စိတ်ကူးယဉ်လိုက်ပုံက

10

စိတ်ကူးယဉ်လိုက်ပုံက

သံဃရက္ခိတဆိုတဲ့ ရဟန်းငယ်လေးတစ်ပါးအကြောင်းကို အမှတ်ရလာလို့ပြောပြပါဦးမယ်။ အဲဒီ ရဟန်းငယ်မှာ ဦးလေးတော်စပ်တဲ့ ရဟန်းတစ်ပါးရှိပါတယ်။ ဘွဲ့အမည်ကလည်း သံဃရက္ခိတ ပါပဲ။ ရဟန္တာမထေရ်မြတ်ကြီးပါ။ တူဖြစ်သူ ရဟန်းငယ်က ရွာတစ်ရွာမှာ ၀ါကပ်ပါတယ်။ဝါတွင်းမှာ သင်္ကန်းချုပ်ဖို့ အ၀တ်နှစ်ထည်ရတော့ တစ်ထည်ကို ငါအသုံးပြုမယ်။ တစ်ထည်ကို ဦးရီးတော်ကို လှူမယ်ဆိုပြီးသိမ်းထားပါတယ်။ ၀ါကျွတ်တော့ ဦးရီးတော်ကျောင်းကိုသွားပါတယ်။

မထေရ်မြတ်ထံ လာရခြင်းအကြောင်းကိုလျှောက်ထားရင်း ပါလာတဲ့ သင်္ကန်းချုပ်ဖို့အ၀တ်ကို ကပ်လှူပါတယ်။ မထေရ်မြတ်က သူ့မှာ ပြည့်စုံနေတဲ့အတွက အလှူမခံပါဘူး။ ရဟန်းငယ်လည်းစိတ်ပျက်သွားတယ်။ ဒီအ၀တ်လေးလှူဖို့ အချိန်အတော်ကြာကြာ ထဲက သူ့မှာရည်ရွယ်ထားခဲ့တာ။ စိတ်ပျက်လက်ပျက်ဖြင့် မထေရ်မြတ်ကို ယပ်ခတ်ပေးရင်း စဉ်းစားတယ်။

ငါဟာ မထေရ်မြတ်ရဲ့တူအရင်းလည်းဖြစ်တယ်။ အနီးနေတပည့်လည်းဖြစ်တယ်။သို့ပါလျှက် ငါလှူတာကို လက်မခံဘူး။ ဒါကြောင့် ငါရဟန်းဝတ်နဲ့နေလို့မထူးတော့ပါဘူး။ လူထွက်တာပဲကောင်းပါတယ်ဆိုပြီး စဉ်းစားတယ်တဲ့။ မထေရ်မြတ်ကိုယပ်ခပ်ပေး နေဆဲပါ။ လူထွက်မယ် ဆိုတော့ သူ့စိတ်ကူးတွေက လူထွက်တဲ့နေရာမှာပဲ ရပ်မနေတော့ဘူး ဆက်ပြီးစိတ်ကူးတွေ ယဉ်သွားပါလေရော။

လူထွက်ပြီး ဒီအ၀တ်ကိုရောင်းမယ်။ ရောင်းပြီး ဆိတ်မတစ်ကောင် ၀ယ်လိုက်မယ်။ ဆိတ်မဆိုတာ ကလေးမကြာမကြာမွေးတာ၊ ဒါကြောင့်မွေးလာတဲ့ ဆိတ်တွေကိုရောင်းစားမယ်။ ဆိတ်တွေရောင်းလို့ ပိုက်ဆံတွေ အများကြီးရလာရင် ထိန်းသိမ်းဖို့ မိန်းမတစ်ယောက်တော့ယူဦးမှ။ ယူတဲ့မယားက မကြာခင် သားတစ်ယောက်ဖွားမှာ။ အင်း...သားလေးမွေးလာရင် နာမည်မှည့်တဲ့အခါ ငါ့ဦးရီးတော် ရဲ့နာမည်အတိုင်းမှည့်ရမယ်။ သားနဲ့မယားကို နွားလှည်းလေးနဲ့ခေါ်ဆောင်ပြီး ဦးရီးတော်ကို သွားကန်တော့မယ်။ ကန်တော့ဖို့သွားနေတုန်းလမ်းမှာ သားလေးကိုချီဖို့ မယားကို ပေးခိုင်းမယ်။ မယားလုပ်သူက သားလေးကို ပွေ့ယူလာရင်း လှည်းဆောင့်လို့ လက်ထဲက သားလေးပြုတ်ကျသွားမယ်။ သားလေးကို လှည်းကြိတ်သွားတဲ့အခါ ဒေါသထွက်ပြီး မယားကို လှည်းမောင်းတဲ့ကြိမ်လုံးနဲ့ ဒီလိုဒီလို ရိုက်ပစ်လိုက်မယ်။ ဆိုပြီး စိတ်ကူးယဉ်လိုက်တာ။

ရဟန်းငယ်လေးရိုက်တာက စိတ်ကူးထဲက မယားကို ရိုက်တာပါ။ တကယ်ခံလိုက်ရတာက မထေရ်မြတ်ဖြစ် နေတယ်။ ယပ်ခပ်ပေးရင်းစိတ်ကူးယဉ်နေတာကိုး။ မထေရ်မြတ်က ဟဲ့ဟဲ့ ဘယ်လိုဖြစ်တာပါလိမ့် ဒီရဟန်း ဘာတွေများ စိတ်ကူးယဉ်နေလို့ပါလိမ့် ဆိုပြီး ဆင်ခြင်ကြည့်လိုက်တော့ စိတ်ကူး ယဉ်ထဲက မယားဖြစ်သူကို ရိုက်တာပဲလို့ သိသွားပါတော့တယ်။

ဒါနဲ့ ငါ့အရှင် သင့်ရဲ့သား ကို အကြောင်းပြုပြီး သင့်မယားကို ရိုက်ဖို့မစွမ်းနိုင်ဘဲ အိုမင်းနေပြီးဖြစ်တဲ့ ငါ့ကိုရိုက်တာ ငါ့မှာ ဘာအပြစ်ရှိလို့လဲလို့မေးလိုက်ပါတယ်။ ရဟန်းငယ်လည်း ဦးရီးတော် ...တော့ ငါ့အကြောင်းတွေကို သိကုန်ပြီဆိုပြီး ရှက်လည်းရှက်ကြောက်လည်းကြောက်ဖြစ်ပြီး ထွက်ပြေးပါလေရော။ ဒါပေမဲ့ လမ်းကဖြတ်ပြီး ရဟန်းသာမဏေငယ်တွေက ၀ိုင်းဖမ်းပြီး ဘုရားရှင်ထံ ဆွဲခေါ်ပြီး ပို့လိုက်ကြပါတယ်။ ဘုရားရှင်ထံရောက်တော့ ရဟန်းငယ်ကို တရားတော်ဟောကြာလို့ တရားအဆုံးမှာ သောတာပန် တည်သွားခဲ့ပါတယ်။ စိတ်ရဲ့ အစဉ် လျှင်မြန် ပုံ သာဓက လေးပါ။

***စိတ်ဆိုသည်မှာ နိုင်ခဲတာ...၊ လျှင်လဲလျှင်မြန်တာ...
***အလိုရှိရာ ၊ ကျရောက်ကာ... ၊ ကပ်ကာနေတတ်တာ...
***စိတ်ကိုနိုင်မှ ချမ်းသာရ....၊ မုချ ငြိမ်းအေးမှာ....

***စိတ်ဆိုသည်မှာ မြင်ခဲစွာ...။ သိမ်လဲသိမ်မွေ့တာ...
***အာရုံမျိုးစုံ သူတွေ့ကြုံ...၊ ခိုလှုံနေတတ်တာ...
***ပညာရှိမှ ထိုစိတ်သာ ကောင်းစွာ စောင့်ရှောက်ရာ...
***စိတ်ကို စောင့်ရှောက်ချမ်းသာရောက် ၊ မျက်မှောက် ငြိမ်းမည်သာ...

***စိတ်ဆိုသည်မှာ လွန်ဝေးကာ အရောက်သွားနိုင်တာ...
***တကိုယ်တည်းသာ ဖော်မပါ...ပျော်ကာနေတတ်တာ...
***အထည်ဒြပ် မရှိလပ် ကိန်းအပ် မတရား...
***စိတ်ကို စောင့်အပ် ကိလေဓာတ် လွတ်အပ်နေသည်သာ....

***ရေကြောင့် စင်စစ်ဖြစ်ရ ညွှန်မှာ...ရေကြောင့်သာပဲ မှတ်စွဲဖြူတာ....
***စိတ်ကြောင်ဖြစ်ရေး... ညစ်ကြေးမှန်စွာ စိတ်ကြောင့်ပဲ မှတ်စွဲဖြူ ၍သာ....

ရေကြောင့်ဖြစ်တဲ့ ညွန်တွေ ဟာရေကြောင့်ပဲ ဖြူစင်ရပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ စိတ်အညစ်အကြေးတွေကို သီလ၊ သမာဓိ၊ ပညာ တို့ဖြင့် ဆေးကြောရမှာဖြစ်ပါတယ်။ ညစ်နွမ်းအောင်လုပ်တာလည်း ဒီစိတ်ပဲ၊ ဖြူစင်အောင်လုပ်နိုင်တာလည်း ဒီစိတ်ပါပဲ။ သီလ (ကိုယ်ကျင့်တရားများကို စောင့်ထိန်း)ပြီး၊ သမာဓိ (စိတ်တည်ငြိမ်မှူ သတိပဌာန်းတရားအားထုတ်) ၍ ပညာ (၀ိပဿနာဥာဏ်ပညာ)ဖြင့် ရုပ်တရား၊ နာမ်တရား၏ ဖောက်ပြန်ပျက်စီးမှု ကို သိရှိဆင်ခြင်ကာ နိဗ္ဗ္ဗာန်ရောက်ကြောင်းတရားများကို အသေ မဦးခင် အားထုတ်ကြပါစို့လို့ ......


ရွှင်လန်းချမ်းမြေ့ကြပါစေ။

အမေ့ထဘီချေး

10

မာတာပိတူ ဥပဌာနံ၊ ဧတံမင်္ဂမုတ္တမံ။
မိဘကိုလုပ်ကျွေးပြုစုခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
မြင်းမိုရ်ရွှေတောင် မိဘကျွေးကို
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။

မင်းတုန်းမင်းကြီးလက်ထက်က ပညာရှိအမတ်ကြီးဦးချိမ့်ဆိုတာ ရှိတယ်။ ဦးချိမ့်ဟာ သူ့အမေရဲ့ ထဘီကို ကိုယ်တိုင် လျှော်ပေးတယ်။ အိမ်ဖော်လို့ခေါ်တဲ့ အခိုင်းအစေတွေရှိပေမယ့် ဘယ်တော့မှမလျှော်ခိုင်းဘူးတဲ့။ သူ့ရဲ့ လျှော်ပုံကတော့ သူ့အမေရဲ့ထဘီကို အင်တုံထဲမှာ တစ်ညဥ့်စိမ်ထားလိုက်တယ်။ မနက်ကျတော့မှ အင်တုံထဲထည့်ထားတဲ့ ထဘီကို ညှစ်ပြီး အင်တုံထဲမှာရှိတဲ့ ထဘီချေးရေတွေကို သွန်မပစ်ဘဲ သိမ်းထားလိုက်တယ်။ ထဘီကိုတော့ ဆက်လျှော်ပေါ့။

တအောင့်လောက်ကြာတော့ ထဘီစိမ်ထားတဲ့အင်တုံထဲက အပေါ်ယံရေကြည်တွေကို သွန်ပစ်လိုက်တယ်၊ ဒီတော့ အင်တုံထဲမှာက ထဘီချေးအနှစ်ကလေးတွေ ကျန်နေခဲ့တယ်။ အဲဒီချေးအနှစ်ကလေးတွေကို နေလှမ်း၊ ခြောက်တဲ့အခါကျတော့ ကျောက်ပြင်မှာမှုန့်အောင်ကျိတ်တယ်။ အမှုန့်ကလေးတွေလည်းရလာရော သူတို့ခေတ်ကရှိတဲ့ နံ့သာဆီတို့ပန်းပေါင်းဆီတို့ သနပ်ခါးတို့နဲ့ ရော ကျိတ်ပြီး နားပန်တယ်။ ပညာရှိ အမတ်ကြီး ဦးချိမ့်ဟာ နန်းတော်ဘုရင့်ဆီ အခစားဝင်တဲ့အခါတိုင်း စောစောကပြောသလို အမေ့ထဘီ ချေးမှုန့် လေးတွေကို ပန်ပန် ၀င်လေ့ရှိတယ်တဲ့။ သူတို့ခေတ်ကတော့ နားပန်တာပေါ့လေ။

ပညာရှိအမတ်ကြီးဦးချိမ့်ဟာ အမေ့ထဘီချေးကို အမြဲပန်ခဲ့တာနဲ့ပဲ ဘ၀မှာ အစစအရာရာ အဆင်ပြေခဲ့တယ်တဲ့။
ဘုရင်ကလည်းဘွဲအများကြီးချီးမြှင့်ခဲ့တယ်။ ပြီးတော့ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ အီတလီ စတဲ့နိုင်ငံတွေကိုလည်း သံတမန် အနေနဲ့လည်းသွားရောက်ခဲ့ရတယ်။ အဲဒီနိုင်ငံက နိုင်ငံခေါင်းဆောင်တွေကလည်း သူ့ကို ဂုဏ်ထူး ဆောင် ဘွဲ့တံဆိပ် တွေပေးခြင်းလည်းခံခဲ့ရတယ်။ မိဘကို သက်ရှိထင်ရှား ရှိချိန် မှာ ရိုသေခြင်းဆိုတဲ့ မင်္ဂလာ နှင့်အညီ ကျင့်ကြံနေထိုင်တဲ့အတွက် အကျိုးကျေးဇူးထူးကို ရရှိခြင်းဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ကိုးကား...(ပညာယှိကြီးများအကြောင်း ၊မှော်ဘီဆရာသိန်ကြီး)

မိဘကျေးဇူးဆပ်နည်းကို ဆက်ရေးမယ်နော် (၂)နည်းရှိပါတယ်.....

သားသမီးများအနေဖြင့် တာဝန်ကျေသောသားသမီးများအဖြစ် စားသောက်ဖွယ်တွေ ပစ္စည်း ၀တ္တူတွေနဲ့ ထောက်ပံ့ခြင်း၊ဝေယျာဝစ္စပြုစုမှုတွေနဲ့ပြုလုပ်ခြင်းတို့ဖြင့် ကျေးဇူးဆပ်နေကြမှာပါ။ ဒါတွေကတော့ လောကီ နည်းနဲ့ကျေးဇူးဆပ်နည်း တွေပါပဲ။

လောကီနည်းနဲ့ကျေးဇူးဆပ်ပြီးရင် တစ်ဆင့်တတ်ပြီး လောကုတ္တရာနည်းနဲ့ကျေှးဇူးဆပ်ဖို့လည်းလိုပါတယ်။

လောကုတ္တရာနည်းနဲ့ကျေးဇူးဆပ်ပုံကတော့...

၁။ သဒ္ဒ္စါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဒ္စါတရားရှိလာအောင်။
၂။ သီလမဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါနမပြုဖြစ်တဲ့မိဘတွေ ဒါနပြုဖြစ်လာအောင်။
၎။တရားအားမထုတ်ဖြစ်သေးတဲ့မိဘတွေတရားအားထုတ်ဖြစ်လာအောင်ပရိယာယ်နဲ့ပဲဖြစ်ဖြစ်၊ တိုက်ရိုက်ပဲဖြစ်ဖြစ် ဖန်တီး စီစဉ်ပေးရပါမယ်။

မိဘကို လောကီနည်း၊ လောကုတ္တရာနည်း ၂မျိုးနဲ့ကျေးဇူးဆပ်နေတဲ့ သားသမီးကို မင်္ဂလာတရားက သူ့ရဲ့ကြောင်းကျိုး သတ္တိအားလျော်စွာ ကျေးဇူးပြုသွားမှာပါ။ တစ်ကယ်လို့ ဘ၀မှာ အခက်အခဲတစ်စုံတစ်ရာ ကြုံခဲ့ရင်တောင်မှ ပြုခဲ့တဲ့ မာတာပိတု ဥပဌာနမင်္ဂလာကို သစ္စာဆိုပြီး ဖြေရှင်းပစ်လို့ ရပါတယ်။

ကဲ ညခင်းတို့လည်း သားဆိုး သမီးဆိုးတွေထဲ မပါတဲ့အတွက် တတ်နိုင်သမျှ မိဘတွေကို ကျေးဇူးဆပ်ရင်း ... ပညာရှိအမတ်ကြီး ဦးချိမ့် ရဲ့နည်းကို နည်းနည်းလောက် စမ်းကြည့်လိုက်ရအောင်..။ အစစအရာရာ အဆင်ပြေသွားအောင်လေ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

ကမ္ဘာပေါ်တွင် စိတ်မချရဆုံးလူသား

5



မေး။ ။ နာဇီ အာဏာရှင်ကြီး အဒေါ့ဖ် ဟစ်တလာ၊ ကွန်ဂို နိုင်ငံ ခေါင်းဆောင်ကြီး အီဒီ အာမင် နှင့် အီရတ် နိုင်ငံ သမ္မတကြီး ဆက်ဒမ် ဟူစိန်တို့ သုံးဦးစလုံး အသက်ရှင်လျှက် သား ခင်ဗျားရှေ့မှာ ရောက်ရှိလာကြပြီ ဆိုပါတော့။ သူတို့နှင့်အတူ ရှေ့နေ တစ်ယောက်လည်း ပါလာသတဲ့။ ခင်ဗျားလက်ထဲမှာလည်း ကျည်ဆန် သုံးထောင့်တည်းသာ ပါတဲ့ သေနတ် တစ်လက်တည်း ကိုင်လျက်သား။ ဘယ်သူတွေကို ခင်ဗျားပစ်သတ်မလဲ ကဲ...။

အဖြေ။ ။ ရှေ့နေ တစ်ယောက်တည်းကို ကျည်ဆန်သုံးထောင့်စလုံး သုံးပြီး ပစ်သတ်လိုက်မယ်။ အဲဒီ တစ်နည်းတည်းသည်သာ စိတ်အချရဆုံးနည်း။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

လက္ခဏာတော် (၂)ပါး

6


လေးဆယ်ပြည့်မြဲ၊ သွားမကျဲ၊ မကွဲပရိသတ်။

မြတ်စွာဘုရားသည် အလောင်းတော်ဖြစ်စဉ် ဘ၀များစွာတွေမှာ တစ်ယောက်နဲ့တစ်ယောက် အချစ် ဆိတ်သုဉ်းပြီး အမုန်းတရားကို တိုးပွားစေတတ်တဲ့ ကုန်းချောစကားပြောကြားခြင်းကို ရှောင်ကြဉ် တော်မူခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦးကွဲပြားအောင် ဒီလူစကားကို ဟိုလူထံသွားပြောခြင်း၊ ဟိုလူထံမှ စကားကို ဒီလူထံသွားပြောခြင်းအလျှင်းရှိတော်မမူခဲ့ပါဘူး။အချင်းချင်းကွဲပြားအောင်ကုန်ချောစကား၊ ပြောကြားတတ်သလို စိတ်ဝမ်းကွဲပြားနေသူ တွေကိုလည်းပြန်လည်သင့်မြတ်အောင် စေ့စပ်ပေး တော်မူတတ်ပါတယ်။ သွေးစည်း ညီညွတ်မှသာမွေ့ လျော်ပျော်ပိုက်နှစ်ခြိုက်တော်မူပါသည်။

ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ်တိုင်းသူပြည်သားတွေဟာ နှစ်စဉ်နှစ်တိုင်း ပွဲလမ်း သဘင် များကို စည်ကားစွာကျင်းပလေ့ရှိကြပါတယ်။အဲဒီပွဲတော်ကို လူသားတွေသာမက နတ်နဂါးနှင့် ဂဠုန်တွေပါ လူအသွင်နဲ့လာရောက် ပျော်ပါးကြပါတယ်။

တစ်ချိန်မှာတော့ ပွဲတော်တစ်နေရာမှာ လူအသွင်နဲက မတ်တပ်ရပ်ပြီးပွဲကြည့်နေတဲံ နဂါးတစ်ကောင်ဟာ သူ့ရှေ့မှာရှိတဲ့ လူတစ် ယောက်ရဲ့ ပခုံးပေါ်ကိုအမှတ်တစ်မဲ့ လက်တင်လိုက်မိပါတယ်။ အဲဒီလူက နောက်ဘက်သို့ပြန်လည့်ကြည့်တဲ့အခါ ဂဠုန်တစ်ကောင် ဖြစ်ကြောင်းသိသွားပါတယ်။

အဲဒါနဲ့ နဂါးဟာ ပွဲခင်းထဲမနေရဲတော့ဘဲ မြို့ထဲကိုထွက်ပြေးရင်း မြစ်ဆိပ်ဘက်ရောက်လာပါတယ်။ ဂဠုန်ကလည်းနဂါးကိုဖမ်းဖို့ နောက်ကပြေးလိုက်ပါတယ်။ အဲဒီအချိန် ဘုရားလောင်းရသေ့ဟာ မြစ်ထဲမှာ ရေဆင်းချိုးနေတဲ့အတွက် သူ့သင်္ကန်းတွေကို ကမ်းစပ် မှာ စုပုံထားပါတယ်။နဂါးဟာ ဂဠုန်လက်ကလွတ်လမ်းမမြင်တော့တဲ့အဆုံး အဲဒီသင်္ကန်းပုံကြားထဲမှာ ပတ္တမြားတုံးအသွင် ဖန်ဆင်ပြီး ၀င်ပုန်းနေလိုက်ပါတယ်။ နောက်က လိုက်လာတဲ့ ဂဠုန်ဟာ သိပေမဲ့ ရဟန္တာအရှင်မြတ်ရဲ့ သင်္ကန်းကို ရိုသေတဲ့အတွက် ဖမ်းမယူသေးပဲ ရေချိုးနေတဲ့ ဘုရားလောင်းရသေ့ကို ခေါ်တော်မူကာ အရှင်ဘုရား၊ တပည့်တော် ဆာလောင်မွတ်သိပ်နေပါတယ်။ အရှင်ဘုရားရဲ့ သင်္ကန်းကို ယူတော်မူပါ၊ နဂါးကို တပည့်တော် ဖမ်းစားပါမယ်လို့လျှောက်ထားတော်မူပါတယ်။

မြစ်ထဲမှာရေချိုးနေတဲ့ ဘုရားလောင်းရသေ့က သင်္ကန်းကို ရိုသေတာကြောင့် နဂါးကို မဖမ်းယူတဲ့သင့်အား အသက်ရှည်ပါစေ သတည်း။ သင့်အတွက် နတ်သုဓာဘောဇဉ်တွေလည်းထင်ရှားစွာဖြစ်ပေါ်လာပါစေ သတည်းလို့ဂဠုန်ကို ဆုတောင်းပေး လိုက်ပါတယ်။ ထို့နောက် ဂဠုန်နဲ့ နဂါးနှစ်ကောင်စလုံးကို အနီးမှာ ရှိတဲ့ ကမ္မဌာန်းကျောင်းကိုခေါ်ဆောင်ကာ မေတ္တာဘာဝနာရဲ့အကျိုး ကို စေဟောပြောဆုံးမပါတယ်။ ဘုရားအလောင်းရဲ့ အဆုံးအမကို ရတော်မူတဲ့ နဂါးနှင့်ဂဠုန်ဟာ အဲဒီအချိန်ကစလို့ အသက် ထက်ဆုံး ၀မ်းမြောက်ဝမ်းသာ ချစ်ချင်ညီညွတ်စွာနေထိုင်သွားကြပါတယ်။

အဲဒီလိုအကြောင်းကောင်းမှုကံတွေကြောင့် နတ်ပြည်နတ်ရွာမှာ ဂုဏ်ထူး (၁၀)ပါးနဲ့ တခြားနတ်တွေ ထက်သာလွန်ထူးကဲစွာ ခံစား စံစားရပါတယ်။ နတ်ပြည်ကစုတေပြိင်္း လူပြည်လူ့ရွာကိုရောက်တဲ့အခါ သွားတော်လေးဆယ်၊ အစေအင ပါရှိတော်မူခြင်းဆို တဲ့ စတ္တလီသဒန္တတာ လက္ခဏာတော်နဲ့ သွားတော်များအားလုံးမကျဲမကွာ စေ့စပ်စွာရှိတော်မူခြင်းဆိုတဲ့ အ၀ိရဠဒန္တတာ လက္ခဏာ တော်ကြီး (၂)ပါးနဲ့ပြည့်စုံတော်မူပါတယ်။

သာမန်လူတွေဟာ အများဆုံး ၃၂ချောင်းပဲရှိပါတယ်။ ရှင်တော်ဘုရားကတော့ ပါရမီဖြည့်ကျင့်စဉ်က သူတစ်ပါးတွေကို ကွဲပြား အောင် ကုန်းတိုက်စကားမပြောကြားပဲ အချင်းချင်းသွေးစည်းညီညွတ်အောင် ပြောဆိုတော်မူခဲ့တာကြောင့် အထက်အောက် သွား တော် (၂၀) စီအညီအမျှ နှင့် သွားတော်အချောင်း (၄၀)တိတိပါရှိတော်မူခဲ့ပါတယ်။

မဟာပုရိသလက္ခဏာတော်ကြီး (၂)ပါးနဲ့ပြည့်စုံတော်မူတာကြောင့် အလောင်:တော်သူမြတ်ဟာ လူဘောင်မှာနေရင် စကြာမင်း အဖြစ်နဲ့၎င်း၊ တောထွက်ရဟန်းပြုရင်တော့ သဗ္ဗညုဗုဒ္ဒ္စမြတ်စွားအဖြစ်နဲ့ ၄င်း၊ ဆန့်ကျင်ဘက်ရန်သူတွေ မဖျက်ဆီး ၊မပြိုကွဲနိုင်တဲ့ အင်မတန်စည်းလုံးညီညွတ်တဲ့ အခြွေအရံ ပရိသတ်ရှိတော်မူခြင်းဆိုတဲ့ အကျိုးဆက်ကို ရတော်မူပါတယ်။



ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကြပါစေ...
ညခင်း

ယောက်ျားကောင်း ၏ခေါင်းဆောင်မှုများ။

7

ယောက်ျားကောင်း တစ်ယောက်သည် မိမိ အိမ်ထောင် မိမိရပ်ရွာ၊ မိမိပတ်ဝန်းကျင်၊ မိမိအလုပ်၊ မိမိနိုင်ငံ ကို ဦးစီးဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်ရသည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် ခေါင်းဆောင်ကောင်း ယောက်ျားကောင်းတစ်ယောက် ဖြစ်စေရန်အတွက် အရည်အချင်းများပြည်ဝရန်လိုအပ်ပါသည်။ အရည်အချင်းပြည့်ဝမှ အများ၏ ကြည်ညိုလေးစားခြင်းကို ခံရပြီး ဦးစီးဦးဆောင်ကောင်း ယောက်ျားတစ်ယောက်ဖြစ်ပါမည်။

ခေါင်းဆောင်ကောင်းတစ်ယောက် ယောက်ျားကောင်းတစ်ယောက်အတွက် လိုအပ်သော ခေါင်းဆောင်မှု အင်္ဂါတို့ ရှိကြသည်။ ယင်းတို့မှာ-

(၁) သဒ္ဒ္စါ = မိမိလုပ်နေရသော အလုပ်၏ မွန်မြတ်မှုကို သက်ဝင်ယုံကြည်မှုရှိခြင်း။

(၂) အလုပ်တတ် = မိမိလုပ်မည့် အလုပ်၏ လုပ်ငန်း ပမာဏ အစရှိသည်တို့ကို တတ်သိ နားလည် ကျွမ်းကျင် ရမည်။
(၃) တာဝန်ယူ = မိမိလုပ်သမျှ အလုပ်များကို မိမိတာဝန်ယူနိုင်ရမည်။

(၄) တိုးအောင်လုပ် = မိမိစွမ်းရည်ထက်မြက်လာအောင် ကြိုးစားရမည်။

(၅) စံပြဖြစ် = အများအတွက် နမူနာကောင်း စံပြပုဂ္ဂိုလ် ဖြစ်ရပါမည်။

(၆) တာဝန်ရှာ = ကျလာ ပေးလာသော တာဝန်ကို မကြောက်ရ၊ ပြေးတွေ့ရဲ - ရင်ဆိုင်ရမည်။

(၇) အခိုင်းတတ် = လုပ်သားများအား ခိုင်းလိုက်သော အလုပ်ကို သေသေချာချာ နားလည်ရဲ့လား၊ ကြီးကြပ်မှုရှိ ရဲ့လား၊ ပြီးစီးအောင် လုပ်ရဲ့လား ဟု အမြဲသတိရှိပြီး ခိုင်းစေတတ်ရမည်။

(၈) မေတ္တာထား = ငယ်သားတိုင်း ၏ လူမှုရေး၊ စိတ်ဓာတ်အခြေအနေ၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေး အခြေအနေတို့ကို ဂရုစိုက်ထားရမည်။

(၉) ပညာပေး = မိမိလုပ်သားများ တပည့်များ၊ မိတ်ဆွေများ သိသင့်သိထိုက် သိရှိနားလည်ထိုက်သော အကြောင်းအရာ ပညာရပ်များကို သိရှိနားလည်အောင် ဆောင်ရွက်ပေးရမည်။ ပညာပေးရမည်။

ပျော်ရွှင်ကြပါစေ...
ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers