တယ်။ ချစ်တဲ့အတွက် ကိုယ့်အကျိုးပျက်မှာ စိုးတဲ့အတွက် ခေါင်းတညိတ်ညိတ်လုပ်တာဟာ ပုတ်သင်ရဲ့အမူအကျင့်နဲ့တူတယ်တဲ့။ ပြီးတော့ ပုတ်သင်ဟာ သူ့ ၀န်းကျင် နဲ့ဆီလျော်အောင် အရောင်ပြောင်းတတ်တယ်။ဒါက ပုတ်သင်ရဲ့ အမူအကျင့်နဲ့တူတယ်တဲ့။

တတိယ...မသင့်တဲ့အကျင့်ကို ကျင့်ဆောင်သူရဲ့ အမူအကျင့်ကတော့ ၀ါးပင်ရဲ့ လှုပ်ရှားပုံနဲ့တူတယ်။ ၀ါးပင်ဟာ တည်ငြိမ်ခိုင်ခံ့တဲ့သဘောမရှိဘူး၊ လေယူရာလိုက်ယိမ်းတယ်။ တိမ်းတယ်၊ တောင်လေလာရင် မြောက်ကိုယိမ်း၊ မြောက်လေလာရင် တောင်ဘက်ကိုယိမ်းတယ်။ ဟိုလူက ဟိုလိုဆွဲဆောင်ပြောဆိုရင် ဟိုဘက်ပါ။ ဒီလူက ဒီလိုဆွဲဆောင်ပြောဆိုရင် ဒီဘက်ပါ၊ ခြောက်တော့လည်းကြောက်တယ်၊ မြှောက်တော့လည်းမြောက်ပြန်တယ်။ နှစ်လိုတဲ့ ဥစ္စာဓနတွေနဲ့သွေးဆောင်တဲ့အခါ လိုက်လျောတယ်။ အဆိုးလောကဓံတွေ အန်တုလာတဲ့အခါကျတော့ ထိတ်လန့်တုန်လှုပ်တယ်။ စိတ်မခိုင်တဲ့အမူအကျင့်ဟာ ၀ါးပင်ရဲ့ လှုပ်ရှားမှုနဲ့တူတယ်တဲ့။

စတုတ္ထ မသင့်တဲ့အကျင့်ကို ကျင့်ဆောင်သူက တော့ နွားသို့ရဲ့အမူအကျင့်နဲ့တူတယ်တဲ့။ နွားသိုးဟာ ချိုသွေးရင်း နဲ့အမြဲလိုလို ရန်လိုနေတတ်တယ်။ အနိုင်အထက်ပြုချင်နေတယ်။ မာန အာဃာတတွေနဲ့ တစ်ဖက်လူကို ဆက်ဆံတာ ဓနအင်အားစတဲ့ အားကိုးတွေနဲ့ အနိုင့်အထက်ပြုတာတွေ၊ ရန်လုပ်တာ..စတဲ့ အမူအကျင့်တွေဟာ နွားသို့ရဲ့ အမူအကျင့်တွေနဲ့တူတယ်တဲ့။

ပဉ္စမ...မသင့်တဲ့အကျင့်ကို ကျင့်ဆောင်သူရဲ့ အမူအကျင့် ဟာ လိပ် ရဲ့အမူအကျင့်နဲ့တူတယ်။ လိပ်ဟာ အမြဲပဲ ကိုယ်ဘက်ကိုယ် ယက်တတ်ပါတယ်။ လူတွေနဲ့တွေ့တဲ့အခါ ..လူသံကြားတဲ့အခါ ဦးခေါင်းကို ကိုယ်ထဲပြန်သွားပြီး မတုန်မလှုပ် ငြိမ်နေတတ်တယ်။ ကိုယ့်အတ္တ အကျိုးအတွက်ပဲကြည့်တာ ၊ ကိုယ်ရဖို့လောက်ပဲကြည့်တာ၊ လိပ်ရဲ့အမူအကျင့်နဲ့တူနေတာပဲ။ ကိုယ့်အကျိုးစီးပွားအတွက် လူဟာ အမျိုးမျိုး ဟန်ဆောင်တယ်။ပိပိရိရိညာ တယ် ဣနြေ္ဒတည်ကြည်စွာနဲ့ သူတော်ကောင်း ဟန်ဆောင်တတ်တဲ့ အကျင့်တွေ က လိပ် အမူအကျင့်နဲ့ တူတယ်တဲ့။

ဆဋ္ဌမ...မသင့်တဲ့အမူအကျင့် ကို ကျင့်ဆောင်သူရဲ့အမူအရာဟာ ခွေးအရဲ့ အမူအကျင့်နဲ့တူတယ်တဲ့။ ခွေးအ က ကောက်ကျစ်တယ်။ ဥာဏ်နီဥာဏ်နက်များတယ်၊ ရက်စက်တယ်၊ သစ္စာလည်းဖောက်တယ်။ ကိုယ့်အကျိုးစီးပွားအတွက် တဖက်လူကိုပျက်စီးအောင် ကြိတ်ပြီးကြံတာ၊ ကိုယ့်အောင်မြင်မှု၊ ကိုယ်အကျိုး ရလာဒ်အတွက် ကောက်ကျစ်တဲ့လုပ်ရပ်တွေကို လုပ်တာ၊ လှည့်စား လိမ်ညာပြီး အချင်းချင်းဆီက အကျိုးအမြတ် ရအောင်လုပ်တာ...စတဲ့ အမူအကျင့်တွေ ဟာ ခွေးအ ရဲ့ အမူအကျင့်တွေ နဲ့တူတာတဲ့။

အနာယဂုဏ် ၆ပါး မှ ဒီအကောင်တွေနဲ့ အပင်အကြောင်းကို ဖတ်ရင်း ငါဟာ အပင်လား၊ အကောင်လား လို့ မရဲတရဲ တိုက်ဆိုင်ကြည့်မိပါတယ်။ မိမိ ၀န်းကျင်မှာရော...ဒီလိုတွေ ရှိနေလား။ စဉ်းစားမိပါတယ်။ ဘယ်လိုပင်ဖြစ်စေ ..ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့ ဆိုတဲ့ ဆုံးမ သြ၀ါဒများ အတိုင်း...

စွန့်ပေါင်းပြုပွား

၁။ဘယ်ပုဂ္ဂိုလ်ဖျင်း ပေါင်းသင်းခြင်း စွန့်ကင်းရှောင်ရမှာ။သူယုတ်မာဖျင်း ပေါင်းသင်းခြင်း စွန့်ကွင်း ရှောင်ကြပါ။

၂။ဘယ်ပုဂ္ဂိုလ်မြတ် ရွေးချယ်လတ် ဆည်းကပ် ပေါင်းရမှာ။ စိတ်ဖြူစင်လတ် ပုဂ္ဂိုလ်မြတ် ဆည်းကပ်ပေါင်းကြပါ။

၃။ နေ့ရောညပါ ဘယ်အရာ ဖွေရှာပြုရမှာ။ နေ့ရောညပါ ကောင်းမှုသာ ဖွေရှာပြုကြပါ။

၎။ အဘယ်တရား မြဲကြိုးစား ရှုပွားမမေ့ရာ။ သင်္ခါရတရား မမြဲငြား ရှုပွား မမေ့ရာ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ရန်သူမိတ်ဆွေခွဲခြားနည်း

6


တစ်ခါတုန်းက မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါသတဲ့။ အဲဒီနေရာမှာ မိတ္တာမိတ္တဇာတ် ဆိုတဲ့ (ရန်သူနဲ့ မိတ်ဆွေခွဲခြားနည်း) ကို ကောသလမင်းကြီးရဲ့ အကျိုးစီးပွားဆောင်ရွက်တဲ့ အမတ်တစ်ဦးကို အကြောင်းပြုပြီး ဟောတော်မူပါသတဲ့။

မြတ်စွာဘုရား ပါရမီတော် ဆယ်ပါးကိုဖြည့်ဆည်းတော်မူနေစဉ် ဘ၀တစ်ခုမှာ ဗြဟ္မဒတ် မင်းကြီးရဲ့ ထံမှာအမှုတော်ထမ်းရတဲ့ အမတ်ကြီးဖြစ်ခဲ့သတဲ့။ အဲဒီအမတ်ကို မင်းကြီးက ချီးမြှင့်မြှောက်စားတော့ ထုံစံအတိုင်း မလိုလားသူတွေက ကုန်းတိုက်ကြတယ်။ ဒါပေမဲ့ မင်းကြီးက မယုံကြည်တာနဲ့ အမတ်ကို မေးပါသတဲ့။ အချင်း အမတ် မိတ်ဆွေနဲ့ရန်သူ ဘယ်လိုခွဲရမလဲ၊ အသင်သိသလားပေါ့။ အဲဒီလိုမေးတော့ အမတ်က ဖြေပါသတဲ့။

မြတ်သောမင်းကြီး-

၁။ ရန်ဘက်ဖြစ်သောသူကို မြင်သောသူသည် မပြုံးမရွှင်တတ်။
၂။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်တတ်။
၃။ ရန်ဘက်ဖြစ်သောသူကို မနှစ်သက်၍မျက်နှာလွှဲတတ်။
၎။ ရန်သူလို သဘောထားသူနဲ့ ဆန့်ကျင်တဲ့ အမှုများကို ပြု၏။
၅။ ရန်ဘက်ဖြစ်သောသူ၏ ရန်သူကိုလည်း မှီဝဲဆည်းကပ်တတ်၏။ (ပေါင်းတတ်၏။)
၆။ ထိုရန်ဘက်၏ အဆွေခင်ပွန်းတို့ကို မမှီဝဲ မဆည်းကပ်တတ်။
၇။ ရန်ဘက်ကို ချီးမွမ်းမယ့် သူတို့ကို တားမြစ်အပ်၏။
၈။ ရန်ဘက်ကို ဆဲရေးမည့်သူတို့ကို ချီးမွှမ်းတတ်၏။ (အားပေးတတ်၏)
၉။ ရန်ဘက်ဖြစ်သူအား လျှိဝှက်အပ်သောစကားများကို မပြောကြား။
၁၀။ ရန်ဘက်ဖြစ်တဲ့သူရဲ့ လျှိဝှက်အပ်တဲ့စကားများကို ပြောကြားတတ်၏။
၁၁။ ရန်ဘက်ဖြစ်သူ ဘာပဲလုပ်လုပ် မချီးမွမ်းတတ်။
၁၂။ ရန်ဘက်ဖြစ်သောသူ၏ ပညာကို မချီးမွှမ်းတတ်။
၁၃။ ရန်ဘက်ဖြစ်တဲ့ရဲ့ စီးပွားချမ်းသာပျက်စီးတာကို သဘောကျနှစ်သက်တတ်၏။
၁၄။ ရန်ဘက်၏ စီးပွားချမ်းသာတိုးတက်မှုကို မနှစ်သက်တတ်။
၁၅။ ကောင်းမြတ်တဲ့ ပစ္စည်းကိုရရင် ရန်ဘက်ကို မပေးကမ်းတတ်။
၁၆။ ရန်ဘက်ဖြစ်တဲ့သူဟာ အကြောင်းကြောင်းကြောင့် မရွှင်မပျဖြစ်နေရင်လည်း ကူညီစောင့်ရှောက်ခြင်း မပြုတတ်။ - တဲ့ အားလုံး ၁၆ချက် ရှိပါတယ်။

ရန်သူလို့ ကိုယ့်ကို သဘောထားတဲ့သူတွေမှာ ဘယ်လိုအပြုအမူတွေရှိတယ်ဆိုတာကို သိပြီး တဲ့နောက် မိတ်ဆွေစစ်ဆိုတဲ့ သူကိုရော ဘယ်လိုခွဲခြားပြီးသိရမလဲ။ ရှင်းပါတယ် အခုန အချက်အလက်တွေနဲ့ ဆန့်ကျင်ဘက် ယူလိုက်တာပေါ့။ တကယ်တော့မိတ်ဆွေစစ် ကို ဘာနှင့်မျှဝယ်၍မရနိုင်၊ လဲ၍မရနိုင်ပါ။ သူကို မိတ်ဆွေစစ်ဖြစ်စေချင်လျှင် ကိုယ့်ကိုလည်း သူ၏ မိတ်ဆွေစစ်ဖြစ်အောင်သာ ပြင်ဆင်ရမည် သာဖြစ်ပါသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

စည်းစိမ်တိုသူ (၆)ဦး

3

စည်းစိမ်တိုသူ (၆)ဦး


မိုးသောက်နေပေါ်၊ ကျူးကျော်အိပ်ခြင်း၊ ပျင်းရိကြမ်းကြုတ်၊
သောက်ထုတ်သေစာ၊ သွားလာကိုယ်ထူး၊ အိမ်ရာကျူးဟု၊
ခြောက်ဦးပုဂ္ဂိုလ် ၊စည်းစိမ်တို၏။


ဆိုလိုချက်-



၁။ မိုးသောက်နေထွက် အိပ်စက်သူ
၂။ အပျင်းကြီးသူ
၃။ ရက်စက်ကြမ်းကြုတ်သောသူ
၎။ အရက်သေစာသောက်စားမူးယစ်တတ်သူ
၅။ ဝေးမြေရပ်ခြားသို့ တစ်ဦးတည်းသွားတတ်သူ
၆။ သူ့သားအိမ်ရာ ကျူးလွန်တတ်သူ




SiX enamies of our wealth
Six enemies of our wealth are-
1. One who oversleeps
2. One who is lazy
3. One who is cruel and desperate
4. One who enjoys intoxicant drink
5. Wayfarer who travels without good companinon, and
6. One who commits adultery.
They are never rich. Instead, they are poor.


(မာဃဒေ၀လင်္ကာသစ်)



ရွှင်လန်းချမ်းမြေ့ကြပါစေ။

ထူးတဲ့ တမန်တော်

3

ရှေးအခါက....
ဗာရာဏသီပြည်မှာ ဘောဇနသုဒ္ဓိ မင်းနန်းစံနေတယ်။

အဲဒီမင်းဟာ စားတော်ထမင်းအုပ်ကို အဖိုးတစ်သိန်းထိုက်အောင် ပြင်ဆင်စေတယ်။ သူဟာ ရှေးဘုန်းရှေးကံကောင်းလို့ ဒီလိုအဖိုးတစ်သိန်းထိုက်တဲ့ ပွဲတော်အုပ်ကို သုံးဆောင်နေနိုင်တာဖြစ်ကြောင်း လူတွေ တွေ့မြင် အားကျလာစေချင်တယ်။ အဲဒီအခါမှ လူတွေ အားကျပြီး ဘုရင်လို ဘုန်းကံကောင်းလာအောင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လာလိမ့်မယ်လို့ မျှော်လင့်ပြီး.....

နန်းတော်ရှေ့မှာ မဏ္ဍာပ်ထိုးကာ အလှအပတွေ တန်ဆာဆင်ပြီး ထီးဖြူမိုး ရာဇပလ္လင်ပေါ်မှာ ရွှေခွက်နဲ့ အဖိုးတစ်သိန်းထိုက်အောင် ပြင်ဆင်ထားတဲ့ စားတော်အုပ်ကို စားသုံးပြတယ်။ဘေးမှာလည်း ခြွေရံ ခစားတွေနဲ့ပေါ့။

အဲဒီအချိန် လူတစ်ယောက်က မင်းကြီးစားသောက်နေတာကိုကြည့်ပြီး သာရေယိုလာတယ်။ စားချင်စိတ်တွေ ထိန်းချုပ်မရတော့ဘူး။ ဖြစ်ချင်ရာဖြစ်ပစေ ဘုရင်စားတဲ့ ထမင်းတစ်လုပ်စားရအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးအကြံထုတ်ပါတယ်။

အဲဒီယောက်ျားဟာ လက်နှစ်ဖက်ကိုမြှောက်ပြီး-

ကျွန်ုပ်ဟာ တမန်တော်ဖြစ်ပါတယ်။
ဟုဆိုကာ မင်းကြီးစားတော်ခေါ်တာကို ကြည့်နေတဲ့ လူကြားထဲတိုးဝင်သွားတယ်။ တခြားတိုင်းပြည်တစ်ပြည်က စေလွှတ်လိုက်တဲ့ တမန်တော်ထင်လို့ လူတွေက လမ်းဖယ်ပေးကြတယ်။ အဲနောက် လျင်မြန်စွာ မင်းကြီးနား တိုးကပ်သွားကာ မင်းကြီးရဲ့စားတော်ခွက်ကို နှိုက် ၊ထမင်းအုပ်ကို လုယူကာ စားသောက်လိုက်တယ်။

အတင့်ရဲလွန်းစွာ ၀င်ရောက်နှောက်ယှက်တဲ့ ထိုလုလင်ဦးခေါင်းကိုဖြတ်သတ်မယ်ဆို ပြီး အစောင့်အကြပ်တွေက သန်လျက်နဲ့မိုးထားကြတယ်။ ဒါကိုမင်းကြီးက မသတ်ဖို့တားပြီး ဆက်သာစားရန် ပြောပြီး ထိုင်ကြည့်နေတယ်။ ၀လင်အောင် သုံးဆောင်စေတယ်။ပြီးမှ မင်းကြီးက စုံစမ်းမေးမြန်းကြည့်ပါတယ်။

သင်ဟာ တမန်တော်လို့ ဆိုတယ်။ ဘယ်တိုင်းပြည် ဘယ်နိုင်ငံက ဘယ်လိုကိစ္စမျိုးဆောင်ရွက်ဖို့ စေလွှတ် လိုက်တာလဲ...

မှန်လှပါ ....အရှင်မင်းကြီး ၊ ဗိုက်ရဲ့ စေခိုင်းချက်အရ ရောက်လာရတဲ့ ၀မ်းဗိုက်ရဲ့ တမန်တော် ဖြစ်ပါတယ်။

ဟေ...မကြားစဖူး ထူးကဲလှချည်းလား ၀မ်းဗိုက်ရဲ့တမန်တော်ဆိုတာကို ထင်လင်းအောင် လျှောက်တင်စမ်းပါဦး...

သည်းခံပါ အရှင်မင်းကြီး၊ သတ္တ၀ါမှန်သမျှတို့ဟာ ၀မ်းဗိုက်အတွက် လိုအပ်တဲ့အာဟာရ ရရှိ အောင်နေ့ရောညဥ့်ပါ၊ အခါမလပ်၊ ရှာဖွေကြံဆနေကြရပါတယ်။ ၀မ်းဗိုက်ရဲ့ အလိုနိုင်ငံကို လိုက်ပါနေကြရပါတယ်။ ကျွန်ုပ်လည်း ၀မ်းဗိုက်ရဲ့ တမန်တော်ဖြစ်ပါတယ်။ ၀မ်းဗိုက်က စားချင်တဲ့ တပ်မက်စိတ်ကြောင့် ဣနြေ္ဒပင် မဆယ်နိုင်ခဲ့ပါဘူး။ ငါ့ဝမ်းပူဆာ မနေသာဆိုသလို ၀မ်းဝဖို့အရေး အသက်ပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ် ဘုရား။

ယောက်ျားရဲ့လျှောက်တင်သံကို နားထောင်ပြီးတဲ့အခါ မင်းကြီးက...
သင်လျှောက်ထားတဲ့စကားမှန်ကန်ပါပေတယ်။ သတ္တ၀ါတိုင်း ၀မ်းဗိုက်ရဲ့ တမန်တော်များဖြစ်ကြတယ်။ စားလိုသော တဏှာက စေခိုင်းသမျှကို လုပ်နေကြသူများ ဖြစ်ပေတယ်။ နှစ်သက်စရာကောင်းတဲ့စကားလို့ ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ချီးကြူးပြီး စည်းစိမ်ဥစ္စာတွေ ချီးမြှောက်လိုက်ပါတယ်။

ထိုသို့သော တဏှာရဲ့ စေခိုင်းမှုကြောင့် ၀မ်းဝဖို့အရေး လုပ်ကိုင်စားသောက်ရာတွင် ဗုဒ္ဓဘာသာဝင် များအနေဖြင့် သီလအစု ငါးခုသော တရားတို့ကို ခါးဝတ်ပုဆိုးလို စွဲပြီး မြဲကြရပါမည်။ ဗုဒ္ဓဘာသာဝင်တို့ မပြုလုပ်သင့်သည့် ၀မ်းကျောင်းမှုတို့ကို လည်း မြတ်စွာဘုရားက....

၁။ လက်နက်ရောင်းဝယ် ကုန်သွယ်ခြင်း။
၂။ လူကိုရောင်းဝယ်ကုန်သွယ်ခြင်း။
၃။ သားငါးကို ရောင်းဝယ်ကုန်သွယ်ခြင်း။
၎။ ဘိန်းအရက် စသော မူးယစ်စာတို့ကို ရောင်းဝယ်ကုန်သွယ်ခြင်း။
၅။ အဆိပ်ကို ရောင်းဝယ်ကုန်သွယ်ခြင်း။


ဟုညွန်ပြ ဟောတော်မူထားပေရာ
ငါ ဗုဒ္ဓဘာသာဝင် ဟူသော မွန်မြတ်သော စိတ်ထားဖြင့် ဤမိစ္ဆာကုန်သွယ်ခြင်း တို့ကို ရှောင်ကြဉ်ပြီး တရားသော ကုန်သွယ်ခြင်း ၊ တရားသော အမှုတို့ဖြင့် အသက်မွေး ၀မ်းစာရှာကြရပေမည်။



ရွှင်လန်းချမ်းမြေ့ကြပါစေ။

ရာထူးကျသောနတ်များ

9


၃၃ယောက်သော နတ်သားများ စုပေါင်းအုပ်ချုပ်ကြသောကြောင့် တာဝတိသာ ဟုခေါ်သည်။ နတ်ပြည် သည် လူသက်တမ်းနှင့်တွက်လျှင် နှစ်ပေါင်း သုံးကုဋေ နှင့် အနှစ်ခြောက်သန်း အသက်ရှည်သည်။ ထိုနတ်ပြည်ကို ဦးမာဃ နှင့်တကွ သူငယ်ချင်း ၃၃ယောက် မရောက်ခင်က အရက်သမားနတ်သားများ အုပ်ချုပ်ကြသည်။

ထိုအချိန်တွင် လူအဖြစ် နှင့် သာရှိနေကြသေးသော ဦးမာဃနှင့် တကွ အပေါင်းအဖော်များသည် သာသနာတွင်း မဟုတ်သဖြင့် ဘုရား ရဟန္တာတို့၏ အဆုံးအမကို မရသော်လည်း ကောင်းမည်အကျိုးရှိမည် ထင်ရသော ဝေယျာဝစ္စအလုပ်များကို ကြိုးစားလုပ်ဆောင်ကြသည်။

တံတားဆောက်ခြင်း၊ လမ်းဖောက်ခြင်း၊ ဇရပ်တည်ခြင်း၊ ရေကန်တူးခြင်း၊ မိဘကိုလုပ်ကျွေးပြုခြင်း၊ အမျက်ဒေါသ မထွက်ခြင်း၊ မေတ္တာထားခြင်း စသည်တို့ကို ဦးမာဃနှင့်အဖွဲ့မှ မှန်းဆလုပ်ဆောင်ခဲ့ကြသည်။

ထိုကုသိုလ်များကြောင့် ၃၃ယောက်လုံး တာဝတိသာနတ်ပြည်သို့ရောက်ကြလေသည်။ထိုအခါ မူးရှုးနေကြသော လက်ရှိအရက်သမား နတ်များက မကျေနပ်ကြ။ ထို့ကြောင့် တစ်နေ့တွင် အကောက်ဥာဏ်ဖြင့် ဦးမာဃတို့ အဖွဲ့ကို မိတ်ဆုံစားသောက်ပွဲတစ်ခု ပြုလုပ်ပြီး လာရောက်စားသောက်ရန် ဖိတ်ကြားလိုက်သည်။

စားသောက်ပွဲတွင် အရက်များကိုပါ တည်ခင်းဧည့်ခံထားသည်။ ဦးမာဃတို့အဖွဲ့ အရက်သောက်မိပြီး မူးသွား လျှင် အားလုံးကို ကြိုးတုပ်ပြီး နတ်ပြည်မှ ကန်ချရန် ကြံစည်ထားခြင်းဖြစ်သည်။

သူ၏အကြံအစည်ကား ပိရိကောင်းမွန်ပါ၏ သူတို့က အရက်ကိုမူးအောင်မသောက်ပဲ ဦးမာဃတို့အဖွဲ့ သောက်ချင်လာအောင်နည်းနည်းသာ ဟန်လုပ်သောက်မည်ဟု တိုင်ပင်ထားကြ၏။ ဖိတ်ကြားလိုက်သည့်အတိုင်း ဦးမာဃတို့အဖွဲ့ရောက်လာကြသောအခါ ဟန်ဆောင်နည်းနည်းလေးသောက်ရာမှ မတင်းတိမ်နိုင်ဘဲ အများကြီး သောက်မိကြပြီး မူးလဲကုန်ကြ၏။

ထိုအခါ အရက်ကိုလုံးလုံးမသောက်ကြသော ဦးမာဃတို့အဖွဲ့က ထိုအရက်မှုးသမား နတ်သားများကို ကြိုးတုပ်ပြီး ကန်ချလိုက်ရာ ယခုအခေါ် အသုရာပြည်အထိ ကျသွားကြလေ၏။ သူတို့သည် အမူးပြေသောအခါတွင်မှ သူတို့ အမှားကို သိလိုက်ကြ၏။ ထိုအခါကျမှာ အရက်ကို ဘယ်တော့မှ မသောက်ကြတော့ပေ။

တာဝတိသာပြည်တွင် ကသစ်ပန်းပင်ရှိသည်။ အသူရာပြည်တွင် သခွပ်ပင်ရှိ၏။ သခွပ်ပန်းနံ့ကို ရတိုင်း တာဝတိသာကို ပြန်လည်အမှတ်ရသဖြင့် စစ်တက်တိုက်လေ့ရှိသည်။ တစ်ခါမှ အနိုင်မတိုက်နိုင်ကြပေ။

နတ်များသည် ၀ီရိယဖြင့် ဘာတစ်ခုမှ ရှာစရာမလိုဘဲ ကုသိုလ်အကျိုးကို သက်သာစွာ ခံစားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ လူများကား ကုသိုလ်၊ ၀ီရိယ နှစ်မျိုးလုံးဖြင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သေရည်ကိုသောက်မိသဖြင့် နတ်များပင် ရာထူးကျပြီး အဆင့်အတန်းနိမ့်သေးရာ ကုသိုလ်၊ ၀ီရိယ ၂မျိုးလုံးကို အမှီပြုကြရသော လူသားများ သေရည်သောက်မိလျှင် ထိုထက်ပို၍.................


သေရည်သောက်လင့်၊
သင့်မသင့်၌၊ ရေးခွင်မသိ၊
ပျင်းရိမိုက်ရှုး၊ ကျေးဇူးမဆပ်၊
ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊
အကုသိုလ်ကို ၊ မငြိုလွယ်စွာ၊
ပြုကျင့်ရာသည်၊ ရှောင်ခါအပြန် အကျိုးတည်း။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကာလ ဒါန

9

ကာလ ဆိုသည်မှာ အချိန်၊ ဒါန ဆိုသည်မှာ ကုသိုလ်ပြုပေးခြင်းဖြစ်သည်။ထို့ကြောင့် အချိန်ကိုကြည့် ၍ အလှူပေးခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား ဟောကြားသည့် ကာလဒါန ငါးမျိုးရှိကြောင်း သိရပါသည်။ကာလ ဒါန ငါးမျိုးမှာ-

၁။ အာဂန္တု ဧည့်သည်ဒါန
သံဃာတော်တို့၏ ကျောင်းမှာ ဧည့်သည်ရောက်လာတာမျိုး၊ မိမိ၏ အိမ်သို့ မမျှော်လင့်ပဲ ဧည့်သည့်သည် ရောက်လာသည့် အခါတွင်လည်း အချိန်ကိုကြည့်ပြီး ဒီအချိန်မှာတော့ ဧည့်သည်သည်များကို မည်သည့် အရာကျွေးရမည် မည်ကဲ့သို့ပြုစုရမည်ကို သိပြီး ဒါနပြုလိုက်ခြင်း အချိန်ကိုသိ အချိန်ကိုကြည့်ပြီး လှူဒါန်းလိုက်ခြင်းသည် အာဂန္တု ဧည့်သည်ဒါနဖြစ်ပါသည်။

၂။ ခရီးသွားတဲ့ဒါနJustify Fullခရီးသွားဒါနလို့ဆိုသည့် ဒါနမှာ ခရီးသွားရင်း သံဃာတော်များဆိုရင်လည်း အဖျော်များက အစ လှူနိုင်ပါသည်။ သက်ကြီးရွယ်အိုများဆိုရင်လည်း စားသောက်ဖွယ်ရာများ ပါနေတာပဲဟု ဆိုနိုင်သည့်တိုင် စားသောက်ရန် ကူညီပြင်ဆင်ပေးခြင်း စားသောက်အပြီးတွင် သိမ်းဆည်းပေးခြင်းတို့ဖြင့် ကုသိုလ်ယူနိုင်ပါသည်။ ထိုကဲ့သို့ သော ဒါနမျိုးကို ခရီးသွားဒါနမည်သည်။

၃။ ဂီလာနဒါန
နေမကောင်းသည့်အချိန်မကျန်းမာသည့်အချိန်ကိုသိပြီး ကြည့်ပြီးလိုအပ်သည်တို့ကို ဖြည့်စွက် လှူဒါန်း သည် က လည်း မြတ်စွာဘုရား ဟောကြားသည့်အတိုင်း ဂိလာနကာလဒါနမြောက်ပါသည်။

၎။ ရှားချိန်ကိုကြည့် ရှားချိန်ကိုသိပြီး လှူတဲ့ဒါန။
တနည်းအားဖြင့် လိုချိန်ကိုသိ၊ တ ချိန်ကို ကြည့်ပြီးလှူခြင်းဖြစ်သည်။ ရှားချိန် လိုချိန် တ ချိန်ကို အတူတူပဲထားပြီး လှူခြင်းဖြစ်ပါသည်။ ထိုနည်းကလည်း မြတ်စွာဘုရားချီးကျူးသည့် လှူခြင်းဖြစ်သည်။ လူအများအဖို့ အလွန်လိုအပ်နေသည့်အချိန်တွင် အစားအစာ ဆေးဝါး အ၀တ်အစားစိတ်ချမ်းသာစေနိုင်မည့် အားပေးစကား စသည့် အကူအညီစသည့်ဖြင့် ၀တ္တု ပစ္စည်းပင်ဖြစ်စေ၊ စေတနာကိုပင်ဖြစ်စေ ပေးအပ်နိုင်ခြင်းသည် အလွန် အကျိုးရှိပါသည်။

၅။ ကောက်ဦးပေါ်ချိန် သစ်သီးပေါ်ချိန်တို့မှာ ပေါ်ဦးပေါ်ဖျား လှူခြင်း ဒါန။
ညခင်းတို့ ငယ်စဉ်ကတည်းက မိဘတို့၏ သွန်သင်မှုကြောင့် စားဖွယ်သောက်ဖွယ်များကို ဦးဦး ဖျားဖျား လှူတတ် ကြပါသည်။ ဇာတ်နိပါတ်တော်များတွင်လည်း ဦးဦးဖျားဖျားအလှူပေးသူသည် လောကုတ္တရာ ဥာဏ်ကို ဦးစွာရသူဖြစ်ခဲ့ပါသည်။ ဥပမာ မြတ်စွာဘုရား အစဦးဟောတော်မူသော ဓမ္မစကြာတရားတောကို နာယူကြသည့် အထဲတွင် ပထမဆုံး ရဟန္တာဖြစ်သူ အညာသိကောဏ္ဍညမထေရ်သည် ဘ၀ဘ၀က ကောက်ဦး သီးဦး စားဦးတို့ကို လှူသောသူဖြစ်ခဲ့ပါသည်။

ထိုကဲ့သို့ ဒါန ၅မျိုး အကြောင်းကို အဂုင်္တ္တရနိကာယ် ပဉ္စကနိပါတ်မှာ ကာလဒါန ဆိုသည့် သုတ္တန်ကို ဟောကြားခဲ့ကြောင်းသိရပြီးနောက် ညခင်း တို့ မှတ်သားရသည်မှာ- ကိုယ်သာ သတိမြဲကာ ပညာဦးစီးနိုင်ပါက အလှူကြီးများကို နေရာမရွေးပေးနေနိုင်မည်ဖြစ်ကြောင်း၊ အိတ်ထဲတွင် ဘာမျှဆောင်မထားသည့်တိုင် စေတနာနှလုံးသားက အလှူပြီးမြောက် အောင်ဆောင်ရွက်နိုင်ကြောင်းမှတ်သားရပါတယ်။ ဒါအပြင် လှူတဲ့နေရာမှာ စေတနာ ၃တန် ထားရှိရမယ် ဒါကတော့ အထူးပြောနေဖို့လိုမယ်မထင်ပါ။ မလှူခင်၊ လှူဆဲ၊ လှူပြီး ထားရှိရမဲ့ စေတနာတွေပါ...အားလုံးသိပြီးဖြစ်ပါတယ်။ ထို့အပြင် လှူဒါန်းနေချိန်မှာ သဒ္ဒါ အပြင် ပညာဦးစီးရပါမယ်။ အလှူခံ ပုဂ္ဂိုလ်လည်း မမြဲဘူး၊ လှူတဲ့သူလည်း မမြဲဘူး၊ လှူတဲ့ ပစ္စည့်လည်း မမြဲတဲ့ အကြောင်း နှလုံးသွင်း ဆင်ခြင်ပြီး လှူဒါန်းရပါမယ်။ ဒါမှ ပုထုဇဉ် လူသားများစိတ်ထဲ တွင် အစဉ်ကိန်းဝပ်နေသော လောဘ၊ ဒေါသ၊ မောဟ များကင်းဝေးကာ ထိရောက်တဲ့ အလှူဖြစ်မည်အကြောင်း ကုသိုလ်ဖြစ် ဖော်ပြ လိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

အိမ်တွင်းနတ်

14

ကျမတို့ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ၌ အိမ်ထောင်ဦးစီးကို အိမ်ဦးနတ်ဟူ၍ တင်စား သုံးနှုန်းခေါ်ဝေါ်လေ့ရှိကြ ပါသည်။ အိမ်ထောင်ဦးစီးသည် မိမိတို့စားဝတ်နေရေး မညိုးငယ်စေရန်ငွေကြေး ဥစ္စာ ရှာဖွေပေးရခြင်း၊ မိသားစု၌ တစ်စုံတစ်ခုသော ဘေးအန္တာရယ် ကျရောက်ပါက ရှေ့တန်းမှ မားမားရပ်၍ ကာကွယ်စောင့်ရှောက် ပေးရခြင်း စသည့် တာဝန်များကို ယူကြရပါသည်။

အိမ်ထောင်ဦးစီးနှင့် ဦး-ပဲ့ထမ်း၍ တာဝန်ယူရသည်မှာ အိမ်ရှင်မဖြစ်၏။ အိမ်ရှင်မသည် အိမ်ထောင်ဦးစီး ရှာဖွေပေးအပ်သော ငွေကြေးဥစ္စာ တို့ကိုမပျောက်ပျက်အောင် မလေလွင့်အောင် ထိန်းသိမ်းခြင်း၊ စားမှု၊ ၀တ်မှု၊ သန့်ရှင်းသပ်ရပ်မှုမှအစ အိမ်၏ အထွေထွေ လိုအပ်ချက်မှန်သမျှ စီမံခန့်ခွဲခြင်း၊ သားသမီးများ မွေးရခြင်း၊ အသက်ကဲ့သို့စောင့်ရှောက်ရခြင်း စသော တာဝန်များကို ယူရပါသည်။

ထိုကဲ့သို့ မိဘ၂ပါးသည် မိမိတို့၏ အိမ်တွင်းအိမ်ပြင် ကိစ္စမှန်သမျှ လစ်ဟာခြင်း မရှိစေရန် အစဉ်သဖြင့် နတ်ကဲ့သို့ စောင့်ရှောက်စီမံ၊ ဖန်တီးနိုင်စွမ်းရှိကြသောကြောင့် အိမ်ဦးနတ် သို့မဟုတ် အိမ်တွင်းနတ် ဟူ၍ ခေါ်ဆိုအပ်ကြောင်း သိရပါသည်။

အဖမရှိတိုင်မှီ၊ အမိမရှိ ကသီကရီ၊ အမိမဲ့ သား ရေနည်းငါးပမာ စသည့် စကားပုံများမှာ ထိုအိမ်တွင်းနတ် နှစ်ပါး ဘယ်လောက်အရေးပါသလဲ ဆိုတာ သိသာစေပါတယ်။ထိုသို့ မိဘနှစ်ပါး တာဝန်ကျေသကဲ့သို့ သားသမီးများ ဘက်ကလည်း တာဝန်ကျေကြရန်လိုအပ်လှပေသည်။ မိသားစု တက်ညီလက်ညီ တာဝန်ကိုယ်စီ ကျေကြပါမှ လောက ၊ သံသရာ ချမ်းသာခြင်း မင်္ဂလာနှင့် ပြည့်စုံနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ် ကြီးက သိင်္ဂါလောဝါဒ သုတ္တန်၊ သိင်္ဂါလ သတို့သားအားဟောကြားတော်မူခဲ့ပါတယ်။

ရာဇဂြိုလ်ပြည်မြို့မှ မဟာသာလ သူကြွယ်မျိုးဖြစ်သော သိင်္ဂါလ သတို့သား သည် ဖခင်ကြီး၏ ညွှန်ကြားထား ချက် အရ နေ့စဉ် မြို့ပြင်သို့ထွက်ကာ အရပ် ခြောက်မျက်နှာကို ရှိခိုးခြင်းဝတ်ဖြင့် နေ၏။

လောကကြီးကို ရွှေဥာဏ်တော် ကွန်ရက်ဖြင့် ဖြန့်ကြက်ကြည့်ကာအမြဲတစေ ပြုပြင်နေလေ့ရှိသော ဘုရားရှင်က...ထိုအခြင်းအရာကို မြင်တော်မူသော် အမှန်တရားကိုသိစေလို သဖြင့်...

ချစ်သား နံနက်ခင်း နေခြည်နုအောက်တွင် သင်တစ်ယောက်တည်း စိုသော အ၀တ်၊ စိုသော ဆံပင်တို့ကို ဖားလျားချလျက် အဘယ်ကို ရှိခိုးနေသနည်း။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား ကွယ်လွန်ခါနီး၌ ဖခင်ကြီး၏ အမှာစကားကို တပည့်တော်သည် ရိုသေလေးစားစွာ လိုက်နာသောအားဖြင့် အရပ်ခြောက်မျက်နှာကို ရှိခိုးနေပါသည် ဘုရား။

ချစ်သား ၊ သောတပန်ဖြစ်သော သင်၏ ဖခင်သည် သင့်အား ထိုအရပ်ခြောက်မျက်နှာတို့ကို ရှိခိုးခိုင်းခြင်း မဟုတ်။

ထိုသို့ဆိုသော ဖခင်ကြီးမှာသော အရပ်ခြောက်မျက်နှာကား အဘယ်ကို ဆိုပါသနည်းဘုရား။

မှတ်လော့ချစ်သား။ ငါဘုရား သာသနာတော်ဝယ် အရပ် ဒေသ ခြောက်မျက်နှာသာရှိပေသည်။ ၄င်းတို့မှာ-

၁။ မိဘသည် အရှေ့အရပ်မည်၏။
၂။ သားသမီး၊ ဇနီး မယားသည် အနောက်အရပ်မည်၏။
၃။ ဆရာသမားသည် တောင်အရပ်မည်၏။
၎။ မိတ်ဆွေသည် မြောက်အရပ်မည်၏။
၅။ ရဟန်းသံဃာသည် အထက်အရပ်မည်၏။
၆။ အောက်လက်ငယ်သား အစေအပါးသည် အောက်အရပ်မည်၏။

ရှိခိုးခြင်း အမှု ဟူသည်ကို မိန့်တော်မူပါဦးဘုရား။

ချစ်သား အရပ်ဒိသာခြောက်မျက်နှာဟု ခေါ်ဆိုအပ်သော မိဘ၊ ဆရာ၊ ဇနီး၊ သားသမီး၊ အဆွေခင်ပွန်း၊ ရဟန်းသံဃာ၊ အောက်လက်ငယ်သားတို့ တွင်ကျင့်ဆောင်ရမည် ကျင့်ဝတ်များ ငါးပါးစီ၊ ငါးပါးစီ အသီးသီး ရှိကြကုန်၏။ ထို့ကျင့်ဝတ်များကို ကျေလည်အောင် ပြုခြင်းသည်ပင် ရှိခိုးခြင်းမည်ပေ၏

ထိုအသီးသီးသော ကျင့်ဝတ်များကား အဘယ်ပါနည်းဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်သည် တစ်ပါးစီ တစ်ပါးစီ အကျယ်တ၀င့် ရှင်းလင်းမိန့်ကြားတော်မူပါတယ်။

မှတ်သားရလွယ်ကူစေရန် ဒဂုန်ဦးစန်းငွေ၏ သံပေါက်လင်္ဏာအချို့ဖြင့် ဖော်ပြပါ့မယ်။

မိဘကျင့်ဝတ် (၅)ပါး။
(၁) ဒုစရိုက်များ ၊ မပြုမှား၊ မြစ်တားမိဘ၀တ်၊
(၂) ကောင်းရာတိုက်တွန်း ၊လမ်းပြညွှန်း၊ ခွန်းချင်း တတွတ်တွတ်၊
(၃) ပညာအမြုတေ၊ တတ်ကြောင်းထွေ ၊ သင်လေ မိဘ၀တ်၊
(၄) သင့်တင့်သောအခါ ၊နှင်းဥစ္စာ ၊ မာတာပိတ၀တ်၊
(၅) ချိန်ရွှယ်သင့်ငြား၊ သမီးသား ၊ ထိမ်းမြား မိဘ၀တ်၊

သားသမီးကျင့်ဝတ် (၅)ပါး
(၁) နှစ်ပါးမိဘ၊ လုပ်ကျွေးရ၊ သားလှသမီးဝတ်၊
(၂) ပြုဖွယ်အခင်း၊ ကူရိုင်းပင်း၊ ပြုလျှင်းယွင်းမချွတ်၊
(၃) မျိုးနွယ်ကျင့်ထုံး၊ စောင့်ရှောက်သုံး၊ သက်လုံးတိုင်အောင်ညွတ်၊
(၄) ကွယ်လွန်မိဘ၊ မျှဝေငှ၊ ဒါနကုသိုလ်ဝတ်၊

လင်ကျင့်ဝတ် (၅)ပါး
(၁) ပီယဓာတ်ဖုံး၊ စကားလုံး ၊ ပြုံးပြုံးပြောပါလေ၊
(၂) နင်ဟယ်ငါဟယ်၊ ကောင်မနှယ်၊ နှုတ်ဝယ်စောင့်စည်းလေ။
(၃) အပျော်လိုက်စား၊ အမြှောင်ထား၊ ရှောင်ရှား ကင်းကင်းနေ၊
(၄) ပစ္စည်းရပ်ရပ် ၊ လွှဲပုံအပ် ၊ အိမ်နတ်ပီလှစေ။
(၅) ၀တ်စားဆင်ယင်၊ လှအောင်ဆင်၊ ကြော့ယဉ် လှမြုတေ၊


မယားကျင့်ဝတ် (၅)ပါး
(၁) ဖွပ်လျှော်ချက်ပြုတ် ၊ တလှုပ်လှုပ်၊ လုပ်လေ အိမ်ရှင်မ၊
(၂) သိပ်သိပ်သည်းသည်း၊ ကိုယ့်ပစ္စည်း၊ သိမ်းဆည်းတတ်စေရ။
(၃) ကိုယ့်လင်ကကျူး၊ သူတစ်ထူး၊ မကူးစိတ်ထဲမှ၊
(၄) ပေးတန်လျှင်ပေး၊ ကျွေးတန်ကျွေး၊ အရေး ကုံလုံင၊
(၅) မပျင်းမရိ ၊ လုံလရှိ ၊အိမ်၏ သခင်မ၊

ချစ်သား ထိုကျင့်ဝတ်များကို မလစ်ဟာအောင် ပြုကျင့်သူမှာ လောကတွင်၎င်း၊ သံသရာတွင် ၄င်း ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သည် ဟု ဗုဒ္ဒ္စမြတ်စွာ ဟောကြားတော်မူသည်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
Justify Full

ဝယ်လို့မရတဲ့ အရာများ

6



အာနီးဂါးဘော့။ ။ ငွေရှိရင်ဘာာမဆို ရနိုင်တယ်လို့ပြောတတ်ကြတယ်။ ဒါပေမဲ့ မရနိုင်ပါဘူး၊ အစားအစာကို ၀ယ်လို့ရနိုင်တယ်။ စားချင်တဲ့ အာသာဆန္ဒ ကိုဝယ်လို့မရပါဘူး၊ ဆေးကိုဝယ်လို့ရပါ့မယ်။ ကျန်းမာရေးကို ၀ယ်လို့မရပါဘူး၊ အသိပညာကို တော့ရနိုင်ပါတယ်။ ဥာဏ်ပညာကိုတော့ မရနိုင်ပါဘူး။ လက်လက်ထအောင် လုပ်နိုင်ပေမယ့် အလှတရားကို ၀ယ်လို့မရနိုင်ပါဘူး။ အသိအကျွမ်းတွေများပေမယ့် မိတ်ဆွေတွေကို မရနိုင်ပါဘူး။ အစေအပါးကို ရနိုင်ပေမယ့် သစ္စာစောင့်သိမှုကိုတော့ မရနိုင်ပါဘူး။ နားနေမှုရပေမယ့် ငြိမ်းချမ်းမှုကို မရနိုင်ပါဘူး။ အရာရာ ရဲ့ အပေါ်ယံ အခွံအကာ ကို ငွေနဲ့စက်ပြီး ၀ယ်လို့ရနိုင်ပေမယ့် အစေ့အဆန် နဲ့ အနှစ်ကို ၀ယ်လို့မရပါဘူး။


သိပ်ကောင်းတဲ့ စကားကလေး ဖြစ်ပါတယ်။ တကယ်တော့ ငွေဆိုတဲ့အရာ ကို ဘယ်သူမဆို လိုနေတာပါပဲ။ သို့သော်လည်း ငွေမပါလို့ ဖြစ်ချင်ရာ မဖြစ်နိုင်ဘူးလို့ လက်မှိုင်ချနေတဲ့သူတွေကို လည်း ဒီ စကားလေးက အားပေးနေပါတယ်။ ကိုယ်သိက္ခာ သမာဓိ ပညာကြောင့် လိုရာရလာတတ်တာလည်း ရှိပါတယ်။ ကိုယ့်စေတနာ မေတ္တာများကြောင့် လည်းရောင်ပြန်ဟပ် တဲ့အကျိုးပေးတွေကို လက်ခံ ရနိုင်တတ်ကြတာပါပဲ။ ငွေမရှိလို့ ဒေါသတွေ ဖြစ်နေတော့ရော ငွေက ကိုယ့်လက်ထဲကို ကျလာမှာ လိုက်လို့ပါပဲ။


ကိုယ့်ကိုယ်ကိုတောင် မှ ကိုယ်တကယ်ပိုင်တာ မဟုတ်ဘဲနဲ့ ဘယ်လိုနည်းနဲ့ ကိုယ့် အပြင်ဘက်က သတ်မှတ်ချက်တစ်ခုကို ပုံပြီး ယုံရမှာလည်းနော်။ ထို့အတူ ငွေရှိတယ် ဘာမဆို လုပ်လို့ရတယ်လို့ ဘာမဆို ငွေရှိရင် ရနိုင်တာပဲလို့ ထင်ထားတတ်ကြသူတွေကို အာနီးဂါးဘော့၏ အဆိုအမိန့် က သတိပေးထားခြင်းပါ။ ဒီအချက်တွေကတော့ ငွေရှိပေမဲ့ မရနိုင်ပါဘူး တဲ့။

ဒီအဆိုအမိန့်လေးကို ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) က စာအုပ်တွင် စာဆိုများ ၏ အဆိုအမိန့် များ အဖြစ် သာဓက များဖြင့် ထဲ့သွင်းဖေါ်ပြထားပါတယ်။





သားကောင်းတစ်ယောက်

2

သားကောင်းတစ်ယောက် ဆိုသည်မှာ.....
မိဘ တို့၏ စိတ်နှလုံးကို ပြည့်ဝစေတတ်သောကြောင့် သား ဟု ဆိုပါသည်။

မိဘတို့သည် သားသမီးမွေးမြူလိုမှုနှင့် ပတ်သက်၍ မျှော်လင့်ချက် ငါးချက်ဖြင့် မွေးမြူကြသည်ဟု ဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။

ယင်းမျှော်လင့်ချက် ငါးချက်မှာ-

(၁) ငါတို့ ကျွေးမွေးခဲ့သလို ငါတို့ အသက်ကြီးသောအခါ အရေးတယူ အလေးမူ၍ ပြန်လည်ကျွေးမွေးလိမ့်မည်။

(၂) ငါတို့၏ အမှုကိစ္စတို့ကို ဆောင်ရွက်လုပ်ကိုင်ပေးလိမ့်မည်။

(၃) ငါတို့၏ အမွေအနှစ်ကို ခံထိုက်အောင် ကျင့်ဆောင် ကြလိမ့်မည်။

(၄) ငါတို့ အမျိုးအနွယ် မပျက်စီးအောင် စောင့်ရှောက်ကြလိမ့်မည်။

(၅) ငါတို့ ကွယ်လွန်သောအခါ ငါတို့ကို ရည်မှန်း၍ ကုသိုလ်ပြုကာ အမျှပေးဝေလိမ့်မည်။

ယင်းငါးချက်တွင် နံပါတ်(၁) အချက်ဖြစ်သော ငါတို့မွေးမြူထားသော သားသမီးသည် ငါတို့အား ပြန်လည်လုပ် ကျွေးကြလိမ့်မည် ဟူသော မိဘ တို့၏ စိတ်နှလုံးအလိုဆန္ဒ မျှော်လင့်ချက်ကိုဖြည့်ကြမှသာလျှင် မိဘတို့၏ ထိုအလိုဆန္ဒအတိုင်းပြန်လည် လုပ်ကျွေးပြုစုကြမှသာလျှင် သားဟု ဆိုရပါသည်။

အသိတိနိပါတ်။ မဟာသုတသောမ ဇာတ်၌ အလောင်းတော် သုတသောမ မင်းက ပေါရိသာဒ၏ မိဖုရားကို ဆုံးမရာ၌-

-လင်ကိုမကြောက်သော မယားသည် မယားမမည်။
-မိဘကို မလုပ်ကျွေးသော သားသမီးသည် သားသမီးမမည်ဟု ဆိုဆုံးမခဲ့သည်။

မိဘကို လုပ်ကျွေးပြုစုသော... မိဘ တို့၏ စိတ်နှလုံးအလိုဆန္ဒ မျှော်လင့်ချက်ကိုဖြည်း ဆည်းသော...သားကောင်း သမီးကောင်းများ...အဖြစ်အောင် ကြိုးစားကြပါစို့လို့ ဆန္ဒပြုရင်း။

ပျော်ရွှင်ကြပါစေ...
ညခင်း

နေ့ရွှေ့သူ၏ ဘ၀နိဂုံး

5

ရှေးသရောအခါ ဘာအသုံးကျသလဲ အမည်ခံ ဒိတ်စကြိတ်ကြီး တခုရှိလေသည်။ ယင်း ဒိစကြိတ်ကြီးကို ဖြတ်သန်းစီးဆင်းသွားသော ဖြစ်ချင်ရာဖြစ်ပါစေ အမည်ခံ မြစ်ကြီးတစ်ခုရှိလေသည်။ ယင်းမြစ်ကြီးမှ နံဘေးသို့ ခွဲထွက်စီးဆင်းသွားသော နှေးကန်ခြင်း အမည်ခံ မြစ်လက်တက်ကလေး တစ်ခုရှိလေသည်။

ယင်းမြစ်လက်တက်ကလေး ၏ ကမ်းပါးတစ်လျှောက်တွင် ခဏစောင့်ပါဦး အမည်ခံ ပန်းပင်များ အသီးအပွင့် စုံလင်စွာဖြင့် ပေါက်ရောက်လျက်ရှိသည်။ ထိုပန်းပင်များမှ အငုံအဖူးအပွင့်များသည် တခါတခါမှလုပ်တာပေါ့ အမည်ခံ အမွှေးအကြိုင်အနံများကို တပျံ့ပျံ့ လွှတ်လျှက်ရှိသည်။ ယင်းပြင် ထင်သလိုနေတာပေါ့ အမည်ခံ မြက်ပင်ကလေးများလည်း ပေါက်ရောက်လျက်ရှိသည်။

ထိုမြစ်လက်တက်ကလေး၏ လက်ယာဘက် ကမ်းပါးပေါ်တွင် သမ်းဝေခြင်း အမည်ခံမြို့တစ်မြို့ရှိလေသည်။ ယင်းမြို့၌ မောပန်းခြင်း အမည်ခံ လူမျိုး နေထိုင်လျက်ရှိသည်။ ထိုမြို့အတွင်း၌ ဘယ်သူ ဘာပြောပြော ဘာဂရုစိုက်ရမှာလဲ အမည်ခံ အိမ်တဆောင်ရှိလေသည်။ ထိုအိမ်၏ ပိုင်ရှင် မှာ နေ့ရွှေ့တာပေါ့ အမည်ခံ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။

ယင်းပုဂ္ဂိုလ်ကြီးအား အလုပ်လုပ်ရန် ပြောဆိုသောအခါ နက်ဖြန်မှ လုပ်တာပေါ့ ဟု ပြန်ပြောလေ့ရှိသည်။ ထိုကဲ့သို့ ပြောဆိုယင်းပင် တနေ့ထက်တနေ့ အချိန်နောက်ကျသွားရလေတော့သည်။ နောက်ဆုံး၌ သူ၏ ထံမှ အချိန်အားလုံးကို ခိုးယူသွားခြင်းခံရ၏။ မကြာမီ သူခိုးခိုးခံရကြောင်း လူများ ကြားသိရကား ကြွေးရှင်အားလုံးက ရှိသမျှပစ္စည်းတို့ကို ကြွေးအဖြစ်သိမ်းယူကြပြန်လေသည်။

ယင်းပုဂ္ဂုလ်ကြီးမှာ သေသည်အထိ ဆင်းရဲ၏ ။ မသေမီ တခါတရံတောင်စားရ၏။ တစ်ခါတရံ ငှားစားရ၏။ တခါတရံ ခိုးယူစားခြင်းဖြင့် အသက်မွေးရလေသည်။

အဆွေ ၊ ဤ ပုဂ္ဂိုလ်မျိုး လိုဖြစ်ချင်သလော့.....။ တဲ့....။ မဖြစ်လိုက...ယခုအလုပ်ကို ယခုလုပ်၊ အချိန်မရွှေ့နှင့်...တဲ့။


ပျော်ရွှင်ကြပါစေ...
ညခင်း

လက်ရေးထဲမှာ အဖြေရှာ။

10

ညခင်း ရှိကို ရောက်ရှိလာ တဲ့ လမင်းရဲ့စာလေး တစ်စောင် ကို အရင်းပြု ၍ ဒီ ပိုစ့်လေးဖြစ်လာခဲ့ပါတယ်။ လက်ရေးနဲ့ရေးထားတဲ့စာလေးပါ။ညခင်းရှိရောက်လာတဲ့ရက်အတွင်း အလုပ်များနေတာနှင့် စာလေးအကြောင်း၊ ပြောဆိုဆွေးနွေးဖို့မေ့နေခဲ့တယ်။ဒါကိုဘယ်တုန်းကတည်းက အပြစ်တင်ချင်နေလဲမသိတဲ့... လမင်းက စိတ်ဆိုးဆိုးနဲ့ ရန်ထောင်လာပါတယ်။ တူ..လုပ်တဲ့သူကတော့ ၀မ်းသာ အားရ တီလေး ပျော်ရွှင်ပါစေလို့ စာပို့ပေးရတယ်။ တီလေးက အလေးမထားဘူးတဲ့။ အပြစ်တင်ခံရတယ်။ဟုတ်လဲ ဟုတ်လောက် ပါတယ်။ အလေးမထားသလိုဖြစ်သွားတယ်။ တွေ့ပချီးနော် တူတူလ ရေ။

လမင်းရဲ့လက်ရေးလေးက သေသေသပ်သပ်၊နဲ့ စနစ်ကျကျ ဖြစ်နေတာကို ကြည့်ရင်း ဒီပိုစ့်လေးနဲ့ ဘလော့မောင်နှမများကို လည်း သိစေချင်လို့ရေးလိုက်တာပါ။.....လက်ရေးထဲမှာ အဖြေရှာ ကြည့်မယ်။

စာလုံးကို ပုံစံအမျိုးမျိုးဖြင့် မိမိတို့နှစ်သက်သလို၊ အကျင့်ရှိသလို ရေးသားတတ်ကြတယ်။ အ၀ိုင်းရေးသူ၊ လေးထောင့်ရေးသူ၊ အချွန်ရေးသူ၊ အစောင်းရေးသူ စသည်ဖြင့် အမျိုးမျိုး ရေးသည်ကို တွေ့ရှိရ၏။

၁။ အ၀ိုင်းပုံစံဖြင့်ရေးသူ။
သဘာဝကို မြတ်နိုးခုံမင်သူဖြစ်သည်။ စိတ်ရှည်၍ ကြင်နာသနားတတ်သူဖြစ်သည်။ ထိုအ၀ိုင်း ရေးရာ၌ စနစ်ကျလျှင် သေသပ်လျှင် အနုပညာဆန်သောသူဖြစ်သည်။ အ၀ိုင်းပုံစံဖြစ်သော်လည်း ဖြစ်ကတတ်ဆန်း ရေးသူမှာ ပျင်းရိတတ်သူဖြစ်သည်။

၂။ လေးထောင့်စာလုံးပုံစံ။
အချို့သောသူများမှာစာလုံးများကိုလေးထောင့်ဆန်ဆန် ရေးသားတတ်သည်။ ထိုသူများမှာစိတ်ဓာတ်ကြံ့ ခိုင်ဖြောင့်မတ် သူများဖြစ်ကြသည်။လုပ်စရာကိစ္စကိုပြတ်သားစွာဆောင်ရွက်တတ်သူ များဖြစ်သည်။ သို့သော် လည်းစာလုံးအရေးအသား သပ်ရပ်စနစ်ကျမှု ရှိမရှိ၊ အစိပ်အကျဲပေါ်မူတည်၍စိတ်ဓာတ်မာကြောခက်ထန်သူ လည်းဖြစ်သွားတတ်သည်။

၃။ အလျားရှည်မျောမျော ပုံစံ။
စာလုံးသည် ထောင်လိုက်အရှည်ထက် အလျားလိုက်အရှည်ကပို၍ရှည်လျှင်ထိုသူသည် အခြေခံကျကျ တွေးခေါ်မြော်မြင်တတ်သူဖြစ်သည်။ဘက်မျှသူလည်းဖြစ်သည်။

၎။ ထောင်လိုက်ရှည်သော ပုံစံ။
စာလုံးများ၏ ပုံမှန်အနေအထားမှာ အ၀ိုင်းပုံဖြစ်သည်။သို့သော်လည်းအလျားထက် ထောင်လိုက်ကပို၍ ရှည်လျှင်ဖြတ်ထိုးဥာဏ်ကောင်းသည်။အလုပ်ကိုအပေါ်ယံအမြင်နှင့်သာလုပ်တတ်သည်။

၅။ ချွန်းသောပုံစံ။
အချို့မှာ စာလုံးခပ်ချွန်းချွန်းရှိနေတတ်ကြသည်။သူတို့သည်တစ်ခါတစ်ရံ တယူသန်ပြီးစိတ်ဆိုးလွယ် သော်လည်း ဖြောင့်မတ်ကြသူများဖြစ်ကြ၏။

၆။ စောင်း၍ရေးသော ပုံစံ။
အချို့သူများမှာ စာလုံးကိုရေးသားရာ၌ အရှေ့ ဘက်သို့ဖြစ်စေ၊ အနောက်ဘက်သို့ဖြစ်စေ စောင်း၍ရေးတတ်ကြသည်။ ယင်းတို့သည် ပရိယာယ်မာယာကြွယ်ဝသူများဖြစ်ကြသည်။
အရှေ့ဘက်သို့ စောင်း၍ ရေးသောသူများမှာ မူ ပရိယာယ်မာယာ ကြွယ်ဝသော်လည်း အခြားသူကို ကူညီတတ်သူဖြစ်သည်။
အနောက်ဘက်သို့ စောင်း၍ရေးသူများမှာ သူတို့၏ ပရိယာယ်မာယာကြွယ်ဝမှုကို တစ်ခါတစ်ရံလွဲမှားသော နေရာ၌ အသုံးပြုတတ်ကြလေသည်။
လက်ရေးကို အမျိုးမျိုးစောင်း၍ရေးတတ်သူများမှာမူ စိတ်အမျိုးမျိုး ပြောင်းတတ်ကြသူများဖြစ်ကြသည်။

၇။ လက်ရေးမတည်ငြိမ်သူများ။
အချို့မှာ လက်ရေးကို အမျိုးမျိုးပုံစံပြောင်း၍ ရေးတတ်ကြ၏။ ထိုသို့ရေးသားကြသူများမှာ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်တတ်ချေ၊ တစ်ခုမပြီးခင် တစ်ခုပြောင်း၍ လုပ်တတ်ကြသူများဖြစ်သည်။ တည်ငြိမ်အောင် ကြိုးစားကြရပေမည်။

လမင်းရဲ့လက်ရေးက...(၂) အမျိုးအစားဖြစ်ပါတယ်။
ညခင်းရဲ့ လက်ရေးကတော့...(၄) အမျိုးအစားဖြစ်ပါတယ်။


ချစ်ခင်လေးစားလျှက်...
ညခင်း

သီရိကျက်သရေ ရှိအောင်နေ...။

9

ဒီပိုစ့်လေး ရေးဖြစ်တာက.....ဒီလိုဒီလို....

လူမှာကိုယ်စောင်နတ်ရှိတယ်ဆိုတာယုံသလား၊ လို့ လမင်းကို ညခင်းမေးဘူးပါတယ်။ လမင်းကတော့ ယုံဘူးတဲ့။
မနက်စောစောမထရင် ကိုယ်စောင့်နတ်မကြိုက်ဘူး၊ ထပြီးပြီးချင်းလည်းမျက်နှာမသစ်ပဲ အကြာကြီးမနေရဘူး။ ကိုယ်စောင့်နတ်မကြိုက်ဘူးလို့ ပြောမိပါတယ်။ လမင်း က...အာာာ...မယုံပါဘူး။ လူရှိနေလို့ သူရှိရတာ.. .မကြိုက် လဲနေပေါ့ တဲ့။ ကောင်းရော...နော်။ ညခင်းလဲရှင်းမပြတတ်ဘူးလေ။

အဲဒါနဲ့ ရှေးလူကြီးတွေပြောတာပဲ...ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ တဲ့ ဆိုရိုးစကားရှိတယ်။ တီလေးတော့ ယုံတယ်လို့ပြန်ပြောမိတယ်။ အခုတော့ လမင်းကို ပြန်ပြောပြဖို့ စကားရပါပြီ.... ရှာဖတ်ထားတာလေးပါ။...ကဲ လမင်းကို ပြောပြ ရင်း ပိုစ့်လေး တစ်ခုဖြစ် ဖြစ်လာခဲ့တယ်....

ကိုယ်စောင့်နတ် တစ်ကျိပ်တစ်ပါးရှိတယ်လို့ စာပေတွေထဲမှာ ဆိုထားပါတယ်။ အရေးကြီးတာက သီရိကျက်သရေကို ပေးနိုင်စွမ်းရှိတဲ့ နတ်(၃)ပါး ကြိုက်နှစ်သက်အောင် နေတတ်ဖို့ဘဲ၊ အဲဒီနတ်သုံးပါးဟာ
(၁)ဦးခေါင်းကိုစောင့်တဲ့နတ်
(၂)ကိုယ်ကို စောင့်တဲ့နတ်
(၃)ခြေကို စောင့်တဲ့နတ် ဆိုပြီးရှိတယ်။

ဦးခေါင်းကိုစောင့်တဲ့နတ်ဟာ နံနက်အခါ ဦးခေါင်းကို သန့်ရှင်းစွာ ပြုလုပ်လေ့ရှိသူကို နှစ်သက်ပြီး စောင်မ ကြည့်ရှုတတ်တယ်။ ကြိုးတန်း၊ ကြိမ်တန်း၊ အိမ်အောက်၊ လှေခါး၊ တံတား၊ ပုဆိုးအ၀တ်အောက် လျှိုဝင်ခြင်း ကို မကြိုက်ဖူး။

ကိုယ်ကို စောင့်တဲ့နတ်က.. နေ့ အခါ ကိုယ်ခန္ဒ္စာကို သန့်ရှင်းအောင် နေထိုင်တတ်သူကို စောင့်ရှောက်သတဲ့။
မိမိဝတ်ပြီးသား အ၀တ်ကို အထက်အောက်ပြန်ဝတ်ခြင်းကို မကြိုက်ဖူး၊

ခြေ ကို စောင့်ရှောက်တဲ့နတ်ကတော့.. ညအခါ ခြေကို သန့်ရှင်းစင်ကြယ်စွား ဆေးကြောအိပ်ယာဝင်တဲ့ သူကို စောင့်ရှောက်သတဲ့။ ခြေကို မသန့်မရှင်းပြုပြီး အိပ်ယာဝင် လူကို မကြိုက်ဖူးတဲ့။

အဲဒါကြောင့် လဲ ရှေးလူကြီးတွေက...
မနက်အခါ ဦးခေါင်းမှာ ကျက်သရေနေတယ်။
နေ့ခင်းအခါ ကိုယ်မှာ ကျက်သရေနေတယ်၊
ညဥ့်အခါ ခြေမှာ ကျက်သရေနေတယ်။
ဒါကြောင့် အခါကို လိုက်ပြီး သန့်ရှင်းအောင် နေရမယ်လို ပြောခဲ့တာပါ။

ဒီလောက်ဆိုရင် လူမှာ သီရိကျက်သရေကို ပေးဆောင်တတ်တဲ့ နတ်(၃)ပါး ရှိတယ်ဆိုတာ...လုံလောက်ပါပြီ။

ကျက်သရေ ဆိုတာကရော...
မနက်ခင်းရဲ့ ကျက်သရေ ကိုစဉ်းစား ကြည့်ရအောင်... ဗုဒ္ဒ္စဘာသာမြန်မာလူမျိုးများ မနက်ခင်း ကျက်သရေ အထူးသဖြင့် ဂရုပြု လေးထားတတ်ကြပါတယ်။ မနက်မိုးသောက်အလင်းရောက်တာနှင့် ဘုရားရှိခိုးပုတီးစိပ်၊ မေတ္တာ ဘာဝနာ ပွားများ..။ မကောင်းသော အတိတ်နမိတ် ပါသောစကားများကို ရှောင်ရှား၍ နေ့တနေ့ရဲ့ အစကို ကျက်သရေရှိစွာနဲ့ စတင်လေ့ ရှိကြတာ အားလုံးအသိပါ။အဲဒီတော့ ကျက်သရေ ဆိုသည်မှာ မိမိရင်ထဲမှာ အေးမြပြိး တည်ငြိမ်တဲ့ အလှ မျိုး ဟုမှတ်သားမိပါတယ်။ အဲဒီတော့ လူတစ်ယောက်ဟာ အမြဲတမ်း ကျက်သရေ ရှိအောင် နေထိုင်တတ်ဖို့ အရေးကြီးပါတယ်...

ကျက်သရေနဲ့ပတ်သတ်ပြီး ထပ်ပြီးမှတ်သားမိတာကတော့...
တနင်္ဂနွေနေ့မှာ ဦးခေါင်းမှာ ကျက်သရေနေတယ်။
တနင်္လာ ပခုံးမှာ ကျက်သရေနေတယ်။
အင်္ဂါနေ့ ကျောခုံးမှာ ကျက်သရေနေတယ်။
ဗုဒ္ဒ္စဟူး နှာခေါင်းမှာ ကျက်သရေနေတယ်။
ကြာသပတေးနေ့ လက်ရုံးမှာ ကျက်သရေနေတယ်။
သောကြာနေ့ က္ကုနြေ္ဒ ၌ ကျက်သရေနေတယ်။
စနေ့နေ့ တစ်ကိုယ်လုံးပြည့်အောင် နေတယ်။ လို့ ဆိုထားပါတယ်။

ဒီထက်သိချင်ရင်တော့ ရှေးဟောင်းစာပေတွေ နဲ့ လူကြီးသူမ တွေကို မေးမှ ရမယ်...ရှာဖတ်ခင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ လည်း ဖတ်ကြည့်လို့ရတယ်တဲ့....လမင်းရေ။

ဗဟုသုတ လေးအနေနဲ့ ပိုစ့်လေးရေးဖြစ်ခြင်းပါ။
ညခင်း

ကိုယ်ကိုကိုယ်ဖော်သူ ခုနှစ်ဦး

3

ကိုယ်ကိုကိုယ်ဖော်သူ ခုနှစ်ဦး
၁။ တစ်တီတူးငှက်
၂။ တောက်တဲ့
၃။ ဇီးကွက်
၎။ ဒီးဒုတ်
၅။ ရွှေပြည်စိုး
၆။ ဥသြ
၇။ ခွေးခေါ်ရစ်ငှက်

မှန်

8

မှန် ကို တစ်ခါမှ မမြင်ဘူးသူ မကြည့်ဘူးသူတစ်ယောက်မှန်ကို ပထမဆုံးအကြိမ်မြင် တွေ့သွားရင်ဘာဖြစ်မယ်ထင်ပါသလဲ။လန့်သွားမယ်ထင်တယ်။ စဉ်းစားဆင်ခြင်တဲ့အလေ့အကျင့်မရှိတဲ့သူတစ်ယောက်လည်း စဉ်းစားစရာ တစ်ခု စဉ်းစားဆင်ခြင်မိသွားရင်ဘာဖြစ်မည် ထင်သလဲ……..

မှန်ကို တစ်ကြိမ်တစ်ခါမျှမတွေဖူးသူများအကြောင်း…

ထင်းခုတ်သမားတစ်ယောက်တောထဲသွားရင်း နေရောင်အောက်တွင်တလက်လက် ဖြစ်နေသောအရာတစ်ခုကိုတွေ့သည်။ဘာမှန်းမသိကောက်ယူကြည့်သည်။ မှန်တစ်ချပ်ဖြစ်နေသည်။ သို့သော်မှန်ကို မှန်ဟုမသိ၍ ကြည့်ပြီးထိတ်လန့်သွားလေသည် ။ ကွယ်လွန်သွားတဲ့အဖေရဲ့ပုံတူပါလား...တောစောင့်နတ်ကပေးသနားတာပဲဟု....

အိမ်သို့ယူဆောင်သွားပြီးခေါင်းအုံးအောက်မှာ တရိုတသေထားလေသည်။ညအိပ်ရာဝင်တိုင်း၊ထင်းခုတ်သွားခါနီးတိုင်း ကြည်ဖြစ် သည်။ရက်အတန်ကြာတော့ဇနီးဖြစ်သူကမယုံသင်္ကာဖြစ်လာပါတယ်။ တစ်စုံတစ်ခုကိုကြည့်ပြီးပီတီဖြစ်နေတယ်ဘာလဲမသိ ဟု တောထဲယောက်ျားသွားတုန်း ယူကြည်လေသည်။ သူလည်းမှန်ကိုတစ်ခါမျှမမြင်ဖူးသူဖြစ်၍ ထိတ်လန့်အံသြခြင်းနှင့်အတူ ကြေကွဲခြင်း၊ ဒေါသဖြစ်ခြင်းတို့ဖြစ်လာသည်။ သူ့ယောက်ျား တစ်ခြားမိန်းမတစ်ဦးနှင့် ဖောက်ပြားနေပြီ။ ထိုမိန်းမပုံကို တမြတ်တနိုးခေါင်းအုံးအောက်ထား၍နေ့တိုင်းကြည့် သည်ဟု ထင်မှတ်ကာ ပြန်လာရင်သိမယ်ဟု မောင်းတင်ထားလေသည်။

ယောက်ျားပြန်လာတော့ ဒေါသတကြီးဖြင့်ပြောဆိုရာ ရန်ပွဲဖြစ်လေသည်။ယောက်ျားက လည်း သူကြည့်နေတာမိန်းမပုံမဟုတ်ပါဘူး။သူ့အဖေပုံပါလိုဖြေရှင်းပေမဲ့မရဘူး။ အဲလိုနဲ့ တစ်ဦးနှင့်တစ်ဦး ညှိနိုင်းမရတော့သဖြင့် ကျေးရွာထုံးစံအတိုင်း ရွာဦးဘုန်းကြီးရဲ့ အဆုံးအဖြတ်ကို နာခံရန် ဘုန်းကြီးကျောင်းသွားကြရလေသည်။

ဘုန်းကြီးက အကျိုးအကြောင်းမေးသည်။အရင်းအမြစ်ဖြစ်တဲ့မှန်ချပ်ကို ဘုန်းကြီးက တောင်းပြီးကြည့်သည်။ တကယ်တော့ဘုန်းကြီးလည်းမှန်ကိုတစ်ကြိမ်မျှမတွေဖူးပေ။ သည်တော့ဘုန်းကြီးပြောလိုက်တဲ့စကားက…ပျံလွန်တော်မူသွားတဲ့အရင်က ကျောင်းထိုင်ဆရာတော်ကြီးပုံပါလား။ မင်းတို့ နှစ်ယောက်အိမ်မှာ မထားရဘူး၊ ဘုန်းကြီးကျောင်းမှာပဲထားရမယ်ဟု..ပြောလိုက်ပါသည်။

စဉ်းစားဆင်ခြင်ခြင်းဆိုသည်မှာလည်းမှန် နှင့်တူသည်ဟု ဗုဒ္ဒ္စက သားတော်ရာဟုလာ အားဆုံးမသောသုတ္တန်တရားတွင်ဟောခဲ့သည်။မှန်ကြည့်ဖူးသူများဘာကြောင့် မှန်ကြည့်ကြပါသလဲ။တစ်ယောက်တစ်မျိုးဖြေကြမည်သာ။လှမလှသိချင်လို့၊အချိုးကျမကျ၊
ကြည့်ကောင်းမ ကောင်း၊ကြည့်သည်ဟုတ်ပါသည်။ထို့အတူ စဉ်းစားဆင်ခြင်ဥာဏ် သည်မိမိ၏အပြုအမူ၊အပြောအဆို၊အကြံအစည်တို့မှန်မမှန်၊ကောင်းမကောင်း၊အကျိုးရှိမရှိ ဝေဖန်ပိုင်းခြားပေးသည်။မစဉ်းစားမဆင်ခြင်ပဲ ထင်ရာစိုင်း၍ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဟုဆိုကာ ဦးတည်ချက်တိတိကျကျမရှိဘဲပြုမှုပါက လိုရာ ပန်းတိုင် မရောက်နိုင်၊ပန်းတိုင်ပျောက်သွားနိုင်ပါသည်။
လေးစားချစ်ခင်လျှက်
ညခင်း

မရောင်ရဲနိုင်သောအရာ သုံမျိုး

1

လောကတွင် မရောင်ရဲနိုင်သောအရာ သုံမျိုး ရှိတယ်လို့ ညခင်း အဘိုးက အမြဲပြောပါတယ်။

၎င်းတို့ကား တောက်လောင်နေသော မီးပုံကြီး၊ သမုဒ္ဒရာ၊ အလိုလောဘကြီးသူတို့ပင်ဖြစ်၏။ လောင်နေသောမီးပုံကြီးထဲသို့ လောင်စာထင်းများဘယ်လောက်ပင်ထည့်ထည့်၊ တော်ပြီ တန်ပြီဟူ၍ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ထည့်သမျှတောက်လောင်ပစ်မည်သာဖြစ်သည်။

မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ ချောင်းပေါင်းများစွာမှ ရေများ ဘယ်၍ ဘယ်မျှပင် ၀င်ဝင် ၊ သမုဒ္ဒရာကြီးကားဘယ်တော့မှပြည့်ပြီဟုရှိလိမ့်မည်မဟုတ်၊ ၀င်လာသမျှ လက်ခံနေမည် သာဖြစ်၏။ ထိုအတူ အလိုလောဘကြီးသူသည်လည်း ပစ္စည်းဥစ္စာမည်မျှပင်ရရ တော်ပြိတန်ပြီ ဟူ၍ဘယ်တော့မှ ရှိလိမ့်မှာ မဟုတ်ပါဘူး။ ရနိုင်သမျှယူနေမည်သာဖြစ်၏။

လောဘနှင့်ပတ်သက်၍ ပုံပြင်လေးတစ်ပုဒ် ကို ညခင်းအဘိုးက ဆက်ပြောပြခဲ့လို့ နားထောင်ခဲ့ဘူးပါတယ်။

တစ်ခါက အလိုလောဘကြီးသူတစ်ယောက် မျက်စိလည်လမ်းမှားပြီး ညောင်ပင်ကြီး တစ်ပင်အောက်ရောက်သွားရာ သနားတတ်သော ညောင်ပင်စောင့်နတ်က-

***အိုအသင်လူသား ဘာများ အလိုရှိပါသနည်း***

***လောလောဆယ်ရေသိပ်ငတ်နေပါတယ်ဘုရား၊ ဒါကြောင့် သောက်ရေအေးအေးသာ အလိုရှိ ပါတယ်…။***

***ရစေမယ် အသင်လူသား …ပါးစပ်ကိုသာ ဟထားပါလော့ ဟု*** သူ၏လက်ညှိုးမှ အေးမြကြည်လင်သောရေစင်ရေအေးကို တိုက်ရာ ခရီးသွားကအားရပါးရသောက်သုံးလေ သည်။သောက်သုံးရင်းလည်း ရေထွက်သော ညောင်ပင်စောင့်နတ်၏ လက်ညှိုးကို သဘောကျနေမိသည်။

***အသင်လူသား သင့်အလိုဆန္ဒပြည့်စုံပါပြီလော***

***အသင်နတ်သား စွမ်းနိုင်လျှင် ဟင်းကောင်းကောင်း နှင့် ထမင်းစားလိုပါသေးသည် ဆက်လက်ကူညီပါလို*** ဆိုသတဲ့။

***ရနိုင်ပေသည် အသင်လူသား သန့်ရှင်းသော ဖက်ရွက်တို့ကိုသာ အသင့်ပြင် ထားပါလေ။***

ထိုသို့ပြောပြီး နတ်၏လက်ညိုးမှ ထမင်းဟင်းများထွက်ကျပေးပြန်ပါသည်။ ထမင်းဟင်းများ စားသောက်ပြီးနောက် ညောင်ပင်စောင့်နတ် မြန်မြန်ကွယ်ပျောက်သွားမည်ကို ကြောက်သော လူသားက အသင်နတ်မင်း ကူညီလက်စနဲ့ ဆက်ပြီးကူညီပါဦး၊

***လူလောကပြန်ရောက်ရင် အရင် အနှီးလုပ်စားရန်အတွက် ငွေသားများကို ဖန်ဆင်း၍ပေးတော်မူပါဦး။***

***အသင်လူသား၏ ဆန္ဒပြည့်ဝပါစေ*** ဟုဆိုကာ နတ်၏ လက်ညှိုးမှ ငွေသားများထွက်ကျ လာပြန်သည်။ ငွေများကို သိမ်းယူပြီးနောက် သွားဖို့ ပြင်ဆင်နေသော နတ်သားကို လူသားက…

***အို အသင်နတ်သား၊ သိမ်းဆည်းသောအခါ လွယ်ကူသော စိန်ရွှေပတ္တမြားတို့ကို လည်း တစ်ဆက်တည်း ပေးခဲ့ပါဦး။***

အသင် လူသား သင်၏ လောဘကား ကြီးမားပေစွ၊ သို့သော် ကူညီလက်စနဲ့ ကူညီပမည်။ ဟုဆိုကာ ကူညီလိုက်ပြန်တယ်။

ရတနာများကိုသိမ်းဆည်းနေသောလူသားကို ကြည့်ပြီး နတ်က-

***အသင်လူသား ဆန္ဒကားပြည့်ဝလောက်ပြီ ဟု*** ကျွှန်ပ်ထင်ပါသည်။ ဒါကြောင့် သွားခွင့်ပြုပါတော့လို့ ပြောသတဲ့။

ထိုအခါ တနင့်တပိုးသိမ်းဆည်းနေသော လောဘ လူသားနောက်ဆုံးတောင်း ဆိုလိုက်တာကတော့-

***နတ်မင်းကြီး ခင်ဗျား ရွေငွေရတနာများက ဘယ်လောက်ပင်များများ သုံးပစ်လိုက်ရင် ကုန်သွားမှာ ပါခင်ဗျာ၊ ဒါကြောင့် လိုချင်တာမှန်သမျှအကုန်ထွက်နေတဲ့ နတ်မင်းရဲ့ လက်ညှိုးကို ဖြတ်စေချင်ပါတယ် ခင်ဗျားဟူ ***သတည်း။

လူ့အလိုနတ်မလိုက်နိုင်ဆိုသော စကားသည် ထိုပုံကများ စခဲ့လေသလားမသိ။ နတ်သားမှာ လူသား၏ လောဘကို ကြောက်ရှာလွန်းသဖြင့် ချက်ခြင်း ကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးရပါတော့သည်။ ရလေ လိုလေ အိုတစ္ဆေ ဟူသောစကားသည် လောဘ အတွက်ထားခဲ့ခြင်းဖြစ်သည်။

ထိုပုံပြင်လေးက တဆင့် ရရှိလာရတဲ့ အသိဥာဏ်ကတော့…လောဘသည် မွေးမြူထားရမည့် အရာမဟုတ်၊ ပယ်သတ်ရမည့် အရာသာဖြစ်သည်ဟု ……

အားလုံးပြုံပျော်နိုင်ကြပါစေ။

ညခင်း


မိမိအိပ်တဲ့ပုံစံနဲ့ စိတ်နေစိတ်ထား

0

မိမိအိပ်တဲ့ပုံစံနဲ့ စိတ်နေစိတ်ထား

လူတစ်ယောက် အိပ်တဲ့ ပုံစံကို ကြည့်ပြီး သူ့ရဲ့ စိတ်နေစိတ်ထားကို အကဲခတ်လို့ ရတယ်ဆိုရင် ယုံမလား။ အချို့ က ဘေးတစ်စောင်း၊ အချို့က မှောက်လျှက်၊ အချို့က ပက်လက် အနေအထားနဲ့ တစ်ယောက်နဲ့ တစ်ယောက် အိပ်ပုံခြင်း၊ မတူကြပါဘူး။ အခုဖော်ပြပါ အိပ်တဲ့ပုံစံအလိုက် စိတ်နေစိတ်ထား ဘယ်လှိုရှိတယ်ဆိုတာကို ဟုတ်မဟုတ် တိုက်ဆိုင် ဆန်းစစ်ကြည့်ပါဦး။


၁။ ဘေးတစ်စောင်း အနေအထား။
သုတေသနပြုလုပ်ချက်အရ လူအတော်များများ ဘေးတစ်စောင်း အိပ်တတ်ကြပါတယ်။ လူတွေအားလုံးရဲ့ ၄၁ % လောက် ဒီပုံစံမျိုး အိပ်တတ်ပြီး အမျိုးသမီး အရေအတွက် အမျိုးသားများထက် ၂ ဆ ပိုတယ်လို့ ဆိုပါတယ်။ ဘေးတစ်စောင်း အိပ်တတ်တဲ့သူတွေ ဟာ အပြင်ပန်းက ကြည့်ရင် ခပ်တည်တည် တင်းတင်း ဖြစ်နေပေမယ့် သူတို့ရဲ့ အတွင်းစိတ်ကတော့ နှုးညံ့နေတတ်ပါတယ်။ သူတို့တွေကို တစ်စုံ တစ်ယောက်နဲ့ မိတ်ဆက်ပေးတဲ့အခါ အစပိုင်းမှာ ရှက်နေတတ်ပေမယ်။ ဒါပေမယ့် ခင်သွားပြီးရင်တော သူတို့တွေဟာ နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး ပေါင်းသင်းလို့ကောင်းတဲ့လူမျိုးတွေဖြစ်ပါတယ်။

၂။ ပက်လက်အနေအထား။
အချို့သူများဟာ ပက်လက်အနေအထားနဲ့ လက်နှစ်ဖက်ကလည်း ခေါင်းအုံးအနားမှာထားပြီး အိပ်တတ်ကြပါတယ်။
သူတို့တွေကတော့ သူငယ်ချင်းကောင်းဖြစ်နိုင်ပါတယ်။ သူများပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင် ပေးတတ်ကြတယ်။ သူတစ်ပါးကို အချိန်ပေးပြီးကူညီဖို့ ၀န်မလေးတတ်သူတွေပေါ့။ အတူလက်တွဲ ပြီး အလုပ်လုပ် လို့ကောင်းတဲ့လူတွေလဲဖြစ်တယ်။ အတွေးအခေါ် အယူအဆ သစ်တွေကိုလည်း လက်ခံတတ်တယ် ဆိုတာ သူတို့ အိပ်နေတဲ့ ပုံစံ အနေအထား ဖော်ပြပေးနေပါတယ်။နောက်ပြီး သူတို့ဟာ လူအများရဲ့ အာရုံစိုက်ခံရမှုကို မနှစ်သက်ဘဲ ဘေးကနေ ပံ့ပိုးပေးနေရတာကိုပဲ ကျေနပ်နေတဲ့ လူစားမျိုးပါ။

၃။ပက်လက်အနေအထားဖြင့် ခပ်တောင့်တောင့်ပုံစံ အိပ်တတ်သူများ။
လူတွေရဲက ၈% ကတော့ ဒီပုံစံမျိုး အိပ်တတ်ပါတယ်။ သူတို့ရဲ့ ခပ်တောင့်တောင့်အိပ်တတ်တဲ့ အနေ အထားက ဘာကိုဖော်ပြသလဲဆိုရင် သူတို့ဟာ အနေအေးတယ်။ ကိုယ်ရဲ့ခံစားချက်ကိုလည်း သိပ်မဖော်ပြ တဲ့ လူစားမျိုးပေါ့။ နောက်ပြီး သူတို့ စိတ်မ၀င်စားတဲ့အရာ၊ အဖက်မတန်ဘူးဆိုတဲ့ဟာတွေကို လုံးဝလှည့်မ ကြည့်တတ်ဘူး။ ထင်ထင်ပေါ်ပေါ်နေတတ်တဲ့ လူမဟုတ်ပေမဲ့ ရည်မှန်းချက်မြင့်မြင့်မားမား ထားတတ်တယ်။ တခြားသူတွေကိုလည်း သူတို့လို ဖြစ်စေချင်ကြတယ်။ သူတို့ ညွှန့်ကြားချက်အတိုင်း အတိအကျ လိုက်နာစေချင် ကြတယ်။

၎။ မှောက်လျက်ပုံစံ။

မှောက်လျက်အိပ်တတ်သူတွေဟာ ခေါင်းအုံးပေါ်လက်တင်ထားတတ်ပြီး ခေါင်းတစ်ဖက်ဖက် ကိုလှည့်စေ စောင်းထားတယ်။ မှောက်ရက် အိပ်တာ အစာကြေလွယ်တယ်လို့ သိရပါတယ်။
ဒီလိုအိပ်တတ်တဲ့အမျိုးသမီးတွေဟာ အပေါင်းအသင်းဆံ့ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပါတယ်။ သူတို့ကို ဝေဖန်ပြောဆိုတာမျိုး လုံးဝ မကြိုက်ပါဘူး။ အခက်အခဲပြသသနာတွေကို ရင်ဆိုင် ဖြေရှင်းတဲ့အခါမှာလည်း သိပ်မကျွမ်းကျင်ဘူးလို့ ဆိုပါတယ်။




မိတ်ဆွေကောင်းဟုသိရသောအခါ ခြောက်ပါး

0

၁။ အနာရောဂါ ခံစားရသောအခါ
၂။ စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ
၃။ ငတ်မွတ်ခေါင်းပါးသောအခါ
၎။ ရန်သူ့လက်သို့ကျရောက်သောအခါ
၅။ မင်းအိမ်တံခါးဝသို့ရောက်သောအခါ
၆။ သုသာန်တစပြင်သို့ရောက်သောအခါ

ကော်ဖီမှုန်လိုလူ

0

တစ်ခါတုန်းက အလွန်ရည်မှန်းချက်ကြီးတဲ့ လူငယ်တစ်ယောက်ရှိတယ်။ငယ်စဉ်ဘ၀ထဲက ကြိုးစား လာလိုက်တာ…
ပညာပြည့်စုံလို့…လူလောကအလည် ခြေချ နိုင်ငံတကာအတွေ့အကြုံ လိုချင်တယ်ဆိုပြီး နှို်င်ငံတစ်ခုကို အလုပ်သွား
လုပ်ခဲ့တယ်။ သုံနှစ်ကျော်ကြိုးစားလုပ်ကိုင်ပြီးတဲ့ နောက်မှာ ထိုက်သင့်တဲ့ အကျိုးခံစားရပြီး..လစာကောင်းပေမဲ့ အလုပ
်ဒဏ်ကြောင့် စိတ်ဖိစီးမှုဒဏ် ကြောင့် ဘ၀ကို စိတ်ပျက် ငြီးငွေ့ လာတယ်။ ကမ္ဘာကျော်ဖြစ်ချင်တဲ့ ငယ်ငယ်က သူ့အိမ်မက်
ကိုတောင်ပြန်မမက်နိုင်တော့ဘူး။ သူဘာေ့ကြာင့် ဒီလောက် စိတ်ဖိစီးမှုဒဏ်ခံပြီး အလုပ်လုပ်နေရသလဲ ဆိုတာ
တွေးကြည့်မိလာတယ်။အဖြေက မရေရာဘူးတဲ့။နောက်ဆုံးတော့ အဖေ့အိမ်ပြန်ပြီးနားချင်စိတ်နဲ့ အလုပ်က ထွက်ပြီး
အိမ်မှာ အဖေနဲ့ စကားတွေတ၀ကြီးပြော၊ လျောက်လည်၊ မောင်နှမတွေနဲ့ ပျော်လို့ရွှင်လို့၊ စိတ်ဖိစီးမှု တွေ သက်သာ
လာပြီးပျော်သွားတယ်။
ဘ၀ဆိုတာ ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့ တုံးလို့ တွေးမိသွားရတယ်။
တစ်နေကျတော့ အဖေက သူ့ ကို မီးဖိုထဲခေါ်သွားပြီး အိုးတစ်လုံးထဲမှာ ရေထည့်ပြတယ်။ ပွက်ပွက်ဆူအောင် တည်တယ်။
အဲ ဒီအိုးထဲကို ကုလားပဲတွေထည့်တယ်။နာရီအတော်ကြာတော့ ကုလားပဲတွေ ပျော့ပြဲသွားတယ်။ မူလကတော့ လက်နဲ့
ချေလို့မရတဲ့ ကုလားပဲတွေ ရေနွေးပူပူနဲ့ တွေ့တော့ မခံနိုင်ဘဲ ဘ၀ပြောင်းသွားတယ်။
အဖေက နောက်တစ်ကြိမ် ရေနွေးအိုးထဲကို ကြက်ဥထည့်ပြုတ်ပြန်တယ်။ နာရီဝက် လောက်ကြာတော့ အင်မတန်မာကျော
သွားတဲ့ ကြက်ဥပြုတ်တစ်လုံး ဖြစ်သွားရတယ်။
နောက်တစ်ကြိမ်မှာတော့ ဆူပြီးသား ရေနွေးထဲကို ကော်ဖီမှုန့်တွေ ထည့်မွှေလိုက်တယ်။ ရေနွေးအိုးထဲကို ကော်ဖီတွေ
ပျော်ဝင်သွားပြီး တစ်အိုးလုံး ကော်ဖီရနံ့ မွှေးပျံ့သွားတယ်။
ငါ့သား အဖေပြောချင်တာ ဒါပဲ။
***အချို့ က ကုလားပဲလိုပဲ။*** သူ့ကိုသူမာကျောတယ်ဆိုပေမယ့် လောကဓံ ရေနွေးပူနဲ့ တွေ့တော့ ပျော့ပြဲသွားတယ်။
***တချို့ က ကြက်ဥလိုပဲ။***အခွံအောက်မှာအရည်အနှစ်တွေရှိလို့ ပျော့စိစိထင်ရပေမယ့် လောကဓံရေနွေးပူပူကြောင့်
မာကျောခက်ထန်သွားတယ်။ ရေနွေးပူလေ ပိုမာလေပဲ။
***တချိုလူကတော့ ကော်ဖီမှုန့်နဲ့တူတယ်။***ရေနွေးပူကိုမကြောက်ဘူး။သူ့ထဲမှာ အလွယ်တစ်ကူပျော်ဝင်နိုင် ပြီး
ရေနွေးကိုတောင် အရောင်ပြောင်းပစ်နိုင်တယ်။ ပြီးတော့ သူ့ ရဲ့ ကိုယ်ပိုင်ရနံ့ကို မွှေးပျံ့ စေနိုင်ခဲ့တယ်။
အဲဒီတော့ လူသားတွေထဲမှာ သားက ဘယ်လိုလူစားမျိုးဖြစ်ချင်သလဲတဲ့။ ကိုယ်ဘာသာစဉ်းစားရွေးချယ်ပြီး ကိုယ်ဖြစ်ချင်တာကို
ဖြစ်အောင်ကြိုးစားပါ လို့ ပြောလိုက်တဲ့ အခါ သားဖြစ်သူက…***ကျွန်တော် ကော်ဖီမှုန့်လိုလူ…ဖြစ်ရမယ်***ဆိုပြီး သှု့
အလုပ်ရှိရာသို့ ပြန်သွားခဲ့တယ်တဲ့…။

လူတစ်ယောက်အတွက်တနေ့တာ ကိုယ်ခန္ဒာအတွင်းလုပ်ဆောင်မှုများ

0

လူတစ်ယောက်ရဲ့ကိုယ်ခန္ဒာအတွင်းမှာ၂၄ နာရီအတွင်း ဘာတွေလုပ်ဆောင်ခဲ့တယ်ဆိုတာကို

ဗဟုသုတဖြစ်ဖွယ်တင်ပြလိုက်ပါတယ်..ဟုတ်မှဟုတ်တော့ ကိုယ်တိုင်စမ်းသပ်မှပဲရမယ်နော်

ကဲ.စာရေးသူပြောထားတာကတော့ ၂၄ နာရီအတွင်းမှာဒါတွေဖြစ်ခဲ့တယ်လို့ ပြောထားပါတယ်။

၁။ နှလုံးက ၁၀၃၆၈၉ ကြိမ်ခုန်ပါတယ်တယ်။

၂။ အဆုတ် အတွင်းလေရှူထုတ်တာက ၂၃ ၀၄၅ ကြိမ်ရှိတယ်။

၃။ သွေးတွေကတော့ မိုင်ပေါင်း ၁၆၈၀ ၀၀၀ စီးဆင်းပါတယ်။

၎။ လက်သည်း၊ခြေသည်းတွေရဲ့ ကြီးထွားနုန်းက ၀.၀၀၀၀၇ လက်မရှိပါတယ်။

၅။ ဆံပင်တွေရဲ့ကြီးထွားနုန်းကလည်း ၀.၀၁၇၁၅ လက်မရှိပါတယ်။

၆။ ပျော်ဝင်တဲ့ရေတွေ အားလုံးကတော့ ၂.၉ ပေါင်ရှိပါတယ်။

ရ။ သုံးစွဲတဲ့အစားအစာကတော့ ၃.၂၅ ပေါင်စားသုံးပါတယ်။

၈။ ၀င်ထွက်နေတဲ့လေ ကတော့ ၄၃၈ ကုဗ တောင်ရှိပါတယ်။

၉။ ဆုံးရှူံးသွားတဲ့ ကိုယ်ခန္ဗာအပူချိန်ကတော့ ၈၅.၆၀ ရှိပါတယ်။

၁၀။ချွေးကတော့ ၁.၄၃ ပိုင့် ထွက်ပါတယ်။

၁၁။စကားလုံးပေါင်း ၄၈၀၀ ပြောကြားခဲ့ပါတယ်။

၁၂။အိပ်စက်နေရင်းနဲ့  ၂၅.၄ ကြိမ်လှုပ်ရှားပါတယ်။။

ဒါလေးကတော့ဝက်ဆိုက်ဒ်တစ်လေးထဲကတွေ့တာပါ။သင့်တော်သလိုဘာသာပြန်ထားတာဖြစ်ပါတယ်.

မှို့ တစ်ပိသာ နှင့် ခဲ တစ်ပိသာ

0

မှိုက တစ်ပိသာ။
ခဲက တစ်ပိသာ။
တစ်ပိသာချင်း အတူတူ မှို့နဲ့ ထုရင် မနာပါဘူး။ ခဲနဲ့ ထုရင် အီစလံဝေ သွားပါမယ်။ မှို့က တစ်ပိသာ ပေမယ့် သိပ်သည်းဆ
အနှစ်သာရ မရှိဘူးလေ။ ဒါဖြင့် မှို့ဟာ အလကားပဲလို့ သတ်မှတ်လို့ရမလား။ တစ်ယောက်ယောက်ကို ထုဖို့ မဟုတ်ဘဲ
အေးအေးချမ်းချမ်း အပန်း ဖြေနားနေရင်း ခေါင်းခုအိပ်ဖို့ ဆိုရင် တစ်ပိသာ ချင်းအတူတူ မှို့ကို ယူမလား၊ ခဲကို ယူမလား၊
ဒီနေရာမှာတော့ မှို့က အသုံးကျသွားပြန်ပါပြီ။
…..သူငယ်ချင်းတို့ ဟာ မှို့လား၊ ခဲလား။
ဘာပဲဖြစ်ဖြစ် ကျေနပ်စရာပါ။ ကိုယ်ဘ၀ကိုယ် စိတ်သက်တောင့်သက်သာဖြစ်အောင်နေတတ် ဖို့ ကြိုးစားခြင်း
ဟာ အသက်ရှည်စေဖို့ လိုအပ်ချက်တစ်ခုပါ။ လူသက်တောင့်သက်သာ နေနိုင်ဖို့ အတွက် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုကို ပဲ
ပိုင်ဆိုင်ဖို့ ကြိုးစားနေကြတာ များပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုအတွက် ကြိုးစားဖို့ မေ့နေသူများပါတယ်။
စိတ်ချမ်းသာအောင်နေနည်းက လွယ်လွယ်လေးပါ။ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံ အောင်နေနိုင်ဖို့ ကြိုးစားတယ်၊ ပြည့်စုံခြင်း၊
မပြည့်စုံခြင်းကို တော့ ကံ လိုပဲ သတ်မှတ်လိုက်ပါတယ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာရင် ဖြစ်နေတာကို ကျေကျေနပ်နပ်
လက်ခံလိုက်တာပါပဲ။ကြုံဆုံ လာရတဲ့ ဖြစ်လာရတဲ့ အနေအထားကို မကျေမနပ်ဖြစ်နေရင်၊ လက်မခံနိုင်ရင် စိတ်ပင်ပန်းမှာပေါ့။
စိတ်မချမ်းသာဖြစ်နေရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့၊ စိတ်သက်တောင့် သက်သာ ထားတတ်ဖို့၊ အားငယ်စိတ် မမွေးဖို့၊
ဒေါသကို ထိမ်းချုပ်နိုင်ဖို့၊ ပျော်ပျော်ရွင်ရွင် နေနိုင်ဖို့၊ လိုအပ်တာက တော့ ကိုယ်ဘ၀ကိုယ် ကျေနပ်နိုင်ဖို့ပါ။
နေ့စဉ် ရင်ဆိုင် ကြုံတွေ့ ရပ်တည်နေရတဲ့ ဘ၀တွေ၊ အဖြစ်အပျက်တွေ ဘယ်လိုပဲ ကွဲလွဲခြားနားနေကြ ပေမဲ့ ကျွန်မတို့
ပိုင်ဆိုင်ထားတဲ့ အချိန်ဆိုတာ ကတော့ အားလုံအတူတူပါပဲ။ လူတိုင်းဟာ တစ်ရက်ဆိုတဲ့ သတ်မှတ်ချက် ၂၄နာရီလှုပ်ရှားခွင့်
ရှိပါတယ်။ ၂၄နာရီချင်းအတူတူ ရရှိတဲ့ အကျိုးအမြတ်တွေက တော့ မတူပါဘူး။
သူငယ်ချင်းတို့ရဲ့ ဘ၀ဟာ မှို့တစ်ပိသာလား။
ခဲတစ်ပိသာလား။
တစ်ပိသာချင်းအတူတူမှာ အနှစ်သာရချင်း ကွဲလွဲနေပေမဲ့ သူ့နေရာနဲ့သူ အသုံးဝင်နေပါတယ်။ ကြုံဆုံထိတွေ့ နေရတဲ့
အကြောင်းအရာကို ပြောင်းလို့ မရပေမဲ့ အဲဒီက ပေးမယ့် ခံစားမှုကို တော့ ပြောင်းလဲ လို့ရပါတယ်………။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers