တရားအသိ လူမျက်စိ

3

တရားအသိ လူမျက်စိ

ဘုရားလက်ထက်က ဝေသာလီမြို့မှာ ထေရိကာဆိုတဲ့ အိမ်ရှင်မကလေးတစ်ယောက်ရှိတယ်။ ရုပ်အဆင်းလဲလှတယ် ပစ္စည်းဥစ္စာလဲရှိတယ်။ အမျိုးလည်းမြတ်တယ်။ အထူးအားဖြင့်တော့ ရတနာ သုံးပါ ကျေးဇူးကြောင့် ထည်ဝါခံ့ညား လေးနက်မှုနဲ့ ပြည်စုံတယ်။ သမာဓိစွမ်းအားနဲ့ စိတ်ဓာတ်စွမ်းအားကြံ့ခိုင်အောင် ငြိမ်းအေးအောင် နေတတ်တယ်။ ရှုပ်ထွေးလေးလံလှတဲ့ အိမ်ထောင်ရေး ၀န်ထုပ်ကို သမာဓိစွမ်းအားနဲ့ ရှင်းလင်း ပေါ့ပါးစွာ ထမ်းဆောင်တတ်တယ်။ တရား ကျေးဇူးတွေ နဲ့ တပန်းသာနေတာပေါ့။ သူ့ရဲ့ အိမ်ထောင်ရေး လမ်းစဉ်ဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းပေါ်ကို ရောက်နေတယ်။ ပူလောင်ရှုပ်ထွေး လေးလံလှတဲ့ အိမ်မှုကိစ္စ တာဝန်ဆိုတာ ငါ့ဦးနောက် အသိဥာဏ် တစ်ခုတည်းနဲ့ ထမ်းလို့မနိုင်ဘူး။ အင်အားအလွန်ကောင်းတဲ့ ရတနာသုံးပါး စွမ်းအားနဲ့ ထမ်းမှ နိုင်မှာလို့ ပြတ်သားတဲ့ ခံယူချက်ထားတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရတနာသုံးပါး ဦးထိပ်ထားပြီး သမာဓိ ထူထောင်တယ်။ တရားနာကြား လေ့လာဖူးတော့ ၀ိပဿနာလဲနှလုံးသွင်း ဆင်ခြင်ပွားများတတ်တယ်။

(၁)ဒါန
(၂) သရဏဂုံ
(၃) ငါးပါးသီလ
(၄) မေတ္တာ
(၅) အနိစ္စာနုပဿနာ

အဲဒီငါးမျိုးကို နေ့စဉ်အိမ်ထဲမှာ နေရင်း ရအောင်စုတယ်။ မနက်အိပ်ရာထတာနဲ့ သရဏဂုံ သီလကယူထားပြီးသား၊  ဘုရား၊ ရေ၊ ပန်း၊ ဆီမီးကပ်လှူတာ အစ မိသားစုအချင်းချင်း ကျွေးတာအဆုံး အလှူကိုလဲ လေးလေးနက်နက် လုပ်တယ်။ မေတ္တာကို သတိရတိုင်းပို့တယ်။ ထမင်းဟင်းချက်တော့မယ်ဆိုရင်လဲ ဤစားဖွယ်အမယ်မယ်ကို စားသုံးကြတဲ့ မိသားစုတွေ ချမ်းသာကြပါစေလို့ မေတ္တာပွားလေ့ရှိတယ်။ ထမင်းဟင်းချက်ရင်းတောင်မှ သိတတ်တဲ့ စိတ်နဲ့ သိစရာ ထမင်းဟင်းအာရုံကို ပိုင်းခြားပြီး သမာဓိရအောင် စူးစိုက်ချက်တယ်။ အိမ်အလုပ်တွေကို စိတ်ကူးပေါက်သလို ရှုပ်ယှက်ခတ် မလုပ်ဘဲ သတိနဲ့ အကွက်ချ စဉ်တန်းပြီး ဒါပြီးရင် ဒါလုပ်မယ်။ ဒီအလုပ်လုပ်နေချိန်မှာ ဒါနရနိုင်ရင် ဒါနယူထားလိုက်တယ်။ သီလရနိုင်တဲ့နေရာမှာ သီလယူထားလိုက်မယ်။ သမာဓိရနိုင်တဲ့ နေရာမှာ သမာဓိယူထားလိုက်မယ်။ မေတ္တာရနိုင်တဲ့ နေရာဆိုရင် မေတ္တာပွားပေးမယ်။ ၀ိပဿနာရနိုင်တဲ့ နေရာကျတော့လဲ ၀ိပဿနာ ယူလိုက်မယ်လို့ မှန်ကန်တဲ့ စိတ်ထားလေးနဲ့ ကျိုးစားဆောင်ရွက်တယ်။

တနေ့တော့ ဟင်းချက်ရင်း ရေပူမီးပူ ကြောင့် လန်းဆန်းလတ်ဆတ်နေတဲ့ ဟင်းရွက်တွေ ကျက်သွားကြပုံ ပြောင်းလဲသွားကြပုံကို ဥာဏ်နဲ့ ကြည့်ရင်း ခန္ဓာဘက်ဥာဏ်လှည့်ပြီး စူးစိုက်ကြည့်လိုက်တယ်။ မိမိခန္ဓာမှာ သင်္ခါရ အပူဒဏ်ကြောင့် ရုပ်နာမ်တွေ ရင့်ကျက်ပြောင်းလဲနေပုံကို သမာဓိဥာဏ်နဲ့ စူးစိုက်ပွားများလိုက်တာ ၀ိပဿနာဥာဏ်ရင့်ပြီး အနာဂါမ်ဖြစ်သွားတယ်။ ထမင်းဟင်းချက်ရင်း စိတ်ဓာတ်ကိုပါ ရင့်ကျက်သွားအောင် ချက်တတ်တယ်ပေါ့။ အမှိုက်ထဲက ရွှေထုပ်ကောက်တယ်လို့လည်း ဆိုနိုင်တာပဲ။ မကြာမီ သူ့ခင်ပွန်းထံ ခွင့်တောင်းပြီး သာသနာဝင် ဘိက္ခုနီ ပြုလိုက်တယ်။ တရားဆက်အားထုတ်လိုက်တော့ ရဟန္တာဖြစ်သွားပါတယ်။

အာရုံနဲ့ စိတ်စွမ်းအားများ သဘာဝအရှိအတိုင်း သိမြင်နိုင်အောင် ပညာက အလင်းရောင်ပေးရပါတယ်။ အရှိကို အရှိအတိုင်း သိနိုင်တာကို ပညာလို့လည်းခေါ်ပါတယ်။ နေ့စဉ်လုပ်နေကျဖြစ်တဲ့ စားဝတ်နေရေး။ စီးပွားရေး၊ လူမှုရေး၊ အလုပ်တွေကို သတိနဲ့ အကွက်ချ တန်းစီပြီး ၀ီရိယနဲ့ စနစ်တကျ ဆောင်ရွက်သွားရင် သမာဓိကလေးတွေ အဆင့်ဆင့် ပေါ်လာကြမယ်ဆိုတာ ဒီ ဇာတ်ေ တ်ာလေးက သက်သေပြနေပြီးနော်။ သတိနဲ့ ၀ီရိယတွဲပေးကာ စိတ်ကြည်လင် သန့်စင်စွာနဲ့ နေ့စဉ်အိမ်ထဲမှာ နေရင်း ၊ အလုပ်လုပ်ရင်း ကုသိုလ် အစုနဲ့ တကွ သံသရာမှလွတ်ရာ အေးငြိမ်းတဲ့ နိဗ္ဗာန်ရအောင် အထောက်အပံ့ကောင်းတွေ ရအောင်စုကြပါစို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

သနားစရာ အကောင်းဆုံးလူ

2


သနားစရာ အကောင်းဆုံးလူ
လူအများစုသည် ဒေ၀ဒတ်ကို အဆိုးဆုံး လူတစ်ယောက်၊ မုန်းစရာ အကောင်းဆုံး လူတစ်ယောက် ဟု ဧကန်သတ်မှတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် မေတ္တာ၊ ကရုဏာရှင် မြတ်စွာဘုရားနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည့် အရှင် သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ဆန့်ကျင်သူတစ်ယောက်ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားရှင်ကမူ ဒေ၀ဒတ်ကို အလွန်သနားပေလိမ့်မည်။ သနားစရာ အကောင်းဆုံး လူတစ်ယောက်ဟု ရှုမြင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူ၊နတ်၊ ဗြဟ္မာ ၊သတ္တ၀ါတို့ မြတ်စွာဘုရားကို ကိုးကွယ်ရာ၊ အားကိုးရာ အဖြစ်ကြည်ညိုလေးစားချင်ကြရန်အတွက် လူမိုက် အလုပ်တွေကို လွန်ကျူးလုပ်ပြကာ အ၀ီစိသို့သွားရောက် ဒုက္ခခံ နေရသော ကြောင့် ဖြစ်သည်။

 လူ၏ မူလ သဘာဝစိတ်ဓာတ်ဟာ အမှောင်ထုကိုလွှမ်းမိုးနေပြီး ငါးပါးအာရုံ ကာမဂုဏ်တရားတို့နှင့် မွေ့ရော်ပျော်ပါး နေသောစိတ်ဓာတ်ဖြစ်သည်။  ထို့ကြောင့် အမှောင်ထုကို ဖယ်ရှားပြီး မိမိစိတ်ကို အမှောင်ထုမှ ဖယ်ရှားနိုင်ရန် အောက်ပါ အသိဥာဏ်သုံးမျိုး ရှိရမည်ဖြစ်ပါသည်။

၁။ လောကထဲ၌ နေထိုင်စဉ် လူမှာ အမှားအမှန်၊ အဆိုအကောင်း၊ ဆင်းရဲချမ်းသာကို ခွဲခြားသိမြင်တတ်သော အသိဥာဏ်ရှိဖို့လို၏။
၂။ အဆိုးအကောင်း  လောကဓံတရားများနှင့် တွေ့ကြုံရသောအခါ စိတ်သောကမဖြစ်ရအောင် ဆင်ခြင်ပွားများ တတ်သော အသိဥာဏ်ရှိဖို့လို၏
၃။ ကာမဂုဏ်ကိုစက်ဆုပ်၍ လောကမှ လွတ်မြောက်လိုသောအခါ မှန်ကန်သော ကျင့်စဉ်တရားကို စိစစ်ရှာဖွေ တတ်သော အသိဥာဏ်ရှိဖို့လို၏။

ထိုအသိဥာဏ်သုံးမျိုးကို လောကသားထဲ မှ ဘယ်ပုဂ္ဂိုလ်က ပေးစွမ်းနိုင်မည်ထင်ပါသနည်း။  မသိမှု အ၀ိဇ္ဖာ၊ သဘာဝ ရုပ်နာမ်တရားတို့အပေါ် အမြင်မှားအသိမှားမှု ဒိဌိ၊ အာရုံငါးပါး ကာမဂုဏ်တရားကို လိုလားမှု ကာမတဏှာ၊  ဒီ တရားသုံးမျိုးသာ လူသားတွေ စိတ်ထဲမှာ အမြဲလွမ်းမိုးနေခြင်းကြောင့် ယင်းတရားသုံးမျိုးကိုဖယ်ရှားနိုင်ဖို့ရာ အထက်ပါ အသိဥာဏ်သုံးမျိုးကို ဗုဒ္ဒမြတ်စွာမှ တစ်ပါး အခြားမည်သူမှ မပေးစွမ်းနိုင်ပေ။ ဗုဒ္ဓတရားတော်များကသာ လျှင် ယင်းအသိဥာဏ်များကို ရနိုင်မည်ဖြစ်ပါတယ်။ ထို့ ကြောင့် အဆိုပါ အသိဥာဏ် သုံးမျိုးရနိုင်ရေးအတွက် လူသားတိုင်း ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာသင့်ပေသည်။

တောတောင်ကိုဖြတ်လျက် ကားလမ်းဖောက်သောအခါ မူလရှိနေတဲ့ ကျောက်တုံးကျောက်ဆောင်များ တောချုံသစ်ပင်များကို ရှေးဦးစွာ သုတ်သင်ရှင်းလင်းရ၏။ ထို့သို့သုတ်သင်ရှင်းလင်းပြီးမှ လမ်းချောဖြစ်အောင် မြေချောမြေဖို့ စသည်တို့ကိုပြုလုပ်ရ၏။ ထိုသို့လမ်းချောဖြစ်မှသာ ယင်းလမ်းပေါ်၌ကားများပြေးဆွဲကြရသည်။ ဗုဒ္ဓတရားတော်များကို သင်ယူလေ့လာပြိးနောက် ယင်းတရားတော်များအတိုင်း လိုက်နာကျင့်သုံးခြင်းသည် ကားလမ်းချော၌ ကားများပြေးဆွဲကြသည်နှင့်တူ၏။

ဒီပိုစ့်လေးဖြစ်ပေါ်လာပုံကတော့ 
 
စာရေးသူ ရဲ့ စာမရိုက်ခြင်ခြင်း၊ အာရုံစိုက်ရ့ခြင်း၊တွေးတောရခြင်းတို့ကို ပြုလုပ်ရမှာ အတော်လေးကို စိတ်ပျက်မိနေချိန်မှာ ကလျာဏမိတ္တမိတ်ဆွေကောင်း  တို့၏ တရားဓမ္မများကို တတ်နိုင်သလောက် တတ်သိသလောက်လေး ဖြန့်ဝေပေးစေချင်သော  စေတနာ  တိုက်တွန်း နှိုးဆော်ချက် တို့ကြောင့်ဖြစ်ပေါ်လာရခြင်းပါ။ လောကသားများသည် ကာမဂုဏ်ကို ချမ်းသာထင်လျက် အာရုံထဲမှာ နစ်မြုပ်ကာ တစ်ဘ၀ပြိး တစ်ဘ၀ သံသရာရေစီးကြောင်းမှာ မျောပါစီးနေကြသည်။ဒီအထဲမှာလည်း စာရေးသူလည်း သံသရာခရီးသွားဖြစ်တဲ့အတွက်ကြောင့် ငါးပါးအာရုံ တွေနဲ့ မျောနေခြင်းဖြစ်သည်။  

လူ့ဘ၀သည်ကောင်းမှုများကုသိုလ်ပြုလုပ်၍ ထိပ်ဆုံးရောက်အောင် လုပ်နိုင်သလို မကောင်းမှုအကုသိုလ်လုပ်၍အောက်ဆုံးအထိရောက်အောင် ပြုလုပ်နိုင်သော ဘုံဘ၀ဖြစ်ပေသည်။သို့ဖြစ်၍ ရခဲလှစွာသော လူ့ဘ၀လေးမှာ သာသနာနဲ့တွေ့ကြုံနေခိုက် ပြုလုပ်သင့်သည်ကောင်းမှုများကို နေ့စဉ်ပြုလုပ်ကာ တန်ဖိုးရှိသောလူ့တစ်ယောက်အဖြစ်တန်ဖိုးရှိသောလူ့ဘ၀ကို အသုံးချနိုင်အောင် ကြိုးစားကြပါစို့လို့တိုက်တွန်းရေးသားလိုက်ရပါသည်။

ညခင်း
တရားအစစ်အမှန်ချစ် နှစ်ခြိုက် ကျင့်သုံးနိုင်ကြပါစေ။ (၂၄.၂.၂၀၁၂)

ကောင်းဆိုးနှစ်မျိုးခွဲခြားပါ။

1

ကောင်းဆိုးနှစ်မျိုး ခွဲခြားပါ.....

ဗုဒ္ဓကသည် သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါအားလုံး ဆေးကြောသုတ်သင်ပေးမယ်။ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့ ဘုံဌာနသို့ ပို့ဆောင်ပေးမယ်လို့ ဘယ်တော့မှ ဘယ်တုန်းကမှ အာမခံချက် မပေးခဲ့ပါဘူး။ 

တစ်စုံတစ်ယောက်ရဲ့ အပြစ်တွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိ ဗုဒ္ဓမှာမရှိပါဘူး၊ တကယ်စင်စစ်တော့ တစ်စုံတစ်ယောက်သည် အခြား တစုံတစ်ယောက် သန့်ရှင်း အောင်လဲ လုပ်မပေးနိုင်ပါဘူး ညစ်နွမ်းအောင်လဲ လုပ်နိုင်ပါဘူး။မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး မိမိသည်ပင် မိမိ၏သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က တစ်ယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။

ထို့ကြောင့် ကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာ ဝေဖန်ဆန်းစစ်မှု ၀ိဘဇ္ဇအခွင့်အလမ်းနှင့်ပတ်သက်၍ကေသမုတ္တိသုတ် တော်လာ ကာလာမအမျိုးသားတို့အား မြတ်ဗုဒ္ဓသည့် အမှန်တရားစိစစ်လက်ခံနိုင်ရေး စဉ်းစား တွေးတောကြံဆနိုင်ရန်  အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။

ဗုဒ္ဓရဲ့ စကားကြီး(၁၀)ခွန်း

ကာလာမတို့-
၁။ အဆင့်ဆင့် ပြောဆိုလာခဲ့တဲ့ ရှေးစကားကြားရုံမျှနဲ့လဲ ၀ါဒတစ်ခု လက်မခံလိုက်နဲ့ဦး။


၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံ အားလုံးလဲ မှန်တယ်လို့ သိမ်းကျုံးလက်မခံလိုက်နဲ့ဦ်း။

၃။ သူတစ်ပါးပြောတိုင်းလဲ မစုံစမ်းမဆင်ခြင်ပဲ လက်မခံလိုက်နဲ့ဦး။

၎။ စာနဲ့ရေးထားတိုင်းလည်း အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။ 

၅။ မိမိတွေးတောကြံဆ လို့ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေ အားလုံးမှန်ပြီ လို့ လက်မခံလိုက်နဲ့ဦး။

၆။ မှီရာ နည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။

၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။

၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတစ်ယောက် ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။

၉။ ထင်ရှား ကျော်ကြား လူအများ လေးစားတဲ့ ပုဂ္ဂိုလ်ကြီးပြောတဲ့ စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။

၁၀။ ငါတို့လေးစားတဲ့ ငါတို့ ဆရာစကား ဆိုပြီး တော့လဲ အပြီးသတ် လက်မခံလိုက်နဲ့အုန်း။ 
 
*ကာလာမတို့ … ဤတရားတို့ကား စက်ဆုပ်ဖွယ်တရားတို့ပါတကား၊ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား၊ ဤအကျင့်တို့ကား သူတော်ကောင်းများကဲ့ရဲသော အကျင့်ပါတကားလို့ သင်တို့ကိုယ်တိုင် ဥာဏ်နဲ့ သိနိုင်ကြသားပဲ။

အဲဒီလို သိတဲ့အခါ အဲဒီ မကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ၊ ပယ်လိုက်ကြပေါ့။

ကာလာမတို့ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဥာဏ်ဖြင့်သာ ဤအကျင့်တရားတို့ကား အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိသူတော်ကောင်းများ ချီးမွမ်းအပ်သော အကျင့်တရားတွေပဲလို့ သိသောအခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဥာဏ်နဲ့သိနိုင်ကြသားပဲ၊ကိုယ်ပိုင် ထားသော စိတ်၊ စေတသိတ်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည် သတ္တိတွေကို အသုံးချလိုက်ကြပါ။

ထိုသို့ဟောကြားခဲ့ပါတယ်။ သုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းဟောကြားချက်များသည် ဘာသာရေးမှာ မျက်စိမှိတ်လမ်းလွဲ နေတဲ့ ပုဂ္ဂိုလ်တွေ မျက်စိပွင့်စေတဲ့ စွမ်းအားတစ်မျိုးဖြစ်ပါတယ်။ ကိုးကွယ် ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွ လာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။

                                                                                      ကေသမုတ္တိသုတ်၊ မဟာဝဂ်၊
                                                                        အဂုင်္တ္တရနိကာယ၊ တိကနိပါတ်ပါဠိတော်
ညခင်း
 တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ

2


 လူသုံးမျိုး

လူဆိုတာ အသိဥာဏ်ကို အကြောင်းပြုပြီး သုံးမျိုးရှိပါတယ်။
(၁) ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံး မရှိတဲ့အတွက် ကုသိုလ်မရ ၀မ်းမ၀တဲ့ လူ။
(၂) ပစ္စည်းရှာနိုင်တဲ့ ပညာသာရှိပြီး တရားရှာတတ်တဲ့ ပညာမရှိတဲ့အတွက်ကြောင့် ကုသို်လ်မရ ၀မ်းသာဝတဲ့ လူ။
(၃) ပညာနှစ်မျိုးလုံးရှိတဲ့အတွက်ကြောင့် နှစ်မျိုးလုံးရအောင် ရှာနိုင်တဲ့အတွက် ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ။

ဘုရားလက်ထက်က ဗာရာဏသီမြို့မှာ မဟာဓန သူဌေးဇနီးမောင်နှံ နှစ်ယောက်ရှိပါတယ်။ နှစ်ဖက်သော မိဘထံက ကုဋေ (၁၆၀)တောင် အမွေရထားတယ်။ ပစ္စည်းကြွယ်ဝလွန်းတော့ မြန်မာလို ကိုကြွယ်ပေါနဲ့ မကြွယ်ဌေးလို့ ခေါ်ရမှာပေါ့။ အတိတ်ကံက ပေးလိုက်တဲ့ အမွေကလဲ အံ့သြစရာပဲ။ လူ့ဘောင်မှာ ဥာဏ်ဝီရိယမှန်မှန် ထိန်းသိမ်းကြိုးစားနိုင်ရင် မြို့ရဲ့ မျက်နှာဖုံး ပထမတန်းစား သူဌေးဖြစ်နိုင်လောက်ပါသတဲ့။ တကယ်လို့ အချိန်မီ ဥာဏ်ဝီရိယစိုက်ပြီး တရားအလုပ် အားထုတ်နိုင်ရင် ကိုကြွယ်ပေါက ရဟန္တာဖြစ်နိုင်သတဲ့။ မကြွယ်ဋ္ဌေးက အနာဂါမ်ဖြစ်နိုင်သတဲ့။ တောက်မယ့်မီးခဲ ရဲရဲတွေလို့ ဆိုရမှာပေါ့။

ဒါပေမယ့် အထင်မကြီးလိုက်ပါနဲ့။ ရှိတိုင်းချမ်းသာတာ မဟုတ်ဘူး။ တောက်မဲ့မီးခဲဟာ အချိန်မီ မှုတ်မပေးရင် မီးငြိမ်းသွားတတ်သလို ပြာကျသွားတတ် သလိုပဲ လူဟာလဲ ကံအမွေ ပစ္စည်းအမွေတွေ ရထားပေမယ့် ဥာဏ်ဝီရိယနဲ့ အချိန်မီ မှုတ်မပေးနိုင်ရင် မီးငြိမ်းပြာကျပြီး အလကားလူ ဖြစ်သွားတတ်ပါတယ်။ သူတို့ မိဘတွေက ကိုယ့်သားသမီးကို အချစ်လွဲပြီး မခွဲနိုင်လို့ ပညာအမွေမပေးခဲ့ကြဘူး။ သူတို့နှစ်ယောက် ငယ်ငယ်က ပညာ မသင်ခဲ့ကြရဘူး။ ပစ္စည်းကို ထိန်းနိုင်တဲ့ ပညာလဲမရှိ ဘ၀ကိုထိန်းနိုင်တဲ့ အသိလဲ ကင်းနေကြတော့ အကန်းဇနီးမောင်နှံလို့ ဆိုစရာ ဖြစ်တာပေါ့။

သူတို့မိဘတွေ မရှိကြတဲ့အခါ သူတို့ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က အားလုံးသိကြတော့ အရက်သမားတွေ လူလိမ် လူညာတွေရဲ့ လှည့်ဖြားလိမ်ညာမှုကြောင့် ပစ္စည်း ကုဋေ(၁၆၀)ရော အိမ်ကြီး နှစ်လုံးရော အားလုံးကုန်ဆုံးသွားပါတယ်။ နောက်ဆုံးတော့ တစ်ယောက်လျှင်ခွက်တစ်လုံးစီ ကိုင်ပီး တောင်းစားရတဲ့ သူတောင်းစား ဇနီးမောင်နှံ ဖြစ်သွားပါတယ်။ ကုသိုလ်မရ ၀မ်းမ၀တဲ့ ဗလာ သုညဘ၀နဲ့ ပူလောင်စွာ နိဂုံးချုပ်ကြရရှာတယ်။ ပထမတန်းစား သူဋ္ဌေးဖြစ်ဖို့ အနာဂါမ် ရဟန္တာဖြစ်ဖို့ မပြောနဲ့ လူနဲ့တူအောင် တောင် နေမသွားရဘူး။ အမွေတွေ နှမြောစရာ ကောင်းလိုက်တာ၊ ပညာမရှိ တရားမသိရင် ဘ၀ဟာ သိပ်နစ်နာလွန်းပါတယ်။

ဒါကြောင့် မိဘများဟာ ကိုယ့်သားသမီး တကယ်ချစ်တဲ့ တယ်ဆိုရင်၊ ပစ္စည်းအမွေပေးရုံနဲ့ မပြီးသေးဘူး ပစ္စည်းနဲ့ ဘ၀ ကို ထိန်သိမ်း အသုံးချနိုင်မယ့် အတတ်ပညာနဲ့ တရားအသိအမွေပါ ပေးနိုင်မှ မိဘ ၀တ္တရားကျေမှာဖြစ်ပါတယ်။

ပညာဆိုတာ ကောင်းမှုစွမ်းအား ထုတ်လုပ်တဲ့ အခါ လိုအပ်တဲ့ အဆင့်ရောက်အောင် လမ်းညွန်ပေးတယ်။ မလိုအပ်ပဲ အပိုဖြုန်းတီးမှုမျိုးကိုလည်း တားဆီးပေးတယ်။ ပညာအလင်းရောင် ရှိသူဟာ ဘ၀အမြင်ကို ရှင်းနေအောင် ရှုမြင်သုံးသတ်တတ်ပါတယ်။့ ဒါကြောင့် ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံးရှိပြီး  ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ အဖြစ် နေထိုင်ကြပါစို့လို့ တိုက်တွန်းရင်းး ညခင်း မှတ်သားထားရသမျှ မျှဝေလိုက်ပါတယ်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အဆုံးအမသြ၀ါဒ

2


ယနေ့ ဖတ်မိ သော ဆရာတော်ကြီးများ၏ အဆုံးအမ သြ၀ါဒများကို ပိုစ့်တစ်ခု အနေဖြင့် ပြန်လည် မျှဝေလိုက်ရပါတယ်။


''နေ့စဉ် ကုသိုလ်တရားများ ၌ မမေ့ကြပါနှင့် လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိနားလည်ပါ။ ဘယ်သူတရားပျက်ပျက် သင်မပျက်စေနှင့်။ သင့်ကို အကြောင်းပြုပြီး တစ်ပါးသူစိတ်မဆင်းရဲပါစေနှင့်။မိဘများစားနိုင်တဲ့အခါ ကျွေးကြပါ။သေမှ မငိုကြပါနှင့် သူတစ်ပါးအပြစ်ကို မပြောနှင့်။ ကိုယ့်အပြစ်ကိုသာ ရှုကြပါ။ ဗြဟ္မစိုရ်တရား အမြဲပွားများ၍ ငါးပါးသီလမြဲကြပါ။ အလိုက်သိပါ အားနာပါ၊ အရှက်အကြောက်ရှိပါစေ။ ကြီးသူကို ရိုသေပါ။ ရွယ်တူကိုလေးစားပါ။ ငယ်သူကိုသနားပါ။ မစူးစမ်း မဆင်ခြင်ပဲ မပြောပါနှင့် မလုပ်ပါနှင့် ၊ နေရာတိုင်းမှာ စိတ်သဘောထား ကြီးကြီးထားပါ။ စကားပြောသောအခါ မျှမျှတတရှိပါစေ။ မိမိကိုယ်ကိုယ်နေ့စဉ်စစ်ဆေးမှ ကြီးပွားနိုင်မည်။ အကုသိုလ်တရားများကို လက်တွေ့ရှောင်ပါ။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရားထားပါ။ မာနကို နှိမ့်ချလို့ တန်ဖိုးကိုမြှင့်တင်ပါ။ မွန်မြတ်သာ ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားကြပါ။''
စစ်ကိုင်းဆရာတော် ဘဒ္ဒန္တ ဓမ္မာနန္ဒာ


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers